← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

အပိုင်း (၂၂၆)

ယန်သားအဖနှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ယန်မြို့စားကြီးက သူ့သားကို ကြည့်လိုက်ချိန်တွင် နှုတ်ခမ်းမွေးများက တုန်ယင်သွားပြီး တစ်ခုခုကို ပြောချင်သော်လည်း ပါးစပ်မဟနိုင် ဖြစ်နေလေသည်။

ယန်ကျန်းသည် တည်ငြိမ်မှုကို ထိန်းထားပြီး သူ၏အိုမင်းနေသောဖခင်ကို စိတ်အေးစေမည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီးနောက် ရှေ့သို့ထွက်လာကာ ပြောလိုက်၏။

"ငါပဲ"

ဝံပုလွေတပ်သားသည် သူ့ကို ခေါင်းအစခြေအဆုံး စူးစမ်းကြည့်ရှုလိုက်ပြီးနောက် အကျဉ်းထောင်တံခါးကို ဖွင့်ရန် ထောင်မှူးကို အမိန့်ပေးလိုက်၏။ သူတို့သည် ခြေလက်များတွင် သံကြိုးခတ်ခံထားရသော ယန်ကျန်းကို စင်္ကြံလမ်းအဆုံးရှိ စစ်ကြောရေးခန်းဆီသို့ ခေါ်ဆောင်သွားကြသည်။

အကျဉ်းသားဝတ်စုံဖြင့် ထွက်သွားသော သားဖြစ်သူ၏ကျောပြင်ကို ကြည့်ရင်း ယန်မြို့စားကြီးသည် နောက်ဆုံးတွင် ထိတ်လန့်သွားလေသည်။ သူသည် ရှေ့သို့တိုးသွားပြီး အကျဉ်းခန်း၏ သစ်သားတိုင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အက်ကွဲသောအသံဖြင့် အော်ပြောလိုက်လေသည်။

"ကျန်းအာ! ကျန်းအာ!"

သူသည် အကျဉ်းခန်းတံခါးကို အကြမ်းပတမ်း လှုပ်ယမ်းလိုက်သောကြောင့် ပါးလျပြီး ဖြူယော်နေသော ဆံပင်များဖြင့် ထုံးထားသည့် ဆံထုံးငယ်လေးက ပြေကျသွား၏။ သူ၏မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး ရုတ်တရက် ဆယ်နှစ်ခန့် ပိုအိုမင်းသွားသယောင်ပင်။

အစောပိုင်းက ချီစီးမြောင်နှင့် အခြားအမတ်များကို ရင်ဆိုင်ရာတွင် သူ့ကို ကူညီပေးခဲ့သော အထက်တန်းလွှာမျိုးနွယ်စုဝင်များသည် ယခုအခါ ၎င်းတို့၏ကိုယ်ပိုင်လုံခြုံရေးအတွက် ကြောက်ရွံ့လာကြပြီး သူတို့၏မျက်နှာများက ပြာနှမ်းသွားကြသည်။

တစ်စုံတစ်ယောက်သည် နံရံကိုမှီလျက် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်လေသည်။ "ရှောင်းမျိုးနွယ်က အဲဒီဝံပုလွေပေါက်စက အကောင်းမဟုတ်ဘူးလို့ ငါ အမြဲတမ်း ပြောခဲ့သားပဲ..."

ယန်ကျန်းကို နှိပ်စက်ခန်းထဲသို့ ခေါ်ဆောင်လာချိန်တွင် မလှမ်းမကမ်းရှိ ကြီးကြပ်ကုလားထိုင်ပေါ်၌ တစ်စုံတစ်ယောက် ထိုင်နေနှင့်သည်ကို သူ တွေ့လိုက်ရ၏။ အခန်းထဲရှိ မီးခွက်များသည် ထိုနေရာကို ရှင်းလင်းနေအောင် အလင်းမပေးနိုင်ဘဲ ကုလားထိုင်ခြေထောက် တစ်ဝိုက်တွင် မှိန်ပျပျ အဝါရောင်အလင်းတန်းကိုသာ ကျရောက်စေပြီး ထိုသူ၏ ပိုးဖဲဖိနပ်များနှင့် မည်းနက်နေသော သွေးများစွန်းထင်းနေသည့် အနက်ရောင်ကျာပွတ်တစ်ပိုင်းကို မြင်တွေ့နေရသည်။

သူသည် သေသေချာချာ မကြည့်ဝံ့ပေ။ ဝံပုလွေတပ်သားက သူ့ကို သံကြိုးများဖြင့် ခတ်ကာ ညှဉ်းပန်းစင်တွင် ချည်နှောင်လိုက်မှသာ အမှောင်ထုဆီသို့ မဝံ့မရဲ မော့ကြည့်လိုက်လေသည်။ မမျှော်လင့်ဘဲ မျက်နှာချင်းဆိုင်ရှိသူသည်လည်း သူ့ကို ကြည့်နေ၏။ မှိန်ပျပျအလင်းရောင်ထဲတွင်ပင် ထိုရက်စက်ကြမ်းကြုတ်သော မျက်လုံးများကြောင့် သူ၏နှလုံးသားက တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံရသလို ကြမ်းကြမ်းတမ်းတမ်း ခုန်ပေါက်သွားလေသည်။

