← Chapters

အခန်း (၅၉၃-၅၉၄)

Vol. 32 Ch. 593-594

အခန်း (၅၉၃-၅၉၄)

Vol. 32 Ch. 593-594

အပိုင်း (၅၉၃) လူကြီးလူကောင်းအား ထိန်းချုပ်ခြင်း။

အလှပန်းလေး၏ အစစ်အမှန် မျက်နှာပြင်သည် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့၏။ မုန်ဝေ့မင်သည် တုန်ယင်နေသော လက်များဖြင့် ခေါင်းဆောင်းပဝါကို အပြည့်အဝ ဖယ်ရှားလိုက်သည်။

ရူယွင်အား မြင်လိုက်ရသည့် တစ်ခဏမှာပင် မုန်ဝေ့မင်၏ မျက်လုံးဖြူများထက်သို့ သွေးကြောမျှင်များ တက်လာခဲ့၏။

ချီးတဲ့မှ …. ။

ပြည့်ဖြိုးနေသော မျက်နှာဝိုင်းဝိုင်းကြီးနှင့် တင်းတိပ်များ ရှိနေပြီး ဤသည်မှာ စစ်စစ်ပေါက်ပေါက် တောသူမကြီး မဟုတ်ပါလား။ ထို့အပြင် အသံနှင့်လည်း လုံးဝ တိုက်ဆိုင်မှု မရှိပေ။

ထိုခဏမှာပင် မုန်ဝေ့မင်၏ ရင်ထဲမှ ရမ္မက်မီးတောက်သည် ကောင်းကင်သို့ ထိုးတက်သွားသော ဒေါသ မီးတောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူသည် အံ့အားသင့်ဒေါသထွက်စွာဖြင့် ရူယွင်အား လက်ညှိုးထိုးကာ ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။ "ချီးတဲ့မှ … ရုပ်ဆိုးမကြီး။"

ရူယွင်မှာမူ မုန်ဝေ့မင်အား မြင်လိုက်ရသည့် တစ်ခဏမှာပင် ရင်ထဲ၌ အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားခဲ့၏။ သခင်လေးဖန်သည် သူမအား တကယ်ကို မလိမ်ညာခဲ့ချေ။ အမှန်တကယ်ပင် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦး ဖြစ်နေ၏။ မူလက ဤတစ်သက်တွင် အိမ်ထောင်ပြုရန် မျှော်လင့်ချက် မရှိတော့ပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့သော ကောင်းမွန်သည့် ကိစ္စရပ်မျိုးနှင့် ကြုံတွေ့ရသေး၏။

သို့ပေမည့် မုန်ဝေ့မင်၏ ဆဲဆိုသံကို ကြားလိုက်ရသည့် အချိန်မှာတော့ ရူယွင်၏ မျက်လုံးများထဲတွင် မျက်ရည်စများ တဖြည်းဖြည်း ပြည့်နှက်လာခဲ့၏။ နာကြည်းမှု၊ မိမိကိုယ်ကို နှိမ့်ချမှုနှင့် ရှက်ရွံ့မှုတို့သည် တစ်ပြိုင်နက်တည်း ရင်ထဲသို့ စုပြုံဝင်ရောက်လာခဲ့သည်။

မျက်ရည်များသည် ပါးပြင်တစ်လျှောက် စီးကျလာခဲ့ပြီး မူလက သေချာစွာ ပြင်ဆင်ထားခဲ့သော မိတ်ကပ် ပြင်ဆင်မှုများသည်လည်း မျက်ရည်များကြောင့် ပျက်စီးသွားခဲ့သည်။ သူမက မျက်နှာကို အုပ်၍ ငိုကြွေးလေတော့၏။

မုန်ဝေ့မင်သည် သူမအား ပြင်းပြင်းထန်ထန် စော်ကားပြောဆိုနေဆဲ ဖြစ်၏။ စကားနှစ်ခွန်းပင် ဆဲဆိုရသေးခြင်း မရှိခင်မှာပဲ ကျယ်လောင်သော အသံကြီးတစ်သံကို ကြားလိုက်ရပြီး တံခါးကြီးသည် ကန်ဖျက်ခံလိုက်ရ၏။ လူသတ်ငွေ့များ အပြည့်အဝ လွှမ်းခြုံထားသော လူသန်ကြီး တစ်စုသည် အခန်းထဲသို့ ဝင်ရောက်လာကြသည်။

ဦးဆောင်လာသူ ကျိုးထျဲ့၏ ရင်ထဲတွင် ထမင်းစားဆောင်မှ ငါးကြင်းကြောင့် ရွံရှာနေဆဲ ဖြစ်၏။ သူသည် အရှေ့သို့ တိုးလာကာ မုန်ဝေ့မင်အား ဆွဲမလိုက်ပြီး ဘယ်ညာ ပါးနှစ်ချက်ကို ရိုက်ချလိုက်သည်။ ထို့နောက် ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်၏။ "မင်းအမေကို လုပ်ရမလား။ မင်း ခုနက ဘာပြောလိုက်တယ်။"

လူတစ်ယောက်က ဝင်ပြောလိုက်သည်။ "အစ်ကိုထျဲ့ ... သူက ချီးတဲ့မှလို့ ပြောပြီး ရူယွင်ကိုလည်း ရုပ်ဆိုးမကြီးလို့ ဆဲလိုက်တာပါ။"

ကျိုးထျဲ့သည် ထိုစကားကို ကြားပြီးသည့်နောက် မုန်ဝေ့မင်၏ ရင်ဘတ်ကို လက်သီးဖြင့် နှစ်ချက် ထိုးချလိုက်ပြီး သူ့အား ကုတင်ပေါ်သို့ ဖိချလိုက်၏။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် ပြောလိုက်၏။ "မင်းကို လူကြီးလူကောင်း လုပ်ခိုင်းတာ။ မင်းက ဒီလို လုပ်ရသလား။

ငါက မင်းကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောခိုင်းထားလို့လား။ မင်းကို လုပ်ခိုင်းထားလို့လား။"

