← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အပိုင်း (၂၃၅)

စကားသံဆုံးသွားပြီးနောက် နန်းဆောင်ကြီးအတွင်း၌ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။

ရှောင်းလိက မတ်တတ်ရပ်နေပြီး ဝိန်းယွီက လွှဲပုခက်ဘေးရှိ ခွေးခြေခုံပေါ်တွင် ထိုင်နေကာ သူတို့၏ အကြည့်များ ဆုံတွေ့နေသော်လည်း မည်သူကမျှ ရှောင်ဖယ်ခြင်း မရှိကြချေ။

ရှောင်းလိ၏ လည်စေ့က အကြိမ်ကြိမ် လှုပ်ရှားသွားသော်လည်း စကားမပြောနိုင်ခဲ့ချေ။ မျက်လုံးထဲရှိ ခပ်ဖျော့ဖျော့အနီရောင်သည် ဖယောင်းတိုင်မီးအောက်တွင် ပိုထင်ရှားလာပြီး ၎င်းအတွင်း၌ နာကျင်မှု၊ မွန်းကျပ်မှု၊ မမျှော်လင့်ထားမှု၊ ပျော်ရွှင်မှုနှင့် ပြောပြ၍မရနိုင်သော ဤညဉ့်ထက်ပင် ပိုမို လေးလံသော ခံစားချက်များစွာတို့ကို ရှင်းလင်းစွာ ပြသနေလေသည်။

ဝိန်းယွီ၏ ဘေးတိုက် မျက်နှာသွင်ပြင်သည် နွေးထွေးသော ဖယောင်းတိုင်မီးရောင်တွင် လွှမ်းခြုံခံထားရပြီး သူ့ကို ဆက် ပြောလိုက်၏။ "ကျွန်မ မယ်တော်ကြီးကို ပြောထားပြီးပြီ။ သူတို့ သားအမိကို နန်းတော်ပြင်ပက တိတ်ဆိတ်တဲ့ တောင်ပေါ်ဘုန်းကြီးကျောင်း တစ်ကျောင်းကို ပို့ပေးမယ်၊ အပြင်ကိုတော့ ချန်ဝမ် 'ရောဂါကြောင့် သေဆုံး' သွားပြီလို့ သတင်းထုတ်မယ်။ ဒါပေမယ့် အနောက်ဘက်နယ်စပ် စစ်ပွဲတွေက အရမ်း အရေးပေါ်နေတော့ အခြေအနေ တည်ငြိမ်တဲ့အထိ နည်းနည်း စောင့်ရဦးမယ်..."

"မင်းရဲ့ အဲ့ဒီစကားတစ်ခွန်းတည်းနဲ့ လုံလောက်ပါပြီ" ရှောင်းလိက ဩရှရှ အသံဖြင့် သူမကို ဖြတ်ပြောလိုက်သည်။

သူမကို ကြည့်နေသော အနီရောင်များ ပျံ့နှံ့နေသည့် မျက်လုံးများသည် ထိုမျှလောက် အာဏာရှင်ဆန်နေသော်လည်း မည်သည့် အမှားအယွင်းကိုမျှ ထပ်မံ လက်မခံနိုင်တော့သည့် အားနည်းမှုနှင့် ရက်စက်မှုတို့ကို ပြသနေ၏။ အချိန်အတော်ကြာ ခြောက်သွေ့နေခဲ့သော မြစ်ကြမ်းပြင်တစ်ခုက နွေးထွေးသော လေပြေနှင့် မိုးဖွဲဖွဲလေးများကြောင့် စိုစွတ်လာပြီးနောက် ယခင်က အက်ကွဲရာများကို ပြန်လည် မပြုပြင်ချင်တော့ဘဲ ၎င်းအတွင်း၌သာ အပြီးတိုင် နစ်မြုပ်သွားချင်တော့သည့်နှယ်ပင်။

ဝိန်းယွီသည် သူ့ကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် တိုးညှင်းစွာ သက်ပြင်းချလိုက်သလို သူ့ကို အနာသို့လာရန် လက်ယပ်ပြလိုက်လေသည်။

ရှောင်းလိ အနီးသို့ ရောက်လာပြီးနောက် ဝိန်းယွီက ထိုင်ခိုင်းလိုက်ပြီး သူမနှင့်အတူ လွှဲပုခက်အတွင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အားလီကို ကြည့်နေရင်း ဝိန်းယွီက သူ၏ ပခုံးပေါ်သို့ ခေါင်းကို ညင်သာစွာ မှီချလိုက်ပြီး ပြောလိုက်၏။ "အဲ့ဒီ လက်ထပ်စာချုပ် ရှိနေသရွေ့ နောင်တစ်ချိန် ကောင်းကင်ဘုံကို ရောက်ရောက်၊ ငရဲပြည်ကို ကျကျ ရှင်နဲ့ ကျွန်မက ခွဲခွာလို့ မရတော့ဘူးနော်"

ဖခင်နှင့် အစ်ကိုဖြစ်သူတို့၏ ဦးခေါင်းများ ဖုန်းယန်မြို့တံခါးတွင် ချိတ်ဆွဲခံထားရကတည်းက ဤရုန်းရင်းဆန်ခတ် ခေတ်ပျက်ကြီး၏ ကြိတ်ချေမှုကြောင့် သူမ၏ အရိုးအဆစ်များ ကျိုးကြေသွားခဲ့ပြီ ဖြစ်သည်။ တောင်ဘက်သို့ ဆင်းလာစဉ်က သူမကို ဆက်လျှောက်လှမ်းနိုင်ရန် ထောက်ပံ့ပေးခဲ့သည်မှာ ကလဲ့စားချေလိုစိတ်လား၊ သို့မဟုတ် တိုင်းပြည်အကျိုးလား ဆိုသည်ကိုပင် သူမ ကိုယ်တိုင် မခွဲခြားနိုင်တော့ချေ။

သို့သော် ထိုရှုပ်ထွေးပြီး ပရမ်းပတာဖြစ်နေသော သေရေးရှင်ရေး အခြေအနေများကြားတွင် သူမသည် ပူလောင်နေသော စေတနာအစစ်အမှန် တစ်ခုကို ဆုပ်ကိုင်မိခဲ့ပြီး သူမ၏ အေးစက်နေသော လက်ချောင်းငါးချောင်းကို အကြိမ်ကြိမ် လောင်ကျွမ်းနာကျင်စေခဲ့သည်။

ယနေ့အချိန်အထိ ရောက်လာသောအခါ သူမသည် နောက်ဆုံးတွင် မည်သည့်အရာကိုမျှ ကြောက်ရွံ့စရာ မလိုတော့ဘဲ ထိုအရာကို လက်ဖဝါးထဲတွင် သေချာစွာ ထိန်းသိမ်းထားနိုင်ခဲ့ပြီ ဖြစ်သည်။

