အခန်း ၂၄၂
Vol. 25 Ch. 242
🍋 Chapter 242
ကျိုးထျန်းသည် ဒုကျောင်းအုပ်ခုန်း၏ အချက်အလက်များကို သေသေချာချာ လေ့လာကြည့်ရာ ဤလူမှာ သတိကြီးလှသော်လည်း အားနည်းချက် လုံးဝမရှိသည်တော့ မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော်လည်း ဤလူကို ကိုင်တွယ်ရခြင်းမှာ အခြားသူများကို ကိုင်တွယ်ရသည်နှင့် မတူချေ။
အကယ်၍ ထိုလူမှ သူ့ကို အမှန်တကယ် ပစ်မှတ်ထားနေခြင်းဖြစ်ပါက အတော်လေး ဒုက္ခများပေလိမ့်မည်။
ကျောင်း၏အဆင့်မြင့်ဆုံး ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် ကျောင်းသားများအပေါ် ကြီးမားသော လုပ်ပိုင်ခွင့်အာဏာကို ကိုင်စွဲထားသည်။
သာမန်ကျောင်းသားများကို ထားလိုက်လျှင်ပင် ချမ်းသာကြွယ်ဝသည့် စီးပွားရေးသမားတစ်ဦးပင် ဤကဲ့သို့သော ရာထူးအဆင့်အတန်းရှိသူတစ်ဦးကို ထိခိုက်အောင် ပြုလုပ်ရန် ခဲယဉ်းပေလိမ့်မည်။
ကျောင်းနှင့် ဒုကျောင်းအုပ်ကြီးဟူသော ရာထူးအရှိန်အဝါက သူ့ကို ဖောက်ထွင်း၍မရသည့် ဒိုင်းကာတစ်ခုကဲ့သို့ ကာကွယ်ပေးထားသောကြောင့် ဖြစ်သည်။
‘မလောပါဘူး... ရန်သူက ငါ့ဆီ အရင် လာရှာမယ့်အချိန်ကိုပဲ စောင့်ကြည့်ကြသေးတာပေါ့’
သို့သော်လည်း သူသည် အဆိုးဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
သူ ကျောင်းခေတ္တနား လိုက်ရုံမျှသာ ရှိမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက ပြည်ပသို့ သွားရောက်ကာ ပညာသင်ကြားရုံသာ ရှိသည်။
မိမိတွင် ပိုက်ဆံရှိနေသရွေ့ မည်သည့်တက္ကသိုလ်မဆို သူ့အတွက် တံခါးများကို ဖွင့်လှစ်ပေးကြမည် သေချာသည်။
ပြည်တွင်း အိမ်ခြံမြေသူဌေးကြီးတစ်ဦးဖြစ်သူ ဖန်ရှီထိုးသည် ဟားဗတ်တက္ကသိုလ် သို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တိတိ လှူဒါန်းခဲ့သည်။
ထိုသူက တကယ်ပဲ အပြည်ပြည်ဆိုင်ရာ ပရဟိတသမားတစ်ဦး ဖြစ်ချင်လွန်း၍ လှူဒါန်းခဲ့သည်လော။
လူအတစ်ယောက်ပင်လျှင် ဤအရာမှာ အကျိုးလိုသောကြောင့် ညောင်ရေသွန်းခြင်း ဖြစ်ကြောင်း သိရှိနိုင်ပေသည်။
သူ လှူဒါန်းပြီးနောက်တွင် သူ၏ အငယ်ဆုံးသမီးဖြစ်သူမှာ ဝင်ခွင့်စာမေးပွဲများနှင့် လူတွေ့စစ်ဆေးခြင်းများကို အလွယ်တကူ ကျော်ဖြတ်ကာ ဟားဗတ်တက္ကသိုလ်သို့ ချောချောမွေ့မွေ့ တက်ရောက်နိုင်ခဲ့သည်။