ထိုသို့ပြောပြီးသည်နှင့် လက်သီးနှစ်ချက် ထပ်မံ၍ ထိုးချလိုက်ပြန်၏။

ချန်တယ်ရှန်းက အေးစက်စက် ပြောလိုက်သည်။ "သင်းကွပ်ပစ်လိုက်။ သခင်လေးရဲ့ ဒီနည်းလမ်းက မကောင်းဘူးလို့ ကျုပ်ထင်တယ်။ သူများသမီး မိန်းကလေးကို ဖျက်ဆီးသလို ဖြစ်နေတယ်။"

ဝူရှန်းက အေးစက်စွာ ရယ်မောလိုက်၏ "လူကို သုံးလို့ အဆင်မပြေဘူးဆိုရင် ခွေးမတစ်ကောင်နဲ့ လဲလိုက်လို့ ရပါတယ်။ ကျုပ် သူ့အတွက် လူနဲ့ခွေးရဲ့ အဆုံးသတ်မရှိတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ရေးပေးလိုက်မယ်။"

မုန်ဝေ့မင်၏ ရင်ဘတ်သည် ပြင်းထန်စွာ နာကျင်နေသော်လည်း ကြောက်ရွံ့မှုက နာကျင်မှုကို ဖုံးလွှမ်းသွားခဲ့၏။ သူသည် တုန်ယင်နေလျက် လူအများအား လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ခင်ဗျားတို့ ... ခင်ဗျားတို့ အားလုံးက တမင်သတ်သတ် လုပ်တာပေါ့လေ။ ကျုပ် သခင်လေးဖန်ကို အကုန်လုံး အတိအကျ ပြန်ပြောပြမယ်။ မင်းတို့ အားလုံး စောင့်နေလိုက်။"

လူတစ်ယောက်၏ အသံထွက်ပေါ်လာခဲ့၏။ "ကျုပ် ဒီမှာ ရှိနေတယ်။ မင်း ဘာတိုင်စရာ ရှိလို့လဲ။"

စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီသည် မှုန်ကုပ်နေသော မျက်နှာဖြင့် လက်နှစ်ဖက် နောက်ပစ်ကာ အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ၏ဘေးတွင် ရှဲ့ရှန်းလည်း ပါလာခဲ့၏။ သူသည် အလုပ်ဆင်းဆင်းချင်း အခြေအနေများကို လာရောက် စစ်ဆေးရန် ရှဲ့ရှန်းအား ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

အခန်းထဲသို့ ဝင်လာသည်နှင့် ကုတင်ပေါ်တွင် ဖိကာ အရိုက်ခံနေရသော မုန်ဝေ့မင်နှင့် ငိုကြွေးနေသော ရူယွင်တို့ကို မြင်တွေ့လိုက်ရသည်။

ဖန်ကျန်းရီက ဒေါသတကြီး ပြောလိုက်၏။ "အကုန်လုံး ထကြစမ်း။ ကိစ္စသေးသေးလေး တစ်ခုကိုတောင် သေချာ မလုပ်နိုင်ဘူးလား။ ဘာလို့ ဒီလောက် ဆူညံနေကြတာလဲ။"

လူအများသည် အလျင်အမြန် တန်းစီလိုက်ကြပြီး ဖန်ကျန်းရီ၏ ဘေးတွင် ရပ်လိုက်ကြသည်။

မုန်ဝေ့မင်သည် ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ဒူးနှစ်ဖက်စလုံးကို မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ဖန်ကျန်းရီ၏ ပေါင်ကို ဖက်ကာ မျက်ရည်များ၊ နှာရည်များ ကျဆင်းလျက် ပြောလိုက်၏။ "သခင်လေးဖန် ... သူတို့က သခင်လေးရဲ့ နာမည်ကို သုံးပြီးတော့ ကျုပ်ကို ဒီမှာ နှိပ်စက်နေကြတာပါ။ သခင်လေးက ကျုပ်အတွက် တရားမျှတအောင် လုပ်ပေးရပါမယ်။"

ဘေးဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ "သခင်လေး ... သူက ရူယွင်ကို ရုပ်ဆိုးမကြီးလို့ ဆဲပါတယ်။"

ဖန်ကျန်းရီက တုံ့ပြန်မှု မလုပ်ရသေးခင်မှာပင် ရှဲ့ရှန်းသည် ခြေထောက်ကို မြှောက်ကာ ကန်ချလိုက်ပြီး ဒေါသတကြီး ဆူပူလိုက်သည်။ "မင်းလို အမှိုက်ကောင်ကများ … ရူယွင်က ငါတို့ သတင်းစာတိုက် ထမင်းစားဆောင် ရဲ့ နတ်သမီးလေးကွ။ သူနဲ့ လက်ထပ်ရတာ မင်းအတွက် အမြတ်ထွက်နေတာကို မင်းကများ သူ့ကို ဆဲရဲသေးတယ်ပေါ့လေ။"

မုန်ဝေ့မင်သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး မတရားခံရကြောင်း အော်ဟစ်ရန် အထမှာပင် ဖန်ကျန်းရီသည် အရှေ့သို့ တိုးလာကာ တစ်ချက် ထပ်ကန်လိုက်ပြန်၏။

ဤကန်ချက်ကြောင့် မုန်ဝေ့မင်သည် လုံးဝကို ကြောင်အသွားခဲ့ပြီး ဦးနှောက်ထဲတွင် ဗလာဟင်းလင်း ဖြစ်သွားခဲ့ကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ "သခင်လေးဖန် ... ဘာလို့ ကျုပ်ကို ရိုက်တာလဲ။"

ဖန်ကျန်းရီက ရွံရှာစွာဖြင့် ပြောလိုက်၏။ "ကျုပ် စီစဉ်ပေးထားတဲ့ နတ်သမီးလေးကိုတောင် မင်းက ဆဲရဲတယ်ပေါ့လေ။ မင်းက ကျားသစ်သည်းခြေကို စားထားတာလား။ အသုံးမကျတဲ့ကောင် … သူ့ကို အပြင်ခေါ်သွားပြီး လူပီသအောင် သင်ပေးလိုက်စမ်း။"

ကြောင်အမ်းအမ်း ဖြစ်နေသော မုန်ဝေ့မင်သည် အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်။