ရှောင်းလိသည် သူ့ပခုံးပေါ်တွင် ဖိထားသော အလေးချိန်ကို ခံစားရင်း ရင်ဘတ်ထဲတွင် တစ်စုံတစ်ခုက ပြည့်လျှံလာပြီး လျှံကျလာတော့မည့်အလား ပိတ်ဆို့နေသလို ခံစားလိုက်ရ၏။ သူသည် ဝိန်းယွီ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်၏။ "အဲ့ဒါက ငါ မင်းကို ပြောချင်တဲ့ စကားပဲ"

ဝိန်းယွီသည် သူမ၏ လက်ချောင်းငါးချောင်းကို ဆုပ်ကိုင်ထားသော သူ့အားကို ခံစားရင်း အားလီကို ကြည့်နေဆဲဖြစ်ကာ တည်ငြိမ်စွာ မေးလိုက်လေသည်။ "နောင်တမရဘူးလား"

ရှောင်းလိက ပြန်ဖြေလိုက်၏။ "မင်း နောင်တရမှာကိုပဲ ငါ စိုးရိမ်တယ်"

ဝိန်းယွီက ပြုံးလိုက်သယောင်ပင်။ "ဒါဆိုရင်တော့ ရှင် ကျွန်မကို အထင်လွဲသွားပြီပဲ"

နန်းဆောင်အပြင်ဘက်တွင် မိုးဖွဲဖွဲလေးများ ရွာသွန်းနေပြီး ခေါင်မိုးကြွေပြားများပေါ်ရှိ ရေများက တဖြည်းဖြည်း အောက်သို့ စီးကျနေလေ၏။ တစ်ဝက်ခန့် ပွင့်နေသော ပြတင်းပေါက်မှတစ်ဆင့် နန်းဆောင်အတွင်းရှိ ဖယောင်းတိုင်မီးကြောင့် လင်းထိန်နေသော လိမ္မော်ရောင် အလင်းတန်းကိုသာ မြင်တွေ့နိုင်လေသည်။

နန်းဆောင်အတွင်းရှိ လူနှစ်ဦးသည် ဤမိုးရွာသံနှင့် မှိန်ပျပျ ဖယောင်းတိုင်မီးအောက်တွင် ခေါင်းကို ငုံ့ကာ တိတ်ဆိတ်စွာ အနမ်းဖလှယ်နေကြသည်။

ဝိန်းယွီသည် ခေါင်းမော့လိုက်ရပြီး အားယူရန်အတွက် ရှောင်းလိ၏ အင်္ကျီရင်ဘတ်ကို လှမ်းဆွဲလိုက်ရာ သူ့လည်ပင်းပေါ်ရှိ အမာရွတ်ကို စမ်းမိသွားချိန်တွင် ရပ်တန့်သွားခဲ့၏။

ရှောင်းလိက သတိထားမိသွားပြီး သူမ၏ နားထင်ကို ခပ်ဖွဖွ နမ်းကာ ပြောလိုက်လေသည်။ "မနာတော့ပါဘူး"

ဝိန်းယွီသည် ကျောက်ဟွာနန်းဆောင်တွင် အကျယ်ချုပ် ကျခံနေရစဉ်ကတည်းက သူ့ခန္ဓာကိုယ်ပေါ်တွင် တောင်ပေါ်ဘုန်းကြီးကျောင်းတွင် ရှိစဉ်ကထက် အမာရွတ်အသစ်များ အများအပြား ထပ်တိုးလာကြောင်းကို သတိပြုမိခဲ့သည်။ သို့သော် ထိုအချိန်က သူတို့နှစ်ဦးကြားတွင် ဖွင့်မပြောရသေးသော စကားများစွာ ရှိနေသေးသဖြင့် သူမသည်လည်း အရာအားလုံးကို နှုတ်ဆိတ်နေခဲ့ရသည်။

ကုတင်ပေါ်တွင် သူ၏ အနည်းငယ် လွန်ကျူးသော အနေအထားအချို့ကြောင့် သူမ၏ အမြင်အာရုံထဲတွင် ထိုအမာရွတ်များကိုသာ အမြဲတမ်း မြင်နေရချိန်၌ သူမသည် ဒေါသထွက်သော်လည်း ဒေါသဖြေရန် သူ့ကို ကိုက်ဖို့ပင် မရက်စက်နိုင်ခဲ့သဖြင့် မျက်လုံးများကို မှိတ်ကာ အတင်းအကျပ် သည်းခံနေခဲ့ရသည်။ သူကတော့ သူမ ငြင်းဆန်နေသည်ဟု ထင်မှတ်ကာ မနာလိုမှုနှင့် ဒေါသတို့၏ တွန်းအားပေးမှုကြောင့် ပိုလွန်ကျူးလာခဲ့ပြီး နောက်ဆုံးတွင် သူမ၏ သွားရာတစ်ခုကို ရရှိခဲ့သည်ဟူသော ဤကိစ္စများကို ရှောင်းလိ သဘာဝကျစွာပင် သိရှိနိုင်မည် မဟုတ်ချေ။

ဝိန်းယွီသည် ထိုအမာရွတ်များကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်၏။ "မြောက်ပိုင်းနယ်စပ်မှာ ရှင် ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေကို ကျွန်မကို ပြောပြပါ"

တော်ဝင်အကျဉ်းထောင်။

ကျောင်းပိုင်သည် စစ်ကြောရေး ခုံတန်းရှည်ပေါ်တွင် ထိုင်နေပြီး နံရံပေါ်ရှိ မီးခွက်အလင်းရောင်အောက်တွင် မြေပြင်ပေါ်သို့ တွဲကျနေသော ကျာပွတ်က သွေးကွက်များဖြင့် ပေကျံနေသည်ကို မြင်တွေ့နိုင်လေသည်။ မလှမ်းမကမ်းတွင် စစ်ဆေးမေးမြန်းခံနေရသော အကျဉ်းသား၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် ကျာပွတ်ဒဏ်ကြောင့် စေးကပ်နေသော သွေးများ ပေကျံနေသည့် အဝတ်စုတ်လေးများအဖြစ် ကွဲထွက်နေလေ၏။

စုတ်ပြဲနေသော အကျဉ်းသားဝတ်စုံအောက်ရှိ ကြောက်မက်ဖွယ်ကောင်းသော ကျာပွတ်ရာများသည် အဟောင်းနှင့် အသစ် ထပ်နေပြီး သွေးသံရဲရဲ ဖြစ်နေကာ ကောင်းမွန်သော အရေပြားတစ်ကွက်ကိုပင် ရှာမတွေ့နိုင်လောက်အောင် ဖြစ်နေလေသည်။