အားထုတ်ကာ အိန္ဒြေဆယ်လိုက်ပြီးမှ သူက ပြောလိုက်၏။ "ကျွန်တော်တို့က ကျူကျွင်းဆီမှာ လက်နက်ချပြီး သစ္စာရှိရှိ အမှုထမ်းဖို့ ဆန္ဒရှိနေပါပြီ။ ကျူကျွင်းက ဒါကို ဘာသဘောနဲ့ လုပ်တာလဲလို့ မေးလို့ရမလား"

ရှောင်းလိသည် လိုရင်းကိုသာ တည့်ပြောလိုက်၏။ "ယန်မိသားစုက ရှီးလင်နဲ့ အဆက်အသွယ်ရှိလား"

ယန်ကျန်း၏နှလုံးသားသည် အပြင်းအထန် ခုန်ပေါက်သွားသော်လည်း သူသည် နားမလည်သည့် မျက်နှာအမူအရာကို ထိန်းထားကာ ပြောလိုက်၏။ " ကျူကျွင်း ဘာပြောနေတာလဲဆိုတာကို ဒီစစ်သူကြီးက နားမလည်ပါဘူး"

ရှောင်းလိသည် ထပ်မံရှင်းပြနေရန် စိတ်မရှည်တော့ပေ။ သူသည် ယခင်က ပါရှစ်ယဲ့လူမျိုးစုခေါင်းဆောင်ကို ကယ်တင်ပြီး ထိုရှီးလင်စစ်သူကြီးကို ဖမ်းဆီးခဲ့စဉ်က တော်ဝင်နန်းတော်ထဲတွင် ရှီးလင်နှင့် ပူးပေါင်းနေသော အမတ်များရှိကြောင်း ထိုသူကိုယ်တိုင် ဝန်ခံခဲ့သည်။

သူ တပ်များကိုဦးဆောင်ကာ တော်ဝင်နန်းတော်ကို ဝန်းရံပြီးသည့်နောက်တွင် သူတို့သည် ဝိန်းယွီကို ချက်ချင်းပင် ပုန်ကန်ခဲ့ကြ၏။ ယနေ့ မြို့ကာကွယ်ရေးပြင်ဆင်မှုများကို ကြည့်ခြင်းအားဖြင့် သူတို့သည်လည်း တိုက်ရိုက်လက်နက်ချရန် ရည်ရွယ်ထားပုံမရပေ။ အဖြစ်နိုင်ဆုံးမှာ လျန်နှင့် နန်ချန်နိုင်ငံများကို အမိန့်ပေးနိုင်ရန် ဝိန်းယွီကို သူတို့က ထိန်းချုပ်ချင်နေခြင်း ဖြစ်လိမ့်မည်။

ချန်ဝမ်သည် ရှေ့သို့တွန်းပို့ခံရသော ရုပ်သေးရုပ်သက်သက်ပင်။ အကယ်၍ သူလျှိုသည် ယန်မိသားစုထဲတွင် မဟုတ်ပါက ယန်မိသားစုနှင့်အတူ ပုန်ကန်ခဲ့ကြသော တော်ဝင်မျိုးနွယ်စုကြီးများထဲတွင် ဖြစ်ရမည်။

သူတို့ကို ဖြည်းဖြည်းချင်း စစ်ဆေးမေးမြန်းပြီး ထိုသူကိုရှာဖွေရန် သူ့တွင်လည်းင် အချိန်အလုံအလောက် ရှိနေသည်။

သူသည် အနီးတွင်ရပ်နေသော ဝံပုလွေတပ်သားဆီသို့ မေးစေ့ကို အနည်းငယ် ပင့်ပြလိုက်ရာ ထိုသူက ညှဉ်းပန်းနှိပ်စက်သည့် ကျာပွတ်ကိုကိုင်ကာ ချက်ချင်း ရှေ့သို့ထွက်လာ၏။

ယန်ကျန်း၏ အကျဉ်းသားဝတ်စုံကို ဆွဲဆုတ်လိုက်ချိန်တွင် ပြောင်းပြန်ချိတ်များဖြင့် အထူးပြုလုပ်ထားသော ကျာပွတ်သည် သူ၏အသားထဲသို့ တိုက်ရိုက်စိုက်ဝင်သွားပြီး အရေပြားကို ကွဲဟစေကာ အသားများကို ပေါက်ပြဲသွားတော့သည်။

