အခန်း ၂၄၄
Vol. 25 Ch. 244
🍋 Chapter 244
ကျန်းအိုက်ကျယ်သည် ဖူတန့်တက္ကသိုလ်၏တိုင်းပြည်ပညာပေးရေးဌာန ညွှန်ကြားရေးမှူးဖြစ်သဖြင့် တက္ကသိုလ်စနစ်အတွင်း ကျောင်းအုပ်ကြီးပြီးလျှင် အမှန်တကယ် ဩဇာအာဏာအရှိဆုံး လူနည်းစုထဲမှ တစ်ဦး ဖြစ်ပေသည်။
သူမ၏ အလုပ်အကိုင်တာဝန်ကို ရှင်းပြရန်မှာ အနည်းငယ် ရှုပ်ထွေးသော်လည်း ကုမ္ပဏီတစ်ခု၏ ဌာနခွဲများနှင့် နှိုင်းယှဉ်ပြရမည်ဆိုပါက သူမသည် လူ့စွမ်းအားအရင်းအမြစ်မန်နေဂျာ နှင့် တူညီပေသည်။
အတိုချုပ်ပြောရလျှင် သူမ၏အလုပ်မှာ "လူများ" ကို ကိုင်တွယ်ရခြင်း ဖြစ်သည်။
လူများကို စီမံခန့်ခွဲရသူ ဖြစ်သဖြင့် ကျောင်းသားများအကြား အတွေးအခေါ်ပိုင်းဆိုင်ရာ လုပ်ငန်းများမှာ သူမ၏ လုပ်ပိုင်ခွင့်ဘောင်ထဲတွင် ရှိနေရာ ကျောင်းသားများ၏ စိတ်နေစိတ်ထားကို နားလည်ရန်မှာ အရေးကြီးဆုံးအချက် ဖြစ်သည်။
ကျောင်းသားအများစုကို အုပ်စုအနည်းငယ် ခွဲခြားနိုင်ပေသည်။
ကြောက်တတ်ပြီး သတ္တိနည်းသော ကျောင်းသားများကို ကိုင်တွယ်ရသည်မှာ လွယ်ကူလှသည်။
ရိုးရှင်းသည့် အမိန့်တစ်ခု၊ သို့မဟုတ် အလွန်ဆုံး ခြိမ်းခြောက်စကား အနည်းငယ် ပြောဆိုလိုက်ရုံမျှဖြင့် လုံလောက်ပေသည်။
ပြဿနာရှာရသည်ကို နှစ်သက်ပြီး လူပေါ်လူဇော်လုပ်ချင်သူများကိုလည်း ကိုင်တွယ်ရသည်မှာ မခက်ခဲချေ။
သူတို့ကို အသင့်အတင့် အရေးပါသည့် ရာထူးနေရာတစ်ခု ပေးအပ်လိုက်ပြီး အလုပ်ဖြင့် ချည်နှောင်ကာ မိမိ၏ ရာထူးအရှိန်အဝါဖြင့် ဖိအားပေးလိုက်ရုံသာ ရှိသည်။
အခြေအနေ အများစုတွင် ဤနည်းလမ်းက ထိုပြဿနာကောင်များကို အောင်မြင်စွာ ထိန်းချုပ်နိုင်လေ့ရှိသည်။
ချမ်းသာကြွယ်ဝပြီး အာဏာရှိသည့် မိသားစုနောက်ခံကောင်းမှ လာကြသည့် ကျောင်းသားများကို စီမံခန့်ခွဲရသည်မှာလည်း အတော်လေး လွယ်ကူလှပေသည်။
ယေဘုယျအားဖြင့် ဤကျောင်းသားများသည် သာမန်လူများထက် ပိုမိုဆင်ခြင်တုံတရားရှိပြီး စွမ်းဆောင်ရည် ရှိကြသည်။
သူတို့ကို မိမိ သို့မဟုတ် အခြားဆရာ၊ ဆရာမများ၏ လုပ်ငန်းတာဝန်များတွင် ကူညီပေးခိုင်းရင်း တစ်ချိန်တည်းမှာပင် ၎င်းတို့နှင့် ရင်းနှီးသည့် ဆက်ဆံရေးကို တည်ဆောက်ရသည်။
