← Chapters

အခန်း (၅၉၁-၅၉၂)

Vol. 32 Ch. 591-592

အခန်း (၅၉၁-၅၉၂)

Vol. 32 Ch. 591-592

အပိုင်း (၅၉၁) ဖန်သခင်လေး၏ လက်ဆောင်ကြီး သုံးခု။

ကြိမ်လုံးဖြင့် ရိုက်ခံရပြီးနောက် မုန့်ဝေ့မင်မှာ နာကျင်မှုကို မခံစားရသေးမီမှာပင် ယခင်က သဘောကောင်းလှသော ချန်တယ်ရှန်း၏ မျက်နှာထား အေးစက်သွားသည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားသည်။

ဦးနှောက်ကလည်း ချက်ချင်း ဗလာကျင်းသွား၏။

ချန်တယ်ရှန်း၏ မျက်နှာပေါ်တွင် ရင်းနှီးကျွမ်းဝင်သော အပြုံးတစ်ခု ပြန်လည်ပေါ်လာပြီး ခါးမှ နာကျင်မှုက ပိုမို ပြင်းထန်လာမှသာ သူ သတိပြန်ဝင်လာတော့သည်။

"ခင်ဗျား ကျုပ်ကို ရိုက်ရဲတယ်ပေါ့။" သူက အသံကျယ်ကျယ်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဖြန်း..."

နောက်ထပ် ကြိမ်လုံးတစ်ချက်က ခါးပေါ်သို့ ကျရောက်လာပြန်သည်။ ချန်တယ်ရှန်းက အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ "ယဉ်ကျေးသိမ်မွေ့ရမယ်။ အသံကျယ်ကျယ် မအော်ရဘူး။"

"ခင်ဗျား။" မုန့်ဝေ့မင်မှာ ဒေါသထွက်သော်လည်း ဘာမှ မပြောရဲဘဲ ချန်တယ်ရှန်းကိုသာ စိုက်ကြည့်နေမိ၏။

ဒီကာလအတွင်း အတူနေလာခဲ့တုန်းက ချန်တယ်ရှန်းက အစေခံတစ်ယောက်လို နေခဲ့တာ။ လေ့ကျင့်ရေးကွင် းကနေ ထွက်လာတာနဲ့ ငါ့ကို ရိုက်ရဲပြီပေါ့။

"ဖြန်း..."

ဝူရှန်းကလည်း တိတ်တဆိတ် ကြိမ်တုတ်တိုလေး တစ်ချောင်းကို ထုတ်ကာ သူ့ကို အားကုန် ရိုက်ချလိုက်ပြန်သည်။

"မျက်လုံး ပြူးမကြည့်ရဘူး။ မျက်နှာ အမူအရာကို သတိထား။"

"ခင်ဗျားတို့ ဘာဖြစ်နေကြတာလဲ။ ဖန်အမတ် မရှိတာနဲ့ ကျုပ်ကို ရိုက်ရဲပြီပေါ့။ ဟမ်... တောက်..."

ဖြန်း ဖြန်း...

ဝူရှန်းနှင့် ချန်တယ်ရှန်းတို့က တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး မုန့်ဝေ့မင်၏ ခါးဘယ်ညာကို တစ်ချက်စီ ရိုက်ချလိုက်ကြသည်။

ချန်တယ်ရှန်းက အေးစက်စက် အသံဖြင့် ပြောလိုက်၏။ "ဒါတွေ အကုန်လုံးက ဖန်အမတ် စီစဉ်ထားတာပဲ။ မင်း မကျေနပ်လို့လား။"

မူလက ဒေါသထွက်ကာ ရဲတင်းနေသော မုန့်ဝေ့မင်မှာ ချက်ချင်းပင် အသံတိတ်သွားပြီး မျက်နှာ အမူအရာကို အမြန် ပြင်ဆင်လိုက်သည်။

ရင်ထဲတွင် ဒေါသထွက်လွန်း၍ မီးတောက်နေသော်လည်း မျက်နှာပေါ်တွင်မူ အပြုံးလေးတစ်ခု ဖန်တီးကာ မေးလိုက်၏။ "တကယ်... တကယ်ပဲ ဖန်အမတ်က ခိုင်းတာလား။"

"ဒါပေါ့... အခု အပြင်ထွက် အလုပ်လုပ်နေရပြီဆိုတော့ လေ့ကျင့်ရေးကွင်းမှာလို မလိုတော့ဘူးလေ။ ဖန်အမတ်က ပြောသေးတယ်။ လေ့ကျင့်ရေးက နည်းနည်း တင်းကျပ်သွားတော့ မင်းကို နားလည်ပေးဖို့ တောင်းဆိုလိုက်တယ်။ ညဘက်ကျရင် သူပေးတဲ့ လက်ဆောင်ကို တွေ့လိုက်ရရင် မင်း စိတ်ထဲက အငြိုးတွေ ပြေပျောက် သွားပါလိမ့်မယ်တဲ့။"

ဖန်အမတ်က ခိုင်းတာဆိုတော့လည်း ဘာမှ ပြောစရာ မရှိတော့ဘူးပေါ့။ အရင်ကလို သက်တောင့်သက်သာ နေခဲ့ရတဲ့ ဘဝမျိုးက ပြန်မလာနိုင်တော့ဘူး ထင်တယ်။ ဒါပေမဲ့... ဒဏ်ရာရသွားတဲ့ စိတ်ကို ဖြေသိမ့်ဖို့ လက်ဆောင်တော့ ရှိသေးတယ် မဟုတ်လား။

မုန့်ဝေ့မင်က သက်ပြင်းရှည်ကြီး ချကာ ခါးညွတ်အရိုအသေပေးရင်း ပြောလိုက်သည်။ "ဒါဆိုလည်း လမ်းညွှန် ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ချန်တယ်ရှန်းနှင့် ဝူရှန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်လုံးထဲတွင် အပြုံးများဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။

"တပ်ခွဲရုံးတော်ထဲမှာ မင်းအတွက် သီးသန့် ရုံးခန်းတစ်ခု စီစဉ်ပေးထားတယ်။ ဒါက ဖန်အမတ်က မင်းကို ပေးထားတဲ့ အထူးအခွင့်အရေးပဲ။ ဒီနေ့ မင်း လုပ်ရမှာက စာရေးကျင့်ဖို့ပဲ။ နောက် ဆယ်ရက်အတွင်းမှာ မင်းရဲ့ လက်ရေးကို နာမည်ကြီး စာရေးဆရာ တစ်ယောက်အဆင့် ရောက်အောင် လေ့ကျင့်ရမယ်။" ဝူရှန်းက ပြောလိုက်၏။

"ဘာ..."