သူ့အရိုးများကလည်း တော်တော်လေး မာကျောပေသည်။ ပထမအချက်အနည်းငယ် အရိုက်ခံရချိန်တွင် သူသည် အပြစ်ကင်းစင်ကြောင်းကို အော်ဟစ်နေနိုင်သေး၏။ သို့သော် မကြာမီတွင် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးသည် မှတ်မိနိုင်စရာမရှိအောင် ဖြစ်သွားပြီး စိမ့်ထွက်လာသောသွေးများသည် သူ၏အကျဉ်းသားဝတ်စုံကို စိုရွှဲသွားစေကာ အဝတ်စွန်းမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာပြီး သွေးအိုင်လေးတစ်ခု ဖြစ်လာတော့သည်။

သူ့ခေါင်းသည် ရှေ့သို့ အားပျော့စွာ စိုက်ကျနေပြီး သူ၏မျက်ခွံများမှ ချွေးများစီးကျနေကာ အသက်မသေရုံတမယ်ပင်။ သို့သော် သူသည် ဝန်ခံမည့်ရည်ရွယ်ချက်ကို မပြသေးပေ။

ဝံပုလွေတပ်သားသည် ကျာပွတ်ကို ဆက်မသုံးရဲတော့ဘဲ ရှောင်းလိဆီသို့ လှမ်းကြည့်လိုက်ကာ "ကျူကျွင်း—"

ရှောင်းလိက မသိမသာ လက်မြှောက်ပြလိုက်ပြီး ဝံပုလွေတပ်သားသည် ညှဉ်းပန်းနှိပ်စက်သည့် ကျာပွတ်ကို ချက်ချင်းသိမ်းလိုက်ပြီး နောက်ဆုတ်သွားခဲ့သည်။

ရှောင်းလိသည် အနည်းငယ် မတ်မတ်ထိုင်လိုက်ပြီး ရှေ့သို့ ကိုင်းညွတ်လိုက်၏။ သူ၏ချောမောပြီး ကြမ်းတမ်းသော မျက်နှာသွင်ပြင်သည် မီးရောင်အောက်တွင် အပြည့်အဝ ပေါ်လွင်လို့နေသည်။

"မင်း ဝန်ခံရင် မင်းအဖေ နာကျင်ရတာ သက်သာလိမ့်မယ်"

ယန်ကျန်းသည် ချွေးများရွှဲနစ်နေသော မျက်ခွံများကို ပင့်တင်လိုက်ပြီး ခေါင်းမာမာနှင့် ငြင်းနေဆဲ။ "ဒီစစ်သူကြီးက တကယ် ဘာမှမသိပါဘူး..."

ရှောင်းလိက ချန်ဝမ်ကို စစ်ဆေးမေးမြန်းပြီးဖြစ်သောကြောင့် ထိုကျောရိုးမရှိသော ဘုရင်သည် သူတို့က ဝိန်းယွီကို မည်သို့ဘေးဖယ်ထားခဲ့ကြောင်း အရာအားလုံးကို ဝန်ခံပြီးလောက်ပြီဖြစ်ကြောင်း သူ့စိတ်ထဲတွင် သိနေသည်။

အမျိုးသားတစ်ယောက်အနေဖြင့် နန်းတော်တံခါးဝရှိ ရှောင်းလိ၏ အစောပိုင်းလုပ်ရပ်များက ဘာကိုဆိုလိုကြောင်း သူသိနိုင်ပြီး သူ့အတွင်း၌ ထူးဆန်းသောခံစားချက်တစ်ခုက လှိုက်တက်လာလေသည်။

ကံကောင်းထောက်မစွာဖြင့် သူနှင့်သူ၏ဖခင်သည် ချန်ဝမ်ကို သူတို့၏ကိုယ်စား အပြစ်ခံမည့်သူဖြစ်လာရန် သွေးဆောင် ဖြားယောင်းခဲ့ရုံသာဖြစ်ပြီး သူတို့၏အစီအစဉ်များအကြောင်းကို သူ့အား သိပ်မပြောပြခဲ့ပေ။

ယခု အရေးတကြီးဖြစ်နေသော ပြဿနာမှာ အကယ်၍ ဝိန်းယွီက ရှောင်းလိမှတစ်ဆင့် အာဏာပြန်လည်ရယူနိုင်ခဲ့ပါက သူမသည် သူနှင့်သူ့ဖခင်ကို သေချာပေါက် စာရင်းရှင်းလိမ့်မည်။ ဝိန်းယွီကို ဆန့်ကျင်သည်ဟူသော စွပ်စွဲချက်များမှ သူ့မိသားစုကို အမြန်ဆုံး ဖယ်ရှားရန် လိုအပ်ပြီး တစ်ချိန်တည်းမှာပင် ထိုနှစ်ယောက်ကြားတွင် သွေးကွဲစေမည့် မျိုးစေ့များကို ချထားရန် လိုအပ်သည်။

