အခန်း ၂၀
Vol. 2 Ch. 20
အခန်း (၂၀) - တောင်ပေါ်မှအင်မော်တယ်(၂)
၎င်းမှာ သူတို့၏ သဘာဝ မျိုးဗီဇများကြောင့်ဖြစ်သည်။ သို့သော် ထိုမိန်းကလေး၏ အေးစက်ပြီး မြင့်မြတ်သော အငွေ့အသက်သည်တော့ ဤကျယ်ပြောလှသော တောရိုင်းဒေသ၏ ရှေးကျသောအငွေ့အသက်များနှင့် လုံးဝ ကွဲပြားခြားနားနေသည်။
ရုပ်ရည်ပိုင်းအရဆိုလျှင် ထိုမိန်းကလေးက ကျန်းကျန်းလောက် သိမ်မွေ့လှပချင်မှ လှပမည်။ သို့သော် အငွေ့အသက်ပိုင်းတွင်တော့ သုတေသနအဖွဲ့ရှိ မိန်းကလေးများအားလုံးကို လုံးဝအနိုင်ယူသွားလေပြီ။
ပါမောက္ခ ဝမ်ဟုန်အန်လည်း မိန်းကလေးက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။ သူက လူလတ်ပိုင်းလမ်းပြကို လှည့်ကြည့်လိုက်ရာ လမ်းပြက ခေါင်းခါပြပြီး ဆိုလိုက်သည်။
“ကျွန်တော် သူ့ကို အရင်ကမမြင်ဖူးဘူး။ ဘာပဲဖြစ်ဖြစ် ဒီတောင်တန်းဒေသမှာ မျိုးနွယ်စုငယ်လေးတွေ ဆယ်ဂဏန်းလောက်ရှိတယ်။ သူတို့က အချင်းချင်း မဆက်သွယ်ကြသလို ပြင်ပကမ္ဘာနဲ့လည်း လုံးဝ အဆက်အသွယ်ပြတ်နေကြတာ”
ဝမ်ဟုန်အန်က ရွှီယင်ကို ခေါင်းညိတ်ပြလိုက်ပြီး အခြေအနေကို သွားရောက်မေးမြန်းရန် အချက်ပြလိုက်သည်။
ရွှီယင်က ဦးဆောင်ဆရာမ တစ်ဦးဖြစ်သလို အမျိုးသမီးလည်းဖြစ်ရာ မိန်းကလေးနှင့် ဆက်သွယ်ရန် ပိုမိုသင့်တော်သည်။
ရွှီယင်က ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ၊ ကျွန်မတို့က မင်ကျင်းတက္ကသိုလ် သုတေသနအဖွဲ့ကပါ။ ကျွန်မနာမည်က ရွှီယင်ပါ။ ညီမနာမည် ဘယ်လိုခေါ်လဲမသိဘူး။ ဒီနေရာက နီမောင်းမီးတောင်လား”
“ကျွန်မနာမည် ယွမ်ချင်းရှန်ပါ”
ထိုမိန်းကလေးမှာ ယွမ်ချင်းရှန်ပင်။ သူမက သုတေသနအဖွဲ့ကို မြင်သည်မှာ ကြာပြီဖြစ်ပြီး ကောင်းရွှမ် ညွှန်ကြားထားသည့်အတိုင်း ဤနေရာတွင် ရပ်စောင့်နေခြင်းဖြစ်သည်။
ယွမ်ချင်းရှန်က အရှေ့ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
“ရှင်တို့က ပေါက်ကွဲနေတဲ့ မီးတောင်ကို ရှာနေတာဆိုရင် အဲဒီဘက်မှာ ရှိတယ်။ ဒီကနေဆိုရင် တောင်ပေါ်လမ်းအတိုင်း မိုင်ဆယ်ဂဏန်းလောက် ဆက်သွားရမယ်”
ယွမ်ချင်းရှန်က မဟာမိတ်အဖွဲ့၏ စံသတ်မှတ်ချက် ဘုံဘာသာစကားကို ပြောဆိုပြီး၊ သူမ၏အသံက အေးစက်သန့်ရှင်းကာ နားထောင်ရ အလွန်ကောင်းမွန်သည်။
