← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အပိုင်း (၂၃၀.၁)

ဖေယွမ်သည် သူ့ဒူးလေးကို ရေ‌အောက်ဘက်သို့ စိုးရိမ်တကြီး ဆက်တိုက် ချိန်ရွယ်ထား၏။ လှေကြီးက ကမ်းကပ်ထားပြီးဖြစ်ကာ ဆိပ်ကမ်းပေါ်က သက်လတ်ပိုင်းအရွယ်လူကြီးသည် မျိုးနွယ်ဘာသာစကားဖြင့် တစ်စုံတစ်ခုကို ကြမ်းကြမ်းတမ်းတမ်း အော်ပြောလိုက်ပြီးနောက်တွင် သိမ်းအမဲလိုက်ခွေးများမှလွဲ၍ အားလုံးက လှေပေါ်မှ ဆင်းလာကြလေသည်။

ဖေယွမ်သည် နည်းနည်းလောက် ထပ်စောင့်ချင်သေးသော်လည်း ရေမျက်နှာပြင်က တည်ငြိမ်နေလေ၏။ သူ့မျက်နှာအမူအရာက ညိုမဲသွားပြီး ရှောင်းလိတို့အဖွဲ့က ရေအောက်ထဲတွင် အကြာကြီး ပုန်းနေနိုင်လိမ့်မည်ဟု ယုံကြည်ရန် ငြင်းဆန်နေမိတော့သည်။ ဒေါသက သူ့ကို ကြိတ်ချေလိုက်သည်နှင့်တပြိုင်နက် သူ့အနောက်ဘက် ရေကုန်းတဝက်ရေတဝက်လွှမ်းနေသည့် မြက်ခင်းဘက်မှ ရေပွက်သံများကို ကြားလိုက်ရ၏။

သွားများပေါ်လာသည်ထိ ရက်စက်အပြုံးက ဖေယွမ်၏မျက်နှာပေါ်တွင် ထင်ရှားလာခဲ့သည်။ သူသည် အသံလာရာဖက်သို့ သူ့ဒူးလေးပေါ်က မောင်းတံများကို ချက်ချင်း ပစ်လွှတ်လိုက်တော့သည်။ သို့သော်ငြား အကွာအဝေးက ကြီးလွန်းနေသည်။ မြားတစ်ချောင်းမှ ပစ်မှတ်ကို မထိမိသလို ရေမျက်နှာပြင်ပေါ်တွင်လည်း သွေးစွန်းရာများ ပေါ်မလာချေ။

ဖေယွမ်သည် လှေလှော်နေကြသည့် သိမ်းငှက်အမဲလိုက်ခွေးကို အမိန့်ပေးလိုက်၏။ “သူတို့နောက်ကို လိုက်”

သိမ်းငှက်အမဲလိုက်ခွေးက သူ့လှော်တက်ကိုသုံးကာ လှေကိုဆွဲလှည့်ပြီး မြက်ခင်းရှိရာဖက်သို့ လှည့်လိုက်သော်လည်း ရုတ်တရက်ဆိုသလို ကြီးမားလှသည့် အားတစ်ခုက အောက်ဘက်မှနေ၍ လှော်တက်ကို ဆောင့်ဆွဲလိုက်၏။

အလန့်တကြား အော်သံတစ်ခုနှင့်အတူ သိမ်းငှက်အမဲလိုက်ခွေးသည် ရေထဲသို့ ဆွဲချခံလိုက်ရတော့သည်။

အဝေးက မြက်ခင်းကို ဒူးလေးနှင့် ချိန်ရွယ်ထားသည့် ဖေယွမ်သည် ချက်ချင်း လှည့်ကြည့်လိုက်သော်လည်း ရေထဲပြုတ်ကျသွားသည့် သိမ်းငှက်အမဲလိုက်ခွေးဆီမှ လွှင့်စင်လာသည့်ရေများက သူ့မျက်နှာကို လာစင်သွားလေသည်။ သူက သူ့ဒူးလေးကို အလျင်စလို မောင်းတက်လိုက်ပြီး ရေမျက်နှာပြင်ပေါ်တွင် သွေးကွက်ကြီးတစ်ခု ပေါ်လာသည်အထိ မြားများကို ရေထဲသို့ ဆက်တိုက် ပစ်လွှတ်လိုက်လေသည်။

သို့တိုင်း ရေပေါ်တက်လာသူ တစ်ယောက်မှ မရှိသေးချေ။ ဖေယွမ်သည် ဒူးလေးကို ဆက်ပစ်ချင်သေးသော်လည်း သူ့ဒူးလေးပေါ်က မြားစာများက မရှိတော့ချေ။

ဆက်တိုက်ဆိုသလို ရေမျက်နှာကို သတိဖြင့် ကြည့်နေရင်း သူသည် မြားကျည်တောက်ထဲက မြားတိုများကို လှမ်းယူကာ ကမ်းခြေဖက်သို့ လှမ်းအော်လိုက်လေသည်။ “ရှောင်းလိက ငါ့လှေအောက်မှာ၊ ပစ်ကြ”

ကမ်းပေါ်က အမဲလိုက်ခွေးများနှင့် လှေပေါ်တွင် ကျန်နေကြသေးသူများသည် သူတို့၏ဒူးလေးများကို မြန်မြန်မြောက်ကာ ဖေယွမ်၏လှေအောက်ဘက်ကို ချိန်ရွယ်လိုက်ကြသည်။

သူတို့ဖက်က မြားများကို မပစ်လွှတ်ရသေးခင်မှာပင် လှေသည် ကြီးမားသောအင်အားဖြင့် ဝင်တိုက်ခံလိုက်ရ၏။ ဖေယွမ်သည် ဟန်ချက်ပျက်ကာ ယိုင်လဲလုနီးပါးဖြစ်သွားပြီး သူထည့်နေသော မြားအများစုသည်လည်း ပြန့်ကျဲသွားလေသည်။

ထိတ်လန့်မှုသည် ဖေယွမ်၏မျက်နှာထက်တွင် ဖြတ်ပြေးသွား၏။ နောက်တစ်ခဏတွင် သူ၏ခြေသလုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး ပြင်းထန်သော ဆွဲငင်မှုတစ်ခုကြောင့် ရေထဲသို့ လိမ့်ကျသွားတော့သည်။

ဖေယွမ်တစ်ယောက် ရေထဲရောက်သွားသဖြင့် ကမ်းပေါ်နှင့် သင်္ဘောပေါ်ရှိ သိမ်းငှက်အမဲလိုက်ခွေးများသည် မပစ်ရဲကြတော့ဘဲ အထိတ်တလန့်ဖြင့် အော်ဟစ်လိုက်ကြသည်။ "တပ်မှူး"

အစောပိုင်းက ရေထဲပြုတ်ကျသွားသည့် သိမ်းငှက်အမဲလိုက်ခွေး၏ ရုပ်အလောင်းသည် သွေးစွန်းနေသော ရေကန်ထဲမှ ဖြည်းညှင်းစွာ ပေါ်ထွက်လာ၏။ ရှောင်းလိက ရေထဲမှ သူရယူထားသော မြားတိုတစ်ချောင်းကို ဖေယွမ်၏လည်ချောင်းတွင် ထောက်ထားကာ သူ့ကို ဒိုင်းအဖြစ်အသုံးပြု၍ ကမ်းစပ်ဆီသို့ ရေကူးသွားလေသည်။ သူ၏စိုစွတ်နေသော ဆံပင်များသည် မျက်နှာပေါ်တွင် ရှုပ်ပွနေသော်လည်း သူ၏မျက်လုံးများကတော့ ယခင်ကကဲ့သို့ပင် မှောင်မိုက်ကာ ကြမ်းကြုတ်နေဆဲ။

သူက ကုန်းပေါ်ရှိ သိမ်းငှက်အမဲလိုက်ခွေးများကို အေးစက်စွာ ပြောလိုက်လေသည်။ "ဟန့်ယန်ကို ပေးစမ်း"

သိမ်းငှက်အမဲလိုက်ခွေးများသည် မရေမရာ အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ရှောင်းလိ၏ မြားဖြင့် ချိန်ရွယ်ထားခြင်းခံရသော ဖေယွမ်သည် သူ့လက်အောက်ငယ်သားများဖက်သို့ ကပျာကယာ အချက်ပြလိုက်သည်။ "မြန်မြန်... မြန်မြန်လုပ်၊ သူ့ကို မင်းသမီးဟန့်ယန် ပေးလိုက်ကြ"

သိမ်းငှက်အမဲလိုက်ခွေးများသည် သင်္ဘောကြီးပေါ်မှ သူမကို သွားခေါ်ဟန်ဆောင်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ ထိုအတောအတွင်း စောစောက ဆင်းလာသော လူလတ်ပိုင်းအရွယ်အမျိုးသားက ၎င်းတို့၏အနောက်ဘက် အမြင့်တစ်နေရာမှ ဖေယွမ်ကို ဖမ်းဆီးထားသော ရှောင်းလိဆီသို့ သူ့လေးကို ဆွဲကာ ချိန်ရွယ်လိုက်လေသည်။