သူသည် သွေးများကို အန်ထုတ်ရင်း အားပျော့စွာ အသက်ဖမ်းရှူလိုက်ပြီး "ဒီစစ်သူကြီးက... ကျွန်တော်တို့က မင်းသမီးကို ဆန့်ကျင်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ အဲဒီအစား မင်းသမီးက တော်ဝင်နန်းတော်ကို မကာကွယ်နိုင်တော့ရင် ကျူကျွင်းရဲ့ကရုဏာကို တောင်းခံဖို့ ကိုယ်တိုင် မြို့ထဲကနေ ထွက်သွားပြီး အတိတ်က အမှားတွေအတွက် တာဝန်အပြည့်အဝယူမယ်လို့ အမတ်တွေနဲ့ အစောကြီးကတည်းက သဘောတူထားခဲ့တာပါ။ မင်းသမီးက ကြိုတင်ပြီး စာတစ်စောင်တောင် ရေးခဲ့ပါသေးတယ်... ကျူကျွင်းလည်း မြင်ဖူးမှာပါ..."

"ကျွန်တော်တို့ရဲ့ ပဋိပက္ခက နိုင်ငံရေးအမြင်တွေ ကွဲလွဲနေတာ ကြာပြီဖြစ်တဲ့ ချီအဖွဲ့နဲ့ပဲ သက်ဆိုင်တာပါ။ မင်းသမီး အလွန်ကြိုးစားပြီး ကာကွယ်ခဲ့ရတဲ့ နန်ချန်နိုင်ငံက ချီအဖွဲ့ရဲ့ လက်ထဲ ကျရောက်သွားတာကို ကျွန်တော်တို့ မကြည့်ရက်နိုင်လို့ပါ..."

ရှောင်းလိ၏ မျက်နှာအမူအရာသည် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်နေဆဲပင်။ ယန်ကျန်း၏ စကားများကို သူ ချက်ချင်း အတည်မပြုနိုင်သော်လည်း ဝိန်းယွီက ထိုသို့သောစာတစ်စောင်ရေးပြီး သူ့ကို အလှမယ်များ လက်ဆောင်ပေးခဲ့သည်မှာ ငြင်းမရနိုင်သော အမှန်တရားဖြစ်နေသည်။

သူ၏အတွင်းရှိ သားရဲသည် တစ်ဖန် ဂနာမငြိမ်ဖြစ်ပြန်လာ၏။ မိမိ၏ဒေါသကို ဖိနှိပ်ထားရင်း ညှဉ်းပန်းစင်ပေါ်က အမျိုးသားကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး "ချန်ဝမ်ရဲ့ တော်ဝင်အမွေဆက်ခံသူကို ဖန်တီးခဲ့တာ မင်းလား"

၎င်းကိုကြားသောအခါ ချန်ဝမ်သည် သူ၏ကိုယ်ပိုင်အသက်ကို ကယ်တင်ရန်အတွက် အရာအားလုံးကို ဝန်ခံပြီးဖြစ်ရမည်ကို ယန်ကျန်း သိလိုက်လေသည်။

သူ၏မျက်နှာပေါ်တွင် သွေးနှင့်ချွေးများ ရောနှောနေပြီး ကျာပွတ်ရာများ၏ ပူလောင်သောနာကျင်မှုကြောင့် သူ၏အသက်ရှူသံများ ပြင်းပြနေကာ ပြောလိုက်လေသည်။

"ဘုရင်က... ဘုရင်က ထုတ်ပြောလို့မရတဲ့ ရောဂါတစ်ခု ခံစားနေရပြီး အုပ်ချုပ်ရေးတာဝန်တွေကို ရှောင်နေတာ ကြာပါပြီ။ ကျန်းအဖွဲ့က နန်းတွင်းကို လွှမ်းမိုးထားချိန်တုန်းက မယ်တော်ကြီးက... မယ်တော်ကြီးက မင်းသမီးကို ကျန်းမိသားစုဝင်တစ်ယောက်နဲ့ ကလေးယူပြီး တော်ဝင်အမွေဆက်ခံသူအဖြစ် တင်မြှောက်ဖို့ စီစဉ်ခဲ့တာပါ။ ကျန်းအဖွဲ့ ကျဆုံးသွားပြီးနောက်မှာ မင်းသမီးက ချီအဖွဲ့ကို ကိုယ်တိုင် မြှင့်တင်ပေးခဲ့ပါတယ်။ သူက မင်းသမီးလေးတစ်ပါးကိုပဲ မွေးဖွားခဲ့ပေမဲ့ တော်ဝင်သမီးတော်က ဘုရင့်သစ္စာခံအမတ်တွေဆီကနေ အားကောင်းတဲ့ ထောက်ခံမှုကို ရရှိထားဆဲပါ။ ကျွန်တော်တို့က... တော်ဝင်သမီးတော်လည်း ချီအဖွဲ့နဲ့ ဆက်နွှယ်နေမှာကို စိုးရိမ်လို့ သူတို့ကို ချိန်ခွင်လျှာညှိဖို့ တခြား တော်ဝင်အမွေဆက်ခံသူတစ်ယောက်ကို ဖန်တီးဖို့ ကြိုးစားခဲ့တာပါ"

