← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အပိုင်း (၂၃၃)

ဝိန်းယွီသည် အလျင်စလို ရောက်လာခဲ့ရသဖြင့် သူမ၏ ထူထဲမည်းနက်လှသည့် ဆံနွယ်များကို ဆံထိုးကြီး အနည်းငယ်ဖြင့်သာ ခပ်လျော့လျော့ ထိုးထားခဲ့သည်။ ခန္ဓာကိုယ် တစ်ဝက်ရှိ အဝတ်အစားများနှင့် ခါးအထိ ကျနေသော ဆံနွယ်များသည် ရေစိုရွှဲနေပြီး အအေးဒဏ်ကြောင့် သူမ၏ မျက်နှာသည် ရေခဲရုပ်တုနှယ် ဖြူရော်နေပြီ ဖြစ်သည်။ သို့သော် သူမ၏ မျက်လုံးတစ်စုံသည် ဆောင်းရာသီ ကြယ်များနှယ် အေးစက်စူးရှနေဆဲဖြစ်ကာ ဒေါသတကြီးဖြင့် ရှောင်းလိကို စိုက်ကြည့်နေလေသည်။

ရင်နာရခြင်း၏ နောက်မှ ပေါ်လာသော ကြောက်ရွံ့မှုနှင့် အခြားသော ပြင်းထန်သည့် ခံစားချက်များစွာတို့သည် တစ်ပြိုင်နက်တည်း ရင်ထဲသို့ စုပုံလာတော့သည်။ သူ၏ ခန္ဓာကိုယ်ကို ဤမျှ ရက်စက်စွာ ဖျက်ဆီးနေသည်ကို မြင်လိုက်ရသောအခါ အားလုံးသည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူမသည် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ "ကျွန်မသာ မလာခဲ့ဘူးဆိုရင် ရှောင်းနယ်စားမင်းက ဒီရေအကျဉ်းထောင်ထဲမှာ ကိုယ့်ကိုယ်ကို သေတဲ့အထိ နှိပ်စက်ဖို့ ရည်ရွယ်ထားတာလား"

သို့သော် ရှောင်းလိက သူမကိုသာ စိုက်ကြည့်နေပြီး အဓိပ္ပာယ် မပီပြင်သော စကားတစ်ခွန်းကို ပြောလိုက်သည်။ "မင်း ရောက်လာပြီပဲ"

သူ၏ အသက်ရှူသံက ပူလောင်နေဆဲဖြစ်ပြီး မျက်လုံးများကလည်း အစွဲအလမ်းကြီးကာ နက်ရှိုင်းပြီး အန္တရာယ်ပေးတော့မလိုပင်။

ဝိန်းယွီ၏ ဒေါသသည် မပြေပျောက်သေးဘဲ ဤအေးစက်သော ရေကန်ထဲတွင် သူမ၏ ခန္ဓာကိုယ်က အနည်းငယ် ထိန်းချုပ်မရအောင် တုန်ယင်နေသော်လည်း သူမသည် အသံကို တတ်နိုင်သမျှ တင်းမာအောင် ထိန်းကာ အေးစက်စွာ ပြောလိုက်၏။ "ရှောင်းနယ်စားမင်းက ဘာပြောချင်တာလဲ"

သူမ၏ ပါးပြင်ကို ပွတ်သပ်နေသော ကြီးမားသည့် လက်သည် အောက်သို့ လျှောဆင်းသွားပြီး သူမ၏ ခါးနှင့် တင်ပါးကို ဖက်ကာ အပေါ်သို့ မ,တင်လိုက်၏။ အရေးပေါ် အခြေအနေကြောင့် ဝိန်းယွီသည် သူ၏ ပခုံးနှင့် လက်မောင်းပေါ်ရှိ အဝတ်အစားများကို ပင်ကိုယ်အသိစိတ်ဖြင့် ဆုပ်ကိုင်လိုက်မိသည်။

သူသည် သူမကို ကျောက်စင်မြင့်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ရေကန်နှင့် ဝေးကွာသွားစေသော်လည်း သူကိုယ်တိုင်ကတော့ အနောက်သို့ ဆုတ်သွားမည့် အရိပ်အယောင် မပြခဲ့ချေ။ အလွန် နီးကပ်နေပြီး ဝိန်းယွီကလည်း သူ့ပခုံးနှင့် လက်မောင်းပေါ်ရှိ အဝတ်အစားများကို ဆုပ်ကိုင်ထားဆဲ ဖြစ်သဖြင့် ထိုအခိုက်တွင် ဤအနေအထားက ဖက်ထားသလို ဖြစ်နေလေသည်။

သူသည် လက်တစ်ဖက်ကို ကျောက်စင်မြင့်၏ အစွန်းတွင် ထောက်ထားကာ သူမကို လက်မောင်းများဖြင့် ဝန်းရံထားပြီး အဖျားကြီးနေမှုကြောင့် ပူလောင်ကာ အနည်းငယ် လေးလံနေသော သူ၏ အသက်ရှူသံများ အားလုံးက သူမ၏ ပါးပြင်ဘေးသို့ လွင့်စင်လာခဲ့သည်။

ဤအနေအထားသည် တောင်ပေါ်ဘုန်းကြီးကျောင်းရှိ ရေပူစမ်း၏ ကျောက်နံရံတွင် သူ၏ ပိတ်လှောင်ခြင်းကို ခံခဲ့ရစဉ်က အခြေအနေကို ဝိန်းယွီကို ချက်ချင်း ပြန်လည်သတိရစေခဲ့သည်။ သူမသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မသိမသာ ဝေးရာသို့ ခွာသွားရန် ကြိုးစားလိုက်ချိန်တွင် ရှောင်းလိက ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "မင်းက အကျဉ်းသားတိုင်းကို ဒီလောက်တောင် ဂရုစိုက်တာလား"

တစ်ဖက်လူက သူမ၏ အစောပိုင်းက စကားကို ပြန်လည်တုံ့ပြန်နေခြင်း ဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။ သို့သော် သူသည် သံကြိုးများကို ရုန်းထွက်နိုင်ခဲ့ပြီးဖြစ်ကာ အဖျားကြီးနေသည်ကိုပင် ဂရုမစိုက်ဘဲ ရေကန်ထဲမှ ကုန်းပေါ်သို့ မတက်ဘဲ ကိုယ့်ကိုယ်ကို လှောင်ပိတ်ထားဆဲ ဖြစ်သဖြင့် ဝိန်းယွီ၏ ရင်ထဲတွင် ဒေါသများ ထပ်မံ ထွက်ပေါ်လာပြီး ပြောလိုက်သည်။ "ရှောင်းနယ်စားမင်းက သေတာထက် ရှင်နေတာက ပိုပြီး တန်ဖိုးရှိတယ်။ ဒါကြောင့် ကျွန်မက ပိုပြီး ဂရုစိုက်ရမှာပေါ့"

