← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) - ယွမ်ရှင်းချန် အဆင့် ၅ သို့ တက်လှမ်းခြင်း(၂)

ကပ္ပတိန်မှာ အလွန်အမင်းနောင်တရနေသည်။

‘ငါ ဘာလို့ မျက်စိမပါဘဲ အဲ့ကောင်ကို အတင်း သွားရန်စမိရတာလဲ'

ကောင်းရွှမ်က ခေါင်းခါလိုက်သည်။

“ငါက နောက်နေတာပါ။ ငါ ကောင်းကင်ဘုံကိုယ်စား မင်းကို သတ်နေတာ မဟုတ်ပါဘူး။ ငါ့မှာ ကောင်းကင်ဘုံကိုယ်စား အရေးယူဖို့ ဘာဂုဏ်သိက္ခာ၊ ဘာအရည်အချင်းမှ မရှိဘူး။ ငါ့လမ်းကို ငါလျှောက်နေတာ၊ ငါ့လမ်းကို ပိတ်တဲ့သူတိုင်းကို ငါ သတ်မယ်။

ပြီးတော့ မင်းက နာမ်ဝိညာဉ်မျိုးနွယ်စုဝင် တစ်ယောက်ဖြစ်နေလို့ သေချာပေါက် သေကိုသေရမယ်”

ကပ္ပတိန်၏ မျက်လုံးများထဲတွင် အစိမ်းရောင်အလင်းတန်းများ ရုတ်တရက် လက်ခနဲဖြစ်သွားပြီး သူ၏ တစ်ကိုယ်လုံးက မကောင်းဆိုးဝါးတစ္ဆေတစ်ကောင်လို အလွန်အမင်းထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းလာသည်။

“ဟန်ဆောင်နေလို့ ဘာထူးမှာလဲ။ နာမ်ဝိညာဉ်မျိုးနွယ်စုလို ကပ်ပါးကောင်တွေက အသက်ရှင်ခွင့်မရှိဘူး”

နာမ်ဝိညာဉ်မျိုးနွယ်စု၏ မှီခိုနေထိုင်ခြင်းဆိုသည်က လူ့ခန္ဓာကိုယ်နှင့် လုံးဝ ပေါင်းစပ်သွားခြင်းဖြစ်သည်။ လူ့ခန္ဓာကိုယ် သေဆုံးသွားသောအခါ နာမ်ဝိညာဉ်မျိုးနွယ်စုလည်း ပြီးဆုံးသွားမည်ဖြစ်သည်။

ကပ္ပတိန်၏ အသွင်အပြင်မှာ သေခါနီးအချိန်တွင် နာမ်ဝိညာဉ်မျိုးနွယ်စု၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို လှုံ့ဆော်လိုက်ခြင်းဖြစ်သည်။

ကံဆိုးသည်က ကပ္ပတိန်၏ နာမ်ဝိညာဉ်မျိုးနွယ်စု စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက သာမန်လူများကိုသာ အသုံးဝင်ခြင်းပင်။

ကောင်းရွှမ်အတွက်တော့ ၎င်းက လုံးဝ ရယ်စရာကောင်းနေသည်။

ကပ္ပတိန်က အစွမ်းကုန်ထုတ်လွှတ်လိုက်သော စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမှာ ကောင်းရွှမ်အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိသည့်အပြင် သူကိုယ်တိုင်ပင် အရင်ဆုံးလဲကျသွားတော့သည်။

သူ၏မျက်လုံးများထဲရှိ အစိမ်းရောင်အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး အသက်ရှူရပ်သွားလေသည်။

ကောင်းရွှမ်က နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို ဆွဲထုတ်ကာ တစ်ချက်ဝှေ့ယမ်းလိုက်ရာ လူတိုင်းကို သွေးရောင်အလင်းတန်းအဖြစ် စုပ်ယူသွားလေသည်။