မင်ကျင်းတက္ကသိုလ်မှ ကောင်လေးများမှာ ယွမ်ချင်းရှန်ကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ ကြမ်းတမ်းသော ဝံပုလွေသားရေအင်္ကျီက ယွမ်ချင်းရှန်ကို ပို၍ပင် ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသွားစေသည်။
မြို့ကြီးတွင် သိမ်မွေ့လှပသော အမျိုးသမီးများ နေရာတိုင်းတွင် ရှိသော်လည်း ဤကဲ့သို့ အေးစက်ပြီး ဖြူစင်သော အငွေ့အသက်မျိုးက အလွန်ရှားပါးလှသည်။
ကျန်းကျန်းက သူမပတ်လည်ရှိ ကောင်လေးများ၏ တွေဝေငေးမောနေသော အကြည့်များကို သတိထားမိပြီး အတော်လေး အထင်သေးသွားသည်။
ယွမ်ချင်းရှန်ထက် သူမက အနည်းငယ် ပိုလှသည်ဟု ခံစားရသော်လည်း မည်သူကမျှ သူမကို မကြည့်ကြပေ။
‘ဒီကောင်တွေ အကုန်လုံးက အရူးတွေချည်းပဲ'
ရွှီယင်ကတော့ ယွမ်ချင်းရှန်အပေါ် အမြင်ကောင်းရှိသည်။ ဤမျှ ဖြူစင်သောမိန်းကလေးက တကယ်ကို ချစ်စရာကောင်းလှသည်။ သူမက ဖော်ရွေစွာ ပြုံးပြလိုက်လေ၏။
“ကျေးဇူးတင်ပါတယ်”
ဝမ်ဟုန်အန်က သူ၏လက်ကောက်ဝတ်ရှိ စမတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။ 3D မြေပုံပေါ်တွင် ပေါက်ကွဲနေသော မီးတောင်ကို ရှင်းလင်းစွာ အမှတ်အသား ပြုထားသည်။
တောမီးလောင်ကျွမ်းထားသော ဧရိယာကိုပင် ၎င်းပေါ်တွင် ရှင်းလင်းစွာဖော်ပြထားသည်။ သို့သော် တောင်ပေါ်မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးပြီး သားရဲတိရစ္ဆာန်များနှင့် အဆိပ်ရှိအင်းဆက်များ အမျိုးမျိုးရှိနေသည်။
လမ်းပြကလည်း ဤဒေသနှင့် မရင်းနှီးသဖြင့် အဖွဲ့က အလွန်နှေးကွေးစွာ သွားလာနေရသည်။
ဝမ်ဟုန်အန်က ယွမ်ချင်းရှန်ကို လက်ယပ်ပြပြီး ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ် ကလေးမလေး”
ထို့နောက် သူက အခြားသူများကို လှမ်းအော်လိုက်သည်။
“မြန်မြန် သွားကြစို့၊ နေမ၀င်ခင် ရောက်အောင်ကြိုးစားရမယ်” တောင်ပေါ်လမ်း မိုင်ဆယ်ဂဏန်းဆိုသည်မှာ သူတို့အတွက် သိပ်မဝေးလှပေ။
ယွမ်ချင်းရှန်က ဂရုမစိုက်သည့်ဟန်ဖြင့် ဆိုလိုက်သည်။
“တောမီး ငြိမ်းသွားပြီ ဆိုပေမယ့် မသေသေးတဲ့ မီးခဲတွေ ကျန်နေသေးတယ်။ အလွယ်တကူ ပြန်လောင်နိုင်တယ်။ မီးလောင်ထားတဲ့ဧရိယာထဲကို ရမ်းသမ်းဝင်သွားတာက အရမ်းအန္တရာယ်များတယ်”
