← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း (၁၂) - ကျိုးလန်အား သတ်ဖြတ်ခြင်း(၂)

အလင်းတန်းတစ်ခုကို စုစည်းထားသကဲ့သို့ တကယ့်ကို ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှပုံရသည်။ ထို့အပြင် ဖော်ပြ၍မရနိုင်သော ထူးဆန်းမှုတစ်ခုလည်း ပါဝင်နေသည်။

ကျိုးလန်က ဓားကို ကြည့်ရုံဖြင့် အနည်းငယ် ခေါင်းမူးသလို ခံစားလိုက်ရသည်။ ထပ်ကြည့်ရန် မဝံ့ရဲတော့ပေ။

မိုးကြိုးသိမ်းငှက်လက်စွပ်၏ အသက်ဝင်ချိန်မှာ ၁.၅ စက္ကန့်သာဖြစ်ရာ၊ ကောင်းရွှမ်ကို အမြန်ဆုံးနှိမ်နင်းရန် အချိန်လုရမည်ဖြစ်သည်။

ကောင်းရွှမ်လက်ထဲရှိ ဓား၏ ရည်ရွယ်ချက်ကို မသိသော်လည်း၊ နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သော အတွေ့အကြုံအရ ထိုဓားမှာ လျှို့ဝှက်ဆန်းကြယ် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ပြီး အလွန်ထူးဆန်းကြောင်း ကျိုးလန် ခံစားမိသည်။

ကောင်းရွှမ်ကို အမြန်ဆုံး ရှင်းလင်းရပေမည်။

ကောင်းရွှမ်ကို တစ်ချက်တည်းနှင့် အပြတ်ရှင်းရန် ပြင်ဆင်ရင်း ကျိုးလန်၏ ခန္ဓာကိုယ်မှ လျှပ်စှးများ ပေါက်ကွဲထွက်ပေါ်လာချိန်တွင် တိုးညှင်းသော ‘ဂျင်’ ဟူသည့် ဓားမြည်သံတစ်ခုကို ကြားလိုက်ရသည်။

ထိုဓားမြည်သံသည် ရက်စက်ကြမ်းကြုတ်ပြီး တိုးညှင်းသောအသံပေါင်းများစွာဖြင့် ဖွဲ့စည်းထားပုံရကာ နတ်ဆိုးပေါင်း မြောက်မြားစွာက အတူတကွ တီးတိုးရေရွတ်နေသည့်အလားပင်။

ကျိုးလန်၏ စိတ်အာရုံက ထပ်မံ၍ ဝေဝါးသွားပြီး သူ၏ အမြင်အာရုံများလည်း မှောင်မိုက်သွားသည်။

သူ သတိပြန်လည်လာချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အားကောင်းသော လျှပ်စီးများက ပျောက်ကွယ်သွားပြီဖြစ်ပြီး၊ မိုးကြိုးသိမ်းငှက် လက်စွပ်ပေါ်တွင်သာ လျှပ်စီးစွမ်းအင် အနည်းငယ်ကသာ တဖျပ်ဖျပ် လင်းလက်နေတော့သည်။

ကျိုးလန်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် အားနည်းသွားသလို ခံစားလိုက်ရသည်။ မိုးကြိုးသိမ်းငှက်လက်စွပ်၏ ရုတ်ခြည်းပေါက်ကွဲအားက လျှပ်စီးစွမ်းအားဖြင့် သူ၏ အလားအလာများကို နှိုးဆွလိုက်ခြင်းဖြစ်ရာ သူ့ခန္ဓာကိုယ်အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေသည်။

သူ၏ စိတ်အာရုံကို နှစ်ကြိမ်တိုင်တိုင် နှောင့်ယှက်ခံလိုက်ရသဖြင့် ကျိုးလန်သည် မိုးကြိုးသိမ်းငှက်လက်စွပ်ကို အလဟဿ အသုံးပြုလိုက်ရကာ စွမ်းအင်များစွာ ဆုံးရှုံးသွားခဲ့သည်။

အချိန်တိုအတွင်း ကျိုးလန်အနေဖြင့် မိုးကြိုးသိမ်းငှက် လက်စွပ်ကို ထပ်မံအသက်သွင်းနိုင်စွမ်း မရှိတော့ပေ။

