အခန်း ၂
Vol. 1 Ch. 2
အခန်း (၂) - နတ်ဘုရားသတ်ဖြတ်ခြင်းဓား(၁)
ရွှီဟွေးက မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ ၀၈၈ ပို၍ မောက်မာလေလေ သူ ပို၍ သံသယဝင်ကာ သတိထားမိလေလေ ဖြစ်သည်။
၀၈၈ သည် အဆင့်သုံး စစ်သည်တော်လေးတစ်ဦးမျှသာ ဖြစ်သည်။
အဆင့်ခုနစ် သိုင်းဆရာကြီးတစ်ဦးဖြစ်သော သူ့ကို စိန်ခေါ်ဝံ့ရန် မည်သည့် ယုံကြည်မှုများက တွန်းအားပေးနေသနည်း။ ရွှီဟွေးက သူ၏ အာရုံခြောက်ပါးကို ဖြန့်ကြက်လိုက်သည်။
အခန်းထဲတွင် အခြားမည်သူမှ မရှိသလို အခန်းအပြင်ဘက်တွင်လည်း လူသူအရိပ်အယောင် လုံးဝမတွေ့ရပေ။
‘အခန်းထဲမှာများ ဗုံးဖွက်ထားတာလား၊ ၀၈၈ က ငါ့ကိုပါ ဆွဲခေါ်ပြီး အတူတူ သေချင်နေတာလား'
၀၈၈ ၏ စရိုက်အရ ဤမျှ ပြင်းထန်ပြီး ပြတ်သားသည့် လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ဟု ရွှီဟွေး ခံစားမိသည်။ ထို့အပြင် ၀၈၈ အနေဖြင့် စွမ်းအားပြင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများ ရယူရန် မည်သည့်နည်းလမ်းမှ မရှိနိုင်ပေ။
“ဆရာ့ကို ရန်စပြီး ကိုယ့်သေတွင်းကို ဘာလို့တူးနေရတာလဲဆိုတာကို ဆရာ စဉ်းစားနေလိမ့်မယ်”
ရွှီဟွေး၏ သံသယဖြစ်ကာ သတိထားနေသည့် အမူအရာက ၀၈၈ ကို ပို၍ ကျေနပ်စေခဲ့သည်။
“ဆရာ... ကျွန်တော် ပြောပြီးပြီလေ။ ကျွန်တော်က အတိတ်ကို ပြန်လည်မွေးဖွားလာတာဆိုတော့ ကျွန်တော့်ကံကြမ္မာကို ပြောင်းလဲပြီး ခြားနားတဲ့လမ်းကြောင်းတစ်ခုအတိုင်း ရှင်သန်ချင်နေတာ”
“အို... မင်းက ဘယ်အချိန်ကနေ ပြန်လည်မွေးဖွားလာတာလဲ”
ယခုအခါ ရွှီဟွေးက ပို၍ပင် တည်ငြိမ်သွားခဲ့သည်။ ၀၈၈ ၏ လှောင်ပြောင်မှုကို လျစ်လျူရှုကာ အသေးစိတ်ကိုသာ စူးစမ်းမေးမြန်းလိုက်သည်။
“နောင်နှစ်တစ်ရာ အနာဂတ်ကနေ ပြန်လည်မွေးဖွားလာတာပါ။ တကယ်တော့ ကျွန်တော်က ဆရာ့ထက်တောင် အသက်ပိုကြီးသေးတယ်နော်” ၀၈၈ က သက်ပြင်းချရင်း ဆက်ပြောသည်။
“ကံဆိုးတာက ကျွန်တော့်ရဲ့ ကြီးမားလှတဲ့ စွမ်းအားတွေကို ပြန်ယူလာလို့မရခဲ့ဘူး။ ကျွတ်…. ကျွတ်”
“နောင်နှစ်တစ်ရာ အနာဂတ်ကနေ ပြန်လည်မွေးဖွားလာတယ်လား...”