"ဖြန်း..."

"ဆယ်ရက်လေးနဲ့ နာမည်ကြီး စာရေးဆရာအဆင့် ဘယ်လိုလုပ် ရောက်နိုင်မှာလဲ။" မုန့်ဝေ့မင်က ခါးကို ပွတ်သပ်ရင်း မျက်ရည်ကျမတတ် ဖြစ်သွားသည်။

ဝူရှန်းက ဆက်ပြောလိုက်၏။ "အရမ်း လွယ်ပါတယ်။ မင်းရဲ့ နာမည် သုံးလုံးကိုပဲ ရေးကျင့်ရမှာ။ ဒီသုံးလုံးကို ရေးတာ သိပ်မခက်လောက်ပါဘူး။ ကျန်တာတွေကိုတော့ နောက်မှ ဖြည်းဖြည်းချင်း သင်ယူလို့ ရတယ်။

အခုက စမ်းသပ်ကာလပဲ ရှိသေးတယ်။ မင်း လုံးဝ ပေါ့ဆလို့ မရဘူး။ မဟုတ်ရင် ဖန်အမတ်က နောက်တစ်ယောက် အသစ်ရှာလိုက်လိမ့်မယ်။ မင်းက တစ်ယောက်တည်းသော ရွေးချယ်စရာ မဟုတ်ဘူးဆိုတာ မှတ်ထားပါ။"

မုန့်ဝေ့မင်က တံတွေးမြိုချလိုက်ပြီး ခေါင်းညိတ်ကာ ဖြေလိုက်သည်။ "ဒါဆို အကုန်လုံး ဖန်အမတ် ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်။ ကျုပ် အစွမ်းကုန် ကြိုးစားပါ့မယ်။"

...

ပထမနေ့ အလုပ်ဆင်းချိန်တွင်ပင် မုန့်ဝေ့မင်မှာ အလွန် နောင်တရနေချေသည်။

တစ်နေ့တည်းနဲ့ အကြိမ် ဆယ်ချီပြီး အရိုက်ခံရတယ်။

စကားမှားပြောလို့ အရိုက်ခံရတယ်၊ ရေသောက်တာ အသံမြည်လို့ အရိုက်ခံရတယ်၊ စားသောက်ပုံ မလှလို့ အရိုက်ခံရတယ်။

အဆိုးဆုံးကတော့ လေလည်တာကိုတောင် မထိန်းနိုင်လို့ အရိုက်ခံရသေးတယ်။

လူကြီးလူကောင်းတွေလည်း လေလည်တတ်တယ် ဆိုတာကို သက်သေပြဖို့ အကြောင်းပြချက် ပေးလိုက်တော့ နောက်တစ်ချက် ထပ်အရိုက်ခံရတယ်။

တစ်နေ့တာလုံးလုံး စာရေးလေ့ကျင့်ရခြင်းနှင့် အရိုက်ခံရခြင်းမှလွဲ၍ အခြားသူများအားလုံး အပြင်ထွက်ကာ အလုပ်လုပ်နေကြချိန်တွင် သူတစ်ယောက်တည်းသာ သီးသန့်အခန်းငယ်အတွင်း၌ ဆင်းရဲဒုက္ခကို ခံစားနေရသည်။

သို့တိုင်အောင် ပထမဆုံးနေ့ရက်ကိုမူ သူ ကြိတ်မှိတ်ကာ သည်းခံဖြတ်သန်းနိုင်ခဲ့၏။

ဖန်ကျန်းရီ ပေးအပ်မည့် မည်သည်မှန်းမသိရသော လက်ဆောင်ကြီးက သူ့အား အံကြိတ်သည်းခံနိုင်စေရန် တွန်းအားပေးနေခြင်း ဖြစ်သည်။

အလုပ်ဆင်းချိန် ရောက်သောအခါ မုန့်ဝေ့မင်တို့ သုံးယောက်က တပ်ခွဲရုံးတော်မှ ထွက်လာကြရာ ရုံးတော်အပြင်ဘက်တွင် မြင်းသုံးကောင် ချည်ထားသည်ကို တွေ့လိုက်ရ၏။ ထိုအထဲမှ တစ်ကောင်က နှင်းလိုဖြူဖွေးနေသော မြင်းဖြူလေး ဖြစ်၏။

ထိုမြင်း၏ ရင်အုပ်က ကျယ်ပြန့်ပြီး တင်ပါးက ပြည့်ဖြိုးကာ မျက်လုံးများကလည်း တောက်ပနေသည်။

မြင်းတွေထဲမှာတော့ အကောင်းဆုံးလို့ ပြောလို့ရတဲ့ မြင်းမျိုးပဲ။

မြင်လိုက်သည်နှင့် မုန့်ဝေ့မင်၏ အာရုံကို ချက်ချင်း ဖမ်းစားသွား၏။

ချန်တယ်ရှန်းက ဖြည်းညင်းစွာ မြင်းအနားသို့ လျှောက်သွားပြီး ပြုံး၍ ပြောလိုက်သည်။ "ဒီနေ့ မင်း ပင်ပန်းသွားပြီ။ ဒါက ဖန်အမတ်က မင်းကို ပေးတဲ့ ပထမဆုံး လက်ဆောင်ပဲ။ မြင်းကောင်းတစ်ကောင်ပေါ့။"

ကျုပ်ကို ပေးတာလား။ ပထမဆုံး လက်ဆောင်တည်းက ဒီလောက် တန်ဖိုးကြီးနေပြီလား။

မုန့်ဝေ့မင်မှာ စိတ်လှုပ်ရှားမှုကို မနည်းထိန်းထားရပြီး မြင်းအနားသို့ သွားကာ မြင်းလည်ပင်းကို ခပ်ဖွဖွ သပ်ပေးနေသည်။ သူ၏ မျက်နှာပေါ်တွင်တော့ တည်ငြိမ်သော အမူအရာကို ဖန်တီးထားပြီး စိတ်လှုပ်ရှားမှုကို နည်းနည်းလေးမှ အပြင်မထွက်စေရပေ။

"ဖြန်း..."

