← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) - တောင်ပေါ်မှအင်မော်တယ်(၁)

ကောင်းရွှမ်က တီးတိုးရေရွတ်လိုက်သည်။

“မင်းက တကယ်ကို ရွံစရာကောင်းလွန်းတယ်။ မြန်မြန် ပျောက်ကွယ်သွားတာပဲကောင်းတယ်”

ထို့နောက် သူက ယွန်ချင်းရှန်ကို ပြောလိုက်သည်။

“မင်းက ကျန်းလီဖုန်းအဖြစ် ရုပ်ဖျက်ပြီး လုံခြုံရေးဗျူရိုကို သွား၊ ကိုယ်ရေးအချက်အလက်ချစ်ပ်ပြားကို အသက်သွင်းဖို့ အလင်းကွန်ရက်ထဲဝင်လိုက်။ ပြီးရင် အရက်နည်းနည်းသောက်ပြီး တောင်ပေါ်ကို ကားမောင်းသွား...”

ရေနက်မြို့ပတ်ဝန်းကျင်သည် ရှေးဟောင်းသစ်တောကြီးများဖြင့် ပြည့်နှက်နေပြီး ဝံပုလွေများ၊ မြေခွေးများ၊ ကျားများနှင့် ကျားသစ်များ ပေါများလှသည်။

ကျန်းလီဖုန်း တောင်ပေါ်တွင် ပျောက်ဆုံးသွားသည်ဆိုလျှင် ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သွားလိမ့်မည်။

“ကောင်းပါပြီ။ ဒါပေမဲ့ နင်က စကားဝှက်တောင် မသိဘဲ သူ့ကို ဒီလို လွယ်လွယ်လေး သတ်လိုက်တာကးလား...”

ယွန်ချင်းရှန်က အနည်းငယ် စိတ်ရှုပ်နေသောကောင်းရွှမ်ကို ကြည့်ရင်း ရယ်ချင်နေမိသည်။

“မင်းက လုပ်ကြံသတ်ဖြတ်သူတစ်ယောက် မဟုတ်ဘူးလား။ ဦးနှောက်နည်းနည်းသုံးပြီး တစ်ခုခုတော့စဉ်းစားလေ”

ကောင်းရွှမ်၏မျက်နှာတွင် မတော်တဆ ခွေးချေးနင်းမိသွားသည့်အလား အထင်သေးရွံရှာသော အမူအရာမျိုး ပြည့်နှက်နေသည်။

“ငါ့ရဲ့ အလှတရားကိုတောင် တပ်မက်ရဲတယ်၊ ဂေးတွေ သေဖို့ကောင်းတယ်”

…

မေလ၊ နဂါးဖြူတောင်တန်းတွင်၊

အပူချိန်က အလွန်နိမ့်ကျနေပြီး ပျမ်းမျှအပူချိန်မှာ ဆယ့်ခုနစ် သို့မဟုတ် ဆယ့်ရှစ်ဒီဂရီ စင်တီဂရိတ်ခန့်သာ ရှိသည်။

ယွန်ချင်းရှန်က ထူထဲသော ဝံပုလွေသားရေ အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားကာ ဧရာမတောင်ဂူကြီး၏ အပေါက်ဝတွင်ရပ်ရင်း တောင်တန်းများကို ငေးကြည့်နေသည်။

မြင်ကွင်းက ကန့်သတ်ချက်ရှိသော်လည်း ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူများ၊ တောင်ကုန်းတောင်တန်းများနှင့် သစ်တောများက အဆုံးအစမရှိ ဖြန့်ကြက်နေသည်။

ရံဖန်ရံခါ ကောင်းကင်ယံတွင် ငှက်အုပ်များ ပျံသန်းသွားလေ့ရှိပြီး တောအုပ်ထဲတွင် သားရဲတိရစ္ဆာန်အမျိုးမျိုး သွားလာနေသဖြင့် လေထုထဲတွင် ရှေးဟောင်း သဘာဝအငွေ့အသက်များ ပြည့်နှက်နေသည်။

