အခန်း ၂၃၆
Vol. 24 Ch. 236
အပိုင်း (၂၃၆)
ဝိန်းယွီသည် သူမ၏ အင်္ကျီရင်ဘတ်ကို ဆွဲစေ့လိုက်ပြီး မည်းနက်နူးညံ့ကာ ပိုးသားလို တောက်ပနေသော ဆံနွယ်ရှည်ကြီးများကို အနောက်တွင် သပ်ရပ်စွာ ချထားလိုက်သည်။ အိပ်ရေးမဝ၍ ပင်ပန်းနွမ်းနယ်နေသော မျက်နှာအမူအရာ အနည်းငယ်မှလွဲ၍ အခြား မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရချေ။
သူမသည် အပြင်ဘက်နန်းဆောင်သို့ လျှောက်သွားကာ နန်းဆောင်တံခါးကို ဖွင့်လိုက်ချိန်တွင် အခြေအနေ အရေးကြီးနေသဖြင့် ကျောင်းပိုင်သည် ယနေ့ည နန်းဆောင်အတွင်း၌ အစေခံများ မရှိရသည့် အကြောင်းအရင်းကိုပင် စဉ်းစားရန် အချိန်မရှိတော့ဘဲ အလျင်စလို အစီရင်ခံလိုက်၏။
"မင်းသမီး... ညဘက် တော်ဝင်အကျဉ်းထောင်ကို ဖောက်ဖို့ ကြိုးစားတဲ့ ဝံပုလွေမြင်းစီးတပ်ဖွဲ့ တချို့ကို ဖမ်းမိပါတယ်။ သူတို့က ဟန်ရေကန်မှာ ရှီးလင်စစ်တပ် သုံးသောင်း မြောက်ဘက်ကို ချီတက်နေတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ ကျွန်တော်မျိုးမ ဖေယွမ်ကို ပြင်းပြင်းထန်ထန် စစ်ဆေးတော့ ဖေစုန့်က ဒီရှီးလင်စစ်တပ် သုံးသောင်းကို ခေါ်ပြီး ကျားချောက်တောင်ကြားလမ်းကို တိုက်ဖို့ သွားနေတာတဲ့။ ယန်ရှော့က သူ့လူပဲ"
ဝိန်းယွီ၏ မျက်မှောင်များ ကြုတ်သွားပြီး မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားကာ မည်းနက်တည်ငြိမ်နေသော မျက်လုံးများထဲတွင် တဒင်္ဂမျှ စဉ်းစားချင့်ချိန်လိုက်ပြီးနောက် တည်ငြိမ်စွာ ညွှန်ကြားလိုက်လေသည်။ "ဝန်ကြီးချုပ်ချီ၊ အမတ်ချုပ်ဝေ့၊ လုယီ၊ ဟယ်ကျန်း၊ ကျောက်ရှန့်မင် စတဲ့ အမတ်တွေကို နန်းတော်ထဲ အရေးပေါ် ဝင်လာဖို့ ခေါ်လိုက်ပါ"
ကျောင်းပိုင်သည် ဤသတင်းကို စစ်ဆေးသိရှိပြီးကတည်းက ရင်ထဲတွင် ယခုအချိန်အထိ အပြင်းအထန် ခုန်ပေါက်နေခဲ့ပြီး လက်ဖဝါးထဲရှိ စေးကပ်နေသော ချွေးအေးများကလည်း မခြောက်သွေ့သေးချေ။
ဝံပုလွေမြင်းစီးတပ်ဖွဲ့က ဟန်ရေကန်တွင် ရှီးလင်စစ်တပ်၏ လှုပ်ရှားမှုကို တွေ့ရှိခဲ့ခြင်းက ရှီးလင်စစ်တပ်သည် အစောကြီးကတည်းက စတင် ထွက်ခွာခဲ့ပြီဖြစ်ကြောင်းကို ပြသနေသည်။ ဝံပုလွေမြင်းစီးတပ်ဖွဲ့ တော်ဝင်နန်းတော်သို့ ပြန်လာရန် ကြာမြင့်မည့် အချိန်ကို တွက်ကြည့်ပါက ဤအတောအတွင်း ရှီးလင်စစ်တပ်သည် မြောက်ဘက်သို့ မည်မျှအထိ ရောက်ရှိနေပြီဖြစ်ကြောင်း မသိနိုင်တော့ချေ။
လက်ရှိအချိန်တွင် ချန်နိုင်ငံ၏ စစ်တပ်သည် ကောလဲ့မြို့အထိ ဆုတ်ခွာခံထားရပြီး ဆက်လက် ခုခံကာကွယ်ရန်ပင် ခက်ခဲနေပြီ ဖြစ်ရာ ဤရှီးလင်စစ်တပ်ကို တားဆီးရန် စစ်တပ် စေလွှတ်ဖို့မဆိုထားနှင့် အကယ်၍ စေလွှတ်စရာ စစ်တပ် ရှိနေသေးလျှင်ပင် အမီလိုက်နိုင်တော့မည် မဟုတ်ချေ။
ပိုအရေးကြီးသည်မှာ ဖေယွမ်က ကျားချောက်တောင်ကြားလမ်းကို စောင့်ကြပ်နေသော စစ်သူကြီး ယန်ရှော့သည် ဖေစုန့်၏ လူဖြစ်ကြောင်း ဝန်ခံထားခြင်းပင်။
ဝိန်းယွီသည် ချန်နိုင်ငံ နယ်နိမိတ်အတွင်းတွင် သိမ်းငှက်အမဲလိုက်ခွေးများ၏ အရိပ်အယောင်ကို တွေ့ရှိကတည်းက လျန်နယ်မြေသို့ အကြောင်းကြားစာ ပို့ခဲ့ပြီး ဖန့်ယွမ်ကို ယန်ရှော့အား သတိထားရန် အနောက်ဘက်နယ်စပ်သို့ ကြိုတင် ဝင်ရောက်စေခဲ့သော်လည်း...
