← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) - မျိုးဗီဇပြောင်းလဲခြင်း

“တွေ့လား... ထိန်းချုပ်နိုင်စွမ်းမရှိဘဲနဲ့ စွမ်းအားထုတ်နေရုံနဲ့ မလုံလောက်ဘူး။ ထိန်းချုပ်မှုကို ခံနိုင်ရည်မရှိရင် စွမ်းအားလည်း ထုတ်လို့မရဘူး၊ ပြီးတော့ ထိန်းချုပ်ခံရရင်းနဲ့ပဲ သေသွားလိမ့်မယ်...”

နတ်ဘုရားသတ်ဖြတ်ခြင်းဓားထဲမှ နတ်ဆိုးတို့၏ တီးတိုးသံများကို ကောင်းရွှမ်က အလွယ်တကူ ထိန်းချုပ်နိုင်သည်။

သူ၏ မူလစွမ်းအင်က အားနည်းသော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကမူ အလွန်အမင်း အားကောင်းလှသည်။

သူက နတ်ဆိုးတို့၏ တီးတိုးသံများကို စဉ်ဆက်မပြတ် အသက်သွင်းကာ ကျိုးလန်၏ စိတ်အာရုံကို တိုက်ခိုက်နိုင်သည်။

ကျိုးလန်ကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးပင်လျှင် နတ်ဆိုးတို့၏ တီးတိုးသံများဖြင့် စဉ်ဆက်မပြတ် ထိန်းချုပ်ခံရပြီး ယွမ်ချင်းရှန်၏ လက်သီးနှစ်ဖက်က သူ၏ ခေါင်းကို ဖောက်ခွဲပစ်သည်ကို အကူအညီမဲ့စွာဖြင့် ကြည့်နေရရုံမှတစ်ပါး လှုပ်ရှားရန်အခွင့်အရေး လုံးဝမရခဲ့ပေ။

သေချာသည်ကတော့ ဤသည်မှာ ကျိုးလန်က နတ်ဘုရားသတ်ဖြတ်ခြင်းဓားဖြင့် ဦးစွာ အခုတ်ခံလိုက်ရသဖြင့် နတ်ဆိုးတို့၏ တီးတိုးသံ စွမ်းအားများက အဆက်မပြတ် စုပုံလာခြင်းကြောင့်လည်း ဖြစ်သည်။

ကောင်းရွှမ်က နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို ပြန်သိမ်းထားပြီးဖြစ်သည်။ သူက ကျိုးလန်၏ ပစ္စတိုကို ကောက်ယူကာ ဆော့ကစားရင်း ဆိုလိုက်သည်။

“ဒါက တကယ့်ကို သေနတ်ကောင်းပဲ”

ထို့နောက် ကျိုးလန်ကို ပြောလိုက်သည်။

“မန်နေဂျာကျိုး... ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား သေရတော့မှာပဲ။ ခင်ဗျားဆီမှာရှိတဲ့ တန်ဖိုးကြီးတဲ့ ပစ္စည်းကောင်းလေးတွေကို ကျွန်တော့်ဆီ လွှဲပေးခဲ့ပါလား။

ပြီးတော့ ခင်ဗျားဘဏ်ထဲက အကြွေးမှတ်တွေကိုလည်း ကျွန်တော့်ဆီ အကုန်လွှဲပေးခဲ့လေ။ အဲဒီလိုမှ မဟုတ်ရင် ဘဏ်က ဒီအတိုင်း အလကားရသွားမှာပေါ့။ ကျွန်တော်က အလကားမယူပါဘူး၊ ဒီကျေးဇူးကို မှတ်ထားပါ့မယ်...”