ဤလူများသည် လူမှုအဖွဲ့အစည်းအတွင်းသို့ ရောက်ရှိသွားသောအခါ အဆင်ပြေ အောင်မြင်လေ့ရှိကြသဖြင့် မိမိ၏ လူမှုကွန်ရက်ထဲက အသုံးဝင်သည့် အဖွဲ့ဝင်များပင် ဖြစ်လာနိုင်ပေသည်။
ဟန်တုန်သည် ထိုကဲ့သို့သော လူမျိုးဖြစ်ခဲ့သဖြင့် ပြီးခဲ့သည့်အချိန်များက ကျန်းအိုက်ကျယ်အနေဖြင့် သူ့အပေါ် အတော်လေး ယဉ်ကျေးပျော့ပျောင်းခဲ့ခြင်းဖြစ်သည်။
အဆိုးရွားဆုံးနှင့် အလုပ်အရှုပ်ဆုံး လူတန်းစားမှာ စိတ်လိုက်မာန်ပါ လုပ်တတ်သည့် သွေးပူတိုက်သမားများ ဖြစ်ကြသည်။
၎င်းတို့သည် ဦးနှောက်မရှိဘဲ အကျိုးဆက်ကို မစဉ်းစားဘဲ လုပ်ဆောင်တတ်ကြပြီး မည်သို့မျှ အလျှော့ပေးခြင်း မရှိကြချေ။
သူမသည် ထိုကဲ့သို့သော လူများကို အလွန်မုန်းတီးသော်လည်း သူတို့ကို တိုက်ရိုက် ကျောင်းထုတ်ပစ်ရန် ခဲယဉ်းလှသဖြင့် အလွန်ဆုံးလျစ်လျူရှုထားရုံသာ တတ်နိုင်ပေသည်။
သို့သော်လည်း အကယ်၍ သူတို့က ကျောင်းစည်းကမ်းကို ချိုးဖောက်လာခဲ့မည်ဆိုပါက သူမသည် ပိုမို ပြင်းထန်သည့် အရေးယူမှုများကို ပြုလုပ်လေ့ရှိသည်။
အသက် ၄၇ နှစ် အရွယ်ရှိပြီဖြစ်သည့် သူမသည် နိုင်ငံရေးပညာပေးရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်ခဲ့သည်မှာ အနှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ရာ အမျိုးမျိုးသော ကျောင်းသားပေါင်း တစ်သောင်းထက်မနည်းနှင့် ကြုံတွေ့ဖူးခဲ့ပြီး ဖြစ်သည်။
အရပ်ရှည်သူ၊ အရပ်ပုသူ၊ ပိန်သူ၊ ဝသူ၊ ချောမောသူ၊ ရုပ်ဆိုးသူ စသဖြင့် သူမ အကုန်လုံးကို မြင်တွေ့ဖူးခဲ့သည်။
ကျောင်းသားတစ်ဦးနှင့် မည်သို့ပင် ဆက်ဆံရစေကာမူ သူမသည် စက္ကန့်ပိုင်းအတွင်း အမြဲတမ်း အထက်စီး ရယူနိုင်ခဲ့သည်။
ကျောင်းသားများ၏ စိတ်ထဲတွင် ဆရာ၊ ဆရာမများအပေါ် ကြောက်ရွံ့စိတ် အနည်းငယ် အမြဲတမ်း ရှိနေတတ်ကြပြီး ၎င်းမှာ ငယ်စဉ်ကလေးဘဝကတည်းက စွဲထင်နေခဲ့သည့် စိတ်အစွဲတစ်ခု ဖြစ်သည်။
ဤကြောက်ရွံ့စိတ်မှာ သူမအတွက် အလွန်အကျိုးရှိလှပေသည်။
