အခန်း ၂၃၄
Vol. 24 Ch. 234
အပိုင်း (၂၃၄.၁)
ဝိန်းယွီသည် လွှဲပုခက်ရှေ့u ခွေးခြေခုံပေါ်တွင် ထိုင်နေပြီး သူမ၏ လက်ချောင်းတစ်ချောင်းကို အားလီ၏ နူးညံ့ပြီး အားပါသော လက်ဆုပ်လုံးလေးက တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ စကားတစ်ခွန်းမျှ မဆိုဘဲ တည်ငြိမ်နေသော သူမ၏ မျက်လုံးများသည် အေးစက်သော လမင်းကို ထင်ဟပ်နေသည့် ရေကန်တစ်ခုနှယ်။
ကျောင်းပိုင်သည် နှုတ်ခမ်းကို အနည်းငယ် တင်းကျပ်စွာ ဖိထားလိုက်ပြီး ပြောလိုက်၏။ "ဒါက ဖေစုန့်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်ပါ"
အမှန်တွင်တော့ လျန်နယ်မြေတွင် ဤသတင်း စတင် ပျံ့နှံ့လာပြီးကတည်းက ကျောင်းပိုင်သည် ရှောင်းလိနှင့် ထိုပြည့်တန်ဆာမလေးကြားက တကယ့်အခြေအနေမှန်ကို စုံစမ်းရန် ချင်းယွင်အစောင့်များကို စေလွှတ်ခဲ့ပြီး ဖြစ်သည်။
သူမသည် ရှောင်းလိအပေါ် မကျေနပ်မှုများစွာ ရှိနေသော်လည်း ဝိန်းယွီက သူ့ကို ရွေးချယ်လိုက်ပြီဟု ပြောပြီးကတည်းက သူမသည် ရှောင်းလိကို ဝိန်းယွီ၏ ပိုင်ဆိုင်မှုတစ်ခုအဖြစ် သတ်မှတ်ထားခဲ့လေသည်။
သို့သော် တစ်ဖက်လူ၏ လုပ်ရပ်အမျိုးမျိုးသည် လိမ္မာရေးခြားရှိသော မျက်နှာသာပေးခံရသူ တစ်ဦးအဖြစ် သင့်တင့်စွာ နေထိုင်လိုသည့် အရိပ်အယောင် မရှိဘဲ လျန်စစ်စခန်းသို့ ပြန်လာရန်ပင် အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်။ ဝိန်းယွီသည် ကိုယ်ဝန်ဆောင်ထားရသည့် ဒုက္ခကို သည်းခံကာ ချန်နိုင်ငံသို့ ပြန်လာခဲ့ရပြီး ထိုမျှများပြားလှသော မိစ္ဆာကောင်းများကို တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းနေရချိန်တွင် သူ၏ လုပ်ရပ်များကြောင့် သူမသည် ရှောင်းလိကို ပိုပြီး မနှစ်မြို့ဖြစ်လာခဲ့သည်။
ဝိန်းယွီ မီးဖွားခါနီးအချိန်တွင် တစ်ဖက်လူက ပြည့်တန်ဆာမလေး တစ်ဦးအတွက် ဒေါသထွက်ကာ လက်နက်ချ စစ်သားများကို သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းက ကျောင်းပိုင်ကို ဓားဆွဲပြီး လျန်နယ်မြေအထိ သွားရှာတော့မည်အထိ ဒေါသထွက်စေခဲ့သည်။
ထိုအချိန်က ဝိန်းယွီသည် အထက်တန်းလွှာ အမတ်များကို အလွန်အမင်း ဖိနှိပ်ထားခဲ့သဖြင့် ချန်နိုင်ငံ၏ တော်ဝင်ရုံးတော်တွင် အခြေအနေများက သိပ်မငြိမ်သက်လှချေ။ ရှေးခေတ်ကတည်းက အမျိုးသမီးများ ကလေးမီးဖွားခြင်းသည် အလွန် အန္တရာယ်များလှသဖြင့် သူမသည် ဝိန်းယွီအနားမှ မခွာနိုင်ခဲ့ပေ။ ထို့ကြောင့် သတင်းကို ဖုံးကွယ်ထားကာ ဝိန်းယွီကို စိတ်အေးချမ်းသာစွာ မီးဖွားပြီး အနားယူစေခဲ့ပြီး သူမကိုယ်တိုင် လူလွှတ်၍ အကြောင်းစုံကို အရင် ရှင်းလင်းအောင် စုံစမ်းခိုင်းခဲ့လေသည်။
ရလဒ်အနေဖြင့် ချင်းယွင်အစောင့်များ စုံစမ်းသိရှိလာခဲ့သော သတင်းများက ကျောင်းပိုင်ကို ပိုဒေါသထွက်ရစေခဲ့သည်။ ထိုပြည့်တန်ဆာမလေးသည် ရှောင်းလိကဲ့သို့ပင် ကျွေးဟုန်ဂေဟာမှ လာခြင်းဖြစ်ပြီး သူတို့၏ ဆက်ဆံရေးမှာ အလွန် ရင်းနှီးသည်ဟု ဆိုကြသည်။ လျန်စစ်တပ်က ဖေစုန့်လက်ထဲမှ ယုံကျိုးကို တိုက်ခိုက်သိမ်းပိုက်ချိန်တွင် ရှောင်းစစ်တပ်မှ လူများက မြို့ထဲသို့ ခိုးဝင်လာပြီး ထိုပြည့်တန်ဆာမလေးကို သီးသန့် လာရောက် ခေါ်ဆောင်သွားခဲ့ကြသည်ဟုပင် ဆိုကြသည်။
ဤ "ခိုင်လုံသော သက်သေအထောက်အထား"များ အားလုံးက ရှောင်းလိသည် သူမအတွက် ဒေါသထွက်ကာ ဖေစုန့်၏ လက်နက်ချ စစ်သား နှစ်သောင်းကို သတ်ဖြတ်ခဲ့သည်မှာ အမှန်တကယ် ဖြစ်ကြောင်းကို ဖော်ပြနေလေသည်။
ထို့ကြောင့် နောက်ပိုင်းတွင် ဝိန်းယွီက အားလီ၏ သရုပ်မှန်ကို ဖုံးကွယ်ထားပြီး ရှောင်းလိကိုအသိပေးရန် လုံးဝ မရည်ရွယ်ခဲ့ခြင်းသည် ကျောင်းပိုင်၏ အမြင်တွင် လုံးဝ သဘာဝကျလှပေသည်။
ဤတစ်ကြိမ် လျန်နယ်မြေသို့ ပြန်သွားရာတွင် ကျန်းယီချူး သားအမိကို ကယ်တင်ခြင်းမှလွဲ၍ ကျောင်းပိုင်သည် ရှောင်းစစ်တပ်နှင့် အဆက်အသွယ် ပြုလုပ်ရန် မရည်ရွယ်ခဲ့ချေ။ သို့သော် ကံကြမ္မာက မျက်နှာသာမပေးဘဲ ကျန်းယီချူး ချောက်ကမ်းပါးထဲသို့ ကျသွားပြီး သူမကိုယ်တိုင်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ လော့ယန်တွင် နေထိုင်ရသည့် အချိန်များ ပိုကြာမြင့်သွားခဲ့ပြီးမှသာ ရှောင်းလိက ထိုလက်နက်ချ စစ်သား နှစ်သောင်းကို သတ်ဖြတ်ခဲ့သည့် အကြောင်းရင်းမှန်ကို မမျှော်လင့်ဘဲ သိရှိသွားခဲ့ရလေသည်။
ကျောင်းပိုင်က ပြောလိုက်၏။ "ရှောင်းလိက ပြည့်တန်ဆာမလေး တစ်ယောက်အတွက် ဖေစုန့်ရဲ့ လက်နက်ချ စစ်သား နှစ်သောင်းကို သတ်ဖြတ်ခဲ့တယ်ဆိုတာ လျန်နယ်မြေမှာ လူတိုင်း သိနေကြပြီ ဖြစ်ပေမဲ့ ဒီတစ်ခေါက် လော့ယန်မှာ ကျွန်တော်မျိုးမ တွေ့ခဲ့ရတာက လက်ဖက်ရည်ဆိုင်တွေ၊ အရက်ဆိုင်တွေမှာ ပုံပြင်ပြောတဲ့သူ အများအပြားက ဒီကိစ္စကို 'ရှင်းလင်း' ပြောပြနေကြတာပါပဲ"
ဤကိစ္စကို ပထမဆုံး ကြားသိရချိန်တွင် ကျောင်းပိုင်သည် လူများကို ခေါ်ဆောင်ကာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ ကိုယ်တိုင် သွားရောက် နားထောင်ခဲ့သည်။ ထိုပုံပြင်ပြောသူသည် သစ်သားတုံးကို တဖျန်းဖျန်း ရိုက်ကာ အငြင်းပွားဖွယ်ရာ ဖြစ်နေသော "လက်နက်ချ စစ်သားများကို သတ်ဖြတ်ခြင်း" စစ်ပွဲအကြောင်းကို ကွက်ကွက်ကွင်းကွင်း ပုံဖော် ပြောပြနေခဲ့သည်။
"မြောက်ပိုင်းက ရှောင်းနယ်စားမင်းဟာ အလှမယ်လေး တစ်ယောက်အတွက် ဒေါသထွက်ပြီး ပြည့်တန်ဆာမလေး တစ်ယောက်အတွက် ဖေစုန့်ရဲ့ လက်နက်ချ စစ်သား နှစ်သောင်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ အားလုံးက ပြောနေကြတယ်။ နားထောင်ကြည့်ရတာတော့ သူရဲကောင်းက အလှမယ်ကို မြတ်နိုးတဲ့ ပုံပြင်လေး တစ်ပုဒ်လို့ ထင်ရပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး"
ကောလာဟလများနှင့် ကွဲလွဲနေသည့် အကြောင်းအရာတစ်ခုကို သူ ပြောပြတော့မည်ကို ကြားလိုက်ရချိန်တွင် ခန်းမအတွင်းရှိ လူအများ၏ စူးစမ်းချင်စိတ်များ နိုးကြားလာကြပြီး "မဟုတ်ပါဘူး" ဆိုသည့်အကြောင်းကို ရှင်းပြရန် ပုံပြင်ပြောသူကို ဝိုင်းဝန်း တိုက်တွန်းလာကြတော့သည်။
ထိုပုံပြင်ပြောသူက မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြောလိုက်၏။ "ဒီကိစ္စက ရှော့ပျန်းနယ်စား သေဆုံးသွားပြီး သူ့ရဲ့ သားသမီး နှစ်ယောက်ကိုပါ ယွီသားအဖက အကြံအစည်နဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အချိန်ကစပြီး ပြောပြရလိမ့်မယ်။ အဲ့ဒီအချိန်က ဝေ့စစ်တပ်ရဲ့ စစ်သူကြီး ယွမ်ဖန်းက မြောက်ပိုင်းနယ်စပ်ကို တပ်ရုပ်သွားတော့ မူလက သိမ်းပိုက်ထားတဲ့ ကွမ်းကျုံး မြောက်ပိုင်းက မြို့တွေ အားလုံးကို ဖေမိသားစုရဲ့ စစ်တပ်က ပြန်လည် သိမ်းပိုက်သွားခဲ့တယ်..."
လူတစ်ဦးက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။ "ငါတို့က ရှောင်းနယ်စားမင်းက ဖေစုန့်ရဲ့ လက်နက်ချ စစ်သား နှစ်သောင်းကို သတ်တဲ့အကြောင်း နားထောင်ချင်တာ။ ဒီလို အိုဟောင်းနေတဲ့ အတိတ်က ကိစ္စတွေကို ပြောနေတာ ဘာလုပ်ဖို့လဲ"
ပုံပြင်ပြောသူက ရယ်မောရင်း ပြောလိုက်၏။ "စိတ်အေးအေး ထားကြပါဗျာ။ အဘိုးကြီးက ဒီကိစ္စကို ထည့်ပြောနေမှတော့ ဒီနှစ်ခုကြားမှာ ဆက်စပ်မှု ရှိနေလို့ပေါ့"
ခန်းမအတွင်း ငြိမ်သက်သွားပြီးနောက် ပုံပြင်ပြောသူက ဆက်ပြောလိုက်သည်။ "အဲ့ဒီနောက်မှာ ရှောင်းနယ်စားမင်းက အဲ့ဒီ အဆိပ်ပြင်းတဲ့ ယွီကို ဖမ်းမိပြီး ဝေ့ကျိုးမြို့အောက်မှာ ဒယ်အိုးတည်ကာ သူ့ကို အရှင်လတ်လတ် အသားလွှာပြီး ချက်ပြုတ်ပစ်ခဲ့တယ်။ နောက်ဆုံးတော့ အဲ့ဒီ အကောင်ပေါက်လေးကိုလည်း သရုပ်မှန် ပေါ်လာအောင် ဖိအားပေးနိုင်ခဲ့ပြီး ရှောင်းနယ်စားမင်းက ဝေ့မောင်နှမကို သတ်ခဲ့တယ်ဆိုတဲ့ နာမည်ဆိုးကို ရှင်းလင်းပစ်နိုင်ခဲ့တယ်။ ပြီးတော့ ရှောင်းနယ်စားမင်းက စစ်တပ်ကို ဦးဆောင်ပြီး တောင်ဘက်ကို ဆက်လက် စစ်ချီသွားခဲ့တယ်။ အဲ့ဒီအချိန်က နတ်ဘုရားက တားရင် နတ်ဘုရားကို သတ်မယ်၊ ဗုဒ္ဓက တားရင် ဗုဒ္ဓကို သတ်မယ်ဆိုတဲ့ အနေအထားပဲ..."