သတင်းသည် လျန်နယ်မြေသို့ ရောက်ရှိရန် အချိန်ယူရသေးသည်။ တာ့လျန်၏ နယ်နိမိတ်သည် ကျယ်ပြန့်လှပြီး အနောက်ဘက်နယ်စပ်၏ မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတုက တောင်ပိုင်းနယ်စပ်မှ စစ်သည်များအတွက် အလွန် ဆိုးရွားလှသည်။ ဖန့်ယွမ်သည် သတင်းရရှိပြီးသည်နှင့် ချက်ချင်း ထွက်ခွာလာလျှင်ပင် ရှီးလင်စစ်တပ်ထက် ကျားချောက်တောင်ကြားလမ်းသို့ အရင်ရောက်နိုင်မည် မဟုတ်ချေ။
ထိုအချိန်တွင် ဖေစုန့်ဘက်သို့ ကူးပြောင်းသွားသော ယန်ရှော့နှင့် ရှီးလင်စစ်တပ်တို့ ပူးပေါင်းကာ အနောက်ဘက်နယ်စပ်တွင် ဖန့်ယွမ်ကို ခြုံခိုတိုက်ခိုက်ခဲ့ပါက ဤရှုံးနိမ့်မှုနှင့် ကျားချောက်တောင်ကြားလမ်း ပိုင်ရှင်ပြောင်းသွားသည့် သတင်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လျန်နယ်မြေအတွင်း ကြီးမားလှသော ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်ပေါ်စေမှာ သေချာသည်။
ရှီးလင်စစ်တပ်သည် ကျားချောက်တောင်ကြားလမ်းသို့ ဝင်ရောက်လာသည်နှင့် အရှေ့ဘက်သို့ ဆက်လက် ချီတက်ရန် သူတို့ကို တားဆီးနိုင်မည့် သဘာဝ အတားအဆီး မရှိတော့ချေ...
ကျောင်းပိုင်သည် သည်ဖြစ်နိုင်ခြေများကို တွေးတောမိရုံဖြင့် နားထင်ကြောများမှ သွေးများ ပွက်ပွက်ဆူလာပြီး နားထင်ကို ပြင်းထန်စွာ ရိုက်ခတ်နေသလို ခံစားလိုက်ရ၏။
ဤသည်မှာ လွန်ခဲ့သော သုံးနှစ်က ဖေစုန့် ပုန်ကန်ပြီး လော့ယန်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သော တိုင်းပြည်ပျက်မတတ် ဘေးအန္တရာယ်ထက်ပင် ပိုမို ဆိုးရွားသော ဘေးအန္တရာယ်ကြီး တစ်ခုဟု ပြောလျှင်ပင် မလွန်ချေ။
ယခု ဝိန်းယွီ ဤမျှ တည်ငြိမ်နေသည်ကို မြင်မှသာ သူမသည် အနည်းငယ် စိတ်အေးသွားသော်လည်း အမိန့်ရရှိပြီးနောက် အခြား မည်သည့်စကားမျှ ထပ်မမေးနိုင်တော့ဘဲ ကိုယ်ကို လှည့်ကာ နှုတ်မိန့်များ သွားရောက် ပို့ဆောင်ရန် အလျင်စလို ထွက်ခွာသွားလေသည်။
အမိန့်ရရှိပြီး အမတ်အသီးသီး၏ အိမ်တော်များသို့ အကြောင်းကြားရန် သွားရောက်မည့် ချင်းယွင်အစောင့်များသည် နံနက်ခင်း ငှက်များနှယ် တော်ဝင်နန်းတော်မှ ထွက်ခွာသွားကြချိန်တွင် အရှေ့နှင့် အနောက်ဘက် အဆောင်များပေါ်ရှိ မီးရောင်များ မငြိမ်းသေးသော်လည်း အရှေ့ဘက် ကောင်းကင်ယံတွင်မူ ငါးဝမ်းဗိုက်ရောင် အရုဏ်ဦး အလင်းတန်းလေး ပေါ်ထွက်လာပြီ ဖြစ်၏။
အစေခံများက ဝိန်းယွီကို အဝတ်အစား လဲလှယ်ပေးပြီး မျက်နှာသစ်ပေးပြီးနောက် ချင်းယွင်အစောင့်က ဝန်ကြီးချုပ်ချီနှင့် အခြားအမတ်များ စာကြည့်ဆောင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နန်းဆောင်အတွင်း ဝင်ရောက် အစီရင်ခံချိန်တွင်...
ဘေးဆောင်ရှိ အားလီကို သွားကြည့်ပြီး ပြန်လာသော ရှောင်းလိသည် စကားမပြောဘဲ နန်းဆောင်အတွင်းရှိ ပုလဲကန့်လန့်ကာ ချိတ်ဆွဲထားသော ပန်းပုထွင်း လခြမ်းတံခါးဝတွင် လက်ပိုက်၍ မှီရပ်ကာ မှန်ထဲမှ ဝိန်းယွီကိုသာ ကြည့်နေလေသည်။
ထုန်ချွဲက ဝိန်းယွီ၏ ဆံပင်ပေါ်တွင် နောက်ဆုံး ဆံထိုးကြီးကို ထိုးပေးပြီးနောက် ကြေးမှန်မှတစ်ဆင့် အနောက်သို့ တစ်ချက် ကြည့်လိုက်ချိန်တွင် သူသည် ဝိန်းယွီကို သီးသန့် ပြောစရာစကား ရှိနေကြောင်း ရိပ်မိသွားသဖြင့် လာရောက် အစီရင်ခံသော ချင်းယွင်အစောင့်ကို မျက်ရိပ်ပြလိုက်ပြီး အစေခံများနှင့်အတူ အရင် ဆုတ်ခွာသွားကြလေသည်။
နန်းဆောင်အတွင်း အခြားမည်သူမျှ မရှိတော့မှသာ ရှောင်းလိက စကားစလိုက်၏။ "ငါ ဝံပုလွေမြင်းစီးတပ်ဖွဲ့ကို ခေါ်ပြီး အဲ့ဒီ ရှီးလင်စစ်တပ်နောက်ကို လိုက်သွားမယ်"
ဝိန်းယွီသည် အလှပြင်ခုံရှေ့တွင် ထိုင်နေပြီး လှည့်မကြည့်ဘဲ ပြောလိုက်လေသည်။ "လျန်နယ်မြေက စစ်ကူတွေနဲ့ နယ်စပ်အသီးသီးက မြို့စောင့်တပ်တွေ အခု တော်ဝင်နန်းတော်ကို ရောက်နေပြီ။ ကျွန်မ အမတ်တွေနဲ့ သင့်တော်တဲ့ ဖြေရှင်းနည်းတစ်ခုကို တိုင်ပင်လိုက်ပါ့မယ်"
