← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အပိုင်း (၂၃၈)

ဤအစည်းအဝေး ပြီးဆုံးသွားသည့်နောက် ဝိန်းယွီသည် ချီစီးမြောင်၊ အမတ်ချုပ်ဝေ့ စသည့် ယုံကြည်ရသော နန်ချန် အမတ်ဟောင်းများကို နေခဲ့ခိုင်းပြီး ကုရှီးယွင်၊ ယန်ပေါင်လင်းစသည့် တာ့လျန် အမျိုးသမီးအရာရှိများကို သက်သေအဖြစ် အတူတကွ ခေါ်ယူလိုက်ကာ သူမ ကောလဲ့မြို့သို့ သွားရာတွင် မတော်တဆမှုတစ်ခုခု ဖြစ်ပေါ်ခဲ့လျှင် အားလီကို ထီးနန်းလွှဲပြောင်းပေးမည့် တော်ဝင်အမိန့်စာကို ပိုးထည်ပေါ်တွင် စုတ်တံဖြင့် ရေးသားလိုက်လေသည်။

ညီလာခံခန်းမဆောင်အတွင်း လေထုက လေးလံနေ၏။ သူမသည် ပိုးထည်ပေါ်တွင် နောက်ဆုံးစာလုံးကို ရေးသားပြီးနောက် သူမ၏ ကျောက်စိမ်းတံဆိပ်တုံးကို ယူကာ ပိုးထည်အမိန့်စာ၏ အောက်ဘက်ထောင့်တွင် တံဆိပ်ရိုက်နှိပ်လိုက်သည်။

ကုရှီးယွင်က တဖြည်းဖြည်း နီရဲလာသော မျက်လုံးများကို ထိန်းချုပ်ရင်း မျက်နှာလွှဲထားလိုက်လေသည်။ ဝိန်းယွီ၏ ဤလုပ်ရပ်က ဘာကိုဆိုလိုသလဲဆိုတာကို သူမက သိနေ၏။

နန်ချန်ဖြစ်စေ တာ့လျန်ဖြစ်စေ ဘဏ္ဍာတိုက်သည် မိဖုရားဆွေမျိုးများနှင့် သစ္စာဖောက်အဖွဲ့များ၏ ခိုးဝှက်မှုကြောင့် အစောကြီးကတည်းက ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။ ဤနှစ်များအတွင်း စစ်မီးကလည်း မငြိမ်းသတ်နိုင်သေးချေ။ ဖေစုန့်က တာ့လျန်ပြည်သူများ၏ သေရေးရှင်ရေးကို ဂရုမစိုက်ဘဲ ပြည်သူများ၏ အရိုးကြားမှ ဆီထွက်နိုင်သမျှ ထွက်အောင် ညှစ်ထုတ်နေသော်လည်း ဝိန်းယွီကတော့ ပြည်သူအားလုံးကို အသက်ရှင်စေချင်ခဲ့သည်။

ထို့ကြောင့် စစ်ရေးလိုအပ်ချက်များအတွက် ကြီးမားလှသော ကုန်ကျစရိတ်များနှင့် ဖေစုန့်လက်ထဲမှ ပြန်လည်လုယူလာသော မြို့နယ်မြေများ၏ ပျက်စီးယိုယွင်းမှုများကို ရင်ဆိုင်ရချိန်တွင် သူမသည် ပြည်သူများကို အကျိုးပြုသည့် အမိန့်များစွာကို ထုတ်ပြန်ကာ စိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေးကို အလေးထားပြီး နယ်စပ်ပြင်ပ ကုန်သွယ်ရေးကို အားသွန်ခွန်စိုက် မြှင့်တင်ခဲ့သော်လည်း အရှေ့ဘက်နံရံကိုဖျက်ပြီး အနောက်ဘက်နံရံကို ပြင်ရသလို ထောက်ပံ့ပေးနေခဲ့ရသည်။