ရှောင်းလိ၏ လည်ချောင်းတွင် ခံစားချက် တစ်ခုခုကို ခက်ခဲစွာ မျိုချလိုက်သည့်နှယ် ဖြစ်သွားပြီး သရော်လှောင်ပြောင်စွာ ရယ်မောလိုက်သည်။ သူမကို စိုက်ကြည့်နေသော မျက်လုံးများတွင် နက်ရှိုင်းမှုနှင့် သွေးရောင်တို့ ရောယှက်နေသော ရက်စက်မှုသာ ကျန်ရှိတော့၏။ "မင်းသမီးက ပြောခဲ့တယ် မဟုတ်လား... ငါ့လက်ထဲက စစ်ရေးအာဏာကို ပြန်လည်ရယူမယ်ဆိုရင်တောင် လောကက ဘယ်သူကမှ မေးခွန်းထုတ်မှာ မဟုတ်ဘူးလို့။ ဒါဆိုရင် မင်းသမီးက ကိုယ့်ဂုဏ်သိက္ခာကို ချပြီး ကိုယ်တိုင် လာတွေ့ရလောက်အောင် ငါက မင်းသမီးအတွက် ဘာအသုံးဝင်သေးလို့လဲ"

ဝိန်းယွီသည် ခေါင်းကို အနည်းငယ် စောင်းကာ ဘေးရှိ သံမည်း အကျဉ်းခန်းတိုင်များကို မျက်လွှာချ ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းများက အလွန် တင်းကျပ်စွာ ပိတ်ထားပြီး ဤရေအကျဉ်းထောင်အတွင်းတွင် သူနှင့် ဆက်လက် ငြင်းခုံမနေချင်တော့သဖြင့် ပြောလိုက်၏။ "ရေအကျဉ်းထောင်ရဲ့ ရေက အေးတယ်။ ကျွန်မက ရှောင်းနယ်စားမင်းရဲ့ လက်ထဲကို ရောက်နေပြီဆိုတော့ ရှောင်းနယ်စားမင်းက ကျွန်မကို ဓားစာခံလုပ်ပြီး သမားတော်ကို ကုသခိုင်းပြီးတာနဲ့ ချက်ချင်း တော်ဝင်နန်းတော်ကနေ ထွက်သွားလို့ ရတယ်လေ"

ရှောင်းလိသည် သူမကို ကြည့်လိုက်၏။ သူ့အပြုံးတွင် သရော်ရိပ်များ ပိုပြင်းထန်လာပြီး မျက်လုံးထဲရှိ နီရဲမှုနှင့် လှိုင်းထနေသော ခံစားချက်များက ပိုနက်ရှိုင်းလာခဲ့သည်။ ဒဏ်ရာများနှင့် သွေးများ ပေကျံနေသော လက်ဖြင့် ဝိန်းယွီ၏ ပါးတစ်ခြမ်းကို အားကုန်သုံး၍ ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "ဒီတစ်ခေါက် ငါ လာရတဲ့ ရည်ရွယ်ချက်ကို တော်ဝင်နန်းတော်ကို ငါ ဝိုင်းရံတုန်းက ပြောခဲ့ပြီးပြီပဲ"

"ငါ့ကိုယ်ငါ အထင်ကြီးလွန်းတယ်ဆိုတာ ငါ သိပါတယ်။ ပြီးတော့ ဒါက ငါ့ရဲ့ အချည်းနှီး မျှော်လင့်ချက်ဆိုတာကိုလည်း ငါ သိပါတယ်။ ဒါပေမယ့် ဝိန်းယွီ... မင်းကို ရှင်းနဲ့ ယီ ပြည်နယ်နှစ်ခု ပေးနိုင်မဲ့လူကို လက်ထပ်မယ်လို့ အရင်တုန်းက ပြောခဲ့တုန်းက ငါက ရှင်းနဲ့ ယီ ပြည်နယ်ကို တိုက်ခိုက်ဖို့ စစ်ရေးမြေပုံကို ယူပြီး မင်းကို လာတွေ့ခဲ့တာပဲ"

သူသည် မေးရိုးကို တင်းကျပ်စွာ အံကြိတ်လိုက်ပြီး သူ၏ မျက်လုံးထဲရှိ အချစ်၊ အမုန်း၊ နာကျင်မှု၊ ခါးသီးမှုနှင့် မကျေနပ်ချက်များ အားလုံးကို သူမ မြင်တွေ့နိုင်ရန် ရှင်းလင်းစွာ ပြသလိုက်ပြီး နှစ်နှစ်ကျော် နောက်ကျနေသော စွပ်စွဲချက်ကို ထုတ်ဖော်လိုက်သည်။ "မင်းက ကတိဖျက်ခဲ့တာ... မင်းက စကားမတည်ခဲ့ဘဲ... စစ်တပ်ကို လိုချင်တယ်၊ အာဏာကို လိုချင်တယ်လို့ စကားပြောင်းခဲ့တာ"

သူ၏ နီရဲနေသော မျက်လုံးများမှ ခါးသီးလေးလံသော အရာတစ်ခု ကျဆင်းလာခဲ့၏။ "မင်း ငါ့ကို ရွံရှာတယ်၊ မုန်းတီးတယ်။ ဒါကြောင့် ငါ အရင်က ထွက်သွားခဲ့တာပဲ။ ဒါပေမယ့် မင်းကိုယ်တိုင်က ငါ့လက်ထဲကို ပြန်ရောက်လာခဲ့တာလေ"