သူ၏ စကားလမ်းကြောင်းက ရုတ်တရက် ပြောင်းသွားခဲ့၏။ "ဒါပေမယ့် ခင်ဗျားတို့ သိကြလား... ရှောင်းနယ်စားမင်း မြို့တွေကို သိမ်းပိုက်ပြီးတဲ့နောက် အဲ့ဒီ ထွက်ပြေးသွားတဲ့ ဖေစစ်သားတွေကို ဘယ်လို စီစဉ်ခဲ့လဲဆိုတာ"
အောက်မှ လူတစ်ဦးက ပြောလိုက်သည်။ "ထွက်ပြေးတဲ့ စစ်သားတွေဆိုတော့ နေရာတစ်နေရာ ရှာပြီး ဓားပြ သွားလုပ်ကြမှာပေါ့"
ပုံပြင်ပြောသူက ပြောလိုက်၏။ "အတိအကျပါပဲ။ ဖေစစ်တပ်က စစ်သားတွေဆိုတာ ပုံမှန်အားဖြင့် ရောက်တဲ့နေရာတိုင်းမှာ လုယက်တတ်ကြပြီး လူသတ်၊ မီးရှို့၊ လုယက်တာတွေက သူတို့အတွက် အကျင့်တစ်ခုလို ဖြစ်နေပြီလေ။ ရှောင်းနယ်စားမင်းရဲ့ စစ်တပ်က သူတို့ကို ဖြိုခွဲလိုက်ပြီးတဲ့နောက် ဘေးပတ်ဝန်းကျင်က ရွာတွေဆီ ထွက်ပြေးသွားကြပြီး ရွာတွေကို သတ်ဖြတ်လုယက်တာတွေ အလွယ်တကူ လုပ်ကြတော့တာပဲ။ ရှောင်းနယ်စားမင်းက ဒီကိစ္စကို သိသွားတဲ့အခါ အလွန် ဒေါသထွက်သွားပြီး ထွက်ပြေးပြီးနောက် ရွာတွေကို သတ်ဖြတ်လုယက်ခဲ့တဲ့ အဲ့ဒီ ဖေစစ်သားတွေကို အကုန်လုံး ပြောင်စင်အောင် သတ်ပစ်ဖို့ စစ်တပ်ကို ဦးဆောင်ခဲ့တယ်"
ထိုအချိန်က ကျောင်းပိုင်သည် ဤနေရာအရောက်တွင် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း အသံမထွက်ခဲ့ဘဲ ပုံပြင်ပြောသူ ဆက်ပြောသည်ကိုသာ နားထောင်နေခဲ့သည်။
"အဲ့ဒီ ဖေစုန့်က ဘယ်လောက်တောင် ကောက်ကျစ်လဲ။ ရှောင်းနယ်စားမင်းက မြို့တော်တော်များများကို ဆက်တိုက် သိမ်းပိုက်နေတာကို မြင်တော့ သူ့ရဲ့ ဖေစစ်တပ်က တောင်နဲ့မြောက် ညှပ်ပိတ်တိုက်ခိုက်ခံရပြီး စစ်တပ်က သဲပွင့်တွေလို ပြိုကွဲကုန်တော့မယ်ဆိုတာကို သိတယ်။ ဒီလို စစ်တပ်ရဲ့ စိတ်ဓာတ်တွေ ပြိုလဲသွားမယ့် အခြေအနေကို တားဆီးဖို့အတွက် စစ်တပ်ထဲမှာ ကောလာဟလတစ်ခု လွှင့်လိုက်တယ်။ ရှောင်းနယ်စားမင်းက မြို့တစ်မြို့ကို သိမ်းမိတာနဲ့ အဲ့ဒီမြို့ထဲက ဖေစစ်သားတွေကို အကုန်သတ်ပစ်တယ် ဆိုပြီးတော့လေ။ မြို့စောင့်နေတဲ့ ဖေစစ်သားတွေက တိုက်ရင် အသက်ရှင်နိုင်ခြေရှိပြီး လက်နက်ချရင် သေချာပေါက် သေရမယ်ဆိုတာကို ကြားတော့ အသက်ရှင်ဖို့ လမ်းစရှာတဲ့အနေနဲ့ အသေခံပြီး မတိုက်ဘဲ နေပါ့မလား"
ပုံပြင်ပြောသူသည် ဤနေရာအရောက်တွင် သစ်သားတုံးကို အားကုန် ရိုက်ချလိုက်လေသည်။ "အဲ့ဒီ ပြည့်တန်ဆာမလေး သေဆုံးသွားချိန်မှာ ရှောင်းနယ်စားမင်း စစ်တပ်ကို ဦးဆောင်ပြီး မြို့ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲက အဲ့ဒီလိုပါပဲ။ မြို့ထဲက ဖေစစ်သားတွေက မြို့ကျသွားရင် အဖမ်းခံရပြီး သေရမှာကို ကြောက်လို့ ရှောင်းစစ်တပ်နဲ့ အသေခံ တိုက်ခိုက်ကြတော့တယ်။ မြို့ကျသွားတဲ့ အချိန်ကျတော့ မြို့တံခါးဝမှာ အလောင်းတွေက တောင်လို ပုံနေပြီး မြို့ထဲမှာ ဖေစစ်သားတွေ လက်ချိုးရေလို့ ရတဲ့အထိပဲ ကျန်တော့တယ်"
"ဖေစုန့်ဆိုတဲ့ လူယုတ်မာက ဒီလို ဆိုးရွားတဲ့ အရှုံးကြီးပြီးတဲ့နောက် ဟိုတွေးဒီတွေးနဲ့ ရှောင်းနယ်စားမင်းကို လက်နက်ချ စစ်သားတွေကို သတ်တယ်ဆိုတဲ့ နာမည်ဆိုး တပ်ပေးလိုက်တယ်။ ဒါက သူရဲ့ ရက်စက်မှုကို ဖော်ပြနေပေမယ့် လောကလူသားတွေက သူတို့ ဖေစစ်တပ်ကို မုန်းတီးနေတာ ကြာပြီလေ။ လက်နက်ချ စစ်သားတွေကို သတ်တယ်ဆိုတဲ့ အချက်လေး တစ်ခုတည်းနဲ့တင် ရှောင်းနယ်စားမင်းရဲ့ နာမည်ကို မဖျက်ဆီးနိုင်ဘူးဆိုတာကို သူ သိတယ်။ ဒါကြောင့် နောက်ထပ် အကြံတစ်ခု ထုတ်ပြီး ရှောင်းနယ်စားမင်းက ပြည်သူတွေ ငြိမ်းချမ်းရေးအတွက် သတ်ခဲ့တဲ့ လက်နက်ချ စစ်သားတွေနဲ့ အဲ့ဒီနေ့က မြို့တိုက်ပွဲမှာ သေဆုံးသွားတဲ့ ဖေစစ်သားတွေကို ရောသမမွှေပြီး ရှောင်းနယ်စားမင်းက ပြည့်တန်ဆာမလေး တစ်ယောက်အတွက် သူ့ရဲ့ ဖေစစ်သား နှစ်သောင်းကို သတ်ပစ်တယ်လို့ အပြင်မှာ သတင်းလွှင့်လိုက်တယ်။ ရှေးခေတ်ကတည်းက သူရဲကောင်းနဲ့ အလှမယ် ပုံပြင်တွေက အလွယ်တကူ ပျံ့နှံ့လွယ်တယ်လေ။ ဒီလို အလှမယ်အတွက် ဒေါသထွက်တယ်ဆိုတဲ့ နာမည်ကြီးသွားတော့ မိန်းမလှကြောင့် ဉာဏ်ပညာ ကင်းမဲ့သွားတယ်ဆိုတဲ့ နာမည်လည်း ရသွားတာပေါ့။ လောကမှာရှိတဲ့ အရည်အချင်းရှိတဲ့ လူတွေထဲက ဘယ်သူကများ ဒီလို အုပ်ချုပ်သူမျိုးကို သစ္စာခံဖို့ လာရှာတော့မှာလဲ"
လူတစ်ဦးက မေးခွန်းထုတ်လိုက်သည်။ "ခင်ဗျား ပြောပုံအရဆိုရင် အဲ့ဒီ ပြည့်တန်ဆာမလေးနဲ့ ရှောင်းနယ်စားမင်းက နည်းနည်းလေးမှ ပတ်သက်မှု မရှိဘူးပေါ့။ တကယ်လို့ လုံးဝ မပတ်သက်ဘူးဆိုရင် ရှောင်းနယ်စားမင်းက ဘာဖြစ်လို့ ရှင်းမပြဘဲ တင်းကျိုးမှာ သူ့အတွက် သင်္ချိုင်းဂူကိုတောင် ဆောက်ပေးခဲ့သေးတာလဲ"
ပုံပြင်ပြောသူသည် မေးခွန်းထုတ်ခံရသော်လည်း ဒေါသမထွက်ဘဲ ကောင်းမွန်သော စိတ်သဘောထားဖြင့် ဆက်ပြောလိုက်၏။ "အားလုံးရဲ့ စိတ်ထဲမှာ ဒီလို မေးခွန်းမျိုးတွေ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ မလောကြပါနဲ့ဗျာ... အဘိုးကြီးက တစ်ခုချင်းစီ ရှင်းပြပါ့မယ်"
"ရှောင်းနယ်စားမင်းက ဘာဖြစ်လို့ အပြင်ကို ရှင်းမပြရသလဲဆိုတာကို အရင်ပြောရအောင်။ အဲ့ဒီစစ်ပွဲပြီးတဲ့နောက် ဖေစုန့် လူယုတ်မာရဲ့ လုပ်ဆောင်မှုကြောင့် ရှောင်းနယ်စားမင်း လက်နက်ချ စစ်သားတွေကို သတ်တယ်ဆိုတာကို တစ်လောကလုံး သိသွားကြပြီ။ ရှင်းပြရင်တောင် ဒီရှင်းလင်းချက်က ကောလာဟလတွေကို ကျော်လွန်နိုင်ပါ့မလား။ အဲ့ဒီအချိန်ကျမှ ဖေစုန့် လူယုတ်မာက လုပ်ရဲပြီး တာဝန်မယူရဲဘူးလို့ ပြန်ပြီး တိုက်ခိုက်လာရင် ဆုံးရှုံးမှုက ပိုမကြီးသွားဘူးလား။ နောက်တစ်ခုက ဖေစုန့်က ဒီကောလာဟလတွေကို ဖြန့်တာဟာ သူ့စစ်တပ်ထဲက စစ်သားတွေကို ခြောက်လှန့်ပြီး အသေခံတိုက်ဖို့ ဖိအားပေးချင်လို့ရယ်၊ ရှောင်းနယ်စားမင်းရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးချင်လို့ရယ်ပဲ။ ရှောင်းနယ်စားမင်းကတော့ အဲ့ဒါကို ပြောင်းပြန်လှန်ပြီး လုပ်ပစ်လိုက်တာပဲ"
ပုံပြင်ပြောသူသည် ပြောရင်း သစ်သားတုံးကို ထပ်မံ ရိုက်ချလိုက်ပြီး အင်္ကျီလက်ကို တံတောင်ဆစ်အထိ ခေါက်တင်ကာ ပြောလိုက်လေသည်။ "ရှောင်းနယ်စားမင်းက နောက်ပိုင်း မြို့တွေကို ထပ်ဝိုင်းတဲ့အခါ မြို့တံခါးကို ဖွင့်ပြီး လက်နက်ချရင် သူ ခွင့်လွှတ်ပေးမယ်၊ အသေခံပြီး ခုခံနေမယ်ဆိုရင် မြို့ကျသွားတဲ့အခါ တစ်ယောက်မှ အရှင်မထားဘူးလို့ ကြေညာလိုက်တယ်။ ဖေစုန့်က ရှောင်းနယ်စားမင်းအတွက် သတ်ဖြတ်တတ်တဲ့ နာမည်ကို ကြိုတင် ဖန်တီးပေးထားတော့ ဝိုင်းရံခံထားရတဲ့ အဲ့ဒီ ဖေစစ်သားတွေက ဘယ်လိုလုပ် မကြောက်ဘဲ နေမှာလဲ။ ဒါကြောင့် ရှောင်းနယ်စားမင်းက စစ်တပ်ကြီးကို ဦးဆောင်ပြီး တောင်ဘက်ကို ဆက်လက် ဖိအားပေးလာတဲ့အခါ ဖေစစ်တပ်ထဲမှာ လက်နက်ချတဲ့သူတွေ ဘယ်လောက်တောင် များပြားသွားလဲဆိုတာ မသိနိုင်တော့ဘူး။ ရှောင်းစစ်တပ်ကြီးကလည်း အတားအဆီးမရှိ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အရှိန်အဟုန်နဲ့ လျန်စစ်တပ်က တောင်ဘက်ကနေ လော့ယန်ကို တိုက်ခိုက်နေချိန်မှာ မြောက်ဘက်က စစ်မျက်နှာကို လော့ယန်မြို့အောက်အထိ တွန်းပို့နိုင်ခဲ့တာပဲ"
ပုံပြင်ပြောသူ ပြောသော ဤအကြောင်းပြချက်များသည် အခြေအမြစ်မရှိ ပြောနေခြင်းနှင့် မတူဘဲ ဖေစစ်တပ်၏ စစ်သူကြီးများက ဝိုင်းရံခံရပြီးနောက် လက်နက်ချခဲ့သည့် အမှန်တကယ် အဖြစ်အပျက်များလည်း ရှိနေသဖြင့် လူအများသည် တစ်ခဏတာ အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြပြီး စိတ်လောနေကြသူအချို့က တိုက်တွန်းလာကြသည်။ "အဲ့ဒီ ပြည့်တန်ဆာမလေးနဲ့ ရှောင်းနယ်စားမင်းက ဘယ်လို ပတ်သက်လဲဆိုတာကို မြန်မြန် ပြောပြပါဦး"
ပုံပြင်ပြောသူက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီးမှ ပြောလိုက်၏။ "ဒီပြည့်တန်ဆာမလေးနဲ့ ရှောင်းနယ်စားမင်းရဲ့ ဆက်ဆံရေးကို ပြောရမယ်ဆိုရင် ရှောင်းနယ်စားမင်းရဲ့ မူလဇာစ်မြစ်ကို အရင် ပြောရလိမ့်မယ်"
"အားလုံး သိကြတဲ့အတိုင်း ရှောင်းနယ်စားမင်းက ယုံကျိုးက လာတာပါ။ သူ့ရဲ့ မိခင်အရင်းကလည်း ဆောင်ကြာမြိုင်က အမျိုးသမီး တစ်ယောက်ပဲ။ သူက အသက်ရှစ်နှစ်အရွယ်မှာ မိခင်ကို ကာကွယ်ဖို့အတွက် လူသတ်မိပြီး ဒေသခံ သူဌေးတစ်ယောက်ကို စော်ကားမိသွားတယ်။ ထောင်ထဲမှာ ခုနစ်နှစ်လောက် နေပြီး ပြန်ထွက်လာတော့ အဲ့ဒီဒေသက လောင်းကစားရုံမှာ အကြွေးတောင်းတဲ့ အလုပ်ကို လုပ်ခဲ့တယ်။ ဒါပေမယ့် အောက်ခြေလူတန်းစား ဖြစ်နေတဲ့ လူငယ်လေး တစ်ယောက်က လောင်းကစားရုံထဲ ဝင်နိုင်ဖို့ဆိုတာ ကံကြမ္မာရဲ့ အထောက်အပံ့ နည်းနည်းတော့ လိုတာပေါ့။ အကြောင်းရင်းကတော့ သူ ထောင်ထဲမှာ ရှိနေတုန်း လူတစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး အဲ့ဒီလူရဲ့ ထောက်ခံချက်နဲ့မှ လောင်းကစားရုံထဲ ဝင်ခွင့်ရခဲ့တာပါ။ နောက်ပိုင်းတော့ သူနဲ့ ညီအစ်ကို သစ္စာဆိုခဲ့ကြတယ်"
"ဒီလူအကြောင်းကို ပြောရရင် အားလုံး သိကြမှာပါ။ သူကတော့ အခု ရှောင်းစစ်တပ်ရဲ့ စစ်သူကြီး စုန့်ချင်ပဲ ဖြစ်ပါတယ်"
ဤအတိတ်ဇာတ်လမ်းကို သိရှိထားသူများကတော့ ထူးဆန်းသည်ဟု မထင်ကြဘဲ ပုံပြင်ပြောသူကို အရေးကြီးသည့် အပိုင်းသို့ အမြန်ဆက်ပြောရန် တိုက်တွန်းကြသည်။ ဤအကြောင်းကို မသိရှိခဲ့သူများမှာမူ နားထောင်ပြီးနောက် မအံ့သြဘဲ မနေနိုင်ကြဘဲ ရှောင်းလိသည် ယခုအခါ မြောက်ပိုင်း၏ အရှင်သခင် ဖြစ်နေသော်လည်း အရင်က ဤမျှ သနားစရာကောင်းသော ဘဝနောက်ခံ ရှိခဲ့သည်ကို တိတ်တဆိတ် ညည်းတွားမိကြလေသည်။
ပုံပြင်ပြောသူသည် ထိုဆူညံသံများကြားမှ ဆက်ပြောလိုက်၏။ "သူရဲကောင်းတွေ အိုမင်းသွားပြီး အလှမယ်တွေ ဆံပင်ဖြူသွားတယ်လို့ အမြဲပြောကြတယ်လေ။ တစ်ချိန်က ကျော်ကြားခဲ့တဲ့ ပြည့်တန်ဆာမလေး ကျဆင်းသွားရင် ဂေဟာက အသစ်တွေကို အမြဲတမ်း ထုတ်ပေးမှာပဲ မဟုတ်လား။ အခု ဂေဟာပိုင်ရှင်က အသစ်ထုတ်ပေးလိုက်တဲ့ ပြည့်တန်ဆာမလေး မုတန်းက အရင်တုန်းက အမေရှောင်းရဲ့ စောင့်ရှောက်မှုကို ခံခဲ့ရဖူးလို့ သူ အောင်မြင်လာတဲ့အခါ အမေရှောင်းကို ပြန်လည် စောင့်ရှောက်ပေးခဲ့တယ်။ ဒီကျေးဇူးတရားကြောင့် ရှောင်းနယ်စားမင်းက အဲ့ဒီအချိန်ကတည်းကစပြီး သူ့ကို အစ်မအရင်း တစ်ယောက်လို လေးစားခဲ့တာပါ။ တကယ်လို့ အဲ့ဒီ ပြည့်တန်ဆာမလေး မုတန်းနဲ့ အမျိုးသား၊ အမျိုးသမီး သံယောဇဉ် နည်းနည်းပါးပါး ရှိခဲ့တယ်ဆိုရင်တောင် အဲ့ဒီလူက သူ့ရဲ့ သစ္စာခံ ညီအစ်ကို စုန့်ချင်ပဲ ဖြစ်လိမ့်မယ်"