သူမ၏ ကိုယ်ပေါ်ရှိ အနက်နှင့် ရွှေရောင် ရောယှက်နေသော ရှုပ်ထွေးလှသည့် ညီလာခံဝတ်စုံနှင့် ဆံပင်ပေါ်ရှိ တောက်ပနေသော ဆံထိုးကြီးများသည် ယမန်နေ့ညက သူတို့နှစ်ဦးကြားရှိ နူးညံ့မှုနှင့် အပြန်အလှန် မှီခိုမှုများ အားလုံးကို မမြင်ရသော အတားအဆီးတစ်ခုကဲ့သို့ ပိုင်းခြားထားလေသည်။
ရှောင်းလိက ထိုအရာကို သတိပြုမိသွားပြီး နှုတ်ခမ်းကို အနည်းငယ် တင်းကျပ်စွာ စေ့လိုက်ကာ သူမ၏ ကျောပြင်ကို ကြည့်ရင်း ပြောလိုက်၏။ "နယ်စပ်က ချန်စစ်တပ်က ကောလဲ့မြို့မှာ ပိတ်မိနေပြီ။ တော်ဝင်နန်းတော်မှာ စစ်ကူတွေ ရှိပေမယ့် အခု စစ်တပ်လွှတ်လိုက်ရင် အဲ့ဒီ ရှီးလင်စစ်တပ်ကို မီပါ့မလား"
ထိုစကားအဆုံးတွင် ဝိန်းယွီထံမှ စကားသံကို အချိန်အတော်ကြာ မကြားရတော့ချေ။
ရှောင်းလိသည် ခမ်းနားသော ဝတ်စုံအောက်ရှိ အေးစက်တင်းမာနေသော သွယ်လျသည့် ကျောပြင်ကို ကြည့်ရင်း အသက်တစ်ရှိုက်စာမျှ တိတ်ဆိတ်နေပြီးနောက် ဆက်ပြောလိုက်လေသည်။ "ငါ ကျန်းဟူကို ဝံပုလွေမြင်းစီးတပ်ဖွဲ့နဲ့အတူ တော်ဝင်နန်းတော်ကနေ အရင် ထွက်သွားခိုင်းတုန်းက သူတို့ကို ကျားချောက်တောင်ကြားလမ်းဘက် ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တာ။ သူတို့က ဟန်ရေကန်မှာ ကျားချောက်တောင်ကြားလမ်းဘက်ကို သွားနေတဲ့ အဲ့ဒီ ရှီးလင်စစ်တပ်ကို တွေ့ခဲ့တယ်ဆိုတော့ လမ်းတစ်လျှောက်လုံး နောက်ယောင်ခံလိုက်ပြီး အမှတ်အသားတွေ ချန်ထားခဲ့မှာ သေချာတယ်။ ငါ လူခေါ်ပြီး မြင်းကို အမြန်နှင်လိုက်သွားရင် မီဖို့ဆိုတာ မခက်ပါဘူး"
ဝိန်းယွီသည် နောက်ဆုံးတွင် အနောက်သို့ လှည့်ကြည့်လာခဲ့သည်။ ညီလာခံတက်ရန် လိမ်းခြယ်ထားသော သူမ၏ မျက်နှာသည် အလွန်အမင်း အေးစက်တည်ငြိမ်နေသော်လည်း ထိုခမ်းနားထည်ဝါမှုအောက်တွင် လျှို့ဝှက်သော ဒေါသတစ်ခု ပုန်းအောင်းနေသယောင်။ "မီသွားပြီဆိုရင်ရော ဘာဆက်လုပ်မလဲ"
သူမက သူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း မေးလိုက်၏။ "ရှင့်လက်ထဲက ဝံပုလွေမြင်းစီးတပ်ဖွဲ့မှာ လူဘယ်လောက် ရှိလဲ။ ရှီးလင်မှာ လူဘယ်လောက် ရှိလဲ"
ရှောင်းလိ ပြန်ဖြေစရာ မလိုဘဲ သူမက သူ့ကိုယ်စား ပြန်ဖြေလိုက်လေသည်။ "ကျားချောက်တောင်ကြားလမ်းကို သွားမယ့် ရှီးလင်စစ်တပ်က သုံးသောင်း။ ချန်နိုင်ငံရဲ့ အနောက်ဘက်နယ်စပ်မှာ ဝိုင်းရံထားတာက နောက်ထပ် ခုနစ်သောင်း ရှိသေးတယ်။ ယန်ရှော့က တကယ်ပဲ ဖေစုန့်ရဲ့လူဆိုရင် ကျားချောက်တောင်ကြားလမ်းရဲ့ သဘာဝ အတားအဆီးတွေက အဲ့ဒီ ရှီးလင်စစ်တပ် သုံးသောင်းအတွက် အလကားပဲ။ ရှင် လူတစ်သောင်းတောင် မပြည့်တဲ့ ဝံပုလွေမြင်းစီးတပ်ဖွဲ့ကို ခေါ်ပြီး သူတို့ကို မီသွားရင် ဘာလုပ်နိုင်မှာလဲ"
"အသက်သွားပေးမလို့လား"
ဝံပုလွေမြင်းစီးတပ်ဖွဲ့က ရှီးလင်စစ်တပ် နှစ်စုကြားတွင် ညှပ်မိနေပြီး ကျားချောက်တောင်ကြားလမ်းသို့ သွားမည့် ရှီးလင်စစ်တပ် တစ်စုတည်းကို ဆွဲထားရန်ပင် လူအင်အား ကွာဟမှုက အကျိုးမရှိနိုင်ချေ။ အကယ်၍ ချန်နိုင်ငံ၏ အနောက်ဘက်နယ်စပ်ကို တိုက်ခိုက်နေသော ရှီးလင်စစ်တပ်က သတင်းရရှိသွားပြီး သူတို့ကို ဝိုင်းရံပိတ်ဆို့ရန် စစ်တပ်များ ထပ်မံ စေလွှတ်လိုက်ပါက ထွက်ပြေးလွတ်မြောက်ရန် မည်သို့ ဖြစ်နိုင်တော့မည်နည်း။
ဤအခြေအနေသည် အသက်ရှင်ရန် အခွင့်အရေး တစ်ဆယ်ရာခိုင်နှုန်းသာ ရှိတော့သည်မဟုတ်ဘဲ လုံးဝ သေချာပေါက် သေရမည့် အခြေအနေ ဖြစ်လေသည်။
ဝိန်းယွီသည် ထိုစကားများကို အေးစက်စွာ မေးမြန်းပြီးနောက် မတ်တတ်ရပ်ကာ အပြင်ဘက်သို့ လျှောက်သွားရန် ပြင်လိုက်၏။
သို့သော် ရှောင်းလိ၏ အနီးမှ ဖြတ်သွားချိန်တွင် သူက သူမ၏ တံတောင်ဆစ်ကို ရုတ်တရက် ဆွဲဖမ်းလိုက်ပြီး ရှောင်းလိက ပြောလိုက်၏။ "ဝံပုလွေမြင်းစီးတပ်ဖွဲ့တွေက တစ်ယောက်ကို ဆယ်ယောက် ယှဉ်နိုင်တဲ့ ကောင်လေးတွေချည်းပါပဲ။ အားယွီ... ငါ ကြိုးစားကြည့်ချင်တယ်"
"မင်းအတွက်ရော... တာ့လျန်အတွက်ပါ..."