ယခုခေတ် ခေတ်စားနေသည့် စကားလုံးဖြင့် ပြောရမည်ဆိုပါက သူမသည် ကြောက်ရွံ့စိတ်ကို အသုံးပြု၍ ကျောင်းသားအများစုကို ထိရောက်စွာ လှည့်စားချုပ်ကိုင်နိုင်စွမ်း ရှိသည်။
သို့သော်လည်း ယနေ့တွင်မူ ဝါရင့်ဆရာမကြီးသည် သူမ တစ်ခါမျှ စိတ်ကူးမယဉ်ဖူးခဲ့သည့် မြင်ကွင်းတစ်ခုနှင့် ကြုံတွေ့လိုက်ရတော့သည်။
သူမသည် စာရွက်စာတမ်းများကို ကိုင်ဆောင်ကာ တံခါးဝတွင် ရပ်နေခဲ့သော်လည်း၊ အမှားတစ်ခု ပြုလုပ်ခဲ့သဖြင့် သူမ၏ ခေါ်ယူခြင်းကို ခံထားရသည့် ကျောင်းသားကမူ အနှိပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဇိမ်ခံနေခဲ့သည်။
သူမ၏ကျယ်လောင်လှသည့် ပြစ်တင်မောင်းမဲသံများကို ထိုကျောင်းသားက မကြောက်ရွံ့သည့်အပြင်၊ သူမ အချိန်နောက်ကျနေခြင်းအပေါ် အနည်းငယ် မကျေမနပ်ဖြစ်သည့် အမူအရာဖြင့် ပြန်လည် စွပ်စွဲပြစ်တင်နေခဲ့သေးသည်။
အကယ်၍ သူမသာ စိတ်ဝေဝါးနေပါက ထိုနေရာတွင် ထိုင်နေသူမှာ ကျောင်းသားတစ်ဦး မဟုတ်ဘဲ ကျောင်းခေါင်းဆောင်တစ်ဦး ဖြစ်နေသည်ဟု ထင်မိပေလိမ့်မည်။
ကျယ်လောင်စွာ မာန်မဲခြင်းမှာ သူမ၏ စမ်းသပ်အောင်မြင်ထားသည့် ခြိမ်းခြောက်မှု နည်းလမ်းတစ်ခု ဖြစ်ခဲ့သော်လည်း၊ ဤကျောင်းသားအပေါ်တွင် ဘာ့ကြောင့် မအောင်မြင်ဘဲ ရှိနေရသနည်း။
ကျန်းအိုက်ကျယ်သည် မိမိ၏ စိတ်နေစိတ်ထားကို ပြန်လည် ပြင်ဆင်လိုက်ပြီး၊ ဤကဲ့သို့သော စည်းကမ်းမဲ့သည့် ကျောင်းသားကို ကိုင်တွယ်ရန်အတွက် ပိုမို ပြတ်သားသည့် နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ရှေ့သို့ အရှိန်အဟုန်ဖြင့် လှမ်းလာခဲ့ပြီး အနှိပ်ကုလားထိုင်၏ လျှပ်စစ်ပလပ်ခေါင်းကို ဒေါသတကြီး ဆွဲဖြုတ်လိုက်တော့သည်၊ ထို့နောက် ကျိုးထျန်းကို တင်းမာစွာဖြင့် ပြစ်တင်မောင်းမဲလိုက်သည်။
"မင်းက ဘယ်လိုကျောင်းသားမျိုးလဲ... မတ်မတ်ရပ်စမ်း!"
အနှိပ်ခံရင်း ဇိမ်တွေ့နေသည့် ကျိုးထျန်းသည် စက်ရပ်တန့်သွားသည်ကို ခံစားလိုက်ရသဖြင့် မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်ကာ ထိုဆရာမကို မနှစ်သက်သည့် မျက်လုံးများဖြင့် လှမ်း၍ ကြည့်လိုက်သည်။
