← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) - အစီအစဉ်ဆွဲခြင်း

အစပိုင်းတွင် ယွမ်ချင်းရှန်၏ လက်သီးစွမ်းအားများက ကြမ်းတမ်းခက်ထန်နေသော်လည်း မကြာမီမှာပင် လက်သီးစွမ်းအားများက တိတ်ဆိတ်သွားပြီး သူမ၏ လှုပ်ရှားမှုများက တဖြည်းဖြည်း သွက်လက်ကာ ဖမ်းဆုပ်ရခက်လာသည်။

ယွမ်ချင်းရှန်က လက်သီးများကို ပြန်ရုပ်သိမ်းကာ ရပ်လိုက်ပြီး လေပူတစ်ချက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်သည်။

“အဆင့်ငါး”

သူမက မူလက မူလစွမ်းအင်အဆင့်လေးတွင် ရှိပြီး အဆင့်ငါးသို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ နှစ်ပေါင်းများစွာ ကြမ်းတမ်းရက်စက်သော လုပ်ကြံသတ်ဖြတ်ရေး လေ့ကျင့်မှုများကလည်း သူမ၏ နည်းစနစ်များကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။

အနည်းငယ်လေ့ကျင့်ပြီးနောက် သူမသည် အဆင့်ငါးမူလစွမ်းအင်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီဖြစ်သည်။

“မဆိုးဘူး၊ မဆိုးဘူး။ သွေးနီရောင်နှလုံးသားနဲ့ ပေါင်းစပ်လိုက်ရင် အဆင့်ခုနစ် ကျွမ်းကျင်သူတစ်ယောက်ကိုတောင် ယှဉ်တိုက်နိုင်တဲ့ စွမ်းအားရှိသွားပြီ”

ကောင်းရွှမ်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

“ရေနက်မြို့မှာ သောင်းကျန်းဖို့ လုံလောက်သွားပြီ”

“ရေနက်မြို့”

ယွမ်ချင်းရှန် အနည်းငယ် အံ့ဩသွားသည်။ ရေနက်မြို့မှာ အရှေ့ဘက်တိုက်ကြီး၏ တောင်ဘက်ဆုံးတွင် ရှိသည်။ သူတို့က မြောက်ပိုင်းသမုဒ္ဒရာ ပြည်နယ်မှ လာခဲ့ခြင်းဖြစ်ရာ အရှေ့ဘက် တိုက်ကြီး၏ မြောက်ပိုင်း ကမ်းရိုးတန်းသို့သာ ရောက်ရှိသင့်လေသည်။

“ငါတို့က အရှေ့ဘက်တိုက်ကြီးကို ဖြတ်ပြီး လေယာဉ်နဲ့ လာခဲ့တာလေ”

ကောင်းရွှမ်က ရှင်းပြလိုက်သည်။

“ရေနက်မြို့ရဲ့ဘေးမှာ နဂါးဖြူတောင်တန်းရှိတယ်။ အဲဒီမှာ ရိုးရာဓလေ့တွေကို ထိန်းသိမ်းထားတဲ့ မျိုးနွယ်စုငယ်လေးတွေ အများကြီး နေထိုင်ကြတယ်။ သောင်းနဲ့ချီပြီး ရှိလောက်တယ်”

“ဟင်”

ယွမ်ချင်းရှန် သိပ်ပြီး နားမလည်သေးပေ။

‘ဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ'

“ငါတို့နှစ်ယောကစလုံးက အရမ်းကို ထင်ရှားတဲ့ရုပ်ရည်မျိုးတွေ ပိုင်ဆိုင်ထားတော့ သင့်တော်တဲ့ သရုပ်တစ်ခုကို အတုလုပ်ဖို့ခက်တယ်။ ဒါကြောင့် ငါတို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ရှိထားရမယ်လေ...”