ဖန်ကျန်းရီသည် သဘောကောင်းသော မျက်နှာထားကို ပြန်လည် ထိန်းသိမ်းလိုက်ပြီး ရူယွင်၏ အနားသို့ လျှောက်သွားကာ ပြုံးရွှင်စွာ ပြောလိုက်၏။ "ရူယွင် ... ဒီတစ်ခေါက် ကျုပ် ပေါ့ဆသွားတယ်။ ခင်ဗျားကို တောင်းပန်ပါတယ်။ ဒီကောင်က ဒီလောက်အထိ အသုံးမကျမှန်း ကျုပ် မသိခဲ့ဘူး။ ဒါမှမဟုတ် ခင်ဗျား အရင် အိမ်ပြန်နှင့်မလား။"

ရူယွင်သည် မျက်ရည်များကို သုတ်လိုက်ပြီး ရှိုက်ငိုကာ ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်မ သူနဲ့ မင်္ဂလာအရက်ကို သောက်ပြီးသွားပြီလေ။ ပြီးတော့ ယောက်ျားလို့လည်း ခေါ်ပြီးသွားပြီ။"

ဖန်ကျန်းရီက အံ့အားသင့်စွာ ပြောလိုက်၏။ "ဟင် ... ဘာသဘောလဲ။ ခင်ဗျား လက်ထပ်ချင်သေးတာလား။"

ရူယွင်သည် ငိုကြွေးခြင်းကို ရပ်တန့်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

မုန်ဝေ့မင်၏ ချောမောသော မျက်နှာကို တွေးလိုက်မိချိန်တွင် ရင်ထဲ၌ အနည်းငယ် တပ်မက်မိဆဲ ဖြစ်သည်။ ထို့အပြင် မူလတည်းက အိမ်ထောင်ကျရန် မလွယ်ကူလှပေ။ တစ်ပါးသူနှင့် မင်္ဂလာဦးည အခန်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ပို၍ပင် အိမ်ထောင်ကျရန် မဖြစ်နိုင်တော့ချေ။

ဖန်ကျန်းရီသည် ခေါင်းကို ကုတ်လိုက်၏။ ဘယ်လို ကွာခြားချက်ကြီးလဲ။ သို့ပေမည့် တွေးကြည့်လိုက် ပြီးနောက်တွင် ပြန်လည် ဝမ်းသာသွားခဲ့သည်။ အနည်းဆုံးတော့ မုန်ဝေ့မင်၏ ဇာတ်ကောင်စရိုက် ကို ထိန်းသိမ်းထားနိုင်ပြီး ဇာတ်ညွှန်းအတိုင်း ဆက်သွားနိုင်သေးသည် မဟုတ်ပါလား။

သူက ပြုံးကာ ပြောလိုက်သည်။ "ကောင်းပြီလေ။ ခင်ဗျား သူ့ကို လက်ထပ်ချင်တယ်ဆိုရင်လည်း ဆက်ပြီး လက်ထပ်ပေါ့။ တစ်သက်လုံး ပျော်ရွှင်ရမယ်လို့ ကျုပ် အာမခံတယ်။

နောက်နောင် သူ ခင်ဗျားကို အနိုင်ကျင့်ရဲတယ်ဆိုရင်၊ ခင်ဗျားကို စကားတစ်ခွန်းလောက် ကြမ်းကြမ်းတမ်းတမ်း ပြောရဲတယ်ဆိုရင် သတင်းစာတိုက်ကို လာပြီး ကျုပ်ကို ရှာလိုက်။ ကျုပ် ကိုယ်တိုင် ခင်ဗျားအတွက် ဒေါသထွက်ပေးမယ်။

ပြီးတော့ သူ ခင်ဗျားကို ရုပ်ဆိုးမကြီးလို့ ပြောတာက သူ မျက်ကန်းနေလို့ပဲ။ ကျုပ် ကြည့်ရတာ ခင်ဗျားက အရမ်းလှတာပဲ။ ဒီလောကမှာ ရုပ်ဆိုးတဲ့ မိန်းမဆိုတာ မရှိဘူး။ ပျင်းရိတဲ့ မိန်းမပဲ ရှိတာ။ ဒါကြောင့် စိတ်ထဲ မထားပါနဲ့။"

ရူယွင်သည် ခေါင်းညိတ်ပြီး ပြုံးကာ ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် သခင်လေးဖန်။"

ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်သည်။ "အင်း... ကောင်းပြီ။ ဒါဆိုရင် ကျုပ်တို့ အရင်က ပြောထားသလိုပဲ ခင်ဗျား နောက်ပိုင်း သတင်းစာတိုက်ကို ပြန်လာပြီး အလုပ်လုပ်စရာ မလိုတော့ဘူး။ လစာကိုတော့ ပုံမှန် ပေးမယ်။ လူလာကြစမ်း … ရူယွင်ကို အိမ်အရင် ပြန်ပို့လိုက်။"

ရူယွင်အား ပြန်လွှတ်လိုက်ပြီးနောက် ချန်တယ်ရှန်းသည် ဖန်ကျန်းရီ၏ ဘေးသို့ ကပ်လာကာ ပြောလိုက်သည်။ "သခင်လေး ... နောက်ပိုင်း ဘယ်လို စီစဉ်မလဲ။"

ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်၏။ "ဘယ်လို စီစဉ်ရမလဲ။ သူ့ကို လူပီသအောင် ဆက်သင်ပေးရမှာပေါ့။"

ချန်တယ်ရှန်းက မေးလိုက်သည်။ "ကျုပ်တို့ နားလည်မှုရှိပြီး ရိုးသားတဲ့သူ တစ်ယောက်နဲ့ ပြောင်းလိုက်လို့ မရဘူးလား။ ဒီလောက်ထိ နှိပ်စက်နေဖို့ လိုလို့လား။"

ဖန်ကျန်းရီက ခေါင်းယမ်းကာ ပြောလိုက်၏။ "မရဘူး။ ကျင်းယီဝေတပ်ဖွဲ့ထဲကို ခေါ်ထားတဲ့ လူတွေထဲမှာ သူလောက် ချောတဲ့သူ မရှိဘူး။ ဒါက မရှိမဖြစ် လိုအပ်တဲ့ အချက်ပဲ။ ကျန်တာတွေက သင်ယူလို့ ရတယ်။