"မင်းက စစ်တပ်ရှိပြီး အာဏာရှိတဲ့ ချန်ဝမ်ကို လက်ထပ်ခဲ့တာ မဟုတ်ဘူးလား။ အကျိုးအပြစ်တွေကို ချိန်ဆပြီးတဲ့နောက် မင်းအတွက် အကောင်းဆုံးလို့ ထင်ရတဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာ မဟုတ်ဘူးလား။ အမတ်တွေကို မင်းကို မက်မောခွင့် မပေးဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဒါဆိုရင် ဘာဖြစ်လို့ မင်းကိုယ်မင်း ဒီလို သနားစရာကောင်းတဲ့ အခြေအနေမျိုးကို ရောက်အောင် လုပ်ခဲ့ရတာလဲ။ အရင်က မင်းကို တောင်ပိုင်းကို ကာကွယ်ပြီး ခေါ်သွားတုန်းက ငါ့မှာ အသက်ရှူဖို့ လေတစ်ဝက် ကျန်နေသေးသရွေ့ မင်းကို ဒီလို အန္တရာယ်များတဲ့ နေရာမှာ တစ်ယောက်တည်း ထားခဲ့ဖူးလို့လား။ ဒါပေမယ့် မင်းက သူတို့ကို ရွေးချယ်ခဲ့တယ်။ ငါက ဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ ဝိန်းယွီ... ငါ မေးမယ်... ငါက ဒါကို လက်ခံပေးဖို့ မင်း ဘယ်လိုလုပ်ပြီး မျှော်လင့်နေနိုင်ရတာလဲ"

သူက တစ်ခွန်းပြီး တစ်ခွန်း စွပ်စွဲပြောဆိုလိုက်ပြီး ဤနှစ်များအတွင်း သူ၏ ရင်ဘတ်ထဲရှိ ခုန်ပေါက်နေသော သွေးသားများကို အပေါက်ကြီးများစွာ ဖြစ်ပေါ်လာစေသည့် မကျေနပ်ချက်များ အားလုံးကို ဝိန်းယွီထံသို့ ပစ်ပေါက်လိုက်သည်။ ကျန်လက်တစ်ဖက်ကလည်း ဝိန်းယွီ၏ ပါးကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်လုံးများမှ ကျဆင်းလာသော စိုစွတ်မှုများကို လက်ချောင်းထိပ်များဖြင့် ဖြည်းညင်းစွာ ဖယ်ရှားပေးလိုက်သည်။ သူ၏ အသက်ရှူသံက လေးလံမြန်ဆန်နေပြီး နာကျင်ခါးသီးမှုများဖြင့် ပြည့်နှက်နေကာ သူမ၏ နဖူးကို နီးကပ်စွာ ထိကပ်လုနီးပါးဖြင့် ပြောလိုက်၏။

"ပြီးတော့ မင်းပဲလေ___ မင်းကိုယ်တိုင်ပဲ အရင်တုန်းက ငါ့အပေါ် ထားခဲ့တဲ့ မုန်းတီးမှုတွေ အားလုံးကို ငြင်းဆိုခဲ့ပြီး ငါ့ကို သဘောကျတယ်လို့ ပြောခဲ့တာလေ"

"ငါက အဲ့ဒါကို တကယ်ထင်ခဲ့တာ။ ပြီးတော့ ငါ့မှာလည်း စစ်တပ်နဲ့ အာဏာ ရှိလာခဲ့ပြီ။ ဒါပေမယ့် ဘာဖြစ်လို့ မင်းက ချန်ဝမ်ကို လက်လွှတ်ဖို့ ဆန္ဒမရှိသေးတာလဲ"

"မင်းက ငါ့ကို မရွေးချယ်ချင်ဘူးဆိုတော့ ငါက အသန်မာဆုံးနဲ့ မင်း မဟာမိတ်ဖွဲ့ဖို့ အသင့်တော်ဆုံးလူဆိုတာကို သက်သေပြရမှာ‌ပေါ့။ မင်းက ဒီလောက်တောင် ဉာဏ်ကောင်းပြီး နိုင်ငံရေးအာဏာကို တည်ငြိမ်စေမယ့် နည်းလမ်းတွေ အများကြီး ရှိနေတာကို... ဘာဖြစ်လို့ တခြားလူဆီကနေ ကလေးတစ်ယောက် လိုချင်ရတာလဲ..."

သူ ဆက်မပြောနိုင်တော့ချေ။ လှိုင်းကြက်ခွပ်လေးတစ်ခု ရိုက်ခတ်သွားသကဲ့သို့ သူ၏ ခါးသီးနီရဲနေသော မျက်လုံးများမှ တစ်စုံတစ်ခု ထပ်မံ ကျဆင်းလာခဲ့သည်။ သူ၏ အသက်ရှူသံများပင် အနည်းငယ် တုန်ယင်လာပြီးနောက် ခဏအကြာမှ နောက်ဆုံး မေးခွန်းကို မုန်းတီးမှု အပြည့်ဖြင့် ထုတ်ဖော်လိုက်သည်။ "မင်းမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့... ငါ့ကို ဒီလို ဆက်ဆံရတာလဲ"

ဝိန်းယွီသည် ခေါင်းမော့ကာ သူ့ကို ကြည့်နေရပြီး မှိန်ပျပျ ဖယောင်းတိုင်မီးအောက်ရှိ ဖြူရော်နေသော မျက်နှာသည် လင်းလက်နေသော ရေလှိုင်းများထဲက အေးစက်သော လမင်းနှယ် အလင်းရောင်တစ်လွှာဖြင့် ဝန်းရံခံထားရသည်။ စိုရွှဲနေသော ဂါဝန်က အောက်သို့ တွဲကျနေပြီး လည်ပင်းပေါက်ကို အနည်းငယ် ပွင့်ဟသွားစေကာ အသက်ရှူလိုက်တိုင်း ပါးလွှာသော အရေပြားဖြင့်သာ ဖုံးလွှမ်းထားသည့် သူမ၏ ညှပ်ရိုး အနိမ့်အမြင့်ကိုပင် ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။

ရှောင်းလိသည် သူမ၏ မျက်နှာကို အားကုန်သုံး၍ ဆုပ်ကိုင်ထားပြီး သူတို့၏ အသက်ရှူသံများပင် ရောယှက်နေလုနီးပါး ဖြစ်နေသော်လည်း သူ၏ မျက်နှာပေါ်ရှိ စိုစွတ်မှုများက ပိုမို များပြားလာခဲ့သည်။ သူ၏ အကြည့်များက အလွန် ရက်စက်ပြီး အလွန် မုန်းတီးနေသော်လည်း ၎င်းတို့၏ အတွင်းတွင် နက်ရှိုင်းစွာ ခံစားနေရသော အချစ်နှင့် အမုန်းတို့ကို ပွင့်လင်းစွာ ပြသနေလေသည်။ သူ၏ လည်ဇလုတ်က ဖြည်းညင်းစွာ လှုပ်ရှားသွားပြီး ပြောလိုက်၏။ "ဝိန်းယွီ... မင်း ဘာလို့ ငါ့ကို မသတ်ခဲ့တာလဲ"

