အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) - ရုပ်ဖျက်ခြင်း(၁)
အခြားအစောင့်အချို့ကလည်း မောက်မာစွာ ရယ်မောလိုက်ကြသည်။ သူတို့က သင်တန်းသားများကို အမြဲတမ်း ဆုံးမလေ့ရှိပြီး လွတ်လပ်စွာ စော်ကားနှိပ်စက်ကာ ရှင်သန်ခွင့်နှင့် သေဆုံးခွင့်ကိုပါ ချုပ်ကိုင်ထားကြသူများဖြစ်သည်။
ဤသင်တန်းသားများကို သူတို့ အနည်းငယ်မျှပင် ဂရုမစိုက်ကြပေ။ ကောင်းရွှမ် ဘွဲ့ရတော့မည်ဆိုလျှင်ပင် အနာဂတ်တွင် ပြန်လည်တွေ့ဆုံရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။
ကောင်းရွှမ်၏ လက်စားချေမှုကို သူတို့ မကြောက်ကြသလို ကောင်းရွှမ်တို့မှာ ထိုသို့ပြုလုပ်ရဲသည့် သတ္တိရှိသည်ဟုလည်း မထင်ကြပေ။
ကောင်းရွှမ်က မကျေမနပ်ဖြင့် ဆိုလိုက်သည်။
“မင်းတို့ ပြောနေတဲ့ပုံစံက ငါ့ကို စော်ကားနေသလို ခံစားရတယ်”
“ဟားဟားဟား...”
လင်းတက ရယ်မောလိုက်သည်။
“၀၈၈... မင်းက တကယ့်ကို မိန်းမလျာပဲ။ ငါ မင်းကို အစောကြီးကတည်းက လုပ်ပစ်ခဲ့သင့်တာ”
“မင်း…. အရူးကောင် သွားပြီး မင်းအမေကိုသာ လုပ်လိုက်တော့။ ပြဿနာက မင်းအမေက ခွေးနဲ့ မိတ်လိုက်နေလို့ အလုပ်ရှုပ်နေပြီး နေရာတင် ပေါက်ကွဲသွားပြီဆိုတော့...”
ကောင်းရွှမ်က အမြဲတမ်း ပါးစပ်ကြမ်းလေ့ရှိသည်။
ဤသည်မှာ ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်၏ ဆိုးကျိုးတစ်ခုဖြစ်ပြီး သူကိုယ်တိုင်လည်း ထိန်းချုပ်ရန် ခက်ခဲနေသည်။
ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း ကောင်းရွှမ်၏ ဆဲရေးတိုင်းထွာမှုစွမ်းရည်က အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ပါးစပ်တစ်ချက် ဟလိုက်ရုံဖြင့် လင်းတ၏အမေကို ကောင်းကင်ဘုံသို့ပင် ပို့လိုက်လေပြီ။
ဆဲဆိုခံလိုက်ရသဖြင့် လင်းတမှာ အံ့အားသင့်သွားပြီး ခဏတာ ရပ်နေကာမှ သတိပြန်ဝင်လာသည်။ ထိုအချိန်တွင် သူ၏ မိသားစုတစ်ဆွေလုံး၊ တစ်မျိုးလုံး ဆဲရေးတိုင်းထွာခြင်း ခံလိုက်ရလေပြီ။
လင်းတက ပစ္စတိုဖြင့် ကောင်းရွှမ်ကို ချိန်ရွယ်ကာ သွားဖြီးလိုက်သည်။
“ဒီနေ့ ငါ မင်းကို မသတ်ပစ်ရင် ငါ့ညီလေးကို ငါပြန်ဖြတ်မယ်”
အခြားအစောင့်အချို့ကလည်း သူတို့၏ သေနတ်များဖြင့် ကောင်းရွှမ်ကို ချိန်ရွယ်လိုက်ကြသည်။ သူ လှုပ်ရှားရဲသည်နှင့်တစ်ပြိုင်နက် သေချာပေါက် ညှာတာနေမည်မဟုတ်ပေ။
