← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄) - နာမ်ဝိညာဉ်မျိုးနွယ်စု၀င်တစ်ဦးနှင့် တွေ့ဆုံခြင်း(၁)

လူသားမျိုးဗီဇများ၏ ရှုပ်ထွေးမှုနှင့် ထူးခြားမှုကြောင့်ပင် မျိုးဗီဇဆေးရည်များ၏ အကျိုးသက်ရောက်မှုများက အမြဲတမ်း မတည်မငြိမ်ဖြစ်နေခြင်းဖြစ်သည်။ လူတိုင်း၏ မျိုးဗီဇဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းက အနည်းငယ်စီ ကွဲပြားခြားနားနေကြသည်။

တူညီသော မျိုးဗီဇဆေးရည်ကို ထိုးသွင်းခဲ့သော်လည်း ကောင်းရွှမ်က ပို၍ချောမောလာပြီး ယွမ်ချင်းရှန်ကတော့ ခြားနားသော လမ်းကြောင်းတစ်ခုကို ရွေးချယ်သွားခဲ့သည်။ ဤသည်မှာ သူတို့၏ မျိုးဗီဇကွာခြားချက်ပင်။

တကယ်တော့ သူတို့၏ မျိုးဗီဇများတွင် ၁ ရာခိုင်နှုန်းခန့်သာ ကွာခြားချက် ရှိလေသည်။

သူ အဘယ်ကြောင့် ပို၍ ချောမောလာသည်ကို ကောင်းရွှမ် ကောင်းကောင်းကြီး သိထားသည်။ ၎င်းမှာ ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်၏ လွှမ်းမိုးမှုကြောင့် ဖြစ်သင့်သည်။

သူ၏ အပြင်ပန်းသွင်ပြင်နှင့် အတွင်းစိတ်ဝိညာဉ် နှစ်ခုလုံးက အပြစ်ကင်းစင်သောဘက်သို့ အလိုအလျောက် ဆင့်ကဲပြောင်းလဲနေခြင်းဖြစ်သည်။

ဤဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းက အလွန်ထူးခြားလှသည်။ ထို့ကြောင့် သူ၏စွမ်းအားအဆင့်က အလွန်နှေးကွေးစွာ တိုးတက်နေခြင်းဖြစ်သည်။ ဤအချက်ကပင် သူ အမြဲတမ်း သင်တန်းသားများကြားတွင် အောက်ဆုံးအဆင့်၌ ရှိနေရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။

ယွမ်ချင်းရှန်ကတော့ ပို၍ရိုးရှင်းသည်။ သူမက ရုပ်ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ရှင်းလင်းနေသည်။

လူသားမဟာမိတ်အဖွဲ့က ဤလမ်းကြောင်းအတွက် ရင့်ကျက်သောပုံစံတစ်ခုကို ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။

ကောင်းရွှမ်က ပေါက်ဖွားစက်ကို ခဏတာလေ့လာပြီးနောက်၊ အတွင်းမှ အစိမ်းရောင် မျိုးဗီဇဆေးရည်သုံးခုကို ရွေးထုတ်လိုက်သည်။

သူက ယွမ်ချင်းရှန်ကို လက်ယပ်ခေါ်လိုက်သည်။ “ချင်းရှန်... မြန်မြန်လာ၊ ဒါက မင်းအတွက်ပဲ”

ယွမ်ချင်းရှန်က လက်နက်စင်ကို လေ့လာနေပြီး အပေါ်ရှိ လေးလံသော စနိုက်ပါရိုင်ဖယ်တစ်လက်ကို အလွန်စိတ်ဝင်စားနေသည်။

ကောင်းရွှမ်၏ ခေါ်သံကို ကြားသောအခါ ယွမ်ချင်းရှန် ရောက်လာသည်။

“ဒါက မျိုးဗီဇဆေးရည်လား”

ယွမ်ချင်းရှန်က ဤအရာများကို ကောင်းကောင်း ရင်းနှီးနေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ငယ်စဉ်ကတည်းက လေးကြိမ်တိုင်တိုင် ထိုးသွင်းခံခဲ့ရပြီး၊ ထိုးသွင်းလိုက်တိုင်း သင်တန်းသားတစ်သုတ်စီ သေဆုံးသွားလေ့ရှိသောကြောင့်ဖြစ်သည်။