ကျုပ် သူ့ကို နှိပ်စက်ချင်နေတာ မဟုတ်ပဘူး။ သူက အရေးကြီးတဲ့ နယ်ရုပ် တစ်ရုပ်ပဲ။ အရှင်မင်းကြီးက အရှေ့ပိုင်း စုံစမ်းထောက်လှမ်းရေးဌာနကို လွှတ်ပြီး ကျင်းယီဝေတပ်ဖွဲ့ကို စစ်ဆေးခိုင်းလိမ့်မယ်။ မကြာခင်မှာ သူ အသုံးဝင်လာလိမ့်မယ်။

ဒီလို ယုတ်မာတဲ့ကောင်က အထက်ကို တက်လှမ်းနိုင်ဖို့အတွက် ဇနီးနဲ့ သားသမီးကိုတောင် စွန့်ပစ်နိုင်ပြီး အမေအရင်းကိုတောင် မလိုချင်တဲ့ ကောင်မျိုးပဲ။ အနာဂတ်မှာ လူသောင်းချီရဲ့ ကြည်ညိုမှုကို ခံရတဲ့ အခြေအနေကို တကယ် ရောက်သွားရင် အာဏာရူးသွပ်လာပြီး ဘယ်လို ပြဿနာတွေ ရှာဦးမလဲဆိုတာ မသိနိုင်ဘူး။ အစွန်းရောက်ပရိသတ်တွေရဲ့ အင်အားကို ခင်ဗျား လုံးဝ စိတ်ကူးကြည့်လို့ မရနိုင်ဘူး။ ဒါကြောင့် သူ့ကို နာကျင်မှုဆိုတာ ဘာလဲ၊ ကြောက်ရွံ့မှုဆိုတာ ဘာလဲဆိုတာကို သိအောင် လုပ်ရမယ်။ ပြီးမှ လိမ္မာကျိုးနွံစွာနဲ့ အလုပ်လုပ်ခိုင်းရမယ်။"

ချန်တယ်ရှန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "အစွန်းရောက်ပရိသတ်ဆိုတာ ဘာလဲ။"

ဖန်ကျန်းရီက ရှင်းပြလိုက်၏။ "အရူးအမူး ကိုးကွယ်သူတွေလေ။ နားလည်လား။"

ချန်တယ်ရှန်းသည် ရုတ်တရက် သဘောပေါက်သွားပြီး ပြောလိုက်သည်။ "နားလည်ပြီ။ အရမ်းကို နားလည်သွားပြီ။ တောက်ယွမ်ခရိုင်က လူတွေ အကုန်လုံးက သခင်လေးရဲ့ အစွန်းရောက်ပရိသတ်တွေ မဟုတ်ဘူးလား။ အခု ဒီအကောင်ရဲ့ မြို့တော်မှာ လွှမ်းမိုးနိုင်မှုက တကယ်ပဲ အဲဒီအဆင့်အထိ ရောက်နိုင်လို့လား။"

ဖန်ကျန်းရီသည် သူ့အား စွေကြည့်လိုက်ပြီး ပြောလိုက်၏။ "စကား မပြောတတ်ရင် မပြောနဲ့။ မုန်ဝေ့မင်ရဲ့ နောက်ပိုင်း တာဝန်တွေကို ကျုပ် အကုန် စီစဉ်ထားပြီးပြီ။ သတင်းစာတိုက်၊ သန့်ရှင်းရေးအဖွဲ့၊ ဖုန်းဟော့ဂိုဏ်းနဲ့ စားသောက်ဆိုင်ကြီးတွေက ဟာသပြောတဲ့သူတွေ အကုန်လုံးက အခွင့်အရေး ရတာနဲ့ မုန်ဝေ့မင်ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ လုပ်ရပ်တွေကို အစွမ်းကုန် ကြေညာပေးလိမ့်မယ်။

အဲဒီအချိန်ကျရင် သူ သေချာပေါက် လူကြိုက်များလာပြီး မရေမတွက်နိုင်တဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရလိမ့်မယ်။ ကျုပ်တို့က သူ့ကို အသုံးချပြီး အလုပ်လုပ်ရတာ ပိုအဆင်ပြေသွားလိမ့်မယ်။ ခင်ဗျား တို့ သေချာ စောင့်ကြည့်ထား။ နေထိုင်မှု ပုံစံမှာ သူ့ကို အမှားအယွင်း မရှိစေနဲ့။"

နာရီဝက်ခန့် ကြာပြီးနောက် ဝိုင်းဝန်းကန်ကျောက်ခံရခြင်း ပြီးဆုံးသွားသော မုန်ဝေ့မင်သည် အခန်းထဲသို့ ထပ်မံ ဆွဲသွင်းခံလိုက်ရ၏။ ယခုအချိန်တွင် သူ၏ မျက်လုံးများထဲ၌ အရောင်အဝါ မရှိတော့ချေ။ စိတ်ဓာတ်ကျဆင်းကာ မြေပြင်ပေါ်တွင် ခွေခွေလေး လဲကျနေပြီး တစ်ကိုယ်လုံး ပျော့ခွေနေ၏။

သို့ပေမည့် ...

ဖန်ကျန်းရီက ညင်သာစွာ ပြောလိုက်သည်။ "ရှောင်မုန် ... မင်း ဒီတစ်ခေါက် ကျုပ်ကို စိတ်ပျက်စေတယ်။ မင်းကို လူကြီးလူကောင်း လုပ်ခိုင်းတာကို ဘာလို့ ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကိုတောင် သေချာ မလုပ်နိုင်ရတာလဲ။"

မုန်ဝေ့မင်သည် ခေါင်းမော့လာခဲ့ပြီး မျက်ရည်နှစ်ပေါက်သည် ပါးပြင်တစ်လျှောက် ဖြည်းညင်းစွာ စီးကျလာခဲ့ကာ နာကြည်းစွာ ပြောလိုက်၏။ "သခင်လေးဖန် ... ကျုပ် လူကြီးလူကောင်း မလုပ်ချင်တော့ဘူး။"

ဖန်ကျန်းရီက မေးလိုက်သည်။ "လူကြီးလူကောင်း မလုပ်ရင် မင်း ဘာလုပ်မလဲ။"