အောက်မှ လူတစ်ဦးက မေးခွန်းထုတ်လာရာ ပုံပြင်ပြောသူသည် သစ်သားတုံးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ပြောလိုက်သည်။ "အားလုံးက အဘိုးကြီး ရမ်းပြောနေတယ်လို့ ထင်နေကြသလား။ ဒါဆိုရင် အခု တင်းကျိုးက မုတန်းတောင်ကုန်းပေါ်မှာ အဲ့ဒီ ပြည့်တန်ဆာမလေးအတွက် သင်္ချိုင်းဂူကို ဆောက်ပေးနေတာက ဘယ်သူများလဲလို့ မေးပါရစေ။ ဒီနေ့တော့ ဒီနေရာမှာပဲ ရပ်လိုက်ပါမယ်။ အားလုံးက မုတန်းနဲ့ စုန့်ချင်တို့ နှစ်ယောက်ရဲ့ တွေ့ဆုံခဲ့ပုံ အစအဆုံးကို နားထောင်ချင်တယ်ဆိုရင် နောက်နေ့ကျမှ အဘိုးကြီးက ဒီခေတ်ပျက်ကြီးထဲက ချစ်သူနှစ်ဦးအကြောင်းကို ပြောပြပေးပါ့မယ်"
ပုံပြင်ပြောသူ စင်ပေါ်မှ ဆင်းသွားသည်နှင့် အောက်ရှိ လူအများသည် စိတ်ပါဝင်စားနေဆဲ ဖြစ်သဖြင့် မကျေမနပ်ဖြစ်ကာ သူ့ကို ဆက်ပြောရန် အော်ဟစ်တောင်းဆိုကြသည်။ သို့သော် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ဇာတ်သဘင်အဖွဲ့များက မကြာသေးမီက ပြည့်တန်ဆာ မုတန်းက အခြား ပြည့်တန်ဆာမလေးများကို ဦးဆောင်ပြီး ဖေစစ်သူကြီး ဆယ့်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ကာ အသက်စွန့်သွားခဲ့သည့် ဇာတ်လမ်းကို "မုတန်းခန်းမတွင် သွေးမြေကျခြင်း" ဟူသော ဇာတ်ကွက်အသစ်တစ်ခု ဖန်တီးပြသနေကြောင်း ပြောလိုက်ရာ ထိုဇာတ်လမ်းထဲတွင် သူမနှင့် စုန့်ချင်တို့ကြားက ရှုပ်ထွေးလှသော ပတ်သက်မှုများကိုလည်း ဖော်ပြထားသဖြင့် အားမလိုအားမရ ဖြစ်နေသော ဧည့်သည်များသည် ဘေးဘက်ရှိ ဇာတ်ရုံသို့ ပြောင်းရွှေ့သွားသူများလည်း ရှိလေသည်။
ကျောင်းပိုင်က ဤကိစ္စ၏ အစအဆုံးကို ဝိန်းယွီအား ပြောပြပြီးနောက် ဆက်ပြောလိုက်၏။ "တစ်မြို့လုံးမှာ ပုံပြင်ပြောတာတွေနဲ့ ဇာတ်ကွက် ဖန်တီးတာတွေရဲ့ နောက်ကွယ်မှာ တွန်းအားပေးတဲ့သူ ရှိနေမယ်လို့ ကျွန်တော်မျိုးမ သံသယရှိခဲ့တယ်။ သေချာ စုံစမ်းကြည့်တော့ ရှောင်းစစ်တပ်က အကြံပေးအမတ် ညွှန်ကြားထားတာ ဖြစ်နေတယ်။ ရှောင်းစစ်တပ်က အစောကြီးကတည်းက ဒီလို စီစဉ်ထားတာလား၊ ဒါမှမဟုတ် အဲ့ဒီ အကြံပေးအမတ်က ရှောင်းလိရဲ့ ပြည်သူ့ဂုဏ်သတင်းကို ပြန်ဆယ်တင်ဖို့ ဒီလို လုပ်တာလားဆိုတာတော့ မသိဘူး။ ဒါပေမယ့် ဒီလို ရှင်းလင်းချက်တွေ ထုတ်လွှင့်တာကို ကျွန်တော်မျိုးမ လူလွှတ်ပြီး စစ်ဆေးခိုင်းကြည့်တော့ အလိမ်အညာ မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ ရှောင်းစစ်တပ်ထဲက စုန့် မျိုးရိုးနဲ့ စစ်သူကြီးဟာ အခုချိန်ထိ တင်းကျိုးမှာ အဲ့ဒီ ပြည့်တန်ဆာမလေးအတွက် သင်္ချိုင်းဂူကို တကယ် ဆောက်ပေးနေတုန်းပါပဲ"
သူမသည် မျက်မှောင်ကို အနည်းငယ် တင်းကျပ်စွာ ကြုတ်လိုက်ပြီး ပြောလိုက်သည်။ "အဲ့ဒီ ရှောင်း မျိုးရိုးနဲ့ တစ်ယောက်က နယ်စပ်ကနေ ထွက်လာပြီး တော်ဝင်နန်းတော်ကို ရုတ်တရက် တိုက်ခိုက်တာက မင်းသမီးနဲ့ ဒီလောကကြီးကို လုယူဖို့အတွက်များလား"
ဝိန်းယွီသည် သူမ၏ လက်ညှိုးကို အားလီ တင်းကျပ်စွာ ဆုပ်ကိုင်ထားစေရင်း တည်ငြိမ်နေဆဲဖြစ်သော မျက်နှာပေါ်တွင် မည်သည့် ခံစားချက်ကိုမျှ ဖတ်ရှု၍ မရနိုင်ဘဲ ရှည်လျားသော မျက်တောင်များကို အောက်ချလိုက်ချိန်တွင် စကားတစ်ခွန်းသာ ပြောလိုက်၏။ "မဟုတ်ဘူး"
ကျောင်းပိုင် မှင်သက်သွားချိန်မှာပင် သူမက နောက်ထပ် စကားတစ်ခွန်း ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ကျေးဇူးတင်ပါတယ် အားကျောင်း"
____
တာ့လျန်၊ လော့ယန်။
ကျန်းဟွိုင်သည် စာရွက်စာတမ်း အထပ်လိုက်ကို ပိုက်ထားသော ကိုယ်ရံတော်ကို ဦးဆောင်ကာ ခြံဝင်းအတွင်းမှ ဖြတ်လျှောက်လာချိန်တွင် လီရွှင်နှင့် ထိပ်တိုက် ဆုံတွေ့ခဲ့လေသည်။ သူတို့နှစ်ဦးလုံး ခေါင်းညိတ် နှုတ်ဆက်လိုက်ကြပြီး မျက်နှာပေါ်တွင် လိုက်ဖက်ညီသော သဟဇာတဖြစ်မှုကို ပြသနေကြလေသည်။
လီရွှင်က မေးလိုက်၏။ "ဆရာကျန်း... ဒီရက်ပိုင်း စာကြည့်တိုက်က စာအုပ်တွေကိုပဲ အမြဲတမ်း စီစဉ်နေတာလား"
ကျန်းဟွိုင်က နှိမ့်ချစွာဖြင့် ပြောလိုက်သည်။ "တတ်နိုင်သလောက်လေး ကူညီပေးနေတာပါ"
သူတို့နှစ်ဦး ရိုးရှင်းစွာ နှုတ်ဆက်ပြီးနောက် အသီးသီး အဝေးသို့ ထွက်ခွာသွားကြပြီးမှသာ ကျန်းဟွိုင်၏ မျက်နှာပေါ်ရှိ အပြုံးရိပ်သည် ပျောက်ကွယ်သွားခဲ့လေသည်။
ကိုယ်ရံတော်က ကျန်းဟွိုင်၏ ပြောင်းလဲသွားသော မျက်နှာကို ကြည့်ကာ ပြောလိုက်၏။ "ဒီရက်ပိုင်း မြို့ထဲမှာ ကျူကျွင်းအတွက် မိန်းမလှကြောင့် ဉာဏ်ပညာ ကင်းမဲ့သွားတဲ့ ရက်စက်တဲ့ နာမည်ကို ကျွန်တော်တို့ အမြဲ ရှင်းလင်းပေးနေခဲ့တယ်။ လျန်စစ်စခန်းက လူတွေကတော့ ဒီကိစ္စကို မသိချင်ယောင် ဆောင်နေကြတယ်။ သူတို့ ဘာအကြံအစည် ရှိနေလဲဆိုတာ မသိရဘူး"
လျန်နှင့် ရှောင်း စစ်စခန်း နှစ်ခုလုံးသည် လော့ယန်သို့ အတူတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ရှောင်းလိနှင့် ဖန့်ယွမ်တို့သည် ဖေစုန့်၏ အကြွင်းအကျန် စစ်တပ်ကို လိုက်လံတိုက်ခိုက်ရန် သွားရောက်ခဲ့ကြပြီး ကျန်ရစ်သော စစ်တပ်များသည် လော့ယန်၏ တောင်နှင့် မြောက် နှစ်ဘက်စလုံးတွင် တပ်စွဲထားဆဲဖြစ်ကာ လက်ရှိအချိန်တွင် လော့ယန်၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ခွဲဝေမှု မပြုလုပ်ရသေးချေ။ သူတို့နှစ်ဦးကြားတွင် မြို့တွင်းရှိ ပြည်သူများထံမှ အပ်တစ်ချောင်း၊ အချည်တစ်မျှင်မှ မယူရန်သာ သဘောတူညီချက် ထားရှိခဲ့ကြသည်။
လျန်စစ်စခန်း၏ အရပ်ဘက် အရာရှိများက မြို့တော်တွင်းသို့ ဝင်ရောက်ကာ စာကြည့်တိုက်ရှိ စာရွက်စာတမ်းများကို စီစဉ်ရန်နှင့် ဝိန်းယွီ လျန်နယ်မြေသို့ ပြန်ရောက်ပါက ဖေစုန့်အဖွဲ့ကို ပြစ်ဒဏ်ချမှတ်ရာတွင် အဆင်ပြေစေရန် အဆိုပြုလာချိန်တွင် ကျန်းဟွိုင်ကလည်း စာကြည့်တိုက်ရှိ စာအုပ်များကို ကူညီစီစဉ်ပေးရန် အကြောင်းပြချက်ဖြင့် မြို့ထဲသို့ အတူတူ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဝိန်းယွီက ရှောင်းလိအတွက် ပေးပို့လိုက်သော တော်ဝင်အမိန့်ပြန်တမ်း လော့ယန်သို့ ရောက်ရှိလာသောအခါ ရှောင်းလိသည် စစ်တပ်ကို ဦးဆောင်ကာ အနောက်ဘက်နယ်စပ်သို့ နက်ရှိုင်းစွာ ဝင်ရောက်သွားပြီဖြစ်၍ ယခုအခါ စစ်တပ်ထဲတွင် မရှိသဖြင့် လျန်စစ်စခန်းသို့ အကြောင်းပြန်ရန် မဖြစ်နိုင်သေးဟု အကြောင်းပြကာ ကျန်းဟွိုင်က ဆိုင်းငံ့ထားခဲ့သည်။
သို့သော် သူသည် ရှောင်းလိအတွက် နာမည်ဆိုးများကို ရှင်းလင်းပေးကာ ပြည်သူ့ဂုဏ်သတင်းကို စတင် ဆွဲဆောင်လာခဲ့သည်။ ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် လျန်စစ်စခန်းဘက်မှ သူတို့ကို သတိထားသင့်ပြီး နောက်ပိုင်းတွင် ရှောင်းလိက ဝိန်းယွီနှင့် အာဏာလုလာမည်ကို ကာကွယ်သင့်ပေသည်။
သို့သော် လျန်စစ်စခန်းသည် ယခုအချိန်အထိ မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ ရှောင်းလိအတွက် နာမည်ဆိုးများကို ရှင်းလင်းပေးနေခြင်းကိုပင် တိတ်တဆိတ် ခွင့်ပြုထားသလို ဖြစ်နေ၏။ ဤသည်က ကျန်းဟွိုင်ကို သူတို့ဖက်က တကယ်ပဲ ဤမျှ သဘောထားကြီးပြီး သူတို့၏ မင်းသမီး အနိုင်ရမည်ဟု ယုံကြည်နေကြသလား၊ သို့မဟုတ် နောက်ကွယ်တွင် လျှို့ဝှက် အကြံအစည်များ ရှိနေသေးသလားဆိုတာကို မခွဲခြားနိုင်အောင် ဖြစ်စေခဲ့သည်။
သည်လို ခန့်မှန်းရခက်နေခြင်းက ကျန်းဟွိုင်ကို အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့သည်။ ယခုအချိန်တွင် ကိုယ်ရံတော်၏ တီးတိုးရေရွတ်သံကို ထပ်မံ ကြားလိုက်ရသောအခါ သူ့ခေါင်းကို အနောက်သို့ အနည်းငယ် စောင်းကာ မနေနိုင်ဘဲ ဆူပူလိုက်လေသည်။ "ငါ မင်းကို ဘယ်လို သင်ပေးထားလဲ"
ကိုယ်ရံတော်က ကပျာကယာ ခေါင်းငုံ့သွားပြီး "ကျွန်တော်မျိုး စကားမှားသွားပါတယ်" ဟု ပြောလိုက်သည်။
ကျန်းဟွိုင်က အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ရှေ့သို့ ဆက်လက် လျှောက်သွားရင်း ပြောလိုက်၏။ "စစ်လာရင် စစ်သူကြီးက ကာကွယ်မယ်၊ ရေလာရင် မြေကြီးက တားဆီးမယ်။ ငါတို့လို အကြံပေးတွေက ကျူကျွင်း ဘယ်လမ်းကို ရွေးချယ်ရွေးချယ် သွားမယ့်လမ်း အားလုံး ချောမွေ့နေဖို့ သေချာအောင် လုပ်ပေးဖို့ပဲ လိုတယ်"
___
ချန်နိုင်ငံ၊ တော်ဝင်နန်းတော်။
နေရောင်ခြည်က လင်းလက်နေပြီး ပြတင်းပေါက် အပြင်ဘက်တွင် စာကလေးများ၏ တကျီကျီ အော်မြည်သံများကို ကြားနေရသည်။
နွေးထွေးသော နေရောင်ခြည်သည် ပြတင်းပေါက် ခန်းဆီးမှတစ်ဆင့် ကုတင်ပေါ်သို့ ဖြာကျနေပြီး သေးသွယ်ရှည်လျားကာ တောက်ပသည့် နေရောင်ခြည် အရိပ်တစ်ခုက ရှောင်းလိ၏ ထူထဲပြီး အနည်းငယ် စူးရှသော မျက်ခုံးနှင့် မျက်လုံးများကြားသို့ ကျရောက်နေလေသည်။
သူ အိပ်ပျော်နေစဉ်ပင် မျက်မှောင်များက တင်းကျပ်စွာ ကြုတ်ထားဆဲဖြစ်ပြီး အိပ်မက်ထဲတွင်ပင် တစ်ခဏမျှ အနားမရသည့်နှယ်ပင်။
ပါးလွှာသော မျက်ခွံများအောက်ရှိ သူ့မျက်လုံးများက မကြာခဏ လှုပ်ရှားနေသဖြင့် ဘေးရှိ နူးညံ့ပြီး ဖြူဖွေးဝဖြိုးသော လက်ကလေးတစ်ဖက်က လှမ်းကိုင်လိုက်ကာ နုနယ်ပြီး ဇဝေဇဝါဖြစ်နေသော "တအဲအဲ" အသံလေး ထွက်ပေါ်လာခဲ့သည်။
ရှောင်းလိသည် သူ မည်မျှကြာအောင် အိပ်ပျော်နေခဲ့မှန်း မသိသလို သိပ်မကြာခင်က အဖျားကြီးခဲ့သောကြောင့်လား။ သို့မဟုတ် အချိန်အတော်ကြာ ဗိုက်မဝခဲ့၍လား မသိချေ။ နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေတွင် လက်နှင့် ခြေထောက်များက အနည်းငယ် လေးလံနေဆဲဖြစ်ကြောင်းကိုသာ ခံစားနေရသည်။
သူသည် မဆုံးနိုင်သော အိပ်မက်ဆိုးတစ်ခုပြီး တစ်ခုထဲတွင် နစ်မြုပ်နေခဲ့ကြောင်းကို ဝိုးတဝါး မှတ်မိနေပြီး ယခုအချိန်တွင် အတွေးများ ယာယီ ရှင်းလင်းသွားကာ အိပ်မက်၏ အသေးစိတ် အကြောင်းအရာများကို မမှတ်မိနိုင်တော့သော်လည်း အိပ်မက်ထဲရှိ ထိုခံစားချက်များက သူ့အပေါ် လွှမ်းမိုးနေဆဲဖြစ်ပြီး သူ၏ မျက်မှောင်များကို မသိမသာ တင်းကျပ်သွားစေခဲ့သည်။
...