ရွှီဟွေး၏ မျက်လုံးများထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များ ဖြတ်ပြေးသွားသည်။ သူ ယခုချက်ချင်းပင် ၀၈၈ ကို အသေသတ်ပစ်ချင်နေသော်လည်း တစ်ဖက်လူ မည်သည့်အရာများ ဆက်လျှောက်ပြောဦးမည်ကိုလည်း ကြားချင်နေမိပြန်သည်။
ထို့ကြောင့်ပင် စကားစကို ဆက်လိုက်သည်။
“၀၈၈... နောင်နှစ်တစ်ရာ ကြာတဲ့အခါ အခြေအနေက ဘယ်လိုမျိုးလဲ”
“ကျွန်တော်က ၀၈၈ မဟုတ်ဘူး။ အဲဒါက ဆရာတို့ပေးထားတဲ့ ပျင်းစရာနံပါတ်တစ်ခုသက်သက်ပဲ၊ ကျွန်တော့်နာမည်က ကောင်းရွှမ်”
ကောင်းရွှမ်က ရွှီဟွေး၏စကားကို ပြင်ပေးလိုက်ပြီး ဖြည်းညင်းစွာ ဆက်ပြောသည်။
“နောင်နှစ်တစ်ရာကြာတဲ့အခါ မစ်ကီးဝေး ဂလက်ဆီကြီးတစ်ခုလုံးက လူမျိုးပေါင်းသောင်းချီရဲ့ စစ်ပွဲကြီးထဲမှာ နစ်မြုတ်သွားလိမ့်မယ်။ လူသားမျိုးနွယ်တွေဆိုတာလည်း မျိုးသုဉ်းလုနီးပါး ဖြစ်သွားပြီ။ အဲဒီအကြောင်းတွေ ပြောရတာ မျက်ရည်တောင် လည်တယ်”
ကောင်းရွှမ်၏ မျက်နှာပေါ်တွင် သက်သာရာရသွားသည့် အမူအရာလေးတစ်ခု ပေါ်လာသည်။
“ကံကောင်းတာက ကျွန်တော် ပြန်လည်မွေးဖွားလာပြီး အသက်ဆက်ရှင်ခွင့်ရခဲ့တယ်၊ အဆိုးရွားဆုံး အခြေအနေတွေ ကြုံလာရရင်တောင် နောက်ထပ် နှစ်တစ်ရာလောက်တော့ ကျွန်တော် ဆက်နေရဦးမယ်လေ ကံကြမ္မာက ကျွန်တော့်အပေါ် သဘောကောင်းပါတယ်”
“အဲဒီလိုလား...”
ရွှီဟွေးက တစ်ခုခု ဆက်မေးတော့မည့်ဟန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ လက်နှစ်ဖက်ကို ဘေးသို့ အနည်းငယ် ဆန့်ထုတ်လိုက်ချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးမှ မူလစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
သူ၏ ပိန်လှီအိုမင်းနေသော ခန္ဓာကိုယ်ကြီးက သားကောင်ကို ဖမ်းဆီးမည့် သိမ်းငှက်တစ်ကောင်အလား ကောင်းရွှမ်ထံသို့ အရှိန်ပြင်းပြင်းဖြင့် တဟုန်ထိုး ခုန်အုပ်လိုက်လေတော့သည်။
………
ပီဂါဆပ်စ်ဂြိုဟ်၏ မူလစွမ်းအင်ကျင့်စဉ်များထဲတွင် အဆင့်ဆယ်ဆင့်သာ ပါဝင်လေသည်။
အဆင့်ခုနစ်သို့ ရောက်ရှိသွားသူတစ်ဦးသည်ပင်လျှင် ပြိုင်ဘက်ကင်းလုနီးပါး ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရပေသည်။
ရွှီဟွေးသည် အသက်ရှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း မူလစွမ်းအင်များကို နိုးဆွလိုက်သည်နှင့် တစ်ပြိုင်နက် လူသားတစ်ယောက်၏ ခန္ဓာကိုယ်ကန့်သတ်ချက်များကို ချက်ချင်း ကျော်လွန်သွားတော့သည်။
သူ၏ ခုန်အုပ်လိုက်မှုက လျင်မြန်သော သိမ်းငှက်တစ်ကောင်အလား၊ လေးကြိုးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းထက်ပင် ပို၍ လျင်မြန်နေလေသည်။