ဤအစောင့်အဖွဲ့က အနည်းဆုံး အဆင့်နှစ် စစ်သည်တော်များဖြစ်ကြပြီး တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝကာ ရက်စက်ကြမ်းကြုတ်ကြသည်။
လက်ထဲတွင် သေနတ်များ ရှိနေသဖြင့် ကောင်းရွှမ်တို့ ပြန်လည်ခုခံမည်ကို လုံးဝ မကြောက်ကြပေ။ လင်းတကိုယ်တိုင်ကလည်း အဆင့်ငါး မူလစွမ်းအင် ကျင့်ကြံသူတစ်ဦးဖြစ်ရာ ကောင်းရွှမ်တို့လို သင်တန်းသားများကို လုံးဝ အရေးမစိုက်ပေ။
ကောင်းရွှမ်ကြောင့် ဒေါသထွက်သွားသဖြင့် ကောင်းရွှမ်ကို နက်နက်ရှိုင်းရှိုင်း သင်ခန်းစာပေးရန် သူ ဆုံးဖြတ်လိုက်သည်။
သူ၏ အဆင့်အတန်းအရ ကောင်းရွှမ်ကို သတ်ပစ်လိုက်လျှင်ပင် ပြဿနာကြီးကြီးမားမား ဖြစ်လာမည်မဟုတ်ပေ။
ယွမ်ချင်းရှန်၏ အကြည့်များက တည်ငြိမ်နေပြီး သူမ၏မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မရှိပေ။ ကောင်းရွှမ်က စကားပြောရသည်ကို နှစ်သက်ပြီး သူမကတော့ လက်တွေ့လုပ်ဆောင်ရသည်ကိုသာ နှစ်သက်သည်။
သွေးနီရောင်နှလုံးသား ရှိနေသဖြင့် တစ်ဖက်လူများကို အပြတ်ရှင်းလင်းနိုင်မည်ဟု သူမ ယုံကြည်နေသည်။
ထိုအချိန်မှာပင် ကောင်းရွှမ် လက်ဆန့်ထုတ်လိုက်သည်ကို ယွမ်ချင်းရှန် မြင်လိုက်ရပြီး ကောင်းရွှမ်၏ လက်ထဲတွင် ကျော့ရှင်းလှပသော အနီရောင်ဓားတစ်လက် ဓားအိမ်နှင့်အတူ ရုတ်တရက် ပေါ်လာသည်။
လင်းတလည်း ကောင်းရွှမ်၏လက်ထဲရှိ ဓားကို မြင်လိုက်ရသည်။
ထိုဓား ဘယ်ကရောက်လာမှန်း သူ မသိသော်လည်း သူ၏ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံများကြောင့် တုံ့ဆိုင်းနေခြင်းမရှိဘဲ ခလုတ်ကို ချက်ချင်းဆွဲလိုက်သည်။
ထိုအချိန်တွင် ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်လှသော သွေးရောင် နတ်ဘုရားအလင်းတန်းတစ်ခု ရုတ်တရက်လက်ခနဲဖြစ်သွားပြီး ရှိနေသူအားလုံး၏ မျက်လုံးများထဲသို့ နက်ရှိုင်းစွာ စူးဝင်လာတော့သည်။
လင်းတမှာ ထိုထက်မြက်လှသော ဓားအလင်းတန်းကြောင့် ကြောက်ရွံ့တုန်လှုပ်သွားပြီး သူ၏ လှုပ်ရှားမှုများက အလိုအလျောက် ရပ်တန့်သွားသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းဓားတွင် အားကောင်းသော စိတ်ဝိညာဉ် ညစ်ညမ်းမှုစွမ်းအားများ ပါဝင်နေသည်။ ထိုဓားကို ကိုင်ဆောင်လိုက်ချိန်တွင် အားကောင်းသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုများက သဘာဝအလျောက် ပါဝင်လာတတ်သည်။
