အခန်း (၅၈၉-၅၉၀)
Vol. 32 Ch. 589-590
အပိုင်း (၅၈၉) စံပြဖြစ်မယ့် သင်တန်းသား။
ဖန်ကျန်းရီက ပြုံး၍ ခေါင်းယမ်းလိုက်သည်။ "သူက အမှန်တရားကို သိသွားတဲ့အခါ ကျုပ်ကို ဆဲဆိုတာမျိုး မလုပ်ဘဲ၊ ကျုပ်ရဲ့ ရိုးသားမှုကိုတောင် ချီးကျူးခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျုပ် နားလည်သွားတဲ့ အမှန်တရား တစ်ခုကတော့...။
ရိုးသားမှုဆိုတာ မွန်မြတ်တဲ့ ကိုယ်ကျင့်တရား တစ်ခုပဲ။ ဒါက ကျုပ်ရဲ့ အရိုးထဲထိ စွဲနေတဲ့ အရာတစ်ခုပါ။ ဒါကြောင့် မင်းကိုလည်း ရိုးသားစေချင်တယ်။ အခု ပြန်မေးမယ်... မင်း ဘာလို့ ကျင်းယီဝေထဲ ဝင်ချင်ခဲ့တာလဲ။"
ရိုးသားမှု ဟုတ်လား။ ဘာလို့ ဒီလို မေးခွန်းမျိုး လာမေးနေတာလဲ။
ငါ လိမ်ပြောတာကို သူ သိသွားလို့လား။ ဒါမှမဟုတ်ရင် ဘယ်လို ပြန်ဖြေရမလဲ။ လူတွေ့စစ်ဆေးတုန်းကလို အပျော်အပါး လိုက်စားချင်လို့ ဝင်လာတာပါလို့ ဝန်ခံရမှာလား။
မဖြစ်နိုင်ဘူး။
အချိန်ခဏလောက် စဉ်းစားပြီးနောက် မုန့်ဖူယွီက အံေကြိတ်ကာ ဖြေလိုက်၏။ "ကျုပ်က တိုင်းပြည်ကို ချစ်တဲ့စိတ် အပြည့်ရှိပါတယ်။ ကျင်းယီဝေထဲ ဝင်တာက နိုင်ငံတော်အတွက် အလုပ်လုပ်ပေးချင်လို့ပါ။"
ဖန်ကျန်းရီက ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ "ဟမ့် ... ရှောင်မုန့်... မင်းက တကယ် မရိုးသားဘူးပဲ။"
"ကျုပ် ဘယ်လိုပြောပြော၊ စိတ်ထဲမှာလည်း အဲဒီလိုပဲ တွေးထားတာပါ။ တပ်မှူးချုပ် ရှင်းရှင်းလင်းလင်း သိအောင် ကြည့်ပါ။ ကျုပ်က လိမ်ညာတဲ့ စကားတစ်ခွန်းမှ မပြောရဲပါဘူး။"
ဖန်ကျန်းရီက လှောင်ပြုံးပြုံးလိုက်၏။ "မင်း ပြောတဲ့ စကားကို ကျုပ်က မယုံဘူးလေ။ ပြီးတော့ တိုင်းပြည်ချစ်စိတ် ကို အမြဲတမ်း ပါးစပ်ဖျားမှာ တင်ထားတဲ့ သူမျိုးကို ကျုပ် ပိုပြီး အထင်သေးတယ်။ မင်းက ဘာမှ အောင်မြင်မှု မရှိတဲ့သူ ဖြစ်ရမယ်၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက် တစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် လူတိုင်းမှာ ရှိနေတဲ့ အရာတစ်ခုကို ကိုယ့်ရဲ့ ထူးခြားချက်အဖြစ် ဘာလို့ လာပြီး ပြသနေမှာလဲ။"
မုန့်ဖူယွီ၏ နဖူးမှ ချွေးစေးများ ဖြည်းညင်းစွာ ကျဆင်းလာပြီး ရှင်းပြရန် ပြင်လိုက်သည်။
ဖန်ကျန်းရီ၏ လက်က သူ၏ ပခုံးပေါ်သို့ ထပ်မံ ရောက်ရှိလာပြီး တဖြည်းဖြည်း အားစိုက်ညှစ်ရင်း ပြောလိုက်၏။ "မကြာသေးခင်က မင်းရဲ့ လေ့ကျင့်ရေး ရလဒ်တွေ သိပ်မကောင်းဘူးလို့ ကျုပ် ကြားတယ်။ ပုံမှန် လေ့ကျင့်ရေးတွေမှာလည်း တခြားသူတွေလောက် မကြိုးစားဘူးတဲ့။ ကျုပ်တို့ ကျင်းယီဝေမှာ လေ့ကျင့်ရေး ညံ့တဲ့သူတွေကို ဖယ်ထုတ်ပစ်မယ်ဆိုတာ မင်း သိထားရမယ်။ ခုနက မင်းပြောတာတွေ အမှန်လို့ သဘောထားလိုက်မယ်။ ဒါပေမဲ့ ကျင်းယီဝေက ဘာအောင်မြင်မှုမှ မရှိဘဲ ကြိုးစားချင်စိတ်လည်း မရှိတဲ့သူကို မလိုအပ်ဘူး။"
ထိုစကားကို ကြားသောအခါ မုန့်ဖူယွီ၏ ရင်ထဲမှ ရှုပ်ယှက်ခတ်နေသော အတွေးများ ချက်ချင်း ပျောက်ကွယ်သွားပြီး အလျင်အမြန် ငြင်းဆိုလိုက်သည်။ "တပ်မှူးချုပ် … အဲဒီလို လုံးဝ မဟုတ်ပါဘူး။ ကျုပ်က အမြဲတမ်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး တစ်စက္ကန့်လေးတောင် မခိုကပ်ပါဘူး။"