ချင်းယွင်အစောင့်က ဘေးရှိ သဲနာရီကို ကြည့်ကာ ပြောလိုက်၏။ "တပ်မှူး... လေးနာရီ ရှိသွားပြီ"

ကျောင်းပိုင်၏ မျက်ခုံးများကြားတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်မရှည်မှုတို့ကို အတင်းအကျပ် ဖိနှိပ်ထားလေသည်။ တော်ဝင်နန်းတော်သို့ ပြန်ရောက်ကတည်းက ဖေယွမ်ကို စတင် စစ်ဆေးမေးမြန်းခဲ့ပြီး နေ့ရောညပါ နှိပ်စက်ညှဉ်းပန်းမှုများကို မည်သည့် စည်းမျဉ်းမှ မရှိဘဲ ပြုလုပ်ခဲ့ကာ နောက်လှည့်၍ ရေအကျဉ်းထောင်ထဲသို့ ပြန်လည် ပစ်ထည့်ခဲ့သည်။ သို့သော် ဤကဲ့သို့ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုများအောက်တွင်ပင် ဖေယွမ်၏ ပါးစပ်ကို မဖွင့်နိုင်သေးချေ။

သူမ၏ မျက်လုံးများက ဓားတစ်လက်နှယ် စစ်ကြောရေးစင်တွင် ချည်နှောင်ခံထားရသော ဖေယွမ်ဆီသို့ ကျရောက်သွားပြီး သရော်လှောင်ပြောင်လိုက်လေသည်။ "ဖေစုန့်က တကယ်ကို သစ္စာရှိတဲ့ ခွေးကောင်းတစ်ကောင်ကို မွေးထားတာပဲ"

ဖေယွမ်၏ လက်နှစ်ဖက်သည် စစ်ကြောရေးစင်ပေါ်တွင် လက်ထိပ်ခတ်ခံထားရသည်။ ဤသံကြိုးများဖြင့် ချည်နှောင်မထားပါက သူသည် မတ်တတ်ရပ်နိုင်တော့မည် မဟုတ်ချေ။ ရှုပ်ပွနေသော ဆံပင်များအောက်တွင် သူ၏ မျက်ခွံများ၊ နှာတံနှင့် ဘယ်ဘက်ပါးပြင်တို့သည် သွေးထွက်နေသော ကျာပွတ်ရာတစ်ခုကြောင့် ရောင်ရမ်းနေပြီး လည်ချောင်းထဲတွင် သွေးများ တစ်ဆို့နေသော်လည်း အားယူကာ ရယ်မောလိုက်၏။ "တပ်မှူးကျောင်းပိုင်ဆိုတဲ့ ဝိန်းမိသားစုရဲ့ သစ္စာခံခွေးကလည်း ဒီထက်မလျော့ပါဘူး"

ကျောင်းပိုင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး တစ်ဖက်လူက အမြန်ဆုံး သေဆုံးခွင့် ရရှိရန် သူမကို တမင်တကာ ဒေါသထွက်အောင် လုပ်နေကြောင်း သိရှိလေသည်။

အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး ချင်းယွင်အစောင့် တစ်ဦး ဝင်ရောက်လာကာ ကျောင်းပိုင်၏ နားနားသို့ ကပ်၍ တီးတိုး ပြောလိုက်၏။ "တပ်မှူး... တော်ဝင်အကျဉ်းထောင်ကို ဖောက်ဖို့ ကြိုးစားတဲ့ လုပ်ကြံသူ တစ်စုကို ဖမ်းမိပါတယ်။ သူတို့ရဲ့ သရုပ်မှန်ကို စစ်ဆေးကြည့်တော့ ရှောင်းစစ်တပ်က ဝံပုလွေမြင်းစီးတပ်ဖွဲ့တွေ ဖြစ်နေတယ်။ ရှီးလင်စစ်တပ်ရဲ့ လှုပ်ရှားမှုကို သိထားတယ်လို့ ပြောပြီး သူတို့ရဲ့ ရှောင်းကျွင်းနဲ့ တွေ့ရမှ ပြောပြမယ်လို့ ဆိုပါတယ်"

ကျောင်းပိုင်သည် ထိုချင်းယွင်အစောင့်ကို အရင် ပြန်ထွက်သွားရန် လက်ဟန်ပြလိုက်ပြီး စစ်ကြောရေးခန်းထဲမှ မထွက်ခွာခင် ဖေယွမ်ကို အေးစက်စွာ လှည့်ကြည့်လိုက်ကာ ချင်းယွင်အစောင့်များကို ညွှန်ကြားလိုက်လေသည်။ "သူ့ရဲ့ ပခုံးရိုး နှစ်ဖက်စလုံးကို ထိုးဖောက်လိုက်"

ကျောက်ယိုချိုက်တို့ အဖွဲ့ကို ဖမ်းဆီးထားသော အကျဉ်းခန်းသည် စစ်ကြောရေးခန်းနှင့် မဝေးလှချေ။ ဖေယွမ်၏ ပခုံးရိုးကို ထိုးဖောက်ခံရချိန်တွင် ထွက်ပေါ်လာသော စူးရှသည့် အော်ဟစ်သံများကြောင့် ကျောက်ယိုချိုက်သည် အကျဉ်းခန်းအတွင်း ထိတ်လန့်တုန်လှုပ်သွားပြီး တီးတိုး ရေရွတ်လိုက်၏။ "ခဏနေရင် ငါတို့လည်း ထွက်ဆိုချက်ပေးဖို့ ပြင်းပြင်းထန်ထန် နှိပ်စက်ခံရမှာများလား"

လိုက်ပါလာသော ဝံပုလွေမြင်းစီးတပ်ဖွဲ့များထဲမှ မည်သူကမျှ သူ့ကို ပြန်မဖြေကြချေ။ ကျောင်းပိုင်သည် ချင်းယွင်အစောင့်များကို ခေါ်ဆောင်ကာ စစ်ကြောရေးခန်းဘက်မှ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာခဲ့၏။

ကျောက်ယိုချိုက်သည် မူလက ရှောင်းလိနှင့် တွေ့ဆုံရန် အော်ဟစ်တောင်းဆိုရန် ရည်ရွယ်ထားသော်လည်း ကျောင်းပိုင်ကို ရုတ်တရက် မြင်လိုက်ရချိန်တွင် ကျောင်းပိုင်၏ အရှိန်အဝါကြောင့် ဖိနှိပ်ခံလိုက်ရပြီး ကျောင်းပိုင်က အကျဉ်းခန်းရှေ့သို့ ရောက်လာသည်အထိ စကားတစ်ခွန်းမျှ မဟရဲခဲ့ချေ။

