အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) - ရုတ်တရက် တိုက်ခိုက်ခြင်း
ယွမ်ချင်းရှန်၏ ကိုယ်တွင်းရှိ မူလစွမ်းအင်အဆင့်များ သိသိသာသာ မြင့်တက်လာသည်ကို ကောင်းရွှမ် ခံစားမိလိုက်သည်။ အနည်းဆုံး နှစ်ဆင့်ခန့် တက်သွားလောက်ပေမည်။
သို့သော် ထိုစွမ်းအားများက သိပ်တော့ မတည်ငြိမ်သေးပေ။
တင်းကျပ်စွာ မှိတ်ထားသော ယွမ်ချင်းရှန်၏မျက်လုံးများ ရုတ်တရက်ပွင့်လာပြီး သူမ၏မျက်လုံးအတွင်းပိုင်းတွင် လျှပ်စီးရောင်များ ခပ်ရေးရေး လှည့်ပတ်နေသည်။
ခေါင်းနောက်တွင် စည်းထားသော ဆံပင်ရှည်များကလည်း လေထဲတွင် လွင့်ပျံသွားလေသည်။ မူလစွမ်းအင်များ အရှိန်အဟုန်ဖြင့် တိုးပွားလာမှုနှင့်အတူ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးခြားသော အပြောင်းအလဲများစွာ ပေါ်လာသည်။
သို့သော် သူမ၏ မျက်လုံးများထဲရှိ လျှပ်စီးရောင်များက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဆံပင်များကလည်း ချက်ချင်းပင် အောက်သို့ ပြန်ကျလာကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ယွမ်ချင်းရှန်က သူမ၏ လက်ကို ဆန့်ထုတ်လိုက်ရာ အနက်ရောင်တိုက်ပွဲဝင်ဝတ်စုံကြပ်ကြပ်တစ်ခုက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးအုပ်သွားသည်။
ထိုတိုက်ပွဲဝင်ဝတ်စုံက သတ္တုနှင့် တူလှပြီး ယွမ်ချင်းရှန်၏ ပုံစံက ရုတ်တရက် ပို၍ စူးရှထက်မြက်ကာ သတ်ဖြတ်ချင်သည့်ဟန် ပိုမိုပေါ်လွင်လာသည်။
ကောင်းရွှမ် အနည်းငယ် မနာလိုဖြစ်သွားမိသည်။ သွေးနီရောင်နှလုံးသားက တကယ်ကို အသုံးဝင်လှသည်။
ယခုဆိုလျှင် ယွမ်ချင်းရှန်၏ တိုက်ခိုက်ရေးစွမ်းအားက အနည်းဆုံး တစ်ဆင့်လောက်တော့ မြင့်တက်သွားပြီဖြစ်သည်။
သွေးနီရောင်နှလုံးသား၏ နာကျင်စေတတ်သော ဆိုးကျိုးများက ယွမ်ချင်းရှန်အတွက်တော့ ပြဿနာမဟုတ်ပေ။ သူမ၏ မျိုးဗီဇ ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းက စိန်ဖြစ်ရာ သူမ၏ ခန္ဓာကိုယ်သည် အလွန်အမင်း သန်မာကြံ့ခိုင်ပြီး ဒဏ်ခံနိုင်စွမ်းရှိသည်။
သူမအနေဖြင့် သွေးနီရောင်နှလုံးသား၏ နာကျင်မှုကို ခံနိုင်ရည်ရှိပြီး ထိုနာကျင်မှုနှင့် ဖြည်းဖြည်းချင်း အသားကျလာနိုင်သည်။ ထို့ပြင် နာကျင်မှုများကြားမှပင် တဖြည်းဖြည်း ကြီးထွားလာနိုင်စွမ်းရှိသည်။
ကောင်းရွှမ်အတွက်မူ သွေးနီရောင်နှလုံးသားက သင့်တော်မှုမရှိပေ။