ကျိုးလန်က ကောင်းရွှမ်ကို အုံ့မှိုင်းစွာ စိုက်ကြည့်လိုက်သည်။

‌ဤကောင်လေးက ချက်ချင်းဆိုသလို အသေသတ်ဖို့ ကြိုးစားခဲ့၏။ အလွန်အမင်း ကောက်ကျစ်စဉ်းလဲကာ ရက်စက်လှသည်။

တကယ့်ကို အဖွဲ့အစည်း၏ နည်းစနစ်အတိုင်းပင်။ သို့သော် တစ်ဖက်လူက မည်သည့်နေရာက လာသည်ဖြစ်စေ၊ သူ့ကို တိုက်ခိုက်ရဲသူတိုင်း သေရမည်သာ။

ကျိုးလန်သည် နက်နဲပြီး တွေးခေါ်မြော်မြင်တတ်သူဖြစ်သည်။ သူ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော်လည်း မျက်နှာပေါ်တွင်မူ မည်သည့်အမူအရာမျှမရှိပေ။

ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သော ကောင်းရွှမ်မှာမူ ပြုံးရွှင်နေပြီး အပြစ်ရှိသလို ခံစားချက်မျိုး သို့မဟုတ် သတ်ဖြတ်လိုစိတ်မျိုးလုံးဝမရှိပေ။ ကျိုးလန်ကို နောက်ပြောင်ကစားလိုက်သည့်အလားပင်။

“မန်နေဂျာကျိုးက တကယ်ကို အံ့မခန်းပါပဲ။ ရုတ်တရက်တိုက်ခိုက်တာကို တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်နိုင်ပြီး ၀.၁ စက္ကန့်အတွင်း မီတာ ၂၀ လောက် ဆုတ်ခွာနိုင်တာ တကယ်ကို လေးစားမိပါတယ်။ လေးစားပါတယ်ဗျာ”

ကောင်းရွှမ်က အရေးမစိုက်သည့်ဟန်ဖြင့် ပြုံးရွှင်စွာ ပြောလိုက်သည်။

ကောင်းရွှမ်၏အနောက်တွင် ရပ်နေသော ယွမ်ချင်းရှန်မှာမူ အလွန် စိတ်လှုပ်ရှားနေသည်။ ခုနက ကောင်းရွှမ်နှင့် ကျိုးလန်တို့၏ တိုက်ပွဲကို သူမ လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိခဲ့သလို တိုက်ပွဲ၏ အသေးစိတ်အချက်အလက်မျာူကိုပင် ရှင်းလင်းစွာ မမြင်လိုက်ရပေ။

မျက်စိကျိန်းလောက်အောင် တောက်ပနေသော သွေးရောင်ဓားအလင်းတန်းနှင့် ပြင်းထန်စွာ လင်းလက်နေသော လျှပ်စီးရောင်များကိုသာ သူမ မြင်လိုက်ရသည်။

သူတို့နှစ်ဦး၏ တိုက်ပွဲက ယွမ်ချင်းရှန် တုံ့ပြန်နိုင်စွမ်းထက်ပင် ပိုမိုမြန်ဆန်နေသည်။ သွေးနီရောင်နှလုံးသားကို တပ်ဆင်ထားသော်လည်း သူမအနေဖြင့် ဤအဆင့်ရှိ တိုက်ပွဲတစ်ခုတွင် ပါဝင်ရန် အရည်အချင်း မမီသေးပေ။

ယခုအချိန်မှသာ ကျိုးလန်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ယွမ်ချင်းရှန် သဘောပေါက်သွားတော့သည်။

ကျိုးလန်က ယွမ်ချင်းရှန်ကို အာရုံမစိုက်ဘဲ အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

“ဒါက နောက်ပြောင်တာသက်သက်လို့တော့ မပြောနဲ့နော်”

“နောက်ပြောင်တာမဟုတ်ပါဘူး၊ လုံးဝ မဟုတ်ရပါဘူး”

ကောင်းရွှမ်က အလျင်အမြန် လက်ဝှေ့ယမ်းလိုက်သည်။

“တကယ်တော့ ကျွန်တော်က မန်နေဂျာကျိုးရဲ့ သိုင်းပညာကို အထင်ကြီးလေးစားပြီး ပညာနည်းနည်းလောက် သင်ယူချင်ရုံသက်သက်ပါ၊ ထင်တဲ့အတိုင်းပဲ... မန်နေဂျာကျိုးရဲ့ သိုင်းပညာက ပြိုင်ဘက်ကင်းပြီး ကျွန်တော်ကတော့ အများကြီး လိုပါသေးတယ်။ မိုက်တယ်... တကယ်မိုက်တယ်”