ရှောင်းလိက ထိုအရာကို ခံစားမိပုံရသည်။ လူလတ်ပိုင်းအရွယ်အမျိုးသားကို သူ မော့ကြည့်လိုက်ချိန်တွင် တောက်ပသောနေရောင်အောက်၌ အေးစက်စွာ တောက်ပနေသော မြားတစ်စင်းသည် သူ့ဆီသို့ အရှိန်ပြင်းစွာ လာနေပြီဖြစ်၏။ ထိုအချိန်မှာပင် ရှောင်းလိ၏ ဖမ်းဆီးခြင်းခံထားရသော ဖေယွမ်သည် ပို၍နိမ့်အောင် ဝပ်လိုက်ပြီး ရေအောက်တွင် သူ့ကို အားကုန်သုံးကာ တွန်းလိုက်ရင်း ရှောင်းလိကို မြား၏လမ်းကြောင်းထဲသို့ ရောက်သွားစေရန် ကြိုးစားလိုက်လေသည်။

ရှောင်းလိသည် မြားတိုကို အားဖြင့် ဖေယွမ်၏လည်ပင်းထဲသို့ ချက်ချင်း ထိုးသွင်းလိုက်၏။ ဖေယွမ်သည် လည်ချောင်းကို ထိမှန်မည့် သေစေနိုင်သောတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း မြားတိုက သူ့ပခုံးရိုးကို ဖောက်ထွက်လုနီးပါးဖြစ်သွားသဖြင့် သူ့ထံမှ နာကျင်စွာ အော်ဟစ်သံကို ထွက်ပေါ်လာတော့သည်။ အရှိန်ဖြင့် လာနေသောမြားကို ရှောင်းလိက လက်ဖဝါးထဲတွင် ခိုင်မြဲစွာ ဖမ်းဆုပ်ထားလိုက်သော်လည်း သူ့လက်ချောင်းများကြားမှ သွေးများ ယိုကျလာ၏— မြား၏အရှိန်က ပိုပြင်းလွန်းသဖြင့် သူ မဖမ်းဆုပ်မီ သူ၏လက်ကို ပွတ်တိုက်သွားခြင်းပင်။

ရှောင်းလိက ပစ်လိုက်သောမြားကို လက်ဗလာဖြင့် ဖမ်းမိသွားသည်ကို မြင်လိုက်ရသောအခါ ထိုလူလတ်ပိုင်းအရွယ်အမျိုးသားသည် မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

ရှောင်းလိသည် မြားရှည်ကို ချက်ချင်း လှည့်လိုက်ပြီး ဖေယွမ်၏ကျောပြင်ထဲသို့ အားနှင့် ထိုးသွင်းလိုက်လေသည်။ ဖေယွမ်သည် နာကျင်မှုကြောင့် ထပ်မံအော်ဟစ်လိုက်ပြီး ပရမ်းပတာဖြစ်နေသည့်ကြားမှ သူ၏ဖိနပ်ထဲတွင် ဝှက်ထားသော ဓားမြှောင်ကို ဆွဲထုတ်ကာ ရှောင်းလိကို လှမ်းထိုးရန် ကြိုးစားလိုက်သော်လည်း သူ၏လက်ကောက်ဝတ်အရိုးများက ရှောင်းလိ၏ ချိုးပစ်ခြင်းကိုသာ ခံလိုက်ရ၏။

နာကျင်မှုကြောင့် ဖေယွမ်၏လည်ပင်းပေါ်ရှိ သွေးကြောများ ဖောင်းကြွလာကာ သူ၏မျက်နှာသည်လည်း နာကျင်မှုဖြင့် ရှုံ့မဲ့သွားလေသည်။

ရှောင်းလိ၏ပခုံးတွင် စူးဝင်နေသောမြားသည် ၎င်း၏ရိုးတံ ကျိုးပဲ့သွားပြီး သူ၏အဝတ်အစားပေါ်ရှိ သွေးအများစုသည်လည်း ရေထဲတွင် ဆေးကြောသန့်စင်ပြီးဖြစ်၏။

သူ၏မျက်နှာက ဖြူလျော်ကာ ကြမ်းကြုတ်နေပြီး သူက ထပ်တောင်းလိုက်လေသည်။ "ဟန့်ယန် ဘယ်မှာလဲ"

"သူ... သူက..."

ဖေယွမ်သည် နာကျင်မှုကြောင့် ချွေးစေးများ ရွှဲနစ်နေသော်လည်း သူ၏မျက်လုံးများထဲတွင် ရက်စက်သည့် ပြတ်သားမှုတစ်ခုက ပုန်းကွယ်နေဆဲ။ ရုတ်တရက် သူသည် နောက်ထပ် မချိမဆန့် အော်ဟစ်လိုက်၏။

ရှောင်းလိက ကျိုးနေသော သူ၏လက်မောင်းကို ပိုပြင်းထန်စွာ လိမ်ချိုးလိုက်ပြီး ဟိန်းဟောက်လိုက်လေသည်။ "သူ ဘယ်မှာလဲ"

နောက်ဆုံးတွင် နာကျင်မှုကို မခံနိုင်တော့ဘဲ ဖေယွမ်သည် အမှန်တရားကို ပြောပြလိုက်ရတော့သည်။ "သူ ဒီမှာ မရှိဘူး၊ ငါတို့ သူ့ကို ဖမ်းမမိခဲ့ပါဘူး..."

လူလတ်ပိုင်းအရွယ်အမျိုးသားက ရှောင်းလိကို စိုက်ကြည့်ကာ "ဖူလီ" ဟူသော စကားလုံးကို ရေရွတ်လိုက်ပြီးနောက် သူ့လေးကို နောက်တစ်ကြိမ် ဆွဲကာ ရှောင်းလိဆီသို့ ချိန်ရွယ်လိုက်သည်။ သူ၏လက်အောက်ငယ်သားများကလည်း ထိုအတိုင်း လိုက်လုပ်ကာ သူတို့၏လေးများတွင် မြားများကို တပ်ဆင်လိုက်ကြ၏။

၎င်းကို မြင်လိုက်ရသော သိမ်းငှက်အမဲလိုက်ခွေးများက အလျင်အမြန် အော်ဟစ်လိုက်ကြသည်။ "ငါတို့တပ်မှူး အဲ့ဒီမှာ ရှိနေသေးတယ်လေ၊ မပစ်နဲ့"

ဘာသာစကားနှစ်မျိုးလုံးကို နားလည်သော သိမ်းငှက်အမဲလိုက်ခွေး သေဆုံးသွားပြီဖြစ်၍ နှစ်ဖက်ကြား ဆက်သွယ်ပြောဆိုရန် ခက်ခဲသွားစေသည်။ သို့သော် သိမ်းငှက်အမဲလိုက်ခွေးများက သူတို့ကို မပစ်ရန် တားဆီးချင်ပုံရသည်ကို သတိထားမိသော လူလတ်ပိုင်းအရွယ်အမျိုးသားက နောက်ဆုံးတွင် မတတ်တစ်ခေါက် ရုံးသုံးဘာသာစကားဖြင့် ပြောလိုက်လေသည်။ "အဲ့ဒါ ဖူလီပဲ၊ ဝံပုလွေ"

ထိုသို့ပြောပြီးနောက် သူသည် လက်ကိုမြှောက်ကာ သူ့လက်အောက်ငယ်သားများကို မြားများပစ်လွှတ်ရန် အချက်ပြလိုက်၏။ သို့သော် ကူးတို့ဆိပ်နောက်ဘက်ရှိ တရားဝင်လမ်းမကြီးဆီမှ ပုံမှန်မဟုတ်သော ထူထပ်လှသည့် မြင်းခွာသံများ ထွက်ပေါ်လာပြီး ဆိပ်ခံတံတားရှိ ကျောက်စရစ်ခဲများကို ခပ်သဲ့သဲ့ တုန်ခါသွားစေသည်။

လူလတ်ပိုင်းအရွယ်အမျိုးသားက တရားဝင်လမ်းမကြီးဆီသို့ ပြန်ကြည့်လိုက်ရာ မီးတောက်ကဲ့သို့ တောက်ပနေသော "လျန်" အလံက မြွေလိမ်မြွေကောက် လမ်းကြောင်းတစ်လျှောက်တွင် လွင့်ပျံနေသည်ကို မြင်လိုက်ရလေသည်။ သူ၏လက်အောက်ငယ်သားများက ထိတ်လန့်နေပုံဖြင့် သူတို့၏မျိုးနွယ်စုဘာသာစကားဖြင့် သူ့ကို တစ်စုံတစ်ရာ ပြောလိုက်ကြ၏။

ရှောင်းလိဆီသို့ နောက်ထပ် မြားနှစ်စင်း ပစ်လွှတ်ပြီးနောက် ထိုအမျိုးသားက အမိန့်တစ်ရပ်ကို အော်ဟစ်လိုက်ပြီး သူ့လူများကို ဦးဆောင်ကာ တရားဝင်လမ်းမကြီး၏ အခြားတစ်ဖက်သို့ ဆုတ်ခွာသွားလေသည်။ ကမ်းပေါ်တွင် ရှိနေဆဲဖြစ်သော သိမ်းငှက်အမဲလိုက်ခွေးများကလည်း တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် ဆုတ်ခွာသွားကြ၏။

မကြာမီ လျန်စစ်တပ် ရောက်ရှိလာသည်။ ကုရှီးယွင်က သူမ၏လက်ထောက်ကို အဖွဲ့တစ်ဖွဲ့အား ဦးဆောင်ကာ လိုက်လံဖမ်းဆီးရန် အမိန့်ပေးလိုက်ပြီး သူမကိုယ်တိုင်မူ ကူးတို့ဆိပ်ဆီသို့ မြင်းစီးသွားလိုက်သည်။