မုန်ဝေ့မင်သည် ဤတစ်နေ့လုံး ကြုံတွေ့ခဲ့ရသော မွန်းကျပ်မှုများကို ပြန်လည် တွေးတောလိုက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်ကာ စိတ်ဆုံးဖြတ်လိုက်ပြီး ပြောလိုက်သည်။ "ကျုပ် ... ကျုပ် ပြည့်တန်ဆာအိမ် သွားမယ်။ တစ်မြို့လုံးက ပြည့်တန်ဆာတွေကို ခေါ်ပြီး အဝတ်အစားတွေ ချွတ်ပြီး သူတို့နဲ့ အိပ်မယ်။ အိပ်ပြီးသွားရင် လောင်းကစားရုံ သွားပြီး အကြီးအကျယ် လောင်းကစား လုပ်ပစ်မယ်။"

အပိုင်း (၅၉၄) တာ့ကျင်းတပ်မှူး ထွက်ခွာခြင်း။

ဖန်ကျန်းရီက ရယ်မောလိုက်သည်။ "ဟားဟား ... ရတယ်။ ဒါပေမဲ့ မင်း ဒီလို လုပ်တာက ကျင်းယီဝေတပ်ဖွဲ့ရဲ့ နာမည်ကို ဖျက်ဆီးတာပဲ။ မင်း ဘယ်နှစ်ရက် အသက်ရှင်နိုင်မလဲဆိုတာကိုတော့ ကျုပ် အာမမခံနိုင်ဘူး။ အခု ကျုပ် မင်းကို နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးမယ်။ မင်း လူကြီးလူကောင်း လုပ်ချင်လား ဒါမှမဟုတ် ...။"

ဤသည်မှာ အထင်အရှား ခြိမ်းခြောက်နေခြင်း ဖြစ်၏။

မုန်ဝေ့မင်၏ မျက်နှာသည် ရုတ်တရက် ဖြူရော်သွားခဲ့ပြီး အလျင်အမြန် စကားပြောင်းလိုက်သည်။ "ကျုပ် လူကြီးလူကောင်း လုပ်ပါ့မယ်။ ကျုပ် လူကြီးလူကောင်း လုပ်ပါ့မယ်။"

ဖန်ကျန်းရီသည် လက်ခုပ်တီးကာ ရယ်မောလိုက်ပြီးနောက် သူ့အား တွဲထူလိုက်ကာ ညင်သာစွာ ပြောလိုက်၏။ "ဒီလိုမှပေါ့။ လူငယ်တွေက အခက်အခဲ နည်းနည်းလေး တွေ့တာနဲ့ လက်လျှော့ဖို့ တွေးနေကြတယ်။ တကယ်ပဲ ခေတ်တစ်ခေတ်ထက် တစ်ခေတ် ပိုဆိုးလာတာပဲ။

ရှောင်မုန် ... ဒီလောကမှာ ကောင်းကင်ကနေ မုန့်ကျလာမယ့် ကောင်းတဲ့ကိစ္စဆိုတာ မရှိဘူး။ မုန်တိုင်းကို မဖြတ်သန်းရဘဲ သက်တံ့ကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ။ အောင်မြင်မှုဆိုတာ သတ္တိနဲ့ ဇွဲလုံ့လကို အားကိုးပြီး ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် သိရှိနားလည်လာတာ၊ ကိုယ့်ကိုယ်ကိုယ် ကျော်လွန်သွားတာပဲ။

အစပိုင်း ရက်တွေကတော့ နည်းနည်း ပင်ပန်းလိမ့်မယ်။ ဒါပေမဲ့ မင်း မကြာခင် အလင်းရောင်ကို မြင်ရတော့မှာပါ။ မင်း စဉ်းစားကြည့်လေ။ မင်း လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ အချိန် လူသောင်းချီက ထောက်ခံအားပေးမယ်။ မရေမတွက်နိုင်တဲ့ အမျိုးသမီးငယ်တွေနဲ့ မိန်းကလေးတွေက မင်းရဲ့ အကြည့် တစ်ချက်လေး ရဖို့အတွက် မင်းအနားမှာ ကပ်လိုက်လာကြမယ်။ အဲဒါ ဘယ်လို မြင်ကွင်းမျိုးလဲ။

မင်း ရောက်သွားတဲ့ နေရာတိုင်းမှာ မရေမတွက်နိုင်တဲ့ လူတွေက လမ်းဘေးကနေ ကြိုဆိုကြမယ်။ လူတိုင်းက မင်းကို ချီးကျူးကြမယ်။ အနာဂတ်မှာ တစ်နေ့ကျရင် အရှင်မင်းကြီးရဲ့ ခေါ်ယူတွေ့ဆုံမှုကိုတောင် ခံရပြီး နန်းတော်ထဲ ဝင်ခွင့်ရမယ်ဆိုရင် အဲဒါက သမိုင်းဝင်သွားပြီး နာမည်ကောင်းနဲ့ ထာဝရ ကျန်ရစ်ခဲ့မှာပေါ့။

အဲဒီအချိန်ကျရင် မင်း အခုအချိန်ကို ပြန်ကြည့်လိုက်ရင် ဒါတွေက ဘာမှမဟုတ်ဘူး ဆိုသလို ဖြစ်သွားမှာပါ။"

မုန်ဝေ့မင်သည် တုန်တုန်ယင်ယင်ဖြင့် ခေါင်းညိတ်လိုက်၏။ ရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေသည်။ ဖန်ကျန်းရီ ပြောသော စကားများကို သူ အပြည့်အဝ မယုံကြည်ရဲတော့ချေ။ သို့ပေမည့် ဖန်ကျန်းရီ ပုံဖော်ပြသော သာယာလှပသည့် အနာဂတ်ကို တွေးလိုက်မိသည့်အခါ စိတ်ကူးယဉ်ကမ္ဘာထဲသို့ မကျရောက်ဘဲ မနေနိုင်ခဲ့ပေ။