သူ့စကားများသည် တစ်ဝက်သာ အမှန်ဖြစ်လေသည်။

ချန်ဝမ်သည် ပန်းသေနေသောကြောင့် ဝိန်းယွီ၏ကလေးသည် အခြားတစ်စုံတစ်ယောက်၏ သွေးသားဖြစ်ရမည် ဖြစ်သော်လည်း မည်သူဖြစ်ကြောင်းကိုတော့ မသိရသေးပေ။

၎င်းသည် နန်းတွင်းအာဏာသိမ်းမှုအတွင်း သူနှင့်သူ၏ဖခင်က ဝိန်းယွီ၏သမီးကို ဖယ်ရှားရန် ကြိုးစားခဲ့သည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လျန်နိုင်ငံကို ဝိန်းယွီတစ်ယောက်တည်းမှတစ်ဆင့် ထိန်းချုပ်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ ဝိန်းယွီသမီး၏ဖခင်သည် ချီအဖွဲ့မှဖြစ်ပါက သူတို့၏ကြိုးပမ်းမှုအားလုံးသည် နောက်ဆုံးတွင် အခြားသူများကိုသာ အကျိုးပြုသွားလိမ့်မည်။

နံရံမီးတိုင်ရှိ သစ်စေးသည် ကုန်လုနီးပါးဖြစ်နေပြီး ၎င်း၏မီးတောက်က မှေးမှိန်လာ၏။ မူလကတည်းက မှိန်ပျနေသော နှိပ်စက်ခန်းသည် ပိုမှောင်လာကာ ရှောင်းလိ၏မျက်နှာအမူအရာကို ခွဲခြားသိမြင်ရန် မဖြစ်နိုင်တော့ပေ။ နက်ရှိုင်းပြီး အေးစက်နေသော သူ၏အသံကိုသာ ကြားနိုင်တော့သည်။

"ဒါဆို သူ့သမီးရဲ့အဖေက ဘယ်သူလဲ"

ယန်ကျန်းသည် သေလုမျောပါး လဲလျောင်းနေရင်း "ဒီစစ်သူကြီးက တကယ် မသိပါဘူး။ ဒါပေမဲ့ မင်းသမီးက ချီအဖွဲ့ကို အမြဲတမ်း အလွန်ယုံကြည်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က သူတို့ထဲက ထူးချွန်တဲ့ လူငယ်လေးတွေ အများကြီးကို ရာထူးတိုးပေးခဲ့ပါတယ်..."

ရှောင်းလိသည် တိတ်ဆိတ်နေလေသည်။ စစ်ကြောရေးခန်းထဲရှိ လေထုသည် မြင့်တက်လာသော ဒီရေများကဲ့သို့ အသက်ရှူရခက်ခဲစေကာ ပိုမွန်းကျပ်လာ၏။

အချိန်အတော်ကြာပြီးနောက်တွင် နောက်ဆုံး၌ သူက လက်ဟန်ပြလိုက်လေသည်။

ဝံပုလွေတပ်သားသည် ယခုအခါ ခွေးသေတစ်ကောင်နှင့်တူနေသော ယန်ကျန်းကို ညှဉ်းပန်းစင်မှ ဖြုတ်ချလိုက်ပြီး အပြင်သို့ ဆွဲထုတ်သွား၏။

ဂျိန်းခနဲအသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့်အချိန်အထိ ရှောင်းလိသည် သွေးများရွှဲနစ်နေသော နှိပ်စက်ခန်းထဲတွင် အချိန်အတော်ကြာ တစ်ယောက်တည်း ထိုင်နေလိုက်၏။ သူသည် ထိုခိုင်ခန့်မာကြောသည့် သစ်တော်သား အရာရှိကုလားထိုင်၏ လက်တန်းကို လက်ဗလာဖြင့် ချေမွပစ်လိုက်၏။

တစ်နေ့လုံး မိုးဖွဲဖွဲလေး ရွာသွန်းနေခဲ့၏။ ညနေစောင်းလာသည်နှင့်အမျှ လေသည် ကြမ်းတမ်းလာသည်။ ပြတင်းပေါက်တစ်ခုကို သေချာစွာ မပိတ်ထားသောကြောင့် ခန်းမ၏ထိုထောင့်ရှိ ခန်းဆီးများသည် အပြင်းအထန် လွင့်ဝဲနေလေသည်။

ဝိန်းယွီသည် ရှစ်ထောင့်ပုံစံ နန်းတော်မီးအိမ်ရှေ့တွင် ရပ်နေကာ စာလိပ်တစ်ခုကို တိတ်ဆိတ်စွာ ဖတ်နေ၏။