ဖန်ကျန်းရီက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ပခုံးကို လွှတ်ပေးလိုက်ကာ ပြောလိုက်၏။ "မလောပါနဲ့။ ကျုပ်က အကျိုးအကြောင်း သင့်မြတ်တဲ့သူပါ။ တခြားသူတွေက မကောင်းပြောတာဆိုရင် မင်း အပြစ်ကင်းကြောင်းကို ကျုပ် သေချာပေါက် သက်သေပြပေးမှာပါ။
ကဲ... ပြောပါအုံး။ မင်း ဘာလို့ ကျင်းယီဝေထဲ ဝင်လာတာလဲ။"
မုန့်ဖူယွီမှာ တိတ်ဆိတ်သွားပြီး သူ၏ ဦးနှောက်က ဗလာကျင်းသွားခဲ့သည်။
သူ့ရှေ့ရှိ တပ်မှူးချုပ်ကို သူ လုံးဝ နားမလည်နိုင်တော့ပေ။ ယခု အချိန်မှာ အမှန်အတိုင်း ပြောရမလား၊ လိမ်ပြောရမလား ဆိုသည်ကိုလည်း မဆုံးဖြတ်တတ်တော့ချေ။
သို့ပေမည့် စောနက လိမ်ပြောသည်ကို သတိပေးခံခဲ့ရပြီး အမှန်အတိုင်း ပြောရလျှင်လည်း ကိုယ်ကျင့်တရားနှင့် အညီပြန်ပေ။ အသတ်များ ခံရတော့မည်လား။
ရင်ထဲတွင် အချိန်အတော်ကြာ လွန်ဆွဲပြီးနောက် မုန့်ဖူယွီ၏ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျလာသည်။ နောက်ဆုံးတွင် အံကြိတ်ကာ ဖြေလိုက်သည်။ "တပ်မှူးချုပ်... ချမ်းသာကြွယ်ဝချင်လို့ပါ။"
"အင်း... ချမ်းသာကြွယ်ဝဖို့အတွက် မင်း ဘာတွေ စတေးရဲလဲ။"
"ကျုပ် ဘာမဆို လုပ်ရဲတယ်။" တပ်မှုးချုပ်က ထူးဆန်းသလို မတုံ့ပြန်သဖြင့် မုန့်ဖူယွီလည်း အကြောက်အလန့် မရှိတော့ဘဲ ပြတ်ပြတ်သားသား ဖြေလိုက်သည်။
ဖန်ကျန်းရီ၏ အပြုံးက ပိုမို တောက်ပလာ၏။ "အရမ်း ကောင်းတယ်။ တကယ်လို့ မင်းရဲ့ သားမယားကို စွန့်ပစ်ခိုင်းမယ်ဆိုရင်ရော။"
"သားမယားကို စွန့်ပစ်ခိုင်းမယ် ဟုတ်လား။" မုန့်ဖူယွီ၏ ခေါင်းထဲတွင် ချက်ချင်း ရှုပ်ထွေးသွားပြီး ဖန်ကျန်းရီကို သံသယဝင်စွာဖြင့် ခိုးကြည့်လိုက်သည်။ သို့ပေမည့် အလျင်အမြန် ဖြေလိုက်သည်။
"ကျုပ် စွန့်ပစ်ရဲပါတယ်။"
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ရွံရှာမှု အရိပ်အယောင်လေး ဖြတ်ပြေးသွားသော်လည်း ချက်ချင်း ဖုံးကွယ်လိုက်ပြီး တဟားဟား ရယ်မောလိုက်၏။ "ကောင်းတယ်... ကောင်းတယ်။ မင်းက တကယ့် လူတော်ပဲ။ အမှန်တိုင်း ပြောရရင် ကျုပ်က မင်းကို တာဝန်ကြီးတစ်ခု ပေးမလို့။"
မုန့်ဖူယွီ၏ မျက်လုံးများ အရောင်လက်သွားသည်။ "တပ်မှူးချုပ်ရဲ့ မြှောက်စားမှုအတွက် ကျေးဇူးတင်ပါတယ်။ ဘယ်လို တာဝန်ကြီးများလဲ။"
"မင်းက ရုပ်ရည်ချောမောတော့ ကျင်းယီဝေရဲ့ ကိုယ်စားလှယ်အဖြစ် နေခိုင်းမလို့။ မင်း ရဲရဲဝံ့ဝံ့ လုပ်ရဲလား။ တခြားဟာကို အာမမခံရဲပေမဲ့ မင်း တစ်သက်လုံး ချမ်းသာကြွယ်ဝဖို့ကတော့ ပြဿနာ မရှိပါဘူး။"
မုန့်ဖူယွီ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လာပြီး အော်ဟစ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
ရင်ထဲမှ ပြင်းထန်သော လှိုင်းလုံးများကို အတင်းဖိနှိပ်ကာ မေးလိုက်၏။ "တပ်မှူးချုပ်... ဘာလို့ ကျုပ်ကို ရွေးတာလဲ။"
"ဘာလို့လဲဆိုတော့ မင်းက အရမ်း ချောလို့လေ။ အမှန်တိုင်း ပြောရရင် ကျုပ်တောင် မင်းကို ကြည့်ပြီး ခြိမ်းခြောက်ခံရသလို ခံစားရတယ်။ မင်းလိုလူမျိုးကမှ လူတော်စစ်စစ်ပဲ။ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လူတွေရဲ့ အာရုံစိုက်မှုကို ရဖို့က အရေးအကြီးဆုံး မဟုတ်ဘူးလား။ ဒီအဖြေကို မင်း ကျေနပ်ရဲ့လား။"
ချောတယ် ဟုတ်လား။
မုန့်ဖူယွီမှာ ရုတ်တရက် ရဲရင့်လာပြီး သူက ငယ်ငယ်ကတည်းက ချောလာတာပဲလို့ တွေးလိုက်မိသည်။
ရပ်ကွက်ထဲက မိန်းမပျိုလေးတွေ အကုန်လုံးက သူ့ကို တစ်ချက်ထက်ပိုပြီး ကြည့်ချင်ကြတာပဲ မဟုတ်လား။ မိန်းကလေး တစ်ယောက်ကို ဖြားယောင်းဖို့ဆိုတာ သူ့အတွက် လက်ဖျောက်တစ်ချက် တီးစာပါပဲ။