လင်းတ မပြောနှင့်၊ ရွှီဟွေးကဲ့သို့သော သိုင်းပညာရှင်ကြီးများပင်လျှင် ပထမဆုံးအကြိမ် တွေ့ကြုံရချိန်တွင် နတ်ဘုရားသတ်ဖြတ်ခြင်းဓားအတွင်း ဖုံးကွယ်နေသော နတ်ဆိုးတို့၏ တီးတိုးသံများကြောင့် ထိတ်လန့်တုန်လှုပ်သွားရသည်သာ။
လင်းတ ရပ်တန့်သွားသော ထိုခဏလေးအတွင်းမှာပင် ပေါ့ပါးသွက်လက်လှသော နတ်ဘုရားသတ်ဖြတ်ခြင်းဓားက သူ၏ ညာဘက်လက်ကို ဖြတ်တောက်ပစ်လိုက်ပြီးနောက် သွေးရောင်ဓားသွားက ဆက်လက်၍ လင်းတ၏ လည်ချောင်းကို တည့်တည့် ထိုးဖောက်ဝင်ရောက်သွားလေသည်။
တခြားအစောင့်များလည်း တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။
သူတို့ ပစ်ခတ်ရန် ပြင်လိုက်ချိန်မှာပင် သူတို့၏ သေနတ်ကိုင်ထားသော လက်များမှာ မည်သည့်အချိန်ကတည်းက ပြတ်တောက်သွားမှန်းမသိ ပြတ်တောက်နေပြီး သူတို့၏ ရင်ဘတ်များမှ သွေးများ ပန်းထွက်ကာ ဆူပွက်နေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရတော့သည်။
ထိုအစောင့်အချို့မှာ သနားစရာကောင်းအောင် အော်ဟစ်လိုက်ပြီးနောက် တစ်ပြိုင်နက်တည်း မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
ကောင်းရွှမ်က ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး မူလနေရာသို့ ဆုတ်ခွာသွားခဲ့လေပြီ။
သူ့ကို ကူညီရန် အသင့်ဖြစ်နေသော ယွမ်ချင်းရှန်မှာ ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးပင် မရလိုက်ပေ။
သူမက ကောင်းရွှမ်ကို ကြောင်တောင်တောင်ဖြင့် ငေးကြည့်နေမိပြီး သူမ၏ တောက်ပသော မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေလေတော့သည်။
ယွမ်ချင်းရှန်နှင့် ကောင်းရွှမ်တို့က သင်တန်းသား တစ်သုတ်တည်းမှ ဖြစ်ပြီး ရင်းနှီးကြသဖြင့် ကောင်းရွှမ်၏ စွမ်းရည်များကို သူမက ကောင်းကောင်းကြီးသိထားသည်။
ဘွဲ့ရတော့မည့် သင်တန်းသား ၄၉ ယောက်ထဲတွင် ကောင်းရွှမ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အောက်ဆုံး ဆယ်ယောက်စာရင်းတွင်သာ ပါဝင်သင့်သည်။ သူမနှင့် ကောင်းရွှမ်သာ အသေသတ် တိုက်ပွဲဝင်ရမည်ဆိုလျှင် ကောင်းရွှမ်ကို ဆယ်ကွက်အတွင်း အပြတ်ရှင်းနိုင်မည်ဟု သူမက ယုံကြည်ထားသည်။