ဖန်ကျန်းရီသည် စကားလမ်းကြောင်း လွှဲလိုက်ပြီး ပြောလိုက်သည်။ "ဒါပေမဲ့ မင်း ဒီနေ့ ကျုပ်ကို အရမ်း စိတ်ပျက်စေတယ်။ လူကြီးလူကောင်း တစ်ယောက် ဖြစ်လာဖို့ မင်း အများကြီး လိုသေးတယ်။

ကျုပ် မင်းကို တောင်းဆိုချက် အနည်းငယ် ပြောပြမယ်။ နောက်ပိုင်း မင်း အပြင်သွားတဲ့အခါ သုံးတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းက လုံးဝ မများရဘူး။ ပစ္စည်းတိုင်းက သာမန် ပြည်သူတွေ ဝယ်နိုင်တဲ့ အရာတွေ ဖြစ်ရမယ်။

အပြင်မှာ ထမင်းစားရင် ရိုးရှင်းတဲ့ အစားအသောက်တွေကိုပဲ စားရမယ်။ အသားငါးတွေ အများကြီး မစားရဘူး။ အပြင်မှာ ပေါင်းသင်းဆက်ဆံရေး ကိစ္စတွေ ရှိရင်တော့ သီးသန့် ခွင့်ပြုချက် တောင်းရမယ်။

ပြည့်တန်ဆာအိမ် မသွားရဘူး။ မယားငယ် မယူရဘူး။ နောက်ပိုင်း မင်းရဲ့ အနားမှာ ရူယွင်ဆိုတဲ့ မိန်းမ တစ်ယောက်ပဲ ရှိရမယ်။ အပြင်မှာ ချစ်ခင်ကြင်နာမှု အပြည့်ရှိတဲ့ ပုံစံမျိုး ပြသရမယ်။

အခုကစပြီး မင်း ရူယွင် တစ်ယောက်တည်းကိုပဲ ကောင်းကောင်း ဆက်ဆံရမယ်။ သူ့ကို အလိုလိုက်ရမယ်၊ ချစ်ရမယ်။ သူ့ကို မလိမ်ရဘူး။ သူ့ကို ကတိပေးထားတဲ့ ကိစ္စတိုင်းကို မင်း လုပ်ပေးရမယ်။ သူ့ကို ပြောတဲ့ စကားတိုင်းက စေတနာ အစစ်အမှန် ဖြစ်ရမယ်။

သူ့ကို လိမ်ညာတာ၊ ဆဲဆိုတာ မလုပ်ရဘူး။ သူ့ကို ဂရုစိုက်ရမယ်။ တခြားလူတွေ သူ့ကို အနိုင်ကျင့်တဲ့အခါ မင်းက ပထမဆုံး အချိန်မှာ ထွက်လာပြီး သူ့ကို ကူညီပေးရမယ်။ သူ ပျော်နေတဲ့အခါ မင်းက သူနဲ့အတူ ပျော်ပေးရမယ်။ သူ မပျော်တဲ့အခါ မင်းက သူ့ကို ပျော်အောင် ချော့ပေးရမယ်။ သူက အလှဆုံးပဲလို့ အမြဲတမ်း တွေးနေရမယ်။ အိပ်မက်ထဲမှာလည်း မင်း သူ့ကို မြင်မက်ရမယ်။ မင်းရဲ့ ရင်ထဲမှာ သူပဲ ရှိရမယ်။

နောက်ဆုံးအနေနဲ့ ... ကျုပ် မင်းကို အရှေ့သွားခိုင်းရင် မင်း လုံးဝ အနောက်ကို မသွားရဘူး။ လုပ်နိုင်မလား။"

နောက်ဆုံးတော့လည်း ထိုတောသူမကြီးနှင့် တစ်သက်လုံး နေသွားရတော့မည်လား။

မုန်ဝေ့မင်သည် ကြားပြီးသည်နှင့် သွေးအန်ချင်စိတ်ပင် ပေါက်သွားခဲ့ပြီး မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် မေးလိုက်၏။ "သခင်လေးဖန် ... ကျုပ် ငြင်းလို့ ရမလား။"

ဖန်ကျန်းရီက ပြန်မေးလိုက်သည်။ "မင်း ဘယ်လို ထင်လဲ။ ဒီနေ့ကစပြီး ဒီနေရာက မင်းရဲ့ အိမ်ပဲ။ မနက်ဖြန် မင်းအတွက် လေ့ကျင့်ရေးတွေကို ဆက်ပြီး စီစဉ်ပေးမယ်။"

ဝူရှန်းသည် ဘေးမှ အမြဲ နားထောင်နေခဲ့သည်။ ရုတ်တရက် ဝင်ရောက်ကာ သတိပေးလိုက်၏။ "သခင်လေး ... သူ့ကို ရိုးရှင်းတဲ့ အစားအသောက်တွေပဲ စားခိုင်းမယ်ဆိုရင် အပြင်က မြင်းနဲ့ သိပ်ပြီး မလိုက်ဖက်ဘူး ဖြစ်နေလိမ့်မယ်။ မြင်းညံ့ တစ်ကောင်နဲ့ လဲလိုက်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။"

ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်၏။ "အင်း... အင်း။ မဆိုးဘူး။ အသေးစိတ် အချက်အလက်တွေက အောင်မြင်မှုနဲ့ ကျရှုံးမှုကို ဆုံးဖြတ်တာပဲ။ ဆရာကြီးဝူ ... တကယ်ကို တော်ပါပေတယ်။ ခင်ဗျား ပြောတဲ့အတိုင်းပဲ လုပ်လိုက်။ သူ့အတွက် ချောမောတဲ့ မြင်းညံ့ တစ်ကောင် ရွေးပေးလိုက်။ သွားကြစို့။"

ချီးတဲ့မှ .,.. မြင်းကိုပါ သိမ်းသွားတာလား။

မုန်ဝေ့မင်၏ နှုတ်ခမ်းသည် တွန့်ကွေးသွားခဲ့ပြီး မျက်ရည်များပင် ကျလုမတတ် ဖြစ်သွားခဲ့၏။ သူ စကားနှစ်ခွန်းလောက် ညည်းညူရန် အချိန် မရလိုက်ခင် ဖန်ကျန်းရီသည် အင်္ကျီလက်ကို ခါကာဖြင့် အလျင်စလို ထွက်ခွာသွားသည်။