"ဘာလို့ ထပ်ရိုက်ပြန်တာလဲ။"

"ဖြန်း..."

ချန်တယ်ရှန်းက အေးစက်စက် ရယ်မောလိုက်၏။ "ဖန်အမတ်က မင်းကို လက်ဆောင်ပေးတာတောင် မင်းက မပြုံးဘူးဆိုတော့၊ မျက်နှာကို ဘယ်သူ့အတွက် တင်းထားတာလဲ။ ယဉ်ကျေးမှု မရှိတာပဲ။ လူကြီးလူကောင်း တစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ဘူး။"

"..."

မုန့်ဝေ့မင်မှာ ခက်ခက်ခဲခဲဖြင့် အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ရသော်လည်း အလျင်အမြန်ပင် ထိုအပြုံးက ရိုးသားသွားသည်။

ဒီလို မြင်းကောင်းမျိုးဆိုတာ ကျင်းယီဝေထဲ မဝင်ခင်တုန်းကဆိုရင် ဝယ်နိုင်ဖို့ နေနေသာသာ စဉ်းစားလို့တောင် မရတဲ့ အရာပဲ။

ထိုသို့ တွေးမိသည်နှင့် မုန့်ဝေ့မင်က မြင်းပေါ်သို့ ခုန်တက်ပြီး ချီးကျူးလိုက်၏။ "မြင်းကောင်းပဲ။"

"မင်း သဘောကျရင် ပြီးတာပါပဲ။ ဒုတိယ လက်ဆောင်ကတော့ ကျုပ်တို့နောက်ကနေ လိုက်ခဲ့ပါ။" ဝူရှန်းက ပြောပြီးသည်နှင့် မြင်းပေါ်တက်ကာ လမ်းပြရန် ရှေ့မှ သွားသည်။

"ဒုတိယ လက်ဆောင်က ဘာလဲဆိုတာ သိခွင့်ရှိမလား။" မုန့်ဝေ့မင်က သိချင်စိတ်ဖြင့် မေးလိုက်၏။

"အများကြီး မမေးနဲ့။ ရောက်ရင် သိလိမ့်မယ်။"

သူတို့သုံးယောက်က မြင်းစီးကာ ဖြည်းဖြည်းချင်း သွားနေကြပြီး လမ်းခရီးတွင် မျှော်လင့်ထားသည့်အတိုင်းပင် မုန့်ဝေ့မင်မှာ ကြိမ်လုံး နှစ်ချက် ထပ်အရိုက်ခံရသည်။

အကြောင်းရင်းကတော့ လမ်းပေါ်က မိန်းမပျိုလေးတွေကို လိုက်ကြည့်၍ ဖြစ်သည်။... လူကြီးလူကောင်းတွေ၏ လမ်းစဉ်နှင့် မညီသောကြောင့် ရိုက်နှက်ခြင်း ဖြစ်၏။

အရိုက်ခံရသော်လည်း လက်ဆောင်ရမည်ဆိုသော မျှော်လင့်ချက်က သူ၏ စိတ်ကို တက်ကြွနေစေသည်။

သူတို့ နှစ်ယောက် ဘာမှမပြောသော်လည်း မုန့်ဝေ့မင်ကတော့ အကြမ်းဖျင်း ခန့်မှန်းမိနေပြီ ဖြစ်၏။

အခု သားမယားလည်း မရှိတော့ဘူး၊ အိမ်လည်း ပြန်လို့ မရတော့ဘူးဆိုတော့ တခြား ဘာဖြစ်နိုင်အုံးမှာလဲ။

အိမ်အသစ်ပဲ ဖြစ်ရမယ်။ မြင်းကတောင် မြင်းကောင်းဆိုတော့ အိမ်ကလည်း သေချာပေါက် အိမ်ကြီးအိမ်ကောင်း ဖြစ်ရမှာပေါ့။

ပန်းပုရုပ်တွေ၊ ပန်းချီကားတွေနဲ့ အလှဆင်ထားပြီး အစေခံတွေ အများကြီး ရှိတဲ့ အိမ်မျိုး။

သာယာလှပသော ပုံရိပ်တွေက မုန့်ဝေ့မင်၏ ခေါင်းထဲတွင် အဆက်မပြတ် လည်ပတ်နေတော့သည်။ သို့ပေမည့် ထို သာယာလှပသော ပုံရိပ်တွေက သိပ်မကြာလိုက်ပေ။

သူတို့ သုံးယောက် ဆက်သွားနေရင်း ပတ်ဝန်းကျင်ရှိ အဆောက်အအုံတွေက တဖြည်းဖြည်း ဆွေးမြေ့လာပြီး လူသူကလည်း ပိုပြီး ရှင်းလင်းလာ၏။

ဆင်းရဲသား ရပ်ကွက်ထဲကို ဝင်လာပြီဆိုတာ သေချာနေတော့ မုန့်ဝေ့မင်လည်း မနေနိုင်တော့ဘဲ မေးလိုက်သည်။ "ကျုပ်တို့ တကယ်တော့ ဘယ်ကို သွားနေကြတာလဲ။"

"ရောက်ပြီ။"

ချန်တယ်ရှန်းတို့ နှစ်ယောက်က မြင်းကို ရုတ်တရက် ရပ်လိုက်ပြီး သက်ကယ်မိုးထားတဲ့ အိမ်လေး တစ်လုံးရှေ့မှာ ရပ်လိုက်ကြ၏။