သွေးရောင်အလင်းတန်းများကြားတွင် အစိမ်းရောင် အလင်းစက်လေးတစ်ခု လက်ခနဲဖြစ်သွားသည်။

ကောင်းရွှမ်က ထိုအစိမ်းရောင်အလင်းစက်လေးကို နတ်ဘုရားသတ်ဖြတ်ခြင်းဓားဖြင့် ဆယ်ယူလိုက်ရာ ဆန်စေ့ခန့်အရွယ်အစားရှိ အစိမ်းရောင်ပုံဆောင်ခဲလေးတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ထိုအစိမ်းရောင်ပုံဆောင်ခဲလေးက အလွန်ကြည်လင်နေပြီး မှိန်ပျပျအစိမ်းရောင်အလင်းတန်းလေး တလက်လက် တောက်ပနေသည်။

“နာမ်ဝိညာဉ်မျိုးနွယ်စုရဲ့ ဝိညာဉ်အနှစ်သာရ”

ကောင်းရွှမ် အနည်းငယ်မျှပင် မအံ့ဩပေ။ ကပ္ပတိန်က နာမ်ဝိညာဉ်မျိုးနွယ်စုဝင်ဖြစ်ရာ သေဆုံးသွားသောအခါ ဝိညာဉ်အနှစ်သာရတစ်ခု ဖြစ်ပေါ်လာမည်မှာ သဘာဝပင်။

အဆင့်နိမ့် နာမ်ဝိညာဉ်မျိုးနွယ်စုဝင်တစ်ဦးက အခြားသက်ရှိတစ်ခု၏ ခန္ဓာကိုယ်ကို လုံးဝသိမ်းပိုက်ပြီးနောက်တွင် အခြားတစ်နေရာသို့ ပြောင်းရွှေ့၍ မရနိုင်တော့ပေ။

ထို့ကြောင့် ကပ္ပတိန် အသတ်ခံရချိန်တွင် ထိုနာမ်ဝိညာဉ်မျိုးနွယ်စုဝင်လည်း အဆုံးသတ်သွားရခြင်းဖြစ်သည်။ နာမ်ဝိညာဉ်မျိုးနွယ်စုဝင်များ သေဆုံးသွားပြီးနောက် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများ စုစည်းသွားကာ ဝိညာဉ်အနှစ်သာရတစ်ခု ဖြစ်ပေါ်လာသည်။

ဝိညာဉ်အနှစ်သာရ လုံးဝ မပျက်စီးသွားပါက သင့်တော်သော အခြေအနေများအောက်တွင် ထိုဝိညာဉ်အနှစ်သာရက အသက်ဓာတ်ကို ပြန်လည်နှိုးဆွပေးနိုင်ပြီး နာမ်ဝိညာဉ်မျိုးနွယ်စုဝင်ကို ပြန်လည်အသက်ရှင်လာစေနိုင်သည်။

ဝိညာဉ်အနှစ်သာရများသည် ခန္ဓာကိုယ်၏ ဦးနှောက်ထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်နေတတ်သဖြင့် ရှာဖွေတွေ့ရှိရန် ခက်ခဲလှသည်။ ထို့ကြောင့် အသတ်ခံရသော နာမ်ဝိညာဉ်မျိုးနွယ်စုဝင်များစွာမှာ ပြန်လည်အသက်ရှင်လာနိုင်ကြခြင်းဖြစ်သည်။

ကျင့်ကြံသူတစ်ဦးအတွက်မူ နာမ်ဝိညာဉ်မျိုးနွယ်စု၏ ဝိညာဉ်အနှစ်သာရက ပစ္စည်းကောင်းတစ်ခုဖြစ်သည်။

၎င်းကို အသုံးပြုကာ စိတ်ဝိညာဉ်စွမ်းအားများ မြှင့်တင်နိုင်သည်၊ မူလစွမ်းအင်နှင့် ဆက်နွယ်မှုကို တိုးတက်စေနိုင်ပြီး အထူး မူလစွမ်းအင်ပစ္စည်းများကိုပင် ဖန်တီးနိုင်သည်။

ကောင်းရွှမ်က ဝိညာဉ်အနှစ်သာရကို အိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်သည်။ ဤအရာက သူ့အတွက် အသုံးမဝင်သော်လည်း ချင်းရှန်ကို ပေးနိုင်သည်။