၀၈၈ တစ်ယောက် အဘယ်ကြောင့်ရူးသွပ်နေသလဲဆိုသည်ကို သေချာသိရှိရန် လိုအပ်သည့်အတွက် ရွှီဟွေးက အရှင်ဖမ်းရန် ရည်ရွယ်ထားသည်။
ရွှီဟွေး ခုန်အုပ်လိုက်ချိန်တွင် ကောင်းရွှမ်က ဘေးသို့ ကွေ့ကောက်ကာ တိတိကျကျ ရှောင်တိမ်းလိုက်ပြီး နံရံထောင့်သို့ ဆုတ်ခွာသွားသည်။
ဤအခန်းငယ်လေးက စတုရန်းမီတာ ဆယ်ဂဏန်းခန့်သာ ကျယ်ဝန်းလှသည်။ ထောင့်သို့ရောက်သွားသည်နှင့် ကောင်းရွှမ်အတွက် ဆုတ်ခွာစရာ နေရာမကျန်တော့ပေ။
ရွှီဟွေးက မြေပြင်ပေါ်သို့ ခြေချကာ ကျော့ရှင်းစွာ လှည့်လိုက်သော်လည်း ထပ်မံတိုက်ခိုက်ရန် အလျင်စလို မလုပ်တော့ပေ။
ထိုခုန်အုပ်မှုတွင် သူ အစွမ်းကုန် အသုံးမပြုခဲ့သော်ငြား၊ တစ်ဖက်လူ၏ စွမ်းရည်အရဆိုလျှင် ဤတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်စွမ်းမရှိသင့်ပေ။
လူငယ်လေးများ၏ ကျင့်စဉ်အဆင့်များကို ရွှီဟွေးက ကောင်းကောင်းကြီး သိရှိထားသည်။ သူတို့အားလုံး ရက်စက်ကြမ်းကြုတ်လှသော ငရဲခန်းလေ့ကျင့်မှုများကို ဖြတ်သန်းခဲ့ရသော်လည်း သူတို့၏ တကယ့်ကျင့်စဉ်အဆင့်က အဆင့်သုံး သို့မဟုတ် လေးသာ ရှိသေးသည်။
ငရဲခန်းလေ့ကျင့်မှုဆိုသည်မှာ သူတို့၏ စိတ်ဓာတ်ခွန်အားကို ပိုမိုကြံ့ခိုင်လာစေရန် စမ်းသပ်ခြင်းသာဖြစ်သည်။ သေချာသည်ကတော့ အသက်ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်အရွယ်တွင် မူလစွမ်းအင် အဆင့်သုံးသို့ ရောက်ရှိနေခြင်းက ပါရမီရှင်ဟု ခေါ်ဆိုနိုင်ပြီဖြစ်သည်။
ရွယ်တူများကြားတွင် ဗိုလ်ကျနိုင်စွမ်းရှိသည်။ သို့သော် သူကဲ့သို့ အဆင့်ခုနစ် သိုင်းပညာရှင်တစ်ဦးနှင့် ယှဉ်လျှင်တော့ ကွာဟချက်က ကြီးမားလွန်းလှသည်။
ထို့အပြင် ကောင်းရွှမ်သည် စခန်းအတွင်းရှိ တပည့်များထဲတွင် အဆင့်အနိမ့်ဆုံး၌ ရှိနေသူဖြစ်သည်။ ကောင်းရွှမ်က သူ၏ ပျံသန်းသိမ်းငှက် ခုန်အုပ်မှုကို ရှောင်တိမ်းနိုင်ခဲ့ခြင်းက ရွှီဟွေး၏ မျှော်လင့်ချက်များကို လုံးဝကျော်လွန်သွားစေခဲ့သည်။
ကောင်းရွှမ်၏ မူလစွမ်းအင်လှုပ်ရှားမှုများက သိမ်မွေ့လှပြီး အဆင့်သုံးထက် မကျော်လွန်ကြောင်း သိသာနေသည်။ သူက ကြိုတင်ခန့်မှန်းနိုင်စွမ်းကိုသာ အားကိုးကာ အသင့်တော်ဆုံး တုံ့ပြန်မှုကို ပြုလုပ်ပြီး ရှောင်တိမ်းသွားခြင်းဖြစ်သည်။
ရှုပ်ထွေးလှသော နည်းစနစ်များ မပါဝင်ပေ။ အရေးအကြီးဆုံးအချက်မှာ သူ၏ ဖြတ်ထိုးဉာဏ်နှင့် ဆုံးဖြတ်နိုင်စွမ်းသာ ဖြစ်လေသည်။
ရွှီဟွေးက ကောင်းရွှမ်ကို စူးစူးရဲရဲ အကဲခတ်လိုက်သည်။
“မင်းမှာ ဒီလောက်အရည်အချင်းရှိမှန်း ငါ သတိမထားမိခဲ့ဘူး။ အရင်က မင်းကို အထင်သေးခဲ့မိတာပဲ”