ဤစကားကို ပြောချိန်တွင် သူ့အသံက အလွန် အက်ကွဲနေပြီး ဝိန်းယွီကို စိုက်ကြည့်နေဆဲ ဖြစ်သော်လည်း သူ၏ အမြင်အာရုံများက ဝေဝါးနေပြီ ဖြစ်၏။

သူသည် နှစ်ရက်နှစ်ညတိုင်တိုင် ကောင်းစွာ မအိပ်စက်ရသေးဘဲ ဒဏ်ရာများရရှိထားကာ အစာလည်း ကောင်းစွာ မစားရသေးချေ။ ဤအချိန်အထိ အတင်းအကျပ် တောင့်ခံထားရသည်မှာ သူ့ လုပ်နိုင်စွမ်းအကုန် ဖြစ်နေလေပြီ။

ဝိန်းယွီ၏ မျက်လုံးများတွင် ခါးသီးမှုများ ပိုပြင်းထန်လာသော်လည်း မျက်နှာကြွက်သားများကိုမူ အလွန် တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ သူမ၏ လက်သည် ရှောင်းလိ၏ လည်ပတ်ပေါ်ရှိ သော့ခလောက်ကို စမ်းသပ်တွေ့ရှိသွားပြီးနောက် ရုတ်တရက် အောက်သို့ အားကုန်သုံး၍ ဆွဲချလိုက်ပြီး သူ့ကို ပိုနီးလာသည်အထိ ခေါင်းငုံ့သွားအောင် ဖိအားပေးထားလိုက်သည်။

သူမသည် ထိုသံကြိုးကို မလွှတ်ဘဲ လေးလံသော သံမည်းလည်ပတ်ကို ယခင်က သူမ ကိုက်ထားခဲ့၍ အမာရွတ်ဖြစ်နေသော သွားရာပေါ်သို့ ဖိကပ်ထားလိုက်သည်။ အနီရောင် မပြယ်သေးသော မျက်လုံးတစ်စုံကို ပင့်ကြည့်ကာ သူ၏ ရက်စက်မှုကိုထက် မလျော့သည့်ပြင်းအားဖြင့် သူ့ကို စိုက်ကြည့်ရင်း နောက်တစ်ကြိမ် မေးလိုက်သည်။

"ဘာလို့ ဖေစုန့်ရဲ့ လက်နက်ချ စစ်သား နှစ်သောင်းကို သတ်ခဲ့ရတာလဲ"

"ဘာလို့လဲဆိုတော့... သေသင့်လို့..."

ရှောင်းလိသည် ဤစကားလုံး အနည်းငယ်ကိုသာ ပြန်ဖြေနိုင်ခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် မီးသွေးခဲနှယ် ပူလောင်နေလျက် ဝိန်းယွီ၏ ပခုံးနှင့် လည်ပင်းပေါ်သို့ လဲကျသွားတော့သည်။ သူ့တစ်ကိုယ်လုံးသည် ထိုအကန့်အသတ်အထိ တင်းမာနေခဲ့ပြီးနောက် ယခုအခါ လုံးဝ သတိလစ်မေ့မြောသွားခဲ့လေပြီ။

မီးရောင်ကြောင့် လင်းလက်နေသော အေးစက်သည့် ရေကန်ထဲတွင် သူ၏ ပခုံးပေါ်ရှိ ပတ်တီးကိုပင် သွေးများ စွန်းထင်းစေခဲ့သော မြားဒဏ်ရာကို ဝိန်းယွီ မြင်လိုက်ရချိန်တွင် အတိတ်က မှတ်ဉာဏ်များသည် ရင်ထဲသို့ စုပုံရောက်ရှိလာ၏။ သူမသည် တင်းကြပ်နေသည့် အသက်ရှူနုန်းကို တည်ငြိမ်အောင် လုပ်လိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ထားလိုက်၏။

ဖယောင်းတိုင်မီးက နံရံပေါ်တွင် လူနှစ်ယောက်၏ အရိပ်ကို ထင်ဟပ်စေခဲ့ပြီး ထိုအရိပ်များထဲမှ တစ်ခုက လက်ကို မြှောက်ကာ နောက်အရိပ်တစ်ခု၏ ကျောပြင်ပေါ်သို့ ကျရောက်သွားခဲ့သည်။

တိတ်ဆိတ်နေသော ရေအကျဉ်းထောင်အတွင်းတွင် အလွန် တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ "ကျွန်မ ရှင့်ကို ဆက်ပြီး အပြစ်ပေးနေဦးမယ်"

နောက်တစ်နေ့တွင် နေရောင်ခြည်က လင်းလက်နေပြီး လေပြေကလည်း သာယာနေ၏။

နန်းဆောင်အတွင်းရှိ ခန်းဆီးများသည် အပြည့်ဖွင့်ထားသော ပြတင်းပေါက်မှ ဝင်ရောက်လာသည့် လေကြောင့် ဖြည်းညင်းစွာ လွင့်ပျံနေလေသည်။

"... အခြေခံကျန်းမာရေးက ကောင်းတယ်။ မနေ့ညက ကြည့်တုန်းက ပခုံးပေါ်က ဒဏ်ရာက နည်းနည်း ရောင်ရမ်းနေသေးပေမယ့် ဒီနေ့ ဆေးလဲတဲ့အခါ ဒဏ်ရာရဲ့ ရောင်ရမ်းမှုက ပျောက်သွားတာကို တွေ့ရတယ်။ အဖျားလည်း ကျသွားပြီ။ ဆေးနည်းနည်း ထပ်သောက်ပြီး သေချာ အနားယူရင် ပြဿနာ မရှိလောက်တော့ပါဘူး"

သမားတော်ကြီးဖန်းက မလှမ်းမကမ်းတွင် ရပ်ကာ ရိုသေစွာ ပြန်ဖြေလိုက်သည်။

ဝိန်းယွီသည် ပြတင်းပေါက်အနီးရှိ စစ်တုရင်ခုံရှေ့တွင် ထိုင်နေပြီး လက်ထဲတွင် စစ်တုရင်ရုပ်တစ်ခုကို ကိုင်ထားကာ မျက်လွှာမပင့်ဘဲ ပြောလိုက်၏။ "သွားလို့ရပြီ"

သမားတော်ကြီးဖန်းသည် ထုန်ချွဲ၏ စောင့်ကြည့်မှုအောက်တွင် ဝိန်းယွီကို အရိုအသေပေးလိုက်ပြီးနောက် ရိုသေစွာဖြင့် ဆုတ်ခွာသွားလေသည်။

