← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း (၅) - သွေးနီရောင်နှလုံးသား(၁)

သို့သော် ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်၏ အံ့မခန်းစွမ်းအားများနှင့် ယှဉ်လျှင် စကားများခြင်းနှင့် ကြွားဝါခြင်းကဲ့သို့သော ဆိုးကျိုးများကို ကောင်းရွှမ်အနေဖြင့် အပြည့်အ၀ သည်းခံနိုင်သည်။

ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်က သူနှင့် ပေါင်းစပ်သွားခဲ့ပြီဆိုသော်ငြား ကောင်းရွှမ်တွင် ထိုပုရစ်နှင့် ပတ်သက်၍ လုံလောက်သော နားလည်သဘောပေါက်မှု မရှိသေးပေ။

ဤသည်က ပုံမှန်သာဖြစ်သည်။

‘သာမန်လူတွေလိုပဲ ကိုယ့်ခန္ဓာကိုယ်ရဲ့ အခြေအနေ၊ သွေးလည်ပတ်မှုစနစ် ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်ပုံကို တကယ်နားလည်တဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲ'

ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်သည် လူ့ခန္ဓာကိုယ်ထက် အဆပေါင်း ဘီလီယံချီ၍ ပိုမို ရှုပ်ထွေးနက်နဲလှသည်။

ကောင်းရွှမ်က ထိုပုရစ်ကို ဆယ်စုနှစ်များစွာကြာအောင် လေ့လာခဲ့သော်လည်း အခြေခံအချက်များကိုသာ နားလည်နိုင်ခဲ့ပြီး ၎င်း၏ အဓိက လျှို့ဝှက်ချက်များကိုမူ တစိတ်တပိုင်းသာ သိရှိထားသေးသည်။

မည်သည့် ရွှေအဆင့် လျှို့ဝှက်ဆန်းကြယ် ရှေးဟောင်းပစ္စည်းမျှ ရိုးရှင်းမှုမရှိပေ။

သို့သော် ရွှေအဆင့် ပစ္စည်းတစ်ခုကို မှန်ကန်စွာ အသုံးချတတ်ခြင်းက စွမ်းအားများ မြှင့်တင်ရန်အတွက် အမြန်ဆန်ဆုံးလမ်းကြောင်းပင်ဖြစ်သည်။

ကောင်းရွှမ်က သူကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။

“ကောင်းကင်နဂါးမျက်လုံးတွေနဲ့ မကောင်းဆိုးဝါးဧကရာဇ်မျက်လုံးတွေကိုလည်း တပ်ဆင်လို့ရတယ်။ ဒီအထူး ရှေးဟောင်းပစ္စည်းတွေက မျက်လုံးပုံစံမျိုးရှိပေမယ့် တကယ့်မျက်လုံးစစ်စစ်တော့ မဟုတ်ဘူး။

သူတို့က မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းဓားနဲ့လည်း အံဝင်ခွင်ကျ ဖြစ်တယ်။ လုံး၀ ပြီးပြည့်စုံပြီးသားပဲ”

ကောင်းကင်နဂါးမျက်လုံးနှင့် မကောင်းဆိုးဝါးဧကရာဇ်မျက်လုံး နှစ်မျိုးလုံးသည် ကြီးမားလှသော စွမ်းအားများကို ပိုင်ဆိုင်ထားသည့် ရွှေအဆင့် လျှို့ဝှက်ဆန်းကြယ် ရှေးဟောင်းပစ္စည်းများဖြစ်သည်။

ကောင်းရွှမ်တွင် နောင်နှစ်တစ်ရာ အနာဂတ်မှ အရေးကြီးသော သတင်းအချက်အလက်မြောက်မြားစွာ ရှိနေသဖြင့် ဤရွှေအဆင့် ရှေးဟောင်းပစ္စည်းများကို အခြားသူများထက် စောစောစီးစီး ရယူနိုင်မည့် အခွင့်အရေးကောင်းများ ပိုင်ဆိုင်ထားသည်။

