အခန်း ၂၁၅
Vol. 22 Ch. 215
အပိုင်း (၂၁၅)
ချင်ယီသည် သူ့စစ်မြင်းကို ပြင်းပြင်းထန်ထန် ဒုန်းစိုင်းစီးနင်းလာပြီး ရှောင်းလိထံသို့ သူ့လှံရှည်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်၏။
"ဟူယန် မျိုးနွယ်စုက ကောင်စုတ်လေး... သစ္စာဖောက် ပုန်ကန်သူ၊ ဒီနေ့ လော့ယန်ကို နောက်တစ်ကြိမ် လာတိုက်ရဲတယ်ပေါ့လေ..."
ချင်ယီက သူ့ကို ထိုသို့ ခေါ်ဆိုလိုက်သည်ကို ကြားလိုက်ရသောအခါ ရှောင်းလိက ပိုလို့ပင် သံသယ ဝင်လာခဲ့သည်။ သူသည် လှံရှည်ကို ကာကွယ်ရန် သူ၏ပုဆိန်လှံကို မြှောက်လိုက်ပြီး ချင်ယီက သူ့ထံသို့ ရိုက်ချရန် လှံရှည်၏ ရိုးတံရှည်ကို ဖိချလိုက်ချိန်တွင် သူက ရှောင်တိမ်းရန် သူ့မြင်းပေါ်တွင် နောက်သို့ လှန်ချလိုက်၏။ ပုဆိန်လှံ၏ လက်ကိုင်ကို ပြန်ဆွဲယူကာ လှံရှည်၏ အသွားကို နောက်တစ်ကြိမ် ပိတ်ဆို့လိုက်ပြီး မေးလိုက်သည်။
"လော့ယန်ကို ဘယ်သူ့အတွက် ကာကွယ်နေတာလဲ..."
ချင်ယီ၏ ခြင်္သေ့ကဲ့သို့သော မုတ်ဆိတ်နှင့် ဆံပင်များက တိုက်ခတ်နေသော လေစိမ်းများကြားတွင် လွင့်ဝဲနေပြီး သူ၏ ဝေဝါးနေသော မျက်လုံးများက ယခုအခါ ခြင်္သေ့တစ်ကောင်လို စူးရှနေ၏။
"တာ့လျန်ရဲ့ အရှင်မင်းကြီး လျန်ချန်ကျူး အတွက်ပေါ့..."
ကြီးမားသော အော်ဟစ်သံနှင့်အတူ သူသည် ရုတ်တရက် ရုန်းထွက်လိုက်ပြီး သူ့လှံရှည်ကို ပြန်လည်ရယူကာ ရှောင်းလိကို လက်နှစ်ဖက်ဖြင့် ဆက်လက် တိုက်ခိုက်လိုက်ပြီး ရေကူးနေသော နဂါးတစ်ကောင်ကဲ့သို့ ဘယ်ညာ ထိုးနှက်နေလေသည်။
သူ၏စကားများကို ကြားလိုက်ရသောအခါ ရှောင်းလိ၏ မျက်မှောင်များက ပိုလို့ပင် တွန့်ချိုးသွားခဲ့၏။ ယခုအခါ သူက ပြန်လည် မတိုက်ခိုက်ဘဲ ရှောင်တိမ်းရုံသာ ရှောင်တိမ်းနေခဲ့သည်။ ချင်ယီက အော်ဟစ်လိုက်ချိန်တွင် ရှောင်းလိသည် ချင်ယီ၏ စစ်မြင်း ရှေ့ခြေထောက်များကို သူ၏ပုဆိန်လှံဖြင့် ရိုက်ချလိုက်သည်။
"မရှောင်စမ်းနဲ့ ကောင်စုတ်လေး..."
လန့်သွားသော မြင်းသည် ချက်ချင်းပင် ဟီသံနှင့်အတူ မတ်တတ်ရပ်သွားပြီး ချင်ယီအား ၎င်းကို ထိန်းချုပ်ရန် လက်တစ်ဖက်ကို လွှတ်လိုက်စေကာ သူ၏တိုက်ခိုက်မှုကို ယာယီ ရပ်တန့်သွားစေသည်။
အကွာအဝေးတစ်ခု ဖန်တီးပြီးနောက် ရှောင်းလိသည် သူ့မြင်း၏ ခေါင်းကို လှည့်လိုက်ပြီး ပုဆိန်လှံကို မြှောက်ကာ မြို့ရိုးမျှော်စင်ဆီသို့ မော့ကြည့်လိုက်၏။
အောက်ဘက်ရှိ တိုက်ပွဲကို မြို့ရိုးအကာအရံပေါ်တွင် လက်နှစ်ဖက် တင်ကာ စောင့်ကြည့်နေခဲ့သော ဖေစုန့်သည် ရှောင်းလိ၏ အကြည့်နှင့် ဆုံတွေ့သွားခဲ့သည်။
တစ်ဖက်လူ၏ မျက်လုံးထဲက ထိုအကြည့်ကို ဘယ်လို ဖော်ပြရမည်နည်း။
အေးစက်ပြီး ဂရုမစိုက်သော်လည်း ရက်ရက်စက်စက်ကို ပြတ်သားနေခဲ့သည်။ အောက်ဘက်တွင် နေရာယူထားသော်လည်း သူက အထက်ရှိ လူများကို ပုရွက်ဆိတ်များအဖြစ်သာ သတ်မှတ်ထားသည်။
ဖေစုန့်သည် မူလက ချင်ယီ၏ ဘေးကင်းမှုအတွက် စိုးရိမ်ပူပန်နေခဲ့သော်လည်း ရှောင်းလိနှင့် မျက်လုံးချင်း ဆုံသွားသော ထိုခဏတာ အခိုက်အတန့်တွင် သူ၏ ရင်ဘတ်တစ်ခုလုံး လောင်ကျွမ်းသွားစေမည့် အရှက်ရမှုနှင့် ဒေါသတို့ ရုတ်တရက် မြင့်တက်လာပြီး လောင်ကျွမ်းနာကျင်မှုတို့ ဖြစ်တည်လာခဲ့လေသည်။
ဤခံစားချက် နှစ်ခုကြားတွင် လွန်ဆွဲနေရသော ဖေစုန့်သည် ရှောင်းလိကို ယခုအခိုက်အတန့်လောက် ချက်ချင်း သေဆုံးသွားစေရန် ပြင်းပြင်းထန်ထန် ဘယ်တုန်းကမှ မဆန္ဒရှိခဲ့ဖူးချေ။
သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ။ ငါ့ကို ဒီလို မျက်လုံးတွေနဲ့ ကြည့်ရဲတယ်ပေါ့လေ။
ချင်ယီက သူ့သားအရင်းလို့ ရူးရူးမိုက်မိုက် ထင်မှတ်ပြီး စစ်ဗျူဟာတွေနဲ့ သိုင်းပညာတွေ သင်ပေးခဲ့တဲ့ မိန်းမပျက်ရဲ့သား... အောက်တန်းကျတဲ့ လူရမ်းကား၊ အယုတ်မာဆုံး လူယုတ်မာက ငါ့ကို တကယ်ပဲ အကဲခတ်နေတာလား။
ဖေစုန့်သည် ရယ်မောရန် သူ၏နှုတ်ခမ်းများကို ကွေးညွတ်လိုက်လုနီးပါး ဖြစ်သွားပြီး သူ့တွင် ဘာအရည်အချင်းများ ရှိနေသနည်းဟု လှောင်ပြောင်ကာ မေးချင်နေခဲ့၏။