လော့ယန်တိုက်ပွဲအပြီးတွင် ဤနှစ်ပေါင်းများစွာ လောင်ကျွမ်းခဲ့သော စစ်မီးကြီး ငြိမ်းသွားလိမ့်မည်၊ ပြည်သူများလည်း အနားယူကာ အင်အားပြန်လည်ဖြည့်တင်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရှီးလင်က တဖန် ရောက်ရှိလာခဲ့ပြန်သည်။

ဤစစ်ပွဲကို ဆက်ပြီး တိုက်ခိုက်နေရမည်ဆိုလျှင် နယ်မြေတစ်ခု ဆုံးရှုံးသွားတိုင်း ပြည်သူများ၏ မကျေနပ်ချက်များသည်လည်း နောက်ထပ် တစ်ဆ ပိုလို့ပင် ကြီးမားလာလိမ့်မည်။

အထူးသဖြင့် နန်ချန်ပင်။ အောက်ခြေရှိ ပြည်သူများသည် နန်းတွင်းရှိ အကျိုးစီးပွား အပြန်အလှန် လဲလှယ်မှုများကို နားမလည်ကြသလို နန်ချန်က ယခင်က တာ့လျန်သို့ စစ်တပ်စေလွှတ်ခဲ့ခြင်းသည် ထိုနှစ်က လျန်ဝမ်က နန်ချန်သို့ စစ်တပ်ငှားရမ်းပေးခဲ့သည့် ကျေးဇူးကို ဆပ်ရန်နှင့် တာ့လျန်နယ်မြေသို့ ပြန်လည်ဝင်ရောက်ရန် အခွင့်အရေး ယူခဲ့ခြင်းဖြစ်သည်ကို နားလည်ကြမည် မဟုတ်ချေ။

ရှီးလင်က အင်အားအလုံးအရင်း ကျူးကျော်လာပြီး တာ့လျန်သည် ကျားချောက်တောင်ကြားဂိတ်ကို ဆုံးရှုံးကာ မိမိကိုယ်ကိုပင် မကာကွယ်နိုင်တော့သည့်အချိန်တွင် နန်ချန်ပြည်သူများသည် ရည်ရွယ်ချက်ရှိသူများ၏ လှုံ့ဆော်မှုကို ခံလိုက်ရလျှင် ယခု သူတို့နန်ချန်၏ နိုင်ငံတော်အင်အား မလုံလောက်ရခြင်းမှာ ပြီးခဲ့သောနှစ်များက တာ့လျန်ကို အကြီးအကျယ် ထောက်ပံ့ပေးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုသာ ထင်မြင်သွားကြမှာ စိုးရိမ်ရလေသည်။

ဝိန်းယွီက နန်ချန်အတွက် လုပ်ဆောင်ပေးခဲ့သမျှ အရာအားလုံးသည်လည်း နန်ချန်၏ အရာအားလုံးကိုယူကာ တာ့လျန်အတွက် အုတ်မြစ်ချပေးခြင်းဖြစ်သည်ဟု ထင်မြင်ခံရလိမ့်မည်။

တာ့လျန်နှင့် နန်ချန် တိုင်းပြည်နှစ်ခု၏ မဟာမိတ်ဆက်ဆံရေးသည် ပြည်သူများ၏ မကျေနပ်ချက်များအောက်တွင် ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ရှီးလင်အတွက် တစ်ခုချင်းစီကို အလွယ်တကူ တိုက်ခိုက်ချေမှုန်းရန် ပိုအဆင်ပြေသွားစေလိမ့်မည်။

ဖေစုန့်နှင့် ရှီးလင်တို့သည် ဝိန်းယွီကို ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေသော ဤအကျပ်အတည်းထဲသို့ တွန်းပို့ကာ သူမကို တဖြည်းဖြည်းချင်း လက်ပမ်းကျလာအောင် လုပ်နေခြင်းပင်။