ရှောင်းလိက ဖေယွမ်ကို သေနေသောခွေးတစ်ကောင်ကဲ့သို့ ကမ်းပေါ်သို့ ဆွဲတင်လာပြီး သူ၏ခန္ဓာကိုယ်တွင်လည်း သွေးကွက်ကြီးများ စွန်းထင်းနေသည်ကို ကြည့်ကာ သူမက ပြောလိုက်လေသည်။ "မြောက်ပိုင်းနယ်စပ်က လူကြီးမင်းရှောင်း၊ ရှင့်ရဲ့ဂုဏ်သတင်းကို ကျွန်မ ကြားနေရတာ ကြာပါပြီ"

သူမ လက်ခံရရှိထားသော အရေးပေါ်သတင်းမှာ ရှောင်းလိသည် တော်ဝင်နန်းတော်ကို ဝန်းရံရန် တပ်များကို ဦးဆောင်ခဲ့သည်ဟူ၍ဖြစ်ရာ သူမ၏စကားများတွင် တင်းမာမှုအရိပ်အယောင်တစ်ခု ပါဝင်နေ၏။

ရှောင်းလိက သူ၏သွေးရောင်လွှမ်းနေသော မျက်လုံးများကို ဖြည်းညှင်းစွာ မော့လိုက်ပြီး သူ့အသံက အက်ကွဲနေကာ မေးခွန်းတစ်ခုတည်းကိုသာ မေးလိုက်လေသည်။ "ဝိန်းယွီ ဘယ်မှာလဲ"

ဝံပုလွေမြင်းတပ်မှ ရေကန်ထဲမှ ကယ်တင်လာသော အမျိုးသမီးသည် သတိပြန်လည်လာပြီး ယခုအခါ ကမ်းပေါ်တွင် ဒူးထောက်ကာ ရေကန်အလယ်ဆီသို့ မျက်နှာမူလျက် ခါးသီးစွာ ငိုကြွေးနေလေသည်။ "ကျွန်မယောက်ျား... အို... ကျွန်မယောက်ျား..."

သံချပ်ကာဝတ်ဆင်ထားပြီး တပ်များကို ဦးဆောင်လာသော ကုရှီးယွင်ကို မြင်သောအခါ သူမက အဆင့်မြင့်အရာရှိတစ်ဦးဟု ယူဆကာ သူမထံသို့ အော်ဟစ်လိုက်လေသည်။ "စစ်သူကြီး... ကျွန်မနဲ့ ကျွန်မယောက်ျားအတွက် တရားမျှတမှု ရှာပေးပါရှင်။ ကျွန်မတို့က ကူးတို့လုပ်ငန်းလေး လုပ်ကိုင်တာပါ၊ ကျွန်မတို့လှေကို လုယူပြီး ကျွန်မယောက်ျားကို သတ်သွားတဲ့ ဓားပြတွေရဲ့ တိုက်ခိုက်တာ ခံရလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ပါဘူး..."

ကုရှီးယွင်နှင့်အတူ ပါလာသော ချင်းယွင်မြင်းတပ်က ကူးတို့ဆိပ်ရှိ သိမ်းငှက်အမဲလိုက်ခွေးရုပ်အလောင်းအချို့ကို ခွဲခြားလိုက်ပြီး သူမကို အစီရင်ခံလိုက်လေသည်။ "ဒီလူတွေက စောစောက ကျွန်တော်တို့ကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ အဖွဲ့ပါပဲ"

ဝံပုလွေမြင်းတပ် ဆုတ်ခွာသွားမှုနှင့်အတူ တော်ဝင်နန်းတော်တွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ဝိန်းယွီ နန်းတော်သို့ ပြန်ရောက်သောအခါ ရှောင်းလိသည် မထွက်ခွာခင်တွင် ချီစီးမြောင် အပါအဝင် ဖမ်းဆီးခံထားရသော အရာရှိများကို အထူးတလည် လွှတ်ပေးခဲ့ကြောင်း သိလိုက်ရသဖြင့် သူမ အတော်လေး အံ့အားသင့်သွားခဲ့၏။

သူမ၏အိပ်ခန်းထဲသို့ ဝင်လိုက်ချိန်တွင် သေတ္တာများ ရှုပ်ပွနေသည်ကို သတိထားမိလိုက်ပြီး သူမ၏အကြည့်က စားပွဲပေါ်တွင် တင်ထားသော သစ်သားပန်းပုရုပ်များဆီသို့ ကျရောက်သွားလေသည်။ နားထင်များကို ဖိရင်း ညင်သာစွာ သက်ပြင်းချလိုက်ကာ သူမ၏အသံသည် မကြားရလုနီးပါးပင်။ "အဲ့ဒီတော့ သူ ဒါတွေကို မြင်သွားတာပဲ"

အားလီကို နေရာချထားပေးပြီး သူမ၏အဝတ်အစားများကို လဲလှယ်ပြီးနောက် သူမသည် စုပုံနေသော အစိုးရရေးရာကိစ္စများကို ချီစီးမြောင်၊ အခြားဝန်ကြီးများနှင့် ဆွေးနွေးရန် ကောင်စီခန်းမသို့ သွားလေသည်။

"ပတ်ဝန်းကျင်က မျိုးနွယ်စုတွေကို အရင်က သတ်ဖြတ်ခဲ့တဲ့ ချန်စစ်တပ်တွေက တကယ်တော့ ရုပ်ဖျက်ထားတဲ့ ရှီးလင်စစ်တပ်က စစ်သားတွေဆိုတာကို အတည်ပြုတဲ့ အစီရင်ခံစာကို အနောက်ဘက်နယ်စပ် စစ်သူကြီးက ပေးပို့လာပါတယ်"

"လက်ရှိ တော်ဝင်နန်းတော်ရဲ့ တည်းခိုဆောင်မှာ တည်းခိုနေတဲ့ မျိုးနွယ်စုအသီးသီးက သံတမန်တွေက သူတို့ရဲ့ မျိုးနွယ်စုနာမည်တွေကို သုံးပြီး ကျွန်တော်တို့နယ်စပ်ကို ဝင်ရောက်လာတဲ့ မြင်းတပ်တွေကို ပါရှစ်ယဲ့မျိုးနွယ်စုခေါင်းဆောင်က အာမခံထားတယ်လို့ ခွဲခြားသိမြင်ခဲ့ပါတယ်။ သူတို့က မင်းသမီးကို ကာကွယ်ဖို့ တော်ဝင်နန်းတော်ကို လာရတာလို့ ယုံကြည်အောင် လှည့်စားခံခဲ့ရတာပါ"

ဤစကားကြောင့် နန်းတွင်းအရာရှိများသည် အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။ တော်ဝင်နန်းတော်၏ ကပ်ဘေးက ပြီးဆုံးသွားပြီဖြစ်သော်လည်း ဝန်းရံခံရမှု၏ အရှက်ရမှုနှင့် ပြည်တွင်းရေးပဋိပက္ခအတွင်း ၎င်းတို့၏အုပ်ချုပ်သူကို လက်နက်ချရန် ကြိုးပမ်းခဲ့သည့် အရှုပ်တော်ပုံက ချန်အရာရှိအားလုံးကို နက်ရှိုင်းစွာ ရှက်ရွံ့စေဆဲဖြစ်လေသည်။

အရာရှိတစ်ဦးက ချက်ချင်း ပြောလာသည်။ "ပါရှစ်ယဲ့မျိုးနွယ်စုက အဲ့ဒီရှောင်းဆိုတဲ့ကောင်နဲ့ ပူးပေါင်းကြံစည်ခဲ့တာများလား"

"ပါရှစ်ယဲ့မျိုးနွယ်စုခေါင်းဆောင်လည်း တော်ဝင်နန်းတော်မှာ ရှိနေတယ်လို့ ကျွန်တော် ကြားတယ်။ မျက်နှာချင်းဆိုင်ဖြေရှင်းဖို့ သူ့ကို ခေါ်လိုက်ပါလား"

"မှန်တယ်... ပွင့်ပွင့်လင်းလင်း မျက်နှာချင်းဆိုင် ဖြေရှင်းကြတာပေါ့။ မင်းသမီးက မျိုးနွယ်စုအားလုံးကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာကို... သူတို့က မင်းသမီးကို ဒုက္ခပေးဖို့ ပြင်ပရန်သူတွေနဲ့ ဘယ်လိုလုပ် ပူးပေါင်းကြံစည်နိုင်ရတာလဲ"

ဖန်းမင်တာက ရှေ့ထွက်လာကာ ပြောလေသည်။ "ပါရှစ်ယဲ့မျိုးနွယ်စုခေါင်းဆောင်က လက်ရှိ ခန်းမအပြင်ဘက်မှာ စောင့်နေပါတယ်"

ဝိန်းယွီတွင်လည်း ရှောင်းလိက သူ၏ဝံပုလွေမြင်းတပ်ဖြင့် တော်ဝင်နန်းတော်ကို ဝန်းရံခဲ့ခြင်းနှင့်ပတ်သက်၍ အဖြေမရသော မေးခွန်းများစွာ ရှိနေခဲ့၏။ ယခင်က အကျဉ်းချခံထားရသဖြင့် သူမက သေချာ မစုံစမ်းနိုင်ခဲ့ချေ။ ယခုအခါ သူမက ခေါင်းညိတ်ပြလိုက်ပြီး "သူ့ကို ခေါ်လိုက်"