အိမ်ခေါင်မိုးပေါ်မှာ ပန်းပွင့်အနီရောင် အကြီးကြီး တစ်ပွင့်ကို ချိတ်ဆွဲထားသေးသည်။

မုန့်ဝေ့မင်က ထို အိမ်အစုတ်လေးကို စိုက်ကြည့်ရင်း ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။

ချန်တယ်ရှန်းက အိမ်အစုတ်လေးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ဒါက ဖန်အမတ်က မင်းကို ပေးတဲ့ ဒုတိယ လက်ဆောင်ပဲ။ အိမ်လေးပေါ့။ သဘောကျလား။"

သက်ကယ်အိမ်လေးလား။ မြင်းကောင်း တစ်ကောင်နဲ့ သက်ကယ်အိမ်လေး... ဒါက လိုက်ဖက်လို့လား။

"သ... သ... သဘောကျပါတယ်။" မုန့်ဝေ့မင်က စိတ်ပျက်လက်ပျက်ဖြင့် ဖြေလိုက်၏။

သူ့ပုံစံကို မြင်သောအခါ ချန်တယ်ရှန်းက ပြုံး၍ ရှင်းပြလိုက်သည်။ "မင်း တော်တော်လေး စိတ်ပျက်သွားပြီ မဟုတ်လား။ ဒါပေမဲ့ မလောပါနဲ့။

ဖန်အမတ်က နာမည်ကြီးတဲ့ ရိုးသားဖြောင့်မတ်တဲ့ အမတ်လေ။ မင်းအတွက် အိမ်ကြီးအိမ်ကောင်း ဝယ်ပေးဖို့ ပိုက်ဆံ ဘယ်လိုလုပ် ရှိမှာလဲ။ တကယ်လို့ ဝယ်ပေးနိုင်ရင်တောင် မင်းက လက်ခံလိုက်ရင် လူကြီးလူကောင်း ဖြစ်အုံးမလား။ နောက်ပိုင်း မင်း ရာထူးတက်လာရင် ဒီထက်ကောင်းတဲ့ အိမ်တွေ ရလာမှာပါ။"

မုန့်ဝေ့မင်က ခေါင်းညိတ်လိုက်ပြီး ရင်ထဲတွင် အနည်းငယ် သက်သာရာ ရသွား၏။

သက်ကယ်အိမ်လေး ဆိုပေမဲ့လည်း ကိစ္စမရှိဘူး။ နောက်ပိုင်း လာဘ်စားတယ်လို့ အပြောခံရပြီး အပြစ်ရှာခံရမှာကိုလည်း ကာကွယ်နိုင်တာပေါ့။

"ဒါပေမဲ့ မင်း အရမ်း စိတ်ဓာတ်မကျပါနဲ့အုံး။ တတိယ လက်ဆောင် ရှိသေးတယ်လေ။ ညီအစ်ကိုတွေ အကုန် ထွက်လာခဲ့ကြတော့။" ချန်တယ်ရှန်းက ဆက်ပြောလိုက်သည်။

တတိယ လက်ဆောင်။ မုန့်ဝေ့မင်၏ မျက်လုံးများက နောက်တစ်ကြိမ် မျှော်လင့်ချက်တွေနှင့် တောက်ပလာပြန်၏။

သို့ပေမည့် ထိုမျှော်လင့်ချက်များက ချက်ချင်းပင် အထိတ်တလန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ အကြောင်းမှာ သက်ကယ်အိမ်လေးထဲမှ ရုတ်တရက် ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်သော လူကြမ်းကြီး ဆယ်ယောက်ကျော် ထွက်လာသောကြောင့် ဖြစ်သည်။

ခေါင်းဆောင်မှာ ပုံမှန် လေ့ကျင့်ရေးပေးနေကျ နည်းပြ ကျိုးထျဲ့ ပင် ဖြစ်၏။

လူတွေ ရောက်လာတာကို မြင်တော့ ကျိုးထျဲ့က တဟားဟား ရယ်မောကာ ခြေလှမ်းကျဲကြီးများနှင့် မုန့်ဝေ့မင် အနားကို လျှောက်လာသည်။

"လာပြီ။ လာပြီပေါ့။ မင်းတို့ကို စောင့်နေတာ ကြာလှပြီ။ သတို့သမီးကလည်း စောင့်ရလွန်းလို့ စိတ်တိုနေပြီ။ မြန်မြန် အထဲဝင်ကြ။"

"သ... သတို့သမီး ဟုတ်လား။" မုန့်ဝေ့မင်မှာ ကြောင်တောင်တောင် ဖြစ်သွား၏။

"ဖန်အမတ်က မင်းအတွက် သီးသန့် ရွေးပေးထားတဲ့ အချောအလှလေးလေ။ မင်း မိန်းမကို ကွာရှင်းပြီးတာနဲ့ အသစ်တစ်ယောက် ထပ်ရတယ်ဆိုတော့ မင်းလည်း တိတ်တိတ်လေး ကျေနပ်နေရမှာပေါ့။ မြန်မြန် ကျုပ်နောက် က လိုက်ခဲ့။"

ပြောပြီးသည်နှင့် ကျိုးထျဲ့က မုန့်ဝေ့မင်ကို မြင်းပေါ်မှ အတင်း ဆွဲချလိုက်ပြီး သက်ကယ်အိမ်လေးထဲသို့ ဆွဲသွင်းသွားလေသည်။

အိမ်ထဲတွင် အနီရောင်များဖြင့် အလှဆင်ထားပြီး မင်္ဂလာဆောင် အခမ်းအနားတစ်ခုလို ပြင်ဆင်ထား၏။

ဘုရားစင်ရှေ့တွင် ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးသော အမျိုးသမီးတစ်ဦးက ခေါင်းပေါင်းအနီရောင်ကို ဆောင်းထားပြီး အနည်းငယ် တုန်ရီစွာ ရပ်နေသည်။