၎င်းမှာ ယောကျ်ားနှင့် မိန်းမကြား ကွာခြားချက်ကြောင့်သက်သက် မဟုတ်ဘဲ သူ၏ ထူးကဲလှသော အာရုံခံနိုင်စွမ်းက သွေးနီရောင်နှလုံးသား၏ နာကျင်မှုကို အဆပေါင်း သောင်းချီ၍ ပိုမိုပြင်းထန်သွားစေနိုင်သောကြောင့်ဖြစ်သည်။
ယွမ်ချင်းရှန်က ရုတ်တရက် အားရပါးရ လက်သီးတစ်ချက် ထိုးချလိုက်သည်။ လက်သီးအစွန်းက လေထုကို ခွဲဖြတ်သွားကာ တိုးညှင်းသောလေခွင်းသံတစ်ခု ထွက်ပေါ်လာသည်။
ယွမ်ချင်းရှန်က ညင်သာစွာ သက်ပြင်းချလိုက်သည်။
“အခု ကျွန်မက အဆင့်ငါး စစ်သည်တော်တစ်ယောက်နဲ့ တူနေပြီ။ သွေးနီရောင်နှလုံးသားရဲ့ ကာကွယ်ရေးစွမ်းအားကိုပါ ပေါင်းလိုက်ရင် အဆင့်ခြောက် စစ်သည်တော်တစ်ယောက်ကိုတောင် ယှဉ်တိုက်နိုင်လောက်တယ်”
သူမက ခေါင်းကို ထပ်မံခါယမ်းလိုက်ပြန်သည်။
“ခွေးအိုကြီး ရွှီဟွေးကိုတော့ နိုင်မှာမဟုတ်ဘူးထင်တယ်”
ရွှီဟွေး၏ တကယ့်စွမ်းအားကို ယွမ်ချင်းရှန် မသိပေ။ သို့သော် ရွှီဟွေးတိုက်ခိုက်သည်ကို အကြိမ်များစွာ မြင်ဖူးထားသဖြင့် သူ၏စွမ်းအားအပေါ် အခြေခံ ခန့်မှန်းချက်တော့ ရှိထားသည်။
ရွှီဟွေးက သူ၏ စွမ်းအားကို ဖုံးကွယ်မထားဘူးဆိုလျှင်ပင် သူမ၏ လက်ရှိအခြေအနေနှင့် အနိုင်ယူနိုင်ဖို့ဆိုသည်က မသေချာလှပေ။
သွေးနီရောင်နှလုံးသားက အသုံးဝင်လှသော်လည်း ၎င်းသည် ပြင်ပအရာဝတ္ထုတစ်ခုဖြစ်ပြီး လက်နက်တစ်မျိုးသာ ဖြစ်သည်။
လက်နက်ကို မည်သို့ အသုံးချရမည်ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုအပေါ်တွင်သာ မူတည်သည်။ ဤအချက်နှင့် ပတ်သက်၍ ယွမ်ချင်းရှန်တွင် ရှင်းလင်းသော အသိအမြင်ရှိသည်။
နည်းစနစ်ဖြစ်စေ၊ စွမ်းအားဖြစ်စေ၊ အတွေ့အကြုံဖြစ်စေ သူမသည် ရွှီဟွေးနှင့် အလှမ်းဝေးနေဆဲပင်။
“ရွှီဟွေးအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ သူ့ကို ငါ ရှင်းပြီးသွားပြီ”
ကောင်းရွှမ်က ဆက်ပြောလာသည်။
“ငါတို့က ကျိုးလန်ကို ရှင်းဖို့ပဲ လိုတော့တယ်”
ကောင်းရွှမ်အတွက်မူ အဆင့်ခုနစ်ရှိသော ကျိုးလန်ကသာ တစ်ခုတည်းသော ခြိမ်းခြောက်မှုဖြစ်သည်။
ယွမ်ချင်းရှန် အတော်လေး မယုံကြည်နိုင်ဖြစ်သွားသည်။
“ရွှီဟွေးကို နင် သတ်လိုက်တာလား”
လေ့ကျင့်ရေးမှူးချုပ် ရွှီဟွေးသည် သင်တန်းသားအားလုံး၏ အိပ်မက်ဆိုးဖြစ်သည်။ ယွမ်ချင်းရှန်၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံး ရန်သူကြီးလည်း ဖြစ်သည်။
ကောင်းရွှမ်က ရွှီဟွေးကို ဤကဲ့သို့လွယ်လွယ်လေး သတ်လိုက်သည်ဆိုရာ ယွမ်ချင်းရှန်အတွက် အိပ်မက်မက်နေသလိုလို၊ တကယ့်လက်တွေ့ မဟုတ်သလိုလို ခံစားလိုက်ရသည်။
“ဟုတ်တယ်၊ ငါသတ်လိုက်တာ”