သူက ဆယ်စုနှစ်တစ်ခုကျော် အစားထိုးခံရသူ ဖြစ်ခဲ့လို့ အခု သူ့ကိုယ်သူ ချင်ယီရဲ့ သားလို့များ ထင်နေတာလား။
ဖေစုန့်၏ နှုတ်ခမ်းများ လှောင်ပြောင်စွာ ကွေးညွတ်သွားသည်ကို ရှောင်းလိက မြင်လိုက်သည်။ လွန်ခဲ့သော နှစ်များစွာက မြင်ကွင်းများသည် သူ့မျက်လုံးရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့၏။ အကျဉ်းထောင်ထဲတွင် ချင်ယီက သူ့ကို သိုင်းပညာများ သင်ကြားပေးနေခြင်း၊ ရှောင်းဟွေ့နျန်က တံခါးဝတွင် မျက်လုံးမှေးကာ အပ်ချုပ်အလုပ်များ လုပ်ရင်း ပန်းထိုးအပ်ဖြင့် သူမ၏ ဆံပင်များကို သပ်တင်နေခြင်း၊ ခြံဝင်းထဲတွင် အဝတ်လျှော်ရန် သူမ၏ အင်္ကျီလက်များကို ခေါက်တင်ရင်း ချောင်းဆိုးနေခြင်း၊ စားပွဲခင်းပြီး သူ့ကို ထမင်းစားရန် ခေါ်နေခြင်း... အားလုံးက သူ၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ပေါ်လာခဲ့သည်။
ထပ်ခါတလဲလဲ ခေါ်ဆိုနေသော "ဟွမ်အာ" နှင့် "ဟွမ်အာ" တို့က ယခုအခါ သူ၏ နားထဲတွင် ပဲ့တင်ထပ်နေသယောင်။
နောက်ဆုံးတွင် မီးပင်လယ်ထဲ၌ ပြိုလဲသွားသော ရှောင်းဟွေ့နျန်၏ ပုံရိပ်က သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
သူ၏ နှုတ်ခမ်းများက တင်းကြပ်သော မျဉ်းတစ်ကြောင်းအဖြစ် ပိတ်စေ့သွားခဲ့၏။
ချင်ယီက ကျယ်လောင်သည့် ဟိန်းဟောက်သံနှင့်အတူ သူ့လှံရှည်ကို နောက်တစ်ကြိမ် မြှောက်ပြီး သူ့ထံသို့ ပြေးဝင်လာချိန်တွင် ရှောင်းလိသည် သူ၏ နှလုံးသားထဲရှိ တုံ့ဆိုင်းမှု အရိပ်အယောင်ကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ပုဆိန်လှံကို မြှောက်ကာ သူနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်လိုက်သည်။ ရိုက်ခတ်မှုက အလွန် အားကောင်းလွန်းသဖြင့် လူနှစ်ဦးစလုံးနှင့် သူတို့၏ မြင်းများသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရလေသည်။
လှံရှည်ကို မြေပြင်ပေါ် စိုက်ချကာ မိမိကိုယ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် ချင်ယီက ရွှင်လန်းစွာ အော်ဟစ်လိုက်၏။
"ဟူယန် ကောင်စုတ်လေး... အဲ့ဒါမှပေါ့။ နောက်တစ်ကြိမ် လာစမ်း..."
ရှောင်းလိက သူ၏ ပုဆိန်လှံကို အလျားလိုက် သူ့ထံသို့ ဝှေ့ယမ်းလိုက်သည်။ ချင်ယီက ကာကွယ်ရန် လှံရှည်ကို မြှောက်လိုက်သော်လည်း ပုဆိန်လှံ၏ ရိုးတံက လှံရှည်၏ တိုင်ကို ရိုက်ခတ်သွားပြီး ရိုက်ချက်၏ အင်အားက မလျော့ကျဘဲ ရှောင်းလိက ပြင်းပြင်းထန်ထန် နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်၏။ ချင်ယီသည် သူ့မြင်းနှင့်အတူ နောက်သို့ ယိမ်းယိုင်သွားပြီး မိမိကိုယ်ကို ကာကွယ်ရန် ရုန်းကန်နေရသည်။
မျက်လုံးထဲတွင် မြင့်တက်လာသည့် နီရဲသော ဒေါသများနှင့်အတူ ရှောင်းလိက ဟိန်းဟောက်လိုက်သည်။
"ဘယ်အချိန်အထိ အရူးလို လုပ်နေဦးမှာလဲ”
“လျန်ချန်ကျူး သေသွားတာ ဘယ်နှစ်နှစ် ရှိပြီလဲ။ တာ့လျန်က တစ်ခါ ပြိုလဲသွားခဲ့ပြီလေ။ လော့ယန်ကို ဘယ်သူ့အတွက် ကာကွယ်နေတာလဲ..."
ချင်ယီ၏ ဝေဝါးနေသော မျက်လုံးများက ခဏတာ အေးခဲသွားသယောင် ရှိပြီးနောက် ချက်ချင်းပင် သူ့လှံရှည်ကို ရှောင်းလိထံသို့ တည့်တည့် ချိန်ရွယ်ကာ အော်ဟစ်လိုက်၏။
"အဓိပ္ပါယ်မရှိတာတွေ။ ငါတို့ရဲ့ တာ့လျန်က ဘယ်လိုလုပ်ပြီး ပျက်စီးသွားနိုင်မှာလဲ..."
ရှောင်းလိသည် ရန်သူ၏ လှံသွားကို ပုဆိန်လှံဖြင့် တားဆီးလိုက်ပြီး လှံ၏ အစွန်းကို ပိတ်ဆို့ရန် ပုဆိန်လှံ၏ လခြမ်းပုံ ဓားသွားကို အသုံးပြုကာ ကြမ်းတမ်းသော ခွန်အားဖြင့် မြေပြင်သို့ တင်းကြပ်စွာ ဖိချလိုက်သည်။
"တာ့လျန် ဘယ်လို ပြိုလဲသွားလဲဆိုတာ ခင်ဗျားရဲ့ သားလေးကို ဘာလို့ မမေးတာလဲ။ ပြီးတော့ ဝိန်း မျိုးနွယ်စုနဲ့ နန်းတွင်း တစ်ဝက်ကို သူ ဘယ်လို သတ်ဖြတ်ခဲ့လဲဆိုတာပါ မေးကြည့်လိုက်လေ..."
