← Chapters

အခန်း (၅၉၅-၅၉၆)

Vol. 32 Ch. 595-596

အခန်း (၅၉၅-၅၉၆)

Vol. 32 Ch. 595-596

အပိုင်း (၅၉၅) ဇာတ်ညွှန်းအတိုင်း ဘာဖြစ်လို့ မသွားရတာလဲ။

ဦးဆောင်နေသည့် စစ်သည်သည် လက်ပိုက်ကာ အေးစက်စွာ ရယ်မောလိုက်သည်။ "ငါတို့ ညီအစ်ကိုတွေက တပ်ထဲကနေ အပြင်ထွက်ခွင့်ရဖို့ ပိုက်ဆံပေးပြီး ထွက်လာရတာ …. မလွယ်ဘူးကွ။ အခု မင်းဆီမှာ ထမင်းတစ်နပ်စားပြီး အကြွေးမှတ်တာတောင် မရဘူးလား။ အကုန်လုံးက ဖောက်သည်ဟောင်းတွေချည်းပဲ။

မင်းဆီမှာ စားလာတာ အကြိမ်ကြိမ်ရှိပြီ။ ဒီလောက်တောင် မျက်နှာသာ မပေးဘူးဆိုရင် မင်းတို့ဘက်က လွန်တာပဲ။ ဒီစားပွဲထိုးလေးက ပြီးခဲ့တဲ့အကြိမ် ငါတို့လာတုန်းက တွေ့ဖူးတယ်။ ငါတို့ ညီအစ်ကိုတွေရဲ့ လူပီသမှုကို မင်းက မယုံလို့ သူ့ကို တမင်သတ်သတ် လွှတ်ပြီး စမ်းသပ်တာလား။ ငါတို့က ပိုက်ဆံမရှင်းဘဲ နေမယ်လို့ မင်း ထင်နေတာလား။"

စားသောက်ဆိုင်ပိုင်ရှင်သည် မတရားခံရသည့်ဟန်ဖြင့် အော်ဟစ်လိုက်၏။ "မရှိပါဘူး။ မရှိပါဘူး စစ်သူကြီး။ တကယ် မရှိပါဘူး။ သူက စစ်သူကြီးတို့ကို မမှတ်မိလို့ပါ။ အကြွေးမှတ်မယ်။ ကျုပ်တို့ အကြွေးမှတ်ပါမယ်။ စစ်သူကြီးရဲ့ ညီအစ်ကိုတွေကို မြန်မြန် ရပ်ခိုင်းလိုက်ပါ။ ဆက်ရိုက်နေရင် လူသေပါတော့မယ်။"

အခြေအနေကို နားလည်ကြောင်း မြင်လိုက်ရသည့်အချိန်မှာတော့ စစ်သည်သည် တဟားဟား ရယ်မောလိုက်ပြီး သူ၏ ညီအစ်ကိုများကို ရပ်တန့်ရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက် နားဘေးမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ "ရိုင်းစိုင်းလိုက်တာ … အဲဒီ စားပွဲထိုးလေးကို အခုလွှတ်ပေးလိုက်စမ်း။"

စားသောက်ဆိုင်ထဲရှိ လူအများသည် အသံထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။ တံခါးဝတွင် မတ်မတ်ရပ်နေသော ကျောက်စိမ်းသစ်ပင်ကဲ့သို့ ခန့်ညားလှသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

အပြင်ဘက်တွင်လည်း စပ်စုချင်စိတ် အပြည့်ဖြစ်နေသော ပြည်သူအများအပြား ရောက်လာခဲ့၏။

သူ၏ ညှိုးငယ်နေသော မျက်ဝန်းများ၊ ပါးသိုင်းမွေးရေးရေးလေးများ၊ ဆွဲဆောင်မှုရှိသော ဟန်ပန်နှင့် ကြီးကျယ် ခမ်းနားသော်လည်း ရိုးရှင်းသည့် ဓားရှည်တို့သည် လူအများ၏ အကြည့်များကို နက်ရှိုင်းစွာ ဖမ်းစားသွားခဲ့သည်။

ဦးဆောင်နေသော စစ်သည်သည် ဘာကိုမှ မစဉ်းစားဘဲ ပါးစပ်ဟကာ ဆဲဆိုလိုက်သည်။ "ချီး … ဘယ်ကရောက်လာတဲ့ မျက်နှာဖြူလေးလဲ။ အသက်မရှင်ချင်တော့ဘူးလား။"

မုန်ဝေ့မင်သည် သူ၏ အရှေ့ရှိ စစ်သည်အချို့ကို ကြည့်ရှုပြီးသည့်နောက် တိတ်တဆိတ် တံတွေးမြိုချလိုက်ကာ နှလုံးသားမှာလည်း အပြင်းအထန် ခုန်ပေါက်နေခဲ့၏။

ခန္ဓာကိုယ်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို အများအပြား ပြုလုပ်ထားခဲ့သည် ဆိုပေမည့် လက်တွေ့ တိုက်ခိုက်မှုတွင်မူ အမှိုက်တစ်စမျှသာ ဖြစ်၏။ ယခု အရှေ့ရှိ လူများသည် ကြီးမားထွားကြိုင်းလွန်းလှသည်။ အကယ်၍ မနိုင်ခဲ့လျှင် မည်သို့ လုပ်ရမည်နည်း။ အနောက်မှ လိုက်ပါလာသော လူများ အားကိုးရပါစေဟုသာ မျှော်လင့်ရတော့မည်။

မုန်ဝေ့မင်သည် ဖြည်းညင်းစွာ အရှေ့သို့ တိုးသွားပြီး ဓားပုံသဏ္ဍာန် မျက်ခုံးများကို အနည်းငယ် ကုတ်ကာ ပြောလိုက်သည်။ "ကျင်းယီဝေတပ်ဖွဲ့က တာဝန်ထမ်းဆောင်နေတာ။ မင်းတို့က ပြည်သူတွေကို လူပုံလယ်မှာ ရိုက်နှက်ရဲတယ်ပေါ့လေ။ မျက်လုံးထဲမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား။ လူကို မြန်မြန် မလွှတ်ပေး သေးဘူးလား။"