“အရာရာကို တစ်ဆင့်ချင်းစီ သွားဖို့လိုတယ်။ လောစရာမလိုဘူး၊ အချိန်တွေ အများကြီးရှိသေးတာပဲ... လက်တလော အရေးကြီးဆုံးက စခန်းကကောင်တွေကို ရှင်းလင်းပြီး သွေးနတ်ဘုရားဂိုဏ်းဆီက အတိုးနည်းနည်းလောက် အရင်ယူဖို့ပဲ”

နတ်ဘုရားသတ်ဖြတ်ခြင်းဓားက ကောင်းရွှမ်၏ လက်ထဲတွင် လှပသေသပ်စွာ နှစ်ကြိမ်ခန့် လည်ပတ်သွားပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။ သူ၏ ဘယ်ဘက်လက်ဖဝါးပေါ်တွင် သွေးရောင် သင်္ကေတလေးခု ထင်ဟပ်လာခဲ့သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းဓားသည် အသားထဲသို့ ပေါင်းစပ်ဝင်ရောက်နိုင်သော်လည်း ကောင်းရွှမ်၏ သွေးအနှစ်သာရများကို စားသုံးရန် လိုအပ်သည်။

ဤသည်မှာ နတ်ဘုရားသတ်ဖြတ်ခြင်းဓား၏ နောက်ထပ် ဆိုးကျိုးတစ်ခုဖြစ်သော ‘သွေးဆာလောင်မှု’ ပင်ဖြစ်သည်။ ၎င်းသည် အသားနှင့် သွေးကို စဉ်ဆက်မပြတ် စုပ်ယူနေရမည်ဖြစ်သည်။

အကယ်၍ နတ်ဘုရားသတ်ဖြတ်ခြင်း ဓားက မဝပါက ဓားပိုင်ရှင်၏ အသားနှင့် သွေးကိုပါ စုပ်ယူမည်ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော လုပ်ကြံသတ်ဖြတ်သူတို့၏ ဘုရင်တစ်ပါးအနေဖြင့် ကောင်းရွှမ်၏ အကြီးမားဆုံး ကျွမ်းကျင်မှုမှာ သတ်ဖြတ်ခြင်းဖြစ်သည်။

ထို့ကြောင့် ဓား၏ ဤဆိုးကျိုးက သူ့အတွက် ပြဿနာတစ်ခုမဟုတ်ပေ။

ကောင်းရွှမ်က တံခါးကို ဆွဲဖွင့်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့သည်။

ဖျော့တော့တော့ မီးရောင်အောက်တွင် ပတ်ဝန်းကျင်က ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ တစ်ဖက်တစ်ချက်စီရှိ ကြမ်းတမ်းပြီး မှိုင်းညို့နေသော မီးခိုးရောင် ကွန်ကရစ်နံရံကြီးများကြောင့် စင်္ကြံလမ်းက အတော်လေး ကြောက်မက်ဖွယ်ကောင်းနေလေသည်။

“သရဲကားရိုက်တဲ့ နေရာနဲ့တောင် နည်းနည်းတူနေသလိုပဲ”

ကောင်းရွှမ်က သူ့ဘာသာ ရေရွတ်ရင်း ဘေးဘက်ရှိ သံတံခါးကို ခေါက်လိုက်သည်။

“နံပါတ် ၃၃... အလုပ်လုပ်ဖို့ အချိန်တန်ပြီ။ အာ... မဟုတ်ဘူး၊ ဧည့်သည်လာနေတယ်။ တံခါးမြန်မြန်ဖွင့်စမ်း”

သံတံခါးပေါ်ရှိ ပြတင်းပေါက်ငယ်လေး ပွင့်သွားပြီးနောက် အေးစက်တောက်ပသော မျက်လုံးတစ်စုံပေါ်လာကာ ကောင်းရွှမ်ကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် အထဲမှလူက လေးလံသော သံတံခါးကြီးကို ဆွဲဖွင့်လိုက်လေသည်။ တံခါးပတ္တာလည်သွားသော ခြောက်ကပ်ကပ် အသံကြမ်းကြီးက စင်္ကြံလမ်းတစ်လျှောက် ဟိန်းထွက်သွားသည်။