ကောင်းရွှမ်တွင် ရေရှည်အစီအစဉ်များ ရှိသည်။ သူ့အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ခံနိုင်ရည်ရှိမည့် တရားဝင်သရုပ်တစ်ခု မရှိမဖြစ်လိုအပ်သည်။ တရားဝင် သရုပ်တစ်ခုကို အတုလုပ်ရန် လွယ်ကူသည်။

သို့သော် သူ၏ ချောမာလွန်းသောရုပ်ရည်က လူအများ၏ အာရုံကို ဖမ်းစားနိုင်လွန်းလှသည်။ သူ့ကို မည်သူကမျှ မမှတ်မိဘူးဆိုလျှင် သေချာပေါက် ယုတ္တိမတန်ပေ။

ထို့ကြောင့် ကောင်းရွှမ်က ယွမ်ချင်းရှန်ကို ရေနက်မြို့သို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။

နဂါးဖြူတောင်တန်းသည် ရှေးဟောင်းမျိုးနွယ်စုများ၏ နေထိုင်မှုဓလေ့စရိုက်များကို ထိန်းသိမ်းထားသော လူသန်းဆယ်ချီ နေထိုင်သည့် ရှေးကျပြီး ပိတ်လှောင်ထားသော ဒေသတစ်ခုဖြစ်သည်။

မျိုးနွယ်စုငယ်လေးအချို့တွင် လူဆယ်ဂဏန်းခန့်သာ ရှိနိုင်ပြီး ပြင်ပကမ္ဘာနှင့် တစ်ပိုင်းပိတ်လှောင်ထားသော အခြေအနေတွင် ရှိနေကြသည်။

ထိုကဲ့သို့သော သရုပ်မျိုးကို ဖန်တီးလိုက်မည်ဆိုလျှင် မည်သူကမျှ ဟာကွက်ရှာတွေ့နိုင်မည်မဟုတ်ပေ။

“လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက မီးတောင်ပေါက်ကွဲမှုကြောင့် တောမီးလောင်ပြီး လူသောင်းနဲ့ချီ သေဆုံးခဲ့တယ်”

ကောင်းရွှမ်က ဆက်ပြောသည်။

“ရေနက်မြို့က အခု သေဆုံးဒဏ်ရာရသူစာရင်းကို ကောက်ယူနေတယ်။ အခုက ဒီဟာကွက်ကို အခွင့်ကောင်းယူဖို့ အသင့်တော်ဆုံးအချိန်ပဲ”

“မင်း ဘာလုပ်ဖို့စီစဉ်ထားလဲ”

ကောင်းရွှမ်က အရာအားလုံးကို စီစဉ်ထားပြီးဖြစ်ရာ ယွမ်ချင်းရှန် အမှန်တကယ်အံ့ဩသွားသော်လည်း အများကြီး မမေးတော့ပေ။ ကောင်းရွှမ်တွင် လျှို့ဝှက်ချက် မည်မျှပင်ရှိနေပါစေ အရေးမကြီးပေ။

အရေးကြီးသည်မှာ သူမက ကောင်းရွှမ်နောက်သို့ လိုက်ပါနိုင်ရေးပင်။

“ဒီက ရဲမှူးကျန်းလီဖုန်းကို ငါ ဆက်သွယ်ပြီးပြီ”

ကောင်းရွှမ်က ပြောလိုက်သည်။

“ဒီနှာဘူးအိုကြီးက မင်းကို မသင့်တော်တဲ့တောင်းဆိုမှုတွေ သေချာပေါက်လုပ်လိမ့်မယ်”

ယွမ်ချင်းရှန်က မျက်လွှာကို အနည်းငယ်ချလိုက်သည်။

“ကျွန်မ ဘာလုပ်ရမလဲ”

‘ဒီလောက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အကြမ်းဖက်ပြီး အကျပ်ကိုင်လို့ မရနိုင်တာ'

ကောင်းရွှမ်အတွက်ဆိုလျှင် ယွမ်ချင်းရှန်က ဘယ်လိုတန်ဖိုးမျိုးမဆို ပေးဆပ်ဖို့ အသင့်ရှိနေလေ၏။

‘လုပ်ကြံသတ်ဖြတ်သူတွေဆိုတာ မူလကတည်းက ရည်မှန်းချက်အောင်မြင်ဖို့အတွက် ဘာမဆို ပေးဆပ်ရဲတဲ့သူတွေပဲလေ'

“မင်း ဘာလုပ်ရမလဲဆိုတော့... သေချာတာပေါ့၊ ဒီနှာဘူးအိုကြီးကို ကန်ထုတ်ပစ်လိုက်”