ဘုရားစင်ပေါ်တွင်တော့ နာမည်တပ်ထားသော သစ်သားပြား လေးချပ်ကို တင်ထားပြီး ဖယောင်းတိုင်များ၊ သစ်သီးများ စသည့် ပစ္စည်းများလည်း အစုံအလင် တင်ထား၏။

မုန့်ဝေ့မင်က အမျိုးသမီးကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်ရာ ရင်ထဲတွင် အနည်းငယ် သက်သာရာ ရသွားသည်။

သစ်သားပြားတွေ ထားတာကတော့ နာမည်အသစ်အတွက် တမင် ဖန်တီးထားတာ ဖြစ်မယ်။

ဒီမိန်းကလေးက ပိန်ပိန်ပါးပါးတော့ မဟုတ်ဘူး... အိမ်ထောင်ရေး အခြေအနေက မဆိုးလောက်ဘူး ထင်တယ်။ ဒီလောက် အလျင်စလို စီစဉ်ရတာဆိုတော့ ဘယ်အိမ်က အပျိုစင်လေးများလဲ မသိဘူး။

ကျိုးထျဲ့က အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ "ရူယွင် … ဒါက သခင်လေးက မင်းအတွက် သီးသန့် ရွေးပေးထားတဲ့ ခင်ပွန်းပဲ။ သေချာပေါက် သဘောကျမှာပါ။ ထပ်မေးမယ်နော်။ မင်း သူ့ကို လက်ထပ်ဖို့ သဘောတူလား။"

ခေါင်းပေါင်းအနီအောက်မှ ရူယွင်က ရှက်သွေးဖြာစွာဖြင့် ရယ်မောပြီး ဖြေလိုက်၏။ "ကျွန်မ သဘောတူပါတယ်။"

"ဒါဆို မုန့်ဝေ့မင်... မင်းရော သူ့ကို လက်ထပ်ဖို့ သဘောတူလား။"

"ကျုပ်... ကျုပ်... သဘောတူပါတယ်။"

မုန့်ဝေ့မင်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများက ရူယွင်၏ ကိုယ်ပေါ်တွင် ဟိုဟိုဒီဒီ ရွေ့လျားနေကာ ခေါင်းပေါင်းအောက်မှ မျက်နှာအစစ်အမှန်ကို ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားနေသည်။

ကျိုးထျဲ့က လက်ခုပ်ကို ပြင်းပြင်း တီးလိုက်၏။ "ကောင်းတယ်။ မင်္ဂလာခန်းထဲ ဝင်ကြတော့။"

"ဘာ..."

"ဖြန်း..."

အပိုင်း (၅၉၂) မင်္ဂလာခန်းထဲ ဝင်ကြ။

ကြိမ်လုံး အရိုက်ခံရခြင်းက အလွန် နာကျင်လှသည်။

ဖန်ကျန်းရီ၏ ဩဇာအာဏာက အထက်တွင် ဖိစီးနေသော်လည်း မုန့်ဝေ့မင်မှာ မခံမရပ်နိုင် ဖြစ်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဒီလိုမျိုး မင်္ဂလာဆောင်တာ ရှိလို့လား။ ရောက်ရောက်ချင်း မင်္ဂလာခန်းထဲ ဝင်ခိုင်းရအောင် ကျုပ် သူနဲ့ စကားတစ်ခွန်းတောင် မပြောရသေးဘူး။"

"ခွေးကောင်လေး …. လူကြီးလူကောင်း လုပ်ဖို့ သင်ပေးတာ အခုထိ မတတ်သေးဘူး မဟုတ်လား။" ကျိုးထျဲ့က လုံးဝ အလျှော့မပေးဘဲ မုန့်ဝေ့မင်၏ အင်္ကျီစကို ဆွဲကိုင်ကာ ရိုက်ရန် လက်ကို မြှောက်လိုက်၏။

ဒီမျက်နှာဖြူကောင်လေးက လေ့ကျင့်ရေးကွင်းမှာတုန်းကလည်း အမြဲတမ်း ဂျီကျနေတာ။ သူ့အတွက် မင်္ဂလာဆောင် စီစဉ်ပေးဖို့ ညီအစ်ကို ဆယ်ယောက်ကျော်က ဒီမှာ တစ်နာရီလောက် စောင့်နေရတယ်။

ခဏနေရင် မင်္ဂလာဦးည အောင်မြင်လား၊ မအောင်မြင်လား အတည်ပြုပြီးမှ ပြန်လို့ရမှာ။ ဒီကောင်က ဘယ်လောက်တောင် အချိန်ဆွဲနေအုံးမလဲ မသိဘူး။

ညစာတောင် မစားရသေးဘူးကွ။

ကျိုးထျဲ့က အားကုန် ရိုက်ချလိုက်ရန် ပြင်လိုက်စဉ် ကံကောင်းထောက်မစွာဖြင့် ဝူရှန်းက အချိန်မီ ဝင်တားလိုက်၏။ ပြီးနောက် အလျင်အမြန် ပြောလိုက်သည်။ "မျက်နှာကို မရိုက်နဲ့။ မျက်နှာကို မရိုက်နဲ့။"

ထို့နောက် ကျိုးထျဲ့၏ နားနားသို့ ကပ်ကာ တီးတိုး ပြောလိုက်၏။ "သူ ပြောတာလည်း နည်းနည်း အဓိပ္ပာယ် ရှိပါတယ်။ မင်္ဂလာဦးအရက်တောင် မသောက်ရသေးဘူးလေ။ အရင်ဆုံး အရက်သောက်ခိုင်းလိုက်။ မဟုတ်ရင် အကုန်လုံး အလဟဿ ဖြစ်ကုန်လိမ့်မယ်။"

ကျိုးထျဲ့က မျက်လုံး ကစားလိုက်ပြီး လက်ကို လွှတ်ကာ ရယ်မောလိုက်သည်။ "ချီးတဲ့မှပဲ .. မေ့သွားတယ်။ ညီအစ်ကိုတို့ အရက် ယူခဲ့။"