"ကျေနပ်ပါတယ်။ တပ်မှူးချုပ်... ကျုပ် သဘောတူပါတယ်။"
ဖန်ကျန်းရီက ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ညင်သာစွာ ဖိချကာ စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို မုန့်ဖူယွီဘက်သို့ တွန်းပို့ပေးလိုက်၏။ "အရမ်း ကောင်းတယ်။ ဒါပေမဲ့ ချက်ချင်း အဖြေမပေးပါနဲ့အုံး။ ဒီမှာ စာရွက်စာတမ်း တချို့ ရှိတယ်။ မင်း အရင် ဖတ်ကြည့်လိုက်ပါအုံး။"
"အဲဒီထဲက တစ်စောင်က ကွာရှင်းစာချုပ်ပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ မင်း မိန်းမနဲ့ ကွာရှင်းပြီးရင် သူ့အတွက် လူကောင်းတစ်ယောက် ရှာပေးပြီး မင်း သားလေးအတွက်လည်း အဖေကောင်း တစ်ယောက် ရှာပေးမယ်။ မင်းအတွက်လည်း အိမ်ထောင်ဖက်ကောင်း တစ်ယောက် ထပ်ရှာပေးမှာပါ။
နောက်တစ်စောင်ကတော့ မင်းရဲ့ မှတ်ပုံတင်စာအုပ်ကို ပြောင်းလဲဖို့ပဲ။ မင်းကို ကိုယ်ရေးအချက်အလက် အသစ်တစ်ခု ပေးမယ်။ ဒီနေ့ကစပြီး မင်းနာမည်က မုန့်ဖူယွီ မဟုတ်တော့ဘူး။ မုန့်ဝေ့မင် လို့ ပြောင်းရမယ်။ မင်း အမေနဲ့လည်း ဆက်သွယ်လို့ မရတော့ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ သူ့ကိုလည်း စောင့်ရှောက်ဖို့ လူရှာပေးပါ့မယ်။"
မုန့်ဖူယွီက ခေါင်းငုံ့ကာ သေချာစွာ ဖတ်ရှုနေပြီး သူ၏ မျက်လုံးထဲမှ အရောင်များက ပိုမို တောက်ပလာသည်။
သားမယားကို စွန့်ပစ်ရမည်၊ မိခင်ကို စွန့်လွှတ်ရမည်၊ နာမည်ပြောင်းရမည် ဆိုသည်ကို လက်ခံရန် အနည်းငယ် ခက်ခဲသော်လည်း နောက်ဆက်တွဲ စည်းကမ်းချက်များက သူ့ကို လူကြီးလူကောင်း တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ရန် တောင်းဆိုထားခြင်း ဖြစ်၏။
မဟုတ်ဘူး... လူကြီးလူကောင်းလို့ ပြောလို့ မရဘူး။ သူ့ကို သူတော်စင် တစ်ယောက်လို ဖန်တီးပေးဖို့ လုပ်နေတာပဲ။
ဖတ်ရင်း ဖတ်ရင်းဖြင့် မုန့်ဖူယွီ၏ မျက်နှာထားက အနည်းငယ် တွေဝေသွားပြီး လက်ကို ဆန့်ထုတ်ကာ မိမိ၏ ပေါင်ကို တိတ်တဆိတ် ဆိတ်ကြည့်လိုက်မှသာ သတိပြန်ဝင်လာသည်။
အိပ်မက် မဟုတ်ဘူးပဲ။ ဒါဆို ဘာတွေ တွေဝေနေစရာ လိုသေးလို့လဲ။
အကြမ်းဖျင်း ဖတ်ပြီးနောက် မုန့်ဖူယွီက ခေါင်းမော့ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "တပ်မှူးချုပ် … ကျုပ် သဘောတူပါတယ်။ အားလုံးကို သဘောတူပါတယ်။"
ဖန်ကျန်းရီက စိတ်ထဲတွင် ရယ်မောလိုက်သော်လည်း ပါးစပ်မှ ပြောလိုက်သည်။ "ကောင်းတယ် … ဒါဆို တစ်ရွက်ချင်းစီမှာ နာမည်လက်မှတ်ထိုးပြီး လက်ဗွေနှိပ်လိုက်။ ပြီးရင် မင်းရဲ့ စားဝတ်နေရေး အကုန်လုံးကို သေချာ စီစဉ်ပေးဖို့ လူလွှတ်လိုက်မယ်။"
မုန့်ဖူယွီက အဆက်မပြတ် ခေါင်းညိတ်ကာ စားပွဲပေါ်ရှိ စက္ကူ၊ စုတ်တံနှင့် တံဆိပ်တုံးကို ယူ၍ အလုပ်များနေတော့၏။
ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "ရှောင်မုန့်... ဒီနေ့ကစပြီး မင်းက အပေါ်က စည်းကမ်းချက်တွေအတိုင်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမယ်။ ကျုပ်က စောင့်ကြည့်ဖို့ လူလွှတ်ထားမယ်။
မင်း သိထားရမှာက... ကျုပ်က မင်းနဲ့ မတိုင်ပင်ဘဲနဲ့လည်း မင်းကို ဘာမဆို လုပ်ခိုင်းလို့ ရတယ်။ ဒါပေမဲ့ ကျင်းယီဝေက စည်းကမ်းရှိတဲ့ နေရာပဲ။ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိရုံသာမက တခြားသူတွေကိုပါ စည်းကမ်းရှိအောင် လုပ်ရမယ်။