"ကျွန်တော် ကျောင်းရဲ့ ကျောင်းသားလက်စွဲစာအုပ်ကို ဖတ်ဖူးပါတယ်၊ ကျောင်းဝင်းထဲက အနှိပ်ကုလားထိုင်တွေကို ကျောင်းသားတွေ မသုံးရဘူးဆိုတဲ့ စည်းကမ်းချက်မျိုး လုံးဝ မရှိပါဘူး"
"ပြီးတော့ ဆရာမက ပလပ်ခေါင်းကို တိုက်ရိုက် ဆွဲဖြုတ်လိုက်တဲ့ လုပ်ရပ်က အလွန်အမင်း ရိုင်းစိုင်းလွန်းပါတယ်။ ဒါက ဆရာမတစ်ယောက် လုပ်ဆောင်ရမယ့် အပြုအမူမျိုး မဟုတ်ဘူး။ ကျွန်တော် ဆရာမအပေါ် တကယ်ပဲ စိတ်ပျက်မိတယ်"
ဤစကားလုံးများက ကျန်းအိုက်ကျယ်ကို အလွန်အမင်း ဒေါသထွက်သွားစေခဲ့သည်။
‘စိတ်ပျက်မိတယ် ဟုတ်လား... ကျောင်းသားတစ်ဦးက ဆရာမအပေါ် စိတ်ပျက်မိတယ်လို့ ပြောနေတာလား’
ထို့အပြင် ဤကောင်လေး၏ လေသံမှာ မိမိ၏ လက်အောက်ငယ်သားတစ်ဦးကို ပြစ်တင်မောင်းမဲနေသည့် လေသံမျိုး လုံးဝ ဖြစ်နေခဲ့သည်။
သူမ၏ အလုပ်လုပ်ခဲ့သည့် သက်တမ်းတစ်လျှောက်လုံးတွင် ဤမျှအထိ မောက်မာလှသည့် ကျောင်းသားမျိုး တစ်ခါမျှ မကြုံဖူးခဲ့ချေ။
သူမ၏ ဦးခေါင်းမှာ ဒေါသကြောင့် တဒိန်းဒိန်း ထုရိုက်နေသကဲ့သို့ ခံစားလိုက်ရပြီး၊ နှာခေါင်းပေါက်များ ပွင့်ထွက်မတတ် ဖြစ်ကာ၊ အသက်ရှူသံများမှာလည်း ဆူပွက်လုနီးပါး ဖြစ်နေသည့် ရေနွေးအိုးတစ်လုံးကဲ့သို့ ပြင်းထန်နေခဲ့သည်။
"မင်း ကျောင်းစည်းကမ်းတွေကို ချိုးဖောက်ပြီး ၃ ရက်ဆက်တိုက် အတန်းပျက်ခဲ့တာကို သိရက်နဲ့ အခုထိ ဘာမှမဖြစ်သလိုမျိုး ပြုမူနေသေးတာလား၊ မင်းမှာ ကျောင်းသားတစ်ယောက်ရဲ့ အမူအရာမျိုး အနည်းငယ်လေးတောင် ရှိသေးရဲ့လား?!"
"မင်းကို ငါ ပြောလိုက်မယ်... ဒီနေရာက ကျောင်းဖြစ်တယ်၊ မင်းရဲ့ အိမ်မဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အလိုလိုက်နေမှာ မဟုတ်ဘူး။ မင်းရဲ့ အမှားအတွက် မင်း သေချာပေါက် အပြစ်ပေးခံရမယ်!"
"မူလကတော့ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမလို့ပဲ။ အကယ်၍ မင်းသာ ကိုယ့်အမှားကိုယ် ဝန်ခံမယ်ဆိုရင် ငါ မင်းကို အပေါ့ပါးဆုံး အပြစ်ပေးဖို့ စဉ်းစားထားတာ"
"အခုတော့ မင်းရဲ့ အမှားက ဘယ်လောက်အထိ ကြီးလေးတယ်ဆိုတာကို သိသွားအောင် မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရတော့မယ်!"