ကောင်းရွှမ်က တောင်းပန်သည့်ဟန်ဖြင့် ဆိုလိုက်သည်။
“မင်းကို ခေါ်ဖို့ မေ့သွားတယ်။ သူ့ကို သတ်ရတဲ့ခံစားချက်က အရမ်းကောင်းတာကိုး။ သေခါနီးအချိန်မှာ ရွှီဟွေးရဲ့ မျက်နှာပေါ်က အမူအရာက တကယ့်ကို ပြီးပြည့်စုံလွန်းတယ်။ မင်း မမြင်လိုက်ရတာ နှမြောစရာပဲ”
ယွမ်ချင်းရှန်မှာ ဆုံးရှုံးမှုတစ်ခုလို ခံစားလိုက်ရသည်။ ကောင်းရွှမ်က ဤမျှအထိ စွမ်းအားကြီးမားလာပြီဖြစ်ရာ သူမအနေဖြင့် သူ့ခြေလှမ်းများအား မီအောင် မလိုက်နိုင်တော့သည့်အလား ခံစားရသည်။
သူ့အား ကူညီပေးနိုင်ဖို့ဆိုသည်မှာ ပို၍ပင် ဝေးသွားသေးသည်။
ရွှီဟွေးကို ကိုယ်တိုင်မသတ်လိုက်ရသဖြင့် ယွမ်ချင်းရှန် နောင်တရနေသည်ဟု ထင်ကာ ကောင်းရွှမ်က နှစ်သိမ့်လိုက်သည်။
“ဒါဆို ကျိုးလန်ကို မင်းသတ်ဖို့ ချန်ထားပေးမယ်လေ။ အဲဒါဆို ပိုပြီး ကျေနပ်စရာကောင်းသွားတာပေါ့”
ယွမ်ချင်းရှန် ခဏတာ တိတ်ဆိတ်သွားပြီး မေးလိုက်သည်။
“ကျိုးလန်ဆိုတာ ဘယ်သူလဲ”
သူမ စခန်းထဲတွင် ဆယ်စုနှစ်တစ်ခုကျော် နေထိုင်လာခဲ့ရာ ရွှီဟွေးကသာ အကြီးအကဲဖြစ်ကြောင်း သိထားပြီး ကျိုးလန်ဆိုသော နာမည်ကို တစ်ခါမျှ မကြားဖူးခဲ့ပေ။
“ကျိုးလန်က စခန်းရဲ့ တကယ့်အကြီးအကဲလေ။ သူက အဓိကတရားခံပဲ။ ရွှီဟွေးက ကျိုးလန်ရဲ့ လက်ပါးစေသက်သက်ပဲ”
ယွမ်ချင်းရှန်၏ တောက်ပသော မျက်လုံးများ လင်းလက်သွားသည်။
“ကောင်းပြီ... ကျိုးလန်ကို ကျွန်မတာဝန်ထားလိုက်”
“ဒီမှာ ပြဿနာလေးတစ်ခုရှိတယ်။ ကျိုးလန်က ရွှီဟွေးထက် အများကြီး ပိုပြီးအစွမ်းထက်တယ်။ မင်း သူ့ကို မနိုင်မှာကို ငါ စိုးရိမ်တယ်၊ သူငယ်ချင်း”
ကောင်းရွှမ်က အကြံပြုလိုက်သည်။
“အကောင်းဆုံး နည်းလမ်းကတော့ မင်းက ရှေ့တန်းကနေပြီး သူတို့ အာရုံစိုက်လာအောင် ဆွဲဆောင်ထား။ ကျိုးလန်ကိုတော့ ငါရှင်းလိုက်မယ်”
ယွမ်ချင်းရှန် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ”
“မင်းက ဒီလောက်လွယ်လွယ်လေး သဘောတူလိုက်တာလား။ မေးစရာမေးခွန်းတွေ ဘာမှမရှိဘူးလား။ ငါ ပြင်ဆင်ထားတဲ့ ရှင်းပြချက်တွေ ပြောခွင့်တောင် မရလိုက်ဘူး။ ငါ့ကိုယ်ငါ အသုံးမကျသလိုတောင် ခံစားရတယ်”
ယွမ်ချင်းရှန်က စကားမပြောဘဲ ကောင်းရွှမ်ကို တိတ်တဆိတ်သာ ကြည့်နေသည်။
“ထားပါတော့၊ ခုနက ငါပြောတာတွေကို မေ့လိုက်ပါ”
ကောင်းရွှမ်က ယဉ်ကျေးစွာ ပြုံးလိုက်ပြီး ထပ်ပြောသည်။
“အစီအစဉ်က အရမ်းရိုးရှင်းတယ်။ ငါတို့ လုံခြုံရေးအဖွဲ့နောက်က လိုက်သွားရင် ကျိုးလန်ကို တွေ့ရလိမ့်မယ်။ အချိန်ကျရင် ငါအချက်ပြတာကို စောင့်ပြီးမှ ၀င်တိုက်၊ ကျန်တာကိုတော့ ငါ့တာဝန်ထားလိုက်”