ချင်ယီသည် သူ့လှံရှည်ကို ဖိချထားသော ပုဆိန်လှံကို မတင်ရန် ကြိုးစားခဲ့သော်လည်း သူက အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည်။ သူတို့ကြားက ခွန်အား ကွာဟချက်က ထင်ရှားနေပြီး သူသည် ခဏတာ ချုပ်နှောင်ခံလိုက်ရသည်ကို တွေ့လိုက်ရ၏။ အကြောင်းပြချက် တစ်ခုခုကြောင့် ဤစကားများကို ကြားရချိန်တွင် သူ၏ နှလုံးခုန်နှုန်းက ထိန်းမရအောင် မြန်ဆန်လာခဲ့သည်။
သူက ဟိန်းဟောက်လိုက်၏။ "သစ္စာဖောက်။ ဘာအဓိပ္ပါယ်မရှိတာတွေ လာပြောနေတာလဲ။ ငါ့ရဲ့ ဟွမ်အာက ဆယ်နှစ်ပဲ ရှိသေးတယ်၊ အဖျားတက်ပြီး အကျဉ်းထောင်ထဲမှာ ဖျားနာနေတာ...
ငါ မင်းကို ခေါင်းဖြတ်လိုက်တာနဲ့ ဧကရာဇ်က ငါ့ချင်မိသားစုရဲ့ ခိုင်မာတဲ့ သစ္စာစောင့်သိမှုကို သေချာပေါက် အသိအမှတ်ပြုပြီး ငါတို့ရဲ့ နာမည်ကို ရှင်းလင်းပေးပြီးရင် ငါ့မျိုးနွယ်စု တစ်ခုလုံးကို ထောင်ကနေ လွှတ်ပေးလိမ့်မယ်..."
ဤစကားများက သူ့ကို ကြီးမားသော ဆုံးဖြတ်ချက်ကို ပေးစွမ်းသယောင် ရှိ၏။ သူ့ကို ဖိထားသော ပုဆိန်လှံ ဓားသွားကို ဖယ်ရှားရန် လက်မောင်းများတွင် ခွန်အားများကို နောက်တစ်ကြိမ် စုစည်းလိုက်သည်။ ထိုအချိန်မှာပင် ဖေယွမ်နှင့် သိမ်းငှက်အမဲလိုက်ခွေးများ အဖွဲ့တစ်ဖွဲ့က မြို့တံခါးမှ လူအုပ်ကို ဆန့်ကျင်ကာ တိုက်ခိုက်လာခဲ့ကြသည်။ ချင်ယီ ချုပ်နှောင်ခံထားရသည်ကို မြင်သောအခါ ဖေယွမ်က ရှောင်းလိ၏ လက်မောင်းများဆီသို့ ချိတ်ကြိုးကို ချက်ချင်း လှမ်းပစ်လိုက်လေသည်။
ကျန်းဟူနှင့် ရှောင်းလိ၏ ကိုယ်ရံတော်များသည် အချိန်မီ ကြားဝင်တားဆီးရန် အလွန် ဝေးကွာနေခဲ့သည်။
ရှောင်းလိသည် လှံ၏ အစွန်းကို ဖိထားသော ပုဆိန်လှံကို လွှတ်လိုက်ရန်မှတပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။ ဝှေ့ယမ်းသော လှုပ်ရှားမှုဖြင့် သူသည် သူ့ထံသို့ ပစ်ပေါက်လာသော ချိတ်ကြိုးကို ရှောင်တိမ်းလိုက်၏။ ပုဆိန်လှံကို မတင်ရန် ခွန်အားအပြည့် သုံးနေခဲ့သော ချင်ယီသည် ရှောင်းလိ၏ ရုတ်တရက် အင်အား လွှတ်လိုက်မှုကြောင့် သတိလက်လွတ် ဖြစ်သွားခဲ့သည်။ သူသည် ဟန်ချက်ပျက်သွားပြီး နောက်သို့ ယိမ်းယိုင်သွားကာ လှံရှည်ကို မြေပြင်ပေါ်သို့ လျင်မြန်စွာ စိုက်ချလိုက်ခြင်းဖြင့်သာ မိမိကိုယ်ကို တည်ငြိမ်အောင် လုပ်နိုင်တော့သည်။
လမ်းကြောင်းကို ပိတ်ဆို့နေသော ဖေစစ်သည်တစ်ဦးကို တူဖြင့် ရိုက်ချိုးလိုက်ပြီးနောက် ကျန်းဟူသည် ရှောင်းလိထံသို့ အုံခဲလာနေသော သိမ်းငှက်အမဲလိုက်ခွေးများကို သတိထားမိလိုက်သည်။ သူသည် စစ်မြင်းကို အလျင်စလို လှည့်ကာ သူတို့ထံသို့ ဒုန်းစိုင်းသွားပြီး ကျယ်လောင်စွာ ကျိန်ဆဲလိုက်၏။
"ဒီခွေးမသားကောင်တွေ... အနောက်ကနေ ခိုးတိုက်တာက သူရဲဘောကြောင်တာပဲ။ မင်းတို့ရဲ့ အဘိုးကျန်းကို တကယ့်တိုက်ပွဲမှာ လာရင်ဆိုင်စမ်း..."
ဖေယွမ်သည် အနောက်မှ လိုက်လာသော ကျန်းဟူကို အေးစက်စွာ လှမ်းကြည့်လိုက်ပြီး မြို့ပြင်သို့ သူနှင့်အတူ တိုက်ခိုက်ထွက်လာခဲ့သော သိမ်းငှက်အမဲလိုက်ခွေးများကို အမိန့်ပေးလိုက်သည်။
"စစ်သူကြီးအိုကြီးကို ခေါ်သွားကြ..."