၎င်းတင်မကသေးဘဲ သူသည် နှစ်စဉ် သတ်မှတ်ထားသည့် အမြဲတမ်း အကြံပြုထောက်ခံခွင့် ရာထူးနေရာတစ်ခုကိုပါ ရရှိခဲ့သေးသည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူသည် နှစ်စဉ် သူ၏ သမီးဖြစ်သူကဲ့သို့ လူငယ်တစ်ဦးကို ဤကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးဆီသို့ အားစိုက်ထုတ်မှု အနည်းဆုံးဖြင့် အလွယ်တကူ တက်ရောက်နိုင်အောင် စေလွှတ်ပေးနိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် ငွေရှိလျှင် အရာရာ ပြီးမြောက်နိုင်ကြောင်း သက်သေပြနေပေသည်။
ကျိုးထျန်း ပေါ့ပေါ့ပါးပါးဖြင့် ကော်ဖီဆိုင်တစ်ဆိုင်ကို ရှာဖွေကာ မိမိကိုယ်မိမိ စိတ်ကြည်လင်စေရန် လတ်တေး ကော်ဖီတစ်ခွက် မှာယူလိုက်သည်။
ယနေ့မနက် အန်တီလီ ပြင်ဆင်ပေးခဲ့သည့် မနက်စာမှာ အလွန်အမင်း ကောင်းမွန်လွန်းလှသဖြင့် သူ ဗိုက်ပင် ကွဲလုနီးပါး ဖြစ်ခဲ့ရသည်။
အန်တီလီ၏လက်ရာမှာ အလွန်ကောင်းမွန်လှသည်။
သူမသည် စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးပြီး အချက်အပြုတ် လက်မှတ်ရ စာမေးပွဲကို အောင်မြင်ထားသူ ဖြစ်ရမည်ဖြစ်ရာ စနစ်တကျ ကျွမ်းကျင်သင်တန်း တက်ရောက်ထားဖူးကြောင်း ထင်ရှားလှပေသည်။
ကော်ဖီသောက်ပြီးနောက်၊ သူ စိတ်အပန်းဖြေရန်နှင့် စာဖတ်ရန်အတွက် စာအုပ်ဆိုင်တစ်ဆိုင်သို့ ပေါ့ပေါ့ပါးပါး လှမ်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျောင်းဝင်းအတွင်းရှိ အခြေအနေများကိုလည်း သူ လှမ်း၍ စစ်ဆေးနိုင်ပေသည်။
စာအုပ်ဆိုင်မှာ ကျောင်းနှင့် နီးပြီး လမ်းလျှောက်ပါက ၁၀ မိနစ်ခန့်သာ ကြာမြင့်သည်။
သူ ဤနေရာကို ရွေးချယ်ရခြင်းမှာ အကယ်၍ ကျောင်းဝင်းအတွင်း တစ်စုံတစ်ရာ ဖြစ်ပွားပါက ချက်ချင်း ရောက်ရှိသွားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။
မနက် ၉ နာရီ ၁၀ မိနစ်တွင် စာသင်ခန်းထဲ၌ ကျောင်းသားများနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
တရုတ်ဘာသာစကားနှင့် စာပေအထူးပြု ကျောင်းသားများသာမက ရုပ်ရှင်ရိုက်ကူးရေးတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသားအားလုံးကိုပါ ဤစာသင်ခန်းတစ်ခုတည်း၌ သီအိုရီသင်တန်း တက်ရောက်ရန် စီစဉ်ပေးထားခဲ့ခြင်း ဖြစ်သည်။