မမျှော်လင့်ဘဲ ရလိုက်သည့် အမြတ်တစ်ခုဟု ဆိုရပေမည်။

နတ်ဘုရားသတ်ဖြတ်ခြင်းဓားက အသားနှင့် သွေးများကို အရည်ဖျော်ကာ စုပ်ယူသွားပြီးနောက် ယာဉ်မောင်းခန်းအတွင်းရှိ သွေးနံ့များ ချက်ချင်းပျောက်ကွယ်သွားပြီး ကြမ်းပြင်ပေါ်တွင် သတ္တုပစ္စည်းအချို့သာ ကျန်ရစ်တော့သည်။

ခါးပတ်ချိတ်များ၊ မီးခြစ်များ၊ ပစ္စတိုများ စသည်တို့ဖြစ်သည်။

ကောင်းရွှမ်က ဤပစ္စည်းအားလုံးကို ပင်လယ်ထဲသို့ လွှင့်ပစ်လိုက်သည်။

ယာဉ်မောင်းခန်းတွင် အဆင့်နိမ့် အလင်းကွန်ပျူတာတစ်ခု ရှိပြီး ကပ္ပတိန်က ရွက်လွှင့်မည့် လမ်းကြောင်းကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။

ကောင်းရွှမ်က စစ်ဆေးကြည့်လိုက်ပြီး ပြဿနာမရှိကြောင်း သေချာသွားသောအခါ ထပ်မံဂရုမစိုက်တော့ပေ။

သူက သင်္ဘောသားအိပ်ခန်းများဆီသို့ သွားကာ အိပ်ပျော်နေဆဲဖြစ်သော သုံးကောင်ကိုပါ ရှင်းလင်းလိုက်ပြီး၊ ဖြစ်လာနိုင်ချေရှိသော ခြိမ်းခြောက်မှုအားလုံးကို လုံးဝ ဖြေရှင်းလိုက်သည်။

သင်္ဘောဝမ်းဗိုက်အောက်ခြေ အခန်းသို့ ပြန်ရောက်လာပြီးနောက် ကောင်းရွှမ်သည် ယွမ်ချင်းရှန်ကို ချီကာ အပေါ်ဆုံးထပ်ရှိ ကပ္ပတိန်အခန်းသို့ ခေါ်လာခဲ့ပြီး ဝိညာဉ်အနှစ်သာရကို ယွမ်ချင်းရှန်၏ နဖူးပေါ်သို့ တင်ထားလိုက်သည်။

အသိစိတ်မရှိတော့သော ဝိညာဉ်အနှစ်သာရတစ်ခုအတွက် ကျင့်ကြံသူတစ်ဦးအနေဖြင့် ၎င်းအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို အလွန်လွယ်ကူစွာ စုပ်ယူနိုင်သည်။

ယွမ်ချင်းရှန်၏နဖူးပေါ်ရှိ မူလစွမ်းအင်ဗဟိုချက်က ပွင့်လုနီးပါး ဖြစ်နေပြီဖြစ်ရာ သူမ၏ မူလစွမ်းအင်များ အလိုအလျောက် လည်ပတ်နေစဉ်တွင် ဝိညာဉ်အနှစ်သာရကို စုပ်ယူသွားလေသည်။

ကောင်းရွှမ် ခေါင်းညိတ်လိုက်သည်။ ဤဝိညာဉ်အနှစ်သာရလေးက သူမ၏နဖူးပေါ်ရှိ မူလစွမ်းအင်ဗဟိုချက်ကို လုံးဝ ပွင့်သွားစေခဲ့သည်။

နဖူးပေါ်ရှိ မူလစွမ်းအင်ဗဟိုချက်သည် အရေးအကြီးဆုံး မူလစွမ်းအင်ဗဟိုချက်များထဲမှ တစ်ခုဖြစ်သည်။

ဤဗဟိုချက် ပွင့်သွားခြင်းဆိုသည်မှာ လူတစ်ယောက်က အဆင့်ငါးအဆင့်သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း ဆိုလိုသည်။

ထိုအချိန်မှစ၍ သူတို့သည် လူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ကျော်လွန်သွားမည်ဖြစ်ပြီး ပိုမိုမြင့်မားသော မျိုးဗီဇများကို ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