ဝမ်ဟုန်အန် ခဏတာ စဉ်းစားခန်း၀င်သွားသည်။ မီးလောင်ထားသော ဧရိယာများ အလွယ်တကူပြန်လောင်နိုင်ကြောင်း သူသိသော်လည်း သိပ်ဂရုမစိုက်ခဲ့ပေ။ သို့သော် ထိုကဲ့သို့ အရမ်းဝင်သွားခြင်းက အမှန်တကယ်ပင် အန္တရာယ်များလှသည်။
လမ်းပြက ထပ်ဖြည့်ပြောလိုက်သည်။
“မြေအောက်က မြက်ခင်းတွေနဲ့ သစ်ပင်အမြစ်တွေက ကာဗွန်အဖြစ် ပြောင်းသွားပြီ။ မီးငြိမ်းသွားသလို ထင်ရပေမယ့် လွယ်လွယ်ကူကူပြန်လောင်နိုင်တယ်။ အရမ်း အန္တရာယ်များတယ်။ ပါမောက္ခဝမ်... လုံခြုံရေးသေချာအောင် လမ်းကြောင်းကို အရင်စူးစမ်းသင့်တယ်”
လမ်းပြသည် တောင်ပေါ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ရာ တောမီး၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းကောင်းသိသည်။
မီးလောင်ထားသော ဧရိယာက ပြန်လောင်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ကို ဖုံးကွယ်သွားသော မီးခိုးငွေ့ထုကြီးက လူတိုင်းကို အသက်ရှူကျပ် သေဆုံးစေနိုင်သည်။
ဝမ်ဟုန်အန်က ရွှီယင်ကို ကြည့်လိုက်သည်။
“ပါမောက္ခရွှီ... ဘယ်လိုထင်လဲ”
“ကျွန်မတို့မှာ အချိန် အများကြီး ရှိပါသေးတယ်။ လောစရာမလိုပါဘူး။ စခန်းချဖို့ လုံခြုံတဲ့နေရာတစ်ခု အရင်ရှာကြတာပေါ့။ အခြေအနေကို စူးစမ်းပြီးမှ ဆုံးဖြတ်လို့ရပါတယ်”
ဦးဆောင်ပါမောက္ခတစ်ဦးအနေဖြင့် ရွှီယင်သည် ကျောင်းသားဆယ်ဂဏန်းကျော်အတွက် တာဝန်ရှိသည်။ သဘာဝကျကျပင် သူမက သတိထားပြီး လှုပ်ရှားချင်သည်။
“ကောင်းပါပြီ”
ဝမ်ဟုန်အန်သည် မီးတောင်ဧရိယာထဲသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေသော်လည်း ကျောင်းသားတစ်စုကို စွန့်စားရန် အတင်းအကျပ်မခိုင်းစေနိုင်ပေ။
ရွှီယင်က ယွမ်ချင်းရှန်ကို ပြုံးပြလိုက်သည်။
“ချင်းရှန်... အနီးအနားမှာ စခန်းချဖို့ သင့်တော်တဲ့ နေရာ ရှိလား”
“ကျွန်မအိမ်မှာ နေရာရှိတယ်”
ယွမ်ချင်းရှန်က သူမ၏ အနောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
“ဒီကနေ မိုင်အနည်းငယ်ပဲ ဝေးတယ်။ လာခဲ့”
ရွှီယင်၏အဖြေကို မစောင့်ဘဲ ယွမ်ချင်းရှန်က လှည့်ကာ လျှောက်သွားလေသည်။
“ပါမောက္ခဝမ်...”
