တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ဂယက်ရိုက်ခြင်း
Vol. 14 Ch. 200
ကိုးလ်၏ စကားက ရဲ့လင်းချန်ကို အနည်းငယ် အံ့ဩသွားစေသည်။
“တကယ်လား”
ရဲ့လင်းချန် သေချာအောင် သိချင်နေသည်။
အစက သူ နောက်နေချင်းသာ ဖြစ်သည်။ တိုက်ရိုက် ထုတ်လွှင့်မှု၌ ပို၍ အရေးပါသော အချက်တစ်ခုမှ ထုတ်လွှင့်သူ ဖြစ်သည်။
သူ့အရည်အချင်းများက ပလက်ဖောင်းတစ်ခုလုံးကို ဆွဲခေါ်သွားရန် လုံလောက်ကြောင်း ရဲ့လင်းချန် ယုံကြည်ပါသည်။ နောက်ပိုင်းတွင် အနာဂတ်အတွက် အစွမ်းအစရှိသော ထုတ်လွှင့်သူများကို သူ လေ့ကျင့်ပေး နိုင်ပါသည်။ သို့သော် ယင်းက အလွန် အချိန်ကုန်ပြီး လုပ်အား စိုက်ထုတ်ရသည်။
ကိုးလ်သည် DOTA လောက၌ ခြွင်းချက်မရှိ ဦးဆောင်နေသော ထုတ်လွှင့်သူ အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမ၌ အားပေးနေသော အမာခံ ပရိသတ်များ ရှိသည်။ အကယ်၍ သူမသာ ရောက်လာပါက ရဲ့လင်းချန် ထွေထွေထူးထူး စိတ်ပူနေရန် မလိုအပ်တော့ပါ။
“တကယ်”
ကိုးလ်က ရဲ့လင်းချန်ကို သေချာသော အဖြေကို ပြန်ပေးလေသည်။
“နင် ထွက်သွားတဲ့အချိန်က ငါ့စာချုပ် ကုန်ခါနီးဖြစ်နေတဲ့ အချိန်ပဲလေ၊ ဒါပေမဲ့ ငါ အသစ် ပြန်မချုပ်ထားဘူး”
ရဲ့လင်းချန် နှုတ်ခမ်းကိုစေ့၍ တစ်ခဏမျှ ငြိမ်နေသည်။
“ဒီပလက်ဖောင်းက ရက်စက်လွန်းတယ်၊ ငါ ဒီမှာ မနေနိုင်ဘူး”
ကိုးလ်က ရှင်းပြပြီး ဆက်ပြောလေသည်။
“အခု ငါက အလုပ်မရှိ ဖြစ်နေတော့ သူဌေးကြီး ဝိုင်နတ်ဘုရားက ကျွန်မကို ခေါ်ချင်စိတ် ရှိမလား သိချင်မိတယ်”
“ဒါပေါ့ ပြဿနာ မရှိဘူး”
ရဲ့လင်းချန် ချက်ချင်း ပြောလိုက်သည်။
“မင်း ဟူယွီမှာ တိုက်ရိုက်ထုတ်လွှင့်တုန်းက ဘယ်လောက် ရတယ်”
“အင်း … ဒီပလက်ဖောင်းက အခုမှ စတာဆိုတော့ ငါ့ကို သာမန် ထုတ်လွှင့်သူအဖြစ်ပဲ ထားလိုက်ပါ”
ကိုးလ်က ပြောသည်။
“ဘာပဲဖြစ်ဖြစ် ငါတို့က မိတ်ဆွေတွေပဲကို၊ ငါတို့ ခက်ခဲတဲ့အချိန်ကို အတူတူ ကြုံတွေ့လာရမှတော့ ပိုက်ဆံ အကြောင်း မပြောပါနဲ့”
“ဟားဟား ငါ ခက်ခဲတဲ့အချိန်နဲ့ ကြုံနေရတယ်လို့ ဘယ်သူ ပြောလဲ”
ရဲ့လင်းချန် ရယ်လိုက်သည်။
“ငါသာ ဆင်းရဲရင် ပန်ဒါ ပလက်ဖောင်းကို ဝယ်နိုင်ပါ့မလား၊ မင်း ငါ့ပလက်ဖောင်းကို လာရင် ငါ သေချာပေါက် မင်းကို ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး”