ယွမ်ချင်းရှန်က မူးဝေဝေဖြင့် မျက်လုံးများ ပွင့်လာခဲ့သည်။ သူမကို ချီထားသူမှာ ကောင်းရွှမ်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ပြန်လည်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့၏။

ယွမ်ချင်းရှန် နောက်တစ်ကြိမ် နိုးလာသောအခါ သူမက ကျယ်ဝန်းပြီး လင်းထိန်နေသော အိပ်ခန်းတစ်ခုထဲတွင် ရောက်နေကြောင်း တွေ့လိုက်ရလေသည်။

နံရံများပေါ်တွင် ကျော့ရှင်းသော နံရံကပ်စက္ကူများ ကပ်ထားပြီး စားပွဲနှင့် ကုလားထိုင်ကဲ့သို့သော ပရိဘောဂအများစုကို ဖန်ဖြင့်ပြုလုပ်ထားကာ အလုံးစုံအားဖြင့် ရိုးရှင်းပြီး ခေတ်မီသောပုံစံမျိုးဖြစ်သည်။

ဤအပြင်အဆင်က အလတ်တန်းစား ဟိုတယ်တစ်ခုနှင့် အလွန်တူလှသည်။

သူမ မည်သည့်နေရာရောက်နေသလဲဆိုသည်ကို ယွမ်ချင်းရှန် သိပ်ဂရုမစိုက်ပေ။ သူမ ဂရုစိုက်သည်က ကောင်းရွှမ်တစ်ဦးတည်းသာ။

သူမက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကောင်းရွှမ်ကို ချက်ချင်း မြင်လိုက်ရသည်။ ကောင်းရွှမ်က ပြတင်းပေါက်ဘောင်ပေါ်တွင် ပျင်းရိပျင်းတွဲ လှဲလျောင်းကာ နေစာလှုံနေသည်။

နေရောင်ခြည် ကျရောက်နေသော ထောင့်ကို ကြည့်ခြင်းအားဖြင့် ညနေ သုံးနာရီ သို့မဟုတ် လေးနာရီခန့် ရှိလောက်ပြီဖြစ်သည်။

ကောင်းရွှမ်ကို မြင်လိုက်ရသဖြင့် ယွမ်ချင်းရှန်၏ စိတ်ထဲ၌ အေးချမ်းသွားလေသည်။

“နိုးလာပြီလား”

ကောင်းရွှမ်က ယွမ်ချင်းရှန်၏ လှုပ်ရှားမှုကို သတိပြုမိသွားသည်။ သူက ယွမ်ချင်းရှန်ဘက်သို့ ခေါင်းလှည့်လာပြီး သူ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေ၏။

ကောင်းရွှမ်က မျက်လုံးမှိတ်ထားသော်လည်း ယွမ်ချင်းရှန်ကတော့ ကောင်းရွှမ် သူမကို ကြည့်နေသည်ဟု အမြဲတမ်း ခံစားရပြီး သူမအား အပြည့်အဝ အာရုံစိုက်နေသည့်အလား အားကောင်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။

ယွမ်ချင်းရှန်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

“နင့်မျက်လုံးတွေ ပြန်မကောင်းသေးဘူးလား”

“ဒီနေ့ကစပြီး ဒီလိုပဲဖြစ်နေတော့မှာ”

ကောင်းရွှမ်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး၊ ဘာအနှောင့်အယှက်မှမဖြစ်ဘူး”

ယွမ်ချင်းရှန်က တစ်စုံတစ်ရာ လွဲမှားနေသည်ဟု ခံစားလိုက်ရသည်။ မည်သို့‌ပင်ဆိုစေ မျက်လုံးဆိုသည်မှာ လူသားတစ်ယောက်အတွက် အရေးအကြီးဆုံး အာရုံခံအင်္ဂါဖြစ်သည်။

မျက်လုံးမရှိခြင်းက အလွန်အမင်း အဆင်မပြေလှပေ။ သို့သော် သူမက အမြဲတမ်း စကားများများပြောရသည်ကို မနှစ်သက်ပေ။

‘ကောင်းရွှမ်က ဒီလိုပြောလာမှတော့ သူ့မှာ အကြောင်းပြချက် ရှိမှာပါလေ'