ဘေးနားရှိ ညီအစ်ကို နှစ်ယောက်က သက်ကယ်အိမ်လေး၏ ထောင့်တစ်နေရာမှ အရက်အိုး တစ်အိုးကို ဆွဲယူလာပြီး ပန်းကန်လုံး တစ်လုံးကိုပါ ယူလာကြ၏။

ကျိုးထျဲ့က ပန်းကန်လုံးနှင့် အရက်အိုးကို လှမ်းယူလိုက်ပြီး ပန်းကန်လုံး၏ အောက်ခြေ မြုပ်ရုံလေး အရက်ထည့်ကာ ရူယွင်၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။

အရက်အိုးကိုတော့ မုန့်ဝေ့မင်၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်၏။ "သောက်... သောက်ပြီးရင် မြန်မြန် မင်္ဂလာခန်းထဲ ဝင်တော့။"

မုန့်ဝေ့မင်မှာ အရက်အိုးကို ဖက်ထားရင်း မျက်လုံးများ ပြူးကျယ်နေကာ ရူယွင်၏ လက်ထဲမှ အရက်ပန်းကန်လုံး ကို ကြောင်တောင်တောင် ကြည့်နေမိသည်။

ရူယွင်က ခပ်တိုးတိုးလေး ပြောလိုက်၏။ "အစ်ကိုမုန့်... အရက်သောက်ရအောင်။"

မုန့်ဝေ့မင်က အသံကို ကြားမှသာ အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားသည်။ "ခင်ဗျားတို့... ခင်ဗျားတို့က ကျုပ်ကို ထောင်ချောက်ဆင်နေတာပဲ။ ဒါ တကယ်ပဲ ဖန်အမတ် စီစဉ်ထားတာလား။ ကျုပ် မယုံဘူး။"

"မင်းလို အမှိုက်ကောင်လေးကို ကျုပ်တို့က ထောင်ချောက်ဆင်ဖို့ အချိန်ဖြုန်းနေစရာ လိုလို့လား။ သောက်စမ်းပါ... ဖန်အမတ်က မမှာထားရင် ကျုပ်တို့က မင်းကို အဖက်တောင် လုပ်မှာ မဟုတ်ဘူး။" ကျိုးထျဲ့က အထင်သေးစွာဖြင့် ပြောလိုက်၏။

မုန့်ဝေ့မင်၏ မျက်နှာသို့ သွေးများ စုပြုံတက်လာပြီး ဒေါသကို မနည်း ထိန်းထားရသည်။ "ခင်ဗျားတို့က ဒီလို အလုပ်လုပ်တာလား။ ကျုပ် ဖန်အမတ်ဆီ သွားတိုင်မယ်။"

လူသန်ကြီး ဆယ်ယောက်ကျော်က မုန့်ဝေ့မင်ကို အလယ်တွင် ဝိုင်းထားပြီး ပြိုင်တူ စိုက်ကြည့်လိုက်ကြ၏။

ကျိုးထျဲ့က လှောင်ပြုံးပြုံးလိုက်သည်။ "မင်း ကြိုက်သလို သွားတိုင်လို့ ရတယ်။ တိတိကျကျ ပြောစမ်းပါ။ ဒီအရက်ကို သောက်မှာလား၊ မသောက်ဘူးလား။ ထပ်ပြီး စကားများနေရင် ဒီအရက်အိုးက မင်းဗိုက်ထဲကို ဘယ်အပေါက်ကနေ ဝင်သွားမလဲဆိုတာ မသိတော့ဘူးနော်။"

မုန့်ဝေ့မင်မှာ အကြည့်ခံရသဖြင့် ကြက်သီးမွေးညင်းများ ထသွား၏။

ပြီးနောက် ကြိတ်ကာ ပြောလိုက်သည်။ "သောက်မယ် … ကျုပ် သောက်မယ်။"

ပြောပြီးသည်နှင့် အရက်အိုးကို မကာ ပါးစပ်ဖြင့် တေ့ပြီး အားရပါးရ မော့သောက်လိုက်တော့၏။

အရက် ပါးစပ်ထဲ ရောက်သည်နှင့် မုန့်ဝေ့မင်၏ မျက်နှာမှာ ချက်ချင်း ရှုံ့မဲ့သွားသည်။

ခါးတယ်၊ ဖန်တယ်၊ ချဉ်စူးစူး အရသာလည်း နည်းနည်း ပါတယ်... ဆေးနံ့လေးလည်း ရသလိုပဲ... ဘာအရက်စုတ်ကြီးလဲ။

တစ်ဝက်လောက် သောက်ပြီးသွားသောအခါ ကျိုးထျဲ့က အရက်အိုးကို အတင်း လုယူလိုက်ပြီး ရယ်မောလိုက်၏။ "ကဲ... ရပြီ။ ဘယ်သူက မင်းကို အကုန်သောက်ခိုင်းလို့လဲ။ မင်္ဂလာခန်းထဲ ဝင်တော့။"

"ရူယွင်... သူ့ကို မင်းဆီပဲ အပ်လိုက်တော့မယ်။ နောက်ပိုင်း သူ မင်းကို အနိုင်ကျင့်ရင် ညီအစ်ကိုတွေကို လာပြောပါ။ ကျုပ်တို့က မင်းဘက်ကနေ ရပ်တည်ပေးမှာပါ။"

ခေါင်းပေါင်းအောက်မှ ရူယွင်၏ ရယ်သံလေး ထွက်ပေါ်လာပြီး ခါးညွတ်အရိုအသေပေးလိုက်၏။ "ကျေးဇူးတင်ပါတယ် အစ်ကိုကြီးတို့။ ဖန်အမတ်ကိုလည်း ကျွန်မကိုယ်စား ကျေးဇူးတင်စကား ပြောပေးကြပါအုံး။"

ပြောပြီးသည်နှင့် မုန့်ဝေ့မင်၏ လက်ကို ဆွဲကာ အနောက်ဘက် အခန်းထဲသို့ ခေါ်သွားလေတော့သည်။