သို့သော် ယခုလေးတင် ကောင်းရွှမ်က ၀.၂ စက္ကန့်အတွင်း ခြေခုနစ်လှမ်းရွှေ့ကာ ဓားချက်ပေါင်း ဆယ့်နှစ်ချက်တိတိ ခုတ်ပိုင်းသွားခဲ့သည်။
သွေးနီရောင်နှလုံးသားကို ဝတ်ဆင်ထားသော်လည်း ယွမ်ချင်းရှန်သည် ကောင်းရွှမ်၏ လှုပ်ရှားမှု အသေးစိတ်ကို ရှင်းလင်းစွာ မမြင်လိုက်ရပေ။
ကောင်းရွှမ်လက်ထဲရှိ ဓားရှည်၏ ပုံသဏ္ဌာန်ကိုပင် သေချာမမြင်လိုက်ရဘဲ အလွန်အမင်း ထက်ရှပြီး အေးစက်လှသော သွေးရောင်ဓားအလင်းတန်းတစ်ခုကိုသာ မှတ်မိနေတော့သည်။
ရွှီဟွေးကို ကောင်းရွှမ် သတ်နိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ ဤမျှ လျင်မြန်သော ဓားချက်အောက်တွင် ရွှီဟွေး မည်သို့လုပ်ဥ အသက်ရှင်နိုင်မည်နည်း။
‘၀၀၈ က ဘယ်အချိန်ကတည်းက ဒီလောက်အထိ ကြောက်စရာကောင်းသွားရတာလဲ'
ငရဲခန်းလေ့ကျင့်မှုကို ဖြတ်သန်းခဲ့သော လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေဖြင့် ဤအခြေအနေရှိ ကောင်းရွှမ်သည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ယွမ်ချင်းရှန် ကောင်းကောင်းကြီး သိထားသည်။ ထိတ်လန့်ဖွယ်ကောင်းလောက်အောင်ပင် ဆိုးရွားလှသည်။
ကောင်းရွှမ်က နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို အထာကျကျ နှစ်ပတ်ခန့်လှည့်လိုက်သည်။
သူက ခေါင်းကို အနည်းငယ် ငုံ့လိုက်ရာ သူ၏ ရှည်လျားသော ဆံပင်အရှေ့ခြမ်းက နေကာမျက်မှန်ပေါ်သို့ ကျလာပြီး လွမ်းဆွေးနက်ရှိုင်းနေသော ဓားသမားတစ်ယောက်၏အသွင်ကို ဖန်တီးပေးနေသည်။
“ဘယ်လိုလဲ... ငါချောတယ်မလား”
ယွမ်ချင်းရှန် စကားမပြောနိုင်ခင်မှာပင် ကောင်းရွှမ်က ထပ်ပြောလိုက်သည်။
“လိပ်ပြာလုံအောင် ပြောပါနော်။ သူငယ်ချင်းမို့လို့ မြှောက်မပြောနဲ့။ လက်တွေ့ကျကျ၊ မျှမျှတတနဲ့ တိတိကျကျ အကဲဖြတ်ပေး”
“ချောပါတယ်”
ယွမ်ချင်းရှန်က ခဏတာ စဉ်းစားပြီးနောက် ဆက်ပြောသည်။
“နင် ပါးစပ်လေးကိုသာ ပိတ်ထားလိုက်မယ်ဆိုရင် ပိုချောတယ်လို့ ငါထင်မိမှာပဲ”
“တကယ်တော့ ငါ့နှလုံးသားက အေးစက်ပြီး အထီးကျန်နေတာ။ ဦးနှောက်ကလည်း ဉာဏ်ပညာတွေနဲ့ ပြည့်နေတယ်။ ဒါပေမဲ့ ဒီသောက်ပါးစပ်က နှလုံးသားကိုလည်း မနာခံဘူး၊ ဦးနှောက်ကိုလည်း နားမထောင်ဘူး။ ငါလည်း တကယ်ကို အားကိုးရာမဲ့ ဖြစ်နေရတယ်...”