စစ်သည်သည် အံ့အားသင့်သွားပြီး သူ့အား အထက်အောက် အကဲခတ်လိုက်၏။ ဤအဖြူရောင် ဝတ်စုံသည် ကျင်းယီဝေတပ်ဖွဲ့ဝင် ဖြစ်မည်မှာ သေချာသည်။ မြို့တော်ထဲတွင် အဖြူရောင် ဝတ်ဆင်သော ကျင်းယီဝေများ ရှိကြောင်း သူ ကြားဖူးထားခဲ့၏။

ဤအရာကို တွေးမိပြီးသည့်နောက် စစ်သည်၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း နူးညံ့သွားခဲ့ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ "ကျင်းယီဝေတပ်ဖွဲ့က ညီအစ်ကို ဖြစ်နေတာကိုး။ နားလည်မှု လွဲသွားတာပါ။ အားလုံးက နားလည်မှု လွဲတာပါ။ မြန်မြန် လူလွှတ်ပေးလိုက်။"

လူရိုက်နေသော စစ်သည်သည် အလျင်အမြန်ပဲ စားပွဲထိုးလေးအား လွှတ်ပေးလိုက်ပြီး အခြေအနေက ချက်ချင်းပဲ ငြိမ်းချမ်းသွားခဲ့၏။

မဟုတ်သေးဘူး။ ပုံမှန်ဆိုရင် ဒီလို စီစဉ်ထားတာ မဟုတ်ဘူးလေ။ မဖြစ်သေးဘူး။ အခြေအနေအရ ကြည့်လုပ်ရမယ်။

မုန်ဝေ့မင်သည် ရင်ထဲတွင် အခြေအနေ မဟန်တော့ကြောင်း တိတ်တဆိတ် ရေရွတ်လိုက်ပြီးနောက် လေးနက်စွာ မေးလိုက်သည်။ "ဒီနေရာမှာ ဘာဖြစ်တာလဲ။ ခင်ဗျားတို့ ဘာလို့ လူရိုက်တာလဲ။"

စစ်သည်သည် စကားပြောရန် ပြင်လိုက်ချိန်မှာပဲ စားသောက်ဆိုင်ပိုင်ရှင်က အရင်ဦးအောင် ဝင်ပြောလိုက်ပြီး ဖားယားသော မျက်နှာဖြင့် ပြောလိုက်၏။ "နားလည်မှု လွဲတာပါ။ တကယ်ကို နားလည်မှု လွဲတာပါ စစ်သူကြီး။ ကျုပ်ရဲ့ စားပွဲထိုးလေးက အလိုက်မသိလို့ စစ်သူကြီးတို့ကို စော်ကားမိသွားတာပါ။"

စစ်သည်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အင်း... ညီအစ်ကိုလည်း ကြားတဲ့အတိုင်းပဲ။"

မုန်ဝေ့မင်မှာတော့ ဆွံ့အသွားခဲ့၏။

အခြေအနေသည် ထပ်မံ၍ ငြိမ်းချမ်းသွားပြန်၏။ ကျိုးထျဲ့သည် ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့် ချိန်မှာတော့ သူ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

ဘာဖြစ်တာလဲ။ အခြေအနေက သခင်လေး ပြောထားတာနဲ့ သိပ်မတူဘူး။ ဒီအမှိုက်ကောင်တွေက ဒီလောက်တောင် ပူးပေါင်းဆောင်ရွက်နေမှတော့ နောက်ပိုင်း ဘယ်လို ဆက်လုပ်ရမလဲ။

ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ကျိုးထျဲ့သည် မုန်ဝေ့မင်၏ ဘေးသို့ ရောက်ရှိလာသည်။ ပြီးနောက် စစ်သည်၏ နားနားသို့ ကပ်ကာ တိုးညှင်းသော အသံဖြင့် ဆဲဆိုလိုက်၏။ "ခွေးကောင် … မင်းမေဂွေးစိ။”

ဘာဖြစ်တာလဲ။

မျှော်လင့်မထားသော အမေဖြစ်သူကို ဆဲဆိုသံ နားထဲ ဝင်ရောက်လာသည့်အချိန်မှာတော့ ဦးဆောင်နေသော စစ်သည်သည် ချက်ချင်းပဲ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။

မျက်နှာပေါ်ရှိ ကြွက်သားများသည် အဆက်မပြတ် တုန်ခါနေပြီး မျက်လုံးနှစ်လုံးတွင်လည်း ဒေါသများ အပြည့်အဝ လွှမ်းခြုံသွားသည်။ ကျိုးထျဲ့အား ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ကာ အံကြိတ်၍ မေးလိုက်၏။ "မင်းအမေ ဂွေးစိ ဟုတ်လား ... မင်းက ဘာသဘောလဲ။"

ဟမ် ... လက်မပါသေးဘူးလား။ တော်တော် ခေါင်းမာတဲ့ ကောင်တွေပဲ။

ကျိုးထျဲ့သည် စစ်သည်၏ ဘေးသို့ ထပ်မံ ချဉ်းကပ်သွားကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်ပြန်သည်။ "ခုနက ဆဲလိုက်တာက မင်းကို သင်ခန်းစာ ပေးတာပဲ။ ငါတို့ ခေါင်းဆောင်က ပြောတယ်။ မင်းတို့လို ရုပ်ဆိုးတဲ့ ကောင်တွေကို မြင်တာနဲ့ ရွံစရာကောင်းတယ်တဲ့။ မင်းတို့ သူ့ကို ဒူးထောက်ပြီး အကြိမ်သုံးဆယ်တိတိ ဦးတိုက်ပြီး ဒီကနေ တွားသွား ထွက်သွားမလား ဒါမှမဟုတ် ငြိမ်ငြိမ်လေး အရိုက်ခံမလားတဲ့။ ပြီးတော့ မင်းတို့ကို အခွင့်အရေး ပေးတုန်းလေး ယူထားလိုက်ဖို့နဲ့ အမြန်ဆုံး ဒူးထောက်လိုက်တာ အကောင်းဆုံးပဲလို့လည်း ပြောတယ်။"