အပိုင်း (၂၃၄.၂)
ကံကောင်းထောက်မစွာဖြင့် နေရောင်ခြည်၏ နွေးထွေးမှုက သူ၏ ခြေလက်အင်္ဂါအစိတ်အပိုင်းများဆီသို့ ဖြည်းညင်းစွာ စိမ့်ဝင်သွားပြီး အိပ်မက်ထဲတွင်ပင် သူ၏မျက်စိရှေ့၌ လိမ္မော်ရောင်များ လွှမ်းခြုံနေစေ၏။
သူ၏ မျက်ခွံများကို လာထိနေသော နူးညံ့သည့် အားက အနည်းငယ် ပိုပြင်းလာပြီး နားထဲတွင် တအဲအဲ အသံများကလည်း ပိုမို ရှင်းလင်းလာလေသည်။
ရှောင်းလိသည် လေးလံနေသော မျက်ခွံများကို နောက်ဆုံးတွင် ဖြည်းညင်းစွာ ဖွင့်လိုက်ချိန်၌ အဝေးရှိ ခန်းဆီးပါးလေးများက မြေပြင်အထိ တွဲကျနေပြီး သားရဲပါးစပ်ပုံစံ နံ့သာပေါင်းဖိုထဲမှ နံ့သာငွေ့များ ဖြည်းညင်းစွာ လွင့်ပျံနေကာ မှင်ရောင်ကျောက်စိမ်းကဲ့သို့ ကြမ်းပြင်ကြွေပြားများက အရိပ် ထင်ဟပ်နိုင်လောက်အောင် တောက်ပနေသည်ကို မြင်လိုက်ရ၏။
သူ အခုရောက်နေတာ နန်းဆောင်တစ်ခုများလား။
ရှောင်းလိ၏ အသိစိတ်များ လုံးဝ ရှင်းလင်းသွားပြီး အနီးရှိ ကုတင်ဆီသို့ အကြည့်ရောက်သွားချိန်တွင် ဘေးဘက်၌ တွဲကျနေသော ပန်းနွယ်ပုံစံ ထိုးထားသည့် ခြင်ထောင်ကို မြင်လိုက်ရသည်။ သူ၏ နှာခေါင်းထဲတွင် ရှူရှိုက်မိသော အနံ့က သန့်ရှင်းသော်လည်း အလွန်စိမ်းသက်နေပြီး ခပ်သဲ့သဲ့ နို့နံ့လေးတစ်ခုကိုပါ ရနေ၏။
ဘယ်က နို့နံ့လေးလဲ။
စိတ်ထဲတွင် ဤသို့ တွေးမိလိုက်သည်နှင့် တစ်ပြိုင်နက် ပါးပြင်ဘေးမှ နူးညံ့သော အထိအတွေ့တစ်ခု ထပ်မံ ထွက်ပေါ်လာပြီး အလွန် နုနယ်သော "အဲ" ဟူသည့် အသံလေးတစ်ခုကိုပါ ကြားလိုက်ရလေသည်။
ရှောင်းလိက မျက်လုံးများကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ရာ အတွင်းဘက် ခေါင်းအုံးဘေးတွင် မှောက်ခုံလေး ဖြစ်နေသော လူကောင်လေး တစ်ယောက်ကို မြင်လိုက်ရ၏။
လမည်မျှရှိပြီမှန်း မခန့်မှန်းနိုင်သော နို့စို့အရွယ် ကလေးလေးသည် ကျောက်စိမ်းလေးကို ထုဆစ်ထားသည့်အလား လှပချစ်စရာကောင်းနေပြီး ခေါင်းထက်ရှိ တိုနံ့နံ့ ဆံပင်မည်းလေးများကို အပေါ်သို့ ထောင်နေသော ဆံထုံးလေး နှစ်ခု ထုံးထားသည်။ ကလေးလေးက သူ မိမိကို ကြည့်နေသည်ကို မြင်သွားသောအခါ ပါးစပ်မှ "အာ" ဟူသော အသံလေး ထပ်ထွက်လာပြီး နုနယ်ဝဖြိုးသော လက်ကလေးဖြင့် သူ၏ ပါးပြင်ကို ဆက်လက် ပုတ်ခတ်ကာ အဖြူရောင် အစက်အပြောက်လေးများသာ မြင်ရသေးသော သွားငယ်လေး လေးချောင်း ပေါ်လာသည်အထိ ရယ်မောနေလေသည်။
ယခုလေးတင် ရှင်းလင်းသွားသော ရှောင်းလိ၏ ဦးနှောက်က ရုတ်တရက် ပြန်လည် ရှုပ်ထွေးသွားတော့သည်။
သူသည် ဤမျက်တောင်တစ်ခတ်အတွင်း တွေးတောနိုင်စွမ်းကို ဆုံးရှုံးသွားသည့်အလား ခေါင်းအုံးဘေးရှိ နို့စို့ကလေးလေးကို ကြည့်ရင်း မထိရဲ၊ မည်သည့်လှုပ်ရှားမှုမျှလည်း မလုပ်ရဲဘဲ ထိုအတိုင်းသာ ငေးကြောင်ကြည့်နေမိသည်။ နို့စို့ကလေးလေးက ကစားစရာတစ်ခုလို သူ၏ ပါးပြင်ကို အခါအားလျော်စွာ ပုတ်ခတ်နေသည်ကိုသာ ခွင့်ပြုထားပြီး အချိန်အတော်ကြာမှ ဩရှရှ အသံဖြင့် ပြောလိုက်၏။ "မင်းက... ဘယ်သူ့အိမ်က ကလေးလေးလဲ"
စကားထွက်လာချိန်တွင် မျက်လုံးများက အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်နေပြီ ဖြစ်၏။
သူက ရေအကျဉ်းထောင်မှ နိုးလာပြီး ဤနေရာတွင် လဲလျောင်းနေရခြင်း ဖြစ်သည်။
ထိုနို့စို့ကလေးလေးသည် နုနယ်လှသော်လည်း ထိုမျက်ခုံးနှင့် မျက်လုံးများက ဝိန်းယွီနှင့် အလွန် တူညီနေပြီး လည်ပင်းတွင်လည်း ကျောက်စိမ်းဖြူ ဘေးကင်းချမ်းသာ ဆွဲကြိုးလေး တစ်ခုကို ဆွဲချိတ်ထားလေသည်။
ရှောင်းလိသည် ရုတ်တရက် အသက်ရှူကြပ်လာသလို ခံစားလိုက်ရပြီး သူ၏ လက်ကို မြှောက်ကာ မျက်လုံးများကို အလျင်စလို ဖုံးအုပ်လိုက်၏။ အစွမ်းကုန် ထိန်းချုပ်ထားသော်လည်း လည်ချောင်းထဲမှ သေးငယ်သော အသံလေးများ ထွက်ပေါ်လာဆဲ။
မူလက ပျော်ရွှင်နေသော အားလီက သူ ဤသို့ဖြစ်နေသည်ကို မြင်သောအခါ မှင်သက်သွားပြီး ပါးစပ်ကို တွန့်ကာ ရုတ်တရက် အသံကျယ်ကြီးဖြင့် ငိုချလိုက်တော့သည်။
ထိုအသံကို ကြားပြီး ဝိန်းယွီ အလျင်စလို ရောက်လာချိန်တွင် ရှောင်းလိက ကုတင်ခေါင်းရင်း၌ တစ်ဝက်တစ်ပျက် ထိုင်နေပြီး မျက်လုံးများက နီရဲနေဆဲဖြစ်ကာ ရိုးအပြီး တောင့်တင်းနေသော ကိုယ်နေဟန်ထားဖြင့် အားလီကို အလွန် အနေရခက်စွာ ပွေ့ချီထားရင်း တင်းမာစွာ ချော့မြူနေသည်ကို မြင်လိုက်ရ၏။ "မင်း... မငိုနဲ့လေ"
အားလီက အသံကျယ်ကြီးဖြင့် ပိုငိုလေတော့သည်။
ရှောင်းလိ၏ အာရုံစိုက်မှု အားလုံးသည် လည်ချောင်းကွဲမတတ် ငိုကြွေးနေသော ဤကလေးလေးအပေါ်တွင်သာ ရှိနေပြီး ဝိန်းယွီ ဝင်လာသည်ကိုပင် သတိမထားမိခဲ့ချေ။ ဝိန်းယွီ အနားသို့ ရောက်လာချိန်မှသာ သူက သူမကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိစွာဖြင့် စကားတစ်ခွန်း ပြောလိုက်၏။ "သူ... ဆက်တိုက် ငိုနေတယ်"
ဝိန်းယွီက စကားမပြောဘဲ သူ့လက်မောင်းကို ကိုင်ကာ အပေါ်သို့ အနည်းငယ် ရွှေ့ပေးလိုက်ပြီး ပြောလိုက်လေသည်။ "လက်ကို ဒီမှာထား၊ ဒီလို ချီရတယ်"
ပြောပြီးနောက် ဘေးမှနေ၍ အားလီ၏ ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်၏။ "အားလီ မငိုနဲ့၊ မေမေ ဒီမှာ ရှိတယ်..."
အားလီလေးက သူမ ဤသို့ ချော့မြူလိုက်သဖြင့် ငိုသံက တကယ်ပင် တဖြည်းဖြည်း တိုးသွားတော့သည်။
ရှောင်းလိသည် ငိုသံတိတ်သွားပြီး သူ့ဆီသို့ လက်လှမ်းကာ "တအဲအဲ" အသံပြုနေသော ကလေးငယ်ကို ကြည့်ရင်း ဝါဂွမ်းစလေးတစ်ခုလို ပေါ့ပါးနူးညံ့နေသော လက်ပေါ်ရှိ အလေးချိန်ကို ခံစားလိုက်ရကာ လည်ချောင်းထဲတွင် ဆို့နင့်သွားပြီး မျက်လုံးများက တဖန် စပ်ဖျဉ်းဖျဉ်း ဖြစ်လာသဖြင့် မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။
အချိန်အတော်ကြာမှသာ သူသည် စကားလုံးများကို ပြန်လည် စီစဉ်နိုင်သွားသည့်အလား မျက်လုံးများ နီရဲလျက် ဝိန်းယွီကို ကြည့်ကာ ပြောလိုက်၏။ "ဒါက... ငါတို့ရဲ့ သမီးလေးလား"
သူ၏ ဤစကားက ဝိန်းယွီကို မေးနေခြင်းထက်စာလျှင် မယုံရဲလောက်အောင် ဖြစ်နေသည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။
ဝိန်းယွီက ဘေးမှနေ၍ အားလီ၏ အင်္ကျီရင်ဘတ်ကို သပ်ရပ်အောင် ပြင်ပေးလိုက်ပြီး သူမ၏ လည်ပင်းမှ ထွက်ကျနေသော ကျောက်စိမ်းဖြူ ဆွဲကြိုးလေးကို အင်္ကျီထဲသို့ ပြန်ထည့်ပေးလိုက်ကာ ပြောလိုက်လေသည်။ "ကျွန်မ သူ့ကို ဝိန်းဟယ်လို့ နာမည်ပေးထားတယ်၊ အိမ်နာမည်က အားလီ"
"အားလီလား" ရှောင်းလိက ဤအိမ်နာမည်လေးကို ဖြည်းညင်းစွာ ရေရွတ်လိုက်ပြီး အားလီက သူ၏ ပါးပြင်ကို လှမ်းကိုင်ချိန်တွင် သူ၏ ကြမ်းတမ်းသော လက်ဖဝါးကြီးက ထိုဖြူဖွေးဝဖြိုးနေသော လက်ငယ်လေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။
လက်ချောင်းထိပ်များမှ ခုန်ပေါက်နေသော သွေးကြောများမှတစ်ဆင့် အံ့ဖွယ်ကောင်းသော အရာတစ်ခုက ပျံ့နှံ့သွားပြီး သွေးများမှတစ်ဆင့် သူ၏ ခြေလက်အင်္ဂါ အစိတ်အပိုင်းများဆီသို့ စီးဆင်းသွားကာ သူ့မျက်လုံးများထဲက စပ်ဖျဉ်းဖျဉ်းခံစားချက်က ပိုလို့ပင် ပြင်းထန်လာသယောင်။
ရှောင်းလိသည် ရင်ခွင်ထဲရှိ နုနယ်လှသော သမီးလေးကို ကြည့်လိုက်ပြီး ဝိန်းယွီကို ထပ်မံ ကြည့်လိုက်ချိန်တွင် နီရဲနေသော မျက်လုံးများက ရေများ ကာရံထားသည့် မီးသွေးခဲ တစ်ခုနှယ် ဖြစ်နေကာ အသက်ရှူကြပ်စွာဖြင့် ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် အားယွီ"
အားလီက မိမိကို ပွေ့ချီထားသော လူ၏ မျက်လုံးများက ဘာကြောင့် ရုတ်တရက် နီရဲသွားရသည်ကို နားမလည်ဘဲ ဝိန်းယွီဘက်သို့ လှည့်ကာ "အာ... အဲ..." ဟု အသံနှစ်ချက် ပြုလိုက်ရာ ဝိန်းယွီက သူမ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်၏။ "ဖေဖေလေ"
ဤစကားတစ်ခွန်းတည်းကပင် ရှောင်းလိ၏ မျက်လုံးများကို နောက်တစ်ဆင့် ပိုပြီး နီရဲသွားစေတော့သည်။
အားလီသည် ရှောင်းလိ၏ မျက်လုံးကမခွာတမ်း အကြည့်အောက်တွင် အိပ်ပျော်သွားခဲ့သည်ဟုပင် ဆိုနိုင်သည်။ သူမက ဤမျှ မပင်ပန်းခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူမ ဘာပဲလုပ်လုပ် တစ်ဖက်လူက သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့၏။