မျိုးဗီဇဆေးရည်များ၏ တုံ့ပြန်မှုက အလွန်ရှုပ်ထွေးလှသည်။ လူတစ်ယောက်၏မျိုးဗီဇနှင့် ဆန့်ကျင်ဘက်ဖြစ်သွားပြီး မျိုးဗီဇများက ဆင့်ကဲပြောင်းလဲမလာနိုင်ပါက မျိုးဗီဇများ ပျက်စီးသွားကာ လုံးဝ သေဆုံးသွားမည်ဖြစ်သည်။

စခန်း၏ ရက်စက်ကြမ်းကြုတ်လှသော ကူမွေးမြူရေး နည်းဗျူဟာသည်လည်း သေမင်း၏ဖိအားကို အသုံးပြုကာ သင်တန်းသားများ၏အလားအလာများကို ညှစ်ထုတ်ခြင်းပင်။

မည်သို့ပင်ဆိုစေ ဤခေတ်ကာလတွင် လူဦးရေက တန်ဖိုးမရှိသလို အချိန်မရွေးစတေးခံနိုင်သည်။

ကောင်းရွှမ်က ရှင်းပြလိုက်သည်။

“ဒီမှာရှိတဲ့ မျိုးဗီဇဆေးရည်တွေအားလုံးက ပဉ္စမအဆင့် ဆင့်ကဲပြောင်းလဲမှု ဆေးရည်တွေချည်းပဲ။ ပရောဂျက်ခေါင်းဆောင် တစ်ခုခုဖြစ်သွားလို့ ပဉ္စမအကြိမ် ထိုးသွင်းမှုကို ရပ်ဆိုင်းလိုက်ရတာ”

ပဉ္စမအကြိမ် မျိုးဗီဇဆေးရည်ကို ထိုးသွင်းခဲ့မည်ဆိုလျှင် ကျန်ရှိနေသော သင်တန်းသားဆယ်ဂဏန်းခန့်ထဲမှ သုံးပုံတစ်ပုံခန့် ထပ်မံသေဆုံးသွားနိုင်ပေသည်။ ဤဆုံးရှုံးမှုကို ကျိုးလန် လက်ခံနိုင်မည်မဟုတ်ပေ။

ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းများက အလွန်ရှုပ်ထွေးလှပြီး၊ ကောင်းရွှမ်က ယွမ်ချင်းရှန်ကို အသေးစိတ် မရှင်းပြတော့ပေ။

သူက ယွမ်ချင်းရှန်ကို ပြောလိုက်သည်။

“ဒီဆေးရည် သုံးခုက မင်းကို အဆင့်ငါးအထိ အမြန်ဆုံး ရောက်သွားစေလိမ့်မယ်”

ထို့နောက် သူက ထပ်ဖြည့်ပြောလိုက်သည်။

“သေချာတာပေါ့၊ အန္တရာယ်နည်းနည်းတော့ ရှိတယ်”

ယွမ်ချင်းရှန်၏ ပါရမီအရ မျိုးဗီဇဆေးရည် မထိုးသွင်းလျှင်လည်း ကျင့်ကြံခြင်းဖြင့် အဆင့်ငါးသို့ ရောက်ရှိနိုင်သည်။ သို့သော် ပိုမိုမြင့်မားသော မျိုးဗီဇများကို ဖွင့်လစ်ရန် မျိုးဗီဇဆေးရည် မရှိပါက ယွမ်ချင်းရှန် အဆင့်ခြောက်သို့ ရောက်ရှိဖို့ရာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

ကြယ်စင်စုခေတ်တွင် သဘာဝတရားကို ဆန့်ကျင်နိုင်စွမ်းရှိသော အစွမ်းထက်သူများ အမှန်တကယ် ရှိနေကြသည်။

သူတို့သည် မျိုးဗီဇဆေးရည်များကို မည်သည့်အခါမျှ အသုံးမပြုဘဲ မူလစွမ်းအင်ကျင့်ကြံမှုကိုသာ အားကိုးကာ ရွှေအဆင့်အစွမ်းထက်သူများအဖြစ် ရောက်ရှိသွားသူများဖြစ်သည်။

သို့သော် ယွမ်ချင်းရှန်တွင် ထိုသို့သော သဘာဝတရားကို ဆန့်ကျင်နိုင်စွမ်းရှိသည့် ပါရမီမျိုး ရှိမည်မထင်ပေ။

“ငါတို့လို သာမန်လူတွေ အဆင့်တက်ဖို့ကတော့ ဆေးတွေကိုမှီဝဲတာ အကောင်းဆုံးပါပဲ...”