စစ်သည်၏ တစ်ကိုယ်လုံးသည် တုန်ယင်လာခဲ့ပြီး လက်သီးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသောကြောင့် သွေးရောင်တစ်စက်မျှပင် မမြင်ရတော့ချေ။ သူသည် မုန်ဝေ့မင်အား စိုက်ကြည့်နေ၏။ နှစ်ချက်ခန့် ကြည့်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး ကျိုးထျဲ့အား အံကြိတ်ကာ ပြောလိုက်၏။ "ခွေးမသား .. မင်းက တမင်သတ်သတ် လာပြီး ရန်တိုက်ပေးနေတာပဲ။"

ကျိုးထျဲ့သည် ချက်ချင်းပဲ မုန်ဝေ့မင်၏ အနောက်သို့ ဝင်ပုန်းပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "ငါ ဘာပြောပြော မင်း အဲဒီအတိုင်း လိုက်ပြော။"

နောက်တစ်စက္ကန့်တွင် မုန်ဝေ့မင်သည် နားဘေးရှိ ဆံပင်တစ်စကို လက်နှစ်ချောင်းဖြင့် ညှပ်ကာ ဆွဲဆောင်မှုရှိစွာ သပ်တင်လိုက်ပြီး တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်၏။ "ရန်တိုက်ပေးရအောင် မင်းတို့က ထိုက်တန်လို့လား။"

စစ်သည်သည် ကျယ်လောင်စွာ အော်ဟစ်ပြီး ရုတ်တရက် လက်သီးဖြင့် လှမ်းထိုးလိုက်သည်။ "ချီးတဲ့မှပဲ .. သူများအပေါ် အရမ်း အနိုင်ကျင့်လွန်းနေပြီ။ ညီအစ်ကိုတို့ သူ့ကို ချစမ်း။"

ကျိုးထျဲ့သည် အလွန် ဝမ်းသာသွားခဲ့ပြီး မုန်ဝေ့မင်၏ အနောက်မှ ခုန်ထွက်လာကာ ညီအစ်ကိုတစ်ချို့ကို ခေါ်ဆောင်၍ အုပ်စုဖွဲ့ တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သရုပ်ဆောင်မှု ပိုမို ပီပြင်စေရန်အတွက် ထိုလူအနည်းငယ်သည် လက်သီးများနှင့် ခြေထောက်များ အပြန်အလှန် ပစ်လွှတ်ကာ အလွန် လှပဆန်းကျယ်စွာ တိုက်ခိုက်နေကြ၏။

တစ်ခါတစ်ရံတွင် မုန်ဝေ့မင်ထံသို့ တိုက်ခိုက်ခံထားရသဖြင့် သေလုမျောပါး ဖြစ်နေသော စစ်သည်တစ်ယောက်ကို ပစ်ပေးကာ ဟန်ရေးပြစေသည်။ ထို့နောက် ပြန်လည် ဆွဲယူကာ ဆက်လက် ရိုက်နှက်ကြသည်။

မိမိဘက်မှ အပြည့်အဝ အသာစီးရနေသည်ကို မြင်တွေ့လိုက်ရသည့်အချိန်မှာတော့ မုန်ဝေ့မင်၏ ရင်ထဲတွင်လည်း တည်ငြိမ်သွားခဲ့ပြီး သိုင်းပညာရှင် တစ်ယောက်၏ ဟန်ပန်ကို ဆက်လက် ထိန်းသိမ်းထားလိုက်၏။ နောက်ဆုံးတွင် ကျိုးထျဲ့သည် အချိန်ကောင်းကို ကြည့်ကာ အသက်တစ်ဝက်မျှသာ ကျန်တော့သော ခေါင်းဆောင် စစ်သည်အား မုန်ဝေ့မင်ထံသို့ ရုတ်တရက် ပစ်လွှတ်လိုက်၏။

မုန်ဝေ့မင်သည် ချက်ချင်းပဲ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ဓားကို ဝှေ့ယမ်းကာ ဓားထိပ်ဖျားဖြင့် စစ်သည်၏ လည်မျိုကို တည့်တည့် ချိန်ရွယ်လိုက်သည်။

တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။ မြင်ကွင်းသည် ဤတစ်ခဏတွင် ရပ်တန့်သွားသကဲ့သို့ပင်။

စားသောက်ဆိုင် အတွင်းရှိ စားသုံးသူများနှင့် တံခါးဝရှိ စပ်စုနေသော ပြည်သူများသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ ဤအချိန်တွင် မုန်ဝေ့မင်၏ ဆွဲဆောင်မှုရှိပြီး လွတ်လပ်ပေါ့ပါးသော ပုံရိပ်သည် သူတို့၏ ရင်ထဲတွင် ထာဝရ စွဲထင်သွားသကဲ့သို့ ဖြစ်သွားခဲ့၏။

ကျိုးထျဲ့သည် မုန်ဝေ့မင်အား စကားပြောရန် အလျင်အမြန် မျက်စေ့ပစ်ပြလိုက်သည်။

မုန်ဝေ့မင်သည် ချက်ချင်းပဲ ကျယ်လောင်စွာ ပြောလိုက်၏။ "ရဲတင်းလိုက်တဲ့ လူဆိုးတွေ။ နေ့ခင်းကြောင်တောင်ကြီးမှာ သာမန်ပြည်သူတွေကို အနိုင်ကျင့်ရဲတယ်ပေါ့လေ။ မင်းတို့ မျက်လုံးထဲမှာ ဥပဒေ ဆိုတာ မရှိဘူးလား။ လျန်ချွန်း စားသောက်ဆိုင်က တရားဝင် စီးပွားရေး လုပ်နေတာ။ မင်းတို့က လူပုံလယ်မှာ အကြွေးမဆပ်ဘဲ ပြည်သူတွေကိုပါ ရိုက်နှက်သေးတယ်။ ငါ မုန်ဝေ့မင်က လုံးဝ လက်မခံနိုင်ဘူး။"