ဟူယွီ၌ ကိုးလ်၏ အကျိုးအမြတ်ကို စုန့်ချမ် သေချာပေါက် သိလောက်သည်။ ရဲ့လင်းချန်က သူမကို အရင်က ရသည့်အတိုင်း ပေးရန် စဉ်းစားထားပြီး ပလက်ဖောင်း ပိုကြီးမားလာလျင် တစ်ဖန် တန်ဖိုးဖြတ်ပေမည်။
သူ ဖုန်းချလိုက်သည်။ သို့သော် မကြာခင်မျာပင် သူ့ဖုန်းက ထပ်မြည်လာ၏။
“ဟေး အစ်ကို ဝိုင်နတ်ဘုရား၊ အခု ရှင်က သူဌေးကြီးပေါ့လေ ဟုတ်လား၊ ကျွန်မကို ရှင် ကူညီဖို့ ဖြစ်နိုင်မလား”
ဝူအာ၏ ချစ်စရာကောင်းသောအသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“ဘာကိစ္စလဲ”
“အခု ကျွန်မ အလုပ်လက်မဲ့ ဖြစ်နေတာ၊ ရှင့်ပလက်ဖောင်းကို လာလို့ရမလား သိချင်လို့”
ဝူအာက သနားစဖွယ် တောင်းဆိုလေသည်။
“ကျွန်မကို အနိမ့်ဆုံး အခြေခံလစာ ပေးမယ်ဆိုရင်လည်း ရပါတယ်၊ ကျွန်မစားပွဲပေါ် စားစရာ တင်နိုင်သရွေ့ အဆင်ပြေတယ်”
“ဟုတ်ပါပြီ၊ ဟန်ဆောင်မနေနဲ့တော့၊ မင်းလည်း စာချုပ် သက်တမ်း ကုန်ပြီလား”
“အင်း …. ဟုတ်တယ်”
ဝူအာ အံကြိတ်လိုက်ပြီးနောက် ခါးသီးစွာ ပြောလာသည်။
“ဟူယွီရဲ့ တိုက်ရိုက်ထုတ်လွှင့်ရေး ပလက်ဖောင်းက အမှိုက်ပဲ၊ ပြီးတော့ စစ်ယွီလည်း ရှိတယ်၊ ကျွန်မ အဲ့နေရာကို မကြိုက်ဘူး”
“ကောင်းပြီလေ ပန်ဒါ ထုတ်လွှင့်ရေးကနေ ကြိုဆိုပါတယ်”
…
ထို့နောက်တွင် ရည်းစားစာနှင့် ၀၉ တို့ကလည်း ရဲ့လင်းချန်ကို ဆက်သွယ်လာသည်။ သူတို့သည် စာချုပ် သက်တမ်းကုန်သည်ကို စောင့်ပြီး ပန်ဒါ ထုတ်လွှင့်ရေးသို့ ပြောင်းလာရန် ဆန္ဒရှိနေကြသည်။
အံ့ဩစရာ ကောင်းလောက်အောင် သူတို့အပြင် ဟူယွီမှ အခြားသော ထုတ်လွှင့်သူများကလည်း ပန်ဒါ ထုတ်လွှင့်ရေးကို အရင် ဆက်သွယ်လာ၏။
သူတို့၌ ကျော်ကြားမှု သိပ်မရရှိသော်လည်း သူတို့သည်လည်း ထုတ်လွှင့်သူများ ဖြစ်သည်။ ပန်ဒါ ထုတ်လွှင့်ရေးက လူလိုနေသဖြင့် အရည်အချင်းရှိသော လူသစ်များ လိုအပ်ပေသည်။
ထိုထုတ်လွှင့်သူများထဲမှ အချို့သည် ဟူယွီနှင့် ထပ်၍ မသင့်မြတ်ကြတော့ချေ။ သူတို့သည် ပိုက်ဆံ မရှာနိုင်တော့သဖြင့် ပန်ဒါထုတ်လွှင့်ရေးနှင့် ပူးပေါင်း၍ သူတို့ကံကို စမ်းချင်နေကြသည်။ ပန်ဒါ ပလက်ဖောင်းက ယခုမှ စတင်ခါစ ရှိသေးသော်လည်း အနာဂတ်အတွက် သူတို့ လောင်းကြေးထပ်နေ၏။ လက်ရှိတွင် အခြားသူများသည် ဟူယွီ၏ လုပ်ကိုင်ပုံကို သည်းမခံနိုင်ကြတော့ပေ။ သူတို့ ဆက်နေနေလျင် မတရားခံရမည်ကို စိုးရိမ်နေကြသည်။