အကယ်၍ ဘဝက ကိုယ့်ကို အဓမ္မကျင့်ခဲ့လျှင် … ပြန်လည် မခုခံနိုင်ပါက သာယာနေဟန် ဆောင်ရမည်သာ ဖြစ်၏။

မုန်ဝေ့မင်သည် ယခုအချိန်တွင် ထိုကဲ့သို့ပင် ဖြစ်နေသည်။ ဖန်ကျန်းရီ၏ လက်တွေ့ကျကျ သင်ခန်းစာပေးမှုကို ခံရပြီးနောက် ဘဝသစ်ကို လက်ခံရန် စတင် သင်ယူနေပုံရသည်။ နောက်ဆက်တွဲ သင်ခန်းစာများကိုလည်း လိမ္မာကျိုးနွံစွာဖြင့် နာခံခဲ့၏။ ချန်တယ်ရှန်းနှင့် ဝူရှန်းတို့ နှစ်ဦးအပြင် ကျိုးထျဲ့သည်လည်း အိမ်တိုင်ရာရောက် လာကာ သူ၏ ခန္ဓာကိုယ် အချိုးအစား လေ့ကျင့်ရေး သင်ခန်းစာများကို သီးသန့် ထပ်မံ ထည့်သွင်းပေးခဲ့သည်။

လူကြီးလူကောင်း တစ်ယောက်သည် ရိုးရှင်းသော အစားအသောက်များကိုသာ စားသုံးရမည် ဖြစ်သော်လည်း ကြွက်သားများကို ထိန်းသိမ်းထားနိုင်ရန် သူ၏ အထူး ကြွက်သားတက် အာဟာရစာများကို စေတနာထား၍ ပြင်ဆင်ပေးခဲ့၏။

သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥများ၊ အဓိက အစားအစာများ၊ အသားများနှင့် ဆီများကို ရောနှောကာ ကြိတ်ထားသော အရည်များ ... တစ်ခွက် သောက်လိုက်သည်နှင့် အာဟာရ အပြည့်အဝ ရရှိသွားမည်။ ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းထားနိုင်ရုံသာမက အချိန်ကိုလည်း ပိုမို ချွေတာနိုင်သည်။

မည်သို့ပင်ဆိုစေ ကြွက်သားတက် ဝက်စာရည်ကို သောက်ပြီးနောက် လက်ရေးနှင့် ယဉ်ကျေးမှုများကို လေ့ကျင့်ရဦးမှာ ဖြစ်ပြီး မြေပုံများကို ကျက်မှတ်ခြင်း၊ သတင်းစာများကို ကျက်မှတ်ခြင်း ... နောက်ဆုံးတွင် အပြုသဘောဆောင်သော သုံးသပ်ချက်များကို ပြုလုပ်ရ၏။

တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားခဲ့ပြီး ခုနစ်ရက်မျှ အကြာတွင် လုံးဝကို ပြောင်းလဲသွားသော မုန်ဝေ့မင် တစ်ယောက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်ဝန်းများထဲတွင် စံပြဝါဒ၏ အရောင်အဝါများ ပါဝင်နေသည်။ ဦးနှောက်ထဲတွင် အပြုသဘောဆောင်သော စွမ်းအင်များမှလွဲ၍ အခြား မည်သည့်အရာကိုမျှ လက်ခံနိုင်စွမ်း မရှိတော့ချေ။

အတိတ်က အမှိုက်ကောင် ဘဝသည် တဖြည်းဖြည်း စိမ်းသက်လာခဲ့သည်။ မုန်ဝေ့မင်သည် ညသန်းခေါင်ယံ အိပ်မက်ထဲမှ လန့်နိုးလာတိုင်း ကျင်းယီဝေ မဖြစ်လာခင်က ပျော်ရွှင်စရာ အချိန်များကို ပြန်လည် တွေးတောမိပြီး ရင်ထဲတွင် ဘဝခြားသွားသကဲ့သို့ ခံစားရကာ မကြာခဏဆိုသလို နောင်တမျက်ရည်များပင် ကျဆင်းလာခဲ့သည်။

နောက်ဆုံးတော့ တာဝန်ထွက်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ယခုအချိန်တွင် လူအုပ်ကြီး တစ်အုပ်သည် မုန်ဝေ့မင်၏ ဘေးတွင် ရပ်ကာ သူ့အား နှုတ်ဆက် ပို့ဆောင်ပေးရန် ပြင်ဆင်နေကြသည်။

မုန်ဝေ့မင်သည် ချောမောခန့်ညားသော အဖြူရောင်စစ်စစ် ကျင်းယီဝေ ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး ခါးရှိ ဓားအိမ်ကိုလည်း တောက်ပနေအောင် သုတ်သင်ထား၏။ အခြားသူများက ဓားမော့ကို အသုံးပြုသော်လည်း မုန်ဝေ့မင်က ဓားရှည်ကို အသုံးပြု၏။

လူကြီးလူကောင်း ဓားရှည်။

ဖြောင့်မတ်မှန်ကန်သော အငွေ့အသက်များ အပြည့်အဝ လွှမ်းခြုံထားလျက် ထိုနေရာတွင် မတ်မတ်ရပ်နေပြီး ဘေးတွင် အဖြူရောင်စစ်စစ် မြင်းညံ့ တစ်ကောင်လည်း ရှိ၏။ ဆံပင်နှစ်စသည် ရင်ဘတ် နှစ်ဖက်စလုံးတွင် ဆွဲဆောင်မှု ရှိစွာ ကျဆင်းနေပြီး အချိန်ရတိုင်း လက်နှစ်ချောင်း ဆန့်ထုတ်ကာ သပ်တင်နေသေးသည်။

ဖန်ကျန်းရီသည် သူ့အား အထက်အောက် သေချာစွာ အကဲခတ်လိုက်ပြီး အသိအမှတ်ပြုသော အကြည့်တစ်ချက် ပေးကာ ပြောလိုက်၏။ "ရှောင်မုန် ... မင်းရဲ့ လတ်တလော စွမ်းဆောင်ရည်တွေကို အောက်ကလူတွေ တင်ပြလို့ ကျုပ် ကြားပြီးပြီ။ အရမ်းကို ကောင်းပါတယ်။ ဒီနေ့ကစပြီး မင်းက တာ့ကျင်းတပ်မှူးပဲ။ တရားမျှတမှုရဲ့ ကိုယ်စားပြုပဲ။