ကြိုတင် ပြင်ဆင်ပြီး လာတာပဲ။ ဒီလိပ်မသားတွေက ကြိုတင် ပြင်ဆင်ပြီး လာတာပဲ။ မဟုတ်ရင် ငါတို့ အကြွေးမဆပ်တာကို ဘယ်လိုလုပ် သိမှာလဲ။

စစ်သည်သည် ခက်ခက်ခဲခဲဖြင့် ခေါင်းမော့လာခဲ့ပြီး စားသောက်ဆိုင်ပိုင်ရှင်အား ရက်စက်ကြမ်းကြုတ်စွာ ကြည့်၍ ပြောလိုက်သည်။ "ခွေးကောင် ... မင်း သွားတိုင်တာလား။"

စားသောက်ဆိုင်ပိုင်ရှင်မှာတော့ အလွန်အမင်း ကြောက်ရွံ့သွားခဲ့ပြီး ဘောင်းဘီဂွကြားသည် စိုရွှဲနေသည်။ ခြေထောက်နှစ်ချောင်းလုံး တုန်ယင်လျက် မြေပြင်ပေါ်သို့ ခွေကျသွား၏။ သူသည် မတရားခံရသည့်ဟန်ဖြင့် ပြောလိုက်၏။ "ကျုပ် တကယ် မတိုင်ပါဘူး စစ်သူကြီး။"

ပြီးပြီ။ သူ တစ်ဝက်တစ်ပျက် ကြိုးစားလာခဲ့သော စီးပွားရေးသည် ပြီးဆုံးသွားခဲ့ပြီ။ ဤစစ်သည် အနည်းငယ်သည် ဘာမှ ဖြစ်မည် မဟုတ်ပေ။ မကြာခင် ဤပြဿနာက ပြီးသွားပေမည်။ သူကတော့ နောက်ပိုင်းတွင် ဤစီးပွားရေးကို ဆက်လုပ်နိုင်ပါဦးမည်လား။

မုန်ဝေ့မင်သည် အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "တိုင်ရမယ်။ မင်းတို့ကို ဖမ်းဖို့ တိုင်စရာ လိုလို့လား။ မင်းတို့ရဲ့ ဆိုးသွမ်းမှုတွေကို ငါ အစောကြီးတည်းက ကြားပြီးသားပဲ။ ကျင်းယီဝေတပ်ဖွဲ့ဆိုတာ အရှင်မင်းကြီးရဲ့ အမိန့်ကို ခံယူပြီး တစ်လောကလုံးရဲ့ စည်းကမ်းတွေကို ထိန်းသိမ်းပေးရတာ။

ဒီနေ့ မင်းတို့လို တရားမဝင်တဲ့ ကောင်တွေကို ဖမ်းဖို့ လာတာပဲ။ ကျင်းယီဝေတွေရဲ့ အရှေ့မှာတောင် ပြည်သူတွေ ကို အနိုင်ကျင့်ရဲသေးတယ်ဆိုတော့ တကယ်ပဲ ကျားသစ်သည်းခြေကို စားထားတာလား။ ပိုင်ရှင်ကို ငွေ ဘယ်လောက် အကြွေးတင်နေတာလဲ။ အမြန် ပြန်ဆပ်စမ်း။"

တံခါးပြင်ပရှိ ပြည်သူများနှင့် စားသုံးသူများ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်အဝါများ တောက်ပနေကြ၏။ လမ်းမပေါ်တွင် တရားမျှတမှုကို ဖော်ဆောင်ပေးမည့်သူ ရှိနေပြီး ထိုမျှလောက် ချောမော ခန့်ညားနေသေးသည်။ ဇာတ်လမ်းများထဲမှ အရာများသည် သူတို့၏ မျက်စိရှေ့တွင် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။

စစ်သည်သည် မုန်ဝေ့မင်အား ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်လိုက်ပြီး ရင်ဘတ်ထဲမှ ငွေတုံးနှစ်တုံးကို တုန်တုန်ယင်ယင်ဖြင့် ထုတ်ယူကာ ကမ်းပေးလိုက်ပြီး တောင်းပန်လိုက်သည်။ "ညီအစ်ကို ... ပိုက်ဆံ ပေးမယ်လေ ရပြီလား။ ဒီနေ့ ကိစ္စကို ဒီလောက်နဲ့ပဲ ပြီးလိုက်ကြရအောင်။"

မုန်ဝေ့မင်သည် ထပ်မံ၍ ဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားအိမ်ထဲသို့ ဆွဲဆောင်မှုရှိစွာ ပြန်ထည့်လိုက်သည်။ ပြီးနောက် အရှေ့သို့ တက်၍ ငွေများကို လှမ်းယူလိုက်၏။

ငွေများကို ကိုင်ဆောင်ကာ စားသောက်ဆိုင်ပိုင်ရှင်၏ အနားသို့ လျှောက်သွားပြီး ညင်သာစွာ ထူမလိုက်ကာ အသံချိုချိုဖြင့် ပြောလိုက်သည်။ "အဘိုး ... ဒါက သူတို့ အကြွေးတင်နေတဲ့ ငွေတွေပါ။ ယူထားလိုက်ပါ။"

အသက်သုံးဆယ့်အရွယ်သာ ရှိသေးသော စားသောက်ဆိုင်ပိုင်ရှင်သည် ရှုပ်ထွေးနေသော စိတ်ခံစားချက်များဖြင့် ငွေများကို လှမ်းယူလိုက်ပြီး သူ မျက်နှာကိုပင် တိတ်တဆိတ် စမ်းကြည့်လိုက်မိသည်။ ပြီးနောက် ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် တပ်မှုး ...။"