ပန်ဒါ ထုတ်လွှင့်ရေး ပလက်ဖောင်း၏ လူထုထဲ ကနဦး ခြေချခြင်းက အောင်မြင်သည်ဟု ဆိုရပေမည်။
ထို့နောက်တွင်မူ ဝေ့ပေါ်မှ သတင်းတစ်ခုက ချက်ချင်း ပျံ့သွားပြီး ထိပ်ဆုံးသို့ တက်လာ၏။
“ဒီနေ့ည ပန်ဒါထုတ်လွှင့်ရေး ပလက်ဖောင်းမှာ ဝိုင်နတ်ဘုရား တိုက်ရိုက် ထုတ်လွှင့်မယ်”
ထိုသတင်းက မီးစကို ဓာတ်ဆီလောင်းပေးလိုက်သလို ဖြစ်သွားပြီး ချက်ချင်း တဟုန်းဟုန်း တောက်လောက်အောင် နာမည်ကြီးလာ၏။
[အား … ဝိုင်နတ်ဘုရားက ဒီည တိုက်ရိုက် ထုတ်လွှင့်မယ်တဲ့၊ စိတ်လှုပ်ရှားလာပြီ၊ ငါ ပြီးတော့မလို့ ခံစားနေရတယ်]
[ဝိုင်နတ်ဘုရားက ဒီတစ်ခေါက် ဘာကို ထုတ်လွှင့်မှာလဲ၊ ငါ တအား မျှော်လင့်နေပြီ၊ ညဘက်ကို မြန်မြန် မရောက်နိုင်ဘူးလား]
[အံ့ဩစရာပဲ၊ အံ့ဩစရာကြီးပဲဟေ့၊ ငါ ဝိုင်ကို အားပေးကို ပေးရမယ်]
[ပန်ဒါ ထုတ်လွှင့်ရေးလား၊ ချီးပဲ ငါ အခု Download ဆွဲတော့မယ်]
…
တစ်ချိန်တည်းမှာပင် ဟူယွီဌာနချုပ်၌ ဝမ်ယွမ်၏ မျက်နှာက အလွန်အမင်း မည်းမှောင်နေ၏။ ဒေါသကြောင့် သူ့တစ်ကိုယ်လုံး တုန်နေကာ အက်ကွဲနေသော အသံဖြင့် အမိန့်ပေးလိုက်သည်။
“ပန်ဒါ ထုတ်လွှင့်ရေးရဲ့ လက်ရှိ စာရင်းဇယားကို ချက်ချင်း သွားစုံစမ်းစမ်း”
“စီအီးအိုဝမ်၊ ဝိုင်နတ်ဘုရားရဲ့ ရည်ရွယ်ချက်က မသေးဘူးလို့ ကျွန်မ ပြောခဲ့သားပဲ၊ ကျွန်မ ခန့်မှန်းချက်က မှန်နေပြီ”
ကျိုးမင်က အေးစက်စက် မျက်နှာပေးနှင့် မှတ်ချက်ပြုသည်။
“ဟမ့် ငါးရံ့နှစ်ကောင် ဖမ်းတဲ့ ဟိုစုန့်ချမ်၊ သူက အခု ပန်ဒါ ပလက်ဖောင်းမှာ ရှိနေတာဆိုတော့ ငါတို့ကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပြီးပြီပဲ”
ဝမ်ယွမ်၏ မျက်လုံးများက မသိမသာ ကျဉ်းမြောင်းလာသည်။
“သူတို့ နှစ်ယောက်တည်းနဲ့ မတူတာ တစ်ခုခု လုပ်ပြနိုင်မယ်လို့ ထင်နေတာလား”
“သူတို့နှစ်ယောက်က ကျွန်မတို့ ဟူယွီက နှင်ထုတ်တာကို ခံလိုက်ရတာ၊ ပြီးတော့ သူတို့က ဒေဝါလီခံခါနီး ဖြစ်နေတဲ့ ပန်ဒါ ထုတ်လွှင့်ရေးကို ဝယ်လိုက်သေးတယ်၊ ဒါ သူတို့အတွက် နောက်ဆုံး ကောက်ရိုးမျှင်ကလွဲပြီး ဘာမှ မဟုတ်ဘူး”
ကျိုးမင်က သရော်လေသည်။
“ပန်ဒါ ထုတ်လွှင့်ရေးရဲ့ လည်ပတ်မှုတွေက သုံးလအတွင်း ရပ်စဲလိမ့်မယ်လို့ ကျွန်မ လောင်းရဲတယ်”
ထိုစဉ် ဝန်ထမ်းတစ်ယောက်က ဖိုင်တစ်ခုနှင့် လျှောက်လာသည်။ သူ့မျက်လုံးတွင် စိုးရိမ်နေသော အရိပ်အယောင် ရှိနေ၏။