ဒီစည်းကမ်းက အားနည်းတဲ့သူတွေကို ကာကွယ်ဖို့အတွက်လည်း ဖြစ်တယ်။ ဒါကြောင့် ကျုပ်က ကတိကဝတ်ကို ဘာထက်မဆို ပိုအရေးကြီးတယ်လို့ သတ်မှတ်တယ်။ ဒါကြောင့်... ကျုပ်ဆီမှာ ကတိဖောက်ဖျက်ရင် ရလာမယ့် အကျိုးဆက်က အရမ်း ကြီးလေးတယ်။ မင်း သေချာ သတိထားရမယ်။နားလည်လား။"
ဖန်ကျန်းရီက သူ့ကို စူးစိုက်ကြည့်နေ၏။
စာချုပ်ချုပ်ပြီးသွားပြီဆိုတော့ နောက်ဆိုရင် ဒီအမှိုက်ကောင်က ပြန်လှန်ဖို့ ကြိုးစားလာရင် ချက်ချင်း အပြတ်ရှင်းပစ်ရုံပဲ။
"နားလည်ပါပြီ။ ကျုပ် နားလည်ပါပြီ။" မုန့်ဖူယွီ၏ စိတ်ထဲတွင် တောက်ပသော အနာဂတ်အကြောင်းသာ လွှမ်းမိုးနေပြီဖြစ်ရာ ခေါင်းပင်မမော့ဘဲ ချက်ချင်း ဖြေလိုက်သည်။
မကြာမီမှာပင် စာရွက်အားလုံးကို လက်ဗွေနှိပ်၊ လက်မှတ်ထိုးပြီးသွား၏။
ဖန်ကျန်းရီက စာရွက်များကို ပြန်သိမ်းပြီး ပြုံး၍ ပြောလိုက်သည်။ "ကောင်းပြီ … ဒီနေ့ကစပြီး မင်းနာမည်က မုန့်ဝေ့မင် ပဲ။ ကျုပ်က မင်းကို တာ့ကျင်းတိုင်းပြည်ရဲ့ အတောက်ပဆုံး လူကြီးလူကောင်း တစ်ယောက် ဖြစ်လာအောင် ဖန်တီးပေးမယ်။ မင်းရဲ့ အပြောအဆို၊ အပြုအမူတိုင်းက ကျင်းယီဝေနဲ့ ရုံးတော်ရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေတယ်။
အခု မင်းမှာ ဘာတွေ မကျေနပ်စရာ ရှိလဲ၊ ကျုပ်ကို ပြောပြလို့ ရပါတယ်။ ကျုပ် ကူညီဖြေရှင်းပေးမယ်။"
မုန့်ဝေ့မင်က ဖန်ကျန်းရီရှေ့တွင် မူလက အနည်းငယ် နှိမ့်ချသော အနေအထား ရှိခဲ့သော်လည်း စာချုပ်ထဲမှ ပထမဆုံးအချက်ဖြစ်သည့် ရိုးသားဖြောင့်မတ်ပြီး မာနမကြီးရ ဆိုသည့်အချက်ကို သတိရသွား၏။
ယုံကြည်မှုများ ချက်ချင်း တက်လာပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "တပ်မှူးချုပ် … အိပ်ဆောင်ထဲက တခြားသူတွေက ကျုပ်ကို အနိုင်ကျင့်ကြတယ်။ ကျုပ်ကို ခြေအိတ်တွေ လျှော်ခိုင်းတယ်၊ မိန်းမလျာလို့လည်း ဆဲကြတယ်။ ပြီးတော့ လျန်ကွေ့ ဆိုတဲ့ နည်းပြကလည်း ကျုပ်ကို အဲဒီလိုပဲ ဆဲတယ်။ ပြီးတော့ ကျုပ်ကို ခဏခဏ လာပြီး ကိုင်တွယ်နေသေးတယ်။"
ဖန်ကျန်းရီက သူ့ကို စိုက်ကြည့်ရင်း အေးစက်စက် ဖြေလိုက်၏။ "သည်းခံနိုင်စွမ်း ရှိဖို့ကလည်း မင်းရဲ့ စည်းကမ်းချက်တွေထဲက တစ်ခုပဲ။
ရှောင်မုန့်... နောက်ဆိုရင် မင်း လမ်းပေါ်ထွက်လာတာနဲ့ လူတိုင်းက မင်းကို ဝိုင်းကြည့်ကြလိမ့်မယ်။ လူတိုင်းက မင်းကို လူကြီးလူကောင်း စံပြတစ်ယောက်လို သတ်မှတ်ကြလိမ့်မယ်။ ဒါပေမဲ့ မင်း ဘယ်လောက်ပဲ ပြီးပြည့်စုံအောင် နေနေ၊ မင်းကို မုန်းတဲ့သူဆိုတာ အမြဲတမ်း ရှိနေမှာပဲ။
အဲဒီလူတွေက မင်းကို ဆဲမယ်၊ မုန်းမယ်။ ဒါတွေကို မင်း ဂရုမစိုက်ဘဲ နေတတ်ရမယ်။ ပြီးတော့ သူတို့က မင်းကို တကယ် မုန်းနေတာ မဟုတ်ပါဘူး။ မင်းကို အားကျပြီး မနာလိုဖြစ်နေတာလည်း ဖြစ်နိုင်တယ်။
မုန်းတီးမှုဆိုတာ အရမ်း အားကောင်းတဲ့ ခွန်အားတစ်ခုပဲ။ မင်း အသက်ကြီးလာပြီး ရုပ်မချောတော့တဲ့အခါ မင်းကို သဘောကျခဲ့တဲ့ သူတွေက သေချာပေါက် ကျောခိုင်းသွားကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီ မနာလိုဖြစ်နေတဲ့ သူတွေကတော့ မင်းကို အမြဲတမ်း မှတ်မိနေမှာပဲ။ အောင်မြင်မှုရဲ့ အထွတ်အထိပ်မှာ ဟန်ဆောင်နေတဲ့ ပွဲကြည့်ပရိသတ်တွေ ရောက်လာတတ်ပြီး၊ ဘဝရဲ့ နေဝင်ချိန်ကျမှသာ တကယ့်ကို ယုံကြည်ကိုးကွယ်သူ အစစ်အမှန်တွေကို တွေ့ရတတ်တယ်။ နားလည်ပြီလား ရှောင်မုန့်။"