ကောင်းရွှမ်က ယွမ်ချင်းရှန်ကို ညင်သာစွာ ပြောလိုက်သည်။

“မှတ်ထားပါ၊ ဒီနေ့ကစပြီး ငါတို့က လုပ်ကြံသတ်ဖြတ်သူတွေ မဟုတ်တော့ဘူး၊ လွတ်လပ်တဲ့လူသားတွေ ဖြစ်သွားပြီ။ ငါတို့မှာ ဂုဏ်သိက္ခာနဲ့ လွတ်လပ်ခွင့်ရှိတယ်။ ကိုယ့်အတွက်ပဲ ကိုယ်အသက်ရှင်ရတော့မယ်”

ယွမ်ချင်းရှန် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်သည်။

ဘာကြောင့်မှန်းမသိ၊ သူမ၏ နှာခေါင်းဝတွင် အနည်းငယ် ကျိန်းစပ်လာသလို ခံစားနေရသည်။

သူမ စကားမပြောရဲပေ၊ စကားပြောလိုက်လျှင် မျက်လုံးထဲမှ တစ်ခုခုကျလာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

“အရမ်း စိတ်လှုပ်ရှားသွားတာလား။ အဲဒီလိုဖြစ်ရင်လည်း ငိုချလိုက်ပါ၊ ကိစ္စမရှိပါဘူး”

ကောင်းရွှမ်က သူ့ပခုံးသူ ပုတ်လိုက်သည်။ “ဒီအစ်ကိုကြီးရဲ့ ပခုံးကို မင်းအသုံးပြုဖို့ ငှားပေးလို့ ရပါသေးတယ်။ ငါတို့နှစ်ယောက်က စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားကို သရုပ်ဆောင်လို့ရတယ်။

ဆယ်ကျော်သက် လုပ်ကြံသတ်ဖြတ်သူလေးတွေက ဘဝသစ်တစ်ခုစတင်ပြီး ကောင်းကင်နဲ့ မြေကြီးကိုတောင် တုန်လှုပ်စေတဲ့ မောင်နှမမေတ္တာပေါ့...”

……….

ရေနက်မြို့၊ အခန်းတစ်ခုအတွင်း။

“မင်းက ကောင်းရွှမ်လား”

ကျန်းလီဖုန်းက သူ၏မျက်လုံးများကို မှေးကျဉ်းကာ မျက်နှာချင်းဆိုင်ရှိ အမျိုးသားကို အကဲခတ်ကြည့်လိုက်သည်။

ထိုအမျိုးသား၏ မျက်နှာကို မျက်နှာဖုံးနှင့် နေကာမျက်မှန်ဖြင့် လုံးဝနီးပါး ဖုံးကွယ်ထားသော်လည်း၊ မြင်တွေ့နေရသော မျက်နှာကောက်ကြောင်းများကပင် သူ့ကို အလွန်အမင်းချောမောကြောင်း ပေါ်လွင်စေသည်။

ကောင်းရွှမ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်ပါပဲ။ ကျွန်တော်အပ်ထားတဲ့ကိစ္စ အဆင်ပြေရဲ့လား”

ကျန်းလီဖုန်းက သေတ္တာငယ်လေးတစ်ခုကို ထုတ်ယူကာ ဖွင့်ပြလိုက်သည်။ အတွင်းတွင် လက်သည်းခွံအရွယ်အစားရှိ သတ္တုချစ်ပ်ပြား နှစ်ခုရှိသည်။

“ပီဂါဆပ်စ်ကြယ်စင်စု မဟာမိတ်အစိုးရက အသိအမှတ်ပြုထားတဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးအချက်အလက် ချစ်ပ်ပြားတွေပါ”

ကောင်းရွှမ်က လက်ယပ်ပြလိုက်ရာ အနီးတွင် ရပ်နေသော ယွန်ချင်းရှန်က လက်ဆွဲသေတ္တာတစ်လုံးကို မကာ ကျန်းလီဖုန်းရှေ့သို့ ချပေးလိုက်သည်။

“ဒါက ရွှေ ကီလိုဂရမ်ငါးဆယ်ပါ”