သူကိုယ်တိုင်က ချိတ်ကြိုးကို နောက်တစ်ကြိမ် လှမ်းပစ်လိုက်ပြီး ဤတစ်ကြိမ်တွင် သူ့ထံသို့ မြင်းစီးကာ ပြေးဝင်လာသော အရာရှိငယ်တစ်ဦး၏ လည်ပင်းကို ချိတ်မိသွားသည်။ အရာရှိကို သူ့မြင်းပေါ်မှ ဆွဲချလိုက်ပြီး ဖေယွမ်က မြင်းပေါ်သို့ ခုန်တက်ကာ ၎င်း၏နံဘေးကို ဖနောင့်ဖြင့် ပေါက်ပြီး ရှောင်းလိထံသို့ တည့်တည့် ပြေးဝင်သွားလေသည်။
ရှောင်းလိသည် သူ့ထံသို့ ချိန်ရွယ်လာသော ချိတ်ကြိုးအချို့ကို ထပ်မံ ရှောင်တိမ်းလိုက်ရုံသာ ရှိသေး၏။ ရုန်းကန်နေစဉ်အတွင်း ဆံပင်တစ်မျှင် ပြေကျသွားပြီး ယခုအခါ သူ၏ နဖူးပေါ်သို့ ကျဆင်းနေသည်။ ပုဆိန်လှံကို ဆုပ်ကိုင်ထားရင်း ပြေးဝင်လာသော ဖေယွမ်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့ပြီး သူ၏ အကြည့်များက ပြင်းထန်ကာ စူးရှနေသည်။
ဖေယွမ်က ဆယ်ပေအောက် အကွာအဝေးသို့ နီးကပ်လာချိန်တွင် ရှောင်းလိက သူ၏ ပုဆိန်လှံကို တစ်ဖက်လူ၏ ခါးဆီသို့ အလျားလိုက် ဝှေ့ယမ်းလိုက်သည်။ ဖေယွမ်သည် သိမ်းငှက်အမဲလိုက်ခွေးအဖြစ် လေ့ကျင့်ထားသူ ဖြစ်သဖြင့် သာမန် စစ်သူကြီးတစ်ဦးထက် များစွာ ပိုသွက်လက်ကာ ပျော့ပျောင်းလေသည်။ သူသည် ပုဆိန်လှံ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် သူ၏ကျောကို မြင်း၏ ကျောရိုးနှင့် ကပ်သွားသည်အထိ နောက်သို့ လုံးဝ လှန်ချလိုက်၏။ တစ်ချိန်တည်းမှာပင် သူက ချိတ်ကြိုးကို ပစ်လိုက်ရာ ၎င်း၏ သံမဏိကြိုးသေးသေးလေးက ရှောင်းလိ၏ ပုဆိန်လှံကို အကြိမ်ကြိမ် ရစ်ပတ်သွားပြီးနောက် ချိတ်က လခြမ်းပုံ ဓားသွားကို တင်းကြပ်စွာ ချိတ်မိသွားသည်။
သူက ချိတ်ကြိုး၏ အခြားတစ်ဖက်ကို ကုန်းနှီးဦးပိုင်းတွင် ရစ်ပတ်လိုက်ပြီးနောက် သူ၏ ဘယ်ဘက်လက်မောင်းတွင် နှစ်ကြိမ် ရစ်ပတ်လိုက်ကာ ရှောင်းလိ၏ လက်ထဲမှ ပုဆိန်လှံကို လုယူရန် မြင်း၏ အရှိန်ကို အသုံးပြုရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ညာဘက်လက်မောင်းဖြင့် ဓားရှည်တစ်လက်ကို အလျားလိုက် ဝှေ့ယမ်းလိုက်ပြီး မြင်းပေါ်ရှိ ရှောင်းလိကို ပိုင်းချရန် ချိန်ရွယ်လိုက်၏။
ရှောင်းလိသည် ပုဆိန်လှံ လက်ကိုင်ကို လက်တစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး အခြားလက်တစ်ဖက်ဖြင့် ကုန်းနှီးကို တွန်းကာ ဓားကို ရှောင်တိမ်းရန် လေထဲသို့ တစ်ကိုယ်လုံး ခုန်တက်လိုက်သည်။ သူ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်ချိန်တွင် စစ်မြင်းနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။
ရှောင်းလိက ကုန်းနှီးပေါ်သို့ ပြန်လည် ဆင်းသက်လိုက်ချိန်တွင် ဖေယွမ်၏ စစ်မြင်းက အရှေ့သို့ ဆက်လက် ပြေးဝင်သွားခဲ့သည်။ သံချပ်ကာ ဝတ်ဆင်ထားသော ညာဘက်လက်မောင်းတွင် ကြွက်သားများ ထင်ရှားစွာ မတွေ့ရသော်လည်း သူ၏ မေးရိုးများ တင်းမာသွားခဲ့၏။ လက်တစ်ဖက်ဖြင့် ဇက်ကြိုးကို ထိန်းချုပ်ထားရင်း အခြားလက်တစ်ဖက်ဖြင့် ပုဆိန်လှံ ရိုးတံကို ပြင်းပြင်းထန်ထန် ဆောင့်ဆွဲလိုက်သည်။ ချက်ချင်းပင် သူ၏ စစ်မြင်းသည် နောက်သို့ ဆွဲငင်ခံလိုက်ရပြီး မြင်းရော မြင်းစီးသူပါ ဆွဲအားကို မခုခံနိုင်မီ ၎င်း၏ ခွာများသည် သဲထဲတွင် လက်မနှစ်ဆယ်ကျော်အထိ ခြစ်မိသွားလေသည်။
တင်းမာနေပြီးသား ဖြစ်သော သံမဏိကြိုးသည် ကုန်းနှီးနှင့် ဖေယွမ်၏ လက်ပတ်နှစ်ခုလုံးထဲသို့ ချက်ချင်း စူးဝင်သွားပြီး သူ့မြင်း၏ လည်ပင်းပေါ်မှနေ၍ သူ့ကို ပြင်းထန်စွာ ဆွဲချလိုက်တော့သည်။ သူ့အောက်ရှိ စစ်မြင်းသည် နာကျင်စွာ ဟီသံနှင့်အတူ မတ်တတ်ရပ်သွား၏။
ကြီးမားသော ခွန်အားက သူ့ဘယ်ဘက်လက်နှင့် ကုန်းနှီးဦးပိုင်းကို တင်းကြပ်စွာ ဖိချလိုက်သဖြင့် ဖေယွမ်၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားတော့သည်။ သူ့လက်ပတ်၏ အပြင်ဘက် သံပြားများသည် ဖိအားကြောင့် ပုံပျက်နေပြီ ဖြစ်သည်။ အတွင်းဘက်ရှိ သားရေနယ်ထားသော ခွေးသားရေ အလွှာ၏ အကာအကွယ် မရှိခဲ့ပါက သံမဏိကြိုးသည် သူ၏ လက်တစ်ခုလုံးကို ဖြတ်တောက်သွားလိမ့်မည်။
ပိုဆိုးသည်မှာ ကြိုး၏ လက်ကိုင်အစွန်းသည် ကြီးမားသော ခွန်အားကြောင့် အပေါ်ကြိုးများနှင့် တင်းကြပ်စွာ ရစ်ပတ်သွားခြင်းပင်။ သူက ဆုပ်ကိုင်ထားသည့်လက်ကို လွှတ်လိုက်လျှင်ပင် နက်ရှိုင်းစွာ စူးဝင်နေသော ကြိုးမှ သူ့လက်မောင်းကို လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ချေ။
လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး သူသည် ဓားမြှောင်ကို ဆွဲထုတ်ကာ ကြိုးကို အကြိမ်ကြိမ် ခုတ်ပိုင်းလိုက်၏။ သို့သော် ချိတ်ကြိုးမှ အထူး ဖန်တီးထားသော ပြန်လည်ရုပ်သိမ်းနိုင်သည့် သံမဏိကြိုးသည် ဓားမြှောင်၏ ထိုးနှက်ချက်များအောက်တွင် မီးပွားများသာ ထွက်ပေါ်လာပြီး ပြတ်တောက်သွားမည့် အရိပ်အယောင် မပြခဲ့ချေ။
ရှောင်းလိက ပုဆိန်လှံကို နောက်တစ်ကြိမ် နောက်သို့ ပြန်ဝှေ့ယမ်းလိုက်ချိန်တွင် လူနှင့် မြင်း၏ ပေါင်းစပ် အလေးချိန်ကြောင့် ကြိုးက ပိုတင်းကျပ်လာပြီး အသားထဲသို့ ပိုမို နက်ရှိုင်းစွာ စူးဝင်သွားခဲ့သည်။ ဖေယွမ်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ကုန်းနှီးကို ချည်နှောင်ထားသော သားရေကြိုးများကို အလျင်အမြန် ဖြတ်တောက်လိုက်၏။ ယခုအခါ ကြီးမားသော ခွန်အားကြောင့် သူနှင့် ကုန်းနှီးသာ မြေပြင်ပေါ်တွင် ဆွဲငင်ခံနေရသည်။
ချင်ယီကို ဖမ်းဆီးရန် တာဝန်ပေးခံရသော သိမ်းငှက်အမဲလိုက်ခွေး အချို့သည်လည်း ရုန်းကန်နေရသည်။ ချင်ယီက သူတို့ကို စစ်ပြေးများနှင့် သစ္စာဖောက်များဟု အထင်မှားခဲ့ပြီး သူတို့၏ ချဉ်းကပ်မှုကို တားဆီးကာ သူ၏ စစ်လှံရှည်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သဖြင့် သူတို့ကို ခေါင်းပြတ်တော့မလိုပင် ဖြစ်သွားစေခဲ့သည်။
ဖေယွမ် ဆွဲငင်ခံနေရသည်ကို မြင်သောအခါ သူတို့သည် သူ့ကို ကယ်ဆယ်ရန် အလျင်အမြန် ပြန်လှည့်လာခဲ့ကြသည်။
ချိတ်ကြိုးများဖြင့် ယင်ကောင်များကဲ့သို့ အုံခဲလာသော ပြန်လှည့်လာသည့် သိမ်းငှက်အမဲလိုက်ခွေးများကို ရင်ဆိုင်ရင်း ရှောင်းလိသည် သူ့ပုဆိန်လှံကို အောက်သို့ ရိုက်ချလိုက်ရာ လခြမ်းပုံ ဓားသွားကို ရစ်ပတ်ထားသော ကြိုးကို နောက်ဆုံးတွင် ဖြတ်တောက်နိုင်ခဲ့သည်။
ကိုက်အနည်းငယ်ခန့် ဆွဲငင်ခံရပြီးနောက် ဖေယွမ်သည် ထုံကျင်လုနီးပါး ဖြစ်နေသော ဘယ်ဘက်လက်မောင်းကို ဆုပ်ကိုင်ကာ တစ်ဝက်တစ်ပျက် သတိလစ်နေခဲ့သည်။ သူ မထနိုင်မီ ကျန်းဟူက ဒုန်းစိုင်းပြေးလာပြီး သတိပေးခြင်းမရှိဘဲ တူကို ဝှေ့ယမ်းရန် အောက်သို့ ကိုင်းညွတ်လိုက်၏။
ဖေယွမ်သည် အလျင်စလို ဘေးသို့ လှိမ့်ထွက်သွားပြီး နင်းခြေမည့် ခွာများနှင့် သေစေနိုင်သော ထိုးနှက်ချက် နှစ်ခုလုံးကို သီသီလေး ရှောင်လွှဲနိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သိမ်းငှက်အမဲလိုက်ခွေး နှစ်ဦး ရောက်လာပြီး “တပ်မှူး၁၀”ဟု အရေးတကြီး ခေါ်ရင်း သူ့ကို တွဲထူပေးလိုက်ကြသည်။
တိုက်ခိုက်မှု လွဲချော်သွားသဖြင့် ကျန်းဟူသည် နောက်တစ်ကြိမ် ပြေးဝင်ရန် သူ၏ မြင်းကို လှည့်လိုက်သည်။ ယခုမှ ရောက်လာသော နောက်ထပ် သိမ်းငှက်အမဲလိုက်ခွေး နှစ်ဦးက သူ့ကို ချုပ်နှောင်ရန် ချိတ်ကြိုးများကို အလျင်အမြန် ပစ်လိုက်ကြ၏။
ချောင်းဆိုးပြီး အသက်ရှူကျပ်နေစဉ် ဖေယွမ်သည် လက်ခုံဖြင့် နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်သည်။ ယခုအခါ သိမ်းငှက်အမဲလိုက်ခွေးများ၏ တားဆီးမှု မရှိတော့သော ချင်ယီသည် စစ်လှံရှည်ကို ကိုင်ဆောင်ကာ ရှောင်းလိထံသို့ ချီတက်သွားသည်ကို ကြည့်ရင်း ရှောင်းလိကို ဖယ်ရှားရန် ပြီးပြည့်စုံသော အခွင့်အရေးကို သူ ရုတ်တရက် အသိအမှတ်ပြုလိုက်သည်။ သူက ချက်ချင်း အမိန့်ပေးလိုက်၏။
"အဲဒီ ရှောင်း ခွေးမသားကို သတ်လိုက်စမ်း..."
သူ့ကို တွဲထားသော သိမ်းငှက်အမဲလိုက်ခွေး နှစ်ဦးသည် သူ ပြန်လည် သက်သာလာသည်ကို မြင်သောအခါ ရှောင်းလိကို ဆန့်ကျင်သည့် တိုက်ပွဲတွင် အလျင်အမြန် ပါဝင်လာခဲ့ကြသည်။
ချင်ယီနှင့် သိမ်းငှက်အမဲလိုက်ခွေး ဒါဇင်ကျော်ကို ရင်ဆိုင်နေရသော်လည်း သူတို့၏ ဝိုင်းရံတိုက်ခိုက်ရေး ဗျူဟာများနှင့် သူ၏ကိုယ်ပိုင် ပြင်းထန်သော သတ္တိတို့ကို ရှောင်းလိက ရင်းနှီးကျွမ်းဝင်မှု ရှိနေခြင်းကြောင့် လွှမ်းမိုးမခံခဲ့ရချေ။
ထိုအစား ပရမ်းပတာများကြားတွင် ရှောင်းလိနှင့် အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက် ချင်ယီက ရုတ်တရက် သူ့စစ်လှံရှည်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အော်ဟစ်လိုက်၏။
"လူတစ်ယောက်ကို အုပ်စုဖွဲ့တိုက်တာက သူရဲကောင်းဆန်တဲ့ လုပ်ရပ်မဟုတ်ဘူး။ နောက်ဆုတ်ကြစမ်း..."
သို့သော် သိမ်းငှက်အမဲလိုက်ခွေး တစ်ယောက်မှ သူ၏ အမိန့်ကို ဂရုမစိုက်ခဲ့ချေ။
ဖေယွမ်က အခွင့်အရေးကို ဆုပ်ကိုင်ကာ အော်ဟစ်လိုက်သည်။
"ချင်စစ်သူကြီး... ဒီလူကို သတ်လိုက်ရင် လော့ယန်ကို ကာကွယ်နိုင်လိမ့်မယ်။ ဧကရာဇ်က ခင်ဗျားကို သေချာပေါက် ရက်ရက်ရောရော ဆုချလိမ့်မယ်။ အကျဉ်းထောင်ထဲမှာ ရှိနေသေးတဲ့ ခင်ဗျားရဲ့ ဇနီးနဲ့ သားကို စဉ်းစားပါဦး..."