ဝမ်ဟုန်အန်သည် သုတေသနအဖွဲ့၏ တကယ့်ခေါင်းဆောင်ဖြစ်သည်။ ရွှီယင်က ယွမ်ချင်းရှန်နောက် လိုက်ချင်သော်လည်း သူ၏အမြင်ကို တိုင်ပင်ရမည်သာ။
“သူမက နွေးနွေးထွေးထွေး ဖိတ်ခေါ်နေတာပဲ၊ သူမနောက် လိုက်သွားကြတာပေါ့”
ဝမ်ဟုန်အန်က သိပ်ဂရုမစိုက်ပေ။ လုံခြုံစွာအနားယူရန် နေရာတစ်ခု ရှိခြင်းက ကောင်းမွန်လေသည်။
ယွမ်ချင်းရှန် လှည့်စားမည်ကို သူ မကြောက်ပေ။
ကျောင်းသားအားလုံး စိတ်လှုပ်ရှားသွားကြပြီး အတူတကွစုရုံးကာ တီးတိုးဆွေးနွေးကြသည်။ အလွန်ချောမောသော အန်းဟွေက လျှို့ဝှက်ဆန်းကြယ်သည့်ဟန်ဖြင့် ပြောလိုက်သည်။
“ဒီက မျိုးနွယ်စုတွေက ရှေးဟောင်းဓလေ့စရိုက်တွေ အများကြီးကို ထိန်းသိမ်းထားတယ်လို့ ကြားဖူးတယ်။ အကျော်ကြားဆုံးကတော့ ‘ဧည့်သည်အတွက် ဇနီး’ ပဲ”
ရိုးသားပုံရသော ဖုန်းယွမ်ရှန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“’ဧည့်သည်အတွက် ဇနီး’ ဆိုတာ ဘာအဓိပ္ပာယ်လဲ”
“အရူးကောင်... ကိုယ့်ဇနီးကို သုံးပြီး ပြင်ပဧည့်သည်တွေကို ဧည့်ခံတာကို ပြောတာလေ”
မျက်နှာပြောင်တိုက်တတ်သော ကောင်လေးတစ်ယောက်က ကျယ်လောင်စွာ ရယ်မောရင်း ပြန်ဖြေလိုက်သည်။
ဖုန်းယွမ်ရှန်း မှင်သက်သွားသည်။ သူ၏ ဖြူစင်သောနှလုံးသားက ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရသည်။
‘ဒီလိုကိစ္စမျိုး တကယ် ရှိတယ်ပေါ့'
“တကယ်တော့ အဲဒါက ယုတ္တိရှိပါတယ်။ ရှေးဟောင်းမျိုးနွယ်စုတွေမှာ လူနည်းနည်းပဲရှိတယ်။ သူတို့အချင်းချင်းပဲ အိမ်ထောင်ပြုနေကြရင် နောက်မျိုးဆက်မှာ ပြဿနာတွေ ဖြစ်လာတတ်တယ်။ ဒါကြောင့်
ဒါကြောင့် သူတို့က သွေးမျိုးဆက်အသစ်တွေ လိုအပ်တယ်။ အဲဒီကနေ ဒီဓလေ့စရိုက် ဖြစ်လာတာပေါ့”
အန်းဟွေက မထင်ရှားသော ဗဟုသုတအချို့ကို တကယ်သိထားသည်။ သူက ရှင်းပြလိုက်လေ၏။
“မိတ်လိုက်ခြင်းရှုထောင့်က ကြည့်ရင် အဲဒါက အရမ်းသိပ္ပံနည်းကျတယ်”
မျက်နှာပြောင်တိုက်တတ်သော ကျိုးကျင်းက အောင်ပွဲခံသည့်ဟန်ဖြင့် ဆိုလိုက်သည်။
“ဟိုကောင်မလေး ယွမ်ချင်းရှန်က တကယ် ကြည့်ကောင်းတာပဲ။ ငါ့ရဲ့ သာလွန်ကောင်းမွန်တဲ့ ခရိုမိုဆုန်းတွေကို သူ့အတွက် အလကားလှူဒါန်းဖို့ ဆန္ဒရှိတယ်”
“အိမ်မက်မက်နေလိုက်”