မကြာမီ ပါရှစ်ယဲ့မျိုးနွယ်စုခေါင်းဆောင်ကို ပင်မခန်းမထဲသို့ ခေါ်ဆောင်လာခဲ့သည်။ သူသည် အလွန်တုန်လှုပ်နေပုံရ၏။ ရှောင်းလိက တော်ဝင်နန်းတော်ကို ထိန်းချုပ်ထားစဉ်ကာလအတွင်း သူနှင့် အခြားမျိုးနွယ်စုသံတမန်များသည် ဝိန်းယွီကို တွေ့ခွင့်ရရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း သူတို့၏ဘာသာစကားများကို နားလည်သော ရှောင်းလိ၏အစောင့်များက အကြောင်းပြချက်အမျိုးမျိုးဖြင့် အမြဲတမ်း ငြင်းပယ်ခဲ့လေသည်။

ရှောင်းလိက ဝိန်းယွီကို အကျယ်ချုပ်ချထားသည်ကို နောက်ဆုံးတွင် သူတို့ သဘောပေါက်သွားခဲ့ပြီး သူတို့သည် ရည်ရွယ်ချက်မရှိဘဲ ကြံရာပါများ ဖြစ်သွားခဲ့ကြောင်း နားလည်သွားခဲ့ကြ၏။ ဝံပုလွေမြင်းတပ် ဆုတ်ခွာသွားပြီးနောက် ပါရှစ်ယဲ့မျိုးနွယ်စုခေါင်းဆောင်သည် အခြေအနေကို ရှင်းပြရန် ချီစီးမြောင်နှင့် အခြားသူများကို တက်ကြွစွာ ရှာဖွေခဲ့လေသည်။

ယခု ဝိန်းယွီကို မြင်သောအခါ သူက အလေးပြုသည့်အနေဖြင့် သူ၏ညာဘက်လက်သီးကို ဘယ်ဘက်ရင်ဘတ်ပေါ်တွင် တင်လိုက်ပြီး မတတ်တစ်ခေါက် ရုံးသုံးဘာသာစကားဖြင့် အရေးတကြီး ပြောလိုက်လေသည်။ "မင်းသမီး... ကျေးဇူးပြုပြီး နားလည်ပေးပါ။ ကျွန်တော်လည်း လှည့်စားခံခဲ့ရတာပါ"

သူ့စကားများကို ထစ်ငေါ့နေရင်း သူ၏မျိုးနွယ်စုတစ်ခုလုံးက ထိုရှီးလင်စစ်တပ်အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပုံနှင့် ရှောင်းလိက သူ့ကို ကယ်တင်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြောပြလေသည်။

နောက်ဆုံးတွင် သူက နောင်တရသွားကာ တလေးတနက် ပြောလိုက်လေသည်။ "ရှီးလင်သူလျှိုတွေဆီကနေ မင်းသမီးကို ကယ်တင်ဖို့ သူက တော်ဝင်နန်းတော်ကို ဝန်းရံနေတာလို့ ကျွန်တော်တို့ တကယ် ယုံကြည်ခဲ့တာပါ"

အရာရှိများသည် တစ်ဖန် တီးတိုးရေရွတ်လာကြပြန်ပြီး တစ်စုံတစ်ယောက်က တီးတိုးပြောလေသည်။ "ရယ်စရာကောင်းလိုက်တာ... ငါတို့ချန်နိုင်ငံမှာ ရှီးလင်သူလျှိုတွေ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ"

သို့သော် ယခင်က ခယ့်ကျိမျိုးနွယ်စုသည် ရှီးလင်သူလျှိုများကို ရှာဖွေတွေ့ရှိခဲ့ပြီး ယန်သားအဖနှင့် တော်ဝင်မိသားစုအရာရှိများက မကြာသေးမီက အာဏာသိမ်းရန် ကြိုးပမ်းခဲ့သောကြောင့် ဝန်ကြီးအများစုသည် တရားသေ မပြောရဲကြချေ။

ဇာတ်လမ်းတစ်ပုဒ်လုံးကို ကြားပြီးနောက် ဝိန်းယွီ၏မျက်နှာသည် ခန့်မှန်းရခက်နေဆဲဖြစ်ကာ သူမက မေးလိုက်လေသည်။ "သူတို့လူတစ်ဝက်လောက်က ချန်စစ်တပ်အဖွဲ့ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရပြီး သူတို့ရဲ့ခေါင်းဆောင်ကလည်း သူတို့လက်ချက်နဲ့ သေဆုံးသွားတယ်ဆိုတဲ့ ဖူအာရှစ်မျိုးနွယ်စုဆီက သတင်းစကားတစ်ခုကို အရင်က လက်ခံရရှိခဲ့တယ်။ ဖူအာရှစ်မျိုးနွယ်စုကို မင်း မဆက်သွယ်ဘူးလား"

ထိုအကြောင်းကို ကြားလိုက်ရသည်တွင် ပါရှစ်ယဲ့ မျိုးနွယ်စုခေါင်းဆောင်သည် မယုံကြည်နိုင်သည့်ရုပ် ဖြစ်သွားပြီး စိတ်လှုပ်ရှားမှု လွှမ်းမိုးသွားကာ သူ့မျိုးနွယ်စုဘာသာစကားဖြင့် လျင်မြန်စွာ စတင်ပြောဆိုလေသည်။

ပါရှစ်ယဲ့မျိုးနွယ်စု၏ ဘာသာစကားကို နားလည်သော နန်းတွင်းအရာရှိက ဘာသာပြန်ပေးချိန်တွင် ဝိန်းယွီသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ "ပါရှစ်ယဲ့ခေါင်းဆောင်က သူရဲ့ဇနီးသည်က ဖူအာမျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီးလို့ ပြောပါတယ်။ သူတို့က... ရှောင်းလိရဲ့ ကယ်တင်တာကို ခံရပြီးနောက်မှာ ဖူအာမျိုးနွယ်စုကို အကြောင်းကြားဖို့ ချက်ချင်း သွားခဲ့ကြပါတယ်။ ဒါပေမဲ့ ရောက်သွားတဲ့အချိန်မှာ ခေါင်းဆောင်အပါအဝင် မျိုးနွယ်စုတစ်ခုလုံး သတ်ဖြတ်ခံလိုက်ရတာကို တွေ့လိုက်ရလို့ သူတို့က အခြားမျိုးနွယ်စုတွေနဲ့ ပူးပေါင်းဖို့ လှည့်လာခဲ့တာပါ။ တော်ဝင်နန်းတော်ဆီ ရှောင်းလိနဲ့အတူ လိုက်ပါလာတာက မင်းသမီးကို ကာကွယ်ဖို့ရော၊ ရှီးလင်ကို ကလဲ့စားချေဖို့ သူတို့ပါရှစ်ယဲ့မျိုးနွယ်စုအတွက် စစ်တပ်တွေကို တောင်းခံဖို့ရော ရည်ရွယ်ပါတယ်"

ဝိန်းယွီက မေးလိုက်လေသည်။ "ဖူအာမျိုးနွယ်စု လုံးဝ သုတ်သင်ခံလိုက်ရတယ်ဆိုတာကို ခေါင်းဆောင် သေချာရဲ့လား"

ပါရှစ်ယဲ့ခေါင်းဆောင်၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားတော့သည်။

ဝိန်းယွီသည် ချင်းယွင်ကိုယ်ရံတော်မှ ပေးပို့သော ဖူအာမျိုးနွယ်စုထံမှ ကနဦးစွပ်စွဲချက်စာကို ထုတ်ယူလိုက်ပြီး ၎င်းကို ပါရှစ်ယဲ့ခေါင်းဆောင်ထံ ပေးရန် အနီးတွင် ရပ်နေသော မိန်းမစိုးလီကို အချက်ပြလိုက်လေသည်။

စာကို ဖတ်ပြီးနောက် ပါရှစ်ယဲ့ခေါင်းဆောင်သည် ရုတ်တရက် တုန်လှုပ်သွားကာ အော်ဟစ်လိုက်လေသည်။ "ဒါ ပါတန်းပဲ... ပါတန်းပါ"

ထို့နောက် သူသည် ပါရှစ်ယဲ့ဘာသာစကားများကို တရစပ် ပြောလိုက်ပြန်သည်။

ဘာသာပြန်အရာရှိက ဘာသာပြန်ပေးလိုက်၏။ "ပါရှစ်ယဲ့ခေါင်းဆောင်က ပါတန်းဆိုတာ ဖူအာခေါင်းဆောင်ရဲ့ ညီဖြစ်ပြီး မျိုးနွယ်စုရဲ့ အတော်ဆုံးစစ်သည်တော်လို့ ပြောပါတယ်။ သူက မျိုးနွယ်စုဝင်အချို့နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်လိမ့်မယ်တဲ့"

...