"နားလည်ပါပြီ။ တပ်မှူးချုပ်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။" မုန့်ဝေ့မင်၏ မျက်လုံးများထဲတွင် ယခုအခါ မျှော်လင့်ချက်များသာ ပြည့်နှက်နေတော့၏။
အပိုင်း (၅၉၀) ရှောင်မုန့်၏ ပျော်ရွှင်သော ဘဝ။
မုန့်ဝေ့မင်၏ ဦးနှောက်ကို အပြင်ရော ၊ အတွင်းပါ ဆေးကြောပေးပြီးနောက် သာယာလှပသော ဘဝအကြောင်း ကိုပါ မျှော်မှန်းခိုင်းလိုက်သေး၏။
ဖန်ကျန်းရီက အခြေအနေ အတော်လေး ကောင်းမွန်သွားပြီဟု ယူဆကာ လက်ပြပြီး ပျော်ရွှင်မှုများထဲ နစ်မြောနေဆဲဖြစ်သော မုန့်ဝေ့မင်ကို မောင်းထုတ်လိုက်သည်။
သူ အဝေးသို့ ရောက်သွားသောအခါ စခန်းရှိ အခြားအခန်းတစ်ခုမှ လူတစ်ယောက် ထွက်လာပြီး ဖန်ကျန်းရီရှေ့တွင် ရပ်လိုက်၏။
ရောက်လာသူမှာ ချန်တယ်ရှန်း ဖြစ်ပြီး သူက ဘေးခန်းမှနေ၍ အချိန်အတော်ကြာ ချောင်းနားထောင်နေခဲ့ခြင်း ဖြစ်သည်။
ဖန်ကျန်းရီက သူ့ကို ထိုင်ရန် လက်ဟန်ပြလိုက်ပြီး မေးလိုက်၏။ "လောင်ချန်... ခုနက လူကို ဘယ်လိုထင်လဲ။"
ချန်တယ်ရှန်းက ဖြေလိုက်သည်။ "သာမန် လူယုတ်မာ တစ်ယောက်ပါပဲ။ သခင်လေးက ဘာများ ခိုင်းစရာ ရှိလို့လဲ မသိဘူး။"
"ကျင်းယီဝေက အခု လူလိုအပ်နေတဲ့ အချိန်ပဲ။ အပေါ်ယံ ပုံရိပ်ကို ဂရုစိုက်သလို၊ အတွင်းပိုင်းကိုလည်း ဂရုစိုက်ရမယ်။ အကျဉ်းထောင်ထဲမှာတော့ ညစ်ပတ်တဲ့ အလုပ်လေးတွေ ရှိလာမှာ သေချာတယ်။ နောက်ပိုင်းကျရင် ခင်ဗျားပဲ ကျုပ်ကိုယ်စား စီစဉ်ပေးလိုက်ပါ။
မုန့်ဝေ့မင်ကို ခင်ဗျားရဲ့ လက်တွေ့လေ့ကျင့်ရေး အနေနဲ့ သုံးမယ်။ ခင်ဗျား သေချာ ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ရဲ့လား။"
ချန်တယ်ရှန်းမှာ ချက်ချင်းပင် မျက်နှာဝင်းပသွားသည်။ နောက်ဆုံးတော့ သူ့အရည်အချင်းကို ပြသခွင့် ရပြီပေါ့ ဟု တွေးလိုက်မိသည်။
ထိုသို့တွေးမိသည်နှင့် ပျော်ရွှင်သွားမိသည်။ သို့နှင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ "သခင်လေး စိတ်ချပါ။ ဒီလို အသေးအဖွဲ ကိစ္စလေးကို ကျုပ် အလွယ်လေး လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သခင်လေးမှာ ဘယ်လို အစီအစဉ်လေးတွေ ရှိလဲဆိုတာတော့ မသိသေးလို့ပါ။"
ဖန်ကျန်းရီက ပြုံး၍ လက်ထဲရှိ စာချုပ်ကို ကမ်းပေးလိုက်သည်။ "အရမ်း လွယ်ပါတယ်။ ဒီအထဲက အချက်အလက်တွေ အတိုင်း အသေးစိတ် ပြန်စီစဉ်ပေးလိုက်ပါ။ သူ့ကို လူကြီးလူကောင်း တစ်ယောက် ဖြစ်လာအောင် သင်ပေးလိုက်။
သူ့အမေနဲ့ မိန်းမ၊ ကလေးတွေကို သေချာ နေရာချထားပေးလိုက်။ ပြီးတော့ လူနည်းနည်း လွှတ်ပြီး သူတို့ကို သေချာ စောင့်ကြည့်ခိုင်းထားပါ။ သူတို့ရဲ့ နေထိုင်မှုဘဝကိုတော့ မနှောင့်ယှက်နဲ့။
မုန့်ဝေ့မင်လို လူမျိုးက နောက်ပိုင်း အာဏာလေး နည်းနည်း ရလာရင် ဘာပြဿနာတွေ လျှောက်ရှာမလဲ မသိနိုင်ဘူး။ ပြီးတော့... သူ့အတွက် မိန်းမတစ်ယောက် ရှာပေးလိုက်။"
ချန်တယ်ရှန်းက အလျင်အမြန် မေးလိုက်သည်။ "ဘယ်လို မိန်းမမျိုးလဲဗျ။"
"အင်း... တောသူမလေးပေါ့။ ရိုးရိုးအေးအေးလေး၊ ရုပ်နည်းနည်း ဆိုးဆိုးလေး။ အကောင်းဆုံးက ယောက်ျားမရနိုင်တဲ့ အရွယ်လွန်နေတဲ့ သူမျိုးပေါ့။ မိသားစု အခြေအနေကလည်း ဆင်းရဲလေ ကောင်းလေပဲ။ ဒါပေမဲ့ အခြေအနေကိုတော့ သူ့ကို သေချာ ရှင်းပြထားရမယ်။ သူ့သဘောဆန္ဒ အလျောက်ပဲ ဖြစ်ရမယ်၊ အတင်းအကျပ် မလုပ်ရဘူး။"