သို့သော် မလှမ်းမကမ်းရှိတောင်ပေါ်တွင် ကြီးမားသော မီးလောင်ကျွမ်းထားသည့် အရာများကို တွေ့ရသည်။ အဝေးမှ အခြားတောင်တစ်လုံးတွင်လည်း မီးခိုးငွေ့များ ထွက်ပေါ်နေသည်။

မိုင်ထောင်ချီ၍ လောင်ကျွမ်းခဲ့သော တောမီးကြီးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း လုံးဝတော့ ငြိမ်းသတ်နိုင်ခြင်းမရှိသေးပေ။

တောရိုင်းဒေသတစ်ခုလုံးရှိ လေထုထဲတွင် မီးခိုးငွေ့များနှင့် ဖုန်မှုန့်များ ပြန့်နှံ့နေသဖြင့် အတော်လေး အသက်ရှူကျပ်စေသည်။

ယွန်ချင်းရှန် ဤနေရာတွင် နေထိုင်သည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်ပြီး ဤနေရာလေးကို သူမ သဘောကျလာသည်။

ဂူအတွင်းပတ်ဝန်းကျင်က အေးစက်ပြီး ရေချိုးခန်းမရှိသလို အစားအစာများကလည်း ပြောပြရခက်လောက်အောင် ဆိုးရွားသော်ငြား ဤနေရာရှိ ကြမ်းတမ်းပြီး ရှေးကျသောဘဝက အလွန်လွတ်လပ်ကာ မည်သည့် ကန့်သတ်ချုပ်ချယ်မှုမျှ မရှိပေ။

အသက်ရှူကျပ်စေသော မီးခိုးငွေ့နံ့လေးကပင်လျှင် တစ်မျိုးလေး နှစ်သိမ့်ပေးနေသလို ခံစားရသည်။

ငယ်စဉ်ကတည်းက ယွန်ချင်းရှန် ဤမျှပျော်ရွှင်ပြီး သက်သောင့်သက်သာရှိသည်ဟု တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ သူမက ကောင်းရွှမ်ကို ဤနေရာတွင်သာ အမြဲနေထိုင်သွားပြီး ဘယ်တော့မှ မထွက်ခွာရန် အမှန်တကယ် လိုလားလေသည်။

သို့သော် ကောင်းရွှမ်က သေချာပေါက် သဘောတူမည်မဟုတ်ကြောင်း သူမ သိထားသည်။

‘ဒီ အသက်ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးက နေ့တိုင်း စကားတွေကို တတွတ်တွတ်ပြောနေတတ်ပေမယ့်၊ သူ့ရဲ့အတွေးတွေက အသက်ရှစ်ဆယ်အရွယ် အဘိုးအိုတစ်ယောက်ထက်တောင် ပိုပြီးနက်ရှိုင်းနေသေးတယ်'

မဟာမိတ်အဖွဲ့၏ တရားဝင် ကိုယ်ရေးအချက်အလက်ချစ်ပ်ပြားကို ရရှိပြီးနောက်တွင် ကောင်းရွှမ်က သူမကို နဂါးဖြူ တောင်တန်းတွင် အတန်ကြ နေထိုင်ရန် ခေါ်ဆောင်လာခဲ့သည်။

၎င်းမှာ သူကိုယ်တိုင် ပိုမိုကောင်းမွန်စွာ ရုပ်ဖျက်နိုင်ရန် ‘ဘဝကို လက်တွေ့ခံစားခြင်း’ ဟု အကြောင်းပြခဲ့သည်။

ကောင်းရွှမ် မည်သည့်အရာများလုပ်ရန် ရည်ရွယ်ထားသည်ကို ယွန်ချင်းရှန် မသိသော်လည်း သူ၏ ရည်မှန်းချက်များက ကြီးမားကျယ်ပြန့်ပြီး သူ၏ ကြိုတင်တွေးခေါ်မြော်မြင်နိုင်စွမ်းကလည်း အလွန်ကြီးမားကြောင်း သူမ မြင်နိုင်သည်။