သူမ၏အစောပိုင်း အရှိန်အဝါပြမှု မအောင်မြင်ခဲ့သောအခါ၊ သူမသည် အမြဲတမ်း အသုံးပြုလေ့ရှိပြီး အမြဲတမ်း အောင်မြင်လေ့ရှိသည့် "အပြစ်ပေးမည်ဟု ခြိမ်းခြောက်ခြင်း" နည်းလမ်းကို ထုတ်သုံးလိုက်တော့သည်။
နှမြောစရာကောင်းတာကတော့ သူမရှေ့က ကျောင်းသားမှာ သာမန်ကျောင်းသားတစ်ဦး မဟုတ်ခြင်းပင် ဖြစ်သည်။
"တော်စမ်းပါ... ဘာလို့ အော်ဟစ်နေတာလဲ၊ အသံကျယ်ကျယ် အော်နိုင်ရုံနဲ့ အမှန်တရား ဖြစ်မလာဘူး၊ ဆရာမ အသက်အရွယ်အထိ ရောက်နေပြီဖြစ်တာတောင် ကိုယ့်ရဲ့ စိတ်ခံစားမှုကိုတောင် မထိန်းချုပ်နိုင်သေးဘူးလား"
ကျိုးထျန်းသည် မတ်တပ်ရပ်ရန်ပင် ပျင်းရိနေခဲ့သဖြင့် မျက်လုံးများကို ဆက်လက် မှိတ်ထားရင်း အနားယူနေခဲ့သည်။
"ကျောင်းစည်းကမ်းအတိုင်း ကျွန်တော့်ကို အပြစ်ပေးနိုင်ပါတယ်၊ ဒါက ဆရာမရဲ့ လုပ်ပိုင်ခွင့်ပဲ၊ ဒါပေမဲ့ ဆရာမ သေသေချာချာ နားလည်ထားရမယ့် အချက်တစ်ခု ရှိတယ်"
"ကျွန်တော်က အတန်းပျက်ချင်လို့ ပျက်ခဲ့တာ မဟုတ်ဘူး၊ ကျောင်းရဲ့ လုံခြုံရေးဝန်ထမ်းတွေက ကျွန်တော့်ကို ပေးမဝင်လို့ ပျက်ခဲ့တာ"
"သူတို့ ဘာ့ကြောင့် ကျွန်တော့်ကို ကျောင်းထဲ ပေးမဝင်ကြတာလဲဆိုတာကိုတော့ ဆရာမ ကိုယ်တိုင်လည်း သေချာ သိနေမှာပါ"
သူ ပြုံးလိုက်ပြီး မျက်လုံးများကို ဖွင့်ကာ ကျန်းအိုက်ကျယ်ကို စိုက်ကြည့်လိုက်သည်။
သူမ အနည်းငယ် တုံ့ခနဲ ဖြစ်သွားခဲ့ပြီးနောက်၊ အမှန်တရားတစ်ခုကဲ့သို့ပင် ပြတ်သားစွာ ပြောဆိုလိုက်သည်။
"မင်း ဆင်ခြေတွေ၊ အကြောင်းပြချက်တွေ ပေးနေစရာ မလိုဘူး၊ အတန်းပျက်တာက အတန်းပျက်တာပဲ၊ ဒါက ကျောင်းစည်းကမ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာပဲ”
“ ကိုယ့်အမှားကိုယ် မသိတဲ့အပြင် ကျောင်းရဲ့ ဝန်ထမ်းတွေကိုပါ လွှဲချပစ်ချင်နေသေးတယ်၊ တကယ်ပဲ အရှက်မရှိတာပဲ!"
ဝုန်း!
ကျိုးထျန်း ကုလားထိုင်၏ လက်တင်အပေါ်သို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။
သူသည် ကျန်းအိုက်ကျယ်ထံသို့ ခြေလှမ်းအနည်းငယ် လှမ်းသွားခဲ့ပြီး သူမ၏ မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။
သူတို့နှစ်ဦးမှာ အလွန်အမင်း နီးကပ်လွန်းလှသဖြင့် ကျိုးထျန်းသည် ထိုအလယ်အလတ်အရွယ် အမျိုးသမီး၏ မျက်နှာပေါ်က အရေးအကြောင်းများကြားတွင် ကပ်ငြိနေသည့် မိတ်ကပ်မှုန့်များကိုပင် တိကျစွာ မြင်တွေ့နေရသည်။
နိုင်ငံရေးပညာပေးရေးဌာန ညွှန်ကြားရေးမှူးမှာ ကျိုးထျန်း၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် သိသိသာသာကြီး ထိတ်လန့်သွားခဲ့ရပြီး နှလုံးသားပင် လည်ချောင်းဝသို့ ရောက်ရှိလာခဲ့သည်။
"ဆရာမကမှ အရှက်မရှိတာ! ဒီလိုစကားမျိုးကို ဘယ်လိုတောင် ပြောရဲတာလဲ? ပညာပေးရမယ့် ရာထူးနေရာကို ယူထားပြီးတော့ ကိုယ်ကျင့်တရား လုံးဝမရှိဘဲ မျက်နှာတစ်ခုလုံး ခါးသီးမှုတွေ၊ သရော်မှုတွေနဲ့ ပြည့်နှက်နေတာပဲ”
“ ဆရာမက ဘယ်လိုအဆင့်အတန်းမျိုးနဲ့ ကျွန်တော့်ကို လာပြီး ဝေဖန်ရဲတာလဲ?"