ကောင်းရွှမ်က ခပ်ကြွားကြွားဟန်ဖြင့် အထဲသို့ ဝင်လာသည်။

“ကြည့်ရတာ မလုပ်ချင်ကိုင်ချင်ဖြစ်နေတဲ့ ရုပ်နဲ့။ ဘာလဲ... ဧည့်သည်လက်ခံချင်တဲ့စိတ် မရှိဘူးလား။ ငါတစ်ခုပြောပြမယ်။ မင်းက နာမည်ကြီး လူကြိုက်များတဲ့သူ ဖြစ်နေရင်တောင် ဒီလောက်ကြီး အချိုးမပြေဖြစ်‌အောင် လုပ်စရာမလိုပါဘူး”

၃၃ ၏ မျက်လုံးများထဲတွင် အံ့ဩသွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ၀၈၈ သည် အစကတည်းက စကားများတတ်သူဖြစ်သော်လည်း ယနေ့တွင်မူ တစ်မျိုးကွဲပြားနေသည်။

ပထမအချက်မှာ သူက နေကာမျက်မှန်ကို တပ်ဆင်ထားပြီး ထိုမျက်မှန်နောက်ရှိ မျက်လုံးများကို မှိတ်ထားခြင်းဖြစ်သည်။ ဒုတိယအချက်မှာ သူ၏ မျက်ခုံးများကြားတွင် အတားအဆီးမဲ့ ရဲတင်းနေသော အငွေ့အသက်တစ်ခုကို တွေ့နေရခြင်းပင်။

ဤစခန်းထဲတွင် သင်တန်းသားအားလုံးက အလွန်အမင်း သတိထားပြီး နေထိုင်ကြရသည်။ မိမိကိုယ်ကို ဂရုမစိုက်သူများမ ရှင်းလင်းခံလိုက်ရသည်မှာ ကြာပြီဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ၀၈၈ ၏ မျက်ခုံးများကြားမှ ဖြာထွက်နေသော အားကောင်းပြီး ပြည့်စုံလွှမ်းမိုးနိုင်သည့် ယုံကြည်ချက်ကို နေကာမျက်မှန်ကပင် ဖုံးကွယ်မထားနိုင်ခြင်းဖြစ်သည်။

ကျွန်တစ်ယောက်က သခင်ကို ရုတ်တရက် ပုန်ကန်လိုက်သည့်အလား၊ လူကတော့ အရင်လူပင် ဖြစ်သော်လည်း သူ၏စိတ်ဝိညာဉ်က လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

၀၈၈ ၏ အပြောင်းအလဲက ၃၃ ကို အနည်းငယ် တွေဝေသွားစေသည်။ ပြင်းထန်လှသော ပြိုင်ဆိုင်မှုများက သင်တန်းသားများကို အချင်းချင်း သတိထားကာ ရန်လိုမှုများ ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ၀၈၈ နှင့် သူ၏ ဆက်ဆံရေးကတော့ ခြားနားလေသည်။ အပြင်ပန်းတွင် တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုထားပြီး ရန်သူများလိုပင် ဖြစ်နေကြသည်။

သို့သော် တကယ့်လက်တွေ့တွင်မူ သူတို့က အတူတကွ သေအတူရှင်မကွဲ ဖြတ်သန်းခဲ့ကြသည့် တွဲဖက်များ၊ ရဲဘော်ရဲဘက် ညီအစ်ကိုများ ဖြစ်ကြသည်။

ကောင်းရွှမ်က လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသော ယုံကြည်မှုဖြင့် ကြေညာလိုက်သည်။

“မင်းရဲ့ ကြောင်တောင်တောင် မျက်နှာလေးကိုလည်း ကြည့်ဦး။ စိတ်မပူပါနဲ့၊ ငါ အရူးမပတ်သေးပါဘူး။ ဒီနေ့ ငါတို့ကို အနိုင်ကျင့်ခဲ့တဲ့ ကောင်တွေအားလုံးကို ရှင်းလင်းပြီး ကြီးမားတဲ့ တရားမျှတမှုပြန်တောင်းမယ်။ ပြီးတော့ ငါတို့ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ခွင့်ကို ပြန်ယူမယ်”

ကောင်းရွှမ်က အရသာခံသည့်ဟန်ဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရာ သူ၏မျက်နှာပေါ်တွင် ကြည်နူးသွားသည့် အမူအရာ ပေါ်လာသည်။

