အခန်း ၂၄၈
Vol. 25 Ch. 248
🍋 Chapter 248
မူလကမူ ကျိုးထျန်းသည် ကျောင်းသားများသမဂ္ဂနှင့် ပတ်သက်၍ စိတ်ဝင်စားမှု လုံးဝမရှိခဲ့ချေ။
ကျောင်းသားများသမဂ္ဂထဲသို့ ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိခဲ့သောကြောင့် ဖြစ်သည်။
လူအများအပြားအတွက်မူ ကျောင်းသားများသမဂ္ဂတွင် ပါဝင်လှုပ်ရှားခဲ့ဖူးခြင်းက ၎င်းတို့၏ လူနေမှုဘဝအတွက် အတော်အတန် ကြီးမားသော အထောက်အကူကောင်းများ ရရှိစေနိုင်ပေလိမ့်မည်။
သို့သော် များပြားသော စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်ထားပြီးဖြစ်သည့် သူ့အတွက်မူ ဤသို့သော လူမှုရေး အတွေ့အကြုံဟူသည့် အရာမျိုးကို လိုအပ်ခြင်းမရှိချေ။
သူ့အမြင်တွင်မူ ၎င်းက အာဏာကို မည်သို့စီမံခန့်ခွဲရမည် သို့မဟုတ် မည်သို့အသုံးချရမည်ကို မသိကြသေးသည့် ကလေးတစ်စု၏ အိမ်တွင်းပုန်းကစားနည်း ကစားနေကြခြင်းမျှသာ ဖြစ်သည်။
သို့သော် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်ရှိကြသည့် လူအများအပြားကမူ ဤကဲ့သို့သော "အိမ်တွင်းပုန်းကစားနည်း" အတွေ့အကြုံကို စိတ်ဝင်စားကြပေလိမ့်မည်။
အနည်းဆုံးတော့ ၎င်းတို့၏ ကိုယ်ရေးရာဇဝင်အကျဉ်းကို ပိုမိုတောက်ပ စုံလင်စေနိုင်သောကြောင့် ဖြစ်သည်။
နေရာဒေသအတော်များများရှိ ကျောင်းသားများသမဂ္ဂများသည် ရှုပ်ထွေးပွေလီမှုနှင့် အရာရှိလုပ်လိုသည့် ဗျူရိုကရေစီစနစ် ဆိုးဝါးမှုများကြောင့် နာမည်ပျက်ဖြင့် အပြစ်တင်ခြင်းကို ခံရလေ့ရှိသည်။
နေရာတိုင်းတွင် ဤကဲ့သို့ ဖြစ်နေသည်တော့ မဟုတ်နိုင်သော်လည်း နေရာအတော်များများတွင်မူ ဤအတိုင်းပင် ဖြစ်နေသည်က အမှန်ပင်။
ဤအချက်က ကျိုးထျန်းအနေဖြင့် ကျောင်းသားများသမဂ္ဂအပေါ် စိတ်ဝင်စားမှုမရှိရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။
ရွှံ့နွံထဲတွင်ရှိနေပါလျက်နှင့် ညစ်ပေခြင်းမရှိဘဲ သန့်ရှင်းနေရန်မှာ အလွန်အမင်း ခက်ခဲလှရာ ရွှံ့ကန်ကြီးထဲသို့ အစကတည်းက ခြေမနင်းမိစေရန် ရှောင်ရှားနေခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။
သူသည် မုယန်ကိုပင် ပြဿနာများ မဖြစ်ပွားစေရန်အတွက် ကျောင်းသားများသမဂ္ဂတွင် ပါဝင်ခြင်းမပြုရန် ပြောကြားထားခဲ့သေးသည်။
သို့သော် ယနေ့တွင်မူ သူ စိတ်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
သူသည် ဤအဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ရန်နှင့် ခေါင်းဆောင်တစ်ဦးဖြစ်လာရန် လိုအပ်နေပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျောင်းသားများသမဂ္ဂအတွင်း၌ သူ လိုအပ်နေသော အရာတစ်ခု ရှိနေသောကြောင့် ဖြစ်၏။
၎င်းမှာ ကျောင်းသားများကို စည်းရုံးလှုံ့ဆော်နိုင်စွမ်းရှိသည့် အရှိန်အဝါပင်။