ချင်ယီ၏ ဝေဝါးနေသော မျက်လုံးများက သိမ်းငှက်အမဲလိုက်ခွေးများနှင့် တိုက်ပွဲဝင်နေသော ရှောင်းလိထံသို့ စူးစိုက်သွားသည်။ သူ၏ ပါးရိုးများက အနည်းငယ် ထွက်လာပြီး မေးရိုးများ တင်းမာသွားကာ ခဏတာ ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သယောင်။ သူသည် သူ့မြင်းကို ပြင်းပြင်းထန်ထန် ဒုန်းစိုင်းစီးနင်းကာ ရှောင်းလိထံသို့ နောက်တစ်ကြိမ် ပြေးဝင်သွားလေသည်။
ချင်ယီ၏ သေရေးရှင်ရေး တိုက်ခိုက်မှုနှင့် သိမ်းငှက်အမဲလိုက်ခွေးများထံမှ ခန့်မှန်းရခက်သော ခိုးတိုက်မှုများကို ရင်ဆိုင်ရချိန်တွင် ရှောင်းလိသည် ထိရောက်စွာ တုံ့ပြန်ရန် အခက်တွေ့နေပြီး အထူးသဖြင့် ချင်ယီကို ပြင်းထန်သော ထိုးနှက်ချက် မပေးရက်သောကြောင့်ပင်။
သူတို့၏ တိုက်ခိုက်မှုအတွင်း ရှောင်းလိက နောက်ဆုတ်နေသည်ကို သတိပြုမိသဖြင့် ချင်ယီက ဟိန်းဟောက်လိုက်သည်။
"ကောင်စုတ်လေး... ဒီနေ့ ငါတို့ထဲက တစ်ယောက်ပဲ အသက်ရှင်လျက် ထွက်သွားနိုင်မယ်။ မင်းဆီမှာ ရှိတာတွေ အကုန်ထုတ်ပြစမ်း..."
သိမ်းငှက်အမဲလိုက်ခွေးများ၏ ဝိုင်းရံမှုကို ရှောင်တိမ်းနေစဉ် ရှောင်းလိ၏ မျက်နှာသည် ပစ်ပေါက်လာသော ချိတ်ကြိုးဖြင့် ခြစ်မိသွားခဲ့သည်။ အသက်ပြင်းပြင်း ရှူရင်း သူသည် ချင်ယီက လှံကို သူ့ထံသို့ ဝှေ့ယမ်းလိုက်ချိန်တွင် ချင်ယီ၏ မျက်လုံးများကို နက်နက်ရှိုင်းရှိုင်း ဆုံတွေ့လိုက်၏။ သူ၏ ပုဆိန်လှံရှည်ဖြင့် သူသည် လှံကို ကာကွယ်လိုက်ပြီး ချင်ယီ၏ ခါးဆီသို့ ဖိထားလိုက်သည်။ ချင်ယီက နောက်တစ်ကြိမ် ပိတ်ဆို့လိုက်သောအခါ ရှောင်းလိက လက်ပြောင်းလိုက်ပြီး ပုဆိန်လှံကို ရန်သူ၏ လည်ပင်းဆီသို့ ဝှေ့ယမ်းလိုက်သည်။
ချင်ယီ တစ်ချိန်က သူ့ကို သင်ကြားပေးခဲ့သော လက်သီးနည်းစနစ်များကို သူက ဤလှုပ်ရှားမှုများတွင် ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။
လည်ပင်း တိုက်ခိုက်မှုကို ရှောင်ရှားရန် သူ့မြင်းကို နောက်သို့ ဆွဲလိုက်ပြီးနောက် ချင်ယီသည် တကယ်ပင် ခဏတာ အေးခဲသွားပြီး သူ့လှံရှည်ကို ရှောင်းလိထံ ချိန်ရွယ်ကာ မေးလိုက်သည်။
"ချင် မိသားစုရဲ့ လက်သီးနည်းစနစ်တွေကို မင်း ဘယ်လို သိနေတာလဲ..."
ရှောင်းလိက သိမ်းငှက်အမဲလိုက်ခွေးများ၏ တိုက်ခိုက်မှုများကို ကာကွယ်ရင်း ရွတ်ဆိုလိုက်၏။
"ထောက်ပံ့ရေး လှည်းတွေနဲ့ မြင်းတပ် ကျူးကျော်သူတွေက ခိုင်မာတဲ့ တိုက်ပွဲဗျူဟာအခင်းအကျင်းတွေကို ဖောက်ထွင်းပြီး ညဘက် ချဉ်းကပ်လာတဲ့ ခြေလျင်တပ်နဲ့ မြင်းတပ် ကျူးကျော်သူတွေကို အနိုင်ယူတဲ့အခါ စစ်ပညာက အဲဒါကို လျှပ်စီးလက်သလို တိုက်ခိုက်မှုလို့ ခေါ်တယ်။
လှံတွေနဲ့ ပုဆိန်လှံတွေ ပါတဲ့ စစ်ရထားတွေက ရှိခိုးကောင် စစ်သည်တွေကို တင်ဆောင်လာပြီး ခိုင်မာတဲ့ တိုက်ပွဲဗျူဟာအခင်းအကျင်းတွေကို ဖောက်ထွင်းကာ ခြေလျင်တပ်နဲ့ မြင်းတပ်ကို အနိုင်ယူတဲ့အခါ အဲဒါကို မိုးကြိုးပစ်သလို တိုက်ခိုက်မှုလို့ ခေါ်တယ်..."
ချင်ယီသည် သူ့ခေါင်းကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်သည်။ မှတ်ဉာဏ်တစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။ မှောင်မိုက်နေသော အကျဉ်းခန်းထဲတွင် ညစ်ပတ်နေသော အကျဉ်းသားအဝတ်အစားများနှင့် ကြာပွတ်ရာများနှင့် သွေးများ ပေကျံနေသော ကောင်လေးတစ်ယောက်က သူ၏ရှေ့တွင် ရပ်ကာ စစ်ပညာမှ ဤစာပိုဒ်ကို ရွတ်ဆိုနေခဲ့သည်။ ထိုအမှတ်ရမှုက သူ့ကို ပိုမို ကြီးမားသော ရှုပ်ထွေးမှုထဲသို့ တွန်းပို့လိုက်သည်။
ကောင်လေး၏ မျက်နှာသည် သူ၏ရှေ့ရှိ ရက်စက်သည့် လူငယ် စစ်သူကြီး၏ မျက်နှာနှင့် တဖြည်းဖြည်း ထပ်တူကျသွားခဲ့သည်။
သူ၏ စစ်လှံရှည်ကို ဆုပ်ကိုင်ထားရင်း ခေါင်းက နာကျင်မှုကြောင့် ထိုးကိုက်သွားပြီး ရှောင်းလိကို ထိတ်လန့်မှုနှင့် သံသယတို့ဖြင့် စိုက်ကြည့်နေခဲ့၏။
"ဟွမ်အာလား... မင်းက ငါ့ရဲ့ ဟွမ်အာလား။ မင်း အများကြီး ကြီးပြင်းလာပြီပဲ..."