ဖုန်းယွမ်ရှန်းက အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ ခုနကတည်းက ယွမ်ချင်းရှန်ကို မြင်မြင်ချင်း သဘောကျသွားခဲ့ပြီး ကျိုးကျင်း၏ စကားများက သူ၏နတ်ဘုရားမကို စော်ကားနေသကဲ့သို့ပင်။
“မင်းရဲ့ သနားစရာကောင်းတဲ့ အပြုအမူကိုလည်း ကြည့်ဦး။ မင်း သူ့ကို တစ်ခါပဲမြင်ဖူးသေးတာကို နတ်ဘုရားမတစ်ပါးလို ဆက်ဆံနေပြီ”
ကျိုးကျင်းက အထင်သေးစွာ ခေါင်းခါလိုက်သည်။
“မိန်းမတွေဆိုတာ ကစားဖို့သက်သက် မဟုတ်ဘူးလား။ မင်းတို့လို အရူးတွေ အရမ်းများနေလို့ မိန်းမတွေက သူတို့ကိုယ်သူတို့ အရမ်း အရေးပါလှပြီလို့ ထင်နေကြတာ”
ကျိုးကျင်းက မောက်မာစွာ ထပ်ပြောလိုက်သည်။
“ငါ့ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ မြို့ကြီးသားအငွေ့အသက်နဲ့ဆိုရင် ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးတဲ့ တောင်ပေါ်သူလေးတစ်ယောက်ကို ရဖို့ဆိုတာ ကိတ်မုန့်စားရသလို လွယ်လွယ်လေးပါ”
“တော်လိုက်တော့။ သူ့လိုလူက မင်းကို လှည့်တောင်ကြည့်မှာမဟုတ်ဘူး”
အန်းဟွေက ကျိုးကျင်း၏ နဖူးကို ပုတ်လိုက်သည်။
“မင်းက ငါ့လောက် ချောလို့လား။ ငါ့လောက် ချမ်းသာလို့လား။ ငါ့လောက် အရည်အချင်းရှိလို့လား။ ငါ့လောက် စွမ်းဆောင်နိုင်လို့လား”
သူက ယုံကြည်မှု အပြည့်ဖြင့် ဆိုလိုက်သည်။
“ယွမ်ချင်းရှန်က ငါ့ဟာပဲ။ တွေးတောင်မတွေးနဲ့”
ကျိုးကျင်းသည် အရာရာတိုင်းတွင် အန်းဟွေအောက် များစွာနိမ့်ကျနေသည်မှာ အမှန်ပင်ဖြစ်ရာ ထိုးနှက်ချက်ကြောင့် စကားမပြောနိုင်တော့ပေ။
“ရယ်စရာကောင်းလိုက်တာ...”
ကောင်လေးများကြားမှ စကားများကို ကြားလိုက်ရသဖြင့် ကျန်းကျန်းက “စောက်ရမ်းတွေဖြစ်နေတာ” ဟု တွေးကာ တံတွေးထွေးလိုက်မိ၏။
ရွှီယင်က ကျန်းကျန်း၏လက်ကို ညှစ်ကာ အချိန်အခါမဟုတ်ဘဲ စကား၀င်မပြောရန် အချက်ပြလိုက်သည်။ ကောလိပ်ကျောင်းသားများသည် အသက်ပြည့်ပြီးသူများ ဖြစ်ကြသည်။
သူတို့က ဥပဒေ သို့မဟုတ် ကျောင်းစည်းကမ်းများကို မချိုးဖောက်သမျှကာလပတ်လုံး သူတို့၏ ကိုယ်ပိုင်ဘဝကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်မှာ သူတို့၏ ကိုယ်ပိုင်ကိစ္စသာ။
ဦးဆောင်ပါမောက္ခတစ်ဦးဖြစ်လျှင်ပင် ရွှီယင်သည် ကျောင်းသားများ၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။