ဝိန်းယွီ၏ လက်ထဲရှိ စစ်တုရင်ရုပ်သည် စစ်တုရင်ခုံ၏ ထောင့်တစ်နေရာသို့ ကျရောက်သွားပြီးနောက်မှ သူမက ထုန်ချွဲကို မေးလိုက်သည်။ "ဖေယွမ် ဝန်ခံပြီလား"

ထုန်ချွဲက ခေါင်းခါလိုက်၏။ "ပါးစပ်က အရမ်းမာတယ်။ ရေအကျဉ်းထောင်ထဲမှာ အခုထိ လှောင်ထားပြီး နှိပ်စက်တာတောင် ပါးစပ် မဟသေးဘူး"

သာမန် အကျဉ်းသားများသည် တရားခွင်သို့ မရောက်မီ "အာဏာပြ ရိုက်နှက်ခြင်း"ကို ခံရလေ့ရှိသည်။ တော်ဝင်အကျဉ်းထောင်သို့ ဝင်ရောက်လာသော အပြစ်ကြီးသည့် အကျဉ်းသားများကိုမူ ရေအကျဉ်းထောင်တွင် တစ်ညလုံး ဦးစွာ လှောင်ပိတ်ထားပြီး နောက်ပိုင်းမှ နှိပ်စက်ညှဉ်းပန်းမှုများကို ပြုလုပ်လေ့ရှိသည်။

ထို့ကြောင့် ရှောင်းလိနှင့် ဖေယွမ်တို့ အတူတကွ ခေါ်ဆောင်လာခံရသည့် ညက ဝိန်းယွီက တော်ဝင်အကျဉ်းထောင်ထဲသို့ အတူတူ ထည့်လိုက်ရန် ပြောခဲ့သဖြင့် လက်အောက်ငယ်သားများက ရှောင်းလိကိုပါ အပြစ်ကြီးသည့် အကျဉ်းသားအဖြစ် အထင်လွဲကာ ရေအကျဉ်းထောင်ထဲသို့ အတူတူ လှောင်ပိတ်လိုက်ခြင်း ဖြစ်လေသည်။

ဝိန်းယွီသည် စစ်တုရင်ခွက်ထဲမှ စစ်တုရင်ရုပ် အမည်းတစ်ရုပ်ကို ယူလိုက်ပြီး ပြောလိုက်၏။ "ဆက်ပြီး စစ်ဆေး"

ထုန်ချွဲက ဦးညွှတ်ကာ အဖြေပေးလိုက်သည်။ အကယ်၍ ဖေစုန့်သည် ရှီးလင်ဘက်သို့ ကူးပြောင်းသွားခဲ့ပါက ဖေယွမ်သည်လည်း ဖေစုန့်နှင့် ရှီးလင်တို့၏ အကြံအစည်များကို သေချာပေါက် သိရှိထားမည်ဖြစ်ကြောင်း သူမ နားလည်ထားလေသည်။

သို့သော် ဝိန်းယွီကို မော့ကြည့်လိုက်ချိန်တွင် သူမသည် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "မင်းသမီး... မနေ့ညက မင်းသမီး တစ်ရေးမှ မအိပ်ခဲ့ရဘူး။ ဒီနေ့ နံနက်ခင်းညီလာခံမှာလည်း နေ့လယ်အထိ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးနေခဲ့ရတယ်။ ဒီလိုမျိုး ဆက်ပြီး တောင့်ခံနေမယ်ဆိုရင် မင်းသမီးရဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ။ ကျွန်မ မင်းသမီးကို အိပ်ရာဝင်ဖို့ ပြင်ဆင်ပေးပါရစေ"

ယမန်နေ့ညက တော်ဝင်အကျဉ်းထောင်မှ ရှောင်းလိကို ခေါ်လာပြီးနောက် အခြားသူများ၏ အာရုံစိုက်မှုကို ရှောင်ရှားရန် ဝိန်းယွီသည် သူ့ကို ကျောက်ဟွာနန်းဆောင်၏ ဘေးဆောင်တွင် အရင်ဆုံး နေရာချထားလိုက်သည်။

သမားတော်ကြီးဖန်း လျှို့ဝှက်စွာ ဝင်ရောက်လာပြီး စစ်ဆေးကြည့်မှသာ ရှောင်းလိ၏ နောက်ကျောရှိ မြားဒဏ်ရာသည် သူ သံကြိုးကို အားကုန်သုံး၍ ဖြတ်တောက်လိုက်စဉ်က ပြန်လည်စုတ်ပြဲသွားရုံသာမက အဖျားကြီးမှုကြောင့် ရောင်ရမ်းမှုများပါ ဖြစ်ပေါ်နေကြောင်း သိလိုက်ရသည်။ လက်ရှိအချိန်တွင် အလွန် အန္တရာယ်များနေပြီး အနီးကပ် ပြုစုစောင့်ရှောက်ရန် လူတစ်ဦး လိုအပ်နေလေသည်။

ထုန်ချွဲသည် ဘေးဆောင်တွင် ရှောင်းလိကို ပြုစုစောင့်ရှောက်ရန် ယုံကြည်ရသော မိန်းမစိုးလေး တစ်ဦးကို ရှာဖွေခဲ့ပြီး သူ့အဖျားကို အမြဲမပြတ် စောင့်ကြည့်ရန်နှင့် အဖျားကျစေရန် ရေပတ်တိုက်ပေးရန် ညွှန်ကြားခဲ့သည်။

ဝိန်းယွီသည် အစောပိုင်းက သုံးနာရီခန့် အိပ်စက်ခဲ့ရပြီး တော်ဝင်အကျဉ်းထောင်မှ ပြန်လာပြီးနောက်တွင် အိပ်ချင်စိတ် မရှိတော့သဖြင့် ရေစိုနေသော အဝတ်အစားများကို လဲလှယ်ကာ ဆံပင်များကို ခြောက်သွေ့အောင် သုတ်ပြီးနောက် ပင်မဆောင်တွင် စုပုံနေသော စာချွန်လွှာများကိုသာ ဆက်လက် ကိုင်တွယ်ဖြေရှင်းနေလိုက်သည်။