ကောင်းရွှမ်က ရိုးသားသော အမူအရာဖြင့် ဆက်ပြောသည်။

“မန်နေဂျာကျိုးက သဘောထားကြီးတဲ့သူပဲ။ စိတ်ထဲမထားပါနဲ့နော်။ အို... ကြည့်ပါဦး၊ ကျွန်တော်က မန်နေဂျာကျိုးကိုတောင် ဒဏ်ရာရသွားစေမိပြီ။ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်”

သူက စိုးရိမ်သည့်ဟန်ဖြင့် ထပ်မေးလိုက်သည်။

“မန်နေဂျ ကျိုးရဲ့ လည်ပင်းကဒဏ်ရာ အဆင်ပြေရဲ့လား”

ထိုအချိန်မှသာ ကျိုးလန်က တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားသည်။

သူက လည်ချောင်းကို စမ်းကြည့်လိုက်ရာ လက်တွင် သွေးအနည်းငယ် စွန်းလာသည်။ မိုးကြိုးသိမ်းငှက်လက်စွပ်မှ လျှပ်စီးစွမ်းအင် ပေါက်ကွဲမှုက ခန္ဓာကိုယ်ကို ထုံကျင်သွားစေသဖြင့်၊ ကောင်းရွှမ်က သတိပေးလိုက်မှသာ သူ့ဒဏ်ရာသူ သတိထားမိခြင်းဖြစ်သည်။

သူ၏လည်ချောင်းပေါ်ရှိ ဒဏ်ရာက သေးငယ်သော်လည်း သူ၏ လည်ပင်းသွေးလွှတ်ကြောကို ဖြတ်တောက်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။

ကျိုးလန်မှာ အံ့အားသင့်မှုနှင့် ဒေါသတရားတို့ ရောထွေးသွားသည်။ တစ်ဖက်လူ၏ ဓားချက်က ယုံနိုင်စရာမရှိလောက်အောင် လျင်မြန်ပြီး ခန့်မှန်းရခက်လွန်းသဖြင့် အံ့အားသင့်သွားရသလို၊ ကိုယ်တိုင်လည်း သေလုနီးပါးဖြစ်သွားခဲ့ရသဖြင့် ဒေါသထွက်သွားသည်။

ကျိုးလန်၏ သတ်ဖြတ်လိုစိတ်များက ပိုမိုပြင်းထန်လာသည်။

“အရမ်းကောင်းတဲ့ နည်းစနစ်၊ အရမ်းကောင်းတဲ့ ဓားသိုင်းပဲ။ ငါ့ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တယ်”

ကောင်းရွှမ်က နှိမ့်ချသည့်ဟန်ဖြင့် ဆက်ပြောသည်။ “ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လို့သာ အောင်မြင်သွားတာပါ။ တကယ်သာ တိုက်ရရင် ကျွန်တော်က မန်နေဂျာကျိုးရဲ့ပြိုင်ဘက် မဟုတ်ပါဘူး။ ကျွန်တော် အရှုံးပေးပါတယ်၊ အရှုံးပေးပါတယ်”

“သောက်ကျိုးနည်း”

ကျိုးလန်ကဲ့သို့ တည်ငြိမ်သော သူပင်လျှင် စိတ်ထဲမှ ကျိန်ဆဲမိသွားသည်။

‘ဒီကောင်လေးက တကယ့်ကို အရှက်မရှိတာပဲ’

သို့သော် သူက စကားနိုင်လုရသည်ကို မနှစ်သက်ပေ။ ထို့ကြောင့် ဂရုမစိုက်သည့်ဟန်ဖြင့် ဆိုလိုက်သည်။

“သင်တန်းသားတွေထဲမှာ ဒီလို ကျွမ်းကျင်တဲ့သူ ရှိနေလိမ့်မယ်လို့မထင်ထားဘူး၊ ငါ ပေါ့ဆသွားတာပဲ”

ကျိုးလန်က စကားပြောနေရင်း သူ၏ခါးနောက်ဘက်မှ ပစ္စတိုတစ်လက်ကို ဆွဲထုတ်လိုက်သည်။

“အခု မင်းရဲ့ ဓားနဲ့ ငါ့သေနတ်၊ ဘယ်ဟာက ပိုမြန်မလဲဆိုတာ ကြည့်ကြတာပေါ့”

“ဟေး... ဟေး... ဟေး...”