ကျိုးလန်၏ ဦးနှောက်များ ပေါက်ကွဲထွက်သွားပြီဖြစ်သည်။ သူက ကောင်းရွှမ်ကို လုံးဝ မမြင်ရတော့သော်လည်း ကောင်းရွှမ်၏ စကားများကိုတော့ သဲ့သဲ့လေး ကြားနေရဆဲပင်။

သေခါနီးအချိန်တွင် ကောင်းရွှမ်၏ ဘိုးဘေးဆယ့်ရှစ်ဆက်အထိ ဆဲဆိုချင်နေသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာတော့ပေ။

စိတ်လှုပ်ရှားမှုများကြောင့် ကျိုးလန်၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်လာသည်။

“ဟေး... ဟေး... သေဖို့ကို အဲဒီလောက်မလောပါနဲ့ဦး။ စကားလေး ဘာလေး ပြောပါဦး”

ကောင်းရွှမ်က ကျိုးလန်လက်ပေါ်ရှိ မိုးကြိုးသိမ်းငှက်လက်စွပ်ကို ထပ်မံသတိထားမိသွားသည်။ သူက အားနာမနေဘဲ အတင်းဆွဲချွတ်ယူလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား သေတော့မှာပဲလေ။ မိုးကြိုးသိမ်းငှက်လက်စွပ်ကို လိုအပ်တဲ့သူဆီ ပေးခဲ့တာက ပိုကောင်းပါတယ်”

မိုးကြိုးသိမ်းငှက်လက်စွပ် ဆွဲချွတ်ခံလိုက်ရသည်ကို ကျိုးလန် ခံစားလိုက်ရသည်။

အလွန်အမင်း ဒေါသထွက်သွားသဖြင့် အသက်ရှူမှားကာ ထိုနေရာတွင်ပင် အသက်ထွက်သွားလေတော့သည်။

“သေသွားတာတောင် နှမြောနေတုန်းပဲ။ ခင်ဗျား ဘယ်လောက်သနားစရာကောင်းလဲ ကြည့်ဦး”

ကောင်းရွှမ်က နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို ဆွဲထုတ်ကာ တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် သေဆုံးသွားသောကျိုးလန်မှာ သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ နတ်ဘုရားသတ်ဖြတ်ခြင်းဓားထဲသို့ ပေါင်းစပ်ဝင်ရောက်သွားတော့သည်။

ကျိုးလန်က ရွှီဟွေးထက် တစ်ဆခွဲခန့် ပိုမိုအသုံးဝင်လေသည်။ နတ်ဘုရားသတ်ဖြတ်ခြင်းဓားက ကျိုးလန်ကို စုပ်ယူပြီးနောက် တလက်လက်တောက်ပနေသော သွေးရောင်အလင်းတန်းများက အနည်းငယ် ပို၍ အားကောင်းလာသည်။

ဘေးတွင်ရပ်နေသော ယွမ်ချင်းရှန်က တွေဝေစွာဖြင့် မေးလိုက်သည်။

“ဒီလောက်နဲ့ ပြီးသွားပြီလား”

အစွမ်းထက်လှသောကျိုးလန်က ဤမျှ လွယ်လွယ်ကူကူ သေဆုံးသွားသည်ဆိုရာ ယွမ်ချင်းရှန်ပင်လျှင် လက်တွေ့မဆန်သလို ခံစားလိုက်ရသည်။

“ပြီးသွားပြီ”

ကောင်းရွှမ်က မိုးကြိုးသိမ်းငှက်လက်စွပ်ကို သူ၏ ဘယ်ဘက်လက်သူကြွယ်တွင် စွပ်လိုက်သည်။ ထို့နောက် စိတ်ဝင်တစား လေ့လာကြည့်ပြီး ယွမ်ချင်းရှန်ကို ဝှေ့ယမ်းပြလိုက်၏။

“မိုးကြိုးသိမ်းငှက်လက်စွပ်... သံမည်းအဆင့် လျှို့ဝှက်ဆန်းကြယ် ရှေးဟောင်းပစ္စည်း။ လျှပ်စီးမိုးကြိုးတွေကို အသက်သွင်းပြီး အရှိန်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်တယ်။

ဆိုးကျိုးကတော့ လျှပ်စီးကြောင်းတွေကို အလိုအလျောက် ပတ်ဝန်းကျင်ကို ထုတ်လွှတ်နေတာပဲ။ အခု ဒါက ငါ့ဟာဖြစ်သွားပြီ”

“အင်း”

ယွမ်ချင်းရှန်က ဤအရာများကို ဂရုမစိုက်ပေ။ ကောင်းရွှမ်လိုချင်လျှင် ယူလိုက်ရုံသာ။

ကောင်းရွှမ်က ထပ်မံရှင်းပြလာသည်။

“မင်းကို မမျှဝေပေးချင်လို့ မဟုတ်ဘူးနော်။ မင်းရဲ့ သွေးနီရောင်နှလုံးသားနဲ့ ဒီမိုးကြိုးသိမ်းငှက်လက်စွပ်က အချင်းချင်း ဆန့်ကျင်ဘက်ဖြစ်နေလို့ပါ”