ညလယ်ပိုင်းသို့ ရောက်သောအခါ ဘေးဆောင်မှ ထူးဆန်းသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် သွားကြည့်ရာ မိန်းမစိုးလေးသည် ရှောင်းလိ၏ အဖျားကျစေရန် ရေပတ်တိုက်ပေးနေစဉ် တစ်ဝက်တစ်ပျက် အိပ်မက်ထဲတွင် သူစိမ်းတစ်ယောက် ချဉ်းကပ်လာသည်ကို သတိထားမိသွားသော ရှောင်းလိက ထိုမိန်းမစိုးလေး၏ လက်ကို လိမ်ချိုးလိုက်သဖြင့် အဆစ်လွဲသွားခြင်း ဖြစ်ကြောင်း သိလိုက်ရလေသည်။

မိန်းမစိုးလေး၏ မျက်နှာတစ်ခုလုံးတွင် နှပ်များနှင့် မျက်ရည်များ ပေကျံနေသော်လည်း ဝိန်းယွီကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် ငိုသံတစ်ချက်မျှပင် မထွက်ရဲခဲ့ချေ။

ဝိန်းယွီသည် မိန်းမစိုးလေးကို သင့်လျော်စွာ နေရာချထားပေးရန် ထုန်ချွဲကို ညွှန်ကြားလိုက်ပြီး အိပ်ရာပေါ်တွင် မျက်နှာတစ်ခုလုံး နီရဲကာ သတိလစ်မေ့မြောနေဆဲဖြစ်သော ရှောင်းလိကို လှည့်ကြည့်လိုက်၏။ လက်မြောက်က သူ့နဖူးကို အပူချိန်စမ်းပြီး ပြန်လည်ရုပ်သိမ်းရန် ပြင်လိုက်ချိန်တွင် သူက သူမ၏ လက်ကို မြှောက်ကာ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

သူသည် အိပ်မက်ဆိုးတစ်ခုခုထဲတွင် နစ်မြုပ်နေသည့်အလား "အမေ" ဟု မပီမသ ရေရွတ်နေပြီး သူမ၏ နာမည်ကိုလည်း ခေါ်နေခဲ့သည်။

တောင်ပေါ်ဘုန်းကြီးကျောင်းတွင် သူ ဖျားနာခဲ့စဉ်ကလည်း ဤကဲ့သို့ပင် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားခဲ့ကြောင်းကို ဝိန်းယွီ ချက်ချင်း သတိပြန်ရသွားခဲ့သည်။

သူမသည် ခဏလောက် တိတ်ဆိတ်နေပြီးမှ သူ့လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် မည်မျှပင် အားစိုက်ထုတ်ပါစေ ရုန်းထွက် မရခဲ့ချေ။

နောက်ပိုင်းတွင် ထုန်ချွဲ ပြန်ရောက်လာပြီး ဝိန်းယွီကို ရှောင်းလိက "ဖမ်းဆုပ်" ထားသည်ကို မြင်သောအခါ သူ့လက်ကို ဖြည်ပေးရန် ကြိုးစားခဲ့သေးသည်။ သို့သော် တစ်ဖက်လူက အပြင်ဘက်မှ အားကို ခံစားရသောအခါ သတိလစ်နေစဉ်အတွင်း ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သဖြင့် ဝိန်းယွီ၏ လက်မှာ နာကျင်လာခဲ့သည်။ ထုန်ချွဲမှာ ဆက်ဖြည်လို့မရသဖြင့် သူမကို နာကျင်မှာ စိုးရိမ်သွားပြီး လတ်တလောတွင် လက်လျှော့လိုက်ရတော့သည်။

ဝိန်းယွီသည် ကုတင်ဘေးတွင် ပိတ်မိနေသဖြင့် မျက်ခုံးများကို ပွတ်သပ်ကာ သူမ မစစ်ဆေးရသေးသော စာချွန်လွှာများကို ယူဆောင်လာရန် ထုန်ချွဲကို ညွှန်ကြားလိုက်ပြီး ဒူးပေါ်တွင် တင်ကာ တစ်ညလုံး ဖယောင်းတိုင်မီးဖြင့် စစ်ဆေးနေခဲ့ရသည်။

မိုးလင်းချိန်တွင် ပင်ပန်းနွမ်းနယ်မှုကို မခံနိုင်တော့သဖြင့် မျက်လုံးမှိတ်ကာ ခဏတာ အနားယူချိန်တွင် လက်ထဲရှိ စုတ်တံအနီသည် လွတ်ကျသွားပြီး စောင်နှင့် အိပ်ရာခင်းပေါ်တွင် အနီရောင် မျဉ်းတစ်ကြောင်းပင် ထင်ကျန်ရစ်ခဲ့လေသည်။

ထုန်ချွဲက ဝိန်းယွီကို နံနက်ခင်းညီလာခံအတွက် ခေါ်ရန် ဝင်လာချိန်တွင် ထိုသို့ အိပ်ပျော်နေသည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်း သနားသွားခဲ့ပြီး ရှောင်းလိက ဝိန်းယွီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်ကို မြင်သောအခါ ရင်ထဲတွင် အနည်းငယ် ထူးဆန်းစွာ ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် ဤတစ်ညအကြာတွင် ရှောင်းလိ၏ အဖျားကြီးမှုသည် နောက်ဆုံးတွင် ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော် သွေးနှင့် အားအင်များ အလွန်အမင်း ဆုံးရှုံးသွားပုံရပြီး လူကတော့ သတိလစ်မေ့မြောနေဆဲပင်။ ဝိန်းယွီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော သူ့လက်ကို ဖြည်ပေးရန် ထပ်မံ ကြိုးစားသောအခါမှသာ နောက်ဆုံးတွင် အောင်မြင်စွာ ဖြည်ပေးနိုင်ခဲ့လေသည်။

ဝိန်းယွီက အနည်းငယ် ဒေါသထွက်နေသည်လား မသိသော်လည်း ဤနံနက်ခင်းညီလာခံ တစ်လျှောက်လုံးတွင် သူမ၏ မျက်နှာအမူအရာက သိပ်မကောင်းလှချေ။ အောက်ခြေရှိ အမတ်များက သူမသည် အနောက်ဘက်နယ်စပ် စစ်ရေးကိစ္စများကြောင့် စိတ်ရှုပ်နေသည်ဟု ထင်ကာ ဒေါသထွက်အောင် လုပ်မိမှာ စိုးရိမ်သဖြင့် နိုင်ငံရေးကိစ္စများကို ဆွေးနွေးရာတွင် မည်သူမျှ ဆင်ခြေပေးခြင်းများ မလုပ်ရဲကြတော့ချေ။ ယနေ့တွင် အသေးအဖွဲ နိုင်ငံရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာ၌ ပုံမှန်ထက် များစွာ ပိုမို ထိရောက်မှု ရှိခဲ့လေသည်။