ကောင်းရွှမ်က ခေါင်းကို အနည်းငယ် ခါယမ်းပြသည်။
“ဆရာ ကျွန်တော့်ကို အထင်သေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်က အတိတ်ကို ပြန်လည်မွေးဖွားလာခဲ့တဲ့အတွက် ဆရာ့ထက် အဆပေါင်းများစွာသာလွန်တဲ့ နှစ်တစ်ရာစာ အသိအမြင်၊ ဗဟုသုတနဲ့ အတွေ့အကြုံတွေ ရှိနေလို့ပါ။ ဒီတိုက်ခိုက်မှုကို ရှောင်ဖို့က သိပ်ခက်ခဲတဲ့ကိစ္စ မဟုတ်ဘူးလေ”
ရွှီဟွေးက သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“မင်း တကယ်ပဲ ပြန်လည်မွေးဖွားလာတယ်ဆိုတာကို အခု ငါ စယုံလာပြီ။ မင်းကို အရှင်ဖမ်းပြီး နောက်နှစ်တစ်ရာမှာ ဘာတွေဖြစ်လာမလဲဆိုတာ သိရအောင် မင်းခေါင်းထဲက မှတ်ဉာဏ်တွေအကုန်လုံးကို ငါ ဆွဲထုတ်ပစ်မယ်”
ကောင်းရွှမ်၏ စကားများက အမှန်ဖြစ်စေ၊ အလိမ်အညာဖြစ်စေ ကောင်းရွှမ်ကို ဖမ်းမိလိုက်သည်နှင့် အရာအားလုံး ရှင်းလင်းသွားမည်သာ။
ကောင်းရွှမ်ကလည်း ပြုံးလျက် တုံ့ပြန်လိုက်သည်။
“ဆရာက အခုထိ ပြတ်သားပြီး ရက်စက်တုန်းပဲကိုး”
သူက ခေါင်းကို ထပ်မံခါယမ်းလိုက်ပြန်သည်။
“ကံဆိုးတာက ဒီနေ့ပွဲမှာ ကျွန်တော်အနိုင်ရဖို့ ကံကြမ္မာဖန်တီးထားပြီးသား ဖြစ်နေတာပဲ”
ရွှီဟွေးအနေဖြင့် ကောင်းရွှမ်တွင် မည်သည့်နည်းလမ်းများ ရှိနေသည်ကို မသိပေ။ သူ၏အကြည့်က စူးရှသွားပြီး သေမင်းတမန် တိုက်ခိုက်မှုတစ်ခုကို စတင်တော့မည့်ဆဲဆဲတွင် ကောင်းရွှမ်က လက်မြှောက်ကာ အချက်ပြလိုက်သည်။
“မလောပါနဲ့ ဆရာရယ်။ ဆရာ့ရဲ့ မြနန်းကြိုး ဓားမြှောင်နဲ့ သုံးမြှောင့်ပျံလွှားလက်နက်တွေကို အရင်သိမ်းထားလိုက်ပါ။ မုန်တိုင်းမူလစွမ်းအင်ကျင့်စဉ်ကို ထုတ်သုံးဖို့လည်း အလောတကြီးမလုပ်နဲ့ဦး”
သူ အကျွမ်းကျင်ဆုံး လက်နက်များနှင့် လျှို့ဝှက်ကျင့်စဉ်များအကြောင်း ကောင်းရွှမ်နှုတ်မှ ထွက်လာသည်ကို ကြားလိုက်ရသောအခါ ရွှီဟွေး၏ အိုမင်းရင့်ရော်နေသောမျက်နှာကြီးက ချက်ချင်း အရောင်ပြောင်းသွားတော့သည်။
စခန်းတွင် ဆယ်နှစ်ကျော် နေထိုင်ခဲ့စဉ်အတွင်း သူ၏ တကယ့်သိုင်းပညာ သို့မဟုတ် လျှို့ဝှက်ကျင့်စဉ်များကို မည်သည့်အခါမျှ ထုတ်ဖော်ပြသခဲ့ခြင်းမရှိပေ။
သူ၏ အရင်းနှီးဆုံး မိတ်ဆွေများပင် ဤလျှို့ဝှက်ချက်များကို မသိကြပေ။
‘ကောင်းရွှမ်က ဘယ်လိုလုပ် သိနေရတာလဲ'
ရွှီဟွေး၏ စိတ်ရှုပ်ထွေးနေမှုကို ကောင်းရွှမ်က နားလည်နေသည့်ဟန် ရှိသည်။ သူက သနားစရာကောင်းသည့် အမူအရာလေးဖြင့် ပြောလိုက်သည်။