ယွမ်ချင်းရှန် ခေါင်းညိတ်လိုက်ပြီးနောက် စိုးရိမ်သည့်ဟန်ဖြင့် မေးလိုက်သည်။
“နင်… မျက်လုံးတွေ အဆင်ပြေရဲ့လား”
ကောင်းရွှမ်က နေကာမျက်မှန်တပ်ထားသော်လည်း မျက်မှန်နောက်ကွယ်ရှိ မျက်လုံးများကို အမြဲတမ်း မှိတ်ထားသည်။
ဤအချက်က ယွမ်ချင်းရှန်ကို အလွန်ထူးဆန်းသလို ခံစားရစေပြီး အနည်းငယ် စိတ်ပူနေမိသည်။
“အရင်ကထက်တောင် ပိုပြီးကောင်းသေးတယ်”
ကောင်းရွှမ်က ယွမ်ချင်းရှန်ကို သွားဖြီးပြလိုက်ပြီး မျှော်လင့်ချက်ကြီးစွာဖြင့် ဆိုလိုက်သည်။
“ဒီနေ့ ငါတို့တွေ အားရပါးရ သတ်ဖြတ်ကြတာပေါ့”
ကောင်းရွှမ်က မျက်လုံးမှိတ်ထားသော်လည်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သဖြင့် မျက်လုံးမှိတ်ထားခြင်းက သူ့အတွက် အဟန့်အတားမဖြစ်စေကြောင်း သေချာနေသည်။ ထို့ကြောင့် ယွမ်ချင်းရှန်က ထပ်မမေးတော့ပေ။
ဤသည်မှာ အလွန်ထူးဆန်းသော်လည်း ကောင်းရွှမ်က မည်သို့မျှမပြောသဖြင့် သူမလည်း ထပ်မမေးတော့ခြင်းဖြစ်သည်။
……..
‘ဒုန်း... ဒုန်း... ဒုန်း...’
တံခါးကို အားပါးတရထုနှက်လိုက်သဖြင့် တံခါးကြီး ပြင်းထန်စွာ တုန်ခါသွားသည်။ အပြင်ဘက်မှ ကြမ်းတမ်းသော အသံကြီးတစ်ခုက စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။
“၃၃... သောက်တံခါး မြန်မြန်ဖွင့်စမ်း”
ယွမ်ချင်းရှန်၏မျက်လုံးများ အေးစက်သွားပြီး သူမ၏ မျက်ခုံးများကြားတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။
“တည်ငြိမ်စမ်း၊ တည်ငြိမ်စမ်းပါ။ ငါတို့က အကောင်ကြီးကြီးကို အရင်သတ်မယ်၊ ပြီးမှ ငပိန်းတွေကို ရှင်းလင်းကြတာပေါ့”
ကောင်းရွှမ်က ယွမ်ချင်းရှန်ကို သတိပေးလိုက်သည်။
“အရမ်း မလုပ်နဲ့ သူငယ်ချင်း”
ယွမ်ချင်းရှန်က အသက် ပြင်းပြင်းရှူသွင်းကာ ရင်ထဲတွင် ပွက်ပွက်ဆူနေသော သတ်ဖြတ်လိုစိတ်များကို ဖိနှိပ်လိုက်သည်။
သွေးနီရောင်နှလုံးသားမှ ဖန်တီးထားသော တိုက်ပွဲဝင်ဝတ်စုံကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် တံခါးဆီသို့ လျှောက်သွားကာ ဖွင့်ပေးလိုက်သည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လူအချို့က ဆူညံစွာဖြင့် အထဲသို့ ပြေးဝင်လာကြသည်။
ခေါင်းဆောင်ဖြစ်သူက အရပ်ရှည်ရှည်၊ ကိုယ်လုံးတောင့်တောင့်နှင့် ခေါင်းတုံးဖြစ်ပြီး သူ၏ ညာဘက်မျက်လုံးနေရာတွင် အပြာနှင့် အနီရောင် တလက်လက်တောက်ပနေသော အီလက်ထရောနစ်မျက်လုံးတုတစ်ခုကို တပ်ဆင်ထားသည်။