မည်သည့် စကားလုံးက ဝိန်းယွီကို ဒေါသထွက်စေခဲ့သည် မသိသော်လည်း သူမသည် သူမ၏ တံတောင်ဆစ်ကို ဆုပ်ကိုင်ထားသော ရှောင်းလိ၏ လက်ကို ရုတ်တရက် ဖယ်ထုတ်လိုက်ပြီး ဘေးသို့ လှည့်ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ "ရှောင်းလိ... ရှင်နဲ့ လက်ထပ်ဖို့ ကျွန်မ သဘောတူခဲ့ပေမယ့် စကားပြန်ရုပ်သိမ်းလို့လည်း ရသေးတယ်။ ရှင်က အခုထိ ကျွန်မရဲ့ ဘာမှ မဟုတ်သေးဘူး"
"အမိန့်ပြန်တမ်းကိုလည်း ရှင် လက်မခံရသေးဘူး။ ရှင်က ကျွန်မ တာ့လျန်ရဲ့ အမတ်လည်း မဟုတ်ဘူး"
"ရှင် ကျွန်မအတွက် ဘာမှ လုပ်ပေးစရာ မလိုဘူး။ တာ့လျန်ကလည်း မလိုဘူး"
"ကျားချောက်တောင်ကြားလမ်း ကျသွားရင်၊ အနောက်ဘက်နယ်စပ် ကျသွားရင် အဲ့ဒါက ကျွန်မ ဝိန်းယွီ အရည်အချင်း မရှိလို့ပဲ။ သမိုင်းမှာ နာမည်ဆိုးနဲ့ ကျန်ရစ်မယ်ဆိုရင်တောင် ကျွန်မ တစ်ယောက်တည်း တာဝန်ယူရဲတယ်။ ရှင် လူငယ်ထောင်သောင်းချီပြီး အသက်စွန့်စရာ မလိုဘူး။ သမိုင်းစာမျက်နှာမှာ သွေးရောင်တွေ စွန်းထင်းသွားပြီး နောင်လာနောက်သားတွေရဲ့ လွမ်းဆွတ်ဖွယ် သက်ပြင်းချသံတွေကို အချည်းနှီး မလိုချင်ဘူး"
ထိုစကားများကို ပြောပြီးနောက် သူမသည် အပြင်ဘက်သို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားရန် ပြင်လိုက်သော်လည်း ရှောင်းလိက ရုတ်တရက် လက်မောင်းကို ဆန့်တန်းကာ သူမ၏ ပခုံးနှင့် လည်ပင်းကို ကျော်လွန်၍ အနောက်မှ တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။
ကျဉ်းမြောင်းသော အင်္ကျီလက်အောက်မှ တံတောင်ဆစ် အနည်းငယ် ကွေးသွားသောကြောင့် ဖောင်းကြွလာသော ကြွက်သားများ၏ အနေအထားနှင့် လက်ခုံပေါ်တွင် ပေါ်လွင်နေသော သွေးကြောများက ပိုင်ရှင်၏ လက်ရှိ စိတ်အခြေအနေကို ရှင်းလင်းစွာ ဖော်ပြနေလေသည်။
ရှောင်းလိ၏ မေးရိုးသည် ဝိန်းယွီ၏ ပခုံးစွန်းတွင် ဖိကပ်ထားပြီး လက်ဖဝါးအောက်ရှိ လက်တစ်ဖက်တည်းဖြင့် တင်းကျပ်စွာ ဖက်ထားနိုင်သော ပါးလျသည့် ခန္ဓာကိုယ်လေးကို ခံစားရင်း ဝိန်းယွီ၏ ပခုံးကို ကိုင်ထားသော လက်က မသိမသာ ပိုအားပါလာခဲ့သည်။ သူ့မျက်နှာအမူအရာသည် အေးစက်တင်းမာနေပြီး မျက်လုံးများထဲတွင် ဖိနှိပ်ထားရကာ နက်ရှိုင်းစူးရှသော နာကျင်မှုများ စိမ့်ဝင်နေကာ အနည်းငယ် နီရဲလာခဲ့သည်။ အသက်ရှူသံများက ရှုပ်ထွေးနေသော်လည်း စကားတစ်ခွန်းမျှ မဆိုချေ။
အချိန်အတော်ကြာမှသာ သူက ပြောလိုက်၏။ "ဒါပေမယ့် ဘယ်လိုလုပ်မလဲ ဝိန်းယွီ... သမိုင်းမှာ ပုပ်သိုးသွားရမယ်ဆိုရင်တောင် ငါ့နာမည်ကို မင်းနဲ့အတူတူ ရေးမှတ်ထားချင်တယ်"
"မင်း ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် စတေးပြီးမှ ကာကွယ်ထားတဲ့ မြစ်တွေ၊ တောင်တန်းတွေကို ဘယ်လိုလုပ်ပြီး တခြားလူယုတ်မာတွေကို ယူခွင့်ပေးနိုင်မှာလဲ"
"ငါ မင်းကို ပြောဖူးတယ်လေ... ငါ့မှာ အသက်ရှူဖို့ လေတစ်ဝက် ကျန်နေသေးသရွေ့ အရင်တုန်းက မြောက်ပိုင်းနယ်စပ်မှာ ကြုံခဲ့ရတဲ့ အန္တရာယ်မျိုး မင်းကို ထပ်မကြုံစေရဘူးလို့"
"ချန်နိုင်ငံနဲ့ တာ့လျန်က အမတ်တွေက ငါ တော်ဝင်နန်းတော်ကို တိုက်ခိုက်ခဲ့တာကို မကျေမနပ် ဖြစ်နေကြတာ မဟုတ်လား။ ငါ ဝံပုလွေမြင်းစီးတပ်ဖွဲ့ကို ခေါ်ပြီး ရှီးလင်စစ်တပ်ကို ဆွဲထားမယ်၊ ကျားချောက်တောင်ကြားလမ်း ဝိုင်းရံခံထားရတာကို ဖြေရှင်းပေးမယ်ဆိုရင် ဒီကိစ္စကို ကျော်လွန်သွားနိုင်ပြီလေ။ နောက်ကျရင် မင်းက ငါနဲ့ လက်ထပ်မယ်လို့ ပြောရင် သူတို့က ဘာကန့်ကွက်စရာ စကားတွေ ရှိတော့မှာလဲ"
"စကားမတည်လို့ မရဘူးနော်... မင်း ငါနဲ့ လက်ထပ်ဖို့ သဘောတူပြီးပြီပဲ"