တစ်ယောက်ယောက်က ဤမျှ အားပေးအားမြှောက် ပြုနေသည်ကို သူမ မြင်သောအခါ ကုတင်ပေါ်တွင် အပြည့်ချထားသော သစ်သားပန်းပုရုပ်များနှင့် အဝတ်အရုပ်များကို ကိုင်ကာ တစ်ဖက်လူနှင့် အစွမ်းကုန် ဆော့ကစားတော့ရာ နောက်ဆုံးတွင် မိမိကိုယ်ကို ပင်ပန်းပြီး အိပ်ပျော်သွားအောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
အားလီ အိပ်ပျော်သွားပြီးနောက် ရှောင်းလိက လွှဲပုခက်ဘေးတွင် အတန်ကြာ စောင့်ကြည့်နေဆဲဖြစ်ပြီး ဘယ်လောက်ကြည့်ကြည့် ကြည့်မဝနိုင်အောင် ဖြစ်နေတော့၏။။
ဝမ်းဝမ်ကျိန်း၏ ကိုယ်ဝန်လကို လိမ်လည်ပြောဆိုခဲ့သည့် ကိစ္စကို ကြုံတွေ့ခဲ့ဖူးသဖြင့် ဝိန်းယွီက အားလီ၏ မွေးလကို အပြင်လူများအား ဖုံးကွယ်ထားရသည့် အကြောင်းရင်းကိုလည်း သူ အလွယ်တကူ ခန့်မှန်းမိသွား၏။ မည်သို့ပင်ဖြစ်စေ ဝိန်းယွီ ယမန်နှစ်က ချန်နိုင်ငံသို့ ပြန်ရောက်လာချိန်တွင် သုံးလပိုင်း ရောက်နေပြီဖြစ်ရာ ကလေး၏ မွေးလကို လျှော့မပြောပါက အားလီသည် ချန်ဝမ်၏ သွေးသား မဟုတ်ကြောင်း လူတိုင်းကို ပြောပြနေသလိုပင် ဖြစ်နေမည် မဟုတ်ပါလား။
ဝိန်းယွီ၏ လက်ထဲတွင် ဖြေရှင်းရန် အုပ်ချုပ်ရေးကိစ္စများ အများအပြား ရှိနေသေးသဖြင့် ရှောင်းလိက အားလီကို စောင့်ရှောက်ကာ ဆော့ကစားနေချိန်ကတည်းက သူမသည်လည်း ပင်မနန်းဆောင်သို့ ပြန်ကာ စာချွန်လွှာများကို စစ်ဆေးနေခဲ့လေသည်။
အားလီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးနောက် ရှောင်းလိ ထိုနေရာသို့ သွားချိန်တွင် နန်းဆောင်အတွင်း အစေခံနေသော ထုန်ချွဲက သူတို့နှစ်ဦးကြား ပြောစရာစကားများ ရှိနေပုံရသည်ကို ရိပ်မိသဖြင့် လက်ဖက်ရည် ဖျော်ရန် အကြောင်းပြကာ အခြေအနေကို နားလည်စွာဖြင့် ကြိုတင် ထွက်ခွာသွားခဲ့၏။
ပင်မနန်းဆောင်ကြီးအတွင်းတွင် အပေါ်ဘက်၌ ထိုင်ကာ စာချွန်လွှာများကို စစ်ဆေးနေသော ဝိန်းယွီနှင့် အောက်ဘက်တွင် မတ်တတ်ရပ်နေသော ရှောင်းလိတို့သာ ကျန်ရစ်တော့သည်။
နေရိပ်က အနောက်ဘက်သို့ ယိမ်းကျနေပြီး ဝိန်းယွီ၏ အနောက်ဘက်ရှိ ပြတင်းပေါက်ကို အပြည့် ဖွင့်ထားကာ ခြံဝင်းအတွင်းမှ အနှံထွက်နေသော စပါးပင်စိမ်းစိမ်းများကလည်း ရွှေရောင်ဖျော့ဖျော့ အလွှာတစ်ခုကို ဖုံးအုပ်ထားလေသည်။
ရှောင်းလိသည် ထိုဆည်းဆာနေရောင်ခြည်ကို ရေချိုးထားသကဲ့သို့ ဖြစ်နေသော လှပသည့် ပုံရိပ်လေးကို ကြည့်ရင်း လည်စေ့က ဖြည်းညင်းစွာ လှုပ်ရှားသွား၏။ "မင်း ငါ့ကို ဒီလောက်တောင် ခါးခါးသီးသီး ဖုံးကွယ်ထားခဲ့တာပဲ"
ဝိန်းယွီက မျက်လွှာကို ဖြည်းညင်းစွာ ပင့်ကြည့်လိုက်ပြီး ပြောလိုက်၏။ "အရင်က ရှောင်းနယ်စားမင်း တော်ဝင်နန်းတော်ကို ဝိုင်းရံခဲ့တဲ့ အနေအထားအရ ဒီမင်းသမီးက ရန်သူလား၊ မိတ်ဆွေလားဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"
တော်ဝင်နန်းတော်ကို ဝိုင်းရံခဲ့ခြင်းသည် သူ အရင် မှားယွင်းခဲ့ခြင်း ဖြစ်ကြောင်းကို ရှောင်းလိ သဘာဝကျစွာပင် သိရှိထားသည်။ တော်ဝင်နန်းတော်ကို သိမ်းပိုက်ပြီးနောက် မနာလိုမှုနှင့် ဒေါသတို့၏ တွန်းအားပေးမှုကြောင့် သူသည် အမှန်တကယ်ပင် ဆိုးသွမ်းသော လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့မိရာ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝိန်းယွီက စိတ်ရှည်လက်ရှည်ဖြင့် အရာအားလုံးကို သူ့အား ရှင်းပြနိုင်လိမ့်မည်ဟု သေချာပေါက် မမျှော်လင့်နိုင်ချေ။
သူသည် အသက်နှစ်ချက် ရှူစာအချိန်လောက် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။ "တော်ဝင်နန်းတော်ကို ဝိုင်းရံခဲ့တဲ့ ကိစ္စအတွက် ငါ မင်းကို ဖြေရှင်းချက် တစ်ခု ပေးပါ့မယ်။ ဒါပေမယ့် အားလီက ငါ့သမီးပဲ၊ ချန်ဝမ်လို အသုံးမကျတဲ့ကောင်ကို အဖေအဖြစ် အသိအမှတ်ပြုခိုင်းတာမျိုး ငါ အဖြစ်မခံနိုင်ဘူး"
ဝိန်းယွီက မျက်မှောင်ကြုတ်လိုက်၏။ "ရှင်က ကျွန်မဆီက သမီးကို လုချင်လို့လား"
ရှောင်းလိက ပါးလွှာသော နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ထားပြီး ပြောလိုက်လေသည်။ "ချန်နိုင်ငံနဲ့ တာ့လျန်ကြားက အကျိုးစီးပွားတွေက အရမ်း ရောယှက်နေတော့ မင်းက ချန်ဝမ်နဲ့ ကွာရှင်းပြီး ချန်နိုင်ငံနဲ့ အဆက်အသွယ် ဖြတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို ငါ လက်ခံတယ်။ ဒါဆိုရင် ချန်ဝမ် သေသွားပြီး တာ့လျန်ရဲ့ တိုင်းပြည်တစ်ဝက်ကို အပေါင်ထားပြီး မင်းနဲ့ငါ လက်ထပ်မယ်ဆိုရင် ဘယ်သူကများ ဝင်စွက်ဖက်ရဲသေးလို့လဲ"
ချန်ဝမ်သည် တော်ဝင်အကျဉ်းထောင်တွင် သူ၏ ကြာပွတ်ဖြင့် ရိုက်နှက်ခံရပြီးနောက် ဝံပုလွေမြင်းစီးတပ်ဖွဲ့များ မြို့ပြင်သို့ ထွက်ခွာချိန်၌ လမ်းဖွင့်ပေးရန် ဓားစာခံအဖြစ် မြင်းကျောပေါ်တွင် ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်ကယ်တင်ခံရချိန်တွင် အလွန်အမင်း ထိတ်လန့်နေခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှစ၍ အပြင်းအထန် ဖျားနာသွားကာ ယခုအချိန်အထိ ကျန်းဟွာနန်းဆောင်တွင် ရောဂါဝေဒနာ ခံစားရင်း အိပ်ရာပေါ်တွင် လဲလျောင်းနေရဆဲပင်။
တစ်ဖက်လူက သွယ်ဝိုက်သော နည်းလမ်းဖြင့် လက်ထပ်ရန် ဖိအားပေးနေခြင်း ဖြစ်ကြောင်းကို သတိပြုမိသွားသဖြင့် ဝိန်းယွီသည် အောက်ဘက်တွင် ရပ်နေသော လူကို ပြန်လည် အကဲခတ်ကြည့်လိုက်၏။
ဤနှစ်ရက်အတွင်း အနားယူပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖျားနာနေသော အငွေ့အသက်များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လက်နှင့် လည်ပင်းတို့တွင် သံကြိုးကြောင့် ပွန်းပဲ့သွားသော နေရာများမှာလည်း အသားမာ တက်နေပြီဖြစ်သည်။ စစ်မြေပြင်တွင် သူရရှိခဲ့သော ဒဏ်ရာများနှင့် နှိုင်းယှဉ်လျှင် ဤပွန်းပဲ့ဒဏ်ရာ အသေးအမွှားလေးများသည် လုံးဝ ပြောပလောက်စရာ မရှိချေ။ သူကိုယ်တိုင်လည်း လုံးဝ ဂရုစိုက်ပုံမရဘဲ အလွန် သန်မာမာကျောသော ခန္ဓာကိုယ်ကြောင့် တမင်တကာ ဖိအားပေးစရာ မလိုဘဲ သားရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ခြိမ်းခြောက်နိုင်စွမ်းကို ခံစားရစေလေသည်။
ဝိန်းယွီက စုတ်တံအနီကို လက်ချောင်းထိပ်များဖြင့် ဖိထားရင်း မေးလိုက်လေသည်။ "ကျွန်မက သဘောမတူဘူးဆိုရင်ရော"
သူမကို ကြည့်နေသော ရှောင်းလိ၏ မျက်နှာအမူအရာတွင် တဒင်္ဂမျှ နာကျင်သွားပုံရသော်လည်း ထိုအတင်းအကျပ် ဟန်ဆောင်ထားသော မာကျောမှုဖြင့် အမြန် ဖုံးကွယ်ထားကာ ပြောလိုက်၏။ "မင်းက အမြဲတမ်း အခြေအနေ အရပ်ရပ်ကို အကောင်းဆုံး တွေးတောတတ်တာ မဟုတ်ဘူးလား။ ငါနဲ့ လက်ထပ်မယ်ဆိုရင် မင်း အရင်က ပေးခဲ့တဲ့ အမိန့်ပြန်တမ်းကို ငါ လက်ခံမယ်။ စစ်သား တစ်ယောက်မှ ထပ်မဆုံးရှုံးဘဲ မြောက်ပိုင်းနယ်စပ်ကို တာ့လျန်ဆီ ပြန်ရောက်လာအောင် မင်း လုပ်နိုင်ပြီပဲ။ ဒီလို အကျိုးအမြတ်က မလုံလောက်သေးဘူးလား"
ဝိန်းယွီက ခဏလောက် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်လေသည်။ "ကျွန်မနဲ့ အတူတူ ချည်နှောင်ထားခံရဖို့ ဒီလောက်တောင် သေချာနေတာလား။ သေချာ စဉ်းစားပြီးပြီလား။ ကျွန်မတို့ အခုလို အခြေအနေမျိုးဆိုရင်တောင် ကောင်းကောင်းမွန်မွန် လမ်းခွဲလို့ ရသေးတယ်။ တိုင်းပြည်ကို အပေါင်ထားပြီး လောင်းကြေးထပ်လိုက်ရင် လွယ်လွယ်ကူကူ ပေါင်းစည်းနိုင်၊ လမ်းခွဲနိုင်မှာ မဟုတ်တော့ဘူးနော်"
သူမကို စိုက်ကြည့်နေသော ရှောင်းလိ၏ အကြည့်များထဲတွင် ဖုံးကွယ်ထားသော နာကျင်မှုများအပြင် ရက်စက်မှု အနည်းငယ်ပင် ပါဝင်လာခဲ့၏။ "အဲ့ဒါက ပိုတောင် ကောင်းသေးတယ်"
ဝိန်းယွီသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်ပြီး ခဏအကြာမှ ပြောလိုက်လေသည်။ "ရှောင်းလိ... ရှင် ကျွန်မအပေါ် ဒီလောက်တောင် စွဲလမ်းနေရတာက ယုံချန်မှာ သိကျွမ်းခဲ့ပြီး တောင်ပိုင်းကို သွားတဲ့လမ်းမှာ အသက်အန္တရာယ်တွေကို အကြိမ်ကြိမ် အတူတူ ဖြတ်သန်းခဲ့ရလို့ ဖြစ်တည်လာတဲ့ သံယောဇဉ်ကြောင့်လား"