ယွန်ချင်းရှန်က ကောင်းရွှမ်၏စိတ်ကူးကို မပြောင်းလဲချင်ပေ။ ဤကဲ့သို့သော ဘဝလေး အနည်းငယ်လောက် ပိုကြာကြာ တည်ရှိနေဖို့ကိုသာ မျှော်လင့်မိသည်။

“ရှောင်ချင်းရှန်... မြန်မြန်ဝင်ခဲ့...”

ကောင်းရွှမ်၏ခေါ်သံကို ကြားသောအခါ ယွန်ချင်းရှန် ဂူထဲသို့ အလျင်အမြန် ဝင်လာခဲ့သည်။

ဂူအတွင်းပိုင်းက အလွန်ကျယ်ဝန်းပြီး စတုရန်းမီတာ ရာပေါင်းများစွာ ကျယ်ဝန်းကာ ဧရာမကျောက်တုံးကြီးများ နေရာအနှံ့ ပြန့်ကျဲနေသည်။

ဤကျောက်တုံးကြီးများထဲမှ ဆယ်ဂဏန်းခန့်မှာ ချောမွေ့ပြောင်လက်နေအောင် ပွတ်တိုက်ထားသဖြင့် လူများ အချိန်ကြာမြင့်စွာ အသုံးပြုခဲ့ကြောင်း ရှင်းလင်းစွာ ပြသနေသည်။

ကောင်းရွှမ်၏ ပြောစကားအရ ဤနေရာတွင် မူလက မျိုးနွယ်စုငယ်လေးတစ်ခု နေထိုင်ခဲ့သော်လည်း တောမီးကြောင့် အားလုံးသေဆုံးသွားခဲ့ကြသည်။

သူတို့နှစ်ဦးက ဤမျိုးနွယ်စုမှ အဖွဲ့ဝင်များအဖြစ် ဟန်ဆောင်နေကြခြင်းဖြစ်သည်။

ဂူအတွင်းရှိ ဧရာမ ပုံရိပ်ယောင် အလင်းစခရင်ပေါ်တွင် သတင်းများ ထုတ်လွှင့်နေသည်။

‘မကြာသေးမီက မင်ကျင်းတက္ကသိုလ်၏ သုတေသနအဖွဲ့တစ်ဖွဲ့သည် ရေနက်မြို့သို့ရောက်ရှိလာပြီး၊ နဂါးဖြူတောင်တန်း၏ မူလအစကို စူးစမ်းလေ့လာရန် မကြာမီ တောင်တန်းအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်တော့မည်ဖြစ်သည်...’

ချိုသာနူးညံ့သော အမျိုးသမီးအသံလေးက ဂူအတွင်း၌ ပဲ့တင်ထပ်ကာ အတော်လေးထူးဆန်းသော အသံအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်နေစေသည်။

ယွန်ချင်းရှန်က ကောင်းရွှမ်ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ ဤသတင်းက အဘယ်ကြောင့် အာရုံစိုက်ဖို့ ထိုက်တန်နေရသနည်း။

ကောင်းရွှမ်က ပြုံးလိုက်သည်။

“မင်ကျင်းတက္ကသိုလ်က အရှေ့ဘက်တိုက်ကြီးမှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုပဲ။ အခုလာမယ့် သုတေသနအဖွဲ့မှာ ပါမောက္ခနှစ်ယောက်ပါတယ်။ သူတို့ထဲက တစ်ယောက်ယောက်နဲ့သာ ချိတ်ဆက်မိရင်၊ ငါတို့ မင်ကျင်းတက္ကသိုလ်မှာ သွားတက်ဖို့ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခု ရသွားပြီပေါ့”

“အို”