ကောင်းရွှမ်မှာ အတော်လေး စိတ်ခံစားမှုပြင်းထန်နေသည်။ သူ၏ ကျင့်ကြံခြင်းပါရမီက ပထမတန်းစားဟု ဆိုနိုင်သော်လည်း ထိပ်တန်းအဆင့်များနှင့်နှိုင်းယှဉ်လျှင် ကွာဟချက်က ကြီးမားလွန်းလှသည်။

ယွမ်ချင်းရှန်က ခဏတာ စဉ်းစားပြီးနောက် ဆိုလိုက်သည်။

“အခုက အချိန်ကောင်းမဟုတ်သေးဘူး။ စခန်းထဲမှာ ဖြေရှင်းရမယ့်ပြဿနာတွေ အများကြီးရှိသေးတယ်”

“ငါဖြေရှင်းလိုက်ပါ့မယ်”

ကောင်းရွှမ်က ပြောပြောဆိုဆိုနှင့် ယွမ်ချင်းရှန်ကို မျိုးဗီဇဆေးရည် ထိုးပေးလိုက်သည်။

ယွမ်ချင်းရှန်ကလည်း မခုခံဘဲ သူ့သဘောအတိုင်း ခွင့်ပြုပေးထားလေ၏။

ယွမ်ချင်းရှန် မျိုးဗီဇဆေးရည် သုံးခုလုံး ထိုးသွင်းခံလိုက်ရပြီးနောက် သူမ၏ ခန္ဓာကိုယ်က လျင်မြန်စွာနီရဲလာပြီး သူမ၏ အသိစိတ်များက တဖြည်းဖြည်း ဝေဝါးလာတော့သည်။

“ပြန်စဉ်းစားကြည့်တော့... ကျိုးလန်ရဲ့ စုဆောင်းမှုတွေက တကယ်ကို ချမ်းသာတာပဲ။ သူက ရတနာသိုက်ကြီး တစ်ခုလိုပဲ”

ကောင်းရွှမ်က ယွမ်ချင်းရှန်ကို တွဲကာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လှဲပေးလိုက်သည်။

သူကတော့ လက်နက်စင်ဆီသို့ သွားကာ ရှည်လျားသော စနိုက်ပါရိုင်ဖယ်တစ်လက်ကို ကောက်ယူလိုက်သည်။

“ကြည့်... ဒါက တကယ့် ဂန်နီရယ် စနိုက်ပါရိုင်ဖယ်ပဲ။ ဘော့စ်တိုင်းက ပစ္စည်းကောင်းတွေ ချပေးတာမဟုတ်ဘူး”

ယွမ်ချင်းရှန်၏ အတွင်းစိတ်ထဲတွင် ပိုပိုပြီး ပူလောင်လာသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးဖိုထဲ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားနေရပြီး မီးဖုတ်ခံရတော့မည့်အလား ပူပြင်းနေလေသည်။

သို့သော် သူမဘေးတွင် တတွတ်တွတ် စကားပြောနေသော ကောင်းရွှမ် ရှိနေသဖြင့် အလွန်အမင်းလုံခြုံသလို ခံစားရလေသည်။

ကောင်းရွှမ်က ယွမ်ချင်းရှန်၏ ပူလောင်နေသောနဖူးကို စမ်းကြည့်လိုက်သည်။ အပူချိန်က ခုနစ်ဆယ် ဒီဂရီလောက် ရောက်နေပြီဖြစ်ရပေမည်။

သာမန်လူတစ်ယောက်ဆိုလျှင် ဦးနှောက်များ ကျက်သွားလောက်ပြီဖြစ်သည်။

“တောင့်ထားနော်... ဒါက မျိုးဗီဇပြောင်းလဲတာပဲ...”