သူမသည် ပြတင်းပေါက် အပြင်ဘက်ရှိ စပါးပင်များကို ကြည့်လိုက်ပြီး တဒင်္ဂမျှ တွေဝေသွားသည့်နှယ်။ "ဒါပေမယ့် အချိန်က အရာရာကို ပြောင်းလဲပေးနိုင်တယ်။ ကျွန်မက လွန်ခဲ့တဲ့ နှစ်နှစ်က ရှင် သိခဲ့တဲ့ ကျွန်မ မဟုတ်တော့ဘူး။ ဒါကြောင့် ကျွန်မ ရှင့်ကို ရွေးချယ်ခွင့် ပြန်ပေးပါ့မယ်။ သေချာ စဉ်းစားဖို့ မျှော်လင့်ပါတယ်"
ရှောင်းလိက ရှားရှားပါးပါးပင် ရိုင်းစိုင်းသော စကားကို သုံးလိုက်၏။ "ငါက သောက်ကျိုးနည်း ဘာရွေးချယ်ခွင့်ကို လိုချင်ရမှာလဲ"
သူ့မျက်လုံးများက သူ မြင်ရသမျှကို ဆောက်ဖြင့် ထွင်းဖောက်ကာ အမှတ်အသား ပြုလုပ်တော့မည့်အလား တင်းမာလေးနက်နေလေသည်။ "ငါ ဒီလမ်းပေါ်ကို လျှောက်လာခဲ့ပြီး ငါ့အနောက်မှာ ချန်ရစ်ခဲ့တဲ့ ခြေရာတိုင်းမှာ နာမည် နှစ်ခုပဲ ထွင်းထုထားတယ်"
"တစ်ခုက ဖေစုန့်၊ နောက်တစ်ခုက ဝိန်းယွီ"
သူက မေးရိုးကို တင်းထားလိုက်သည်။ "နှစ်နှစ်လောက် ကွဲကွာနေခဲ့တော့ ငါ မင်းကို နားမလည်တော့ဘူးလို့ မင်း ထင်နေတာလား။ ဒါဆိုရင် ဒီနှစ်နှစ်အတွင်းမှာ ငါ မင်းကို အမြဲတမ်း စောင့်ကြည့်နေတယ် စောင့်ကြည့်မနေဘူး ဆိုတာကိုရော မင်း သိလို့လား"
ဝိန်းယွီ၏ မျက်လုံးများထဲတွင် တဒင်္ဂမျှ မှင်သက်သွားမှုများ ပေါ်လာပြီး ရင်ထဲတွင်လည်း ထူးဆန်းသော ခံစားချက်များ လှိုင်းထလာခဲ့လေသည်။
ထို့နောက် သူမ၏ ထူးခြားနေမှုကို ရှောင်းလိ သိသွားမည်စိုးသည့်အလား ပြတင်းပေါက် အပြင်ဘက်ကိုသာ ဆက်ငေးကြည့်နေခဲ့၏။
နှစ်နှစ်ဆိုသည်မှာ ကြာသည်ဟု မဆိုနိုင်သလို၊ တိုတောင်းသည်ဟုလည်း မဆိုနိုင်ပေ။ သို့သော် သူမသည် အချိန်တိုင်း အမှားမခံသော ဟန့်ယန်မင်းသမီးအဖြစ် နေထိုင်ရန် အသားကျနေပြီဖြစ်ပြီး ဒေါသထွက်ခြင်းပင် အလွန် ရှားပါးလှ၏။
သူမ ပြောလိုက်သော စကားတိုင်း၊ ပြုလုပ်လိုက်သော ဆုံးဖြတ်ချက်တိုင်းသည် သေချာစွာ စဉ်းစားချင့်ချိန်ပြီးမှသာ ဖြစ်ရပေမည်။
သူမ တည်ရှိနေခြင်းသည် ဤမြစ်များနှင့် တောင်တန်းများပေါ်ရှိ ပြဿနာများကို တစ်ခုပြီးတစ်ခု ဖြေရှင်းရန်အတွက်သာ ဖြစ်ပုံရပြီး အသက်ရှင်လျက်ရှိသော လူသားတစ်ယောက်အဖြစ် ဆက်လက် နေထိုင်ရန် မလိုအပ်တော့ချေ။
ဝိန်းယွီသည် မျက်လုံးထဲက ကျိန်းစပ်သွားသည့် ခံစားချက်ကို ဖိနှိပ်လိုက်ပြီး အသက်ကို အနည်းငယ် ပြင်းပြင်း ရှူလိုက်ကာ ပြောလိုက်၏။ "ကျွန်မ ရက်စက်တယ်၊ အဆိပ်ပြင်းတယ်၊ ရည်ရွယ်ချက် ပြည့်မြောက်ဖို့ ဘာမဆို လုပ်ရဲတယ်။ ရှင် မကြောက်ဘူးလား"
ရှောင်းလိ၏ မျက်လုံးအောက်တွင် အနည်းငယ် နီရဲနေဆဲဖြစ်ပြီး သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေဆဲပင်။ "အဲ့ဒါက အခြားလူတွေအပေါ် မဟုတ်ဘဲ ငါ့အပေါ်မှာဆိုရင် အကောင်းဆုံးပဲ"
သူသည် သူမနှင့် ပခုံးချင်းယှဉ်နိုင်သော တစ်ဦးတည်းသော နယ်စားမင်း ဖြစ်လာစေရန် ကြီးမားလှသည့် အားစိုက်ထုတ်မှုများကို ပြုလုပ်ခဲ့ရသည်။
စေတနာအစစ်အမှန် ဖြစ်စေ၊ ဟန်ဆောင်မှုသာ ဖြစ်စေ၊ အစွမ်းကုန် အကြံအစည်များ သုံးရသည်ဖြစ်စေ၊ အသေအကြေ တိုက်ခိုက်ရသည်ဖြစ်စေ လောကကြီးနှင့် သက်ဆိုင်သော ဤစစ်တုရင်ပွဲတွင် နောက်ဆုံး၌ သူမနှင့်အတူ စစ်တုရင်ရုပ် ချရမည့်သူသည် သူတစ်ဦးတည်းသာ ဖြစ်ရန် သူ မျှော်လင့်ထားလေသည်။
ဝိန်းယွီ၏ မျက်လုံးထဲတွင် ကျိန်းစပ်သွားသည့် ခံစားချက်က နောက်တစ်ဆင့် တိုးလာပြီး နောက်ဆုံးတွင် အသက်ပြင်းပြင်း ရှူကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း စကားမထွက်လာမီမှာပင် နန်းဆောင်အပြင်ဘက်မှ ထုန်ချွဲ၏ အစီရင်ခံသံကို ကြားလိုက်ရ၏။ "မင်းသမီး... လင်ရှီးနန်းဆောင်ဘက်က လူလာပါတယ်။ မယ်တော်ကြီးက မင်းသမီးကို တွေ့ချင်လို့ပါတဲ့"
ယန်သားအဖ ထောင်ကျသွားပြီးနောက် ကျန်းသခင်မလေး သားအမိကိုလည်း ဝိန်းယွီက လူလွှတ်၍ ကြိုတင် ထိန်းသိမ်းထားခဲ့သည်။ မယ်တော်ကြီးက ယခုအချိန်တွင် သူမကို တွေ့ချင်သည်မှာ ကျန်းသခင်မလေးအတွက် သနားခံပေးရန် ဖြစ်ပေလိမ့်မည်။
ယန်မိသားစုက နန်းတွင်းပုန်ကန်မှု ပြုလုပ်ချိန်တွင် မယ်တော်ကြီးသည် အားလီအပေါ် အနည်းငယ် ကာကွယ်ပေးလိုစိတ် ရှိခဲ့သဖြင့် ဤကျေးဇူးကို ထောက်ထားကာ မယ်တော်ကြီးကို တစ်ခေါက်သွားတွေ့ခြင်းက အရေးမကြီးလှပေ။
ဝိန်းယွီသည် ယခုအချိန်တွင် စိတ်ရှုပ်ထွေးနေပြီး ဖြတ်ပြောခံလိုက်ရသော စကားကိုလည်း ဆက်ပြောရန် အကြောင်းမရှိတော့သဖြင့် ရှောင်းလိကို ပြောလိုက်လေသည်။ "ကျွန်မ လင်ရှီးနန်းဆောင်ကို အရင် သွားလိုက်ဦးမယ်"
ထို့နောက် ပင်မနန်းဆောင်ကြီးထဲမှ ကိုယ်တိုင် ထွက်လာခဲ့၏။
လင်ရှီးနန်းဆောင်သို့ ဝေါယာဉ်ဖြင့် သွားသော ဤလမ်းတစ်လျှောက်လုံးတွင် ဝိန်းယွီသည် အမြဲတမ်း စိတ်လွင့်နေသည်ကို ထုန်ချွဲ သတိထားမိခဲ့သည်။ လင်ရှီးနန်းဆောင် အပြင်ဘက်သို့ ရောက်ရှိသောအခါ ဝေါယာဉ်ပေါ်မှ ဝိန်းယွီကို တွဲဆင်းပေးချိန်တွင် ထုန်ချွဲက ဝိန်းယွီကို နှစ်ခါလောက် ခေါ်လိုက်မှသာ ဝိန်းယွီ သတိပြန်ဝင်လာခဲ့လေသည်။
ထုန်ချွဲက မနေနိုင်ဘဲ မေးလိုက်၏။ "မင်းသမီး ဘာတွေ တွေးနေတာလဲ"
ဝိန်းယွီက ပြန်ဖြေလိုက်သည်။ "ဘာမှမတွေးပါဘူး၊ နည်းနည်း ပင်ပန်းနေလို့ပါ"
ထုန်ချွဲက မနေနိုင်ဘဲ ပွစိပွစိ ပြောလာတော့၏။ "မင်းသမီး စောစောကတည်းက သေချာ အနားယူသင့်တာ။ ဒီညတော့ ညဉ့်နက်တဲ့အထိ စာချွန်လွှာတွေ ထပ်မစစ်ပါနဲ့တော့..."
ပွစိပွစိ ပြောသံသည် မယ်တော်ကြီး၏ ဘုရားကျောင်းဆောင် အပြင်ဘက်သို့ ရောက်မှသာ ရပ်တန့်သွားတော့သည်။
မယ်တော်ကြီးကို ပြန်လည် မြင်တွေ့ရချိန်တွင် တူမလေးများအတွက် ပူပန်နေရသောကြောင့်လား မသိချေ။ သူမ၏ နားထင်နှစ်ဘက်မှ ဖြူဖွေးနေသော ဆံပင်များသည် ဝိန်းယွီ ယခင်တစ်ခေါက် မြင်တွေ့ခဲ့ရချိန်ကထက် ပိုများနေလေတော့သည်။
...
အပိုင်း (၂၃၄.၃)
မယ်တော်ကြီးက ဝိန်းယွီကို ကြည့်ကာ စကားပြောရာတွင် အနည်းငယ် တုံ့ဆိုင်းနေမှုများ ပါဝင်နေလေသည်။ "ယန်မိသားစု ကျူးလွန်ခဲ့တဲ့ အပြစ်တွေက အရမ်းကြီးလေးတယ်။ တချို့ကိစ္စတွေကို မင်းဆီမှာ တောင်းဆိုဖို့ ငါ့မှာ မျက်နှာမရှိဘူးဆိုတာကိုလည်း ငါ သိပါတယ်။ ဒါပေမယ့် တတိယကလေးမက ယွီအာရဲ့ ညီမအရင်းလေ၊ အဲ့ဒီကလေးကို မွေးတုန်းက သူ့အသက် တစ်ဝက်လောက်တောင် သေလုနီးပါး ဖြစ်ခဲ့ရတာ..."
ဝိန်းယွီသည် ဘုရားကျောင်းဆောင်၏ တံခါးဝရှိ အလင်းနှင့် အရိပ်ကြားတွင် ရပ်နေပြီး သူမ၏ မျက်နှာအမူအရာသည် မယ်တော်ကြီး ကိုးကွယ်ထားသော ကွမ်ရင်မယ်တော်ရုပ်တုကဲ့သို့ပင် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း အလျဉ်းမရှိချေ။ "ကျန်းသခင်မလေးရဲ့ အသက်ကိုတော့ ဒီမင်းသမီးက ချန်ထားပေးနိုင်ပါတယ်။ ဒါပေမယ့် ယန်မိသားစုရဲ့ သွေးသားကိုတော့ အမတ်တွေ အားလုံးရှေ့မှာ နန်းမွေခံအဖြစ် သတ်မှတ်ခဲ့ပြီးကတည်းက ယန်သားအဖက အဲ့ဒီကလေးအတွက် အသက်ရှင်ဖို့ လမ်းစမချန်ထားပေးခဲ့တာမို့ ဒီမင်းသမီးကို အပြစ်တင်လို့ မရပါဘူး"
မယ်တော်ကြီးသည် နှုတ်ဆိတ်သွားတော့၏။ ဝိန်းယွီသည် ပုခက်တွင်းရှိ ယန်မိသားစု၏ ကလေးငယ်တစ်ဦးကို လွှတ်ပေးနိုင်သော်လည်း နန်းမွေခံအဖြစ် သတ်မှတ်ခံထားရပြီဖြစ်သော ကလေးကတော့ ဤသည်မှာ ဝိန်းယွီ သနားညှာတာခွင့် ပေးသည်၊ မပေးသည် ဆိုသည့် ကိစ္စမျိုး မဟုတ်တော့ချေ။
ဘုရားကျောင်းဆောင် နောက်ကွယ်တွင် ပုန်းကွယ်နေသော ကျန်းသခင်မလေးက မယ်တော်ကြီး တိတ်ဆိတ်သွားသည်ကို ကြားလိုက်ရချိန်တွင် မယ်တော်ကြီးက သူမကို ဆက်မကူညီချင်တော့ဟု ထင်မှတ်သွားပြီး စိတ်မထိန်းနိုင်တော့ဘဲ ကလေးကို ပွေ့ချီကာ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် အလျင်စလို ထွက်လာပြီး ဝိန်းယွီရှေ့တွင် ဒူးထောက်ချလိုက်ကာ မျက်ရည်များ ရွှဲနစ်စွာဖြင့် ပြောလိုက်လေသည်။ "မင်းသမီး... ကျွန်မ မင်းသမီးကို တောင်းပန်ပါတယ်။ ဒီကလေးလေးရဲ့ အသက်ကို ချမ်းသာပေးပါရှင်။ အဲ့ဒီနေ့က ဒီကလေးကို ညီလာခံခန်းမဆောင်ဆီ ခေါ်သွားတာ ကျွန်မရဲ့ ဆန္ဒ လုံးဝ မဟုတ်ပါဘူး။ တကယ်လို့ ယန်ကျန်းက ဒီလောက်တောင် ရည်မှန်းချက်ကြီးတဲ့ လူယုတ်မာဆိုတာကို အစောကတည်းက သိခဲ့မယ်ဆိုရင် ကျွန်မ... ကျွန်မက သူနဲ့ ဘယ်လိုလုပ် ရဲမှာလဲ..."