ကျောင်းပိုင်၏ အကြည့်သည် အကျဉ်းခန်းအတွင်းရှိ လူအုပ်ကို ဖြတ်ပြေးသွားပြီး မျက်ခုံးများကြားတွင် နှင်းခဲများ ကပ်ငြိနေသည့်အလား အေးစက်နေလေသည်။ "မင်းတို့ ရှီးလင်စစ်တပ်ရဲ့ လှုပ်ရှားမှုကို ဘယ်နေရာမှာ သိလာခဲ့တာလဲ"

ကျောက်ယိုချိုက်သည် ပါးနပ်ပြီး မြှောက်ပင့်ဖားယားတတ်သူ ဖြစ်သည်။ ယခုတစ်ကြိမ် တော်ဝင်နန်းတော်သို့ ပြန်လာပြီး ရှောင်းလိ၏ သတင်းကို စုံစမ်းရာတွင် သူသည် ဤဝံပုလွေမြင်းစီးတပ်ဖွဲ့၏ ခေါင်းဆောင်ငယ်လေး ဖြစ်လာခဲ့သည်။ ယခု ကျောင်းပိုင်က မေးမြန်းလာသောအခါ ဤခရီးစဉ်၏ ရည်ရွယ်ချက်ကို သတိရကာ အားတင်းပြီး ပြောလိုက်၏။ "ကျွန်တော်တို့ရဲ့ ကျူကျွင်းနဲ့ တွေ့ရရင်တော့... ပြောပြပါ့မယ်"

"ဂျိန်းခနဲ" ဟူသော အသံကျယ်ကြီး ထွက်ပေါ်လာပြီးနောက် ကျောင်းပိုင်၏ လက်ထဲမှ သွေးများ ယိုစီးကျနေသော ကျာပွတ်သည် အကျဉ်းခန်း သံတိုင်များပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။

စစ်ကြောရေးခန်းဘက်မှ ဖေယွမ်၏ နောက်ထပ် ပခုံးရိုးတစ်ဖက်ကို ထိုးဖောက်ခံရသည့် စူးရှသော အော်ဟစ်သံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

ကျောက်ယိုချိုက်သည် ကျောင်းပိုင်၏ နှင်းခဲတမျှ အေးစက်နေသော အကြည့်ကို ရင်ဆိုင်ရင်း တံတွေးမြိုချလိုက်ပြီး နောက်ဆုံးတွင် အမှန်တိုင်း ပြောပြလိုက်တော့သည်။ "ဟန်ရေကန်ရဲ့ မြောက်ဘက်မှာ အနည်းဆုံး ရှီးလင်စစ်တပ် သုံးသောင်းလောက်က ခါ့ရှ်တောင်တန်း တစ်လျှောက် မြောက်ဘက်ကို ချီတက်နေပါတယ်"

ကျောင်းပိုင်၏ မျက်နှာအမူအရာက အေးစက်စူးရှသွား၏။ "ဟာသပဲ။ ရှီးလင်က မြောက်ဘက်ကို ချီတက်ပြီး ဘယ်နေရာကို တိုက်ခိုက်မှာလဲ။ သဘာဝ အတားအဆီးတွေကို အားထားနေရတဲ့ ကျားချောက်တောင်ကြားလမ်းကိုလား"

ဤနေရာအရောက်တွင် ကျောင်းပိုင်၏ မျက်နှာအမူအရာ ရုတ်တရက် မသိမသာ ပြောင်းလဲသွားလေသည်။

ဝိန်းယွီသည် ချန်နိုင်ငံ နယ်နိမိတ်အတွင်းတွင် ဖေယွမ်နှင့် သိမ်းငှက်အမဲလိုက်ခွေးများ ပေါ်လာသည်ကို တွေ့ရှိကတည်းက လျန်နယ်မြေသို့လည်း အရေးပေါ်စာ ပို့ခဲ့ပြီး အအေးဒဏ်ကို ခံနိုင်ရည်ရှိသော စစ်သည်များကို ဦးဆောင်ကာ အနောက်ဘက်နယ်စပ်သို့ ကြိုတင် ဝင်ရောက်ရန် ဖန့်ယွမ်ကို ညွှန်ကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဖေစုန့်နှင့် သူ၏ သိမ်းငှက်အမဲလိုက်ခွေးများသည် ချန်နိုင်ငံသို့ ရောက်ရှိလာနိုင်ခြင်းက သူတို့သည် ကျားချောက်တောင်ကြားလမ်းမှတစ်ဆင့် ထွက်လာခဲ့ခြင်း ဖြစ်ကြောင်းကို သက်သေပြနေလေသည်။

သူတို့သည် ကျားချောက်တောင်ကြားလမ်းမှ ထွက်ခွာရာတွင် စစ်ဆေးမှုများကို ရှောင်ကွင်းနိုင်ခဲ့ခြင်းလား၊ သို့မဟုတ် ကျားချောက်တောင်ကြားလမ်းကို စောင့်ကြပ်နေသော ယန်ရှော့ဟူသည့် လူတွင် တစ်ခုခု မူမမှန်ဖြစ်နေသလား ဆိုသည်ကိုတော့ ပြောရန် ခက်ခဲလေသည်။

ယခု ရှီးလင်က ချန်နိုင်ငံကို ကောလဲ့မြို့အထိ ဆုတ်ခွာစေပြီး စစ်တပ်ကြီးကို ခွဲထုတ်ကာ မြောက်ဘက်သို့ သွားနေခြင်းက... အကယ်၍ ယန်ရှော့သည် ဖေစုန့်ဘက်သို့ ကူးပြောင်းသွားခဲ့ပြီ ဆိုပါက ထိုရှီးလင်စစ်တပ် သုံးသောင်းသည် ကျားချောက်တောင်ကြားလမ်းမှတစ်ဆင့် လျန်နယ်မြေသို့ ဝင်ရောက်လာမည်ဖြစ်ရာ တာ့လျန်သည် အလွန် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် ချန်နိုင်ငံတွင် စစ်ကူမရှိရုံသာမကဘဲ နှစ်နှစ်ကျော်ကြာ စစ်ပွဲများကို ဖြတ်သန်းခဲ့ရသော တာ့လျန်ကိုယ်တိုင်ပင် မိမိကိုယ်ကို ကာကွယ်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ကျောင်းပိုင်သည် နှင်းခဲတမျှ အေးစက်နေသော မျက်နှာဖြင့် လှည့်ကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားတော့သည်။