အပိုင်း (၅၉၆) ကြယ်ပွင့်လေး ထွက်ပေါ်လာခြင်း။

မုန်ဝေ့မင်က ဖြောင့်မတ်မှန်ကန်သော ဟန်ပန်ဖြင့် ပြောလိုက်သည်။ "အဘိုး ... သူတို့ လက်စားချေမှာကို စိတ်ပူစရာ မလိုဘူး။ ကျင်းယီဝေတပ်ဖွဲ့ ရှိနေသရွေ့ ဒီလိုကိစ္စမျိုး လုံးဝ ထပ်ဖြစ်ခွင့် မရှိစေရဘူး။"

စားသောက်ဆိုင်ပိုင်ရှင်သည် ငွေများကို ကိုင်ဆောင်ထားရင်း တုန်ယင်နေသော နှုတ်ခမ်းများဖြင့် မုန်ဝေ့မင်အား ကြည့်ကာ မျက်တောင်များ အဆက်မပြတ် ခတ်နေမိသည်။ အခြေအနေကို အပြည့်အဝ သဘော မပေါက်သေးပုံရ၏။

မုန်ဝေ့မင်သည် လှည့်ကာ စစ်သည်၏ အရှေ့သို့ ထပ်မံ လျှောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ "မင်းတို့က ပိုက်ဆံလျော်လိုက်ရင် ပြီးသွားပြီလို့ ထင်နေတာလား။ ခုနက ပေးတဲ့ ပိုက်ဆံက ဒီတစ်ကြိမ်အတွက်ပဲ ရှိသေးတယ်။ အရင်က အကြွေးတင်နေတဲ့ ထမင်းဖိုးတွေကို အရင်းရော အတိုးပါ ပြန်ဆပ်ရမယ်။ ဒါတင်မကဘူး။ မင်းတို့ ပြဿနာရှာလို့ စားသောက်ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်သွားတဲ့အတွက်လည်း တာဝန်ယူရမယ်။"

စစ်သည်သည် မုန်ဝေ့မင်အား ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်လိုက်ပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ "ညီအစ်ကို ... ဒီလောက်ထိ လုပ်ဖို့ မလိုပါဘူး။ အားလုံးက လောကကြီးထဲမှာ ကျင်လည်နေကြတာပဲ။ မျက်နှာလေး နည်းနည်းတော့ ပေးပါ။"

မုန်ဝေ့မင်က ဒေါသတကြီး ပြောလိုက်သည်။ "ရိုင်းစိုင်းလိုက်တာ။ ဘယ်သူက မင်းနဲ့ ညီအစ်ကိုလဲ။ မင်းတို့က မြို့တော်စောင့်တပ်က စစ်သည်တွေ ဖြစ်နေလျက်နဲ့ စိတ်အေးချမ်းသာစွာ လေ့ကျင့်ဖို့ မစဉ်းစားဘဲ ရပ်ကွက်ထဲကို လာပြီး ပြည်သူတွေကို ပြဿနာရှာနေကြတယ်။

ကျင်းယီဝေတပ်ဖွဲ့ဆိုတာ တရားမဝင်တာတွေကို စစ်ဆေးဖို့ သီးသန့် တည်ထောင်ထားတာ။ မျက်နှာမလိုက်ဘူး။ ဒီနေ့ မင်းတို့ကို လွှတ်ပေးလိုက်ရင် နောင်ကျရင် အရှင်မင်းကြီးရဲ့ ယုံကြည်အပ်နှင်းမှုနဲ့ တစ်လောကလုံးက ပြည်သူတွေရဲ့ လုံခြုံရေးကို ဘယ်လိုလုပ် မျက်နှာပြရဲတော့မလဲ။"

တံခါးပြင်ပရှိ ပြည်သူများနှင့် စားသုံးသူများ၏ လက်ခုပ်သံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး အော်ဟစ်လိုက်ကြ၏။ "ကောင်းတယ်ဟေ့။"

မူလက တိတ်ဆိတ်နေခဲ့သော လျန်ချွန်းစားသောက်ဆိုင်သည် ချက်ချင်းပဲ လက်ခုပ်သံများဖြင့် ပြည့်နှက်သွားခဲ့၏။ ပြည်သူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာမှု၊ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေကြသည်။ ဤသည်မှာ ဒဏ္ဍာရီထဲမှ တရားမျှတသော တပ်မှုးတစ်ပါး မဟုတ်ပါလေား။ နေ့ခင်းကြောင်တောင်ကြီးမှာ အမှန်တကယ်ပဲ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

မုန်ဝေ့မင်က အမိန့်ပေးလိုက်၏။ "လူလာကြစမ်း။ ဒီလူတွေကို ဖမ်းလိုက်။"

မုန်ဝေ့မင် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ကျိုးထျဲ့သည် ညီအစ်ကိုတစ်ချို့ကို ခေါ်ဆောင်ကာ ခါးမှ ကြိုးများကို အလျင်အမြန် ဖြုတ်ယူလိုက်ပြီး သွက်လက်စွာဖြင့် စစ်သည် အနည်းငယ်ကို ဒူးထောက်လျက် အနေအထားဖြင့် မြေပြင်ပေါ်တွင် တုပ်နှောင်လိုက်ကြ၏။ ပြဿနာ မတက်စေရန် ပါးစပ်ထဲသို့လည်း အဝတ်စတစ်ခု ဆို့ထားလိုက်သည်။

အခြေအနေသည် လမ်းကြောင်းမှန်ပေါ်သို့ အပြည့်အဝ ပြန်လည် ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ရသည့် ချိန်မှာတော့ မုန်ဝေ့မင်၏ စိုးရိမ်နေသော စိတ်များသည် အတော်လေး လျော့ကျသွားခဲ့ပြီး ကျန်ရှိနေသည်မှာ သရုပ်ဆောင်ပြရန်သာ ကျန်တော့၏။