တစ်ပတ်ကျော်ကြာ အတူတူ ဖြတ်သန်းခဲ့ကြပြီးနောက်၊ ကျောင်းသား ၄၀ ကျော်မှာ အချင်းချင်း အတော်လေး ရင်းနှီးနေကြပြီ ဖြစ်သဖြင့် အားလုံးက ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခုကို သတိပြုမိလိုက်ကြသည်။
အတန်းထဲတွင် သူဌေးသား ဖြစ်သည့် ကျိုးထျန်းတစ်ယောက် ရောက်မလာခဲ့ချေ။
သို့သော် သူ၏ ရည်းစားဖြစ်သူ လျိုမုယန်ကတော့ ရှေ့ဆုံးတန်းတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။
သူတို့နှစ်ဦးက အမြဲတမ်း ခွဲမရအောင် တွဲနေကြသည် မဟုတ်ပါလား။
‘အခု ဘာ့ကြောင့် အတူမရှိနေကြတာလဲ’
‘ကျိုးထျန်းတစ်ယောက် လူရှုပ်ကြီး ဖြစ်သွားတာလား’
အကယ်၍ အရင်တုန်းကသာ ဆိုလျှင် မုယန်မှ ကျိုးထျန်းကို ဖြတ်ပစ်လိုက်ပြီဟု သူတို့ သေချာပေါက် သံသယဝင်ကြလိမ့်မည်။
သို့သော် ဟန်တျန်းတွင် ကျင်းပခဲ့သည့် အနုပညာရှင်များနှင့် တွေ့ဆုံပွဲ ပြီးကတည်းက၊ မိမိတို့၏ အတန်းဖော်မှာ မည်မျှအထိ အစွမ်းထက်ကြောင်း အားလုံးက သေသေချာချာ သိရှိသွားခဲ့ကြပြီဖြစ်သည်။
ထို့ကြောင့် ယခုအခါတွင် သူတို့နှစ်ဦး ကွဲကွာသွားကြခြင်းမှာ ကျိုးထျန်းက စိတ်ပြောင်းသွားခြင်း သို့မဟုတ် လူရှုပ်လုပ်ခြင်းကြောင့် ဖြစ်ရမည်ဟု ဗီဇအရ ခံစားလိုက်ကြရသည်။
ဘာပဲဖြစ်ဖြစ် ဒီလောက်တောင် ငွေနဲ့ အာဏာရှိနေမှတော့ သူရည်းစားတွေ အများကြီး ထားတာက ပုံမှန်ပဲ မဟုတ်ပါလား။
ဤအခြေအနေကြောင့် အတန်းထဲက မိန်းကလေးများနှင့် ယောက်ျားလေး အချို့မှာ စိတ်ကူးစိတ်သန်းအချို့ ပေါ်ပေါက်လာခဲ့ကြသည်။
သူတို့နှစ်ဦး ပြတ်သွားပြီ ဖြစ်သောကြောင့် မိမိတို့အနေဖြင့် ရှေ့ဆက်တိုးရန် အခွင့်အရေး ရရှိသွားပြီ မဟုတ်ပါလားဟု အားလုံးက တွေးတောလိုက်ကြသည်။
မျှော်လင့်ချက် ပြည့်နှက်နေသည့် မျက်ဝန်းများစွာက လျိုမုယန်၏ နောက်ကျောဆီသို့ ကျရောက်နေခဲ့သော်လည်း၊ သူမကတော့ ထိုပြင်းထန်လှသည့် ရမ္မက်မျက်လုံးများကို သတိမပြုမိခဲ့ချေ။
သူမသည် ကျိုးထျန်း မိမိထံသို့ ပေးပို့ထားခဲ့သည့် စာသားများကိုသာ အာရုံစိုက်နေခဲ့သည်။
သူက WeChat တွင် မိမိ၌ အရေးကြီးကိစ္စတစ်ခု ရှိနေသဖြင့် ကျောင်းသို့ ယာယီ လာရောက်နိုင်မည် မဟုတ်ကြောင်း ပြောကြားထားခဲ့သော်လည်း အကြောင်းရင်းကိုမူ ရှင်းပြခဲ့ခြင်း မရှိချေ။