ရှောင်းလိက သူ့ပုဆိန်လှံကို ဝှေ့ယမ်းလိုက်ရာ ဝိုင်းရံထားသော သိမ်းငှက်အမဲလိုက်ခွေး တစ်ဦး လွင့်စင်သွားသည်။ ချင်ယီက သူ့ကို မှတ်မိသွားသည်ကို မြင်သောအခါ သူ၏ နှလုံးသားထဲတွင် ခံစားချက်များ ပြင်းထန်စွာ မြင့်တက်လာပြီး မျက်လုံးများမှာ နီရဲသွားတော့သည်။ သို့သော် သူက မေးရိုးကို တင်းတင်းစေ့ကာ အေးစက်စွာ ပြောလိုက်လေသည်။
"စစ်သူကြီးက ကျွန်တော့်ကို တခြားတစ်ယောက်နဲ့ အထင်မှားနေပြီ...
မြို့ရိုးမျှော်စင်ပေါ်က တစ်ယောက်... တာ့လျန်ကို ဖျက်ဆီး၊ ဝိန်း မျိုးနွယ်စုကို သတ်ဖြတ်ပြီး တစ်ပြည်လုံးကို စစ်မီးတွေ မွှေးခဲ့တဲ့ အောဝ်အဖွဲ့ရဲ့ လက်ပါးစေက စစ်သူကြီးရဲ့ ထိုက်တန်တဲ့ သားပဲ..."
၎င်းက ချင်ယီ၏ စိတ်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
မှတ်ဉာဏ်များ တဖြည်းဖြည်း ပြတ်သားလာခဲ့သည်။ ဖေစုန့်က သူ့ကို စစ်ကြောမေးမြန်းရန် ယုံကျိုး အကျဉ်းထောင်ထဲသို့ ဝင်လာခြင်း၊ နောက်ပိုင်းတွင် သူ ပြောင်းရွှေ့ခံရသော သီးသန့်ခြံဝင်း၏ တံခါးအပြင်ဘက်တွင် တစ်ခါတစ်ရံ ရပ်ကာ သူ့ကို အေးစက်စွာ စောင့်ကြည့်နေခြင်းများ။
ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေဝါးနေမှုများက သူ၏ စိတ်ထဲတွင် လျင်မြန်စွာ ပေါင်းစပ်သွားခဲ့သည်။
လွန်ခဲ့သော နှစ်များစွာက မှားယွင်းစွာ စွပ်စွဲခံရပြီး အကျဉ်းကျခံရခြင်း၊ ပြည်နှင်ဒဏ်ပေးခံရစဉ်အတွင်း သူ၏ ဇနီးသည် ဖျားနာ၍ သေဆုံးသွားခြင်း၊ ထို့နောက် သူ၏ သားသည်လည်း "ဖျားနာ၍ သေဆုံး" သွားခြင်း...
ထိတ်လန့်မှုက သူ့ကို ရူးသွပ်သွားစေခဲ့ပြီး သူသည် ဆယ်နှစ်ကျော်ကြာ ရူးသွပ်နေခဲ့သည်။
ယခု ဤရှင်းလင်းသော အခိုက်အတန့်တွင် သူ ချစ်ရသူများအားလုံး ပျောက်ကွယ်သွားသည်ကို သူ တွေ့လိုက်ရ၏။ အသက်ရှင်ကျန်ရစ်ပြီး လွတ်မြောက်သွားခဲ့သော တစ်ဦးတည်းသော သားသည် ထိုနှစ်များ၏ အမုန်းတရားများကြောင့် တွန်းအားပေးခံရကာ ပြည်ထောင်ကြီးကို ဤအခြေအနေသို့ ကျဆင်းသွားအောင် လုပ်ခဲ့လေသည်။
ကြည်လင်သွားသည့် သည်အခိုက်တန့်တွင် ကြီးမားလှသော နာကျင်မှုက သူ့အပေါ်သို့ ပြိုကျလာခဲ့သည်။ ချင်ယီသည် သူ၏ ပတ်လည်တွင် တိုက်ပွဲဝင်နေကြသော နှစ်ဖက်စလုံးမှ စစ်သည်များကို လန့်သွားစေသည့် ဝမ်းနည်းပူဆွေးမှု အပြည့်ဖြင့် ဟိန်းဟောက်လိုက်လေသည်။
သူကိုယ်တိုင်က မြို့ရိုးမျှော်စင်ဆီသို့ တဖြည်းဖြည်း မော့ကြည့်လိုက်၏။
အေးစက်သော လေထဲတွင် ပြင်းထန်စွာ လွင့်ဝဲနေသော အလံများအောက်တွင် ဖေစုန့်သည် မြို့ရိုးအကာအရံကို မှီကာ ရပ်နေပြီး အောက်သို့ ငုံ့ကြည့်နေစဉ် သူ၏ မျက်လုံးများက သွေးရောင်လွှမ်းနေသည်။ ထိုအထဲတွင် အကန့်အသတ်မရှိသော အမုန်းတရားများသာ ရှိနေပြီး မယိမ်းယိုင်သော ဟန်ဆောင်မှုအောက်တွင် သူ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖိနှိပ်ထားခဲ့သော နာကြည်းမှုများ ရှိနေလေသည်။
သူ မမှားခဲ့ကြောင်း ချင်ယီကို ပြောနေသကဲ့သို့ပင်။
ချင်ယီ၏ မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ မတွေ့ခဲ့ရသော သားကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့၏။ သူသည် ပါးစပ်ကို ဖွင့်ကာ တဖြည်းဖြည်း ပြောလိုက်၏။
"သားကို မသွန်သင်ခဲ့ဘူးဆိုရင် ဒါက ဖခင်ရဲ့ အမှားပဲ။ သားမှာ အပြစ်ရှိတယ်ဆိုရင် ဖခင်ကလည်း အဲဒီအတွက် အပြစ်ခံရမယ်..."