ယွန်ချင်းရှန်က တက္ကသိုလ်မတက်ချင်သလို ဤနေရာမှလည်း မထွက်ခွာချင်ပေ။ သို့သော် ကောင်းရွှမ် သွားချင်နေသမျှ ကာလပတ်လုံး သူမက လိုက်ပါသွားမည်ဖြစ်သည်။

ထို့ကြောင့် သူမက ကောင်းရွှမ်၏ အကြောင်းပြချက်များကို မမေးတော့ပေ။ သူမကို နားချရန် ကောင်းရွှမ် စကားများများစားစား ပြောနေဖို့ရာ မလိုအပ်ပေ။

ယွန်ချင်းရှန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကောင်းရွှမ်က မေးလိုက်သည်။

“မင်း ဘယ်လိုထင်လဲ”

“ငါ နင့်နောက်ကိုလိုက်မယ်” ယွန်ချင်းရှန်က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

ကောင်းရွှမ် ပြုံးလိုက်မိသည်။

‘ဒီကလေးမက လုံခြုံမှုမရှိသလို ခံစားနေရလို့ ငါ့နားမှာ အမြဲကပ်နေချင်တာကိုး'

အနာဂတ် သူတို့၏ သူငယ်ချင်းသံယောဇဉ်က သေရေးရှင်ရေးကြားမှ တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။

ယွန်ချင်းရှန် လိုက်ပါရန် ဆန္ဒရှိနေသမျှ ကာလပတ်လုံး ကောင်းရွှမ် မည်သည့်အခါမျှ ငြင်းဆန်မည်မဟုတ်ပေ။

‘ငါ လုပ်နေတဲ့ ကိစ္စတွေက အန္တရာယ်များပေမယ့်…. အသက်ရှင်နေတယ်ဆိုတာကိုက အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ရတာပဲ၊ ယွန်ချင်းရှန်ရဲ့ စရိုက်အရဆိုရင် ဒီလိုလူ့အဖွဲ့အစည်းနဲ့ သိပ်ပြီး မသင့်တော်ဘူး။ ငါ့နောက်လိုက်တာက ပိုကောင်းလိမ့်မယ်'

ကောင်းရွှမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“သုတေသနအဖွဲ့က မီးတောင်ထဲကို နက်နက်ရှိုင်းရှိုင်းဝင်ကြလိမ့်မယ်။ အချိန်ကျရင် သူတို့ကို ငါတို့ လမ်းပြခေါ်သွားကြမယ်။ မီးတောင်ရဲ့ နက်ရှိုင်းတဲ့နေရာမှာ ပစ္စည်းကောင်းတွေရှိတယ်...”

………

လှိုင်းတွန့်သဖွယ် တောင်တန်းများက အဆုံးအစမရှိ ဖြန့်ကျက်နေပြီး၊ စိမ်းလန်းသော သစ်တောများက ပင်လယ်ပြင်ကြီးအလားပင်။

မင်ကျင်းတက္ကသိုလ် သုတေသနအဖွဲ့သည် ကျွမ်းကျင် တောင်တက်ဝတ်စုံများကို ဝတ်ဆင်ထားပြီး လမ်းပြ၏ ညွှန်ကြားမှုအောက်တွင် တန်းစီကာ လျှောက်လှမ်းနေကြသည်။

အဖွဲ့ခေါင်းဆောင် ပါမောက္ခဝမ်ဟုန်အန်က အသက်အကြီးဆုံးနှင့် ဝါအရင့်ဆုံးဖြစ်ရာ လမ်းပြနှင့်အတူ ရှေ့ဆုံးမှ လျှောက်လာသည်။

ဝမ်ဟုန်အန်နောက်တွင် လူငယ်ကျောင်းသားတစ်စု လိုက်ပါလာပြီး သူတို့အားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် အရာအားလုံးအပေါ် သိချင်စိတ်များ ပြည့်နှက်နေသည်။