ကျောက်ယိုချိုက်သည် ထိုအကြောင်းရင်းများကို မသိရှိဘဲ သူ၏ အစောပိုင်းက လုပ်ရပ်သည် ရှောင်းလိနှင့် ဝံပုလွေမြင်းစီးတပ်ဖွဲ့များကို အရှက်ကွဲစေသည်ဟုသာ ထင်မှတ်ကာ အခြေအနေကို ပြန်လည် ကယ်တင်ရန်အတွက် ကျောင်းပိုင်၏ ကျောပြင်ကို လှမ်းအော်လိုက်၏။ "ကျွန်တော်က သဘောထားကြီးလို့ စစ်ရေးသတင်းကို အရင် ပြောပြလိုက်တာ။ ခင်ဗျားတို့ အဲ့ဒီသတင်း အမှန်၊ အမှား သွားစစ်ကြည့်လို့ ရတယ်။ ပြီးရင် ကျွန်တော်တို့ ကျူကျွင်းကို လွှတ်ပေးဖို့ မမေ့နဲ့။ မဟုတ်ရင်... မဟုတ်ရင် တော်ဝင်နန်းတော်ထဲမှာ ပုန်းနေတဲ့ ကျွန်တော်တို့ရဲ့ တခြားညီအစ်ကိုတွေကလည်း အလကားနေမှာ မဟုတ်ဘူးနော်"

သူသည် ကျန်းဟူနှင့်အတူ ဟန်ရေကန်အထိ စစ်ချီသွားပြီး ရှီးလင်စစ်တပ်၏ လှုပ်ရှားမှုကို တွေ့ရှိပြီးနောက် ကျန်းဟူက သူတို့ကို ရှောင်းလိထံ သတင်းပို့ရန် ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။ သူတို့သည် ထိုနေ့က စောယီးကန်ဘေးတွင် ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့သော ဝံပုလွေမြင်းစီးတပ်ဖွဲ့များထံမှ ရှောင်းလိ မမျှော်လင့်ဘဲ အန္တရာယ်ကြုံတွေ့ကာ ဝိန်းယွီလက်ထဲသို့ ကျရောက်သွားကြောင်း သိရှိလိုက်ရသဖြင့် တော်ဝင်အကျဉ်းထောင်ကို ဖောက်ပြီး လူကယ်ရန် အကြံအစည်ကို ထုတ်ခဲ့ကြခြင်း ဖြစ်လေသည်။

ကျောင်းပိုင်က ကျောက်ယိုချိုက်ကို လှည့်ကြည့်လိုက်ရာ ကျောက်ယိုချိုက်သည် ချက်ချင်း အသံတိတ်သွားတော့သည်။

ကျောင်းပိုင်က ဘေးရှိ လူများကို ညွှန်ကြားလိုက်၏။ "သူတို့ကို ဒီတိုင်းပဲ ပိတ်ထားလိုက်၊ မညှဉ်းပန်းနဲ့"

ထို့နောက် စစ်ကြောရေးခန်းဘက်သို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားလေသည်။

ကျောက်ယိုချိုက်က သူ၏ အော်ဟစ်သံ အလုပ်ဖြစ်သွားသည်ဟု ထင်မှတ်ကာ ကျောင်းပိုင်နှင့် ချင်းယွင်အစောင့်များ အဝေးသို့ ရောက်သွားပြီးနောက် ခါးကို အနည်းငယ် မတ်ကာ သူနှင့်အတူ အကျဉ်းချခံထားရသော ဝံပုလွေမြင်းစီးတပ်ဖွဲ့များကို ပြောလိုက်၏။ "မြင်တယ်မလား... ကြောက်သွားပြီလေ"

ကျောင်းပိုင်သည် စစ်ကြောရေးခန်းသို့ ပြန်ရောက်လာပြီးနောက် လတ်တလောမှ ပခုံးရိုးနှစ်ဖက်ကို သံကြိုးများဖြင့် ထိုးဖောက်ခံထားရပြီး အသက်ရှူသံပင် သဲ့သဲ့သာ ကျန်တော့သော လူကို ဆွဲမ,လိုက်၏။ မီးရောင်ကဲ့သို့ တောက်ပနေသော အေးစက်စူးရှသည့် မျက်လုံးတစ်စုံဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ "ချန်နိုင်ငံနဲ့ သဲကန္တာရ မျိုးနွယ်စုတွေကြားမှာ ပြဿနာတွေ ဖန်တီးပြီး ချန်စစ်တပ်ကို ကောလဲ့မြို့အထိ ဆုတ်ခွာအောင် ဖိအားပေးခဲ့တယ်။ ပြီးတော့ ချန်စစ်တပ်ရဲ့ သဲကန္တာရထဲက သတင်းရယူတဲ့ လမ်းကြောင်းတွေကို လုံးဝ ဖြတ်တောက်လိုက်တယ်။ အဲ့ဒီနောက် ဖေစုန့်က ရှီးလင်စစ်တပ်နဲ့ ပူးပေါင်းပြီး မြောက်ဘက်ကို သွားခဲ့တယ်။ မင်းတို့က နည်းလမ်းနှစ်သွယ် သုံးပြီး ချန်နိုင်ငံကို တိုက်ခိုက်တဲ့အပြင် ကျားချောက်တောင်ကြားလမ်းကနေတစ်ဆင့် လျန်နယ်မြေကိုပါ တိုက်ခိုက်ဖို့ အကြံအစည် ထုတ်ထားတာ မဟုတ်လား။ ယန်ရှော့က ဖေစုန့်ဘက်ကို ကူးပြောင်းသွားပြီလား"

ဖေယွမ်၏ ပါးစပ်မှ သွေးများ ယိုစီးကျနေပြီး ကျောင်းပိုင်၏ ဒေါသတကြီး စစ်ကြောမေးမြန်းမှုကို ကြားလိုက်ရသော်လည်း သူ၏ နှုတ်ခမ်းများက ခက်ခဲစွာ ကွေးတက်သွားလေသည်။ လေသံသဲ့သဲ့ဖြင့်သာ ပြောနိုင်လောက်အောင် အားနည်းနေသော်လည်း အလွန် မလိုမုန်းထားစွာဖြင့် တစ်လုံးချင်းစီ ပြောလိုက်၏။ "ကျောင်းပိုင်တပ်မှူး... တော်လိုက်တာ၊ ဒီလောက်တောင်... တပ်မှူး စုံစမ်းလို့ သိသွားပြီပဲ..."