သူမက သူတို့အလိုကျ ဤထောင်ချောက်ထဲသို့ မဝင်ဘဲ ကျောက်စိမ်းနှင့် ကျောက်ခဲ အတူတကွ လောင်ကျွမ်းစေမည့် ဤနည်းလမ်းကို ရွေးချယ်ကာ သူမကိုယ်တိုင် ငါးစာအဖြစ် ခံယူပြီး ငါးသေလျှင် ပိုက်ကွန်ပြဲမည့် အသေအလဲ တိုက်ပွဲကို ဆင်နွဲရတော့မည်။

သူမသာ အနိုင်ရခဲ့လျှင် ရှီးလင်သည် တာ့လျန်နယ်မြေထဲသို့ ဝင်ရောက်တိုက်ခိုက်ရန် ဖြစ်နိုင်ခြေ ရှိတော့မည်မဟုတ်ချေ။

သူမသာ ရှုံးနိမ့်သွားခဲ့လျှင်လည်း ဖေစုန့်နှင့် ရှီးလင်တို့၏ တာ့လျန်နှင့် နန်ချန် မဟာမိတ်ဆက်ဆံရေးကို ဖြိုခွဲမည့်အစီအစဉ်ကို ပျက်စီးသွားစေပြီး နယ်မြေနှစ်ခုစလုံးရှိ ပြည်သူများကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးကာ ရှီးလင်အနေဖြင့် နောင်တွင် တာ့လျန်နှင့် နန်ချန် နယ်မြေနှစ်ခုမှ မည်သည့်မြို့ကိုမဆို သိမ်းပိုက်လိုလျှင် ခြေတစ်လှမ်းတိုးရန်ပင် ခက်ခဲသွားစေလိမ့်မည်။

သို့သော် ကုရှီးယွင်ကတော့ ဝမ်းနည်းမှုကိုသာ ခံစားနေရသည်။

ပြိုလဲလုနီးပါးဖြစ်နေသော ဤတိုင်းပြည်ကြီးကို ကယ်တင်ရန်အတွက် လျန်ဝမ် သားအဖသည် သူတို့၏အသက်များကို ပေးဆပ်ခဲ့ပြီးနောက်တွင်ပင် ယခုအခါ ဝိန်းယွီက ဤတိုင်းပြည်ကြီး ပြိုကွဲပျက်စီးသွားမည့် ကြီးမားသော ချောက်ကမ်းပါးကြီးကို ဖြည့်ဆည်းရန် သူမ၏အသက်ကို စွန့်လွှတ်ရမည့် အလှည့်သို့ ရောက်ရှိလာခဲ့လေပြီ။

အကယ်၍သာ ဤအရာအားလုံး မဖြစ်ပျက်ခဲ့လျှင်၊ အကယ်၍သာ ထိုနှစ်က လျန်ဝမ် အဆင်ပြေချောမွေ့စွာ ထီးနန်းတက်နိုင်ခဲ့လျှင် ဝိန်းယွီသည် တာ့လျန်၏ အချစ်တော် မင်းသမီးလေးအဖြစ် နန်းတွင်းညီလာခံတွင် ပညာရှိများကို နှုတ်ရေးဖြင့် မည်သို့ အနိုင်ယူရမည်၊ နန်းတွင်းရှိ ရှေးရိုးစွဲ အမတ်ဟောင်းများကို အမျိုးသမီးကျောင်းတော် ဖွင့်လှစ်ရန်နှင့် တော်ဝင်စာမေးပွဲတွင် အမျိုးသမီးကဏ္ဍ ထည့်သွင်းရန် မည်သို့ သဘောတူအောင် လုပ်ရမည်ကိုသာ ပူပန်နေစရာ ရှိသည်။

သို့သော် ဤလောကတွင် 'အကယ်၍' ဆိုသည်မှာ မရှိခဲ့ပေ။ တစ်စစီ ကွဲကြေနေသော ဤမိုင်ပေါင်းသောင်းချီ ကျယ်ဝန်းလှသည့် တိုင်းပြည်ကြီးသည် ကြာရိုးတံကဲ့သို့ ကျိုးပဲ့သွားနိုင်သော်လည်း ကွေးညွတ်သွားမည်မဟုတ်သော သူမ၏ သွယ်လျသည့် ပခုံးထက်တွင် အစောကြီးကတည်းက ရောက်ရှိနေခဲ့လေပြီ။