သူ့မျက်လုံးများထဲတွင် အနီရောင်များက ပိုရင့်လာသော်လည်း ချက်ချင်းပင် ပြန်လည် ဖိနှိပ်လိုက်ပြီး ဝိန်းယွီ၏ ပါးလျသော ပခုံးနှင့် လက်မောင်းကို အားကုန်သုံး၍ တင်းကျပ်စွာ ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။ "ငါ အခု သွားတာက ရဲရင့်မှုကို ပြချင်လို့ မဟုတ်ဘူး။ ယန်ရှော့က ဖေစုန့်ရဲ့လူ ဟုတ်မဟုတ်ဆိုတာ သေချာတဲ့ သက်သေ မရှိသေးဘူး။ တကယ်လို့ ဒါက ဖေစုန့်ရဲ့ သွေးခွဲတဲ့ အကြံအစည်ဆိုရင် ရှီးလင်စစ်တပ်က ကျားချောက်တောင်ကြားလမ်းကို တိုက်တဲ့အခါ ငါက ကြိုတင်ပြီး လှုပ်ရှားမှုတွေ လုပ်ပြလိုက်ရင် ဂိတ်အတွင်းက လူတွေကို သတိထားမိစေမှာပဲ"
"နောက်တစ်ခုက ဝန်ကြီးချုပ်ချီနဲ့ စစ်သူကြီးဖန့်တို့ရဲ့ သတိနဲ့ဆိုရင် ငါ ယန်ရှော့ကို ဖိအားပေးပြီး ဝံပုလွေမြင်းစီးတပ်ဖွဲ့ကို ဂိတ်အပြင်ကို ထွက်ခွင့်ပေးလိုက်ကတည်းက သူတို့က ကျားချောက်တောင်ကြားလမ်းဆီကို စစ်ချီဖို့ ကြိုတင် ပြင်ဆင်နေလောက်ပြီ။ ယန်ရှော့က တကယ်ပဲ ဖေစုန့်ဘက်ကို ကူးပြောင်းသွားခဲ့ရင်တောင် ငါက တစ်ရက်၊ တစ်မနက်လောက် ပိုဆွဲထားနိုင်ရင် စစ်သူကြီးဖန့်တို့ စစ်ချီဖို့အတွက် တစ်ရက်၊ တစ်မနက်လောက် အချိန်ပိုရသွားမှာပဲ"
ဝိန်းယွီသည် အနောက်မှလူ၏ တင်းကျပ်စွာ ဖက်ထားမှုကို ခံစားရင်း မျက်လုံးများကို မှိတ်ထားကာ မျက်လုံးအပြည့်ရှိနေသော နာကျင်မှုများကို အတင်းအကျပ် မျိုချလိုက်လေသည်။
သူမသည် ဝိန်းမျိုးရိုးကို ခံယူထားပြီး ကလဲ့စားချေရန်နှင့် ဤမြစ်များနှင့် တောင်တန်းများကို ပြန်လည် တည်ဆောက်ရန်မှာ သူမ၏ ကံကြမ္မာပင်။
ထို့ကြောင့် သူမသည် ဤမြစ်များနှင့် တောင်တန်းများအတွက် အသက်သေဆုံးရန် အဆင်သင့် ဖြစ်နေပြီး ဖခင်၊ အစ်ကိုနှင့် တူဖြစ်သူတို့၏ သေဆုံးမှု သတင်းကို သိရှိကာ တောင်ဘက်သို့ ဆင်းလာကတည်းက ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် ဤကဲ့သို့သော ကံကြမ္မာကို ထမ်းပိုးရမည်မှာ သူမ တစ်ယောက်တည်းသာ ဖြစ်သင့်သည်။
သူမနှင့်အတူ တူညီသော လမ်းကို လျှောက်လှမ်းရန် သူ့ကို သူမ အလိုမရှိသလို၊ ခွင့်လည်း မပြုနိုင်ချေ။
ဝိန်းယွီသည် လည်ချောင်းထဲမှ အပ်နှင့် ထိုးဆွခံရသကဲ့သို့ နာကျင်မှု မျိုချလိုက်ပြီး မျက်လွှာကို နောက်တစ်ကြိမ် ပင့်ကြည့်လိုက်ချိန်တွင် အစွမ်းကုန် ထိန်းချုပ်ထားသော်လည်း ၎င်းအတွင်း၌ ပေါ်လွင်နေသော နီရဲမှုများကို ဖိနှိပ်၍ မရခဲ့ချေ။ သူမသည် ပခုံးပေါ်တွင် ချုပ်နှောင်ထားသော ရှောင်းလိ၏ လက်ကို ဖယ်ရှားလိုက်ပြီး အနောက်သို့ လှည့်ကြည့်ကာ အေးစက်စူးရှစွာဖြင့် ပြောလိုက်၏။ "ဒါဆိုရင် ရှင်က ယန်ရှော့ မပုန်ကန်သေးဘူးဆိုတာကို လောင်းကြေးထပ်မလို့လား။ လျန်နယ်မြေက စစ်တပ်ကြီး အနောက်ဘက်နယ်စပ်ကို ကြိုတင် ထွက်ခွာလာတယ်ဆိုတဲ့ ဖြစ်နိုင်ခြေ သေးသေးလေးကို လောင်းကြေးထပ်မလို့လား"
ရှောင်းလိက သူမကို နှုတ်ဆိတ်ကာ စိုက်ကြည့်နေပြီး အချိန်အတော်ကြာမှသာ ပြောလိုက်လေသည်။ "ဒီအဆင့်ကို ရောက်လာမှတော့ ဖြစ်နိုင်ခြေ သောင်းဂဏန်းမှာ တစ်ပုံပဲ ရှိပါစေ သွားပြီး လောင်းကြေးထပ်ရမှာပဲ။ အားယွီ... မင်းက ငါ့ထက် ပိုသိပါတယ်"
ဝိန်းယွီသည် ရှားရှားပါးပါးပင် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ သူ့ကို အော်ဟစ်လိုက်၏။ "ကျွန်မ မသိဘူး"
ပြောပြီးနောက် ကိုယ်ကို လှည့်ကာ မျက်လုံးများကို ပြန်လည် မှိတ်ထားပြီး အေးစက်စွာ ပြောလိုက်လေသည်။ "ကျွန်မ ပြောပြီးပြီ... ရှင်က ကျွန်မရဲ့ အမတ် မဟုတ်ဘူး၊ ရှင် လုပ်ပေးစရာ မလိုဘူး..."