ဝိန်းယွီက စကားမပြောချေ။ မျက်နှာပေါ်တွင် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း မရှိသော်လည်း သူမ၏ မျက်လုံးအရောင်သည် ယခင်ကထက် ပိုလို့ပင် အေးစက်လာသယောင်။
တူမဖြစ်သူသည် ကြီးမားလှသော တားမြစ်ချက်ကို ချိုးဖောက်ခဲ့ကြောင်း မယ်တော်ကြီး သဘာဝကျစွာပင် သိရှိထားလေသည်။ ဝိန်းယွီက သက်ညှာစွာဖြင့် ဥစ္စာပစ္စည်းများ သိမ်းဆည်းခံရပြီးနောက် ကျန်းအိမ်တော်မှ မိသားစုဝင်များကို ပြည့်တန်ဆာရုံသို့ မပို့ဘဲ နန်းတော်အတွင်းသို့ ဝင်ရောက် အမှုထမ်းခွင့် ပြုခဲ့ခြင်းတစ်ခုတည်းကပင် သူတို့ဖက်က ကျေးဇူးတင်ရန် လုံလောက်နေပြီ ဖြစ်၏။
သို့သော် သူမက နန်းတွင်းကိုယ်ရံတော် ဒုတပ်မှူးနှင့် တိတ်တဆိတ် ပတ်သက်ကာ ကိုယ်ဝန်ရရှိခဲ့ပြီး ဤမျှ ကြီးမားသော ပြဿနာကြီးကို ဖန်တီးခဲ့လေသည်။
အကယ်၍ နန်းတွင်းစည်းမျဉ်းများအရသာ တွက်ကြည့်မည်ဆိုပါက သူမကို တုတ်ဖြင့် ရိုက်သတ်ရန် အကြိမ်မည်မျှပင် လုံလောက်နေပြီမှန်း မသိနိုင်တော့ချေ။
မယ်တော်ကြီးသည် တူမဖြစ်သူအပေါ် ဒေါသထွက်ကာ ဘေးရှိ အထိန်းတော်ကြီး၏ နာမည်ကို ခေါ်လိုက်ပြီး ညွှန်ကြားလိုက်သည်။ "တတိယကလေးမကို ခေါ်သွားလိုက်"
ကလေးကို ပွေ့ချီကာ ရှိုက်ငိုနေဆဲဖြစ်သော ကျန်းသခင်မလေးသည် အထိန်းတော်ကြီး၏ အတင်းအကျပ် ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရလေသည်။
ထိုအခါမှသာ မယ်တော်ကြီးက ဝိန်းယွီကို ပြောလိုက်၏။ "တတိယကလေးမကို ငါ အလိုလိုက်ပြီး ပျက်စီးစေခဲ့တာပါ။ မင်း အရင်က ပြောခဲ့တာ မမှားပါဘူး၊ ယန်သားအဖက ဒီကလေးအတွက် အသက်ရှင်ဖို့ လမ်းစမချန်ထားခဲ့တာပါ။ ဒါပေမယ့် တတိယကလေးမနဲ့ ဒီကလေးက နန်းတော်ထဲမှာ 'သေဆုံး' သွားပြီဆိုရင်ရော"
ဝိန်းယွီသည် တိတ်ဆိတ်နေဆဲပင်။
မယ်တော်ကြီးက သစ်သားသေတ္တာငယ် တစ်လုံးကို သူမဆီသို့ တွန်းပို့လိုက်သည်။ "ဒါက ငါ့ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲက မြေစာချုပ်နဲ့ သော့ပဲ။ ကိုယ်ပိုင်ဘဏ္ဍာတိုက်ကို မြို့ပြင်က စံအိမ်တစ်ခုရဲ့ မြေအောက်မှာ တည်ဆောက်ထားတယ်။ အဲ့ဒီထဲက ရတနာတွေက မင်း ကျန်းအိမ်တော်ကို သိမ်းပိုက်တုန်းက ရခဲ့တာတွေထက် မနည်းပါဘူး"
ဝိန်းယွီ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး မေးလိုက်၏။ "မယ်တော်ကြီးက ဒီလျှို့ဝှက်ချက်ကို ဒီလောက်ကြာအောင် ဖုံးကွယ်ထားခဲ့တာကို အခုတော့ တူမလေးအတွက် စွန့်လွှတ်ရက်တယ်ပေါ့"
မယ်တော်ကြီးက ခါးသီးစွာ ရယ်မောလိုက်ပြီးနောက် ပွင့်လင်းစွာ ပြောလိုက်လေသည်။ "ငါ အစတုန်းက ဒီကိုယ်ပိုင်ဘဏ္ဍာတိုက်ကို ဖုံးကွယ်ထားခဲ့တာက တစ်နေ့နေ့ကျရင် ပြန်လည် အင်အားကြီးထွားလာမယ်လို့ တွေးခဲ့လို့ပါ။ ဒါပေမယ့် ဒီတစ်နှစ်ကို ဖြတ်သန်းပြီးတဲ့နောက် ငါလည်း အခြေအနေ အရပ်ရပ်ကို လုံးဝ ရှင်းရှင်းလင်းလင်း မြင်သွားပါပြီ"
"အရိုးထဲ စွဲနေတဲ့ လောက်ကောင်တွေ အားလုံးကိုလည်း မင်းက ရှင်းလင်းပစ်ခဲ့ပြီးပြီ။ မင်းက ညီလာခံထဲမှာလည်း မင်းရဲ့ ကိုယ်ပိုင် အင်အားစုတွေကို ထူထောင်ထားခဲ့ပြီ။ ချန်နိုင်ငံရဲ့ ရုံးတော်က တည်ငြိမ်နေပြီဖြစ်ပြီး လျန်နယ်မြေက စစ်ပွဲတွေလည်း ရပ်စဲသွားပြီဆိုတော့ ငါက မင်းနဲ့ ဘာကို သုံးပြီး ယှဉ်ပြိုင်ရဦးမှာလဲ။ ဒါ့အပြင် ငါက ဒီလင်ရှီးနန်းဆောင်ထဲမှာ အကျယ်ချုပ် ကျခံနေရပြီး ငါ့ရဲ့ လှုပ်ရှားမှုတိုင်းက မင်းရဲ့ လူတွေကို မရှောင်လွှဲနိုင်ပါဘူး။ ဒီကိုယ်ပိုင်ဘဏ္ဍာတိုက်ရဲ့ မြေစာချုပ်နဲ့ သော့ကို ငါ့လက်ထဲမှာ ကိုင်ထားတာက အလကား စက္ကူတစ်ရွက်နဲ့ သံချေးတက်နေတဲ့ သတ္တုတုံးလေး တစ်တုံးထက် မပိုပါဘူး။ အဲ့ဒီအစား တတိယကလေးမရဲ့ ကလေး အသက်တစ်ချောင်းကို ကယ်တင်ဖို့အတွက် မင်းလက်ထဲကို ပေးလိုက်တာက ပိုကောင်းပါတယ်"
မယ်တော်ကြီးက ဆက်ပြောလိုက်၏။ "မင်း စိတ်ချပါ... တတိယကလေးမ သားအမိ 'သေဆုံး' သွားပြီဆိုတဲ့ သတင်း ထွက်သွားပြီးတာနဲ့ သူတို့ကို တော်ဝင်နန်းတော်နဲ့ အဝေးကို သွားခိုင်းပြီး တစ်သက်လုံး နာမည်ဖျောက်ကာ နေထိုင်ခိုင်းပါ့မယ်။ ယန်မိသားစု တစ်ဖွဲ့လုံးလည်း အကုန် သိမ်းဆည်းခံလိုက်ရပြီဆိုတော့ နောက်ထပ် ပြဿနာ မရှာနိုင်တော့ပါဘူး"
ဝိန်းယွီသည် မယ်တော်ကြီး တွန်းပို့လိုက်သော သစ်သားသေတ္တာငယ်ကို မယူဘဲ ပြောလိုက်လေသည်။ "ယခင်ကျင့်ပြည်ထောင် ပျက်သုဉ်းသွားတာ နှစ်တစ်ရာကျော်နေပြီ။ ဝေ့ချီရှန်းက ကျင့်အမတ် ပြန်ဖြစ်ဖို့အတွက်တောင် ယခင်ကျင့်မင်းသမီး တစ်ပါးကို ရှာဖွေနိုင်ခဲ့သေးတာပဲ။ စိတ်ဆန္ဒရှိနေသရွေ့ ပြဿနာ မပေါ်လာနိုင်ဘူးလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ"
ဝိန်းယွီ ပြောလိုသည်မှာ ရည်ရွယ်ချက်ရှိသူများက ကျန်းသခင်မလေး သားအမိကို ထပ်မံ ရှာဖွေလာမည်ကို စိုးရိမ်ကြောင်း မယ်တော်ကြီး သိရှိလေသည်။
ထိုကလေးသည် ညီလာခံခန်းမဆောင်တွင် အမတ်များ အားလုံးရှေ့၌ ချန်ဝမ်၏ အသိအမှတ်ပြုခြင်းကို ခံထားရသူ ဖြစ်သည်။ အနာဂတ်တွင် တစ်စုံတစ်ယောက်က ထိုသားအမိ နှစ်ဦးကို ရှာတွေ့သွားပြီး ထိုကလေးသည် ချန်ဝမ်၏ သွေးသားဖြစ်ကြောင်း အခိုင်အမာ ပြောဆိုလာပါက ယနေ့ ထိုကလေးကို လွှတ်ပေးလိုက်ခြင်းသည် အနာဂတ်အတွက် ကြီးမားလှသော အန္တရာယ်ကြီး တစ်ခုကို မြှုပ်နှံထားလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
သူမက ဝိန်းယွီကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် စိတ်ကို တင်းကာ ပြောလိုက်၏။ "လောကကြီးမှာ လက်ချောင်း ကိုးချောင်းပဲ ရှိတဲ့ ဧကရာဇ်ဆိုတာ မရှိနိုင်ပါဘူး။ တတိယကလေးမ မွေးလာတဲ့ ကလေးက ကွက်တိပဲ လက်ချောင်း ကိုးချောင်းပဲ ရှိတာပါ"
ဝိန်းယွီ၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင် အနည်းငယ် ပေါ်လာပြီး သူမဘေးတွင် ရပ်နေသော ထုန်ချွဲပင်လျှင် ရုတ်တရက် လန့်ဖျပ်သွားခဲ့သည်။
မယ်တော်ကြီးသည် စောစောက ကျန်းသခင်မလေးကို ခေါ်ဆောင်သွားသော အထိန်းတော်ကြီးကို ဝင်လာရန် ခေါ်လိုက်ပြီး ညွှန်ကြားလိုက်လေသည်။ "အဲ့ဒီကလေးရဲ့ လက်သန်းကို ဖြတ်လိုက်"
အထိန်းတော်ကြီး ထွက်သွားပြီး မကြာမီ အပြင်ဘက်မှ ကျန်းသခင်မလေး၏ နှလုံးကွဲမတတ် ငိုကြွေးသံကို ကြားလိုက်ရ၏။ "ရှင်တို့ ဘာလုပ်ကြတာလဲ... ကျွန်မရဲ့ ကလေးကို လွှတ်ပေးကြ... အဒေါ်... အဒေါ်က ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ"
ချက်ချင်းပင် ကလေးငယ်၏ စူးရှသော ငိုကြွေးသံသည် လင်ရှီးနန်းဆောင်အတွင်း ပဲ့တင်ထပ်သွားသော်လည်း မကြာမီ တစ်စုံတစ်ယောက်က အသံကို ပိတ်ထားလိုက်လေသည်။
သိပ်မကြာခင်မှာပင် အထိန်းတော်ကြီးသည် ပုခက်အတွင်း၌ ငိုကြွေးနေဆဲဖြစ်သော ယောကျ်ားလေးငယ်ကို ပွေ့ချီကာ ဝင်လာပြီး ဝိန်းယွီနှင့် မယ်တော်ကြီးတို့အား လက်သန်း ဖြတ်တောက်ခံထားရသော ကလေး၏ လက်ကို ပြသကာ ပြောလိုက်၏။ "မင်းသမီး... ဒီကလေးက မွေးကတည်းက လက်တစ်ဖက်မှာ လက်ချောင်း လေးချောင်းပဲ ရှိတာပါ"
ကိစ္စများ ဤအခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ရာ နောက်ထပ် ပြောစရာ ဘာမှ မရှိတော့ချေ။
ဝိန်းယွီက မျက်လုံးကို အသက်နှစ်ချက် ရှူစာအချိန်လောက် မှိတ်ထားပြီးနောက် ပြောလိုက်လေသည်။ "ချန်ဝမ် ဖျားနာပြီး အိပ်ရာထဲ လဲနေတာ ကြာပြီပဲ။ ဆေးဆရာတွေရဲ့ စကားကို ယုံကြည်ပြီး သားအရင်းရဲ့ သွေးကို ဆေးဖော်ဖို့ ယူလိုက်လို့ ဒီကလေးက အားနည်းပြီး သေဆုံးသွားတယ်လို့ပဲ အပြင်ကို သတင်းထုတ်လိုက်ပါ"
ဝိန်းယွီက ချန်ဝမ်အကြောင်းကို ရုတ်တရက် ထည့်ပြောလိုက်သဖြင့် ထိုနန်းတွင်းပုန်ကန်မှုတွင် ချန်ဝမ်လည်း ပါဝင်ပတ်သက်နေကြောင်းကို မယ်တော်ကြီး သတိရသွားပြီး ဝိန်းယွီက အလွယ်တကူ လွှတ်ပေးမည်မဟုတ်ကြောင်း စိုးရိမ်သွားခဲ့သည်။ မည်မျှပင် ဒေါသထွက်နေပါစေ သူမ၏ သားအရင်း ဖြစ်နေသေးသဖြင့် ဖြည်းညင်းစွာ မေးလိုက်၏။ "မင်းက ချန်ဝမ်ကို ဘယ်လို စီစဉ်ဖို့ တွေးထားလဲ"
ချန်ဝမ်သည် အကျင့်ပျက်ပြားသဖြင့် ပြည်သူများနှင့် အမတ်များ၏ စိတ်ထဲတွင် ဂုဏ်သတင်းဟူ၍ လုံးဝ မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ ဝိန်းယွီက ကျန်းသခင်မလေး၏ ကလေးကို ချန်ဝမ်အတွက် ဆေးဖော်ရန် အကြောင်းပြချက်ဖြင့် 'သေဆုံး' သွားစေရန် အကြံပြုလာသည်ကို မယ်တော်ကြီးက သဘောထားကွဲလွဲမှု မရှိသော်လည်း၊ အကယ်၍ ဝိန်းယွီက ချန်ဝမ်ကိုပါ တစ်ပါတည်း ရှင်းလင်းပစ်ချင်နေမည် ဆိုပါက...
ဝိန်းယွီသည် မယ်တော်ကြီး၏ အကြည့်ကို ရင်ဆိုင်လိုက်ပြီး သူမ၏ မျက်လုံးများက မည်းနက်တည်ငြိမ်နေကာ ပြောလိုက်လေသည်။ "မယ်တော်ကြီး တွေးထားတဲ့အတိုင်းပါပဲ။ ချန်ဝမ်က ဖျားနာပြီး အိပ်ရာထဲ လဲနေတာ ကြာပြီ။ သားအရင်းရဲ့ သွေးကို ဆေးဖော်ဖို့ ယူတာတောင် အကျိုးမသက်ရောက်ဘဲ 'ရောဂါကြောင့် သေဆုံး' သွားတယ်ဆိုတာလည်း မဆန်းဘူးလေနော်"
ချန်ဝမ်သည် ထီးနန်းဆက်ခံပြီးကတည်းက ယခုအချိန်အထိ ညီလာခံသို့ တရားဝင် တက်ရောက်ခဲ့သည်မှာ အကြိမ်ရေ အနည်းငယ်သာ ရှိပြီး အဓိပ္ပာယ်မဲ့သော လုပ်ရပ်များကလည်း မဆုံးနိုင်အောင် ပေါ်ထွက်နေခဲ့သည်။
အမတ်များသည် သူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်များကို နောက်ထပ် ဧကရာဇ်အသစ်ထံသို့ ပုံအပ်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထို့ကြောင့် ချန်ဝမ် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ရုံးတော်ထဲတွင် မည်သည့် လှိုင်းဂယက်မျှ ထကြွနိုင်တော့မည် မဟုတ်ချေ။
သူမက မျက်လွှာချလိုက်၏။ "နန်းတော်ထဲမှာ ခြောက်ကပ်နေပြီ။ မယ်တော်ကြီးက ချမ်းရှန်းမှာ သွားပြီး တရားကျင့်ချင်တယ်ဆိုရင် ဒီမင်းသမီးက တိတ်ဆိတ်တဲ့ တောင်ပေါ်ဘုန်းကြီးကျောင်း တစ်ကျောင်းကို ရှာပြီး မယ်တော်ကြီးကို ပို့ပေးပါ့မယ်။ ချန်ဝမ် 'ရောဂါကြောင့် သေဆုံး' ပြီးနောက် လူတွေရှေ့မှာ ထပ်ပေါ်လာမယ်ဆိုရင် တစ်ယောက်ယောက်က နတ်ပူးသရဲဝင် ဟန်ဆောင်နေတာမို့ တွေ့တဲ့နေရာမှာတင် သတ်ပစ်ရလိမ့်မယ်"
သူမ၏ စကားထဲမှ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလွန်းလှသည်။ သူမက မယ်တော်ကြီး သားအမိကို နန်းတော်ထဲတွင် ဆက်လက် အကျယ်ချုပ် မချထားတော့ဘဲ ဘဝ၏ နောက်ဆုံးအချိန်များကို အေးချမ်းစွာ ဖြတ်သန်းနိုင်ရန် လူများ စောင့်ကြပ်ပေးကာ တိတ်ဆိတ်သော နေရာတစ်ခုသို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး အပြင်သို့ ချန်ဝမ် ရောဂါကြောင့် သေဆုံးသွားပြီဟု သတင်းထုတ်မည် ဖြစ်သည်။ သို့သော် အကယ်၍ ချန်ဝမ်က ကျေးဇူးမသိတတ်ဘဲ ပြဿနာ ထပ်ရှာချင်သေးပါက သူမကို အပြစ်တင်လို့ ရမည်မဟုတ်ချေ။