ကျိုးထျန်းမှာ အလွန်အစွမ်းထက်ကြောင်း သူမ သိရှိသော်လည်း တစ်စုံတစ်ရာ မှားယွင်းနေသလိုမျိုး ခံစားနေရဆဲ ဖြစ်သည်။
သူမ မိမိ၏ စိတ်ကူးများကို ဖယ်ရှားလိုက်စဉ်မှာပင် ဆရာဖြစ်သူမှ အတန်းခေါ်ချိန်ကို စတင် စစ်ဆေးတော့သည်။
ကျိုးထျန်း၏ နာမည်ကို ခေါ်ဆိုလိုက်သောအခါ သဘာဝကျစွာပင် မည်သူမျှ ပြန်လည် ထူးထူးခြင်း မရှိချေ။
နည်းပြဆရာက မျက်မှောင်ကြုတ်လိုက်ပြီး ဖောင်ပေါ်က သူ့နာမည်ကို ခြစ်ထုတ်လိုက်တော့သည်။
တစ်နာရီခန့် ကြာမြင့်ပြီးနောက်၊ အစပိုင်းတွင် ကျိုးထျန်း နောက်ကျနေခြင်းသာ ဖြစ်မည်ဟု ထင်မှတ်ထားကြသူများမှာ သူ ယနေ့ လာလိမ့်မည် မဟုတ်ကြောင်း သိရှိလိုက်ကြရသည်။
မိန်းကလေးအများစုက စိတ်ပျက်သွားသည့် အမူအရာများ ပြသခဲ့ကြသော်လည်း၊ ယောက်ျားလေးများကတော့ ပျော်ရွှင်စွာဖြင့် ပြုံးရွှင်နေခဲ့ကြသည်။
သူတို့သည် ပြီးခဲ့သည့်ရက်ပိုင်းက အတူတူ ကောင်းမွန်စွာ ဖြတ်သန်းခဲ့ကြသဖြင့် လူ ၄၂ ဦးပါဝင်သည့် WeChat ဂရု တစ်ခုကို တည်ဆောက်ထားခဲ့ကြသည်။
အခုအချိန်တွင် အတန်းဖော် အများအပြားက ဂရုထဲတွင် လှမ်း၍ ခေါ်ဆိုနေကြသည်။
"အကိုကျိုး... အကိုကျိုး၊ ပြန်ထူးပါဦး"
"အကိုကျိုး... ဒီနေ့ ဘာလို့ ရောက်မလာတာလဲ"
"အကိုကျိုး... လာမှာလား မလာဘူးလား၊ ဆရာက နေ့တိုင်း အတန်းခေါ်နေတာနော်"
သို့သော် သူတို့ မည်မျှပင် လှမ်း၍ ခေါ်ဆိုနေကြပါစေ၊ ကျိုးထျန်းမှာ ပျောက်ကွယ်သွားသည့်အလား မည်သည့် ပြန်လည်တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့ချေ။
ဤသည်မှာ သူ ဖုန်းကို မကြည့်ရသေး၍ မဟုတ်ဘဲ တမင်သက်သက် လျစ်လျူရှုထားခြင်း ဖြစ်သည်။
စာအုပ်ဆိုင်ထဲတွင် သူသည် ဟီဂါရှီနို ကေအီဂို ရေးသားထားသည့် စာအုပ်တစ်အုပ်ကို အာရုံစိုက် ဖတ်ရှုနေခဲ့ပြီး၊ ကျောင်းထဲသို့ ဝင်ရောက်ခွင့်မရသည့် အကျပ်အတည်းနှင့် စိုးရိမ်ပူပန်မှုများကို လုံးဝ ဂရုမစိုက်ဘဲ ရှိနေခဲ့သည်။
သူ မိမိ၏ ဖုန်းကို လှမ်းကြည့်လိုက်ရာ သီအိုရီသင်တန်း စတင်ခဲ့သည်မှာ တစ်နာရီခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း၊ သူ၏ အတန်းပိုင်ဆရာမက သူ့ထံသို့ လုံးဝ ဆက်သွယ်လာခြင်းမရှိချေ။
သူ ပြုံးလိုက်ပြီး ဖုန်းကို ချကာ စာကို ဆက်လက် ဖတ်ရှုနေခဲ့သည်။