ရှောင်းလိက ပြောလိုက်၏။ "အခုတော့ ဟုတ်သွားပါပြီ"
သူသည် သူမ၏ အနောက်တွင် လျန်နယ်မြေမှ စစ်သည်များ၏ အရိုအသေပေးဟန်ဖြင့် ဒူးတစ်ဖက် ထောက်ချလိုက်လေသည်။ "ရှောင်းလိသည် ဝိန်းမိသားစု၏ ဟန့်ယန်မင်းသမီးအား အရှင်သခင်အဖြစ် လက်ခံပါမယ်။ မြောက်ပိုင်းနယ်စပ် ပြည်နယ် (၂၄) ခုသည် အခုချိန်ကစပြီး လျန်နယ်မြေ ဖြစ်ပြီး၊ ယန်ယွင် ဝံပုလွေမြင်းစီးတပ်ဖွဲ့ သုံးသောင်းကလည်း လျန်စစ်သည်တွေ ဖြစ်ပါတယ်"
"ရန်သူကို ကာကွယ်ဖို့ ဝံပုလွေမြင်းစီးတပ်ဖွဲ့ကို ဦးဆောင်ပြီး ကျားချောက်တောင်ကြားလမ်းကို အလျင်အမြန် သွားရောက်ခွင့်ပြုဖို့ အရှင်သခင်ကို တောင်းဆိုပါတယ်"
ဝိန်းယွီသည် လှည့်ကြည့်ကာ သူ့ကို မှင်သက်စွာ ကြည့်နေမိသည်။ သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ ကျဆင်းလာသော မျက်ရည်တစ်ပေါက်ကြောင့် အတင်းအကျပ် ဟန်ဆောင်ထားသော အေးစက်မာကျောသည့် မျက်နှာဖုံးသည် အက်ကွဲရာများ ဖြစ်ပေါ်သွားလေသည်။
မြောက်ပိုင်းနယ်စပ်သည် ဝေ့ချီရှန်းက ယခင်ကျင့်နိုင်ငံ၏ မင်းသမီးအတုဖြစ်သော ဝမ်းဝမ်ကျိန်းကို ထုတ်ဖော်ပြသပြီး ယခင်ကျင့်နိုင်ငံ၏ အမတ်အဖြစ် ပြန်လည် နေထိုင်မည်ဟု ကြေညာပြီးကတည်းက ဝေ့စစ်စခန်းအတွင်းရှိ လူများက ကျင့်နယ်မြေဟု အမြဲ ခေါ်ဝေါ်ခဲ့ကြသည်။ သို့သော် ဝေ့စစ်စခန်းသည် ဤနှစ်နှစ်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး မြောက်ပိုင်းနယ်စပ်မှ ပြည်သူများသည် လျန်လူမျိုးအဖြစ် ဆယ်စုနှစ်များစွာ နေထိုင်လာခဲ့ကြကာ ဤရုန်းရင်းဆန်ခတ် စစ်ပွဲကြီးကလည်း မပြီးဆုံးသေးသဖြင့် ဝေ့စစ်စခန်း အတွင်းပိုင်းရှိ မြောက်ပိုင်းနယ်မြေ၏ နာမည်ပြောင်းလဲမှုကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြချေ။
လွန်ခဲ့သော တစ်ရက်ကပင် သူသည် ဤအရာကို အသုံးချကာ သူမကို လက်ထပ်ရန် အတင်းအကျပ် ဖိအားပေးခဲ့သေးသည်။
ယခုအခါ သေမင်းဆီသို့ သွားရခြင်းနှင့် မခြားသော စစ်ပွဲတစ်ခုအတွက် သူမကို အရှင်သခင်အဖြစ် ခံယူနေလေပြီ။
ဝိန်းယွီသည် သည်လိုနှလုံးသားကို ဓားဖြင့် လှီးဖြတ်ခံရသကဲ့သို့ နာကျင်မှုကို မခံစားရသည်မှာ အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မျက်လုံးထဲရှိ မျက်ရည်များ အလျင်အမြန် ကျဆင်းလာသော်လည်း ရင်ဘတ်ထဲရှိ မွန်းကြပ်နာကျင်မှုများကို တစ်စက်ကလေးပင် မဖယ်ရှားနိုင်ခဲ့ချေ။
သူမက မေးလိုက်၏။ "ကျွန်မက သဘောမတူဘူးဆိုရင်ရော"
ရှောင်းလိသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်၏။ ခဏအကြာမှ ပြောလိုက်လေသည်။ "ရှောင်းလိက မြောက်ပိုင်းနယ်စပ်ရဲ့ အရှင်သခင် မဖြစ်ခင်မှာ လျန်လူမျိုး အရင်ခဲ့ဖြစ်ပါတယ်။ အနောက်ဘက်နယ်စပ် ကျသွားရင် လျန်နယ်မြေက ပြည်သူ ဘယ်လောက်တောင် စစ်ဘေးစစ်ဒဏ်ကို ခံစားရဦးမလဲ မသိနိုင်ဘူး။ မြောက်ပိုင်းနယ်စပ်က ပြည်သူတွေလည်း ငြိမ်းချမ်းခွင့် ရမှာ မဟုတ်ဘူး။ ရှောင်းလိက စစ်ရေးအာဏာကို ကိုင်စွဲထားမှတော့ သေရမယ်ဆိုရင်တောင် လျန်နယ်မြေက ပြည်သူတွေ အားလုံးအတွက် ကြိုးစားပေးသင့်ပါတယ်"