ကျိုးလန် သေနတ်ထုတ်လာသည်ကို မြင်သောအခါ ကောင်းရွှမ်၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက နောက်သို့ဆုတ်ရင်း ပြောလိုက်သည်။

“ဒီတိုင်း ကစားနေကြတာကို အတည်ကြီးမလုပ်ပါနဲ့။ မန်နေဂျာကျိုး... ခင်ဗျားလို အရေးကြီးတဲ့ပုဂ္ဂိုလ်ကြီးက အရှုံးမခံနိုင်တာမျိုး မဖြစ်သင့်ဘူးမလား။ အဲဒီလိုမလုပ်ပါနဲ့၊ သေချာ တိုင်ပင်ဆွေးနွေးကြတာပေါ့...”

ကောင်းရွှမ်နောက်တွင် ရပ်နေသော ယွမ်ချင်းရှန်က နားလည်သွားသည်။ သူမက ကောင်းရွှမ်ရှေ့သို့ ဝင်ရပ်ကာ ကျိုးလန်၏သေနတ်ကို သူမခန္ဓာကိုယ်ဖြင့် ကာကွယ်လိုက်သည်။

ကောင်းရွှမ် အလွန်စိတ်လှုပ်ရှားသွားပြီး ယွမ်ချင်းရှန်ကို ကျယ်လောင်စွာ ချီးကျူးလိုက်သည်။

“သူငယ်ချင်းကောင်း၊ ညီအစ်ကိုကောင်းပဲ”

ထို့နောက် ယွမ်ချင်းရှန်၏ နားနားကပ်ကာ တီးတိုးပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ပစ္စတိုကျည်ဆန်ကို မင်း သေချာပေါက် ခံနိုင်ရည်ရှိပါတယ်”

ကောင်းရွှမ်က ဤမျှကောက်ကျစ်ပြီး အရှက်မရှိဖြစ်နေသည်ကို မြင်သောအခါ ကျိုးလန်မှာ ထိုဒီကောင်လေးကို အနည်းငယ် လေးစားသွားမိသည်။

သူက လှောင်ပြောင်လိုက်၏။

“ငါ့လက်ထဲက သေနတ်က ရွှမ်ဝူရဲ့ အဆင့်မြင့် စိတ်ကြိုက်ထုတ်လုပ်ထားတဲ့ ဂန်နီရယ်အမျိုးအစား ၃ သေနတ်ပဲ။ အမြင့်ဆုံး ကာကွယ်ရေး သံချပ်ကာတွေကိုတောင် ထိုးဖောက်နိုင်စွမ်း ရှိတယ်”

“ဟေး... ဟေး... ဟေး... မပစ်ပါနဲ့၊ အရာအားလုံးကို ဆွေးနွေးလို့ရပါတယ်...”

ကောင်းရွှမ်က အလျင်အမြန် တောင်းပန်လိုက်ပြီး သူ၏ လေသံက အထူးတလည် နှိမ့်ချနေသည်။

ကျိုးလန်က ဤအရာများကို ဂရုမစိုက်ပေ။ သူက ပုံမှန်မဟုတ်ဘဲ အဓိပ္ပာယ်မရှိသော စကားများစွာကို ပြောနေခြင်းမှာ မိုးကြိုးသိမ်းငှက်လက်စွပ်မှ လျှပ်စီးကြောင်းများကြောင့် သူ၏ခန္ဓာကိုယ် ထုံကျင်နေပြီး အသားကျရန် အချိန်လိုနေသောကြောင့်သာ ဖြစ်သည်။

စကားအနည်းငယ် ပြောလိုက်ရသော အချိန်အတွင်းမှာပင် ကျိုးလန်သည် သူ၏ ခန္ဓာကိုယ်အပေါ် ပြန်လည်ထိန်းချုပ်နိုင်စွမ်း ရရှိသွားလေပြီ။ ကောင်းရွှမ်နှင့် အချိန်ဖြုန်းပြီး စကားပြောနေရန် စိတ်မဝင်စားတော့ပေ။