ထိုသို့ပြောရင်း ဖန်ကျန်းရီ၏ ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာ၏။ "အို... ရူယွင် ဆိုရင် မဆိုးဘူး ထင်တယ်။ သူက အသက် လေးဆယ် နားနီးနေပြီကို အခုထိ အိမ်ထောင် မကျသေးဘူးလေ။"
"ရူယွင်က ဘယ်သူလဲ။"
"သတင်းစာတိုက်က စားသောက်ခန်းမမှာ ထမင်းခူးပေးနေတဲ့ အဒေါ်ကြီးလေ။"
"အာ..." ခ
ျန်တယ်ရှန်း၏ ခေါင်းထဲတွင် မေးခွန်းထုတ်စရာ ကြီးကြီးမားမား ဖြစ်ပေါ်လာပြီး စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။ "သခင်လေး... သခင်လေးက သူ့ကို ချမ်းသာကြွယ်ဝစေရမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ အဒေါ်ကြီး တစ်ယောက်နဲ့ ပေးစားရမှာလဲ။"
ဖန်ကျန်းရီက ခေါင်းမော့ကာ သက်ပြင်းချလိုက်၏။ "ဟက်.. သာမန် အဒေါ်ကြီး မဟုတ်ဘူးလေ။ သူက မုန့်ဝေ့မင်နဲ့ ငယ်ငယ်တည်းက အတူတူ ကြီးပြင်းလာတဲ့ အိမ်နီးချင်းလေ။ မုန့်ဝေ့မင်က သူနဲ့ အတူတူ ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်လာပြီး၊ နောက်ဆုံးတော့ အောင်မြင်သွားပြီး ကျင်းယီဝေထဲ ဝင်ခွင့်ရသွားတယ်။ ဆင်းရဲတုန်းက ပေါင်းသင်းခဲ့တဲ့ ဇနီးသည်ကို အောင်မြင်လာတဲ့အခါ မစွန့်ပစ်ဘူးပေါ့။ သူက အောင်မြင်သွားပေမဲ့ အရင် သံယောဇဉ်ကို မမေ့ဘဲ နှစ်ယောက်သား တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းသွားကြတယ်... နားလည်လား။"
ချန်တယ်ရှန်းက သွားဖြီးကာ ခေါင်းအဆက်မပြတ် ညိတ်လိုက်သည်။ "နားလည်ပြီ... နားလည်ပြီ။ ဒါဆို... သူက မယားငယ် ယူချင်တယ် ဆိုရင်ကော။"
"ဒါဆိုရင် သူ့ကို သင်းကွပ်ပစ်လိုက်။"
ဖန်ကျန်းရီက မျက်နှာသေဖြင့် ပြောလိုက်၏။ "အချစ်ကြီးတဲ့ ပုံရိပ်ကို အပျက်ခံလို့ မရဘူး။ မယား သုံးလေးယောက် ယူတာက သာမန် ကိုယ်ကျင့်တရား စည်းမျဉ်းအရ မှန်ကန်တယ် ဆိုပေမဲ့ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တစ်သက်လုံး တစ်ယောက်တည်းကိုပဲ ပေါင်းသင်းတာက အမြင့်မြတ်ဆုံး ကိုယ်ကျင့်တရားပဲ။ မဟုတ်ရင် လူကြီးလူကောင်းလို့ ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ။ ဒီပုံစံအတိုင်း ဆက်ပြီး စီစဉ်လိုက်တော့။"
"ဟုတ်ကဲ့ပါ။ ကျုပ် အခုပဲ သွားစီစဉ်လိုက်ပါ့မယ်။ ဒီလို အသေးအဖွဲလေးကို အလွယ်လေး လုပ်နိုင်ပါတယ်။" ချန်တယ်ရှန်းက စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
လူတွေကို ဒုက္ခပေးရုံ သတ်သတ်ပဲ မဟုတ်လား။ ကျုပ်က အသက်သာ ကြီးပေမဲ့ တခြားဟာ မတတ်ရင်တောင် လူတွေကို ဒုက္ခပေးတဲ့ နေရာမှာတော့ အကောင်းဆုံးပဲ။
သူ မတ်တတ်ရပ်လိုက်သည်နှင့် ဖန်ကျန်းရီက သူ့ကို တားလိုက်သည်။ "နေအုံး... ခင်ဗျား တစ်ယောက်တည်း စီစဉ်ရတာ လိုအပ်ချက်တွေ ရှိနေနိုင်တယ်။ ခရိုင်ကို ပြန်ပြီး ဆရာဝူကို ရှာလိုက်။ ကျင်းယီဝေအတွက် ဝတ်စုံအသစ် ပုံစံ ပြန်ဆွဲခိုင်းလိုက်။ အဖြူရောင်စစ်စစ် ဖြစ်ရမယ်။
ဝတ်လိုက်တာနဲ့ ဖြောင့်မတ်တည်ကြည်တဲ့ ပုံစံမျိုး ဖြစ်နေရမယ်။ အထူးသဖြင့် မုန့်ဝေ့မင်အတွက်ပေါ့။ သူ့ကို အမွှေးနံ့သာလေးတွေပါ နည်းနည်း လိမ်းပေးလိုက်အုံး... ဝါးနံ့ သင်းသင်းလေးမျိုးပေါ့။
ဒီရက်ပိုင်း သူ့ကို အရင် အနားပေးပြီး သေချာလေး လေ့ကျင့်ပေးလိုက်အုံး။ အရင်ဆုံး ချိုချိုသာသာ ဆက်ဆံပြီးမှ နောက်ပိုင်း ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ကြတာပေါ့။"
...