ယွမ်ချင်းရှန် စကားမပြောသလို ပြောစရာလိုသည်ဟုလည်း မခံစားရပေ။

“ဒီပစ္စတိုကိုတော့ ငါ့ကိုယ်ငါ ကာကွယ်ဖို့ ယူထားလိုက်မယ်။ ငါ့မှာ အဝေးကနေ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်မရှိလို့လေ... မင်း နားလည်တယ်မလား...”

ကောင်းရွှမ်က လက်ထဲရှိ ပစ္စတို၏ အလေးချိန်ကို ချိန်ဆကြည့်လိုက်သည်။

“ဂန်နီရယ်ဆိုတာက ရွှမ်ဝူရဲ့ အဆင့်မြင့် စနိုက်ပါရိုင်ဖယ်အမျိုးအစားပဲ။ ဒီကောင်က အလကားလျှောက်ပြောနေတာ။ ဒါက ဒူးလေး အမျိုးအစားပဲ။ ထိုးဖောက်နိုင်စွမ်းကတော့ အားကောင်းပေမယ့် သွေးနီရောင်နှလုံးသားကိုတော့ မဖောက်နိုင်ပါဘူး”

ယွမ်ချင်းရှန် ခေါင်းညိတ်လိုက်သည်။ သူမ ကောင်းရွှမ်ကို ယုံကြည်သည်။

သွေးနီရောင်နှလုံးသားက ကျည်ဆန်များကို မတားဆီးနိုင်လျှင်ပင် ကိစ္စမရှိပေ။ ကောင်းရွှမ်အတွက် သူမ၏ အသက်အပါအဝင် အရာအားလုံးကို စတေးရန် အသင့်ရှိနေသည်။

ယွမ်ချင်းရှန်က ဤမျှနားလည်မှုရှိနေသဖြင့် ကောင်းရွှမ်ပင် အနည်းငယ် အားနာသွားမိသည်။

သူက မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်လေ၏။

“ဒီကောင် ကျိုးလန်ဆီမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။ ငါတို့ မျှယူကြတာပေါ့”

ကောင်းရွှမ်က ကျိုးလန်၏စားပွဲဆီသို့ သွားလိုက်သည်။ ပုံရိပ်ယောင် အလင်းစခရင်ပေါ်တွင် စကားဝှက်ကို ကျွမ်းကျင်စွာ ရိုက်ထည့်လိုက်သည်။ ၎င်းမှာ ရှုပ်ထွေးသော မျဉ်းကွေးပုံစံနှင့် ထူးဆန်းသော စာတန်းတစ်ခုဖြစ်သည်။

မြောက်ပိုင်းခွန် စခန်းရှိ အလင်းကွန်ပျူတာများတွင် ဉာဏ်ရည်တုစနစ် တပ်ဆင်ထားခြင်းမရှိပေ။ ကျိုးလန်က ကိုယ်ပိုင်ဇီဝလက္ခဏာများကို အလွယ်တကူ ဟက်ခ်လုပ်၍ရနိုင်သည်ဟု ယုံကြည်ထားသဖြင့် အလွန်ရှေးကျသော ပုံစံများနှင့် စာသားများကိုသာ စကားဝှက်အဖြစ် အသုံးပြုရန် ဆုံးဖြတ်ထားခဲ့သည်။

အရင်ဘဝက ကောင်းရွှမ်သည် ကျိုးလန်နောက်တွင် နှစ်အတော်ကြာ လိုက်ပါခဲ့ပြီး သူ၏ ယုံကြည်ရဆုံး လက်ထောက်တစ်ဦး ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် မြောက်ပိုင်းခွန် စခန်းက အလုပ်မရှိဘဲ ရပ်နားထားရသဖြင့် သူ့ကို စီမံခန့်ခွဲရန် တာဝန်ပေးခဲ့သည်။