“စီအီးအိုဝမ်၊ ဒါက ပန်ဒါ ပလက်ဖောင်းက ဒေတာပါ”
ဝမ်ယွမ်က ဖိုင်ကို အလျင်အမြန် လှမ်းယူလိုက်သည်။ တစ်ချက် ကြည့်လိုက်သည်နှင့် သူ့စိတ်အခြေက လေးလံ လာ၏။
နေ့တစ်ဝက်တည်းနှင့် ပန်ဒါ ထုတ်လွှင့်ရေး၏ အက်ပ်ပလီကေးရှင်းကို download ဆွဲသူ ရှစ်သောင်းသို့ ရောက်နေလေပြီ။
ထိုစာရင်းဇယားကို ဖော်ပြရန် သင့်လျော်သည့် စကားလုံးက ရူးချင်စရာ ကောင်းသည်ဟူသည့် စကားလုံးသာ ရှိပေသည်။
အက်ပ်လီကေးရှင်းအတွက် အရေးအကြီးဆုံး ဒေတာတစ်ခုက download ဆွဲသူ အရေအတွက်ပင်။ ထို download သည် အားထားရသော အသုံးပြုသူ စာရင်းကို ကိုယ်စားပြုနေသည်။ နေ့တစ်ဝက်သာ ရှိသေးသော်လည်း ပန်ဒါ ထုတ်လွှင့်ရေးက နာမည်ကြီးနေ၏။
ဤသို့ဆက်၍ နာမည်ကြီးနေလျင် ပန်ဒါ ထုတ်လွှင့်ရေးက သေချာပေါက် ပေါက်ကွဲမတတ် ရေပန်းစား ပေတော့မည်။
ဒုတိယတစ်ရွက်သို့ လှန်ကြည့်လိုက်သောအခါ ရုတ်တရက် ဝမ်ယွမ်၏ အသက်ရှူသံက ပြင်းလာပီး မျက်လုံးတွင် ဒေါသတို့ ပြည့်နှက်လာသည်။
ထိုဒေတာက ဟူယွီ ထုတ်လွှင့်ရေး၏ ထုတ်လွှင့်သူ တော်တော်များများက ပန်ဒါထုတ်လွှင့်ရေးသို့ ခုန်ကူး သွားကြောင်း ပြနေသည်။ ထိုသူများထဲတွင် နာမည်ကျော် ထုတ်လွှင့်သူ တစ်ချို့လည်း ပါသည်။
“ဘာတွေဖြစ်ကုန်တာလဲ”
ဝမ်ယွမ်၏အသံက မရွှင်မပျ ဖြစ်လာသည်။
“ငါတို့ သူတို့ကို ဆက်ဆံတဲ့နေရာမှာ ဘာပြဿနာမှ မရှိဘူး မဟုတ်လား”
ကျိုးမင်က စစ်ယွီကို ခိုးကြောင်ခိုးဝှက် တစ်ချက်ကြည့်ပြီးမှ ပြောလိုက်သည်။
“အဲ့ဒီ ထုတ်လွှင့်သူတွေက ပန်ဒါ ထုတ်လွှင့်ရေးမှာ အလားအလာကောင်းတွေ ရှိတယ်လို့ ထင်နေတာ ဖြစ်မယ်၊ သူတို့က နာမည်ကျော်တာကို အခွင့်ကောင်းယူပြီး ပြောင်းဖို့ စဉ်းစားနေတာပဲ၊ သူတို့က မောက်မာပြီး ကျေးဇူး မသိတတ်တဲ့သူတွေပဲ”
တကယ်တမ်းတွင် စစ်ယွီက သူတို့၏ နံပါတ်တစ် အမျိုးသမီး ထုတ်လွှင့်သူ ဖြစ်လာပြီးနောက် နေရာတိုင်း၌ ဂိုဏ်းဖွဲ့ကာ အခြား ထုတ်လွှင့်သူအချို့ကို ဖိနှိပ်လေသည်။ တော်တော်များများက စစ်ယွီ၏ အနိုင်ကျင့်မှုကို ခံရသဖြင့် ထွက်ခွာရန် ရွေးချယ်လိုက်ကြသည်။
ထိုအကြောင်းကို ကျိုးမင် ထုတ်ပြောမည် မဟုတ်ပါ။
“စီအီးအိုဝမ် တကယ်တော့ ရှင် စိတ်ပူစရာ မလိုပါဘူး”
ကျိုးမင်က အေးအေးလူလူ ပြောသည်။