ကျိုးထျန်း ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်လည် မတ်လိုက်သည်။
"ကျွန်တော့်မှာ ဆရာမရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်နေဖို့ အချိန်မရှိဘူး”
“တစ်ကယ်လို့ ဆရာမမှာ အရည်အချင်း တကယ်ရှိတယ်ဆိုရင် ကျွန်တော့်ကို ကျောင်းထုတ်ပစ်လိုက်ပါ၊ မဟုတ်ရင်တော့ ကျွန်တော် အတန်းတက်ဖို့ ပြန်တော့မယ်"
"အော်... ဒါနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော် ကျောင်းထဲ ဝင်လို့မရခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ရှေ့နေနဲ့ ဆက်သွယ်ပြီး ကျောင်းနဲ့ ဆွေးနွေးခိုင်းလိုက်ပါ့မယ်”
“အကယ်၍ ကျောင်းဘက်က ကျွန်တော့်ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက်မျိုး မပေးနိုင်ဘူးဆိုရင်တော့... မီဒီယာတွေကိုခေါ်ပြီး အင်တာဗျူးလုပ်ဖို့သာ ပြင်ဆင်ထားလိုက်ပါ"
"ကိစ္စရပ်တွေကို အကြီးအကျယ် ဖြစ်အောင် လုပ်ပြီးမှပဲ ဘယ်သူက တကယ် အမှားလုပ်ခဲ့တာလဲဆိုတာကို ကျနော်တို့တွေ ဆွေးနွေးကြတာပေါ့"
အားရစွာ ပြောဆိုပြီးနောက်၊ ကျိုးထျန်းသည် အခြားသူ၏ ရုပ်သေးရုပ်အဖြစ် အသုံးချခြင်း ခံထားရသည့် နိုင်ငံရေးပညာပေးရေးဌာန ညွှန်ကြားရေးမှူးကို လုံးဝ လျစ်လျူရှုလိုက်တော့သည်။
သူသည် ကျန်းအိုက်ကျယ်နှင့် မိမိအကြား ကိုယ်ရေးကိုယ်တာ နာကျည်းမှုမျိုး မရှိမှန်း သိရှိထားသဖြင့်၊ သူမသည် သေချာပေါက် အခြားတစ်စုံတစ်ယောက်၏အမိန့်အရ လှုပ်ရှားနေခြင်းသာ ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားသည်။
သို့သော်လည်း သူမသည် အသုံးချခံ ကိရိယာတစ်ခုအဖြစ် မိမိအပေါ် ရိုင်းစိုင်းစွာ ပြုမူခဲ့သဖြင့် သူသည်လည်း အားနာနေမည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင်၊ သူ ပြောခဲ့သည့် ခြိမ်းခြောက်စကားများမှာ အမှန်တကယ်တွင်မူ သူမ၏ နောက်ကွယ်မှ ကြိုးကိုင်သူ သိစေရန်အတွက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အကယ်၍ တစ်ဖက်လူက ထွက်မလာသေးဘူးဆိုလျှင် သူ ထွက်လာအောင် အတင်းအကျပ် ဖိအားပေးရပေလိမ့်မည်။
သူ တံခါးဝသို့ ရောက်ရှိရုံမျှသာ ရှိသေးသည် အခန်း၏ သစ်သားတံခါးဆီမှ လေးလံလှသည့် တံခါးခေါက်သံ သုံးချက် ထွက်ပေါ်လာခဲ့သည်။
ဒေါက်... ဒေါက်... ဒေါက်!
ထို့နောက် တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်ဟသွားခဲ့ပြီး ရွှေရောင်မျက်မှန် တပ်ဆင်ထားသည့် အိုမင်းရင့်ရော်နေသည့် မျက်နှာဟောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျိုးထျန်း ထိုသူကို မြင်လိုက်ရသောအခါ မတွေ့ရသည်မှာ ကြာမြင့်လှပြီဖြစ်သည့် ဆွေမျိုးသားချင်းတစ်ဦးကို တွေ့ရှိလိုက်ရသည့်အလား နွေးထွေးလှသည့် အပြုံးတစ်ခုကို ချက်ချင်း ဆင်မြန်းလိုက်ကာ
"မင်္ဂလာပါ... ဒုကျောင်းအုပ်ခုန်း!"