ကျောင်းပိုင်၏ မျက်နှာသည် မခံမရပ်နိုင်လောက်‌အောင် ညိုမဲသွားပြီး သူ့ကို မည်သို့ ကိုင်တွယ်ရမည်ကို ညွှန်ကြားရန် အချိန်မရှိတော့ဘဲ တော်ဝင်အကျဉ်းထောင်ထဲမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားတော့သည်။

___

မှောင်မည်းနေသော ကောင်းကင်ယံတွင် မိုးရေများက ရေလောင်းချသကဲ့သို့ ရွာသွန်းနေလေ၏။

ရှီးလင်၏ ဗဟိုစစ်တဲအတွင်း၌ ရှီးလင်မင်းသမီး ဟယ်ယီသည် ခြေချိတ်ထိုင်နေပြီး မြှောက်ထားသော သားရေဖိနပ်သည် ဒူးတစ်ဖက်ထောက်နေသော ဖေစုန့်၏ မေးစေ့ကို တည့်တည့် ချိန်ရွယ်လုနီးပါး ဖြစ်နေ၏။ သူမ၏ မျက်နှာသွင်ပြင်သည် အလွန် တောက်ပပြီး အလွန် နက်ရှိုင်းကာ ရက်စက်မှုများကြားတွင် တစ်ခါမျှ ဖုံးကွယ်မထားခဲ့သော ရည်မှန်းချက်ကြီးမားမှုများကို ပြသနေလေသည်။

"မင်းပြောတာ ကျားချောက်တောင်ကြားလမ်းထဲမှာ မင်းလူတွေ ရှိတယ်၊ ငါက မင်းကို စစ်တပ် ငှားပေးလိုက်ရင် အထဲနဲ့အပြင် ပူးပေါင်းပြီး ကျားချောက်တောင်ကြားလမ်းကို သိမ်းပိုက်နိုင်မယ်၊ ပြီးရင် ခါ့ရှ်တောင်တော် စောင့်ရှောက်ထားတဲ့ ပြည်မကြီးကို ဝင်တိုက်နိုင်မယ် ဆိုပါလား။ မင်းက တာ့လျန်ရဲ့ တော်ဝင်တံဆိပ်တုံးကို ငါ့ဆီ ဆက်သခဲ့ပြီး ငါ ချန်စစ်တပ်ကို ကောလဲ့မြို့အထိ ဆုတ်ခွာအောင် ဖိအားပေးရာမှာလည်း ကူညီခဲ့တဲ့အတွက် မင်းကို ငါ တစ်ကြိမ်တော့ ယုံကြည်ပေးလိုက်မယ်"

ဟယ်ယီ၏ မျက်တောင်အစွန်းများ ပင့်တက်သွားပြီး သူမရှေ့တွင် ဒူးတစ်ဖက်ထောက်နေသော ပြည်မကြီးမှ စစ်သူကြီးကို အကဲခတ်နေလေသည်။ သူမ၏ အရိုးအဆစ်များက ကြီးမားကာ အသားအရေကလည်း ခပ်ညိုညိုဖြစ်ပြီး သူမ၏ အစ်ကိုမောင်များ၊ ဦးလေးများနှင့် ဓားလှံများဖြင့် သတ်ဖြတ်ပြီး ယနေ့ ရာထူးအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သာမန် အမျိုးသမီးများ၏ နူးညံ့သိမ်မွေ့မှု တစ်စက်မျှ မရှိဘဲ လက်ကောက်ဝတ်စွပ် တပ်ဆင်ထားသော လက်မောင်းပေါ်တွင် ကြွက်သားများ၏ အနည်းငယ် ဖောင်းကြွနေသော အနေအထားကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ဓားနှင့် ပုဆိန်တို့ကို လွှဲယမ်းနိုင်လောက်အောင် သန်မာလေသည်။

"ရှီးလင်ရဲ့ အမတ်တွေက ဘာအခြေခံမှ မရှိတဲ့ ပြည်မကြီးက အရှုံးသမား တစ်ယောက်ကို ငါတို့ ရှီးလင်က လူငယ်တွေကို ဦးဆောင်ခွင့် ပြုမှာ မဟုတ်ဘူး။ ငါ မင်းကို ငါ့ရဲ့ တတိယမြောက် ခင်ပွန်းဆိုတဲ့ အဆင့်အတန်း ပေးမယ်။ စစ်တပ် သုံးသောင်းက ကျားချောက်တောင်ကြားလမ်းဆီ စထွက်သွားပြီ။ ခင်ပွန်းကတော့ ငါ့ကို စိတ်ပျက်အောင် လုံးဝ မလုပ်ပါနဲ့"

သူမ၏ အသံထဲတွင် အပြုံးရိပ်များ ပါဝင်နေပုံရသော်လည်း နောက်ဆုံး စကားစုထဲမှ "ခင်ပွန်း" ဟူသော စကားလုံးနှစ်လုံးကို တမင်တကာ အလေးပေး ပြောဆိုလိုက်လေသည်။ ဖေစုန့် ဆက်သထားသော တော်ဝင်တံဆိပ်တုံးကို လက်ဆစ်များဖြင့် တောက်ခေါက်ကာ သတိပေးသည့်အနေဖြင့် ဂရုမစိုက်စွာ ပြုံးရင်း ပြောလိုက်၏။ "ငါ့ရဲ့ အရင်ခင်ပွန်း နှစ်ယောက်က ငါ့အတွက် ဘာမှ အသုံးမဝင်တော့ဘူးဆိုတာကို မြင်လိုက်ရလို့ သူတို့ သေသွားကြပြီ။ ခင်ပွန်းက ဒီလောက် ချောမောနေတာဆိုတော့ အသက်ရှည်ရှည် နေနိုင်ပါစေလို့ မျှော်လင့်ပါတယ်"

ဖေစုန့်သည် ဒူးတစ်ဖက် ထောက်ထားပြီး ညာလက်ကို ဘယ်ဘက်ရင်အုံပေါ်တွင် တင်ထားသည်။ ဤမျှ စော်ကားခံရသော်လည်း သူ့နှုတ်ခမ်းများတွင် အလွန် ရိုသေကိုင်းရှိုင်းပြီး ကြည်ညိုလေးစားသော အပြုံးတစ်ခုကို ဆင်မြန်းထားဆဲပင်။ "စုန့်က မင်းသမီးကို လိုလိုလားလား ခစားမှာပါ။ တကယ်လို့ မင်းသမီးအတွက် ပြည်မကြီးကို သိမ်းပိုက်ပေးဖို့ မအောင်မြင်ခဲ့ရင် စုန့်က ခါ့ရှ်တောင်ရဲ့ တစ်နှစ်ပတ်လုံး အေးခဲနေတဲ့ မြေကြီးထဲမှာ အရိုးတွေကို မြှုပ်နှံပြီး ထာဝရ သံသရာထဲကို ပြန်မဝင်တော့ပါဘူးလို့ ကတိပြုပါတယ်"

ဟယ်ယီသည် ရာထူးမြင့်မားသူ ဖြစ်သဖြင့် ဤကဲ့သို့သော သစ္စာစောင့်သိမှု စကားများကို ကြားရသည်မှာ ရိုးအီနေပြီ ဖြစ်ရာ သဘောကျသွားသည့်ဟန်ဖြင့် နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်၏။ "အဲလိုပြောလို့လေ။ ငါ အရမ်း သိချင်နေတာ။ ဝိန်းမိသားစုက ခင်ပွန်းရဲ့ မိသားစုကို ဖျက်ဆီးခဲ့တယ် ဆိုပေမယ့် ခင်ပွန်းကလည်း လျန်လူမျိုးပဲလေ။ ဒီတစ်ခေါက် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်တဲ့အခါ ခင်ပွန်းက သမိုင်းမှာ နာမည်ဆိုးနဲ့ ကျန်ရစ်မှာကို မကြောက်ဘူးလား"