သို့ပေမည့် တံခါးပြင်ပတွင် ရှိနေသော ပိုမို များပြားလာသည့် လူအုပ်ကြီးကို တိတ်တဆိတ် လှမ်းကြည့်လိုက်မိသည့်အခါတွင်မူ မုန်ဝေ့မင်၏ ရင်ထဲတွင် မနေနိုင်ဘဲ အနည်းငယ် စိုးရိမ်ပူပန်သွားမိသည်။

သို့သော်ငြား ရုတ်တရက် စားသောက်ဆိုင် အတွင်းမှ တစ်ခါတစ်ရံ လွင့်ပျံလာသော ဟင်းနံ့များကို ရှူရှိုက်မိလိုက်ပြီးနောက် တိတ်တဆိတ် တံတွေးမြိုချလိုက်ကာ စိုးရိမ်နေသော စိတ်ခံစားချက်များသည်လည်း အတော်လေး ပြေလျော့သွားခဲ့၏။

ဦးနှောက်ထဲတွင် ယခင်က သင်ကြားပေးထားခဲ့သော အခြေအနေ အမျိုးမျိုးကို ဖြေရှင်းမည့် နည်းလမ်းများကို အဆက်မပြတ် ပြန်လည် စဉ်းစားနေလိုက်သည်။

မုန်ဝေ့မင်သည် လျန်ချွန်းစားသောက်ဆိုင်၏ တံခါးမကြီးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး ပြည်သူများကို မျက်နှာမူကာ ယုံကြည်မှု အပြည့်ရှိသော အပြုံးတစ်ခုကို ပြသလိုက်၏။ ထို့နောက် လက်နှစ်ဖက်ကို ဆန့်တန်းကာ ကျယ်လောင်စွာ ပြောလိုက်၏။ "မိဘပြည်သူများခင်ဗျာ … ကျင်းယီဝေတပ်ဖွဲ့ဆိုတာ အရှင်မင်းကြီးက တစ်လောကလုံးက ပြည်သူတွေကို ဂရုစိုက်တဲ့အနေနဲ့ ကိုယ်တိုင် အမိန့်ထုတ်ပြီး အထူး တည်ထောင်ထားတာပါ။ ဒီနေ့ကစပြီး အာဏာပိုင်တွေ၊ စစ်သည်တွေ အာဏာပြပြီး အနိုင်ကျင့်တဲ့ သူတွေကို ကျင်းယီဝေတပ်ဖွဲ့က စီမံခန့်ခွဲသွားပါမယ်။

ကျင်းယီဝေတပ်ဖွဲ့ ရှိနေသရွေ့ ပြည်သူတွေက အဲဒီ ယုတ်မာတဲ့ အရာရှိတွေရဲ့ အနိုင်ကျင့်မှုကို ခံရတာမျိုးကို လုံးဝ ခွင့်မပြုပါဘူး။ ကျင်းယီဝေတပ်ဖွဲ့ အတွင်းမှာ တရားမဝင်တဲ့ သူတွေ ရှိလာရင်တောင် တစ်လောကလုံးက ပြည်သူတွေက ထောက်ပြပေးဖို့ ဖိတ်ခေါ်ပါတယ်။

ကျင်းယီဝေတပ်ဖွဲ့က အမြဲတမ်း ခင်ဗျားတို့ရဲ့ အခိုင်မာဆုံး ကျောထောက်နောက်ခံ ဖြစ်နေပါလိမ့်မယ်။ ဒီနေ့ ကျုပ် မုန်ဝေ့မင်က ဒီမှာ စကားတစ်ခွန်း ထားခဲ့မယ်။ လိမ်ညာတဲ့ စကား တစ်ခွန်းပါခဲ့ရင် မိုးကြိုးပစ်ခံရပါစေ။"

စိတ်လှုပ်ရှားနေသော ပြည်သူတစ်စုသည် ထပ်မံ၍ ရူးသွပ်စွာ လက်ခုပ်တီးလိုက်ကြပြန်ပြီး အော်ဟစ်လိုက်ကြ၏။ "ကောင်းတယ်။ ကောင်းလိုက်တဲ့ စကား … ကျင်းယီဝေတပ်ဖွဲ့က တော်လိုက်တာ။"

ပြည်သူများသည် အစိုးရအပေါ် ယုံကြည်မှု မူလတည်းက သိပ်မမြင့်မားကြပေ။ အသစ်တည်ထောင်ထားသည်မှာ မကြာသေးသော ကျင်းယီဝေတပ်ဖွဲ့ဆိုသည်မှာ မည်သည့်အရာမှန်း ပို၍ပင် နားမလည်ကြချေ။ အားလုံးက အနည်းအကျဉ်းမှသာ ကြားဖူးကြသော်လည်း အတိအကျကို မည်သူက ဂရုစိုက်မည်နည်း။

ကျင်းယီဝေတပ်ဖွဲ့သည် အမှန်တကယ် အလုပ်လုပ်နေခြင်း ဖြစ်သည်။ ထို့အပြင် ခေါင်းမာသူများကိုသာ ရွေးချယ် တိုက်ခိုက်နေခြင်း ဖြစ်၏။ ယခုလို နေ့ခင်းကြောင်တောင်ကြီးတွင် ကျင်းယီဝေတပ်ဖွဲ့က အစိုးရဘက်မှ ပြစ်မှု ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခြင်းနှင့်အတူ တစ်ကိုယ်လုံး အဖြူရောင် ဝတ်ဆင်ထားပြီး ချောမော ခန့်ညားသော မုန်ဝေ့မင် ပါဝင်နေသောကြောင့် လူတိုင်းကို မယုံကြည်ဘဲ မနေနိုင်အောင် ဖြစ်နေခဲ့သည်။

လူအုပ်ထဲတွင် ဖန်ကျန်းရီ စီစဉ်ထားသော ဖားယားသူများသည် အနောက်မှ ကပ်လျက် အော်ဟစ်လိုက်ကြ၏။ "မုန်သူရဲကောင်းက မွန်မြတ်လိုက်တာ။"