ထို့ကြောင့် သူက မြောက်ပိုင်းခွန် စခန်း၏ အခြေအနေများကို အလွန် ရင်းနှီးကျွမ်းဝင်နေခြင်းဖြစ်သည်။ ဤအထဲတွင် ကျိုးလန်သတ်မှတ်ထားသော ရှုပ်ထွေးလှသည့် စကားဝှက်များကိုပါ သူ သိရှိနေသည်။

‘တီ’ ဟူသော အသံနှင့်အတူ အလင်းကွန်ပျူတာမှ စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာသည်။

‘စကားဝှက် အတည်ပြုခြင်း အောင်မြင်ပါသည်။ ဘဏ္ဍာတိုက်ကို ဖွင့်နေပါသည်’

ကျိုးလန်၏ထိုင်ခုံနောက်ရှိ သတ္တုစပ်နံရံကြီးက ဖြည်းညင်းစွာပွင့်သွားပြီး အတွင်းရှိ ဧရာမဘဏ္ဍာတိုက်ကြီးကို မြင်တွေ့လိုက်ရသည်။

ထို သတ္တုစပ်နံရံသည် တစ်မီတာခွဲခန့် ထူထဲပြီး ရှုပ်ထွေးသော စက်မှုသော့ခလောက်စနစ်များ ပါရှိသည်။ သင့်တော်သောကိရိယာများ မရှိဘဲနှင့် အတင်းအကျပ်ဖောက်ထွင်းရန် မည်သို့မျှ မဖြစ်နိုင်ပေ။

ကောင်းရွှမ်က ယွမ်ချင်းရှန်ကို လက်ယပ်ခေါ်လိုက်သည်။

“မြန်မြန်လာ၊ ပစ္စည်းတွေခွဲကြမယ်”

ယွမ်ချင်းရှန် ခဏတာ မှင်သက်သွားပြီးနောက် ကောင်းရွှမ်နောက်မှ ဘဏ္ဍာတိုက်ထဲသို့ ဝင်လာခဲ့သည်။

ဘဏ္ဍာတိုက်က စတုရန်းမီတာ တစ်ရာကျော်ခန့် ကျယ်ဝန်းပြီး သေသပ်စွာ စီထားသော ရွှေတုံးများက မျက်စိကျိန်းလောက်အောင် တောက်ပနေလေသည်။

ဤရွှေတုံးများတစ်ခုတည်းကပင် အကြွေးမှတ် သန်းနှစ်ရာခန့် တန်ကြေးရှိ၏။

ကောင်းရွှမ်မှာ တိတ်တဆိတ် နှမြောတသဖြစ်မိသည်။ ဤမျှများပြားသော ရွှေတုံးများကို ယူသွားရန် နည်းလမ်းမရှိသလို၊ ၎င်းတို့ကို ရောင်းချရန်လည်း သင့်တော်သောလမ်းကြောင်းမရှိပေ။ သွေးနတ်ဘုရားဂိုဏ်း၏ ဩဇာလွှမ်းမိုးမှုက ကြီးမားလွန်းလှသည်။

ရွှေတုံးအမြောက်အမြား ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူနှင့် ယွမ်ချင်းရှန်တို့ သေချာပေါက် ဖမ်းမိသွားမည်ဖြစ်သည်။

ငွေအနည်းငယ်အတွက် သူတို့၏ သရုပ်မှန်များကို ဖွင့်ချခံရမည်ဆိုပါက လုံးဝ မတန်ပေ။

ဤအရာများက ဖုန်မှုန့်တွေသာဖြစ်ပြီး ဂရုမစိုက်ရန် ကောင်းရွှမ်က ကိုယ့်ကိုယ်ကို ပြန်နားချနေသော်လည်း သူ၏ ရင်ထဲတွင်တော့ အနည်းငယ် နာကျင်နေဆဲပင်။ ဤအရာက ကြယ်စင်စုခေတ်၏ အခိုင်မာဆုံးသော ငွေကြေးဖြစ်သည့် ရွှေများ ဖြစ်နေလေ၏။

ဂြိုဟ်သားများနှင့် ကုန်သွယ်ရာတွင်ပင် ရွှေကိုအသုံးပြု၍ ငွေပေးချေမှုများ ပြုလုပ်နိုင်သည်။

“ငါတို့က အလုပ်ကြီးအကိုင်ကြီးလုပ်မယ့်သူတွေပဲ။ ချမ်းသာဖို့အခွင့်အရေးတွေက အများကြီးရှိပါသေးတယ်...”