ယွမ်ချင်းရှန်၏ အသိစိတ်များက အမှောင်ထုထဲသို့ အဆက်မပြတ် ကျဆင်းသွားပြီး ကောင်းရွှမ်၏အသံများကလည်း တဖြည်းဖြည်း တိုးညှင်းလာကာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။

သူမ၏ရင်ထဲတွင် ယုံကြည်ချက် တစ်ခုတည်းသာ ရှိတော့သည်။

“ငါ သေလို့ မဖြစ်ဘူး၊ ငါ တောင့်ထားရမယ်။ ၀၈၈ နဲ့အတူ ရှိနေချင်တယ်၊ သူ့ကို ကာကွယ်ပေးချင်တယ်...”

…….

ယွမ်ချင်းရှန်သည် မည်မျှကြာအောင် သတိလစ်နေခဲ့မှန်း မသိ၊ မူးဝေဝေဖြင့် နိုးလာခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်ရသည်။

သူမ ရောက်နေသော နေရာက အလွန်ကျဉ်းကျပ်ပြီး အလင်းရောင် မှိန်ပျော့ကာ စိုစွတ်၊ မှိုတက်ပြီး အေးစက်နေလေသည်။ အခန်းတွင်း အပြင်အဆင်ကလည်း ပုံမှန်မဟုတ်ဘဲ အလွန်ရိုးရှင်းလွန်းနေသည်။

ပို၍ အရေးကြီးသည်မှာ အခန်းက အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေသဖြင့် သူမကို အလွန်မလုံခြုံသလို ခံစားရစေသည်။

“ဒါ သင်္ဘောပေါ်မှာပဲ...”

ယွမ်ချင်းရှန် ချက်ချင်း သဘောပေါက်သွားသည်။ သူမသည် တကယ့်သင်္ဘောပေါ်သို့ တစ်ခါမျှ မရောက်ဖူးသော်လည်း ပုံရိပ်ယောင် လေ့ကျင့်မှုများအတွင်း အကြိမ်များစွာ ကြုံတွေ့ခဲ့ဖူးသဖြင့် ရေယာဉ်များနှင့်တော့ မစိမ်းလှပေ။

“နိုးလာပြီလား”

ထောင့်တစ်နေရာတွင် ပျင်းရိပျင်းတွဲထိုင်နေသော ကောင်းရွှမ်က ယွမ်ချင်းရှန်၏လှုပ်ရှားမှုကို ချက်ချင်းသတိထားမိသွားသည်။

သူက ယွမ်ချင်းရှန်အနီးသို့ တိုးသွားကာ အာဟာရဖြည့်စွက်ဆေးရည်ပြွန်တစ်ခုကို သူမပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒါကို စားလိုက်၊ ပြီးရင် ပြန်အိပ်လိုက်တော့၊ ကုန်းမြေကိုရောက်ဖို့ နောက်ထပ် ရက်အနည်းငယ်ကြာဦးမယ်”

ယွမ်ချင်းရှန်က သိပ်အများကြီးမတွေးတော့ပေ။ သူမဘေးတွင် ကောင်းရွှမ်ရှိနေသမျှကာလပတ်လုံး ငရဲပြည်ရောက်နေလျှင်ပင် လမ်းပျောက်နေသလိုလို၊ ကြောက်ရွံ့နေသလိုလို ခံစားရမည်မဟုတ်ပေ။

သူမက အဆင့်မြင့် အာဟာရဖြည့်စွက်ဆေးရည် ဆယ်ပြွန်ကို လိမ်လိမ်မာမာပဲ စားသုံးလိုက်သည်။

ခန္ဓာကိုယ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပြီးသည်နှင့်တစ်ပြိုင်နက် သူမသည် အလိုအလျောက် နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားလေတော့သည်။

“အိပ်မက်လှလှမက်ပါ ကလေးလေးရယ်။ အရာအားလုံးကို ငါကိုင်တွယ်လိုက်ပါ့မယ်...”

ကောင်းရွှမ်က သက်ပြင်းချကာ ဆိုလိုက်သည်။

“အွန်လိုင်းပေါ်တက်ဖို့ သင့်တော်တဲ့သရုပ်တစ်ခု မရှိတာ နှမြောစရာပဲ။ ဒီစောက်ကျိုးနည်းနေရာမှာ ပိတ်မိနေတာ ဆယ်ရက်တောင်ကျော်နေပြီ”

ပီဂါဆပ်စ်ဂြိုဟ်၏ အထက်ကောင်းကင်ယံတွင် ဆက်သွယ်ရေးဂြိုဟ်တုများက နေရာအနှံ့ရှိနေပြီး၊ ‘ကောင်းကင်ကွန်ရက်’ ၏ အချက်ပြလှိုင်းများကလည်း ကမ္ဘာမြေတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