ဤအာဏာအစွမ်းမှာ အသုံးဝင်သည်ဟု ဆိုနိုင်သကဲ့သို့ အသုံးမဝင်ဟုလည်း ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ဤစည်းရုံးလှုံ့ဆော်နိုင်စွမ်းသည် ကျောင်းတော်ကြီး၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိနေရသောကြောင့် ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ကျောင်းသားများသမဂ္ဂ၏ အာဏာအားလုံးကို ကျောင်းတော်က အပ်နှင်းထားခြင်း ဖြစ်သည်။
လက်တွေ့တွင် ကျောင်းသားများသမဂ္ဂသည် ကျောင်းအာဏာပိုင် အကြီးအကဲများ၊ စီမံခန့်ခွဲသူများနှင့် ဆရာ၊ ဆရာမများ၏ အလိုဆန္ဒကို ဖော်ဆောင်ပေးရသည့် လက်ဝေခံအဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်သည်။
ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များသည် အကယ်၍ ၎င်းတို့က စည်းကမ်းမလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် မက်မောစရာကောင်းလှသော ဤလုပ်ပိုင်ခွင့်များနှင့် ဂုဏ်သရေရှိလှသော ရာထူးနေရာများသည် ချက်ချင်းပင် ရုပ်သိမ်းခြင်း ခံရလိမ့်မည်။
ထို့ကြောင့် ကျောင်းသားများအကြား ကျောင်းသားများသမဂ္ဂ၏ ပြင်းထန်သော စည်းရုံးလှုံ့ဆော်နိုင်စွမ်းသည် အမှန်စင်စစ်အားဖြင့် ကျောင်းတော်က ဝါဒဖြန့်ချိရေးနှင့် ကျောင်းသားများကို စနစ်တကျ စည်းရုံးရန်အတွက် အသုံးပြုသည့် အင်အားတစ်ခုသာ ဖြစ်သည်။
အဆုံးသတ်တွင်မူ ၎င်းကို ကျောင်းအာဏာပိုင် အကြီးအကဲများကသာ ထိန်းချုပ်ထားဆဲပင်။
သို့သော် ကျိုးထျန်းမှာမူ ကွဲပြားသည်။
သူသည် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအပါအဝင် အခြားသော အဆင့်မြင့် ရာထူးရှိသူများ အားလုံးနှင့် အခြေခံကျကျ ကွဲပြားခြားနားသော အချက်တစ်ခု ရှိသည်။
ကျောင်းစည်းကမ်းများနှင့် အာဏာစွမ်းပကားများသည် သူ၏ အလိုဆန္ဒကို လုံးဝ လွှမ်းမိုးနိုင်ခြင်း မရှိချေ။
ကျောင်းတော်မှ ကျောင်းသားများကို ထိန်းချုပ်နိုင်သည့် အကြီးမားဆုံးသော လက်နက်မှာ ၎င်းတို့၏ ကျောင်းသားအဖြစ် ရပ်တည်ပိုင်ခွင့်ဖြစ်သည်။
အထူးသဖြင့် နိုင်ငံတော်အဆင့် နာမည်ကြီး တက္ကသိုလ်တစ်ခုတွင်...
သို့သော် လူတိုင်းက တောင့်တမက်မောကြသည့် ဤအရာက ကျိုးထျန်းအတွက်မူ ကြက်ရိုးကဲ့သို့ပင် ဖြစ်နေသည်။
စားလျှင်လည်း အသားမရှိ၊ ပစ်လိုက်လျှင်လည်း နှမြောစရာ ကောင်းလှသည့် အရာမျိုး ဖြစ်၏။
တက္ကသိုလ်မှ ဘွဲ့ရရှိရန်နှင့် ဘွဲ့လွန်သင်တန်းများအထိ ဆက်လက် တက်ရောက်နိုင်ရန်အတွက် လူတိုင်းသည် ကျောင်းစည်းကမ်းများကို တိကျစွာ လိုက်နာရမည် ဖြစ်သည်။
ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌပင်လျှင် ဆရာ၊ ဆရာမများ၏ ညွှန်ကြားချက်ကို နာခံရမည်သာ ဖြစ်သည်။