ဝံပုလွေတပ်သားများသည် ကျောက်ဟွာနန်းဆောင်ကို ဝန်းရံထားပြီး သူမကို အပြင်မထွက်နိုင်အောင် တားဆီးထားသည်။ ထမင်းစားချိန်များတွင်သာ နန်းတွင်းအစေခံများက အစားအသောက် လာပို့ကြလေသည်။

လေတိုက်သံနှင့် ခေါင်မိုးစွန်းမှ ရေပေါက်ကျသံများသာရှိသည့် ဤတိတ်ဆိတ်မှုကြားတွင် ခန်းမအပြင်ဘက်ရှိ ခြံဝင်းထဲမှ အလျင်စလို ခြေသံများသည် ရုတ်တရက် နီးကပ်လာ၏။

ခဏအကြာတွင် ခန်းမတံခါးကို ခေါက်လိုက်ပြီး ပြောလိုက်လေသည်။

"မင်းသမီး အိပ်ရာဝင်ပြီလား"

၎င်းမှာ ဝံပုလွေတပ်သားပင်။

ဝိန်းယွီက မေးလိုက်လေသည်။ "ဘာကိစ္စရှိလို့လဲ"

အပြင်ဘက်ရှိ ဝံပုလွေတပ်သားက ပြန်ဖြေလိုက်လေသည်။ "နယ်စားက ဆွေးနွေးစရာရှိလို့ ညီလာခံခန်းမကို ကြွပေးဖို့ တောင်းဆိုပါတယ်"

ဝိန်းယွီ၏ သွယ်လျသောမျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားပြီး ရှောင်းလိက ဤအချိန်ကြီးတွင် သူမကို ညီလာခံခန်းမသို့ ဘာကြောင့်ဆင့်ခေါ်ရသည်ကို နားမလည်နိုင်အောင် ဖြစ်သွားလေသည်။ ယနေ့မွန်းလွဲပိုင်းက သူတို့၏စကားပြောဆိုမှုသည် သာယာမှုနှင့် အလှမ်းဝေးခဲ့သည် မဟုတ်ပါလား။

သို့သော် ၎င်းသည် အမတ်များ နိုင်ငံရေးဆွေးနွေးမှုများအတွက် စုဝေးရာ ရှေ့ခန်းမဖြစ်သောကြောင့် သူ ဆွေးနွေးရန် အရေးကြီးသောကိစ္စများ ရှိနေမည်သာ။

ဝိန်းယွီသည် စာလိပ်ကို ချလိုက်ပြီး အပြင်ဘက်သို့ တည်ငြိမ်စွာ ပြောလိုက်၏။ "ခဏစောင့်ပါ"

မကြာမီမှာပင် ဝိန်းယွီသည် လေကိုကာကွယ်ရန် ဒေါင်းပြာရောင် ဝတ်ရုံကို ခြုံထားလျက် သူမ၏အိပ်ခန်းထဲမှ ထွက်လာ၏။ မိုးဖွဲဖွဲလေးက ဆက်လက်ရွာသွန်းနေဆဲပင်။ ဝံပုလွေတပ်သား အစောင့်သည် သူမ၏ မွန်မြတ်သောမျက်နှာသွင်ပြင်ကို မကြည့်ဝံ့ဘဲ ခေါင်းကို တစ်ဝက်ငုံ့ထားလေသည်။ ဝိန်းယွီက ပြောလိုက်၏။

"သွားရအောင်"

ထိုအခါမှသာ သူသည် လမ်းပြရန် ရိုသေလေးစားစွာဖြင့် လှည့်ထွက်လာလိုက်သည်။

ဝိန်းယွီသည် သူမ၏ထီးကိုဖွင့်လိုက်ပြီး အဆုံးမရှိသော ညမိုးကြောင့် ကျန်ရစ်ခဲ့သည့် စိုစွတ်နေသော ခြေရာများထဲသို့ လှမ်းဝင်သွားလေသည်။

ညီလာခံခန်းမသို့ ရောက်သောအခါ အပြင်ဘက်တွင် ဝံပုလွေတပ်သား အစောင့်အနည်းငယ်သာ တပ်စွဲထားသည်ကို သူမ သတိထားမိလိုက်၏။ အစောင့်လိုက်ပါလာသူက သူမ ရောက်ရှိကြောင်းကို အထဲသို့ဝင်၍ အသိပေးနေစဉ် အပြင်ဘက်တွင် ခဏစောင့်ရန် သူမကို တောင်းဆိုထားခဲ့သည်။ ဝိန်းယွီသည် အထဲမှ တစ်ခုခု ကွဲကြေသွားသောအသံနှင့်အတူ "အစ်ကို(၂)၊ ဆက်မသောက်နဲ့တော့!" ဟူသော တိုးညှင်းသည့် အော်သံကိုပင် ကြားလိုက်ရလေသည်။