နောက်တစ်ခဏတွင် နီရဲသော သွေးတစ်ပွက်က မြင်းအောက်ရှိ သဲပြင်ပေါ်သို့ ပက်ဖြန်းသွားခဲ့သည်။
ချင်ယီသည် သူ့လည်ပင်းကို သူ့စစ်လှံရှည်၏ လှံသွားဖြင့် ထိုးသွင်းလိုက်ခြင်းပင််။
အားလုံးက အရမ်း ရုတ်တရက် ဖြစ်ပျက်သွားခဲ့ပြီး သူ့ကို တားဆီးရန် ဘယ်သူမှ အချိန်မရလိုက်ချေ။
ခဏတာ အခိုက်အတန့်တွင် ကမ္ဘာကြီးက တိတ်ဆိတ်သွားသယောင်။ ရှောင်းလိသည် ရွှံ့ရုပ်တစ်ရုပ်လို အေးခဲသွားပြီး ချင်ယီ၏ ခန္ဓာကိုယ်က အထောက်အပံ့ မရှိဘဲ မြင်းပေါ်မှ ဘေးသို့ လဲကျသွားသည်ကို မြင်သောအခါမှသာ လှုပ်ရှားလာခဲ့သည်။ ချင်ယီကို လှမ်းဖမ်းရန် သူ့မြင်းကို အရှေ့သို့ ဒုန်းစိုင်းသွားလိုက်သည်။
သို့သော် သူသည် ခြေတစ်လှမ်း နောက်ကျနေဆဲ။
ချင်ယီ၏ အလောင်းက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး သူ၏ လည်ပင်းမှ ပန်းထွက်လာသော သွေးများက သွေးအိုင်ငယ်တစ်ခုကို လျင်မြန်စွာ ဖြစ်ပေါ်စေခဲ့၏။
မြို့ရိုးမျှော်စင်ပေါ်တွင် ဖေစုန့်သည် အုတ်အကာအရံကို လက်ဆစ်များ ဖြူသွားသည်အထိ အားဖြင့် ဆုပ်ကိုင်ထားပြီး မျက်ရည်များ ကျဆင်းလာကာ အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်သည်။
"ချင်ယီ—"
သူ့အနောက်မှ သိမ်းငှက်အမဲလိုက်ခွေးများက သူ့ပခုံးများကို ဖမ်းဆုပ်ကာ အချိန်မီ မတားဆီးခဲ့ပါက သူသည် ထိုအချိန်တွင် မျှော်စင်ပေါ်မှ ခုန်ချသွားလိမ့်မည်။
မြို့အောက်ဘက်တွင် ချင်ယီ သေဆုံးသွားသည်ကို မြင်သောအခါ ဖေယွမ်နှင့် အခြားသူများသည် တိုက်ပွဲတွင် ဆက်မနေတော့ချေ။ သူတို့သည် မျှော်စင်ပေါ်သို့ ချိတ်ကြိုးများကို ချက်ချင်း ပစ်လိုက်ကြပြီး သံမဏိကြိုးများမှတစ်ဆင့် အပေါ်သို့ တက်ရန် ရည်ရွယ်ခဲ့ကြသည်။
ရောက်ရှိလာသော ရှောင်းစခန်း စစ်သည်များကို သူတို့အား မြားများဖြင့် ပစ်ခတ်ရန် ကျန်းဟူက အမိန့်ပေးလိုက်၏။ မြားအုပ်စုကြောင့် အနည်းငယ် ထိမှန်သွားခဲ့သော်လည်း သိမ်းငှက်အမဲလိုက်ခွေး အများစုသည် မျှော်စင်ပေါ်သို့ အောင်မြင်စွာ တက်ရောက်သွားနိုင်ခဲ့သည်။
ကုန်းစွန်းချိုက မျှော်စင်ပေါ်ရှိ သိမ်းငှက်အမဲလိုက်ခွေးများကို အရေးတကြီး အမိန့်ပေးလိုက်လေသည်။
"ခံတပ်က ကျတော့မယ်။ မြန်မြန်၊ ကျူကျွင်းကို ခေါ်ပြီး သွားကြတော့..."
သိမ်းငှက်အမဲလိုက်ခွေး အချို့က ဖေစုန့်၏ လက်မောင်းများကို ဖမ်းဆုပ်ထားပြီး အခြားသူများက အကာအရံမှ သူ၏ လက်ချောင်းများကို ခွာထုတ်လိုက်ကြသည်။ ဖေစုန့်၏ မျက်နှာပေါ်တွင် ပူနွေးသော မျက်ရည်များ စီးကျလာပြီး သူ့ကို လုံးဝ ဆွဲမခေါ်သွားခင် သွေးအိုင်ထဲတွင် လဲကျနေသော ပုံရိပ်ဆီသို့ နှလုံးကွဲမတတ် ငိုကြွေးသံဖြင့် နောက်ဆုံးတွင် အော်ဟစ်လိုက်၏။
"အဖေ..."
ခံတပ်သည် လုံးဝ ကျိုးပေါက်သွားပြီဖြစ်ပြီး အပြင်ဘက်ရှိ ရှောင်းစစ်တပ် စစ်သည်များသည် ရေလွှမ်းမိုးကြီးတစ်ခုလို ဝင်ရောက်လာကြသည်။
ရှောင်းလိက ဖေစုန့်နောက်ကို ချက်ချင်း လိုက်မဖမ်းခဲ့ချေ။ သူသည် မြင်းပေါ်မှ ဆင်းကာ ချင်ယီ၏ အလောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သေဆုံးသွားချိန်တွင်ပင် မြို့ရိုးမျှော်စင်ပေါ်သို့ စူးစိုက်နေဆဲဖြစ်သော မျက်လုံးများကို လက်လှမ်းကာ ပိတ်ပေးလိုက်တော့သည်။
သူ မတ်တတ်ရပ်လိုက်ချိန်တွင် မြို့ရိုး အထက်နှင့် အောက်တွင် လွင့်ဝဲနေသော အလံများသည် လေကြောင့် တဖျတ်ဖျတ် လွှင့်နေပြီး ရှောင်းလိ၏ နဖူးပေါ်သို့ ကျနေသော ဆံပင်မျှင်များကို လှုပ်ခတ်သွားစေ၏။
လေထဲတွင် သူ၏ မျက်လုံးထဲက နီရဲသော အရောင်က တဖြည်းဖြည်း ပိုရင့်လာခဲ့သည်။
သူ့နှလုံးသားက ဗလာအတိဖြစ်နေပြီး လုံးဝ အထီးကျန်နေသလို ခံစားလိုက်ရ၏။
ဤကျယ်ပြောလှသော လောကကြီးတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်တော့သကဲ့သို့ပင်။
သူသည် ခေါင်းကို နောက်သို့ လှန်ထားလိုက်ပြီး မျက်လုံးများကို ခက်ခဲစွာ မှိတ်ထားလိုက်၏။
—ငါ့မှာ ဘယ်တုန်းကမှ ဆရာမရှိခဲ့သလို၊ အဖေလည်း ဘယ်တုန်းကမှ မရှိခဲ့ဘူး။
ဒါတွေ အားလုံးက လူမှားသွားတာသက်သက်၊ ထင်ယောင်ထင်မှား ဖြစ်မှုတစ်ခုပဲ။ အတိတ်က ကြင်နာမှု ဒါမှမဟုတ် ဂရုစိုက်မှု တစ်ခုမှ ငါ့အတွက် ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။
ဒါကြောင့် သူ သတိပြန်ရလာတဲ့အခါ ငါ့ကို နည်းနည်းလေးတောင် မှတ်မိတော့မှာ မဟုတ်ဘူး။
ရုတ်တရက် ဝိန်းယွီကို တွေ့ချင်စိတ်များ ပြင်းပြလာခဲ့သည်။
သူတို့ နောက်တစ်ကြိမ် ပြန်တွေ့ချိန်တွင် သူမ၏ အချစ်က ဟန်ဆောင်မှုဖြစ်စေ၊ အစစ်အမှန်ဖြစ်စေ သူကတော့ သူမကို တွေ့ချင်နေခဲ့၏။
အိမ်ဟုခေါ်ရန် နေရာမရှိသော လမ်းဘေးခွေး တစ်ကောင်ကဲ့သို့ သူသည် ခိုလှုံရာနေရာတစ်ခုကို အသည်းအသန် ရှာဖွေနေမိတော့သည်။
...