သို့သော် သူကမူ မတူညီချေ။
ခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ စည်းကမ်းများအားလုံးသည် အဓိပ္ပာယ်မဲ့သွားတတ်သည်။
ယခုမူ သူသည် ခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
၎င်းမှာ ငွေကြေး ဖြစ်၏။
ခြိမ်းခြောက်မှုကို ဖယ်ရှားပစ်ရန်အတွက် သူသည် ရရှိနိုင်သမျှသော အရင်းအမြစ်များအားလုံးကို အသုံးချမည် ဖြစ်သည်။
ကျောင်းသားများသမဂ္ဂသည်လည်း ၎င်းတို့အနက်မှ အရင်းအမြစ်တစ်ခုဖြစ်သည်။
သူသည် ကျောင်းသားများသမဂ္ဂ ရုံးခန်းရှေ့သို့ ရောက်ရှိလာသည့်အခါ တံခါးကို အားရပါးရ သုံးချက် တောက်တောက်တောက် ဟု ခေါက်လိုက်သည်။
ယခုက နေ့လယ်စာစားချိန်ဖြစ်ရာ အထဲတွင် လူရှိမရှိ သူ သေချာမသိသော်လည်း ယဉ်ကျေးပျူငှာစွာဖြင့် တံခါးခေါက်လိုက်ခြင်း ဖြစ်သည်။
“ဝင်ခဲ့ပါ”
အနည်းငယ် စိတ်မရှည်ဟန်ဖြင့် ခပ်ပြတ်ပြတ် ပြောဆိုလိုက်သော အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
ကျိုးထျန်းသည် တံခါးလက်ကိုင်ကို လှည့်၍ အထဲသို့ ကျဲကျဲလှမ်းကာ ဝင်လိုက်သည်။
သူ အထဲသို့ ဝင်လိုက်သည့်အခါ စာရေးစားပွဲ အနည်းငယ်၊ ကော်ဖီသောက်စားပွဲတစ်ခုနှင့် ဖိုင်တွဲဗီရိုကြီး တစ်လုံးကို တွေ့လိုက်ရသည်။
၎င်းတို့သည် စာသင်ခန်းများနှင့် ရုံးခန်းများတွင် အသုံးပြုလေ့ရှိသည့် ပစ္စည်းများနှင့် ထပ်တူကျနေရာ ကျောင်းတော်က ဝယ်ယူပေးထားခြင်း ဖြစ်ပေလိမ့်မည်။
ကျောင်းသား အနည်းငယ်သည် ကော်ဖီသောက်စားပွဲတွင် ထမင်းဘူးများကို စားသောက်နေကြပြီး ၎င်းတို့သည် ထမင်းစားဆောင်မှ ပါဆယ်ဆွဲလာခဲ့သည့် အစားအစာများ ဖြစ်ပုံရသည်။
အမျိုးသား သုံးဦးအနက် တစ်ဦးမှာ အရပ်ရှည်ပြီး ဗမာခန့်ခန့် ကြီးမားလှကာ မုတ်ဆိတ်မွေး ဗလပွနှင့် ဖြစ်သည်။
သူ၏ ရုပ်ရည်ကို ကြည့်ရုံမျှဖြင့် ကျိုးထျန်း၏ တံခါးခေါက်သံကို အော်၍ ပြန်ထူးခဲ့သူမှာ သူ ဖြစ်ကြောင်း သိနိုင်သည်။
သို့သော် ကျိုးထျန်းသည် သူ၏ မျက်နှာကို ကြည့်လိုက်သည့်အခါ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရင်းနှီးနေသော်လည်း သူ မည်သူဖြစ်ကြောင်းကိုမူ အမှတ်မရချေ။
သူတို့အားလုံးက ဤကျောင်းမှ ကျောင်းသားများဖြစ်ကြရာ ယခင်က ကျောင်းဝင်းထဲတွင် ဆုံတွေ့ဖူးခြင်း ဖြစ်ပေလိမ့်မည်။
ထိုင်နေကြသော လူသုံးဦးသည်လည်း ကျိုးထျန်း ဝင်ရောက်လာသည်ကို ကြည့်လိုက်ကြသည်။
ထိုအရပ်ရှည်ရှည် လူကြီး၏ မျက်လုံးများသည် ကျိုးထျန်းကို မြင်လိုက်ရသည့် ခဏ၌ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သူ၏ သူငယ်အိမ်များသည် အလွန်အမင်း ထိတ်လန့်သွားသည့်အလား လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့သည်။