ချန်တယ်ရှန်းက မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်၏။ "အင်း... အင်း... အဆင်ပြေပါတယ်။ ဒါပေမဲ့ ရူယွင်က အသက်လည်း ကြီးပြီ၊ ရိုးလည်း ရိုးအေးလွန်းတော့ မုန့်ဝေ့မင် သူ့ကို မထိရင် ဘယ်လိုလုပ်မလဲ။"

ကျိုးထျဲ့က သူ့ကို တစ်ချက် ကြည့်လိုက်သည်။ "မထိဘူး ဟုတ်လား။ အရက်တစ်ဝက်လောက်တောင် သောက်ထားပြီးတာကို၊ ခဏနေရင် ဒီကောင် ထိန်းမနိုင်၊ သိမ်းမရ ဖြစ်သွားလိမ့်မယ်။ ရူယွင်ကို မပြောနဲ့ .. အခန်းထဲက သော့ပေါက်ကို တွေ့ရင်တောင် ထိုးထည့်ချင်နေမှာ။"

ချန်တယ်ရှန်း၏ ပါးစပ်ကြီးမှာ ဖြည်းညင်းစွာ ဟသွား၏။ "ဒါဆို... ဒါဆို ရူယွင်ကရော သောက်ထားတယ်လေ... သူကော ဘယ်လို နေမလဲ။"

"ဘာ .. ဘယ်လိုနေရမှာလဲ။ သူက ဘယ်လောက် သန်လဲဆို ညတွင်းချင်း လယ်နှစ်ဧကလောက် ရေလောင်းနိုင်တယ်။ သူက နည်းနည်းလေးပဲ သောက်ထားတာပါ။ ခင်ဗျားက ဘာလို့ ဒီလောက် မေးခွန်းများနေရတာလဲ။ ခင်ဗျား နားလည်နိုင်လို့လား။"

"ကျိုးထျဲ့... မင်းအမေကို ငါ ... "

...

အနောက်ဘက် အခန်းထဲတွင် အစောတည်းက အားလုံး ပြင်ဆင်ထားပြီး ဖြစ်၏။

နဂါးနှင့် ဖီးနစ်ပုံ ဖယောင်းတိုင်များကို ထွန်းညှိထားပြီး အနီရောင် မီးပုံးကြီး နှစ်လုံးကိုလည်း ချိတ်ဆွဲထားသည်။

အခန်းတွင်းရှိ စားပွဲပေါ်တွင်တော့ နေကြာစေ့၊ ကွာစေ့ စသည့် သရေစာလေးများကို တင်ထား၏။

နှစ်ယောက်တည်း ရှိနေချိန်တွင် မုန့်ဝေ့မင်၏ သတ္တိများ ပိုမို ကြီးမားလာ၏။ ဘာပဲဖြစ်ဖြစ် မင်္ဂလာခန်းထဲမှာတော့ အရိုက်မခံရလောက်ဘူး ထင်သည်။

ယခုအခါ သူ၏ လက်ကို ရူယွင်က ဆွဲထားဆဲဖြစ်ရာ သူလည်း မနေနိုင်ဘဲ လက်လှည့်စားမှု အနည်းငယ် လုပ်လိုက်၏။

လက်မကို ဆန့်ထုတ်ကာ ရူယွင်၏ လက်ဖဝါးထဲတွင် ညင်သာစွာ ပွတ်သပ်လိုက်ရာ ထိတွေ့လိုက်ရသည့် အရာကြောင့် ရင်ထဲတွင် တစ်ဝက်လောက် အေးစက်သွားသည်။

နူးညံ့ချောမွေ့တဲ့ အထိအတွေ့မျိုး မဟုတ်ဘဲ ကြမ်းတမ်းတဲ့ အသားမာတွေချည်းပဲ။

ဒါက ဘယ်လို လက်မျိုးလဲ။ ဂုဏ်သရေရှိ အိမ်တော်က သမီးပျိုလေးတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး... လယ်လုပ်တဲ့ တောသူမလေးများလား။

မုန့်ဝေ့မင်က မျက်လုံးကို ရှေ့တည့်တည့်သို့ ထားကာ မျက်နှာထား တင်းမာစွာဖြင့် မေးလိုက်သည်။ "အဟမ်း... ရူယွင်... မင်းက အိမ်မှာ လယ်လုပ်တာလား။"

ရူယွင်က ခပ်ဟဟ ရယ်မောလိုက်၏။ "ငယ်ငယ်တုန်းကတော့ မိဘတွေကို ကူပြီး လယ်လုပ်ဖူးပါတယ်။ အခုတော့ လယ်မလုပ်ဖြစ်တာ ကြာပါပြီ။"

မုန့်ဝေ့မင်က ခေါင်းညိတ်လိုက်ပြီး ရင်ထဲတွင် အနည်းငယ် သက်သာရာ ရသွားသည်။ ငယ်ငယ်တုန်းက ကိစ္စပဲလေ။ ငယ်ငယ်တုန်းက ကိစ္စဆိုတော့လည်း ကိစ္စမရှိပါဘူး။

ကြည့်ရတာ ဖန်အမတ်က ငါ့ကို မလှည့်စားပါဘူး။ အချောအလှလေး တစ်ယောက် ဖြစ်ဖို့ သေချာပါတယ်။ အိမ်မှုကိစ္စ နိုင်နင်းတဲ့ သူမျိုးပေါ့။

ထိုသို့ တွေးမိသည်နှင့် မုန့်ဝေ့မင်က အခြေအနေကို အခွင့်ကောင်းယူကာ ရူယွင်ကို အိပ်ယာပေါ်သို့ ဆွဲချလိုက်၏။

ရူယွင်က အားခနဲ အော်လိုက်ပြီး အိပ်ယာပေါ်သို့ လဲကျသွားကာ ခေါင်းပေါင်းအောက်ရှိ မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။

မုန့်ဝေ့မင်က ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသော်လည်း အလွန်အမင်း ရဲတင်းခြင်း မရှိသေးဘဲ သတိကြီးစွာဖြင့် မေးလိုက်၏။ "ရူယွင်... ဖန်အမတ်က မင်းကို ငါနဲ့ လက်ထပ်ဖို့ ဘယ်လိုတွေ ပြောခဲ့လဲ။"

ရူယွင်က ခေတ္တမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ "သူက ကျွန်မအတွက် ရုပ်ချောတဲ့ ခင်ပွန်း တစ်ယောက် ရှာပေးမယ်တဲ့။ ကျွန်မကို မချစ်ရင်တောင် တစ်သက်လုံး ဂရုစိုက်ပေးပါလိမ့်မယ်တဲ့။ ပြီးတော့..."