အပိုင်း (၂၃၀.၂)

ဝိန်းယွီသည် သူမ၏အကြည့်ကို နှိမ့်ချလိုက်ပြီး ရှီးလင်၏ ရက်စက်ယုတ်မာသော အကြံအစည်ကို ချက်ချင်းပင် နားလည်သွားခဲ့၏။

ချန်စစ်တပ်အဖြစ် ရုပ်ဖျက်ထားသော ရှီးလင်စစ်တပ်သည် မျိုးနွယ်စုများကို လုံးဝသုတ်သင်မပစ်နိုင်ခဲ့လျှင်တောင်မှ ဤသွေးကြွေးသည် ချန်နှင့် သူတို့၏ဆက်ဆံရေးကို ထာဝရ ပြတ်တောက်သွားစေလိမ့်မည်။

သူမက ပြောလိုက်၏။ "ကျွန်မတို့ရဲ့ တော်ဝင်နန်းတော်ကို ကူညီဖို့ မျိုးနွယ်စုခေါင်းဆောင်က ကြီးမားတဲ့ အခက်အခဲတွေကို ခံစားခဲ့ရတဲ့အတွက် ကျွန်မတို့က ကျေးဇူးတင်ပါတယ်။ အခြေအနေရဲ့ ဇာစ်မြစ်ကို အခု ကျွန်မ နားလည်သွားပြီဖြစ်လို့ မျိုးနွယ်စုခေါင်းဆောင်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ မျိုးနွယ်စုတွေအတွက် တရားမျှတမှုကို သေချာပေါက် ရှာဖွေပေးပါ့မယ်။ ခေါင်းဆောင်က ဧည့်ဂေဟာမှာ အရင် သွားနားလိုက်ပါဦး"

ပါရှစ်ယဲ့မျိုးနွယ်စုခေါင်းဆောင်သည် တလေးတနက် ကျေးဇူးတင်စိတ်ဖြင့် သူ့လက်ကို ရင်ဘတ်ပေါ်တွင် တင်လိုက်ပြီးနောက် ဆုတ်ခွာသွားလေ၏။

အရေးတကြီး နိုင်ငံရေးရာကိစ္စအချို့ကို ဖြေရှင်းပြီးနောက် အချိန်နောက်ကျနေပြီဖြစ်သည်ကို သတိပြုမိသဖြင့် ဝိန်းယွီသည် ညီလာခံကို ရုပ်သိမ်းလိုက်ပြီး တော်ဝင်စာကြည့်ဆောင်တွင် ဆက်လက်ဆွေးနွေးရန်အတွက် ချီစီးမြောင်နှင့် အခြားအဓိကဝန်ကြီးများကိုသာ ချန်ရစ်ထားခဲ့သည်။

စာကြည့်ဆောင်သို့ ဝင်လာပြီးနောက် ချီစီးမြောင်က မေးလိုက်လေသည်။ "မင်းသမီးက ရှီးလင်သူလျှိုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာလား"

တပ်များကို ဆုတ်ခွာစဉ်အတွင်း ရှောင်းလိသည် ချီစီးမြောင်နှင့် အခြားဝန်ကြီးများကို အထူးတလည် လွှတ်ပေးခဲ့ချိန်၌ ဝိန်းယွီအပေါ် ထားရှိသော သူ၏သဘောထားက ထင်ရှားနေခဲ့၏။

ယခင်က တော်ဝင်အုပ်စု၏ ဝန်ကြီးတစ်ဦး ဖြစ်ခဲ့သော်လည်း ချန်ပြည်သူများနှင့် အရာရှိများအပေါ် သူမ၏ဆက်ဆံပုံကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးနောက် ချန်နိုင်ငံ၏ ရှင်သန်ရပ်တည်ရေးသည် ဝိန်းယွီအပေါ် လုံးလုံးလျားလျား မူတည်နေကြောင်း ချီစီးမြောင်က အသိအမှတ်ပြုခဲ့သည်။

ဝိန်းယွီသာ မရှိလျှင် ချန်နိုင်ငံ၏အနာဂတ်သည် မသေချာမရေရာ ဖြစ်သွားလိမ့်မည်။

ရှောင်းလိ၏ ဝန်းရံပိတ်ဆို့မှုသည် ယန်မိသားစုနှင့် သစ္စာဖောက် တော်ဝင်မိသားစုအရာရှိများကို ဖယ်ရှားရာတွင် မရည်ရွယ်ဘဲ ကူညီပေးခဲ့သလို ဖြစ်သွားခဲ့၏။

ရှောင်းစစ်တပ်သည် မိတ်ဆွေအဖြစ် ဆက်ရှိနေမည်လား သို့မဟုတ် ရန်သူအဖြစ် ဆက်ရှိနေမည်လား ဆိုသည်က ခေါင်းဆောင်နှစ်ဦးစလုံး၏ ရည်ရွယ်ချက်များအပေါ်တွင်သာ မူတည်နေသည်။

ထို့ကြောင့် သူက ဖြေရှင်းရခြင်း မရှိသေးသော သူလျှိုကိစ္စကိုသာ ထုတ်ဖော်မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဝိန်းယွီ၏ အရောင်ဖျော့ဖျော့ မျက်လုံးများထဲသို့ အေးစက်မှုများ စိမ့်ဝင်သွားခဲ့၏။ "ချန်နိုင်ငံကို ကိုက်စားနေတဲ့ အဲ့ဒီကပ်ပါးကောင်တွေကို ဖိအားပေးတဲ့အခါ အစွန်းရောက်တဲ့ လုပ်ရပ်တွေကို ကျွန်မ မျှော်လင့်ထားခဲ့ပေမယ့် ပြင်ပရန်သူတွေနဲ့ ပူးပေါင်းကြံစည်တာကတော့ ကျွန်မကို တကယ်ပဲ အံ့ဩရစေတာပဲ"

ချီစီးမြောင်နှင့် အခြားဝန်ကြီးများသည် နှုတ်ဆိတ်ကာ ဦးညွှတ်လိုက်ကြသည်။

ချန်နိုင်ငံ၏ ပျက်စီးယိုယွင်းမှုသည် ကာလရှည်ကြာ နန်းတွင်းအဂတိလိုက်စားမှုမှ ဆင်းသက်လာခြင်းဖြစ်ရာ- သူတို့သည် တုန်လှုပ်မှု၊ ကျောချမ်းရသည့်ခံစားချက်နှင့် ရှက်ရွံ့စိတ်တို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ကြရ၏။

လောလောဆယ်တွင် လျန်နိုင်ငံက ဝိန်းယွီ၏ပခုံးများကို အားကိုးနေရပါက ချန်နိုင်ငံကလည်း သိပ်ပြီး ထူးမခြားနားပင်။

"ခယ့်ကျီ သူလျှိုကိစ္စအပြီးမှာ ခယ့်ကျီရဲ့ ရေရှည် နာကြည်းချက်တွေကို တရားမျှတမှုကနေတစ်ဆင့် ဖြေလျှော့ပေးဖို့ ကြိုးစားရင်း ကျွန်မက တင်းကျပ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တယ်" ဝိန်းယွီသည် စားပွဲရှည်အနောက်မှ ထရပ်လိုက်ပြီး မွန်းကျပ်နေသော စာကြည့်ဆောင်ကို လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များကို ဖွင့်လိုက်လေသည်။

"ဒါပေမယ့် မတရားမှုတွေကလွဲရင် ဒီလောကကြီးကို ရုန်းရင်းဆန်ခတ်ဖြစ်အောင် လှုံ့ဆော်ပေးနေတာက လွန်ကဲတဲ့ လောဘပဲ" သူမက သည်ထက်ပိုပြီး မပြောချင်တော့သည့်အလား မျက်လုံးများကို ခေတ္တမှိတ်ထားလိုက်ပြီးနောက် ပြောလိုက်လေသည်။ "တော်ဝင်နန်းတော်က သူလျှိုတွေရဲ့ ကိစ္စကို စုံစမ်းစစ်ဆေးဖို့ အမတ်ချုပ်ချီကို လွှဲအပ်လိုက်မယ်"

နောက်ထပ် စုံစမ်းစစ်ဆေးမှုများ လိုအပ်သည်ဟု ဆိုသော်လည်း ဝံပုလွေမြင်းတပ်က တော်ဝင်နန်းတော်ကို ဝန်းရံခဲ့သော နေ့တွင်ပင် ယန်သားအဖနှင့် တော်ဝင်မိသားစု အရာရှိတစ်စုသည် ညီလာခံ မတက်ရောက်ခဲ့ကြချေ။

နန်းတော်က မည်သို့ ဝန်းရံခံခဲ့ရကြောင်း သူတို့က ကြိုတင်သိရှိထားပြီးဖြစ်ကာ ရှောင်းလိသည် ဝိန်းယွီကို ကလဲ့စားချေရန် တော်ဝင်နန်းတော်အတွင်းသို့ စိမ့်ဝင်လာသော မျိုးနွယ်စုများကို အသုံးပြုနေသည်ဟု သူတို့က ယုံကြည်ခဲ့ကြသည်။

စစ်ကူများ ရောက်ရှိလာသည်အထိ နန်းစောင့်တပ်များက တောင့်ခံထားနိုင်မည်ဟု ယုံကြည်ထားသဖြင့် သူတို့က ထိုနန်းတွင်းအာဏာသိမ်းမှုကို ရဲဝံ့စွာ စတင်ခဲ့ကြခြင်းဖြစ်သည်။

လောလောဆယ်တွင် သူတို့အားလုံး အကျဉ်းချခံထားရဆဲဖြစ်ရာ စစ်ဆေးမေးမြန်းခြင်းမှဖြစ်စေ သို့မဟုတ် ၎င်းတို့၏နေအိမ်များကို ရှာဖွေခြင်းမှဖြစ်စေ ခိုင်လုံသော သက်သေအထောက်အထားများ ရယူရန် အထူးတလည် အဆင်ပြေသွားခဲ့သည်။