“ကျွန်တော် ပြန်လည်မွေးဖွားလာတယ်လို့ ပြောပြီးပြီလေ။ ဆရာ ဘာတွေကျွမ်းကျင်လဲဆိုတာ သိရုံတင်မကဘူး၊ မြို့တော်မှာနေတဲ့ ဆရာ့သမီး ရွှီယန်အကြောင်းလည်း ကျွန်တော် သိတယ်။ ဆရာ့မှာ မြေးမလေးတစ်ယောက်၊ မြေးသမက်တစ်ယောက်နဲ့ မိသားစုကြီးက တကယ့်ကို စည်စည်ကားကားပဲနော်”
ရွှီဟွေး၏ မျက်နှာအိုကြီးက ပြာနှမ်းသွားသည်။ သူ့သမီးဖြစ်သူက သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်သည်။ အဖွဲ့အစည်းကပင် မသိထားသည့်ကိစ္စကို ကောင်းရွှမ်က မည်သို့ သိနေသနည်း။
“ငါ့သမီးကို သုံးပြီး ငါ့ကို ခြိမ်းခြောက်ချင်နေတာလား၊ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး”
ရွှီဟွေးက အလွန်ပြတ်သားလွန်းလှသည်။ သူ၏ ညာဘက်လက်ကောက်ဝတ်ရှိ မြနန်းကြိုးဓားမြှောင်ကို တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်း အသက်သွင်းလိုက်သည်။
ထို မြနန်းကြိုးဓားမြှောင်ကို တိုက်တေနီယမ် သံမဏိကြိုးနှင့် ရောစပ်ထားသော စူပါဖိုက်ဘာများဖြင့် ရက်လုပ်ထားပြီး ဆံပင်တစ်မျှင်ခန့်သာ ပါးလွှာကာ လေးမီတာရှည်လျားသည်။
ရွှီဟွေးကဲ့သို့ နက်နဲသော မူလစွမ်းအင်ရှိသူမှသာ ဤလက်နက်ကို အထူးနည်းစနစ်များဖြင့် ကိုင်တွယ်အသုံးပြုနိုင်သည်။
ယခု အကွာအဝေးအတွင်း မြနန်းကြိုး ဓားမြှောင်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းရွှမ်အား အပိုင်းပိုင်းအစစ ပြတ်တောက်သွားစေနိုင်သည်။
‘တိန်’
ကြည်လင်ပြတ်သားပြီး ရှည်လျားသော ဓားမြည်သံတစ်ခုက ရွှီဟွေး၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
ထိုအသံနှင့်တစ်ပြိုင်နက် ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှလှသော သွေးရောင် နတ်ဘုရားအလင်းတန်းတစ်ခုက ရွှီဟွေး၏ မျက်လုံးများထဲသို့ နက်ရှိုင်းစွာ တိုးဝင်လာတော့သည်။ ထိုခဏတွင် ရွှီဟွေး၏ စိတ်အာရုံများ လုံးဝ ဗလာကျင်းသွားခဲ့သည်။
ရွှီဟွေး သတိပြန်လည်လာချိန်တွင် သူ့မျက်လုံးများ လုံးဝ နီရဲနေသည်ကို တွေ့လိုက်ရသဖြင့် အလွန်တုန်လှုပ်သွားတော့သည်။
သူ့ရှေ့ရှိ ကောင်းရွှမ်၏ နှိုင်းယှဉ်မရအောင် ချောမောလှသော မျက်နှာကလည်း သွေးလွှာတစ်ထပ် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေပြီး အနည်းငယ် မှုန်ဝါးကာ ပုံပျက်နေလေသည်။
မည်သည့်အချိန်ကတည်းကန်း မသိ၊ ကောင်းရွှမ်၏ လက်ထဲတွင် သွေးရောင်ဓားအိမ်နှင့် ဓားရှည်တစ်လက် ရောက်ရှိနေခဲ့သည်။
ထိုသွေးရောင်ဓားအိမ်က ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ပြီး လက်ရာမြောက်လှသော်လည်း ဆန်းကြယ်မှုနှင့် ပြင်းထန်သော အန္တရာယ်ရှိသည့် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။