ထိုခေါင်းတုံးက လုံခြုံရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး လင်းတ ဟု အမည်ပြောင်ရထားသူဖြစ်သည်။
ထိုကောင်၏ လုပ်ရပ်များက အောက်ခြေလွတ်နေပြီး အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် စခန်းရှိ သင်တန်းသားများကို မကြာခဏ နှိပ်စက်သတ်ဖြတ်လေ့ရှိသည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း သင်တန်းသားများ ကြီးပြင်းလာကာ တိုက်ခိုက်ရေးစွမ်းအားများ တိုးတက်လာခဲ့သဖြင့် လင်းတလည်း အနည်းငယ် ထိန်းသိမ်းလာခဲ့သည်။
သို့သော် လျှို့ဝှက်စွာဖြင့်မူ ချောမောသော သင်တန်းသားများကို အလွဲသုံးစားလုပ်ရန် နည်းလမ်းမျိုးစုံ အသုံးပြုနေဆဲပင်။
လုံခြုံရေးအဖွဲ့တစ်ခုလုံးကလည်း ဤကဲ့သို့လူမျိုးချည်းသာ။ သူတို့အထဲတွင် လူကောင်းတစ်ယောက်မှ မရှိပေ။
ယွမ်ချင်းရှန်မှာ ထိုလူများ၏ အနိုင်ကျင့်မှုကို မခံနိုင်တော့သဖြင့် သူမကိုယ်သူမ မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ဖန်တီးခဲ့ရခြင်းဖြစ်သည်။ သို့သော် ထိုအမာရွတ်ကပင် ဒီဝံပုလွေအုပ်ကို မတားဆီးနိုင်ခဲ့ပေ။
ယွမ်ချင်းရှန်၏ ပြင်းထန်ပြတ်သားသော စိတ်ဓာတ်နှင့် ကြမ်းကြုတ်မှုကသာ ဤအကောင်များ ရမ်းကားခြင်းမပြုရဲအောင် တားဆီးထားနိုင်ခြင်းဖြစ်သည်။
လင်းတက ယွမ်ချင်းရှန်နှင့် ကောင်းရွှမ်တို့ကို အထက်အောက် စုံဆန်အကဲခတ်ကြည့်လိုက်သည်။ သူ၏ အီလက်ထရောနစ် မျက်လုံးတုက သူတို့နှစ်ဦးထံမှ မည်သည့် ထူးခြားမှုမှ မတွေ့ရသလို မည်သည့်လက်နက်မျှလည်း မတွေ့ရပေ။
ဤသည်က လင်းတကို အနည်းငယ် စိတ်ပျက်သွားစေသည်။ ကောင်းရွှမ်နှင့် ယွမ်ချင်းရှန်တို့က စခန်းမှ မကြာမီထွက်ခွာရတော့မည်ဖြစ်ရာ ယခုအချိန်တွင် အပြစ်တစ်ခုခု ရှာတွေ့ခဲ့လျှင် သူတို့နှစ်ဦးလုံးကို ကစားရန် အခွင့်အရေး ရနိုင်သေးသည်မဟုတ်လော။
“သင်တန်းသားတွေကို တိတ်တဆိတ်တွေ့ဆုံတာ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ မင်းတို့ စည်းမျဉ်းတွေကို မသိဘူးလား”
လင်းတက မျက်နှာထား တင်းတင်းဖြင့် ဆိုလိုက်သည်။
“မင်းတို့ စည်းမျဉ်းတွေကို ချိုးဖောက်တယ်။ စည်းမျဉ်းတွေအရ မင်းတို့ကို ကြိမ်ဒဏ်အချက်ငါးဆယ် ပေးရမယ်”
သူ့ဘေးရှိ အစောင့်တစ်ဦးက ခါးမှ ကြိမ်တို့တစ်ခုကို ဆွဲဖြုတ်ကာ သွားဖြီးပြလိုက်သည်။
“အခု မင်းတို့ အဝတ်တွေချွတ်ပြီး မြေကြီးပေါ် လှဲနေလိုက်”
“အသံသာသာလေး အော်ရင်တော့ နည်းနည်း သက်သက်သာသာ ရိုက်ပေးမယ်လေ...”
“ဟားဟားဟား...”