ကျန်ရှိနေသော ပြည်သူများသည်လည်း သူတို့ကို အတုယူကာ မုန်သူရဲကောင်းဟု လိုက်လံ အော်ဟစ် လာကြသည်။

ဖန်ကျန်းရီသည် လူအနည်းငယ်ကို ခေါ်ဆောင်ကာ လူအုပ်ထဲတွင် လက်ပိုက် ရပ်နေပြီး မုန်ဝေ့မင်အား ကျေနပ်အားရစွာ အကဲခတ်နေ၏။ ကြည့်ရသည်မှာ သူ လူရွေးမမှားခဲ့ပေ။ ဤအကောင်သည် အပြင်ပန်း အသွင်အပြင် ကောင်းမွန်ပြီး ဇာတ်ကောင်ထဲသို့လည်း မြန်မြန် ဝင်ရောက်နိုင်သည်။ နောက်ဆက်တွဲ အနေဖြင့် သူ့အတွက် နာမည်တစ်ခု တည်ဆောက်ပေးရန်သာ ကျန်၏။

ကျင်းယီဝေတပ်ဖွဲ့ထဲသို့ ဝင်ရောက်လာပြီ ဖြစ်သဖြင့် သာမန် တပ်ဖွဲ့ဝင်လေး တစ်ယောက်အနေဖြင့် ဆက်ဆံ၍ မရနိုင်တော့ချေ။ သူ့ကို သူရဲကောင်းဆိုသည့် နာမည်တစ်ခု ပေးလိုက်ခြင်းက ပြန့်နှံ့မှု အားကောင်းလာမည်မှာ သိသာ ထင်ရှားလှသည်။

မုန်ဝေ့မင်သည် လျန်ချွန်းစားသောက်ဆိုင်၏ တံခါးဝတွင် ရပ်ကာ အောက်ဘက်မှ တောင်များ ပြိုကျပြီး ပင်လယ်ရေများ လှိုင်းထနေသကဲ့သို့ ထောက်ခံအားပေးသံများကို နားထောင်နေရင်း ရုတ်တရက် အိပ်မက်ထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုမျှလောက် လူအများကြီးက ... သူ့အား အားပေးနေကြသည်လား။

သာယာမှု။ ပြင်းထန်သော သာယာမှု တစ်ခုသည် လျှပ်စစ်စီးသွားသကဲ့သို့ ခေါင်းထိပ်မှနေ၍ ခြေဖဝါးအထိ စီးဆင်း သွားခဲ့သည်။ ဤအချိန်တွင် မုန်ဝေ့မင်သည် အနည်းငယ် နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။

လူကြီးလူကောင်း လုပ်ခြင်းသည် အမှန်တကယ်ပဲ ကောင်းမွန်သော ရွေးချယ်မှု တစ်ခု ဖြစ်သည်။ အမှိုက်များကို စားရပြီး ရုပ်ဆိုးမကြီးနှင့် အိပ်ရကာ သက်ငယ်မိုး အိမ်လေးတွင် နေရပြီး ဘာမှ မလုပ်ဘဲနှင့်တောင် ကြိမ်ဒဏ် အပေးခံရသည် ဆိုသော်လည်း ...

လေညင်းတစ်ချက် တိုက်ခတ်သွားခဲ့ပြီး မုန်ဝေ့မင်၏ နားထင်ဘေးရှိ ဆံပင်အမည်းရောင် နှစ်စကို လွင့်ပျံသွားခဲ့ရာ နတ်သားတစ်ပါးကဲ့သို့ပဲ ထင်မှတ်ရစေသည်။ မျက်နှာပေါ်တွင် အနည်းငယ် ယားယံလာသဖြင့် မုန်ဝေ့မင်သည် သဘာဝကျစွာပဲ လက်ဆန့်ထုတ်၍ သပ်တင်လိုက်ရာ ဆွဲဆောင်မှုရှိသည့် ဟန်ပန်က ထင်းခနဲ ပေါ်လာသည်။

လူအုပ်ထဲရှိ အမျိုးသမီးငယ်များနှင့် အိမ်ထောင်ရှင်မများသည် ချက်ချင်းပဲ အနောက်မှ လိုက်၍ အော်ဟစ် လိုက်ကြသည်။ ပြီးနောက် လူအုပ်ကြီးသည် ထပ်မံ၍ ဆူညံစွာ အော်ဟစ်နေကြပြန်၏။

အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည့်အချိန်မှာတော့ မုန်ဝေ့မင်သည် လက်နှစ်ဖက်ကို ညင်သာစွာ ဖိချလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ "မိဘပြည်သူများ .. ညီအစ်မများရဲ့ ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ... အားလုံးပဲ လူစုခွဲလိုက်ကြပါတော့။ ဆက်ပြီး စုဝေးနေမယ်ဆိုရင် သူများ စီးပွားရေး လုပ်တာကို ထိခိုက်သွားပါလိမ့်မယ်။ ဒီနေ့ အနှောင့်အယှက် ဖြစ်သွားရတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။"

လူအုပ်ကြီးသည် အော်ဟစ်လိုက်ကြ၏။ "မုန်သူရဲကောင်း .. ကျုပ်တို့ ဘာမှ မဖြစ်ပါဘူး။ ပြောစရာရှိတာ ဆက်ပြောပါ။”

“ဟုတ်တယ် .. ကျုပ်တို့ကို မထိခိုက်ပါဘူး။ မုန်သူရဲကောင်းက အရမ်းကို ဂရုစိုက်တတ်တာပဲ။"