သို့သော် စစ်မက်ဖြစ်ပွားနေဆဲဖြစ်သော ချန်နိုင်ငံကို ကျယ်ကျယ်ပြန့်ပြန့် ထိတ်လန့်မှု မဖြစ်စေဘဲ သို့မဟုတ် ပြိုလဲမသွားစေဘဲ မည်သို့ စုံစမ်းစစ်ဆေးရမည်နှင့် မည်သည့်အတိုင်းအတာအထိ စုံစမ်းစစ်ဆေးရမည် ဆိုသည်ကတော့ တစ်စုံတစ်ယောက်က ထိုဟန်ချက်ကို ထိန်းချုပ်ရန် လိုအပ်လေသည်။

ချီစီးမြောင်သည် နန်းတွင်းရှိ ရှုပ်ထွေးသော ဆက်ဆံရေးများကို သေချာစွာ ရင်းနှီးကျွမ်းဝင်ပြီး ညီလာခံနှင့် ပြည်သူလူထုကြားတွင်ပါ အလွန် လေးစားခံရသော ချန်နိုင်ငံ၏ ဝါရင့်ဝန်ကြီးတစ်ဦး ဖြစ်၏။

သူသည် ဤကိစ္စကို ကိုယ်တိုင်ကိုင်တွယ်ရန် အသင့်တော်ဆုံးလူပင်။

သူက ဝိန်းယွီကို ဦးညွှတ်လိုက်ပြီး "ဒီအမတ်အိုကြီးက တာဝန်ကို သေချာပေါက် ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်"

"မင်းသမီး" ထုန်ချွဲသည် အလျင်အမြန် ဝင်လာပြီး သူမ၏မျက်နှာက ထိတ်လန့်နေကြောင်း သိသာထင်ရှားနေ၏။

စာကြည့်ဆောင်အတွင်း ချီစီးမြောင်နှင့် အခြားဝါရင့်ဝန်ကြီးများ ရှိနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ သူမသည် ဝိန်းယွီအနီးသို့ လျင်မြန်စွာ ချဉ်းကပ်လာပြီး သူမ၏နားနားကပ်ကာ စကားအနည်းငယ်ကို တီးတိုးပြောလိုက်လေသည်။

ဝိန်းယွီ၏မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီးနောက် သူမက ချီစီးမြောင်နှင့် အခြားဝန်ကြီးများကို ညွှန်ကြားလိုက်သည်။ "ဝန်ကြီးတွေ အကုန်လုံး ပြန်လို့ရပါပြီ"

ချီစီးမြောင်နှင့် အခြားသူများ ဦးညွှတ်ကာ ဆုတ်ခွာသွားပြီးမှသာ သူမက မေးလိုက်လေသည်။ "သူ ဘယ်လိုနေလဲ"

ထုန်ချွဲက ပြန်ဖြေလိုက်၏။ "သူက စောယီးရေကန်ရဲ့ အရှေ့ဘက်ကမ်း ကူးတို့ဆိပ်မှာ ဖေမိသားစုရဲ့ သိမ်းငှက်ခွေးတွေနဲ့ ဖူအာရှီလူတွေရဲ့ ဝိုင်းရံတာကို ခံခဲ့ရပြီး မြားဒဏ်ရာ ရသွားခဲ့တယ်။ အခုတော့ ကုစစ်သူကြီးရဲ့ တပ်တွေက သူ့ကို ကယ်တင်လိုက်ပါပြီ"

ဝိန်းယွီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ဖေစုန့်ရဲ့တပ်တွေနဲ့ ဖူအာရှီလူတွေက ချန်နိုင်ငံထဲကို အတူတူ ခိုးဝင်လာကြတာလား"

ထုန်ချွဲက ခေါင်းကို ငုံ့လိုက်၏။ "နန်းတော်ကို ဝန်းရံထားတဲ့ ကာလအတွင်းမှာ စစ်ကူပေးဖို့ နယ်စပ်ဂိတ်အသီးသီးကနေ တပ်ဖွဲ့တစ်ဝက်ကျော်လောက်ကို ရုပ်သိမ်းခဲ့ရတယ်။ မင်းသမီး အဖမ်းခံရပြီး လက်နက်ချဖို့ ကမ်းလှမ်းခံရတာကို သိတဲ့ သာမန်ပြည်သူတွေ မရေမတွက်နိုင်အောင် ဒေါသထွက်ခဲ့ကြတယ်။ တချို့ဆို မင်းသမီးကို ကယ်တင်မယ်ဆိုတဲ့ အလံအောက်မှာ ဒေသခံအာဏာပိုင်တွေကိုတောင် ပုန်ကန်ခဲ့ကြတယ်။ ချန်နိုင်ငံတစ်ခုလုံး အတော်လေး ကမောက်ကမ ဖြစ်နေခဲ့တာပါ။ ဖေမိသားစုရဲ့ သိမ်းငှက်ခွေးတွေနဲ့ ဖူအာရှီလူတွေက ဒီရှုပ်ထွေးမှုကို အခွင့်ကောင်းယူပြီး မြို့တံခါးတွေကို ခိုးဝင်လာတာ ဖြစ်နိုင်ပါတယ်"

ဝိန်းယွီက ခဏလောက် စဉ်းစားနေပုံရပြီးနောက် မေးလိုက်လေသည်။ "ဖမ်းမိထားတဲ့ ဖူအာရှီတွေထဲမှာ ပါတန်းဆိုတဲ့ နာမည်နဲ့လူ ပါလား"

ထုန်ချွဲက ခေါင်းခါလိုက်သည်။ "အဲ့ဒီအဖွဲ့ကို လိုက်ဖမ်းဖို့ ကုစစ်သူကြီးက တပ်တွေကို စေလွှတ်ခဲ့ပေမယ့် ခေါင်းဆောင်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ ဒါပေမယ့် ရှောင်းလိက ဖေယွမ်ကို အရှင်ဖမ်းမိခဲ့ပါတယ်။ ဖေစုန့် ဘယ်မှာရှိလဲဆိုတာနဲ့ ပတ်သက်ပြီး ကုစစ်သူကြီးက လောလောဆယ် သူ့ကို စစ်ဆေးမေးမြန်းနေပါတယ်"

ဝိန်းယွီက ရုတ်တရက် မေးလိုက်၏။ "သူ့ဒဏ်ရာက ပြင်းထန်လား"

ဖေယွမ် ဒဏ်ရာရထားသည်ကို ဝိန်းယွီက ဘယ်လိုလုပ် သိနေသလဲဟု တွေးကာ ထုန်ချွဲသည် ခဏတာ မှင်သက်သွားခဲ့သည်။

ထို့နောက် သူမ၏အမှားကို သဘောပေါက်သွားပြီး ထိုမေးခွန်းက ရှောင်းလိကို ရည်ညွှန်းကြောင်း နားလည်သွားခဲ့၏။ သူမက အလျင်စလို ပြောလိုက်လေသည်။ "မြားက သူ့ရဲ့ ကျောဘက်ပခုံးကို ထိမှန်သွားတာပါ။ စစ်ဖက်သမားတော်က စစ်ဆေးပြီးပါပြီ— အသားကိုပဲ ထိတဲ့ဒဏ်ရာပါ၊ အရိုးကို မထိပါဘူး"

ဝိန်းယွီက ဘာမှ ဆက်မပြောတော့ချေ။

သူမက စားပွဲဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ "ချင်းယွင်ကိုယ်ရံတော်တွေ စောယီးရေကန်မှာ ရှိနေတုန်းက သူတို့ ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်... အဲ့ဒီအဖွဲ့က မြင်းလှည်းကိုပဲ အဓိက ပစ်မှတ်ထားခဲ့တာ..."

သူမ၏မျက်လုံးများကို နောက်တစ်ကြိမ် မော့ကြည့်လိုက်ချိန်တွင် ၎င်းတို့ထဲရှိ နူးညံ့မှုများသည် တစ်လွှာပြီးတစ်လွှာ မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီး စူးရှထက်မြက်မှုသာ ကျန်ရစ်နေတော့၏။ "ဒါက ငါ့ကို ပစ်မှတ်ထားတာပဲ"

ထုန်ချွဲက လန့်ဖျပ်သွားပြီးနောက် ထိုနေ့က ချင်းယွင်ကိုယ်ရံတော်အဖွဲ့သည် ဝိန်းယွီ မြို့ထဲမှထွက်ခွာလာသည်ကို ဖုံးကွယ်ပေးရန် ဟန်ဆောင်နေခဲ့သော်လည်း ထိုအဖွဲ့ကမူ သေစေနိုင်သော တိုက်ခိုက်မှုကိုသာ ပေးစွမ်းရန် ရည်ရွယ်ထားခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။

ယနေ့ ညီလာခံတွင် ပါရှစ်ယဲ့မျိုးနွယ်စုခေါင်းဆောင်က ရှင်းလင်းပြောကြားခဲ့သည်များကို ပြန်လည်အမှတ်ရသွားကာ သူမသည် ထိတ်လန့်မှုကြောင့် မျက်နှာဖြူလျော်သွားခဲ့၏။ "ဖူအာရှီမျိုးနွယ်စုကို ချန်စစ်တပ်အဖြစ် ရုပ်ဖျက်ထားတဲ့ အဲ့ဒီရှီးလင်စစ်တပ်က သတ်ဖြတ်ခဲ့တာ၊ ဒါပေမယ့် အခုကျတော့ ဖူအာရှီတွေက မင်းသမီးကို လုပ်ကြံဖို့ တော်ဝင်နန်းတော်မှာ ဖေမိသားစုရဲ့ သိမ်းငှက်ခွေးတွေနဲ့ ပူးပေါင်းနေကြတယ်...