ယန်ပေါင်လင်းသည် ဝိန်းယွီက ကျောက်စိမ်းတံဆိပ်တုံးကို တံဆိပ်ခုံပေါ်သို့ ပြန်တင်လိုက်သည်ကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင်လည်း မျက်ရည်များ စီးကျလာလေသည်။

ထိုနေရာတွင် တည်ငြိမ်နေသော တစ်ဦးတည်းသောသူမှာ ဝိန်းယွီတစ်ယောက်တည်းသာ။ သူမက မျက်လွှာပင့်ကာ ချီစီးမြောင်ကို ကြည့်ပြီး ပြောလိုက်၏။ "ဒီမင်းသမီးက ဒီကိုသွားရင်း မမျှော်လင့်ထားတာ တစ်ခုခု ဖြစ်ခဲ့ရင် လူကြီးမင်းတို့က ဒီအမိန့်စာအတိုင်း ဆောင်ရွက်ကြပါ"

ချီစီးမြောင်က မျက်နှာပေါ်တွင် နက်ရှိုင်းသော နာကျင်မှုများဖြင့် လက်နှစ်ဖက်ကို ယှက်ကာ တုန်ယင်နေသော အသံဖြင့် ပြန်ဖြေလိုက်၏။ "ကျွန်တော်မျိုး... အမိန့်ကို နာခံပါ့မယ်"

ဝိန်းယွီသည် မတ်တတ်ရပ်လိုက်ပြီး ပိုးချည်ထိုးထားသော စကတ်အနားကို တရွတ်တိုက်ဆွဲကာ လှေကားထစ်များမှ ဆင်းလာပြီးနောက် ပိုးထည်အမိန့်စာကို သူ့ထံ ကမ်းပေးလိုက်သည်။

ချီစီးမြောင်က လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သော်လည်း ဝိန်းယွီသည် ချက်ချင်း လက်မလွှတ်ပေးသေးချေ။ သူမက ရှည်လျားသော မျက်တောင်များကို အနည်းငယ်ချကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်၏။ "ငါ့သမီးက ငယ်ပါသေးတယ်။ နောင်ကျရင် သူ့အကျင့်စရိုက်က ခေါင်းမာဆိုးသွမ်းခဲ့ရင် အားလုံးက ဝိုင်းဝန်းကူညီပြီး ပိုသည်းခံပေးကြဖို့ပဲ မျှော်လင့်ပါတယ်။ သူက ဒီနန်းတွင်းကို စိတ်မဝင်စားဘူး၊ ဒီတိုင်းပြည်ကြီးကို တာဝန်မယူနိုင်ဘူးဆိုရင်... အားလုံးက တာ့လျန်က မင်းဆရာကြီးယွီ၊ ချန်လူကြီးမင်း စတဲ့ အားထားရတဲ့ အမတ်တွေနဲ့ တိုင်ပင်ပြီး တခြား ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက်ကို တင်မြှောက်လိုက်ပါ။ သူများကို လှည့်စားပြီး သူ့ကို ဒီမြင့်မားတဲ့ နန်းတော်ကြီးနဲ့ ဝေးရာကို ပို့ပေးလိုက်ပြီး ချမ်းသာတဲ့ သာမန်လူတစ်ယောက်အဖြစ် နေခိုင်းလိုက်ရင် ရပါပြီ"

ယန်ပေါင်လင်းသည် ထိုစကားကို ကြားသောအခါ ဝမ်းနည်းကြေကွဲမှုကို မထိန်းချုပ်နိုင်တော့ဘဲ လည်ချောင်းထဲမှ တိုးညှင်းသော ရှိုက်သံတစ်ခု ထွက်ပေါ်လာလေသည်။