သူ၏ထူထဲလှသော မျက်ခုံးမွှေးများက တွန့်ချိုးသွားခဲ့ပြီး မျက်နှာအမူအရာကို ကြည့်ရသရွေ့ သူသည် သွားကို တင်းတင်းကြိတ်ထားပုံရသည်။
သူ့ရှေ့တွင် လန်ကျိုး ခေါက်ဆွဲတစ်ပန်းကန် ရှိနေပြီး သူသည် တူဖြင့် ခေါက်ဆွဲအနည်းငယ်နှင့် ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာလှသော အမဲသားတစ်ချပ်ကို ညှပ်ထားဆဲ ဖြစ်သည်။
သူသည် အလွန်အမင်း အံ့အားသင့်သွားသဖြင့် သူ၏ လက်ချောင်းများက အနည်းငယ် တုန်ရင်လာခဲ့ပြီး တူကို ကိုင်ထားသည့် လက်ချောင်းများ ပြေလျော့သွားသည်ကိုပင် သတိမပြုမိလိုက်ဘဲ ခေါက်ဆွဲအနည်းငယ်နှင့် အမဲသားချပ်များသည် အေးစက်လှသော ရုံးခန်းကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။
“မင်္ဂလာပါ၊ အလုပ်ကိစ္စနဲ့ လာတာလား”
ကျိုးထျန်းသည် ထိုအရပ်ရှည်ရှည် လူကြီး၏ထူးဆန်းသော အပြုအမူကို သတိပြုမိလိုက်သော်လည်း အူကြောင်ကြောင်ဖြင့် မတ်တတ်ရပ်မနေနိုင်ရာ သူကပင် စတင်၍ စကားပြောလိုက်သည်။
သူ့ရှေ့တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုင်နေကြခြင်း ဖြစ်သည်။
အခြားသော ကျောင်းသားနှစ်ဦးက ကျိုးထျန်း၏ မေးခွန်းကို ပြန်လည်ဖြေကြားရန်အတွက် ထိုအရပ်ရှည်ရှည် လူကြီး၏ပခုံးကို တွန်း၍ အချက်ပြလိုက်ကြသည်။
သူသည် ဤအုပ်စု၏ ခေါင်းဆောင် ဖြစ်ပုံရသည်။
သူငယ်ချင်းဖြစ်သူထံမှ သတိပေးခံရပြီးနောက်တွင်မှ ချွေးစေးများ တဖြန်းဖြန်း ထွက်နေပြီဖြစ်သော အရပ်ရှည်ရှည် လူကြီးသည် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့တော့သည်။
သူသည် လျှပ်စစ်ဓာတ်လိုက်သွားသည့်အလား တုန်ရင်သွားခဲ့ပြီး သူ့ခြေထောက်များသည် စပရိန်များကဲ့သို့ အပေါ်သို့ ဝုန်းကနဲ မြှောက်တက်သွားကာ ခြေလှမ်းအနည်းငယ်ဖြင့် ကျိုးထျန်း၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။
သူသည် မိမိ စားသောက်နေသည့် အငွေ့တထောင်းထောင်း ထွက်နေသော ပူပူနွေးနွေး စွပ်ပြုတ်ပန်းကန်ကို တိုက်မိပြီး မှောက်ရက်လဲသွားစေခဲ့သည်ကိုပင် လုံးဝ သတိမထားမိလိုက်ချေ။
စွပ်ပြုတ်ရည်များသည် ကြမ်းပြင်ပေါ်သို့ အိုင်ထွန်းသွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေနှင့်ပြီးဖြစ်သော ခေါက်ဆွဲဖတ်အနည်းငယ်နှင့် ရောနှောသွားခဲ့တော့သည်။
ပူပြင်းလှသော စွပ်ပြုတ်ရည်များသည် ဘေးနားရှိ လူနှစ်ဦး၏ ခြေထောက်ပေါ်သို့ စင်ထွက်သွားခဲ့ပြီး အထူးသဖြင့် စကတ်တို ဝတ်ဆင်ထားသော မိန်းကလေးမှာ စင်ထွက်လာသည့် စွပ်ပြုတ်ရည်ကြောင့် အပူလောင်သွားခဲ့ရသည်။
သူမသည် အော်ဟစ်ကာ မတ်တတ်ရပ်လိုက်သည်။
“ချိုက်ကျန်းသုန်... နင် ဘာလုပ်နေတာလဲ”
ထိုမိန်းကလေးက အော်ဟစ်မြည်တမ်းလိုက်ပြီး တစ်ရှူးဖြင့် သူမ၏ ခြေသလုံးများကို သုတ်သင်ရင်း အဖော်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။