ဝိန်းယွီ၏မျက်ခုံးများက အနည်းငယ် ကျုံ့သွားသော်လည်း သူမ ဆက်မတွေးရသေးခင်မှာပင် ခန်းမထဲမှ အလျင်စလို ခြေသံများ ထွက်ပေါ်လာ၏။

သူမရောက်ကြောင်း အသိပေးရန် သွားခဲ့သော အစောင့်နှင့်အတူ ထွက်လာသူမှာ မျက်နှာတစ်ဝက် ဖုံးနေသည့် မုတ်ဆိတ်များနှင့် ခန္ဓာကိုယ်တောင့်တောင့် အသားမည်းမည်း အမျိုးသားတစ်ဦး ဖြစ်သည်။ ဝိန်းယွီကို မြင်သည်နှင့် သူသည် ပြုံးရွှင်သွားပြီး နှုတ်ဆက်လိုက်၏။ "မရီး!"

ဝိန်းယွီ၏ တွန့်ချိုးနေသောမျက်ခုံးများက ပြေလျော့မသွားပေ။ သူမ သူ့ကို မှတ်မိသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ထုန်ချန်ရှိ ရှောင်းမိသားစုက သူမကို ခေါ်ယူစောင့်ရှောက်ခဲ့စဉ်က ဤအမျိုးသားသည် ရှောင်းအိမ်သို့ လာရောက်လည်ပတ်ခဲ့ပြီး ရှောင်းလိနှင့် ပုံမှန်မဟုတ်သော ခင်မင်ရင်းနှီးမှု ရှိပုံရလေသည်။

"နယ်စားက ကျွန်မနဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ကိစ္စတွေ ရှိတယ်လို့ ကြားတယ်" မိုးရာသီညတွင် သူမ၏အသံက ပိုလို့ပင် ရှင်းလင်းစွာ ထွက်ပေါ်လာ၏။

ကျန်းဟူသည် ခေါင်းကိုကုတ်ကာ "အင်း၊ အာ" ဟု နှစ်ကြိမ်ခန့် ရေရွတ်လိုက်ပြီး ဝိန်းယွီမှလွဲ၍ သူ၏မျက်လုံးများက နေရာအနှံ့သို့ ဝေ့ဝဲနေလေသည်။

တော်ဝင်အကျဉ်းထောင်မှ ပြန်လာကတည်းက ရှောင်းလိသည် ညီလာခံခန်းမထဲတွင် စကားတစ်ခွန်းမှမပြောဘဲ မှုန်ကုပ်ကုပ်ဖြင့် အရက်သောက်နေခဲ့၏။ ကျန်းဟူသည် သူ့ကို မဖြောင်းဖျနိုင်သလို သူ့ထံမှ မည်သည့်အဖြေကိုမျှလည်း မရနိုင်ခဲ့ပေ။ သူ စဉ်းစားနိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းသည် ဝိန်းယွီနှင့် သက်ဆိုင်နေရမည်ဟူ၍သာ။

ရှောင်းလိ၏ အရက်ခံနိုင်ရည်ကို ထည့်တွက်ပါက ဤကဲ့သို့သောက်ခြင်းက ပြဿနာတက်စေလိမ့်မည်။ ထို့ကြောင့် ရှောင်းလိက ဝိန်းယွီကို တွေ့လိုသည်ဟု သူက လိမ်လည်ပြောဆိုခဲ့ပြီး ကျောက်ဟွာနန်းဆောင်သို့ သူမကိုခေါ်ရန် လူတစ်ဦးကို အမြန်စေလွှတ်ခဲ့ခြင်းပင်။

ရှောင်းလိကိုယ်စား စကားအနည်းငယ် ပြောချင်ခဲ့သော်လည်း နောက်ဆုံးအကြိမ် ဝိန်းယွီကို သူမြင်တွေ့ခဲ့ရသည်မှာ အဝေးမှသာ ဖြစ်သည်။ ယခု နတ်ဘုရားမနှင့်တူသော ဤပုဂ္ဂိုလ်က သူ့ရှေ့တည့်တည့်တွင် ရပ်နေသောအခါ သူ၏ကို့ယို့ကားယား အခြေအနေက သူမကို မတော်တဆ စော်ကားမိပြီး ရှောင်းလိကို အရှက်ခွဲမိမှာ စိုးရိမ်ပြီး ဝိန်းယွီက သူတို့လို လူကြမ်းအဖွဲ့ကို ပိုလို့ပင် အထင်သေးသွားမှာ ကြောက်ရွံ့နေမိကာ ဝိန်းယွီ၏မျက်နှာကိုပင် မကြည့်ဝံ့တော့ချေ။

ရှောင်းလိ၏အခြေအနေကို ပြောပြရန် သူ၏ကြမ်းတမ်းသော ပါးစပ်ကိုဖွင့်ဖို့ နေနေသာသာ။ သူသည် "အင်း၊ အာ" ဟု အကြိမ်အနည်းငယ် ရေရွတ်ပြီးနောက် အထဲသို့ဖိတ်ခေါ်သည့် လက်ဟန်အမူအရာကို ပြုလုပ်ကာ စကားထစ်ငေါ့စွာဖြင့် ပြောလိုက်လေသည်။