ချီစီးမြောင်၏ မျက်နှာပေါ်ရှိ နာကျင်မှုသည်လည်း ပိုနက်ရှိုင်းသွားတော့သည်။ ဤသည်မှာ မိခင်တစ်ယောက်အနေဖြင့် ဝိန်းယွီက သမီးဖြစ်သူအပေါ်ထားရှိသော တစ်ခုတည်းသော တစ်ကိုယ်ကောင်းဆန်မှုလေးဖြစ်ကြောင်းကို သူက နားမလည်ဘဲ အဘယ်မှာ ရှိပါမည်နည်း။

ဖေစုန့်သာ မသေဆုံးသေးလျှင်၊ ရှီးလင်ကိုသာ မနှင်ထုတ်နိုင်သေးလျှင် ဤအမုန်းတရားနှင့် တာဝန်ဝတ္တရားများသည် ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။

သို့သော် အမြင့်ဆုံးနေရာသည် အေးစက်ပြီး အထီးကျန်ဆန်လှသည်။ တိုင်းပြည်နှစ်ခု၏ ခေါင်းဆောင်နေရာသည်လည်း ထိုင်ရန် ထိုမျှလောက် လွယ်ကူလှသည် မဟုတ်ပေ။

သူမက သမီးဖြစ်သူသည် နန်းတွင်းရေးကို စိတ်မဝင်စားဘဲ တိုင်းပြည်ကို တာဝန်မယူနိုင်လျှင် တခြား ခေါင်းဆောင်ကို တင်မြှောက်နိုင်သည်ဟု ပြောခြင်းမှာ အပြစ်တင်ခြင်း မဟုတ်ဘဲ သနားကြင်နာမှုသာ။

သူမက သမီးဖြစ်သူကို အမုန်းတရားနှင့် တာဝန်များကို ချထားခဲ့ပြီး သာမန်လူတစ်ယောက်အဖြစ် နေထိုင်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်၏။

ချီစီးမြောင်၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာပြီး ခါးကိုကိုင်းကာ ထိုပိုးထည်အမိန့်စာကို လှမ်းယူလိုက်ရင်း ပြောလိုက်သည်။ "ကျွန်တော်မျိုး... မင်းသမီးရဲ့ မှာကြားချက်ကို သေချာ မှတ်သားထားပါ့မယ်"

ဝိန်းယွီက သူ့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်သည်။ မပြောရသေးသော စကားများအားလုံးသည် ထိုတည်ငြိမ်လေးနက်သော မျက်လုံးများထဲတွင် ဖုံးကွယ်နေလေ၏။ ထို့နောက် သူမသည် ကိုယ်ကိုလှည့်ကာ စားပွဲအနောက်သို့ ဖြည်းညှင်းစွာ ပြန်လျှောက်သွားပြီး အစောပိုင်းက ကြိုတင်ရေးသားထားသော စာတစ်စောင်ကိုယူကာ ဖယောင်းပိတ်လိုက်ပြီးနောက် ယန်ပေါင်လင်းကို ကြည့်ကာ ပြောလိုက်၏။

"ကျွန်မ ကောလဲ့မြို့ကို သွားပြီးနောက်မှာ နန်ချန်ဖက်က အမတ်တစ်စုကို အရင် ရွေးချယ်ပြီး အခု နန်းတော်မှာ နေထိုင်နေတဲ့ တာ့လျန် အမျိုးသမီးအရာရှိတွေနဲ့အတူ သခင်မလေးကို ပိုင်ယန်တောင်ကြားဆီ ပြန်ပို့ပေးလိမ့်မယ်။ အစ်မဝမ်းကွဲ... နင်က ဒီစာကို မင်းဆရာကြီးယွီဆီ ကိုယ်တိုင် သွားပေးလိုက်ပါ။ မင်းဆရာကြီးက စာကို ဖတ်ပြီးတာနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို သိပါလိမ့်မယ်"

ယန်ပေါင်လင်းသည် ရှိုက်ကြီးတငင်ဖြင့် အသံထွက်ကာ စာကို လှမ်းယူလိုက်သည်။

ထိုအခါမှသာ ဝိန်းယွီသည် ယုံကြည်ရသော အမတ်တစ်စုကို ကြည့်ကာ ပြောလိုက်၏။ "ကျွန်မ ကိုယ်တိုင် ကောလဲ့မြို့ကို သွားဖို့နဲ့ သခင်မလေးကို တာ့လျန်ဆီ ပြန်ပို့ဖို့က အစီအစဉ်တွေ အများကြီး လုပ်ဖို့ လိုသေးတယ်။ အားလုံးပဲ အရင်ဆင်းပြီး စီစဉ်ကြပါဦး"