ကောင်းရွှမ်က ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ပြီး သူ၏အကြည့်ကို အနီးရှိ ဖန်သားပေါက်ဖွားစက်ဆီသို့ ရွှေ့လိုက်သည်။ အတွင်းတွင် ဖန်ပြွန်တစ်ရာကျော်ခန့် ရှိနေ၏။

ဤအရာများသည် စမ်းသပ်မှုများအတွက် အသုံးပြုသော နာမ်ဝိညာဉ်မျိုးနွယ်စု၏ မျိုးဗီဇဆေးရည်များဖြစ်သည်။

မြောက်ပိုင်းခွန် စခန်းကို တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မျိုးဗီဇဆေးရည်များကို စမ်းသပ်ရန်ဖြစ်သည်။ နာမ်ဝိညာဉ်မျိုးနွယ်စု မျိုးဗီဇများ၏ ထူးခြားမှုကြောင့် စမ်းသပ်မှုများအတွက် ကြီးမားသော အတိုင်းအတာနှင့် ရေရှည်အချက်အလက်များ လိုအပ်သည်။

သို့သော် ပရောဂျက် တစ်ဝက်တစ်ပျက်တွင် ပရောဂျက်ခေါင်းဆောင် ရွှီယန် တစ်ခုခု ဖြစ်သွားခဲ့သဖြင့် ပရောဂျက်တစ်ခုလုံးကို ဆက်လက်လုပ်ဆောင်၍ မရတော့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘဏ္ဍာတိုက်ထဲတွင် နာမ်ဝိညာဉ်မျိုးနွယ်စု မျိုးဗီဇဆေးရည်များစွာ ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။

လူသားများသည် ကြယ်စင်စုများကို ဖြတ်သန်းသွားလာနိုင်ပြီး ကျယ်ပြန့်လှသော လူသားယဉ်ကျေးမှု အဖွဲ့အစည်းကြီးများကို တည်ထောင်နိုင်ခဲ့သော်လည်း မျိုးဗီဇ၊ မူလစွမ်းအင်များနှင့် ပတ်သက်၍ လူသားတို့၏နားလည်မှုက အလွန်တိမ်ကောနေဆဲပင်။

‘လူဦးရေက အကြီးမားဆုံးကြွယ်ဝမှုပဲ’

ကြယ်စင်စုခေတ်သို့ ရောက်ရှိလာသောအခါ လူသားမျိုးနွယ်၏ အထက်တန်းလွှာများသည် ဤစကား၏ မှန်ကန်မှုကို ပို၍ နက်နက်ရှိုင်းရှိုင်း သဘောပေါက်လာကြသည်။

ဉာဏ်ရည်တုစနစ်က အဆင့်မြင့် ဉာဏအလုပ်အများစုကို ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်သည်။ စက်ရုပ်များက ရှုပ်ထွေးသော နည်းပညာပိုင်းဆိုင်ရာ အလုပ်များကို ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်သည်။

ဤအခြေအနေတွင် သာမန်လူများက သူတို့၏တည်ရှိမှုတန်ဖိုးများ ဆုံးရှုံးသွားသည့်ပမာ ခံစားနေကြရသည်။ သို့သော် ကြယ်စင်စုခေတ်တွင် လူတိုင်း၏ မျိုးဗီဇက ထူးခြားလှပေသည်။

လူသားယဉ်ကျေးမှုသည် ရှုပ်ထွေးလှသော လူသားတစ်ဦးချင်းစီ ဘီလီယံနှင့်ချီ၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဤလူတစ်ဦးချင်းစီကို သီးခြားခွဲကြည့်မည်ဆိုလျှင် အရေးမပါလှပေ။

သို့သော် ရေတွက်၍မရနိုင်သော လူတစ်ဦးချင်းစီ၏ ကွဲပြားခြားနားသော မျိုးဗီဇများက ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ပေးနိုင်ပြီး ထိုမှတစ်ဆင့် လူသားမျိုးနွယ်ကို စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်စေသည်။

မျိုးဗီဇဆေးရည်များသည် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းပေါ်တွင် မရှိမဖြစ်လိုအပ်သော နည်းလမ်းတစ်ခုဖြစ်သည်။

All Chapters