အဖွဲ့၏ အနောက်ဆုံးတွင် ပါမောက္ခရွှီယင် ရှိနေသည်။ သူမသည် အသက်သုံးဆယ်ပင် မပြည့်သေးဘဲ လှပသော မျက်နှာကို ပိုင်ဆိုင်ထားသည်။

အနည်းငယ် ဖောင်းပွသော တောင်တက်ဝတ်စုံကပင် သူမ၏ ကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်ကို မဖုံးကွယ်နိုင်ပေ။

အဖွဲ့ထဲရှိ ကျောင်းသားများက ရွှီယင်ကို မကြာခဏ ခိုးကြည့်တတ်ကြသည်။ သူမသည် လှပရုံသာမကဘဲ ရင့်ကျက်ကာ နူးညံ့ပြီး ပညာတတ်ဆန်သော အငွေ့အသက်များကြောင့် အခြား ကျောင်းသူများနှင့် မနှိုင်းယှဉ်နိုင်အောင် တောက်ပနေလေ၏။

ရွှီယင်ဘေးမှ လျှောက်လာသော ဝေ့ကျန်းကျန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

“ဒီကောင်တွေ မျက်လုံးက ကလည်ကလည်နဲ့၊ တစ်ကောင်မှ အချိုးမပြေဘူး။ အစ်မယင်... သူတို့ကို တစ်ခုခုလုပ်လိုက်ပါဦး”

ဝေ့ကျန်းကျန်းက ယခုနှစ်မှ အသက်ဆယ့်ရှစ်နှစ်သာ ရှိသေးသည်။ သူမက မင်ကျင်း တက္ကသိုလ်သို့ ဝင်ခွင့်ရထားသော်လည်း စက်တင်ဘာလမှသာ ကျောင်းစတက်ရမည်ဖြစ်သည်။

သူမနှင့် ရွှီယင်က ဆွေမျိုးများဖြစ်သဖြင့် ဤခရီးစဉ်တွင် လိုက်ပါလာခြင်းဖြစ်သည်။ စီနီယာများ၏ နှာဘူးကျသော အကြည့်များကို မြင်ရသောအခါ ကျန်းကျန်းမှာ စိတ်ပျက်သွပြီး စိတ်အနှောင့်အယှက် ဖြစ်ရလေသည်။

ရွှီယင်က ရယ်မောကာ ပြောလိုက်သည်။ “အလှအပကို စိတ်ဝင်စားတာက လူ့သဘာဝလေ။ အဲဒါကို ငါက ဘယ်လိုလုပ် ထိန်းချုပ်လို့ရမှာလဲ။ ငါ့ကို မကြည့်ရဘူးလို့တားမှာလား”

“အလှလေးကို ကြည့်ချင်ရင်လည်း ကြည့်ပေါ့၊ ဒါပေမဲ့ သူတို့က အရမ်းကို ခိုးကြောင်ခိုးဝှက်နိုင်လွန်းတယ်”

အမှန်တကယ်တော့ ဝေ့ကျန်းကျန်းက ဘယ်သူကမှ သူမကို မကြည့်ဘဲ ရွှီယင်ကိုသာ ခိုးကြည့်နေကြသဖြင့် ပို၍ မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။

ဤသည်က မိန်းမချောလေးတစ်ယောက်အနေဖြင့် သူမ၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်။

ရွှီယင်က ကျန်းကျန်း၏ခေါင်းကို ချစ်စနိုးဖြင့် ပုတ်လိုက်သည်။ ထိုကောင်မလေး၏ အတွေးများကို သူမ သိထားလေသည်။

ကျန်းကျန်းသည် အမြဲတမ်း အာရုံစိုက်ခံရလေ့ရှိသူဖြစ်ရာ ယခုကဲ့သို့ အာရုံစိုက်မခံရသောအခါ အနည်းငယ် စိတ်ပျက်သွားသည်မှာ သဘာဝပင်။