"ပြီးတော့ ဘာပြောသေးလဲ။" မုန့်ဝေ့မင်က ဆက်မေးလိုက်သည်။

"သူက ပြောသေးတယ်... ယောက်ျားတွေနဲ့ အိပ်ရတာ အရမ်း ပျော်စရာကောင်းတယ်တဲ့။" ရူယွင်က ရှက်ရွံ့မှုကို မနည်းထိန်းကာ စကားကို အတင်း ညှစ်ထုတ်လိုက်၏။

"ဘာ... ဖန်အမတ်က အဲဒီလို စကားမျိုး ပြောတယ်ပေါ့။" မုန့်ဝေ့မင်က ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားပြီး နားကို နှစ်ချက်လောက် ကလော်လိုက်သည်။

သူက ရုံးတော်က အမတ်ကြီးလေ။ ကျင်းယီဝေရဲ့ တပ်မှူးချုပ်လေ။ အပျိုစင်လေး တစ်ယောက်ကို ယောက်ျားနဲ့ အိပ်တာ ပျော်စရာကောင်းတယ်လို့ သွားပြောတယ်ဆိုတော့...။

ဒါက လုံးဝ လူယုတ်မာ တစ်ယောက်ရဲ့ လုပ်ရပ်ပဲ မဟုတ်ဘူးလား။ သာမန် လူယုတ်မာတွေတောင် ဒီလိုကိစ္စမျိုး မလုပ်နိုင်ဘူး။

ရူယွင်က ညင်သာစွာ ခေါင်းညိတ်ပြပြီးနောက် ပြန်လည် တိတ်ဆိတ်သွား၏။

မုန့်ဝေ့မင်က ထိုအခြေအနေကို ကြည့်ပြီး အိပ်ယာဘေးတွင် ထိုင်ကာ ငေးမောနေမိသည်။ ခေါင်းထဲတွင်လည်း ရှုပ်ယှက်ခတ်နေသော အတွေးများက အဆက်မပြတ် လည်ပတ်နေသည်။

အချိန်တွေ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားပြီး တံခါးအပြင်ဘက်တွင် စောင့်နေသော လူကြမ်းကြီးများမှာ စိတ်မရှည်နိုင် ဖြစ်လာကြ၏။

"တောက်... ဘာလို့ ဘာအသံမှ မကြားရတာလဲ။"

"ဒီကောင့် ဝါသနာက ထူးဆန်းနေလို့များလား။ အရက်သောက်ထားတာတောင် အလုပ်မဖြစ်ဘူးလား။"

"မဖြစ်နိုင်တာ။ အရက်တစ်ဝက်လောက် သောက်ထားတာလေ။”

ကျိုးထျဲ့က ခေါင်းပြူထွက်လာပြီး မေးလိုက်သည်။ "အဲဒါ ဘာသဘောလဲ။"

"ဟေး... အစ်ကိုထျဲ့၊ ခင်ဗျား အတွေ့အကြုံက ဒီလောက်များတာတောင် ဒါကို စဉ်းစားလို့ မရဘူးလား။ ကျုပ်တို့ အိပ်ဆောင်နဲ့ စားသောက်ခန်းမမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ခင်ဗျား မသိဘူးလား။"

"ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက ဘာကို နားလည်ရမှာလဲ..."

စကားမဆုံးမီမှာပင် ကျိုးထျဲ့မှာ ရုတ်တရက် မှင်တက်သွားပြီး မျက်နှာအရောင်က တစ်ခါစိမ်းလိုက် တစ်ခါဖြူလိုက် ဖြစ်သွားသည်။ အစာအိမ်ထဲမှ ဖော်ပြ၍မရသော တုံ့ပြန်မှုများ ဖြစ်ပေါ်လာ၏။

အော့ ဆိုသော အသံနှင့်အတူ မြေကြီးပေါ်သို့ အန်ချလိုက်ပြီး တီးတိုး ဆဲဆိုလိုက်သည်။ "မင်းတို့ ကောင်တွေကို အမေ... ဘာလို့ စောစောက မပြောတာလဲ။"

"တောက်... အစ်ကိုထျဲ့၊ ခင်ဗျား စားသောက်ခန်းမက ငါးစားမိသွားတာလား။ ကျုပ်လည်း ကြိုပြီး ပြောပြချင်ပါတယ်။ ကျန်းပြောင်က မပြောခိုင်းဘူးလေ... အစားအသောက်တွေ နှမြောလို့တဲ့..."

...

မင်္ဂလာခန်းထဲတွင်မူ မုန့်ဝေ့မင်၏ ရင်ဘတ်ထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ ခံစားလာရပြီး ဘာကိုမှ ထပ်မတွေးနိုင်တော့ချေ။

ရူယွင်ကို ကြည့်သော အကြည့်များကလည်း ပိုမို ပြင်းပြလာသည်။

အချောအလှလေးက ဘေးနားကို ရောက်နေပြီပဲ။ ဘာတွေ များများစားစား စဉ်းစားနေစရာ လိုသေးလို့လဲ။

"မိန်းမ။"

"ယောကျ်ား..." ရူယွင်က ရှက်သွေးဖြာစွာဖြင့် ပြန်ထူးလိုက်၏။

မုန့်ဝေ့မင်က မကောင်းဆိုးဝါး အပြုံးတစ်ခုကို ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ခေါင်းပေါင်းအနီကို ဖြည်းညင်းစွာ ခွာချလိုက်သည်။

All Chapters