"အဲ့ဒီရှီးလင်စစ်တပ်က ဖေစုန့်နဲ့ တစ်ခုခု ပတ်သက်နေနိုင်မလား"

ဝိန်းယွီက မဖြေဘဲ ညွှန်ကြားရုံသာ ညွှန်ကြားလိုက်လေသည်။ "ပါရှစ်ယဲ့မျိုးနွယ်စုခေါင်းဆောင်ကို တိုးတိုးတိတ်တိတ် ခေါ်လိုက်ပါ"

နန်းတော်ရှိ အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ပြီး ကုရှီးယွင် ဦးဆောင်သော လျန်စစ်တပ်သည်လည်း နေ့ရောညပါ ချီတက်ရန် မလိုအပ်တော့ချေ။

ထိုနေ့ညနေပိုင်းတွင် သူတို့က တောရိုင်းထဲ၌ စခန်းချနေချိန်တွင် ဝိန်းယွီသည် ချင်းယွင်မြင်းတပ်တစ်ဖွဲ့နှင့်အတူ ရုတ်တရက် ကိုယ်တိုင်ရောက်ရှိလာသဖြင့် ကုရှီးယွင်မှာ အံ့ဩသွားခဲ့သည်။

ဖိနပ်တစ်ဖက်ကို ကိုင်ထားပြီး စွပ်နေရင်း ခြေတစ်ဖက်တည်းဖြင့် ခုန်ဆွခုန်ဆွလုပ်ကာ ကုရှီးယွင်သည် သူမ၏စစ်တဲထဲမှ ထွက်လာခဲ့၏။ "နင်က ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ။ နေ့လယ်တုန်းက နင့်ကို လိုက်ဖမ်းနေတဲ့သူတွေ ရှိသေးတယ်— ငါ သူတို့အားလုံးကို မဖမ်းရသေးဘူးလေ"

နှင်းပွင့်ကဲ့သို့ ဖြူဆွတ်နေသော ခြုံလွှာကို ခြုံထားသည့် ဝိန်းယွီသည် ကုရှီးယွင်ကို ငြိမ်သက်သွားစေရန် လှမ်းကိုင်လိုက်ပြီး ပြောလိုက်လေသည်။ "တဲထဲမှာပဲ စကားပြောကြတာပေါ့"

ပင်မစစ်တဲထဲသို့ ပြန်ရောက်သောအခါ ကုရှီးယွင်သည် ဝိန်းယွီအတွက် လက်ဖက်ရည်ငဲ့ပေးရင်း မေးလိုက်၏။ "တကတဲ ဘာတွေ ဖြစ်နေတာလဲ"

နှစ်ကိုယ်တည်းရှိနေချိန်တွင် ထိုနှစ်ဦးသည် အုပ်စိုးရှင်နှင့် လက်အောက်ငယ်သားဟူသော တရားဝင်အမူအရာများကို ဘယ်သောအခါမှ မထိန်းသိမ်းထားခဲ့ချေ။

ဝိန်းယွီက ပြောလိုက်သည်။ "ဖေစုန့်က ရှီးလင်ဘက်ကို ကူးပြောင်းသွားတာ ဖြစ်နိုင်တယ်"

ကုရှီးယွင်သည် သူမ ခုလေးတင် သောက်လိုက်သော လက်ဖက်ရည်ဖြင့် သီးသွားတော့သည်။ ချောင်းဆိုးပြီးနောက် သူမ၏မျက်နှာသည် ရှုံ့မဲ့သွား၏။ "အဲ့ဒီ သစ္စာဖောက်ခွေး။ အောဝ်အဖွဲ့ကို ဒီလောက်ကြာအောင် အလုပ်အကျွေးပြုခဲ့ပြီးတော့ အခုကျတော့ သူ့ကို ခေါ်ထားတဲ့သူတိုင်းကို သူ့သခင်အဖြစ် အသိအမှတ်ပြုတော့မှာပေါ့"

သူမ၏ဒေါသကို ဖွင့်ထုတ်ပြီးနောက် ဆက်စဉ်းစားလိုက်လေသည်။ "ဒါပေမယ့် သူတို့က မြို့တံခါးကို ဘယ်လိုလုပ် ဖြတ်သွားတာလဲ။ အထူးသဖြင့် အဲ့ဒီ ရှောင်းဆိုတဲ့ကောင်— သူက တပ်ကြီးတစ်တပ်ကို ဦးဆောင်လာတာလေ။ သူတို့က ခိုးဝင်ဖို့ ကြိုးစားရင်တောင်မှ သူတို့ကို ဖြတ်သန်းခွင့် ပေးခဲ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ မဟုတ်ဘူးလား"

ဝိန်းယွီက ပြန်ဖြေလိုက်၏။ "ဖန့်စစ်သူကြီးဆီကနေ အစီရင်ခံစာတစ်ခု ငါ လက်ခံရရှိထားတယ်။ ဖေစုန့်က ကျားချောက်တံခါး ကနေတစ်ဆင့် ထွက်ပြေးသွားတယ်လို့ သူက သံသယရှိခဲ့ပြီး ရှောင်းလိက ဖေစုန့်ကို ဖမ်းမယ်ဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး သူ့စစ်တပ်ကို ဖြတ်သန်းခေါ်ဆောင်လာခဲ့တာပဲ။ ကျားချောက်တံခါးမှာ တပ်စွဲထားတဲ့ တပ်မှူး ယန်ရှော့က တစ်ချိန်တုန်းက ချင်ယီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ စစ်တပ်ကို ဖြတ်သန်းခွင့်ငြင်းဆန်ခဲ့ရင် အဲ့ဒါက ယန်ရှော့က ဖေစုန့်ကို လျှို့ဝှက် ဖြတ်သန်းခွင့်ပေးခဲ့ပြီးဖြစ်လို့ အခု ရှောင်းလိကို သူ့နောက် လိုက်ခွင့်ပြုဖို့ ကြောက်နေတာကြောင့် ဖြစ်ရမယ်လို့ စောင်းပါးရိပ်ချည်ပြောပြီး ရှောင်းလိက ယန်ရှော့ကို ပွင့်ပွင့်လင်းလင်းပဲ စိန်ခေါ်ခဲ့တာ။ ချင်ယီရဲ့ အုပ်စုနဲ့ သူရဲ့ အတိတ်က ပတ်သက်မှုတွေကြောင့် ကန့်သတ်ခံထားရလို့ ယန်ရှော့က စစ်တပ်ကို ဖြတ်သန်းခွင့်ပြုရုံကလွဲရင် အခြားရွေးချယ်စရာ မရှိတော့ဘူးလေ"

ဤစကားကြောင့် ကုရှီးယွင်၏ မျက်ခွံများက တုန်လှုပ်သွားခဲ့၏။ "သူ တကယ်ကို ရဲတင်းတာပဲ။ ရှီးလင်က လောလောဆယ် ချန်နိုင်ငံနဲ့ စစ်ဖြစ်နေတာလေ။ ဒီလိုအချိန်မျိုးမှာ ဂိတ်ကနေတစ်ဆင့် တပ်တွေကို ဦးဆောင်လာတာ— ရှီးလင်က သူတို့ကို အနောက်ကနေ တိုက်ခိုက်ဖို့ ငါတို့လွှတ်လိုက်တဲ့ စစ်ကူတွေလို့ အထင်လွဲပြီး သုတ်သင်ပစ်မှာကို သူ မကြောက်ဘူးလား"

ဝိန်းယွီက နှုတ်ဆိတ်နေဆဲ။

ကုရှီးယွင်က အခြားကိစ္စတစ်ခုကို တွေးမိသွားပြီး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ "ဂိတ်အပြင်ဘက်မှာ ဖေစုန့် ပေါ်လာတာက ယန်ရှော့နဲ့ တစ်ခုခု ပတ်သက်နေမလား"

သို့သော် သူမကိုယ်တိုင်ပင် ထိုအကြံအစည်ကို ချက်ချင်း ဖယ်ရှားလိုက်၏။ "ဟင့်အင်း၊ အဲ့ဒါက အဓိပ္ပါယ်မရှိဘူး။ တကယ်လို့ ယန်ရှော့သာ ဖေစုန့်ဆီကို သစ္စာခံပြောင်းသွားခဲ့ရင် သူ့ကို အနောက်ဘက်နယ်စပ်မှာ အာဏာရလာအောင် ဘာလို့ တိုက်ရိုက် မကူညီရမှာလဲ။ သူ့ကို ဂိတ်ကနေတစ်ဆင့် ဖြတ်သန်းခွင့်ပေးဖို့ လိုအပ်မှာ မဟုတ်ဘူး"

ဝိန်းယွီက ဘာမှ ဆက်မပြောသေးဘဲ နက်နဲစွာ တွေးတောနေသည့်အလား သူမ၏မျက်လုံးများကို နှိမ့်ချထားလေသည်။

သူမ၏တိတ်ဆိတ်မှုကို မြင်သောအခါ ကုရှီးယွင်က သူမသည် လက်ရှိအခြေအနေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည်ဟု ထင်သွားတော့သည်။

မည်သို့ပင်ဖြစ်စေ ဖေစုန့်သာ ရှီးလင်နှင့် ပူးပေါင်းသွားခဲ့ပါက ထိုသစ္စာဖောက်ခွေးကို ဖယ်ရှားရန်မှာ အများကြီး ပိုမိုခက်ခဲသွားလိမ့်မည် မဟုတ်ပါလား။