ကျိုးလန် ခလုတ်ဆွဲရန် ပြင်လိုက်ချိန်မှာပင်၊ ‘ဂျင်’ ဟူသော ဓားမြည်သံတစ်ခုက သူ၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားပြန်သည်။

ကျိုးလန်၏ စိတ်အာရုံက ထပ်မံနစ်မြုပ်သွားပြီး သူ၏ တစ်ကိုယ်လုံးမှာ တဖြည်းဖြည်း မေ့မျောလုနီးပါးအခြေအနေသို့ ထပ်မံရောက်ရှိသွားသည်။

သူ ဘယ်နေရာရောက်နေလဲ သို့မဟုတ် ဘာလုပ်ရမလဲဆိုသည်ကိုပင် မေ့သွားခဲ့သည်။

သူ၏ စိတ်ထဲတွင် ရှည်လျားပြီး ထူးဆန်းသော ဓားမြည်သံကိုသာ ကြားနေရပြီး သူ့ပတ်လည်တွင် နတ်ဆိုးပေါင်း မြောက်မြားစွာက တီးတိုးရေရွတ်နေသည်ကို ခပ်ရေးရေး မြင်တွေ့နေရသည်။

“ငါတို့နဲ့ ပူးပေါင်းပါ...”

“တိုက်ခိုက်... တိုက်ခိုက်... တိုက်ခိုက်...”

“ငါ့ကို ယုံကြည်ပါ၊ မင်းကို ထာဝရအသက် ငါပေးသနားမယ်...”

ဤတစ်ကြိမ်တွင်တော့ ကျိုးလန်က နတ်ဆိုးများ၏စကားအချို့ကို တကယ် နားလည်သွားသည်။

ဤအချက်က သူ့ကို ပို၍ပင် ထိတ်လန့်သွားစေသည်။

“မျက်လှည့်ပဲ။ စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှု”

ကျိုးလန်က သူ့လျှာကိုသူ ပြင်းပြင်း ကိုက်ချလိုက်ရာ၊ စူးရှသော နာကျင်မှုကြောင့် သူ ရုတ်တရက် သတိပြန်ဝင်လာသည်။

ထိုအချိန်တွင် သူ့ဆီသို့ ပြင်းထန်စွာ ဝင်ရောက်လာသော လက်သီးတစ်စုံကို မြင်လိုက်ရသည်။

ကျိုးလန် အလွန်တုန်လှုပ်သွားသည်။ သူက သေနတ်ကို အမြန်ပစ်ရန် ကြိုးစားလိုက်သော်လည်း၊ ‘ဂျင်’ ဟူသော ဓားမြည်သံတစ်ခု ထပ်မံထွက်ပေါ်လာသဖြင့် သူ၏လှုပ်ရှားမှုများက ကြန့်ကြာသွားပြန်သည်။

ရှေ့သို့ ပြေးထွက်လာသော ယွမ်ချင်းရှန်က သူမ၏ လက်သီးငြီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်ရာ ကျိုးလန်၏ နားထင်ကို တည့်တည့် ထိမှန်သွားလေသည်။

ယွမ်ချင်းရှန်က ဤသည်မှာ ရတောင့်ရခဲ အခွင့်အရေးတစ်ခုဖြစ်ကြောင်း သိထားသဖြင့် သူမ အစွမ်းကုန် အသုံးပြုလိုက်ခြင်းဖြစ်သည်။

သွေးနီရောင်နှလုံးသား၏ စွမ်းအားမြှင့်တင်မှုကြောင့် သူမ၏လက်သီးမှ ထွက်ပေါ်လာသော စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှသည်။

ဒိုင်း ဟူသော အသံနှင့်အတူ ကျိုးလန်၏ခေါင်းက ချက်ချင်း ပုံပျက်သွားပြီး ဒွါရခုနစ်ပေါက်မှ သွေးများ ပန်းထွက်လာကာ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားတော့သည်။ သူ သေလုဆဲဆဲ အခြေအနေသို့ ရောက်သွားကြောင်း ရှင်းလင်းနေသည်။

ကောင်းရွှမ်က ကျိုးလန်ထံသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

All Chapters