"ကျွန်တော့်... ကျွန်တော့် အစ်ကို(၂)က အထဲမှာရှိတယ်၊ ဝင်သွားလို့ရတယ်"

ဤသို့ပြောပြီးနောက် သူသည် ဝိန်းယွီကို ခေါ်လာသော ဝံပုလွေတပ်သား အစောင့်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး နှစ်ယောက်သား မြန်မြန် ထွက်သွားလိုက်လေသည်။

သူတို့ထွက်ခွာသွားသော ကျောပြင်များကို ကြည့်ရင်း ဝိန်းယွီက အနည်းငယ် ထူးဆန်းနေသည်ဟု ထင်လိုက်မိ၏။ ခန်းမအဝင်ဝတွင် ခဏတာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် သူမသည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။

ကြီးမားလှသော ခန်းမကြီးသည် မြင့်မားသော ဖယောင်းတိုင်များဖြင့် လင်းထိန်နေပြီး သူမ၏ ရှည်လျားသောအရိပ်က အဝင်ဝတွင် အစကတည်းက ကျရောက်လို့နေသည်။ ညလေက အထဲသို့ ဝင်ရောက်လာပြီး အခန်းထဲတွင် ပြည့်နှက်နေသော အရက်နံ့များကို အတင်းအကျပ် တွန်းထုတ်ပစ်လိုက်၏။ ဝိန်းယွီသည် ထိုအနံ့ကို ရလိုက်ပြီးနောက် သူမ၏မျက်ခုံးများက ပိုလို့ပင် တင်းကျပ်စွာ တွန့်ချိုးသွားလေသည်။

သူမသည် အထက်မြင့်မားသောနေရာတွင် ထိုင်နေသည့်သူဆီသို့ အကြည့်ကို ပင့်တင်လိုက်သည်။ သူ မည်မျှသောက်ထားပြီးဖြစ်ကြောင်း မသေချာသော်လည်း တော်ဝင်ပလ္လင်အောက်တွင် အရက်အိုးအလွတ်များက ပြန့်ကျဲနေလေသည်။

သူ့ကို ရစ်ပတ်နေသော မှုန်မှိုင်းပြီး အနည်းငယ် ကြမ်းတမ်းသည့် အငွေ့အသက်များနှင့်အတူ သူ၏ အလွန်တရာ ထက်မြက်နေသော မျက်လုံးများနှင့် မျက်ခုံးများသည် သူ၏မူးယစ်နေသောအခြေအနေကို ဖုံးကွယ်ထားသောကြောင့် သူ သတိရှိနေသလား သို့မဟုတ် မူးနေသလားဆိုသည်ကိုတော့ ခဏအတွင်း ခွဲခြားမရနိုင်ချေ။

သူမသည် ဖြည်းညင်းစွာ ရှေ့သို့တိုးသွားပြီး ပလ္လင်နားသို့ ချဉ်းကပ်သွား၏။ ထိုအခါမှသာ သူသည် နောက်ဆုံး၌ သတိပြုမိသွားပုံရပြီး ဝံပုလွေနှင့်တူသော ရက်စက်ကြမ်းကြုတ်သည့် မျက်လုံးတစ်စုံကို မော့ကာ သူမကို ကြည့်လိုက်လေသည်။

ခန်းမတံခါးများကို ဖွင့်ထားခဲ့ပြီး ရံဖန်ရံခါဆိုသလို လျှပ်စီးရောင်များက အခန်းထဲသို့ အဖြူရောင်အလင်းတန်းများလို ကျလာပြီး အရာအားလုံးကို အေးစက်ဖြူဖျော့သော အသွင်အပြင်ဖြစ်အောင် ဖန်တီးထားသည်။

ဝိန်းယွီ၏ဝတ်ရုံက သူမ၏ဖိနပ်ထိပ်များအထိ တွဲလောင်းကျနေပြီး သူမ၏မျက်နှာက ကျောက်စိမ်းတစ်ပွင့်နှယ်ဖြစ်ကာ သူမ၏မျက်နှာသွင်ပြင်သည် အေးစက်ပြီး သူစိမ်းဆန်နေ၏။ လင်းထိန်သွားသည့် လျှပ်စီးရောင် လွှမ်းခြုံထားသော သူမသည် ကျောက်စိမ်းဖြင့် ထုဆစ်ထားသော နတ်ဘုရားမတစ်ပါးနှင့် တူနေလေသည်။ သူမသည် ပလ္လင်ပေါ်ရှိလူကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။

"ရှောင်းနယ်စားမင်းက ဒီမင်းသမီးရဲ့ တော်ဝင်နန်းတော်ကို သိမ်းပိုက်နိုင်လို့ အောင်ပွဲခံနေတာလား"

...

All Chapters