နုပျိုတက်ကြွသော ကျန်းကျန်းသည် အမှန်တကယ်တော့ အလွန်လှပသည်။ သို့သော် သူမကဲ့သို့ နုပျိုသော စွမ်းအင်မျိုးက ကျောင်းဝင်းထဲတွင် နေရာတိုင်း၌ ရှိနေသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကျန်းကျန်းက ထိုမျှလောက် ထင်ရှားပေါ်လွင်နေခြင်း မရှိပေ။ ထို့အပြင် သူမ၏ဘေးတွင် ရပ်နေရသဖြင့် ကျန်းကျန်းမှာ ပို၍ပင် အားနည်းသွားရသည်။

ရွှီယင်က ကျန်းကျန်းကို နှစ်သိမ့်စကားပြောရန် ပြင်လိုက်ချိန်တွင် ရှေ့မှ ဆူညံသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ လူတိုင်းက တစ်ခုခုကို ရှာဖွေတွေ့ရှိလိုက်သည့်အလား စိတ်လှုပ်ရှားသွားပုံရသည်။

ကျန်းကျန်းက လူစုလူဝေးကို သဘောကျသူဖြစ်ရာ ရှေ့သို့ အလျင်အမြန် ခုန်ဆွခုန်ဆွဖြင့် သွားလိုက်သည်။

တောင်စောင်းပေါ်မှ မိန်းကလေးကို မြင်လိုက်ရချိန်တွင် တစ်ချက်တည်းဖြင့် သူမ၏အာရုံများ ဖမ်းစားခံလိုက်ရသည်။ အရောင်ရင့်ရင့် ဝံပုလွေသားရေက အလွန်ကြမ်းတမ်းပုံရပြီး ကြီးမားသော ဝံပုလွေသားရေအင်္ကျီက မိန်းကလေးကို ရစ်ပတ်ထားသဖြင့် သူမကို အနည်းငယ် ဖောင်းပွနေသလို ထင်ရသည်။

မိန်းကလေး၏ လက်ထဲတွင် ဧရာမအမဲလိုက်လေးတစ်လက် ကိုင်ထားပြီး ခါးတွင်လည်း အသွားပဲ့နေသော ဓားမကြီးတစ်လက်ကို ထိုးထားသည်။

သူမ၏ ဆံပင်များထဲတွင် မြက်ပင်အနည်းငယ်ပင် ပါနေသေးသည်။

ရိုင်းစိုင်းကြမ်းတမ်းသော တောင်ပေါ်သူလေးတစ်ယောက်ဖြစ်သော်လည်း သူမ၏ မျက်နှာသွင်ပြင်က အလွန်တရာရှင်းလင်းပြီး ဆွဲဆောင်မှုရှိလှသည်။

အထူးသဖြင့် သူမ၏ မျက်ခုံးများကြားရှိ အငွေ့အသက်ပင်...

ရေလိုကြည်လင်ပြီး ရေခဲလိုအေးစက်ကာ လုံးဝ ဖြူစင်သန့်ရှင်းနေသည်။

မြို့ကြီးပြကြီးမှ လူငယ်များအားလုံး မှင်သက်သွားကြသည်။ ခရီးများစွာ သွားဖူးသော ပါမောက္ခ ရွှီယင်ပင်လျှင် အံ့ဩသွားမိသည်။

ရှေးဟောင်းကဗျာတစ်ပုဒ်က သူမခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

‘သူမရဲ့ စိတ်ဝိညာဉ်က မြင့်မြတ်ပြီး ဖြူစင်တယ်၊ သာမန်ပန်းတွေနဲ့ ယှဉ်လို့မရဘူး’

နဂါးဖြူတောင်တန်းသည် အမြင့်ပိုင်း အေးခဲဒေသတွင် တည်ရှိသည်။ ဤနေရာရှိ လူများက အသားဖြူ၊ လှပပြီး အရပ်ရှည်ကြသည်။

All Chapters