ယခုအခါ ထုန်ချွဲ၏ စကားကို ကြားသောအခါ ဝိန်းယွီသည် ထိုစစ်တုရင်ရုပ် အမည်းကို ကိုင်ကာ စစ်တုရင်ခုံပေါ်တွင် ချမည့်နေရာကို အချိန်အတော်ကြာ ရှာမတွေ့နိုင်ခဲ့ချေ။ လေပြေက ပြတင်းပေါက်မှတစ်ဆင့် နန်းဆောင်အတွင်းသို့ ထပ်မံ ဝင်ရောက်လာပြီး ခြံဝင်းတစ်ခုလုံးရှိ သစ်ပင်မြင့်ကြီးများ၏ အကိုင်းအခက်များ လှုပ်ခတ်သံကိုသာ ကြားနေရလေသည်။

သူမသည် ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။ "ချင်းယွင်အစောင့်ဆီက သတင်းရတယ်။ အားကျောင်း တော်ဝင်နန်းတော်ကို ရောက်တော့မယ်ထင်တယ်။ အားကျောင်းနဲ့ တွေ့ပြီးမှ ကျွန်မ နားတော့မယ်"

တော်ဝင်နန်းတော် ဝိုင်းရံခံရစဉ်က ချင်းယွင်အစောင့်များသည် ကုရှီးယွင်ထံသို့ စာပို့ရန် သွားရောက်ချိန်တွင် ဝိန်းယွီ၏ ညွှန်ကြားချက်အရ လျန်နယ်မြေသို့လည်း စာပို့ခဲ့လေသည်။

ရှောင်းလိက တော်ဝင်နန်းတော်ကို တိတ်တဆိတ် ဝိုင်းရံနိုင်ခဲ့ခြင်းမှာ လျန်နယ်မြေအတွင်း တစ်စုံတစ်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့်များလား ဆိုသည်ကို ဝိန်းယွီ သေချာပေါက် အမြန်ဆုံး သိရှိထားရန်လည်း လိုအပ်နေသည်။

သတင်းရရှိပြီးနောက် ကျောင်းပိုင်သည် ဝိန်းယွီအတွက် စိုးရိမ်သဖြင့် ထိုနေ့မှာပင် နယ်စပ်အပြင်ဘက်သို့ ခရီးနှင်လာခဲ့ခြင်း ဖြစ်လေသည်။

ညနေ ၆နာရီခန့်တွင် ကျောင်းပိုင်သည် မြင်းတစ်ကောင်တည်းဖြင့် အရှေ့ဘက်မြို့တော်တံခါးလမ်းမကြီးပေါ်ရှိ ကြွေကျနေသော ပန်းပွင့်များကို ဖြတ်သန်းကာ တော်ဝင်နန်းတော်အတွင်းသို့ ပြေးဝင်လာခဲ့သည်။

ထိုအချိန်တွင် အားလီသည် နေ့ခင်းဘက် အိပ်ရာမှ နိုးလာပြီး တစ်ကြိမ် ငိုကြွေးပြီးနောက် အစေခံများက ဝိန်းယွီဆီသို့ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။

ကျောင်းပိုင်သည် အလျင်စလို နန်းဆောင်အတွင်းသို့ ဝင်ရောက်လာပြီးနောက် လက်တစ်ဖက်ကို ကြမ်းပြင်ပေါ် ထောက်ကာ ဒူးတစ်ဖက် ထောက်ချလိုက်ပြီး ပြောလိုက်၏။ "ကျွန်တော်မျိုးမ မင်းသမီးရဲ့ ယုံကြည်မှုကို ပျက်ကွက်ခဲ့ပါတယ်။ ရှီဇီဖေးကို အောင်မြင်စွာ မကယ်တင်နိုင်ခဲ့ပါဘူး"

ဝိန်းယွီသည် ချင်းယွင်အစောင့်များ ပေးပို့သော စာထဲမှ ထိုနေ့က ဖြစ်ရပ်များ၏ အစအဆုံးကို ကြိုတင် သိရှိထားပြီး ဖြစ်သည်။ သူမသည် ကိုယ်တိုင် ရှေ့သို့ တိုးသွားကာ ကျောင်းပိုင်ကို ထူမပေးလိုက်ပြီး သူမကို ညီမအရင်းတစ်ယောက်လို ဆက်ဆံခဲ့သော ယောက်မကို သတိရသွားတော့သည်။ ဤသတင်းဆိုးကို သိရှိထားသည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း ရင်ထဲတွင်တော့ အလွန် ဝမ်းနည်းနေဆဲဖြစ်ကာ ယခုအခါ ဤသို့သာ ပြောနိုင်တော့သည်။ "အဲဒီနေ့က အခြေအနေက အန္တရာယ်များတယ်။ မင်း အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီပဲ။ မင်းကို အပြစ်မတင်ပါဘူး"

ထို့နောက် ဆက်မေးလိုက်၏။ "ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ သက်သာသွားပြီလား"

ထိုစကားများကို ကြားသောအခါ ကျောင်းပိုင်၏ မျက်လုံးများက အနည်းငယ် နီရဲသွားပြီး ခေါင်းကို ကပျာကယာ ငုံ့ထားကာ မတ်တတ်မရပ်ဘဲ ပြန်ဖြေလိုက်၏။ "တော်တော်လေး သက်သာသွားပါပြီ။ အဲ့ဒီချောက်ကမ်းပါးအောက်မှာ မြစ်ကြီးတစ်စင်း ရှိပြီး မြစ်ရေစီးသန်တယ်။ ကျွန်တော်မျိုးမ မြစ်တစ်လျှောက် အချိန်အတော်ကြာ ရှာဖွေခဲ့ပေမယ့်... အခုချိန်ထိ ရှီဇီဖေးရဲ့ အလောင်းကို မတွေ့သေးပါဘူး"

ဤစကားကို ရုတ်တရက် ကြားလိုက်ရသောအခါ ဝိန်းယွီ၏ ရင်ထဲတွင်လည်း နာကျင်သွားခဲ့သည်။ သူမသည် အသက်တစ်ချက် ရှူလိုက်ပြီး ကျောင်းပိုင်၏ လက်မောင်းကို ကိုင်ထားသော လက်ကို ပြောင်းကာ သူမ၏ တံတောင်ဆစ်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။ "ယောက်မက အမြဲတမ်း ကံကောင်းတတ်ပါတယ်။ ရေစီးကြောင်းနဲ့ အောက်ပိုင်းကို ရောက်သွားပြီး တစ်ယောက်ယောက်က ကယ်တင်သွားတာလည်း ဖြစ်နိုင်တယ်။ လူတွေကို ဆက်ပြီး ရှာခိုင်းလိုက်ပါ"