ကျန်းလီဖုန်းက သေတ္တာကိုဖွင့်ကာ အတွင်းသို့ ကြည့်လိုက်သည်။ စုစုပေါင်း ရွှေတုံး ငါးတုံး ရှိသည်။

သူက တစ်တုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ အလေးချိန် ချိန်ဆကြည့်ပြီးနောက် စမတ်နာရီဖြင့် စကင်ဖတ်လိုက်သည်။

သူဝတ်ဆင်ထားသော အထူးပြုလုပ်ထားသည့် စမတ်နာရီတွင် ပစ္စည်းများ၏ အခြေခံပါဝင်မှုများကို ခွဲခြမ်းစိတ်ဖြာနိုင်သော အထူးထောက်လှမ်းရေးကိရိယာတစ်ခု ပါဝင်သည်။

စကင်ဖတ်ခြင်းရလဒ်များက လျင်မြန်စွာ ပေါ်လာသည်။ သန့်စင်မှု ၉၉.၉၉% ရှိသော ရွှေစင်များ ဖြစ်သည်။

ကျန်းလီဖုန်းက လက်ဆွဲသေတ္တာကို ပိတ်ကာ သူ့ခြေရင်းတွင် ချထားလိုက်သည်။ ကောင်းရွှမ်က ဒစ်ဂျစ်တယ် ကိုယ်ရေးအချက်အလက် ချစ်ပ်ပြားကို ယူရန် လက်လှမ်းလိုက်ချိန်မှာပင် ကျန်းလီဖုန်းက သေတ္တာငယ်ကို သူ့လက်ဖြင့် ဖိချလိုက်သည်။

သူက မျက်နှာထား တင်းတင်းဖြင့် ဆိုလိုက်သည်။

“မင်း ဒါကို မထိရသေးဘူး”

ကျန်းလီဖုန်းသည် အသက်ငါးဆယ်ရှိပြီး ခေါင်းတုံးနှင့် ကြမ်းတမ်းသော မျက်နှာရှိသည်။ သူသည် လုံခြုံရေးအရာရှိတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မျက်နှာထား တင်းတင်းထားလိုက်ချိန်တွင် အတော်လေး ရက်စက်ကြမ်းကြုတ်သည့်ဟန် ရှိလေသည်။

ကောင်းရွှမ်က အတင်းအကျပ် လုယူရန် မကြိုးစားပေ။ သူက မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။

“ရဲမှူးကျန်း... ဘာသဘောလဲ”

ကျန်းလီဖုန်းက တိုးညှင်းသော လေသံဖြင့် ဆိုလိုက်သည်။

“ငါတို့က အရောင်းအဝယ် လုပ်နေကြတာလေ။ ဒါပေမဲ့ မင်းက မျက်နှာကို ဖုံးထားတယ်။ ဒါက ရိုးသားမှုမရှိတာ မဟုတ်ဘူးလား”

“ဒါလေးများ လွယ်လွယ်လေးပါ”

ကောင်းရွှမ်က သူ၏ မျက်နှာဖုံးနှင့် နေကာမျက်မှန်ကို ချွတ်လိုက်သည်။

“ကျွန်တော့် မျက်လုံးတွေက ရောဂါဖြစ်ထားပါ၊ လျှို့ဝှက်ဆန်းကြယ်ချင်လို့ ဟန်ဆောင်နေတာမဟုတ်ပါဘူး”

ကျန်းလီဖုန်းမှာ ကောင်းရွှမ်၏ မျက်နှာကို ငေးကြည့်နေပြီး လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။

သူ့ဘဝတွင် ဤမျှချောမောသော အမျိုးသားကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ မဟုတ်သေး၊ သူ မြင်ဖူးသမျှ မိန်းမချောလေးအားလုံးကို ထည့်တွက်လျှင်ပင် ကောင်းရွှမ်လောက် မချောမောကြပေ။

တစ်ဖက်လူက မျက်ကန်းတစ်ယောက် ဖြစ်နေလျှင်ပင် ချောမောလွန်းနေဆဲဖြစ်၏။

ကောင်းရွှမ်က အကြည့်ခံရလွန်းသဖြင့် အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။