"အတန်းပိုင်ဆရာမတစ်ယောက်အနေနဲ့ သူမရဲ့ ကျောင်းသားတစ်ယောက်က အကြောင်းပြချက်မရှိဘဲ ပျက်ကွက်နေတာကို လုံးဝ ဂရုမစိုက်ဘူးလား၊ ဖုန်းတစ်ကောလ်တောင် မခေါ်ဘူး၊ We Chat စာတစ်ကြောင်းတောင် မပို့ဘူးဆိုတာ... အချက်တစ်ခုတည်းကိုပဲ ညွှန်ပြနေတယ်"
"သူမက ငါ ဒီနေ့ ကျောင်းထဲကိုဝင်လို့ရမှာ မဟုတ်ဘူးဆိုတာကို ကြိုတင် သိရှိနေခဲ့တာပဲ"
ကျိုးထျန်းသည် အတန်းပိုင်ဆရာမ၏ ဖုန်းခေါ်ဆိုမှုကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်၊ သူမအနေဖြင့် မိမိ၏ အခြေအနေကို လာရောက် စုံစမ်းမလားဟု စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ဤသည်က အနည်းဆုံးတော့ သူမအနေဖြင့် မိမိအပေါ် ပစ်မှတ်ထားသည့် ကိစ္စရပ်တွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း သက်သေပြနိုင်ပေလိမ့်မည်။
သို့သော် အခုကြည့်ရသည်မှာ သူမသည် ကြံရာပါတစ်ဦး မဟုတ်ခဲ့လျှင်ပင်၊ အနည်းဆုံးတော့ တစ်စုံတစ်ယောက်က ဉာဏ်ဆင်နေသည်ကို သိလျက်နှင့် တိတ်ဆိတ်စွာ နေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
‘ဒီလိုဆိုမှတော့... သူမကိုလည်း ဆက်ပြီး ထားလို့မရတော့ဘူး’
သူ စာအုပ်စာမျက်နှာများကို လှန်ရင်း မိမိ၏ ဆုံးဖြတ်ချက်ကို ချလိုက်တော့သည်။
ဤကဲ့သို့သော လူမျိုးမှာ ဘာမျှ မလုပ်ဆောင်သည့် ပုံစံမျိုး ရှိနေသော်လည်း အမှန်တကယ်တွင်မူ အလွန်အမင်း စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပေသည်။
အခြေခံဝန်ထမ်းများမှာ မည်သည့် စည်းကမ်းချက်မျှ မရှိဘဲ အခွင့်အရေးသမား သက်သက်သာ ဖြစ်ကြသည်။
သူသည် နေ့လယ်စာ စားချိန်အထိ စာဖတ်လိုက်ပြီးနောက်၊ ကိုယ်လက် ဆန့်တန်းကာ စာအုပ်အချို့ကို ကောက်ကိုင်၍ ငွေရှင်းကောင်တာထံသို့ လှမ်းလာခဲ့သည်။
ထိုဗီလာရှိ စာကြည့်ခန်းမှာ အလွတ်ကြီး ဖြစ်နေသဖြင့် စာအုပ်အချို့ လိုအပ်နေခဲ့ရာ၊ သူ လမ်းကြုံခိုက် ဝယ်ယူလိုက်ခြင်းဖြစ်သည်။
သူသည် စာကြည့်ခန်းကို ပိုမို၍ ခန့်ညားထည်ဝါသွားစေရန်အတွက် ဂန္ထဝင်ဝတ္ထုအချို့ကိုပါ တမင်သက်သက် ဝယ်ယူလိုက်သေးသည်။
ဘာပဲဖြစ်ဖြစ် စာကြည့်ခန်းတစ်ခုလုံးတွင် ဝတ္ထုများချည်းပဲ ရှိနေ၍ မဖြစ်ချေ၊ ပိုမို၍ စမတ်ကျပြီး ခန့်ညားစေရန်အတွက် လေးနက်ပြီး ဆန်းကြယ်လှသည့် စာအုပ်အချို့လည်း ရှိနေရပေလိမ့်မည်။