သူမက မေးလိုက်လေသည်။ "အားယွီ၊ နင် အခု ဘာလုပ်ဖို့ စီစဉ်ထားလဲ"

ဝိန်းယွီက ပြောလိုက်သည်။ "ရှီးလင်စစ်တပ်က သူတို့ကိုယ်သူတို့ ချန်စစ်တပ်အဖြစ် ရုပ်ဖျက်ပြီး ဖူအာရှီမျိုးနွယ်စုကို သတ်ဖြတ်ခဲ့တယ်။ အခု ဖူအာရှီတွေက အထီးကျန်ဖြစ်သွားပြီဆိုတော့ ချန်နယ်နိမိတ်အတွင်းမှာ နောက်ထပ် ပြဿနာ မဖြစ်အောင် တားဆီးဖို့ ငါ့ အဖွဲ့အစည်းအသီးသီးဆီကနေ အကူအညီ လိုအပ်လိမ့်မယ်။ သူတို့ရဲ့ လက်ရှိ ခေါင်းဆောင်နဲ့ ဒီအထင်လွဲမှုကို ဖြေရှင်းရမယ်"

သူမက မျက်လုံးများကို ဖြည်းညှင်းစွာ ပင့်လိုက်၏။ "ဒီကိုလာတဲ့လမ်းမှာ ငါ ဘယ်မှာရှိနေလဲဆိုတာကို တမင်သက်သက် သတင်းဖြန့်ခဲ့တယ်။ ငါတို့က ထောင်ချောက်ဆင်ပြီး စောင့်နေဖို့ပဲ လိုတယ်"

ဝိန်းယွီ၏ ရည်ရွယ်ချက်ကို နားလည်သွားသဖြင့် ကုရှီးယွင်က ချက်ချင်း ပြောလိုက်လေသည်။ "အဲ့ဒါကို ငါ့တာဝန်ထားလိုက်"

သူမက တဲအဝင်ဝဆီသို့ အလျင်စလို သွားနေစဉ် ရုတ်တရက် ရပ်တန့်သွားကာ ခဏ တွန့်ဆုတ်နေပြီးနောက် ဝိန်းယွီကို လှည့်ကြည့်လိုက်သည်။ "ဟို... ငါ အဲ့ဒီရှောင်းဆိုတဲ့ကောင်ကို စောယီး ကူးတို့ဆိပ်မှာ ဖမ်းမိထားတယ်။ နင် သူ့ကို တွေ့ချင်လား"

ဝိန်းယွီသည် သူမ၏ခြုံလွှာကို ခြုံထားဆဲဖြစ်ပြီး သူမ၏အဖုအပိန့်များက အပြည့်အဝ မပျောက်ကင်းသေးသဖြင့် မျက်နှာကို ဇာပဝါဖြင့် တစိတ်တပိုင်း ဖုံးကွယ်ထားလေသည်။

တဲထဲရှိ မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးရောင်အောက်တွင် သူမက တောင်ပေါ်ရှိ နှင်းများနှင့် တိမ်များ ဖုံးလွှမ်းနေသော လမင်းကဲ့သို့ အေးစက်ကာ တသီးတခြားဖြစ်နေပုံ ပေါ်လေသည်။

အံ့ဩစရာကောင်းလောက်အောင်ပင် သူမက ပြန်ဖြေလိုက်၏။ "ကောင်းပြီလေ။ ငါ သူ့အတွက် တစ်ခုခု ယူလာခဲ့တယ်။ သူ့ကို သွားခေါ်ဖို့ ချင်းယွင်ကိုယ်ရံတော်တွေကို နင်နဲ့အတူ လိုက်သွားခိုင်းလိုက်"

သူမ၏အသံက လုံးဝ တည်ငြိမ်နေပုံရသော်လည်း ကုရှီးယွင်သည် သူမ၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော ကျောချမ်းသည့်ခံစားချက်ကို ရှင်းပြမရနိုင်လောက်အောင် ခံစားလိုက်ရသည်။

ခဏတာ စဉ်းစားပြီးနောက် တော်ဝင်နန်းတော်ကို ဝန်းရံရခြင်းအတွက် ထိုကောင်တွင် မည်သည့်အကြောင်းပြချက်များ ရှိနေစေကာမူ နောက်ဆုံးတွင် ၎င်းသည် ဝိန်းယွီအပေါ် ရိုသေမှုမရှိခြင်းပင် ဖြစ်လေသည်။

ဝိန်းယွီက သူ့ကို သင်ခန်းစာပေးချင်နေသည်မှာ သဘာဝကျလှ၏။

သူမသည် သူမ၏ကိုယ်ပိုင်အစောင့်များကို ခေါ်ယူလိုက်ပြီး ရှောင်းလိကို ဖမ်းဆီးဖို့ရာ ချင်းယွင်ကိုယ်ရံတော်များကို ခေါ်သွားရန် အမိန့်ပေးလိုက်ပြီး သူမကိုယ်တိုင်ကတော့ အခြားကိစ္စရပ်များကို စီစဉ်ရန် ထွက်သွားလေသည်။

စစ်တဲထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ဝိန်းယွီသည် သူမ၏အကြည့်ကို အောက်ချလိုက်ပြီး စောစောက ကုရှီးယွင် သူမအတွက် ငဲ့ပေးခဲ့သော လက်ဖက်ရည်ခွက်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။

မကြာမီ တဲအပြင်ဘက်မှ ခြေသံများ ပဲ့တင်ထပ်လာ၏။

"အထဲဝင်စမ်း" တော်ဝင်နန်းတော်မှ ဝိန်းယွီနှင့်အတူ လိုက်ပါလာသော ချင်းယွင်ကိုယ်ရံတော်များသည် လူတစ်ယောက်ကို ဗဟိုကွပ်ကဲရေးစစ်တဲထဲသို့ တွန်းပို့လိုက်ချိန်တွင် သံကြိုးများ၏ ခပ်သဲ့သဲ့ ဆွဲငင်သံများက လိုက်ပါလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဝိန်းယွီသည် သူမကို အပေါက်နှစ်ပေါက်ဖြစ်သွားအောင် လောင်ကျွမ်းပစ်တော့မည့်အလား ပြင်းထန်ကာ မီးခိုးထွက်လုမတတ် အကြည့်တစ်ခုက သူမအပေါ်သို့ စိုက်ကျလာသည်ကို ခံစားလိုက်ရလေသည်။

သူမက မျက်လုံးများကို ဖြည်းညှင်းစွာ ပင့်လိုက်ပြီး တဲထဲသို့ ဖမ်းဆီးခေါ်ဆောင်လာခြင်းခံရသော လူကို အထက်စီးမှနေ၍ ငုံ့ကြည့်လိုက်၏။

သူ့မျက်နှာက ဒဏ်ရာကြောင့် ဖြူလျော်နေသော်လည်း သူ့ပတ်ဝန်းကျင်ရှိ အငွေ့အသက်များသည် ယခင်ကကဲ့သို့ပင် အေးစက်ကာ ကြမ်းကြုတ်ပြီး ခန့်ညားနေဆဲ။

သူသည် အလွန်အမင်း အရပ်ရှည်ပြီး တောင့်တင်းခိုင်မာလှ၏။

သူ၏ပခုံးတစ်ဝိုက်တွင် သွေးစွန်းနေသော ပတ်တီးကို ပတ်ထားသော်လည်း သူ၏ထူးခြားလှသော ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် ဒဏ်ရာမှလာသော အားနည်းမှုအရိပ်အယောင်မှန်သမျှကို လွှမ်းမိုးထားလေသည်။

အထူးသဖြင့် သူမကို ကြည့်နေသော သူ၏မျက်လုံးများ— အာခံလိုသော၊ မယဉ်ပါးသော၊ တောက်လောင်နေသော၊ သို့တိုင်အောင် နက်နဲလှသော မျက်လုံးများပင်

'ငါ့အပိုင်' ဟူသော စကားလုံးကို ဗြောင်ကျကျ ကြေညာနေသည့်အလားပင်။

သူ၏လည်ပင်းတွင် လတ်တလော တပ်ဆင်ထားသော လေးလံသည့် သံမည်းလည်ပတ်ကြီးပင်လျှင် ၎င်း၏ခြိမ်းခြောက်နိုင်စွမ်းကို ချက်ချင်း ဆုံးရှုံးသွားပုံရလေသည်။

ချင်းယွင်ကိုယ်ရံတော်များက သူ့ကို ဒူးထောက်ရန် ဖိချလိုက်သော်လည်း သူ၏အရိုးများသည် နောက်တွန့်ခြင်း မရှိခဲ့ချေ။

သူတို့က သူ၏ပခုံးများကို မည်မျှပင် ပြင်းထန်စွာ ဖိချစေကာမူ သူသည် ဒူးကွေးရန် ငြင်းဆန်ခဲ့သည်။

ဝိန်းယွီက ချင်းယွင်ကိုယ်ရံတော်များကို နောက်ဆုတ်ရန် လက်ဟန်ပြကာ အချက်ပေးလိုက်သည်။

သူမ စကား ထပ်ပြောလိုက်ချိန်တွင်တော့ သူမ၏လေသံကို နူးညံ့နေသည်ဟု ဖော်ပြနိုင်လေသည်။ "ကျွန်မတို့ ထပ်တွေ့ပြန်ပြီပဲ၊ ရှောင်းနယ်စားမင်း"

...

All Chapters