‘နှစ်ယောက်စလုံးက ယောကျ်ားတွေပဲကို၊ ဒီလောက်ထိ စိုက်ကြည့်နေဖို့ လိုလို့လား'

သူက ပြောလိုက်သည်။

“ကျွန်တော့်ဘက်က ရိုးသားမှုကို ပြပြီးပြီ။ အခု ပစ္စည်းကို ပေးသင့်ပြီမဟုတ်ဘူးလား”

ကျန်းလီဖုန်းက နောက်ဆုံးတော့ သတိပြန်ဝင်လာသည်။ သို့သော် သေတ္တာငယ်ကို ဖိထားသော သူ၏လက်ကတော့ မလျော့သွားပေ။

“မင်းကို ရိုးရိုးသားသားပြောရရင် ဒစ်ဂျစ်တယ်ချစ်ပ်ပြားက မှတ်ပုံတင်တာတော့ ပြီးသွားပြီ၊ ဒါပေမဲ့ အသက်သွင်းဖို့အတွက် မဟာမိတ်အဖွဲ့ရဲ့ကွန်ရက်နဲ့ မချိတ်ရသေးဘူး”

“ခင်ဗျားရဲ့ တောင်းဆိုချက်က ဘာလဲ”

တစ်ဖက်လူက ရိုးရိုးရှင်းရှင်း လိုက်လျောမည်မဟုတ်ကြောင်း ကောင်းရွှမ် သိထားသဖြင့် မအံ့ဩမိပေ။

ကောင်းရွှမ်၏ဘေးတွင် ရပ်နေသော ယွန်ချင်းရှန်က ကျန်းလီဖုန်းကို အေးစက်စက် အမူအရာဖြင့် ကြည့်နေသည်။

‘ဒီကောင်သာ ငါ့ကို တစ်ခုခု တောင်းဆိုရဲရင် သူ့ရဲ့ ခွေးခေါင်းကို ပြတ်ထွက်သွားအောင် ထိုးပစ်လိုက်မယ်'

ကျန်းလီဖုန်းက ကောင်းရွှမ်ကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် လက်ညှိုးထိုးလိုက်သည်။

“ငါ မင်းကို လိုချင်တယ်”

ကောင်းရွှမ် အနည်းငယ်မှင်သက်သွားသည်။

‘သောက်ကျိုးနည်း... ဒီဇာတ်ကွက်က မှားနေပြီ'

ကျောက်ဆင်းတုတစ်ခုပမာ မျက်နှာသေနှင့် နေခဲ့သော ယွန်ချင်းရှန်ပင် မထိန်းနိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိ၏။

‘ဆိုတော့ကာ ဒီနှာဘူးအိုကြီး ကျန်းလီဖုန်းက ကောင်းရွှမ်ကို စိတ်ဝင်စားနေတာကိုး'

ကောင်းရွှမ်က ယွန်ချင်းရှန်ဘက်သို့ စိတ်ရှုပ်စွာ လှည့်ကြည့်လိုက်သည်။

“ဒါက ရယ်စရာကောင်းနေလို့လား”

ယွန်ချင်းရှန်က မျက်နှာသေဖြင့် ခေါင်းခါလိုက်သည်။

“ရယ်စရာ မကောင်းပါဘူး”

လုံးဝ လျစ်လျူရှုခံထားရသော ကျန်းလီဖုန်းမှာ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

“မင်းတို့ ဘာသဘောလဲ”

“စောင့်ခိုင်းထားမိလို့ တောင်းပန်ပါတယ်”

ကောင်းရွှမ် စကားပြောနေစဉ်မှာပင် သူ့လက်ထဲတွင် သွေးရောင်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး နတ်ဘုရားသတ်ဖြတ်ခြင်းဓားက ကျန်းလီဖုန်း၏ မျက်ခုံးနှစ်ခုကြားတည့်တည့် ထိုးဖောက်ဝင်ရောက်သွားလေပြီ။

ကျန်းလီဖုန်းမှာ မည်သည့် တုံပြန်မှုမျှ မပြုလုပ်နိုင်လိုက်ဘဲ ချက်ချင်းပင် သွေးရောင်အလင်းတန်း အစုအဝေးတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။

All Chapters