အမတ်များသည် ဝိန်းယွီကို အရိုအသေပေးလိုက်ပြီးနောက် အားလုံးက လေးလံသော မျက်နှာထားများဖြင့် တော်ဝင်စာကြေည့်ဆောင်ထဲမှ ထွက်ခွာသွားကြသည်။ ကုရှီးယွင် တစ်ယောက်တည်းသာ မူလနေရာတွင် ကျန်ရစ်ခဲ့လေသည်။

သူမက မျက်ခုံးများကို အနည်းငယ် တွန့်ချိုးထားပြီး ဘေးပတ်ဝန်းကျင်တွင် လူမရှိတော့ချိန်မှသာ ပြောလိုက်သည်။ "မင်းသမီး..."

____

ရှီးလင် တော်ဝင်စစ်တဲ။

ဟယ်ယီသည် ကျားရေခင်းထားသော ထိုင်ခုံကြီးပေါ်တွင် ပျင်းရိလေးတွဲကာ ထိုင်နေပြီး သားရေစစ်ဖိနပ်စီးထားသော ခြေထောက်နှစ်ဖက်ကို အရှေ့ရှိ စားပွဲပုလေးပေါ်တွင် တင်ထားလေသည်။ သူမသည် ဖေစုန့် အစောပိုင်းက ဆက်သထားသော ကျောက်စိမ်းတံဆိပ်တုံးကို ကိုင်ကာ တစ်ချက်တစ်ချက် မြှောက်ကစားရင်း အောက်ဘက်ရှိ စစ်သူကြီးငယ်က ရှေ့တန်းစစ်မျက်နှာပြင်၏ လှုပ်ရှားမှုများကို အစီရင်ခံသည်ကို နားထောင်နေ၏။

"မင်းသမီး၊ ကောလဲ့မြို့ထဲက နန်ချန်စစ်တပ်ကို ကျွန်တော်တို့ အသေအလဲ ဝိုင်းထားပြီး သဲကန္တာရနဲ့ အဆက်အသွယ်ကို လုံးဝ ဖြတ်တောက်ထားလိုက်ပါပြီ။ ဒါပေမယ့် စစ်သူကြီး နီရူဆီက သတင်းပို့လာတာကတော့ သူတို့တွေ မြင်းတပ်တစ်တပ်နဲ့ ဆုံတွေ့ခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာ သူတို့ကို အမြဲတမ်း နောက်ကနေ လိုက်လံတိုက်ခိုက်နေသလို သဲကန္တာရထဲက ခန့်မှန်းရခက်တဲ့ ရာသီဥတုနဲ့ ရှုပ်ထွေးတဲ့ မြေမျက်နှာသွင်ပြင်ကို အသုံးချပြီး စစ်သည်တွေတောင် သဲမုန်တိုင်းထဲကိုတောင် ဆွဲခေါ်သွားခံရဖို့ သီသီလေး လိုတော့တယ်လို့ ဆိုပါတယ်..."

ဟယ်ယီ၏ ကျောက်စိမ်းတံဆိပ်တုံးကို မြှောက်ကစားနေသော လက်က အနည်းငယ် ရပ်တန့်သွားပြီး ထက်မြက်ကာ ခြိမ်းခြောက်မှုအပြည့်ရှိသော မျက်လုံးတစ်စုံကို ဖြည်းညှင်းစွာ ပင့်တင်လိုက်၏။ "ဘယ်က မြင်းတပ်လဲ။ စုစုပေါင်း လူဘယ်လောက်ရှိလဲ။ နီရူက သဲကန္တာရထဲက လင်းယုန်ငှက်လေ၊ သူက လေနဲ့သဲတွေကြားက အန္တရာယ်ကို ပ် အနံ့မခံမိဘဲ စစ်သည်တွေကို အန္တရာယ်ထဲ ဘယ်လိုလုခေါ်သွားရတာလဲ"