မုန့်ဝေ့မင်၏ မကြာသေးမီက နေထိုင်မှုဘဝမှာ အလွန် သာယာနေခဲ့သည်။
ဖန်ကျန်းရီနှင့် စာချုပ်ချုပ်ပြီးနောက် လေ့ကျင့်ရေးကွင်းသို့ ပြန်ရောက်လာချိန်တွင် အိပ်မက်ထဲ ရောက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်၏။
ရင်ထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး စိုးရိမ်ပူပန်မှုများလည်း တပါတည်း ပါလာခဲ့သည်။ မိမိသည် အကြံအစည်ကြီးတစ်ခု၏ ထောင်ချောက်ထဲသို့ ကျရောက်သွားသကဲ့သို့ မသိမသာ ခံစားနေရသည်။
သို့ပေမည့် ဒုတိယနေ့တွင် စိုးရိမ်ပူပန်မှုများ အားလုံး အငွေ့ပျံ ပျောက်ကွယ်သွား၏။
မူလက လူဆယ်ယောက် အတူအိပ်ရသော အိပ်ဆောင်မှ ဧရိယာအလွန်ကျယ်ဝန်းပြီး ပရိဘောဂ အစုံအလင် ပါဝင်သော သီးသန့် အခန်းကျယ်ကြီးသို့ ပြောင်းရွှေ့သွားရသည်။
ကုတင်ကြီး၊ စာဖတ်ခန်း၊ တန်ဖိုးကြီး စာရေးကိရိယာများ အားလုံးက အိပ်မက်ထဲက ဘဝအတိုင်းပင် ဖြစ်နေ၏။
ပို၍ အရေးကြီးသည်မှာ စကားပြောကောင်းပြီး အမြဲတမ်း ပြုံးရွှင်နေတတ်သော ကိုယ်ရေးကိုယ်တာ အိမ်တော်ထိန်း တစ်ယောက်ကိုပါ ခန့်ထားပေးခြင်း ဖြစ်သည်။
တစ်နေ့ သုံးနပ် အစားအသောက်များကလည်း အသားငါးများမှသည် ပင်လယ်စာများအထိ အလွန် ဇိမ်ကျကျ စားသောက်ရသည့် အဆင့်သို့ ရောက်ရှိသွားခဲ့၏။
မုန့်ဝေ့မင်က အခန်းထဲရှိ အလွန်ကြည်လင်သော ကြည့်မှန်ကြီးကို ကြည့်ရင်း သူ့အား ရုပ်ချောအောင် မွေးပေးခဲ့သော မိဘများကို အကြိမ်ကြိမ် ကျေးဇူးတင်နေမိသည်။
ဖန်အမတ်က တကယ်ပဲ ငါ့ကို ကျင်းယီဝေရဲ့ မျက်နှာစာပုံရိပ်အဖြစ် ပျိုးထောင်ပေးနေတာပဲ။ မဟုတ်ရင် ဒီလောက် ကောင်းတဲ့ အခွင့်အရေးမျိုး ဘယ်ရပါ့မလဲ။
တစ်ခုတည်းသော မကောင်းသည့်အချက်မှာ လေ့ကျင့်ရေးများ ဆက်လက် ရှိနေပြီး လေ့ကျင့်ရေး ပမာဏမှာလည်း အလွန် များပြားလှခြင်း ဖြစ်သည်။
အခြားသူများနှင့် အတူတူ မလေ့ကျင့်ရသော်လည်း ဤသီးသန့် လေ့ကျင့်ရေးက ပို၍ပင် ပင်ပန်းသည်ဟု ထင်ရ၏။
နေ့စဉ် ပုံမှန် လေ့ကျင့်ရေးများ ပြီးဆုံးပြီးနောက်တွင်လည်း သူ၏ လမ်းလျှောက်ပုံ၊ ကိုယ်ဟန်အနေအထားများကို အဆက်မပြတ် ပြုပြင်ပေးနေသော အဘိုးကြီးတစ်ယောက် ရှိနေသေးသည်။
ထို့အပြင် နေ့စဉ် ရေနှစ်ကြိမ် ချိုးရန် တောင်းဆိုထားပြီး အဝတ်အစားများတွင် အညစ်အကြေးများ၊ အနံ့အသက်ဆိုးများ လုံးဝ မရှိစေရပေ။
စကားပြောဆိုရာတွင်လည်း အသုံးအနှုန်းများနှင့် မျက်နှာ အမူအရာများကို သေချာစွာ ထိန်းချုပ်ရပြီး အမြဲတမ်း ညင်သာပျော့ပျောင်းသော အသံဖြင့် ပြောဆိုကာ မျက်နှာပေါ်တွင် ယဉ်ကျေးပျူငှာသော အပြုံးကို အမြဲ ဆင်မြန်းထားရသည်။
သေချာသည်မှာ အရာအားလုံးက သည်းခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေပြီး ညဘက် ပင်ပန်း လာလျှင်လည်း ပြုစုပေးမည့် အစေခံမလေးများ ရှိနေသေးသည် မဟုတ်ပါလား။
ရက်အနည်းငယ် အကြာတွင် လူမိုက်တစ်ယောက်၏ မာနမျိုးက အလိုအလျောက် ပေါ်ထွက်လာသည်။
တစ်ခါတစ်ရံ ကွင်းထဲတွင် ယခင်က သူ့ကို ဆဲဆိုဖူးသော ကျင်းယီဝေများကို တွေ့လိုက်ရလျှင် မုန့်ဝေ့မင်က ရှေ့သို့သွား၍ သင်ခန်းစာပေးချင်စိတ် ပေါ်လာမိသည်။ သို့ပေမည့် လူကြီးလူကောင်းတို့၏ လမ်းစဉ်ကို တွေးမိကာ အောင့်အည်း သည်းခံလိုက်ရ၏။