“ပန်ဒါ ထုတ်လွှင့်ရေး ကျော်ကြားလာရတဲ့ အကြောင်းရင်းက နာမည်ကြီးစရာကောင်းတဲ့ အချက်တစ်ချို့ကြောင့်ပဲ၊ ဒါပေမဲ့ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အဓိကက ထုတ်လွှင့်သူနဲ့ အကြောင်းအရာပဲ၊ ပန်ဒါ ထုတ်လွှင့်ရေးက ကျွန်မတို့ထက် အများကြီး အဆင့်အတန်း နိမ့်တယ်၊ ပြီးတော့ ဝိုင်နတ်ဘုရားရဲ့ ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်း မှတ်တမ်းက ကျွန်မတို့ လက်ထဲမှာပဲ ရှိနေသေးတာလေ၊ ဒီလိုလက်ရာကို ဘယ်သူမဆိုက ကျော်တက်နိုင်စွမ်း ရှိပါ့မလား”
ထိုအခါတွင်မှ ဝမ်ယွမ်၏ အမူအရာက အနည်းငယ် တိုးတက်လာသည်။ ဟူယွီ ထုတ်လွှင့်ရေး၏ နောက်ခံသည် အစကတည်းက ပန်ဒါထုတ်လွှင့်ရေးနှင့် ယှဉ်လိုက်လျင် ပြိုင်ဘက်ကင်းလှသည်။
သူ တတိယ စာမျက်နှာကို လှန်ကြည့်လိုက်သည်။ သို့သော် သူ့လက်နှစ်ဖက်လုံး တုန်လာပြီး အပြင်းအထန် ချောင်းဆိုးလေတော့သည်။
တတိယစာမျက်နှာတွင် ပါဝင်သော အကြောင်းအရာမှာ ဟူယွီ၏ ဧကရာဇ် အရေအတွက်များ ဖြစ်သည်။ လက်ရှိတွင် ရာချီသော ဧကရာဇ်အဆင့်များက သူတို့၏ ဧကရာဇ်ဘွဲ့ကို ထားခဲ့ပြီး ဟူယွီမှ ထွက်သွားရန် ရွေးချယ်ထားကြသည်။
သူတို့ ဘယ်ကို သွားကြမလဲဆိုသည်က သိသာလွန်းလှသည်။ သူတို့အားလုံးက ဧကရာဇ်အဆင့်များ ဖြစ်နေပြီ မဟုတ်ပါလော။
တိုက်ရိုက် ထုတ်လွှင့်မှု၌ လက်ဆောင်များ ပေးနိုင်သော ထိုလူချမ်းသာ တစ်ယောက်ချင်းစီတိုင်းက ယခုကဲ့သို့သော အချိန်၌ ထွက်သွားရန် ရွေးချယ်လိုက်ကြသည်က အံ့ဩစရာပင်။
ဝိုင်နတ်ဘုရား၏ ဩဇာက ထူးကဲလှပါတကား။
ဝမ်ယွမ် ပထမဆုံးအကြိမ် ကြောက်စိတ်ကို ခံစားမိသည်။ ဝိုင်နတ်ဘုရား၏ တိုက်ရိုက် ထုတ်လွှင့်မှုက ခမ်းနားကြီးကျယ်ခြင်း မရှိပါစေနှင့်ဟု သူ ကြိတ်၍ ဆုတောင်းမိလာသည်။
တစ်နေ့တာက တရွေ့ရွေ့ ကုန်ဆုံးလာပြီး ရဲ့လင်းချန်၏ တိုက်ရိုက် ထုတ်လွှင့်မည့်အချိန်သို့ နီးကပ်လာလေ၏။ ကွန်ပျူတာရှေ့၌ ထိုင်စောင့်နေသော အရေအတွက်ကလည်း တစ်ဟုန်ထိုး မြင့်တက်လာသည်။
ပန်ဒါ ထုတ်လွှင့်ရေး၏ ပင်မစာမျက်နှာ၌ ဝိုင်နတ်ဘုရား၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြော်ငြာထားသည့် ဧရာမ ကြော်ငြာ စာတန်းတစ်ခု ရှိလေသည်။ ၎င်းက ဖန်သားပြင် တစ်ဝက်လောက်ကို နေရာယူထားသည်။ ကြည့်ရှုနေသူ ကလည်း တိုက်ရိုက် ထုတ်လွှင့်မှု မစခင် အယောက် ငါးသိန်းပင် ကျော်နေလေပြီ။