“လွတ်လပ်ခြင်းရဲ့ အငွေ့အသက်က တကယ်ကို ချိုမြိန်တာပဲ”

၃၃ က ခဏတာ တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။

“အစီအစဉ်က ဘာလဲ”

ကောင်းရွှမ် အလွန်သဘောကျသွားသည်။

“ဒါကြောင့်ပဲ ငါ မင်းကို သဘောကျတာ... တည်ငြိမ်တယ်၊ စေ့စပ်သေချာတယ်၊ မလုပ်ခင် သေချာ ကြိုတင်စီစဉ်တယ်”

၃၃ က သူ အဘယ်ကြောင့် ရူးသွပ်နေသလဲဆိုသည်ကို မိုက်မဲစွာ မမေးခဲ့သလို တုံ့ဆိုင်းနေခြင်းလည်း မရှိပေ။ အစီအစဉ်ကိုသာ တိုက်ရိုက် မေးမြန်းလိုက်သည်။

ဤသည်က ပြတ်သားမှုကို ပြသနေပြီး ပို၍အရေးကြီးသည်မှာ သူ့အပေါ် ယုံကြည်မှုရှိခြင်းပင်။

၃၃ က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“အချိန်ဖြုန်းမနေနဲ့”

အဖွဲ့ဝင်များကြား တိတ်တဆိတ်ဆက်သွယ်မှုကို တင်းကျပ်စွာ တားမြစ်ထားသည်။ သူတို့အနေဖြင့် ငရဲခန်းလေ့ကျင့်မှုကို အောင်မြင်ပြီး စခန်းမှ မကြာမီ ထွက်ခွာရတော့မည်ဖြစ်သော်လည်း ဤစည်းမျဉ်းက အသက်ဝင်နေဆဲပင်။

စင်္ကြံလမ်းများတွင် စောင့်ကြည့်ကင်မရာများ ပြည့်နှက်နေသည်။ ကောင်းရွှမ်၏ လှုပ်ရှားမှုများက လုံခြုံရေးအဖွဲ့ကို သေချာပေါက် သတိထားမိစေလိမ့်မည်။

၃၃ ၏ ခန့်မှန်းချက်အရ သူတို့က ဆယ်မိနစ်အတွင်း ရောက်လာနိုင်လေသည်။

၀၈၈ မည်သည့်အရာကို လုပ်ချင်သည်ဖြစ်စေ မြန်မြန်လုပ်ရန် လိုအပ်သည်။

၃၃ ၏ မျက်နှာသွင်ပြင်က သိမ်မွေ့ပြီး ချစ်စရာကောင်းသော်လည်း၊ ခရမ်းရင့်ရောင် အမာရွတ်တစ်ခုက သူမ၏ မျက်နှာပြင်တစ်ခုလုံးကို ဖြတ်သန်းသွားလေသည်။

ထိုအမာရွတ်ကြောင့် သူမ၏ မျက်နှာတစ်ခုလုံးက အနည်းငယ် ကြမ်းကြုတ်သည့်ဟန် ပေါ်နေသည်။ အမာရွတ်ကြောင့် သူမ မျက်မှောင်ကြုတ်လိုက်ချိန်တွင် မျက်ခုံးတစ်ဖက်က အခြားတစ်ဖက်ထက် မြင့်တက်သွားသည်။

ကံကောင်းထောက်မစွာဖြင့် သူမ၏ တောက်ပသောမျက်လုံးများက အရာအားလုံးကို ဖုံးကွယ်ပေးထားပြီး ထူးခြားသော တက်ကြွသည့်အသွင်အပြင်ကို ပေးစွမ်းနေသည်။

အခြားသူများ သူမ၏အလှအပကို တပ်မက်ခြင်းမှ ကာကွယ်ရန်နှင့် ပြဿနာများကို လျှော့ချရန်အတွက် ၃၃ ကိုယ်တိုင် ဖန်တီးထားသော အမာရွတ်ဖြစ်ကြောင်း ကောင်းရွှမ် သိထားသည်။

စခန်းအတွင်း ရှင်သန်ရသည်မှာ အမျိုးသားသင်တန်းသားများထက် အမျိုးသမီးများအတွက် ပို၍ပင် ခက်ခဲလှသည်။