ကောင်းရွှမ် တကယ်ကို အားကိုးရာမဲ့ဖြစ်နေခြင်းဖြစ်သည်။ ဤအရာအားလုံးက ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်၏ အပြစ်များသာ။
ပြဿနာက ဤကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းပြရန် နည်းလမ်းမရှိခြင်းပင်။
ကောင်းရွှမ်၏ ရှင်းပြချက်ကို ယွမ်ချင်းရှန်က အနည်းငယ်တော့ ယုံကြည်သွားသည်။ ကောင်းရွှမ်သည် အသက် ခြောက်နှစ်အရွယ်ကတည်းက စကားများကို တတွတ်တွတ်ပြောနေတတ်သူဖြစ်သည်။
စခန်းထဲရှိ လူတိုင်းက သူ စကားများလွန်းမှန်း သိထားကြသည်။
ဤ ‘စကားများလွန်းသူ’ ဇာတ်ရုပ်က အလွန်အောင်မြင်လွန်းသဖြင့် လူတိုင်းက ကောင်းရွှမ်ကို မသိမသာ လျစ်လျူရှုထားမိခဲ့ကြခြင်း ဖြစ်ကောင်းဖြစ်မည်။
‘စကားများတတ်တဲ့သူတစ်ယောက်က ဘာအန္တရာယ် ပေးနိုင်မှာလဲ' လူတိုင်းက မသိစိတ်တွင် ထိုသို့သာ တွေးထင်ထားခဲ့ကြသည်။
ယွမ်ချင်းရှန် ကိုယ်တိုင်လည်း ကောင်းရွှမ်က သူမ၏အသက်ကို မကယ်တင်ခင်အချိန်အထိ ထိုသို့ပင် တွေးထင်ထားခဲ့သည်။
ထိုအချိန်မှစ၍ ယွမ်ချင်းရှန်သည် ကောင်းရွှမ်၏ စွမ်းရည်များကို ရှာဖွေတွေ့ရှိခဲ့သည်။
ကောင်းရွှမ်၏ ကောက်ကျစ်စဉ်းလဲမှု၊ ဉာဏ်များမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများအားလုံးကို သူ၏ စကားများသော အပြင်ပန်းသွင်ပြင်နောက်ကွယ်တွင် ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။
အသက် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်က အကြံစည်များဖြင့် ပြည့်နှက်နေသည့် ဇာတ်ရုပ်တစ်ခုကို တည်ဆောက်နိုင်ခြင်းက တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။
ထို့ကြောင့် ကောင်းရွှမ်က ဤမျှ ယုတ္တိမတန်လှသော ဓားသိုင်းကို ပြသလာချိန်တွင် ယွမ်ချင်းရှန်က အရာအားလုံးကို အလွန်တည်ငြိမ်စွာပင် လက်ခံနိုင်ခဲ့သည်။
“လင်းတ သေတော့မယ်...”
ယွမ်ချင်းရှန်က ကောင်းရွှမ်ကို မေးလိုက်သည်။
“နောက်တစ်ဆင့်က ဘာလဲ”
ကောင်းရွှမ်က ယခုလေးတင်မှ ကိုယ့်စွမ်းအားကို ထိန်းထားပြီး အရမ်းမလုပ်ဖို့ ပြောခဲ့သေးသည်။
သို့သော် ချက်ချင်းဆိုသလိုပင် လူတိုင်းကို သတ်ပစ်လိုက်ပြန်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ယွမ်ချင်းရှန်မှာ စကားစပင် ရှာမရတော့ပေ။
လင်းတက သူ၏ ကောင်းမွန်နေသေးသော ဘယ်ဘက်လက်ဖြင့် သူ့လည်ချောင်းကို တင်းကျပ်စွာ ဖိထားသော်လည်း၊ ပန်းထွက်နေသော သွေးများကိုတော့ မတားဆီးနိုင်ခဲ့ပေ။ သို့သော် သူ၏ အသက်ရှင်သန်နိုင်စွမ်းက အားကောင်းလှသည်။
သွေးများ ဆုံးရှုံးနေသော်လည်း သူ၏ အသိစိတ်က ရှင်းလင်းနေဆဲပင်။ အသက်ရှူကျပ်လာသည့် နာကျင်မှုကြောင့် သူ၏ မျက်နှာက ခရမ်းရင့်ရောင်သန်းလာပြီး မျက်လုံးငယ်နှစ်လုံးက ပြူးထွက်နေသည်။
သူ သေလုဆဲဆဲ အခြေအနေသို့ ရောက်နေပြီဖြစ်သည်။
အခြား အစောင့်အချို့မှာမူ သေချာပေါက် သေဆုံးသွားခဲ့ပြီဖြစ်သည်။
ကောင်းရွှမ်က သူ၏ ဓားအိမ်ဖြင့် လင်းတ၏ နဖူးကို ခပ်ဖွဖွပုတ်ကာ ပြောလိုက်သည်။
“သူ့ရုပ်ကို မှတ်ထား၊ သွေးနီရောင်နှလုံးသားကို သုံးပြီး သူ့ပုံစံအတိုင်း အတုခိုးလိုက်။ ပြဿနာမရှိဘူးမလား”
ယွမ်ချင်းရှန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် ဤသည်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။