မယ်တော်ကြီးသည် ယခင်က ကန့်လန့်ကာနောက်မှနေ၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ဖူးသူ ဖြစ်ရာ ရှောင်းလိ တော်ဝင်နန်းတော်ကို သိမ်းပိုက်ပြီးနောက် သူ့လုပ်ရပ်အမျိုးမျိုးကို တွေးမိကာ ဝိန်းယွီ၏ ရည်ရွယ်ချက်ကို အမြန်ဆုံး နားလည်သွားခဲ့သည်။ သူမ၏ နှုတ်ခမ်းများက အကြိမ်ကြိမ် တုန်ယင်သွားပြီး ပြောလိုက်၏။ "မင်းက မင်းတို့ လျန်နယ်မြေ မြောက်ပိုင်းက အဲ့ဒီ ဝံပုလွေနဲ့ ပူးပေါင်းပြီး အကြံအစည် ထုတ်နေတာလား"
ဝိန်းယွီက မဖြေဘဲ ပြောလိုက်လေသည်။ "အရင်နှစ်တွေတုန်းက မယ်တော်ကြီးက ချန်ဝမ်အတွက် ကျွန်မကို လက်ထပ်ပေးဖို့ ခမည်းတော်ဆီမှာ တောင်းဆိုခဲ့တာက ချန်နိုင်ငံရဲ့ ပြည်တွင်းရေး၊ ပြည်ပရေး ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ ထီးနန်းလုဖို့ စစ်တပ်ကို ငှားရမ်းချင်လို့ပါ။ နောက်ပိုင်း မယ်တော်ကြီးက ကတိအတိုင်း ချန်ဝမ်နဲ့ ကျွန်မကို လက်ထပ်ပေးခဲ့တာကလည်း ရှီးလင်ရဲ့ တဖြည်းဖြည်း နယ်ချဲ့လာတာကို ရှောင်ရှားဖို့နဲ့ ဂိတ်တံခါးကို ဖြတ်ပြီး လျန်နယ်မြေကို ပြန်သွားဖို့ အခွင့်အရေး ယူချင်လို့ပဲ။ ကျွန်မ ချန်နိုင်ငံကို ရောက်လာကတည်းက ချန်ပြည်သူတွေကို တစ်ဝက်လေးတောင် အပြစ်မလုပ်ခဲ့ဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်ပါတယ်။ ရုံးတော်ကို ရှင်းလင်းတာ၊ အခွန်အခတွေကို လျှော့ချတာ၊ အကျင့်ပျက် ခြစားတဲ့ အမတ်တွေကို အပြင်းအထန် စစ်ဆေးတာတွေ အားလုံးက ချန်ပြည်သူတွေအတွက် ရှင်းလင်းတဲ့ အုပ်ချုပ်မှုတစ်ခုကို ပြန်ပေးချင်လို့ပါ။ အခု ရှီးလင်က လာတိုက်တဲ့အခါ တာ့လျန်ကလည်း အစွမ်းကုန် ကူညီပေးနေပါတယ်"
သူမ၏ မျက်လုံးများက ငြိမ်းချမ်းပြီး ပြတ်သားနေလေသည်။ "ချန်နိုင်ငံနဲ့ တာ့လျန် မဟာမိတ်ဖွဲ့တဲ့ ရည်ရွယ်ချက် အားလုံးကို ကျွန်မ လုပ်ဆောင်ပေးခဲ့ပြီးပါပြီ။ မယ်တော်ကြီးနဲ့ ဝန်ကြီးချုပ်ကျန်းတို့က နိုင်ငံရေးတိုက်ပွဲမှာ ကျွန်မကို ရှုံးနိမ့်သွားတာပါ။ ကျွန်မက မယ်တော်ကြီးနဲ့ ကျန်းမိသားစုအပေါ် အကြွေးတင်နေတယ်လို့ မခံစားရပါဘူး။ ဒီနေ့ လာတွေ့တာကလည်း အရင်က မယ်တော်ကြီး ကျွန်မရဲ့ သမီးလေးအပေါ် ကာကွယ်ပေးချင်တဲ့ စိတ်ထားရှိခဲ့လို့ပါ။ ဒါကြောင့် မယ်တော်ကြီးက ဒီလောက်အထိ တောင်းဆိုနေမှတော့ ကျွန်မကလည်း ကျန်းသခင်မလေးရဲ့ ကလေးကို အသက်ရှင်ဖို့ လမ်းစတစ်ခု ပေးချင်တာပါ"
"ဒီမင်းသမီးက ချန်နိုင်ငံရဲ့ ညီလာခံ၊ ချန်တော်ဝင်မိသားစုနဲ့ ချန်ပြည်သူတွေအပေါ် တစ်ဝက်လေးတောင် အကြွေးမတင်ခဲ့ပါဘူးဆိုတာကို မယ်တော်ကြီး နားလည်ရဲ့လား"
မယ်တော်ကြီးသည် ဤအရာများကို နားလည်နေ၍သာ ယခုအချိန်တွင် စကားတစ်ခွန်းမျှပင် မထွက်နိုင်တော့ချေ။
သူတို့ ချန်နိုင်ငံကသာ နည်းလမ်းမျိုးစုံ သုံးကာ အရင် လိမ်လည် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
အမှားအမှန်ကိုသာ ပြောရမည်ဆိုလျှင် ဤမျှ ရှုပ်ထွေးပျက်စီးနေသော အခြေအနေကြီးထဲတွင် မည်သို့ ရှင်းလင်းအောင် ပြောနိုင်မည်နည်း။
သို့သော် နိုင်ငံရေးတိုက်ပွဲတွင် ရှုံးနိမ့်သည်က ရှုံးနိမ့်သည်ပင်။ ဝိန်းယွီ ပြောသကဲ့သို့ပင် သူမသည် ချန်နိုင်ငံ၏ အာဏာရှင်များနှင့် သစ္စာဖောက်များအပေါ် အလွန် ရက်စက်ခဲ့သော်လည်း ချန်ပြည်သူများအပေါ်တွင်တော့ တစ်ခါမှ အပြစ်မလုပ်ခဲ့ချေ။
ထို့ကြောင့် တော်ဝင်နန်းတော် ဝိုင်းရံခံရပြီး ရုံးတော်က ဝိန်းယွီကို ဖမ်းဆီးကာ လက်နက်ချမည်ဆိုသော သတင်း ထွက်ပေါ်လာပြီးနောက် ချန်နိုင်ငံ နေရာအနှံ့အပြားမှ ပြည်သူများက အလွန်အမင်း ဒေါသထွက်ခဲ့ကြပြီး တော်ဝင်နန်းတော်ကို ကူညီရန် လက်နက်ကိုင် ပုန်ကန်မှုများပင် ရှိလာခဲ့ခြင်း ဖြစ်သည်။
မယ်တော်ကြီး၏ နားထင်ဘေးမှ ဆံပင်ဖြူများက ပိုသိသာလာပြီး ရုတ်တရက် အသက်ဆယ်နှစ်ခန့် ပိုအိုသွားသည့်နှယ်ပင်။ သူမက ပြောလိုက်၏။ "မင်း သွားနေတဲ့ လမ်းက ငါ ထင်ထားတာထက် အများကြီး ပိုဝေးသွားခဲ့ပါပြီ။ ချန်နိုင်ငံရဲ့ မြစ်တွေနဲ့ တောင်တန်းတွေကို ငါ မင်းဆီမှာ လုံးဝ အပ်နှံလိုက်ပါပြီ"
ဝိန်းယွီသည် နောက်ထပ် စကားတစ်ခွန်းမှ မဆိုတော့ချေ။
လင်ရှီးနန်းဆောင်မှ ထွက်ခွာလာချိန်တွင် ယနေ့ နိုင်ငံရေးကိစ္စများလွန်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့ရသောကြောင့် ဖြစ်နိုင်သည်။ ဝိန်းယွီသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည်ကိုသာ ခံစားနေရ၏။
ထုန်ချွဲက သူမ၏ မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုကို မြင်တွေ့သွားသဖြင့် လမ်းတစ်လျှောက်လုံး အသံထပ်မထွက်တော့ချေ။
ကျောက်ဟွာနန်းဆောင်သို့ ပြန်ရောက်ပြီးနောက် ပင်မနန်းဆောင်ကြီးအတွင်းသို့ မဝင်ရသေးခင်မှာပင် အထဲမှ ဆူညံနေသော အသံများကို ကြားလိုက်ရသည်။
ဝိန်းယွီနှင့် ထုန်ချွဲတို့ အချင်းချင်း ကြည့်လိုက်ကြပြီး သခင်နှင့် အစေခံ နှစ်ဦးလုံး၏ မျက်လုံးများက ဇဝေဇဝါ ဖြစ်သွားကြ၏။ နန်းဆောင်တံခါးကို တွန်းဖွင့်ကြည့်လိုက်သောအခါ အစေခံ တစ်တန်းက လည်ပင်းရှည်ကြီးများဖြင့် ဘေးတွင် ရပ်နေကြပြီး ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ယန်သခင်မက ရှောင်းလိနှင့်အတူ ကုတင်ကြီးဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ လွှဲပုခက်ထဲရှိ စောင်ငယ်လေးများနှင့် အိပ်ရာခင်းလေးများ အားလုံး မြေပြင်ပေါ်သို့ ပစ်ချခံထားရပြီး ကုတင်ခြေရင်းတွင်လည်း ယခုလေးတင် လဲလှယ်ထားသော သေးခံအနှီးများ အထပ်လိုက် ပုံနေလေသည်။
ယန်သခင်မက သေမင်းလို ကြောက်စရာကောင်းသော အမျိုးသားကို ကြည့်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ "ကျွန်မပဲ ကလေးကို လဲပေးလိုက်ပါ့မယ်..."
ရှောင်းလိသည် လက်တစ်ဖက်က ယခုလေးတင် ဖြတ်ထားသော အဝတ်စကို ကိုင်ထားပြီး နောက်လက်တစ်ဖက်က လက်ခြေများ လှုပ်ယမ်းနေသော သမီးဖြစ်သူကို ဖိထားရန် ကြိုးစားနေသည်။ သို့သော် အားပြင်းသွားပါက သမီးလေးကို နာကျင်စေမှာလည်း စိုးရိမ်နေသဖြင့် သူ့လှုပ်ရှားမှုများက အလွန် တောင့်တင်းနေ၏။ ယန်သခင်မ၏ အမြင်တွင်တော့ သူ့ပတ်ဝန်းကျင်ရှိ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းနေ၏။ သို့သော်ငြား သူက မျက်နှာလှည့်လာချိန်တွင် အလွန် နှိမ့်ချစွာဖြင့် သူမကို ပြောလိုက်လေသည်။ "ကိစ္စမရှိပါဘူး။ ကျွန်တော့်ကို ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ ပြောပြပေးပါ"
ယန်သခင်မ၏ ဝိညာဉ်သုံးခုစလုံးတွင် နှစ်ခုလောက် လွင့်ထွက်သွားလုနီးပါး ထိတ်လန့်သွားပြီး တုန်ယင်နေသော အသံဖြင့်သာ ဆက်လက် လမ်းညွှန်ပြသပေးနေရသည်။ "အဲ့ဒီ... အဲ့ဒီအဝတ်စကို အောက်ကနေ ခံပေးလိုက်ရင် ရပါပြီ..."
အားလီသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာက အပြင်ဘက်သို့ လှည့်နေကာ တံခါးအပြင်ဘက်က ဝိန်းယွီကို တစ်ချက်တည်းနှင့် မြင်သွားသဖြင့် ချက်ချင်း လက်လေးများ ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာဖြင့် "အာ... ယား..." ဟု အသံပြုလာတော့သည်။
ရှောင်းလိသည် အားလီ၏ အကြည့်အတိုင်း အပြင်ဘက်သို့ ကြည့်လိုက်သောအခါ တံခါးဝတွင် ထုန်ချွဲနှင့်အတူ ရပ်နေသော ဝိန်းယွီကို မြင်လိုက်ရ၏။ ကလေးကို သေးခံအနှီးပင် သေချာ မလဲပေးနိုင်သည်ကို အနည်းငယ် ရှက်ရွံ့သွားသည့်အလား သူသည် အနည်းငယ် မတ်မတ်ရပ်လိုက်ပြီး သိပ်အဆင်မပြေစွာဖြင့် ပြောလိုက်၏။ "မင်း ပြန်ရောက်လာပြီလား"
ဝိန်းယွီသည် ဘာတွေးနေမှန်းမသိဘဲ ညင်သာစွာ "အင်း" ဟု တုံ့ပြန်လိုက်ပြီးနောက် ယန်သခင်မကို ပြောလိုက်လေသည်။ "အဒေါ် လာတာလား"
ယန်သခင်မက ပြုံးကာ ပြောလိုက်၏။ "အဒေါ်က လီလီလေးကို လာကြည့်တာပါ"
သူမသည် အားလီ၏ ဖခင်အရင်းက မည်သူဖြစ်ကြောင်းကို ယန်ပေါင်လင်းထံမှ ကြိုတင် သိရှိထားခဲ့ပြီး ဖြစ်သည်။ ယနေ့ ရောက်လာချိန်တွင် ဝိန်းယွီ၏ နန်းဆောင်အတွင်း၌ ရှောင်းလိ ရောက်နေသည်ကို မြင်သောအခါ တစ်ဖက်လူ၏ သရုပ်မှန်ကို ချက်ချင်း ခန့်မှန်းမိသွားခဲ့သည်။
ယခု ဝိန်းယွီ ပြန်ရောက်လာသည်ကို မြင်သောအခါ သူတို့နှစ်ဦးကြား ပြောစရာစကားများ ရှိနေမည်ကို သိသဖြင့် အားလီအတွက် သေးခံအနှီး လဲလှယ်ပေးပြီးနောက် အားလီ သမ်းဝေလိုက်သည်ကို မြင်သောအခါ ပြုံးကာ အားလီကို ချော့မြူလိုက်လေသည်။ "လီလီလေး အိပ်ချင်နေပြီ မဟုတ်လား"
နန်းတွင်းအစေခံများက အိပ်ရာခင်း အသစ်များကို ယူဆောင်လာကာ လွှဲပုခက်ကို အသစ်ပြန်ခင်းပေးလိုက်ကြသည်။ ယန်သခင်မသည် အားလီကို လွှဲပုခက်အတွင်းသို့ ပွေ့ချီထည့်ပေးလိုက်ပြီး သူတို့နှစ်ဦးအတွက် ကလေးအိပ်ပျော်အောင် ကူညီချော့သိပ်ပေးပြီးမှ ပြန်တော့မည်ဟု တွေးထားလိုက်ပြီး လွှဲပုခက်ကို လှုပ်ပေးရင်း ချော့မြူနေခဲ့၏။ "အိပ်ချင်ရင် အိပ်တော့နော် လိမ္မာတဲ့ကလေးလေး... လီလီ ကျားသစ်ပေါက်လေး၊ တောင်ဘက်တောင်ကို ခုန်ကျော်သွား..."
ရှောင်းလိသည် ဤချော့တေးလေးကို ကြားလိုက်ရချိန်တွင် သူ့မျက်နှာပေါ်၌ ထူးဆန်းသော အရိပ်အယောင် ပေါ်လာခဲ့သည်။ "ဒီ ကလေးချော့တေးလေးက..."
ယန်သခင်မက ရယ်မောကာ ပြောလိုက်၏။ "လီလီလေးက ဒီချော့တေးလေးကို ပထမဆုံးအကြိမ် ကြားကတည်းက မငိုတော့လို့ မင်းသမီးက ဒီချော့တေးလေးကို ယူပြီး လီလီလေးရဲ့ အိမ်နာမည်ကို ပေးခဲ့တာလေ"
ရှောင်းလိသည် စကားမပြောဘဲ ဝိန်းယွီကိုသာ လှည့်ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် ပျံ့နှံ့နေသော နီရဲမှုများက တဖြည်းဖြည်း မှောင်မိုက်လာသော ညနေဆည်းဆာ အလင်းရောင်တွင် ဖုံးကွယ်သွားသော်လည်း ၎င်းအတွင်းရှိ လေးလံလှသော ခံစားချက်များကိုမူ အနည်းငယ်မျှပင် ဖုံးကွယ်ထားလို့ မရခဲ့ချေ။
ဝိန်းယွီသည် ရှောင်းလိကို မကြည့်ဘဲ လွှဲပုခက်ဘေးတွင် ထိုင်ကာ တဖြည်းဖြည်း အိပ်မောကျသွားသော အားလီကို ခပ်ဖွဖွ ပုတ်ပေးနေလိုက်လေသည်။
ယန်သခင်မသည် သူမ ထိုစကားကို ပြောပြီးနောက် သူတို့နှစ်ဦးကြားရှိ လေထုက အနည်းငယ် မူမမှန်ဖြစ်သွားသည်ကို ရိပ်မိသော်လည်း သူမ၏ စကားက မည်သည့်နေရာတွင် မှားယွင်းသွားမှန်း မသိခဲ့ချေ။ အားလီ လုံးဝ အိပ်မောကျသွားပြီးနောက် သူမသည် ဟန်ဆောင် ရယ်မောလိုက်ပြီး မတ်တတ်ရပ်ကာ နှုတ်ဆက် ထွက်ခွာသွားလေသည်။
နန်းတွင်းအစေခံများကလည်း အခြေအနေကို နားလည်စွာဖြင့် ဆုတ်ခွာသွားကြပြီး ပင်မနန်းဆောင်ကြီးထဲတွင် ရှောင်းလိနှင့် ဝိန်းယွီ နှစ်ဦးသာ ကျန်ရစ်တော့သည်။
ရှောင်းလိသည် အနည်းငယ် ခက်ခဲစွာဖြင့် စကားစလိုက်၏။ "မင်း..."
ဝိန်းယွီက ပြောလိုက်တော့သည်။ "ကျွန်မတို့ လက်ထပ်ကြရအောင်"
...