ကောင်းရွှမ်က လက်လှမ်းကာ ၃၃ ၏ ကြုတ်ထားသော မျက်မှောင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

“လောစရာမလိုပါဘူး။ ငါတို့မှာ အချိန်တွေ အများကြီးရှိပါတယ်”

သူမ၏ မျက်ခုံးများက နက်မှောင်ပြောင်လက်နေပြီး သဘာဝအတိုင်း ကွေးညွတ်ကာ သွယ်လျနေသည်။ မြင့်တက်နေသော မျက်ခုံးတန်းလေးက ထူးခြားစွာ လှပနေလေသည်။

ဤကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို ၃၃ အလွန်အမင်း သက်တောင့်သက်သာမရှိ ဖြစ်နေသည်။

သူမ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်ပြီး ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးက ပေါက်ကွဲထွက်ကာ တိုက်ခိုက်တော့မည့်အလား တင်းမာနေလေသည်။ ကောင်းရွှမ်ဖြစ်နေ၍သာ တော်တော့သည်။

အခြားတစ်ယောက်ယောက်သာ ဤမျှနီးကပ်လာခဲ့လျှင် ၃၃ က ထိုသူ၏ ခေါင်းကို ဝေခွဲနေခြင်းမရှိဘဲ ချက်ချင်း ရိုက်ခွဲပစ်လိုက်မည်သာ။

၃၃ ၏ တင်းမာနေမှုကို ကောင်းရွှမ် နားလည်သည်။ ထို့ကြောင့် နှစ်သိမ့်လိုက်သည်။

“မင်းက ဘာတွေ စိတ်လှုပ်ရှားနေတာလဲ။ မင်း ငါ့လောက်တောင် ရုပ်မချောပါဘူး။ ငါ့ရုပ်က အမှတ်တစ်ရာမှာ တစ်ရာပြည့်တယ်။ မင်းက ဆယ်မှတ်တောင် မနည်းရယူရမှာ”

၃၃ ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပြေလျော့သွားသည်။ သူမက ခေတ္တမျှ လေးလေးနက်နက် စဉ်းစားလိုက်ပြီး တုံ့ပြန်လိုက်သည်။

“နှစ်မှတ်ပါ”

ကောင်းရွှမ်က ပြုံးလိုက်သည်။

“ဟားဟားဟား... အဲဒီလောက် နှိမ့်ချနေစရာ မလိုပါဘူး။ ငါတို့ရဲ့ ပုန်ကန်မှုကို မစတင်ခင် လုပ်စရာ အရေးကြီးတဲ့ကိစ္စတစ်ခုရှိသေးတယ်”

၃၃ က စကားမပြောဘဲ ကောင်းရွှမ်ကိုသာ ကြည့်ကာ မြန်မြန်လုပ်ရန် တိုက်တွန်းလိုက်သည်။

ကောင်းရွှမ်က ၃၃ ကို လေးလေးနက်နက် ဆိုလိုက်သည်။

“ငါတို့က လူတွေလေ၊ စက်ရုပ်တွေမှ မဟုတ်တာ။ နံပါတ်ကုဒ်တွေနဲ့ ကိုယ်စားပြုမခံရဘဲ ကိုယ်ပိုင်နာမည်တွေ ရှိသင့်တာပေါ့။ မှတ်ထား၊ ငါ့နာမည်က ကောင်းရွှမ်။ ၀၈၈ မဟုတ်ဘူး”

၃၃ က နားလည်သလိုလို ရှိသော်လည်း အပြည့်အဝတော့ မဟုတ်ပေ။ သူမက တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကိုသာ သင်ယူရင်း စခန်းအတွင်း ကြီးပြင်းလာခဲ့ရသူဖြစ်သည်။

ဤအယူအဆများကို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်စွမ်း မရှိချေ။ ကောင်းရွှမ် ဖြစ်စေ၊ ၀၈၈ ဖြစ်စေ... သူမအတွက်တော့ ကွာခြားချက်က ကြီးကြီးမားမား မရှိလှပေ။

၃၃ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ကောင်းရွှမ်က သူမ၏ ပခုံးနှစ်ဖက်ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်လိုက်သည်။

All Chapters