ခုနလေးတင် သတင်းရတယ်။ မြို့တော်စောင့်တပ်က စစ်သားတချို့ ခိုးထွက်လာပြီး ရှင်းရှောက်ရပ်ကွက်က လျန်ဟွာစားသောက်ဆိုင်မှာ ထမင်းစားနေကြတယ်။ ဒီလူတွေအကြောင်းကို ငါတို့ အစောကြီးကတည်းက စုံစမ်းထားပြီးသား။ ပုံမှန်ဆိုရင် လျန်ချွန်းစားသောက်ဆိုင်မှာ အကြွေးစားတာ မနည်းဘူး။

မင်း ဒီတစ်ခေါက် ထွက်သွားတာက သူတို့ကို ဖမ်းဆီးပြီး အမှုဖွင့်ဖို့ပဲ။ လူပုံလယ်မှာ ဖမ်းရမယ်။ တကယ်လို့ လက်ပါလာရင်လည်း ကျိုးထျဲ့က မင်းနဲ့ အတူ လိုက်သွားပြီး ကူညီပေးလိမ့်မယ်။ ပုံမှန် သင်ပေးထားတဲ့အတိုင်း လုပ်ပါ။ လက်နည်းနည်းပဲ သုံးပြီး သရုပ်ဆောင်တာ များများ လုပ်။ ပထမဆုံးအကြိမ် တာဝန်ထွက်တာဆိုတော့ အရင်ဆုံး လက်သွေးလိုက်အုံး။"

မုန်ဝေ့မင်သည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သွက်လက်စွာဖြင့် မြင်းပေါ်သို့ ခွတက်လိုက်၏။ ယခုအချိန်တွင် သူသည် အသိတရား တစ်ခုကို လုံးဝ နားလည် သဘောပေါက်သွားပြီ ဖြစ်သည်။

နှုတ်ဆိတ်နေခြင်းက ရွှေပင် ... စကားများများ ပြောလေ၊ အမှားများလေဖြစ်သည်။ ဖန်ကျန်းရီက သူ့ကို ဘာလုပ်ခိုင်းလုပ်ခိုင်း ထိုအရာကိုပဲ လုပ်ရမည်။

မြင်းပေါ်သို့ တက်ပြီးနောက် ကျိုးထျဲ့သည်လည်း ညီအစ်ကို အနည်းငယ်ကို ခေါ်ဆောင်ကာ အနောက်မှ ကပ်လျက် လိုက်ပါလာခဲ့၏။

လျန်ချွန်းစားသောက်ဆိုင်သည် အတိုင်းအတာ ကြီးမားလှပြီး ရှင်းရှောက်ရပ်ကွက် အတွင်းတွင်လည်း နာမည်ရ စားသောက်ဆိုင် တစ်ဆိုင် ဖြစ်၏။ စားသောက်ဆိုင်၏ မျက်နှာချင်းဆိုင်တွင် မရေမတွက်နိုင်သော ဆိုင်ငယ်လေး များ ရှိသေးသည်။ ပုံမှန်ဆိုလျှင် အနီးတစ်ဝိုက်တွင် လူအလွန် များပြားလှပြီး မုန်ဝေ့မင် ရောက်ရှိလာချိန်တွင် လူအုပ်ကြီးကို ကြည့်ကာ ရင်ထဲ၌ အနည်းငယ် စိုးရိမ်ပူပန်မှုများ ပိုမို တိုးပွားလာခဲ့သည်။

ကျိုးထျဲ့က တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ "မင်း ဒီနေရာမှာ စောင့်နေ။ သတင်းစုံစမ်းဖို့ လူအရင် လွှတ်လိုက်မယ်။ အဲဒီ စစ်သည်တွေ စားပြီးလို့ ငွေရှင်းတဲ့အချိန်ကျမှ ထွက်ပြီး အလုပ်လုပ်။"

မုန်ဝေ့မင်သည် ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ လူသူကင်းမဲ့သော ထောင့်တစ်နေရာတွင် စောင့်ဆိုင်းနေလိုက်သည်။

ဆယ်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် သူလျှိုက သတင်းပြန်ပို့လာခဲ့၏။ မုန်ဝေ့မင်သည် ခါးဘေးရှိ ဓားရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ မြင်းပေါ်မှ ဆင်း၍ စားသောက်ဆိုင် အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်၏။

ခါးတွင် ဓားကို ချိတ်ဆွဲထားပြီး တစ်ကိုယ်လုံး အဖြူရောင် ဝတ်ဆင်ထားသော ချောမောသည့် အမျိုးသား တစ်ဦးကို မြင်တွေ့လိုက်ရသောအခါ ပြည်သူများစွာတို့သည် မနေနိုင်ဘဲ အကြည့်များ ရောက်ရှိသွားကြသည်။

ယခုအချိန်တွင် စားသောက်ဆိုင် အတွင်း၌ ရှုပ်ယှက်ခတ်နေပြီ ဖြစ်ပြီး စားပွဲထိုးလေး တစ်ယောက်သည် မြေပြင်ပေါ်တွင် ဖိချခံထားရကာ အရိုက်ခံနေရ၏။

ဆဲဆိုသံများ၊ ငိုကြွေးသံများနှင့် အသနားခံသံများသည် ရပ်တန့်မသွားချေ။

စားသောက်ဆိုင် ပိုင်ရှင်သည် စစ်သည်၏ အရှေ့တွင် ဒူးထောက်ကာ မျက်ရည်များ၊ နှာရည်များ ကျဆင်းလျက် ငိုကြွေး တောင်းပန်နေသည်။ "စစ်သူကြီး ... စစ်သူကြီး။ သူ့ကို အသက်ချမ်းသာ ပေးပါ။ သူက အသစ်ရောက်လာတာဆိုတော့ စည်းကမ်းတွေကို နားမလည်လို့ပါ။ လူကြီးမင်းတို့ လာမှန်း သိရင် ကျုပ်တို့က ပိုက်ဆံ ယူရဲပါ့မလား။"

All Chapters