လွှဲပုခက်ထဲရှိ အားလီကလည်း "တအဲအဲ" အသံပြုလိုက်ရာ ကျောင်းပိုင်က မော့ကြည့်လိုက်ချိန်တွင် သူမသည် လွှဲပုခက်၏ သစ်သားလက်ရန်းကို ကိုင်ကာ မတ်တတ်ရပ်နိုင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ တော်ဝင်နန်းတော်မှ ထွက်ခွာလာစဉ်က နူးညံ့ပျော့ပျောင်းသော အရွယ်လေးနှင့် လုံးဝ ကွာခြားသွားလေပြီ။

သူမ၏ ဝမ်းနည်းမှုများ အနည်းငယ် ပြေလျော့သွားပြီး ဝိန်းယွီက ဤသို့ ပြောပြီးနောက် သူမ ဆက်လက် ဒူးထောက်နေပါက မသင့်တော်ကြောင်း သိသဖြင့် မျက်လုံးထဲရှိ စိုစွတ်မှုများကို ဖိနှိပ်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဝိန်းယွီနှင့်အတူ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။ "ကျွန်တော်မျိုးမ ချင်းယွင်အစောင့် တချို့ကို ချန်ထားခဲ့ပြီး အစိုးရစစ်သားတွေနဲ့အတူ မြစ်တစ်လျှောက် ဆက်ရှာဖို့ ပြောခဲ့ပါတယ်"

ဝိန်းယွီက မေးလိုက်သည်။ "အားယင်းလေးရော"

ကျောင်းပိုင်၏ မျက်နှာအမူအရာက အနည်းငယ် မှိုင်းညို့သွားပြီး ခေါင်းခါကာ ပြောလိုက်၏။ "သခင်မလေးက ညဘက်ဆို သိပ်မအိပ်တတ်ဘူး၊ ခဏခဏ လန့်ငိုပြီး ရှီဇီဖေးကိုပဲ ရှာနေတယ်..."

သူမ၏ မျက်လုံးထဲတွင် အစောပိုင်းက ဖိနှိပ်ထားသော နီရဲမှုများ ပြန်လည် ပေါ်လာပြီး ပြောလိုက်သည်။ "ကျွန်တော်မျိုးမက ရှီဇီဖေးရဲ့ သတင်းကို ရပြီးမှ သခင်မလေးကို မင်းသမီးဆီ ခေါ်လာဖို့ စဉ်းစားထားတာပါ။ ဒါပေမယ့် အရင်က တော်ဝင်နန်းတော်မှာ ပြဿနာတချို့ ဖြစ်နေတယ်လို့ သတင်းရတော့ သခင်မလေးကို နယ်စပ်အပြင်ကို ခေါ်လာရင် အန္တရာယ်များမှာ စိုးလို့ သခင်မကြီးချန်ဆီမှာ အရင် အပ်ထားခဲ့ပါတယ်"

ဝိန်းယွီ၏ မျက်လုံးများတွင်လည်း စိုစွတ်မှုများ ဖြစ်ပေါ်လာပြီး ပြောလိုက်၏။ "ငါ လော့ယန်ကနေ ထွက်လာတုန်းက အားယင်းလေးက သုံးနှစ်ပဲ ရှိသေးတယ်။ အခုတော့... ငါ သူ့ကို မတွေ့ရတာ သုံးနှစ်နီးပါးတောင် ရှိနေပြီပဲ"

အားလီသည် လွှဲပုခက်၏ လက်ရန်းကို ကိုင်ကာ အချိန်ခဏသာ မတ်တတ်ရပ်နိုင်သေးသည်။ ဝိန်းယွီက သူမကို အချိန်အတော်ကြာ ဂရုမစိုက်သည်ကို မြင်၍လား သို့မဟုတ် ဝိန်းယွီ၏ မျက်လုံးထဲရှိ နီရဲမှုကို မြင်၍လားတော့ မသိချေ။ အားလီသည် ရုတ်တရက် ပါးစပ်ကို တွန့်ကာ ငိုချလိုက်တော့သည်။

ဝိန်းယွီသည် လှည့်ကာ သမီးဖြစ်သူကို ပွေ့ချီပြီး ခပ်ဖွဖွ ချော့မြူနေလိုက်၏။ ကျောင်းပိုင်သည် ဤမြင်ကွင်းကို ကြည့်ရင်း သူမ ညဘက်တွင် အားယင်းလေးကို ချော့မြူစဉ်က ယခင်က ရှီဇီအကြောင်း ပြောပြခဲ့ရာ အားယင်းလေးက ရှီဇီဆိုတာ ဘယ်သူလဲဟု ပြန်မေးလာခဲ့သည်။ သူမက အားယင်းလေး၏ ဖေဖေဟု ဖြေလိုက်သောအခါ အားယင်းလေးက ပထမတော့ နားမလည်သော မျက်နှာထားဖြင့် ကြည့်နေပြီးနောက် ဖေဖေ ဘယ်လိုပုံစံရှိလဲဆိုတာ သူမ မမှတ်မိတော့ဘူးဟု ရှိုက်ငိုရင်း ပြောပြခဲ့သည်ကို သတိရသွားကာ ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားခဲ့လေသည်။

အားလီ၏ ငိုသံ တဖြည်းဖြည်း တိုးသွားပြီး ဝိန်းယွီက သူမကို လွှဲပုခက်ထဲသို့ ပြန်လည် ချထားပြီးနောက်တွင် ကျောင်းပိုင်က ပြောလိုက်လေသည်။ "မင်းသမီး... လျန်နယ်မြေမှာ ရှောင်းလိက ဖေစုန့်ရဲ့ လက်နက်ချ စစ်သား နှစ်သောင်းကို သတ်ခဲ့ရတဲ့ အကြောင်းရင်းမှန်ကို လျန်နယ်မြေကို ပြန်သွားတဲ့ ဒီတစ်ခေါက် ခရီးစဉ်မှာ ကျွန်တော်မျိုးမ စုံစမ်းလို့ သိခဲ့ရပါပြီ"

...

All Chapters