ဖေစုန့်၏ နှုတ်ခမ်းပေါ်ရှိ အပြုံးတွင် သွေးနံ့များ ပိုမို ပါဝင်လာခဲ့သည်။ "ကျွန်တော့် ဖခင်က တာ့လျန်အစိုးရအတွက် တစ်သက်လုံး သစ္စာရှိခဲ့တာတောင် တမင်တကာ ပုန်ကန်ဖို့ ကြံစည်တယ်ဆိုတဲ့ နာမည်ဆိုး အတပ်ခံခဲ့ရတာပဲ မဟုတ်လား။ ချင်မိသားစု မတရား စွပ်စွဲခံရပြီး မိသားစု တစ်ခုလုံး ထောင်ကျသွားတဲ့ နေ့ကစပြီး စုန့်က လျန်လူမျိုး မဟုတ်တော့ပါဘူး။ ဒီတစ်ခေါက် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်တဲ့အခါ လျန်လူမျိုးတွေ သေတာ ရှင်တာက စုန့်နဲ့ ဘာဆိုင်လို့လဲ။ သူတို့က ခေါင်းမာပြီး မပြောင်းလဲဘူးဆိုရင် စုန့်က သူတို့ကို သတ်ပစ်လိုက်မယ်။ ဒါက မင်းသမီးအတွက် အသိဉာဏ်မရှိတဲ့ ဝက်တွေ၊ သိုးတွေကို သတ်ပေးလိုက်တာနဲ့ အတူတူပါပဲ"

ဤအဖြေက ဟယ်ယီကို အလွန် ကျေနပ်စေခဲ့သည်။ သူမသည် ကိုယ်ကို အနည်းငယ် မတ်လိုက်ပြီး ရှေ့သို့ ကိုင်းကာ ဖေစုန့်၏ မေးစေ့ကို ညှစ်လိုက်ပြီး ပြည်မကြီးမှ အမျိုးသားများ၏ ထူးခြားသော ကြည်လင်ချောမောသည့် မျက်နှာကို သေချာ ကြည့်ရှုကာ ရုတ်တရက် ရယ်မောလိုက်လေသည်။ "ငါက ခင်ပွန်းရဲ့ ဒီစစ်ပွဲ အောင်မြင်မှုကို စောင့်နေပါ့မယ်။ ငါတို့ ရှီးလင်ရဲ့ ပထမဆုံး စစ်သူရဲကောင်း ဖြစ်လာပါစေ။ သွားတော့"

ဖေစုန့်၏ မျက်နှာအမူအရာ မပြောင်းလဲဘဲ နှိမ့်ချစွာဖြင့် ခေါင်းငုံ့ကာ ဆုတ်ခွာသွားချိန်တွင် သူ၏ အကြည့်သည် ခွေးခြေခုံပေါ်တွင် ဟယ်ယီ တင်ထားသော တော်ဝင်တံဆိပ်တုံးပေါ်သို့ တစ်ချက် ဖြတ်ပြေးသွားလေသည်။

တဲကြီးအပြင်ဘက်သို့ ထွက်လာပြီးနောက် အပြင်တွင် စောင့်နေသော သိမ်းငှက်အမဲလိုက်ခွေးသည် ချက်ချင်းပင် ထီးဆောင်းကာ သူ၏ ခြေလှမ်းများနောက်သို့ လိုက်ပါလာခဲ့သည်။

သို့သော် ဖေစုန့်သည် ခြေလှမ်းကျဲများဖြင့် ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည်။ မိုးရွာသဖြင့် လမ်းချော်ကာ သွားလာရ ခက်ခဲသောကြောင့် သိမ်းငှက်အမဲလိုက်ခွေးသည် ခြေလှမ်းတစ်ဝက်ခန့် နောက်ကျသွားပြီး ဖေစုန့်၏ ခန္ဓာကိုယ်သည် မိုးရေများ စိုရွှဲသွားတော့သည်။

သိမ်းငှက်အမဲလိုက်ခွေးသည် ကပျာကယာ ခေါင်းငုံ့ကာ သေသင့်ပါသည်ဟု တောင်းပန်လိုက်၏။ ဖေစုန့်၏ ခန္ဓာကိုယ်ထဲက အငွေ့အသက်များသည် မှိုင်းညို့နေပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ပုဝါကို ယူကာ သူ၏ မေးစေ့ကို အားကုန်သုံးကာ သုတ်ပစ်လိုက်လေသည်။

ခြေသုံးချောင်းထောက် မီးဖိုတစ်ခုကို ဖြတ်သွားချိန်တွင် ထိုပုဝါကို မီးဖိုထဲသို့ ပစ်ထည့်လိုက်၏။ အမှောင်ထဲတွင် အရိပ်တစ်ခု ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်ချိန်တွင် မျက်လုံးထဲ၌ လျှို့ဝှက်သော ရက်စက်မှုနှင့် ရွံရှာမှုတို့ ပေါ်လာခဲ့ပြီး အတန်ကြာ လျှောက်သွားပြီးနောက်မှ အေးစက်စွာ မေးလိုက်၏။ "ဖေယွမ်ဘက်က သတင်း ပို့လာတာ ရှိလား"

သူ့ကို ထီးဆောင်းပေးနေသော သိမ်းငှက်အမဲလိုက်ခွေးက ပြန်ဖြေလိုက်သည်။ "ရက်အတော်ကြာအောင် သတင်း မပို့လာတော့ပါဘူး"

ခဏရပ်ပြီးနောက် မသေချာစွာဖြင့် မေးလိုက်လေသည်။ "ကျူကျွင်း... တပ်မှူးဘက်ကများ... တစ်ခုခု ဖြစ်သွားလို့လား"

ဖေစုန့်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ညမိုးထဲတွင် ချန်နိုင်ငံဘက်သို့ ကြည့်ကာ သူ၏ မျက်နှာအမူအရာက အလွန် အေးစက်နေပြီး သူ့အတွက် သေမတတ် အသက်စွန့်ခဲ့ကာ ညီအစ်ကိုလို ရင်းနှီးသော လက်အောက်ငယ်သား တစ်ဦးအကြောင်းကို ပြောဆိုနေခြင်းနှင့် လုံးဝ မတူချေ။ "ဝိန်းယွီကို လုပ်ကြံတာ မအောင်မြင်လို့ ဝိန်းယွီလက်ထဲ ရောက်သွားတယ် ဆိုရင်တောင် ယန်ရှော့က ငါ့လူဆိုတာကို စစ်ဆေးပေါ်ပေါက်သွားတာပဲ ရှိမှာပါ"