သို့သော် အန်းဟွေနှင့် ကျိုးကျင်းတို့၏ ပေါ့ပျက်ပျက် အပြုအမူက တကယ်ကို ရွံစရာကောင်းလှသည်။ ရွှီယင်က စိတ်ထဲမှ ခေါင်းခါလိုက်၏။
ကောင်လေးနှစ်ယောက်က သူတို့ကိုယ်သူတို့ အရမ်းအရေးပါလှပြီဟု ထင်နေကြပြီး မြို့ကြီးပြကြီးမှ လူငယ်များ၏ မောက်မာသောစိတ်ဓာတ်များ အပြည့်ရှိနေသည်။
ယွမ်ချင်းရှန်၏ အငွေ့အသက်က အလွန်ထူးခြားလှသည်။ သူမသည် သာမန်တောင်ပေါ်သူလေး လုံးဝ မဟုတ်ပေ။ ဤကျောင်းသားနှစ်ယောက် ဘာအကျိုးအမြတ်မှ ရနိုင်မည်မဟုတ်ဟု သူမထင်နေလေ၏။
ကျန်းကျန်းမှာ အနည်းငယ် မကျေနပ်သေးပေ။ သူမက ဒေါသတကြီးဖြင့် ဆိုလိုက်သည်။
“ယွမ်ချင်းရှန် အလိမ်မခံရအောင် သွားပြောလိုက်ဦးမယ်”
ယွမ်ချင်းရှန်မှာ သူတို့မျက်စိအောက်မှ ပျောက်ကွယ်သွားပြီဖြစ်သည်။ ကျန်းကျန်းက သတိပေးလိုစိတ်ဖြင့် ရွှီယင်ကို အမြန်ဆွဲခေါ်သွားသည်။
တောင်စောင်းတစ်ခုကို တက်ပြီးနောက် ကျန်းကျန်းသည် အပေါ်တွင် ဧရာမဂူပေါက်ကြီးတစ်ခုကို မြင်လိုက်ရသည်။
ယွမ်ချင်းရှန်က ဂူပေါက်ဝရှေ့တွင် ရပ်နေသည်။ သူမဘေးတွင် အမျိုးသားတစ်ဦးက ကြမ်းတမ်းသော သစ်သားကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး မျက်လုံးများကို ပျင်းရိပျင်းတွဲမှိတ်ထားကာ နေပူစာလှုံနေကြောင်း ရှင်းလင်းနေသည်။
ကျန်းကျန်းအနေဖြင့် ထိုအမျိုးသား၏ အသက်ကို သတိမထားမိသလို သူ၀တ်ထားသည့်အရာများကိုလည်း သတိမထားမိချေ။
သူမ၏ အကြည့်များက မှိတ်ထားသောမျက်လုံးများနှင့် သူ၏မျက်နှာပေါ်တွင်သာ လုံးဝ ဖမ်းစားခံလိုက်ရသည်။
သူမ ချက်ချင်း မှင်သက်သွားသည်။
‘ဒီလောကကြီးမှာ ဒီလောက်ချောတဲ့ ယောကျ်ားတစ်ယောက် ရှိတယ်ဆိုတာ မယုံနိုင်စရာပဲ’
ရင့်ကျက်ပြီး ပညာတတ်ဆန်သော ရွှီယင်ပင်လျှင် ထိုအမျိုးသား၏မျက်နှာကို မြင်လိုက်ရချိန်တွင် ခဏတာ မှင်သက်သွားသည်။
သူမ၏ မျက်လုံးများ တောက်ပသွားပြီး တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
‘သူက ချောမောရုံသာမကဘဲ တောင်တန်းတွေကြားက သီချင်းသီဆိုနေတဲ့ ရသေ့တစ်ပါးလို အတားအဆီးမဲ့ပြီး သာမန်လူတွေနဲ့မတူတဲ့ အငွေ့အသက်တွေရှိနေတယ်။
မဟုတ်ဘူး၊ သူက တိမ်တွေကို၀ါးမျိုပြီး ခရမ်းရောင်စွမ်းအင်တွေကို စားသုံးနေတဲ့ အင်မော်တယ်တစ်ပါးဆိုတာ ရှင်းနေတာပဲ'