သို့သော် သူမ မြင်လိုက်ရသည့် အရာက သူမကို ဆွံ့အသွားစေခဲ့သည်။
အရပ် ၁၉၀ စင်တီမီတာကျော် မြင့်မားသော ချိုက်ကျန်းသုန်သည် ကျိုးထျန်း၏ ရှေ့တွင် ၉၀ ဒီဂရီ တိတိ ခါးကို ညွှတ်ကာ နက်ရှိုင်းစွာ ဦးညွှတ် အလေးပြုနေခြင်း ဖြစ်ပေသည်။
ကျိုးထျန်းသည် သူ့ကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေမိသည်။
‘ဒီကောင် ဘာလုပ်နေတာလဲ’
‘တရုတ်နိုင်ငံက ယဉ်ကျေးမှုကို အလေးထားတဲ့ လူ့အဖွဲ့အစည်းဆိုပေမဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရုံနဲ့ ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဦးညွှတ်တာက နည်းနည်းတော့ လွန်မနေဘူးလား’
‘ပြီးတော့ ဒီအပြုအမူက ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု ပုံစံနဲ့ တူနေတယ်’
ရုံးခန်းထဲရှိ ချိုက်ကျန်းသုန်မှအပ ကျန်ရှိသော လူသုံးဦးသည် ဘာမှန်းမသိဘဲ အူကြောင်ကြောင်ဖြင့် အချင်းချင်း ကြည့်နေကြစဉ်မှာပင် တစ်ချိန်လုံး ဦးညွှတ်ထားခဲ့သော ချိုက်ကျန်းသုန်က နှေးကွေးစွာဖြင့် စကားစတင် ပြောလာခဲ့သည်။
“တောင်းပန်ပါတယ် ကျိုးထျန်း... ငါ ဟန်တုန်နဲ့အတူ မင်းကို သွားပြီး ပြဿနာမရှာခဲ့သင့်ဘူး၊ ငါ မှားသွားပါတယ်၊ ငါ့ကို ကျောင်းကနေ ထုတ်မပစ်ပါနဲ့”
သူ၏လေသံတွင် အသနားခံမှုများနှင့် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး လက်နက်ကိုင်ဆောင်ထားသည့် လူသတ်သမားတစ်ဦးက သူ့ရှေ့တွင် မတ်တတ်ရပ်နေသည့်အလား ခံစားနေရပုံရသည်။
“အော်... မင်းက...”
ယခုအချိန်တွင်မှ ကျိုးထျန်းသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံရသည်။
ချိုက်ကျန်းသုန် ဟု အမည်ရသော ဤကောင်သည် ဟန်တုန်နှင့်အတူ ထမင်းစားဆောင်သို့ ရောက်ရှိလာပြီး သူနှင့် မုယန်တို့ ထမင်းစားနေစဉ် ရက်စက်ကြမ်းကြုတ်သော စကားလုံးများဖြင့် လာရောက်ပြောဆိုခဲ့သူ ဖြစ်ပေလိမ့်မည်။
ထိုစဉ်က သူသည် ဟန်တုန်၏ လက်ရုံးတစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိပုံရကာ ကျောင်းသားများသမဂ္ဂ၏ အရာရှိများလည်း ဖြစ်ကြပေလိမ့်မည်။
သူ ဤအချက်ကို စတင်သဘောပေါက်ရုံရှိသေးစဉ်မှာပင် သူ့ရှေ့သို့ လူနှစ်ဦး ရုတ်တရက် ထပ်မံ ရောက်ရှိလာခဲ့ပြန်သည်။
ဤနှစ်ဦးမှာ ယခင်က ကော်ဖီသောက်စားပွဲတွင် ချိုက်ကျန်းသုန်နှင့်အတူ ထမင်းစားနေကြသည့် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များ ဖြစ်ကြသည်။
၎င်းတို့နှစ်ဦးစလုံးသည်လည်း ထိုအရပ်ရှည်ရှည် လူကြီးကဲ့သို့ပင် ၉၀ ဒီဂရီ တိတိ ခါးကို နက်ရှိုင်းစွာ ညွှတ်လိုက်ကြသည်။
“တောင်းပန်ပါတယ် ကျိုးထျန်း... ငါတို့ကို ကျောင်းကနေ ထုတ်မပစ်ပါနဲ့”
၎င်းတို့၏လေသံများသည် တုန်ရင်နေသည်။