သူမကို ကြည့်နေသော အကြည့်များက နက်ရှိုင်းကာ အသက်ရှူကြပ်လောက်အောင် နာကျင်နေပြီး နူးညံ့ပျော့ပျောင်းနေလေသည်။ မျက်လုံးထဲရှိ နီရဲမှုများသည် သွေးခဲလုနီးပါး ရင့်လာသယောင်ပင်။
တစ်ချိန်တုန်းက ဝိန်းယွီ၏ စိတ်ထဲတွင် ပြည်သူများနှင့် တိုင်းပြည်သာ ရှိသည်ဟု သူ ထင်ခဲ့ဖူးသည်။
သို့သော် ယခုအခါ သူမ၏ ကြောက်ရွံ့မှုကို သူ မြင်တွေ့ခဲ့ရပြီ။ အလွန် နည်းပါးလှသော ဖြစ်နိုင်ခြေတစ်ခုအတွက် သူမက သူ့ကို အသက်စွန့်ပြီး လောင်းကြေးထပ်ခွင့် မပေးရဲဘဲ ရူးသွပ်မတတ် အော်ဟစ်ကာ သူနှင့် အရာအားလုံးကို အဆက်အသွယ် ဖြတ်တောက်ချင်နေသည်ကို သူ မြင်တွေ့ခဲ့ရလေပြီ။
တကယ်တော့ သူသည်လည်း သူမ၏ အနူးညံ့ဆုံးသော နံရိုးတစ်ချောင်း ဖြစ်နေခဲ့သည်ကိုး။
တကယ်တော့ သူ၏ လမင်းလေးကလည်း သူ့ကို အမြဲတမ်း လင်းလက်ပေးနေခဲ့သည်ကိုး။
သူသည် ပြည်သူများအကြောင်းကို ပြောသည်၊ စစ်ရေးအာဏာကို ကိုင်စွဲရသော တာဝန်အကြောင်းကို ပြောပြီး သူမအတွက် ဤသေချာပေါက် သေရမည့် စစ်ပွဲသို့ သွားရောက်ခြင်း ဖြစ်သည်ဟု ဆက်မပြောတော့ချေ။ သူ သိထားသည်မှာ အကယ်၍ ဝိန်းယွီ ကိုယ်တိုင်သာဆိုလျှင် သူမ သေချာပေါက် သွားလိမ့်မည်ကိုပင်။
သူသည် သူမကိုယ်စား သူမ၏ နည်းလမ်းကို အသုံးပြုကာ ဤမြစ်များနှင့် တောင်တန်းများကို သွားရောက် ကာကွယ်ပေးခြင်း ဖြစ်လေသည်။
ဝိန်းယွီသည် ခေါင်းကို အနည်းငယ် စောင်းထားသဖြင့် နောက်ထပ် မျက်ရည်တစ်ပေါက်က မျက်ထောင့်မှတစ်ဆင့် နှာတံကို ဖြတ်ကာ အလျင်အမြန် ကျဆင်းသွားခဲ့သည်။ အသက်ရှူလိုက်တိုင်း ရင်ဘတ်ထဲတွင် ဆက်တိုက် နာကျင်မှုများ ဖြစ်ပေါ်နေသည်ကို ခံစားနေရသော်လည်း မျက်နှာအမူအရာက အေးစက်တည်ငြိမ်နေဆဲပင်။ သို့သော် ထိုအေးစက်မာကျောမှုထဲမှ တဖြည်းဖြည်း အက်ကွဲလာသော နာကျင်မှုများ ပေါ်ထွက်လာပြီး သူမက ပြောလိုက်၏။ "ကောင်းပြီ၊ ရှင် သွားပါ။ ဒါပေမယ့် ရှင် ကျားချောက်တောင်ကြားလမ်းမှာ သေသွားခဲ့ရင် ကျွန်မ စကားမတည်တာကို အပြစ်မတင်နဲ့..."
ရှောင်းလိသည် ထိုနေရာတွင် ဒူးတစ်ဖက် ထောက်ထားပြီး လက်ဖဝါးများကို သွေးထွက်မတတ် တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ ပြန်ဖြေလိုက်လေသည်။ "ဒီလိုပဲ ဖြစ်ရစေပါမယ်"
အမြင်အာရုံများ ဝေဝါးလာလုနီးပါး ဖြစ်နေချိန်တွင် ဝိန်းယွီက ရက်စက်စွာ ပြောလိုက်၏။ "လောကကြီးမှာ ယောကျ်ားကောင်းတွေ အများကြီး ရှိပါတယ်။ ရှောင်းလိ... ရှင် သေသွားရင်လည်း ကျွန်မက ရှင့်ကို သိပ်ကြာကြာ မှတ်မိနေမှာ မဟုတ်ဘူး။ အချိန်သိပ်မကြာခင်မှာပဲ ကျွန်မ တခြား ယောကျ်ားတစ်ယောက်ကို သဘောကျသွားမှာပဲ..."