လျန်ချွန်းစားသောက်ဆိုင်ပိုင်ရှင်သည် ထိုအချိန်တွင် ရုတ်တရက် အနောက်မှ ထွက်လာခဲ့ပြီး လက်ထဲတွင် ကြာဖက်ဖြင့် ထုပ်ထားသော အထုပ်အချို့ကို ကိုင်ဆောင်ကာ မုန်ဝေ့မင်၏ ဘေးသို့ ကပ်သွားပြီး ပြောလိုက်သည်။ "မုန်သူရဲကောင်း ... ဒီနေ့ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျုပ် ဘယ်လောက်တောင် မတရားခံရအုံးမလဲ မသိဘူး။ တကယ် ပင်ပန်းသွားပါပြီ။ ဒီဟင်းတွေက လျန်ချွန်းစားသောက်ဆိုင်ရဲ့ နာမည်ကြီး ဟင်းလျာတွေပါ။ သေချာပေါက် ယူသွားပြီး စားပေးပါ။ နောက်ပိုင်း လျန်ချွန်းစားသောက်ဆိုင်ကို လာရင် ကျုပ်တို့ ငွေတစ်ပြားမှ လုံးဝ မယူပါဘူး။"

မုန်ဝေ့မင်သည် ကြာဖက်ထုပ်များကို စိုက်ကြည့်နေပြီး သွားရည်များ ရူးသွပ်စွာ စုဝေးလာခဲ့သည်။ ရင်ထဲတွင်လည်း အလွန်အမင်း ဝေခွဲမရ ဖြစ်နေ၏။

စားချင်လိုက်တာ ... ချီးတဲ့မှ။ ငါ့ကို ဟင်းရည်လေး တစ်ငုံလောက် သောက်ခိုင်းရင်တောင် ရတယ်။ ဒါပေမဲ့ ယူလိုက်တာနဲ့ သေချာပေါက် သေရမှာပဲ။ တောင်းဆိုထားတဲ့အတိုင်း ဆက်သွားရအုံးမယ်။

ဖန်ကျန်းရီ၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို ပြန်လည် တွေးတောလိုက်မိပြီး မုန်ဝေ့မင်သည် မျက်လုံးများကို မှိတ်ကာ လက်နှစ်ဖက်ဖြင့် အားကုန်သုံး၍ တွန်းထုတ်လိုက်၏။ သူက ကျယ်လောင်စွာ ပြောလိုက်သည်။ "အဘိုး ... ဒီလို လုပ်ဖို့ မလိုပါဘူး။ ပြည်သူတွေအတွက် အလုပ်လုပ်ပေးရတာက ကျင်းယီဝေ တပ်ဖွဲ့ရဲ့ မွေးရာပါ တာဝန်ပဲ။ ကျင်းယီဝေ တစ်ယောက် အနေနဲ့ ပြည်သူတွေဆီက ပစ္စည်း တစ်စွန်းတစ်စလေးတောင် ယူလို့ မရဘူး။ ဒီဟင်းလျာတွေအတွက် စေတနာကိုပဲ လက်ခံလိုက်ပါမယ်။

ဒါပေမဲ့ နောက်ပိုင်း ထမင်းစားရင် ပိုက်ဆံမပေးရဘူးဆိုတဲ့ စကားမျိုး မပြောပါနဲ့တော့။ ပြည်သူတွေက ကျုပ်တို့ကို ဘာမှ အကြွေးမတင်ထားပါဘူး။ ဒါပေမဲ့ ကျုပ်တို့ ကောင်းကောင်း မလုပ်နိုင်ရင် ကျုပ်တို့က ပြည်သူတွေအပေါ် အကြွေးတင်သွားမှာပါ။ ဒီနေ့ ကျုပ် လာတာ နောက်ကျသွားတယ်။ ကျုပ်သာ စောစောလေး ရောက်လာခဲ့ရင် အဘိုးရဲ့ ဆုံးရှုံးမှုတွေကို နည်းနည်းလောက် လျှော့ချပေးနိုင်မှာပါ။"

မုန်ဝေ့မင်သည် ကရုဏာသက်သည့် မျက်နှာထားကို စတင် ပြသလိုက်ပြီး လေယူလေသိမ်းတွင်လည်း အဆုံးအစ မရှိသော နောင်တတရားများ ပါဝင်နေသကဲ့သို့ပင်။

မျက်ရည်ကျခြင်း။

အော်ဟစ်နေကြသော ပြည်သူတစ်စုသည် စတင်၍ မျက်ရည်ကျလာကြ၏။ ဤမျှ အရွယ်ရောက်လာသည်အထိ အထက်တန်းလွှာမှ လူကြီးမင်းများက ဤကဲ့သို့သော စကားမျိုး ပြောသည်ကို ကြားဖူးခဲ့သနည်း။ သူတို့ကို မျက်လုံးတည့်တည့် ကြည့်ပေးရုံနှင့်ပဲ လူရာသွင်းသည်ဟု သတ်မှတ်၍ ရနေပြီ ဖြစ်သော်လည်း ယခုအချိန်တွင်မူ ပြည်သူများအတွက် တရားမျှတအောင် လုပ်ပေးနေသူသည် မျက်စိရှေ့တွင် ရှိနေ၏။ အဓိကအချက်မှာ ထိုသူသည် ရုပ်ရည်လည်း ချောမောနေသေးသည်။

မုန်ဝေ့မင်သည် လက်ကို ဆုပ်ကာ ပြောလိုက်၏။ "မိဘပြည်သူများ၊ ညီအစ်မများ ... ကျုပ်တို့ ရေစက်ပါရင် ထပ်ဆုံကြအုံးမှာပါ။ အားလုံးပဲ လူစုခွဲလိုက်ကြပါတော့။"

ပြောပြီးသည်နှင့် အနောက်သို့ လက်ယမ်းပြလိုက်ရာ ကျိုးထျဲ့သည် လူများကို ခေါ်ဆောင်ကာ စစ်သည် အနည်းငယ်ကို ဖမ်းဆီး၍ မြင်းစီးကာ ထွက်ခွာသွားကြသည်။

မုန်ဝေ့မင်သည် မြင်းကို စီးနင်းထွက်ခွာပြီး အနောက်တွင်လည်း စပ်စုချင်သော ပြည်သူတစ်စု လိုက်ပါ လာခဲ့ကြ၏။

All Chapters