သို့သော် ကောင်းကင်ကွန်ရက်သို့ ဝင်ရောက်ရန် ကောင်းရွှမ်တွင် သင့်တော်သောသရုပ်တစ်ခု မရှိပေ။

ရုတ်တရက် ဝင်ရောက်သွားမည်ဆိုလျှင် ဒစ်ဂျစ်တယ်အချက်အလက်များစွာ ကျန်ရစ်ခဲ့မည်မှာ သေချာသည်။

နောက်ပိုင်းတွင် ပြဿနာများ ပေါ်ပေါက်လာပါက သူတို့က သူ့အား ခြေရာခံလာမည်ကို ရှောင်လွှဲ၍မရနိုင်ပေ။

ကျဉ်းမြောင်းလှသော သင်္ဘောဝမ်းဗိုက်အောက်ခြေအခန်းလေးက အလွန် ပျင်းစရာကောင်းလှသည်။

စကားပြောစရာလူလည်းမရှိရာ ကောင်းရွှမ်အနေဖြင့် သည်းခံနေရုံသာ ရှိသည်။

ကောင်းရွှမ် လှဲနေသည်မှာ ခဏလေးသာ ရှိသေးသော်လည်း စင်္ကြံလမ်းမှခြေသံများကို ကြားလိုက်ရသည်။ နံရံတစ်ခု ခြားနေသော်ငြား ထိုလူနှစ်ဦး၏ အသေးစိတ် လက္ခဏာတစ်ခုချင်းစီကို သူ၏စိတ်ထဲတွင် ရှင်းလင်းစွာ ပုံဖော်ထားပြီးဖြစ်သည်။

တစ်ယောက်က အရပ် ၁၉၃.၃၃၆၅၄ စင်တီမီတာ ရှည်ပြီး အလေးချိန် ၁၆၂,၁၁၄.၂၄၄၅၇ ဂရမ် ရှိသည်။

နောက်တစ်ယောက်ကတော့ အများကြီးပိုပုပြီး အရပ် ၁၆၅.၅၄၄၇၁ စင်တီမီတာနှင့် အလေးချိန် ၆၄,၄၅၇.၂၄၅၇၄ ဂရမ်သာ ရှိသည်။

နှစ်ယောက်လုံးက ပစ္စတိုများ၊ ဓားမြှောင်များ၊ အဆိပ်ငွေ့ကာ မျက်နှာဖုံးများနှင့် အဆိပ်ငွေ့ဗုံးနှစ်လုံးစီ ကိုင်ဆောင်ထားကြသည်။ အတော်လေးကို ပြည့်ပြည့်စုံစုံ ပြင်ဆင်လာသည်ဟု ဆိုနိုင်သည်။

လူနှစ်ဦးလုံးတွင် မည်းနက်သော အသားအရေနှင့် ကွဲအက်နေသော မျက်နှာများ ရှိကြသည်။ သူတို့၏ ဆံပင်များကလည်း ပုံမှန်မဟုတ်ဘဲ ခြောက်သွေ့ကာ ဝါကြန့်ကြန့် ဖြစ်နေသည်။

ဤသည်မှာ တစ်နှစ်ပတ်လုံး ရေပေါ်တွင်နေထိုင်ရသော သင်္ဘောသားများ၏ လက္ခဏာများပင်။

သင်္ဘောပေါ်ရှိ ဤဆယ်ရက်ကျော်ကာလအတွင်း ကောင်းရွှမ် အမှန်တကယ် အားလပ်နေခဲ့ခြင်းမဟုတ်ပေ။

ဤအားလပ်ချိန်များကို အခွင့်ကောင်းယူကာ၊ သူ လေ့လာသင်ယူထားသမျှ အရာအားလုံးကို စုစည်းပြီး ကိုယ်ပိုင် အချက်အလက်သိုလှောင်ရုံတစ်ခုကို တည်ဆောက်ခဲ့သည်။

နောက်နှစ်အနည်းငယ် ကြာသောအခါ အလင်းကွန်ပျူတာနည်းပညာများ တိုးတက်လာပြီး ဉာဏ်ရည်တုစနစ်များ ပိုမိုခေတ်မီလာမည်ဖြစ်သည်။

All Chapters