‘တစ်မနက်လုံး ငါ့ဆီကို ဘယ်သူမှ လာမရှာကြဘူး၊ သူတို့က တော်တော်လေး စိတ်ရှည်ကြတာပဲ’
‘ဒါဆိုရင်လည်း... ငါ အိမ်ပြန်ပြီး တစ်ရေးလောက်ပဲ အိပ်တော့မယ်’
သူ ကားပေါ်သို့ တက်လိုက်ပြီး ဗီလာသို့ တိုက်ရိုက် မောင်းနှင် ပြန်လာခဲ့သည်။
နောက်တစ်နေ့တွင်လည်း သူ ကျောင်းဝင်းတံခါးဝသို့ စောစီးစွာ ရောက်ရှိလာခဲ့ပြန်ရာ၊ မနေ့ကကဲ့သို့ပင် လုံခြုံရေးဝန်ထမ်းများ၏ တားဆီးခြင်းကို ခံခဲ့ရသည်၊ အကြောင်းရင်းကတော့ အတူတူပင်ဖြစ်သည်၊ ၎င်းမှာ ‘ကျောင်းသားကတ်’ ဖြစ်သည်။
သူသည် ပြုံး၍သာ ထွက်ခွာလာခဲ့ပြီး လုံခြုံရေးဝန်ထမ်းများနှင့် မည်သို့မျှ ငြင်းခုံခြင်း မပြုခဲ့ချေ။
သီအိုရီသင်တန်းများ လုံးဝ ပြီးဆုံးသွားပြီး အခြားသော ကျောင်းသားများ၏ စစ်ပညာသင်တန်းများပါ ပြီးဆုံးသွားသည့်တိုင်အောင် သူ ကျောင်းထံကနေ မည်သည့် ဖုန်းခေါ်ဆိုမှုမျှ မရရှိခဲ့ချေ။
‘ဟဲ... သူတို့က တော်တော်လေး စိတ်ရှည်ကြတာပဲ၊ ပြင်ဆင်မှုတွေကို သေသေချာချာ လုပ်ဆောင်ထားကြပုံရတယ်’
‘ဒါပေမဲ့ မကြာခင် ဖြစ်လာတော့မယ်လို့ ငါ ခန့်မှန်းမိတယ်’
‘ဘာပဲဖြစ်ဖြစ် သူတို့သာ မလှုပ်ရှားသေးဘူးဆိုရင် ငါက ဆက်ပြီး စောင့်ဆိုင်းနေတော့မှာ မဟုတ်ဘူး’
ကျိုးထျန်း၏ စိတ်ရှည်မှုမှာ အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဒါ့အပြင် ဆန်းတို့စ် စေလွှတ်လိုက်သည့် လူများလည်း ရောက်ရှိလာခဲ့ကြပြီဖြစ်ရာ၊ သူသည် အာရှသား ကြေးစားစစ်သား ၄ ဦးကို အနီးအနားရှိ လူနေရပ်ကွက်တစ်ခုတွင် တည်းခိုနေထိုင်စေခဲ့သည်။
သူတို့သည် ဗီလာကို အလှည့်ကျ စောင့်ကြပ်ကြရမည်ဖြစ်ပြီး၊ အခြားသူများကတော့ ၎င်းတို့၏ တည်းခိုခန်းတွင် အနားယူကြရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ မိမိ၏ ရိုးရွိုက် ကားကိုလည်း နောက်ဆုံးတွင် အသုံးချနိုင်တော့မည် ဖြစ်သည်။
ဤလူများမှာ သံချပ်ကာမော်တော်ယာဉ်များကိုပါ မောင်းနှင်နိုင်ကြသူများ ဖြစ်သဖြင့်၊ သူ့အတွက် အကောင်းဆုံး ဒရိုင်ဘာများ ဖြစ်လာကြပေလိမ့်မည်။
တနင်္လာနေ့တွင်မူ သူသည် ထုံးစံအတိုင်း စောစော နိုးလာခဲ့ပြီး၊ နောက်ဆုံးတွင်တော့ မသိသည့် ဖုန်းနံပါတ်တစ်ခုထံကနေ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။