နောက်ဆက်တွဲ စကားများကို သူမ ဆက်မပြောနိုင်တော့ချေ။ အမြင်အာရုံများ ဝေဝါးနေသဖြင့် ခြေလှမ်းနှစ်လှမ်းခန့် အကွာတွင် ဒူးတစ်ဖက် ထောက်နေသော လူသည် မည်သို့ မတ်တတ်ရပ်လာပြီး သွေးကြောများ ပေါ်လွင်နေသော လက်ဖြင့် သူမ၏ ပခုံးကို ဆုပ်ကိုင်ကာ သူမကို နောက်သို့ အကြိမ်ကြိမ် တွန်းပို့ပြီး ပန်းပုထွင်း လခြမ်းတံခါးဝတွင် ဖိကပ်လိုက်သည်ကို မမြင်လိုက်ရချေ။
တစ်ဖက်လူသည် သူမကို ပန်းပုထွင်း လခြမ်းတံခါးနှင့် သူ၏ လက်မောင်းနှစ်ဖက်ကြားတွင် လုံခြုံစွာ ပိတ်လှောင်ထားလေသည်။ ဒေါသကြောင့်လား သို့မဟုတ် နာကျင်မှုကြောင့်လား၊ သို့မဟုတ် နှစ်ခုလုံး ရောယှက်နေ၍လား မသိသော်လည်း ရင်ဘတ်၏ အားပြင်းစွာ နိမ့်ချည်မြင့်ချည် ဖြစ်နေမှုနှင့် လေးလံကြမ်းတမ်းသော အသက်ရှူသံများသည် ယခင်ကထက် ပိုမို ပြင်းထန်နေလေသည်။
သူမသည် ဤရင်းနှီးနေသော ပူလောင်သည့် အသက်ရှူသံများထဲတွင် လွှမ်းခြုံခံထားရသော်လည်း မျက်လုံးများသာ အလွန်အမင်း ကျိန်းစပ်နေသည်ကို ခံစားလိုက်ရ၏။ သူမသည် မျက်နှာလွှဲကာ သူ့ကို မကြည့်ချင်သော်လည်း သူက မေးစေ့ကို ဆုပ်ကိုင်ကာ အတင်းအကျပ် ပြန်ဆွဲလှည့်လိုက်၏။
လက်နက်များကို အမြဲတမ်း ကိုင်တွယ်ရသဖြင့် အသားမာများ တက်နေသော ထိုလက်သည် သူမ၏ မေးစေ့ကို ညှစ်ထားသော အားက အလွန် ပြင်းထန်လွန်းသဖြင့် သူမကိုပင် နာကျင်လာစေခဲ့သည်။ သူမကို ကြည့်နေသော မျက်လုံးများက အလွန် နီရဲနေပြီး အကြည့်များကလည်း အလွန် ရက်စက်နေသော်လည်း ထွက်ပေါ်လာသော စကားသံက အလွန် တိုးညှင်းနေ၏။ "ဒါဆိုရင် မင်းက သမုဒ္ဒရာလေးစင်းကို ပိုင်ဆိုင်ထားတဲ့ ဧကရာဇ်မလေး အဖြစ်နဲ့ပဲ သေချာ နေလိုက်တော့... ငါ့ကို ဘယ်တော့မှ ထပ်မစဉ်းစားနဲ့တော့"
နှုတ်ခမ်းကို အနမ်းခံလိုက်ရချိန်တွင် ဝိန်းယွီ၏ မျက်စိရှေ့တွင် ထိန်းချုပ်လို့ မရနိုင်တော့သည့် မျက်ရည်များဖြင့် လုံးဝ ဖုံးလွှမ်းသွားခဲ့လေပြီ။
ရှောင်းလိသည် အစွမ်းကုန် နူးညံ့စွာ ပြုမူရန် ကြိုးစားနေသော်လည်း သူမ၏ နှုတ်ခမ်းများကို ဖိကပ်ထားသော အားက အလွန် ပြင်းထန်နေဆဲဖြစ်ကာ ခါးသက်ငန်ကျိသော အရသာများထဲတွင် သူမ၏ အရာအားလုံးကို မျိုချပစ်လိုက်လေသည်။
အချင်းချင်း၏ နာကျင်ခါးသီးနေသော အသက်ရှူသံများ ရောယှက်နေပြီး ဤသည်မှာ အစောကြီးကတည်းက ရှုပ်ထွေးနေခဲ့သော သူတို့၏ ကံကြမ္မာများနှင့် တစ်ထပ်တည်းပင်။
ပြီးဆုံးသွားချိန်တွင် သူသည် ကြမ်းတမ်းသော လက်ချောင်းထိပ်များဖြင့် သူမ၏ မျက်နှာပေါ်ရှိ စိုစွတ်မှုများကို သုတ်ပေးရင်း ပြောလိုက်လေသည်။ "ဒါပေမယ့် ဒီလိုကိစ္စမျိုး ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး"
ပြောပြီးနောက် ဝိန်းယွီကို နောက်ဆုံးအကြိမ် နက်ရှိုင်းစွာ ကြည့်လိုက်ပြီး ကိုယ်ကို လှည့်ကာ အပြင်ဘက်သို့ ထွက်သွားရန် ပြင်လိုက်သော်လည်း ဝိန်းယွီက သူ့ကို လှမ်းခေါ်လိုက်၏။ "ရှောင်းလိ"
သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်သော်လည်း နောက်သို့ လှည့်မကြည့်ရဲတော့ချေ။
ဝိန်းယွီသည် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကကဲ့သို့ သွယ်လျမြင့်မားသော ထိုကျောပြင်ကြီးကို ကြည့်ရင်း ပြောလိုက်လေသည်။ "အစ်ကိုကြီး ကျွန်မကို လော့ယန်ကနေ လိုက်ပို့တုန်းက ကျွန်မကို အိမ်ပြန်ခေါ်ဖို့ လာခဲ့မယ်လို့ ပြောခဲ့တယ်"
"အစ်ကိုကြီးက ကတိဖျက်ခဲ့တယ်"
သူမ၏ မျက်လုံးများထဲတွင် အနီရောင်များက တစ်လွှာပြီး တစ်လွှာ အရောင်ပိုရင့်လာသော်လည်း ထိုကျောပြင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေဆဲပင်။ "ကျားချောက်တောင်ကြားလမ်းက ရန်သူတွေကို တိုက်ထုတ်ပြီးရင် တာ့လျန်ကို ပြန်ဖို့ ရှင် ကျွန်မကို သေချာပေါက် လာခေါ်ရမယ်"
"ကတိမဖျက်ရဘူးနော်"
...