အေးစက်သော ဆိုးညစ်မှုများသည် သူ၏ မျက်လွှာချထားသော မျက်တောင်ရှည်များအောက်မှ လျှံကျလာခဲ့၏။ "ယန်ရှော့က လျန်အမတ် လုပ်ချင်နေတာ မဟုတ်လား။ ရန်သူနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်တယ်ဆိုတဲ့ နာမည်ဆိုးက ယန်ရှော့ရဲ့ ခေါင်းပေါ်ကို ရောက်လာရင် သူတို့ ယန်မိသားစု တစ်ဖွဲ့လုံး လျန်အမတ် ဘယ်လို ဆက်လုပ်မလဲဆိုတာကို ငါ ကြည့်ချင်သေးတယ်"

အရိပ်တစ်ခုသည် တဲခန်းဆီးကို လှန်ကာ ဗဟိုစစ်တဲအတွင်းသို့ ဝင်ရောက်လာပြီး ဟယ်ယီ၏ နားနားသို့ ကပ်၍ တစ်ခုခု ပြောလိုက်လေသည်။

ဟယ်ယီသည် နဂါးလက်သည်းငါးခု ပုံစံ ထုဆစ်ထားသော တော်ဝင်တံဆိပ်တုံးကို ကစားနေပြီး ထိုစကားကြားပြီးနောက်တွင် ဂရုမစိုက်စွာဖြင့် နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်၏။ "ကိစ္စမရှိပါဘူး။ အမုန်းတရားဆိုတာ ဒီလောကမှာ အခိုင်မာဆုံး ချည်နှောင်မှုပဲ။ တာ့လျန်အပေါ် မုန်းတီးမှုတွေ ရှိနေသရွေ့ သူက ငါ့ရဲ့ ခြေရင်းက အဆိုးဆုံး ခွေးရိုင်းတစ်ကောင် ဖြစ်နေမှာပဲ။ တကယ်လို့ သူက ငါ့အပေါ်မှာ လုံးဝ ခေါင်းငုံ့ပြီး နာခံနေတဲ့ပုံစံမျိုး ပြလာမှသာ ငါ သတိထားရမှာ"

ပြောပြီးနောက် ကျားသစ်တစ်ကောင်လို မျက်တောင်အစွန်းများကို အနည်းငယ် ပင့်လိုက်လေသည်။ "ကျားချောက်တောင်ကြားလမ်းမှာ ရှိတဲ့ သူ့ရဲ့လူတွေက ကျားချောက်တောင်ကြားလမ်းကို စောင့်ကြပ်နေတဲ့ စစ်သူကြီး ယန်ရှော့ ဖြစ်နိုင်သလို မဖြစ်နိုင်တာလည်း ရှိတယ်။ နီရူကို နယ်စပ် ဖြတ်ကျော်ပြီးရင် သတိထားဖို့ ပြောလိုက်"

နီရူသည် ဤတစ်ကြိမ်တွင် ဖေစုန့်နှင့်အတူ ကျားချောက်တောင်ကြားလမ်းသို့ သွားရောက်မည့် ရှီးလင် စစ်သူကြီး ဖြစ်သည်။

အရိပ် ထွက်သွားပြီးနောက် ဟယ်ယီသည် လက်တစ်ဖက်ဖြင့် ထိုတော်ဝင်တံဆိပ်တုံးကို မ,တင်ကာ စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးထဲတွင် ပေါ်လွင်နေသည်မှာ တောရိုင်းများကဲ့သို့ တက်ကြွနေသော ရည်မှန်းချက်ကြီးမားမှုများပင်။ "ပြည်မကြီးလား"

ချန်နိုင်ငံ၊ တော်ဝင်နန်းတော်။

မိုးလင်းလုနီးပါး အချိန်တွင် မိုးသံများ မရပ်တန့်သေးဘဲ ခေါင်မိုးစွန်းမှ ရေပေါက်များက မျဉ်းကြောင်းတစ်ကြောင်းအဖြစ် စီးကျနေပြီး လေနှင့် မိုးထဲတွင် တစ်ညလုံး လွင့်မျောနေခဲ့သော သံခေါင်းလောင်းလေးများက ခေါင်မိုးစွန်းတွင် ငြိမ်သက်စွာ တွဲကျနေကာ ရေပေါက်များသာ ကြေးခေါင်းလောင်းတစ်လျှောက် အောက်သို့ ဆက် စီးကျနေလေသည်။

ကျောင်းပိုင်သည် ရှားရှားပါးပါးပင် စိတ်တိုနေပြီး နန်းဆောင်၏ တံခါးကြီးကို ခေါက်လိုက်လေသည်။

ဝိန်းယွီသည် အမြဲတမ်း အိပ်ရေးမဝတတ်သော်လည်း ယမန်နေ့ညက ပင်ပန်းနွမ်းနယ်နေခဲ့သဖြင့် ဒုတိယအကြိမ် တံခါးခေါက်သံကို ထိန်းချုပ်ကာ ထွက်ပေါ်လာချိန်မှသာ မျက်ခွံများကို လှုပ်ရှားလိုက်၏။

အတွင်းခန်း ထောင့်တွင် ညဘက် ထွန်းထားသော နန်းတွင်းမီးအိမ် တစ်လုံးကို ချန်ထားသဖြင့် ခြင်ထောင်အတွင်းရှိ အရာအားလုံးသည် နွေးထွေးသော အဝါရောင်ဖြင့် မှိုင်းပျပျ လင်းထိန်နေလေသည်။

သူမသည် ခါးတွင် တင်ထားသော သံမဏိလက်မောင်းကြီးကို ဖယ်ရှားလိုက်ပြီး လည်ပင်းအထက်မှလွဲ၍ လည်ပင်းအောက်ရှိ ကြည့်မကောင်းသော အမှတ်အသားများကို ဖုံးကွယ်ရန် အင်္ကျီကို ခြုံကာ ထလိုက်သည်။

နေ့စဉ် နံနက်ခင်းညီလာခံ အပြီးတွင် သူမသည် အမတ်များကို ခေါ်ယူကာ နိုင်ငံရေးကိစ္စများကို သီးသန့် ဆွေးနွေးရသေးသည်။ ယခုလို ရာသီဥတုတွင် လည်ပင်းတွင် အမှတ်အသားများ ကျန်ရစ်နေပါက ဖုံးကွယ်လို့ မရနိုင်သဖြင့် သူ့ကို လည်ပင်းတွင် အမှတ်အသား မချန်ထားရန် တားမြစ်ထားရာ သူက အခြားနေရာများတွင် ပိုလို့ပင် အဆိုးရွားဆုံး ပြုမူတော့သည်။

...

All Chapters