ဆယ်ရက်ခန့် အကြာတွင် ဤကဲ့သို့သော ဘဝမျိုး ပြီးဆုံးသွားခဲ့သည်။
ကျင်းယီဝေ၏ ကနဦး လေ့ကျင့်ရေးများ ပြီးဆုံးသွားပြီဖြစ်ရာ မြို့တော်ရှိ တပ်ခွဲရုံးတော် အသီးသီးသို့ လူအင်အားများ စတင် ခွဲဝေပေးနေပြီ ဖြစ်သည်။ မုန့်ဝေ့မင်ကတော့ ကံကောင်းစွာဖြင့် မြောက်ပိုင်း တပ်ခွဲရုံးတော်သို့ ခွဲဝေချထားခံရ၏။
သေချာသည်မှာ ဖန်ကျန်းရီက အထက်အောက် ကြိုတင် စီစဉ်ထားပြီးသား ဖြစ်သည်။
မြောက်ပိုင်းတွင် သူက အတော်လေး ဩဇာညောင်းပြီး သတင်းအချက်အလက်များကိုလည်း လျင်မြန်စွာ ရရှိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းဟော့ဂိုဏ်း၏ လှုပ်ရှားမှု နယ်ပယ်က မြောက်ပိုင်းတွင် အဓိက အခြေစိုက်ထားပြီး အပြင်ဘက်သို့ ဖြည်းဖြည်းချင်း တိုးချဲ့နေဆဲ ဖြစ်သောကြောင့်ပင်။
သခင်လေးလတ်ကျီ (ကျီအာယဲ့) ၏ ပညာရှိသော ဦးဆောင်မှုအောက်တွင် ဖုန်းဟော့ဂိုဏ်းမှာ လူမိုက်ဂိုဏ်းမှနေ၍ ပိုင်ဆိုင်မှု စီမံခန့်ခွဲရေး လုပ်ငန်းအဖြစ်သို့ အပြည့်အဝ အသွင်ကူးပြောင်းသွားခဲ့ပြီ ဖြစ်၏။
ဝန်ဆောင်မှု ကောင်းမွန်ပြီး ဈေးနှုန်း သင့်တင့်သောကြောင့် ပြည်သူများက တောင်းဆိုမှုများပြားလာကာ လုပ်ငန်းများမှာ မီးဖွားပြီးစ မိခင်များကို ပြုစုပေးသည့် လုပ်ငန်းများဆီသို့ပင် တိတ်တဆိတ် တိုးချဲ့လာနေပြီ ဖြစ်သည်။
တပ်ခွဲရုံးတော် အတွင်း၌လည်း မုန့်ဝေ့မင်သည် ဖန်ကျန်းရီ ကိုယ်တိုင် မြှောက်စားထားသော လက်အောက်ငယ်သား ဖြစ်ကြောင်း သိထားကြသဖြင့် မည်သူမှ မလေးမစား မလုပ်ရဲကြချေ။
ဤသို့ဖြင့်... မုန့်ဝေ့မင်မှာ အုပ်စုမှူး ရာထူးဖြင့် အလုပ်ခွင် အသစ်သို့ ဂုဏ်ယူဝင့်ကြွားစွာ ဝင်ရောက်လာခဲ့သည်။
တပ်ခွဲရုံးတော် အတွင်း၌ မုန့်ဝေ့မင်က သူ့ရှေ့ရှိ ချန်တယ်ရှန်းနှင့် ဝူရှန်းတို့ကို ကြည့်ကာ အံ့ဩတကြီး ပြောလိုက်၏။ "ခင်ဗျားတို့ နှစ်ယောက်... အခု ကျုပ်က ကျင်းယီဝေ အစစ်အမှန် ဖြစ်သွားပြီလေ။ ခင်ဗျားတို့ လိုက်လာအုံးမှာလား။"
ချန်တယ်ရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ခိုတွဲနေဆဲဖြစ်ပြီး အေးအေးဆေးဆေးပင် ဖြေလိုက်သည်။ "ဒါပေါ့... ဖန်အမတ်က ကျုပ်တို့ နှစ်ယောက်ကို ခင်ဗျားရဲ့ ဘဝနေထိုင်မှုတွေကို ဆက်ပြီး ကူညီပေးဖို့နဲ့ အလုပ်မြန်မြန် တတ်သွားအောင် ကူညီပေးဖို့ အမိန့်ပေးထားတာလေ။
ဒါပေမဲ့ ခင်ဗျား ကျုပ်တို့ကို ဂရုစိုက်နေစရာ မလိုပါဘူး။ လုပ်စရာရှိတာ ဆက်လုပ်ပါ။ အမှားလုပ်မိတဲ့ အခါကျမှ ကျုပ်တို့က သတိပေးမှာပါ။
ပြီးတော့ ဒီနေ့ အလုပ်ဆင်းချိန်ကျရင် ဖန်အမတ်က ခင်ဗျားအတွက် အထူး လက်ဆောင်တစ်ခု ပြင်ဆင်ပေးထားတယ်..."
လက်ဆောင် ဟုတ်လား။
မုန့်ဝေ့မင်မှာ တွေးတော မျှော်မှန်းခွင့်ပင် မရလိုက်ချေ။
ဖြန်း...
ရုတ်တရက် ချန်တယ်ရှန်းက အင်္ကျီလက်ထဲမှ ကြိမ်တုတ်တိုလေး တစ်ချောင်းကို ထုတ်ယူကာ မုန့်ဝေ့မင်၏ ခါးကို အားကုန် ရိုက်ချလိုက်သည်။
ပြီးနောက် အေးစက်စက် အသံဖြင့် ပြောလိုက်၏။ "လူကြီးလူကောင်းဆိုတာ... အမြဲတမ်း တည်တည်ငြိမ်ငြိမ် ရှိနေရမယ်။"
"….."