ကောင်းရွှမ်က ယွမ်ချင်းရှန်ကို နားလည်သဖြင့် ရှင်းပြလိုက်သည်။

“ငါ့မျက်လုံးတွေမှာ ပြဿနာနည်းနည်း ရှိသွားလို့။ အီလက်ထရောနစ်မျက်လုံးတုတွေလည်း တပ်လို့မရဘူး။ စွမ်းအားရဖို့အတွက် အမြဲတမ်း တန်ရာတန်ကြေးတော့ ပေးရတာပေါ့”

ယွမ်ချင်းရှန် စိတ်သက်သာရာရသွားပြီး ခေါင်းညိတ်လိုက်သည်။

‘ကောင်းရွှမ်ရဲ့ ဓားသိုင်းက ဒီလောက်တောင် ကြောက်စရာကောင်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူး’

အစွမ်းထက်လှသော ကျိုးလန်ပင်လျှင် ကောင်းရွှမ်၏ ဓားချက်အောက်တွင် အကွက်အနည်းငယ်မျှပင် မခံနိုင်ခဲ့ပေ။

‘မျက်လုံးတစ်စုံနဲ့ အလဲအလှယ်လုပ်လိုက်ရရုံဆိုရင် ဒါက တကယ်ကို တန်လွန်းပါတယ်လေ'

ကောင်းရွှမ်က နတ်ဘုရားသတ်ဖြတ်ခြင်းဓားနှင့် ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်တို့အကြောင်းကို ဆက်မပြောချင်တော့ပေ။

ယွမ်ချင်းရှန်ကို ယုံကြည်သော်လည်း သူ၏ လျှို့ဝှက်ချက်အားလုံးကိုတော့ ပြောပြမည်မဟုတ်ပေ။

သူက စကားလမ်းကြောင်းလွှဲလိုက်၏။

“မင်း အဆင့်ငါး ဖြစ်သွားပြီမလား”

ယွမ်ချင်းရှန်က မျိုးဗီဇဆေးရည်သုံးခု ထိုးသွင်းပြီးနောက် လဝက်ခန့် အိပ်ပျော်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က အသွင်ပြောင်းလဲမှုနှင့် ဆင့်ကဲပြောင်းလဲမှု အကြိမ်ရေအချို့ကို ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။

ပထမအကြိမ် အသွင်ပြောင်းလဲမှုအတွင်းမှာပင် သူမ၏ မျက်နှာပေါ်ရှိ ရှည်လျားသော အမာရွတ်ကြီးက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

မျိုးဗီဇဆင့်ကဲပြောင်းလဲမှုသည် ခန္ဓာကိုယ်ကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်အောင် ပြုပြင်ပြီး ခွန်အားများ ဖြည့်ဆည်းပေးသည်။ ခန္ဓာကိုယ်၏ ဖွဲ့စည်းပုံအားလုံးက ဆင့်ကဲပြောင်းလဲလာမည်ဖြစ်သည်။

အမာရွတ်များကဲ့သို့သော အရေပြားတစ်ရှူးပျက်စီးမှုများက သေချာပေါက် ပြုပြင်ခံရမည်သာ။

ကောင်းရွှမ်၏ အကဲခတ်မှုအရ ယွမ်ချင်းရှန်၏ မူလစွမ်းအင်အဆင့်မှာ ယခုအခါ အဆင့်ငါးတွင် အခိုင်အမာ ရပ်တည်နေပြီဖြစ်သည်။ သေချာသည်ကတော့ ယွမ်ချင်းရှန်က သူမ၏ ကိုယ်ပိုင်ခွန်အားနှင့် အပြည့်အဝ အသားမကျသေးပေ။

သူမကို စစ်မှန်သော အဆင့်ငါးအဖြစ် သတ်မှတ်၍ မရနိုင်သေးပေ။

ယွမ်ချင်းရှန်က ကုတင်ပေါ်မှထကာ ကျဉ်းမြောင်းသောနေရာလေးတွင် လက်သီးကွက်အချို့ကို လေ့ကျင့်လိုက်သည်။

.

All Chapters