ဤဆက်တိုက်ဖြစ်နေသော အကျပ်ရိုက်စေသည့် မေးခွန်းများကို ရင်ဆိုင်ရချိန်တွင် စစ်သူကြီးငယ်သည် ထိုအကြည့်အောက်၌ ခက်ခဲစွာ တံတွေးမျိုချလိုက်ပြီး နဖူးတွင်လည်း တဖြည်းဖြည်း ချွေးများ စို့လာကာ ရိုသေစွာဖြင့် ပြန်ဖြေလိုက်၏။

"ကင်းထောက်တွေ အကြိမ်ကြိမ် စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ အရင်က ဟန်ရေကန်မှာ ပေါ်လာခဲ့တဲ့ တာ့လျန်မြင်းတပ် ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။ သူတို့က တာ့လျန်နယ်မြေမှာ လွှင့်ထူထားတဲ့ အလံကတော့ 'ရှောင်း' ပါပဲ။ ဟန့်ယန်ရဲ့ အုပ်ချုပ်မှုကို မနာခံတဲ့ပုံပါပဲ။ အရင်က နန်းတော်ကိုတောင် ဝင်တိုက်ခဲ့ဖူးပြီး နောက်ပိုင်း နန်းတော်က စစ်ကူတွေ ရောက်လာလို့ တပ်ဆုတ်သွားတာလို့ ထင်ရပါတယ်။ အဲဒီ မြင်းတပ်ထဲမှာ သဲကန္တာရရဲ့ ရာသီဥတုနဲ့ မြေမျက်နှာသွင်ပြင်ကို ရင်းနှီးတဲ့လူတွေ ပါနေပုံရပါတယ်။ သူတို့ ချီတက်ပုံကလည်း အရမ်းကို ထူးဆန်းတယ်။ ကျွန်တော်တို့ စစ်တပ်ကို မကြာခဏ လာနှောင့်ယှက်ပြီး ကျွန်တော်တို့ရဲ့ ရိက္ခာတွေကို မီးရှို့ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ စစ်သူကြီး နီရူက သူတို့ လုယူသွားတဲ့ ရိက္ခာတွေကို ပြန်ယူဖို့အတွက် စစ်သည်တွေကိုခေါ်ပြီး သဲမုန်တိုင်းထဲကို လိုက်ဝင်သွားဖို့ သီသီလေး ဖြစ်သွားခဲ့တာပါ"

ဟယ်ယီသည် ဤအရာများကို နားထောင်ပြီးနောက် သူမ၏ လက်ဆစ်များဖြင့် ကျားရေခင်းထားသော ထိုင်ခုံကြီး၏ လက်ရန်းကို ခေါက်နေကာ မျက်နှာအမူအရာက သိပ်မရှင်းလင်းလှချေ။ "မြောက်ပိုင်းဝေ့ရဲ့ အရိုးစုတွေပေါ်ကနေ မွေးဖွားလာတဲ့ မြောက်ပိုင်းရှောင်းလား။ ဒီမင်းသမီးက ဒီစစ်တပ်ရဲ့ နာမည်ကို ကြားဖူးတယ်။ ကြင်ရာတော်(ဖေစုန့်) တာ့လျန်နယ်မြေမှာ ရှိနေတုန်းက တာ့လျန်က အဲဒီမင်းသမီးလေးက သူတို့ကို ဆွဲဆောင်ပြီး ကြင်ရာတော်ကို အတူတူ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ဖူးတယ်။ အခု သူတို့က နောက်တစ်ကြိမ် ထပ်ပြီး ပူးပေါင်းလိုက်ပြန်တာလား"

ဟယ်ယီ၏ မျက်လုံးများက အန္တရာယ်ရှိသော အရိပ်အယောင်များအဖြစ် ပြောင်းလဲသွားသည်။ "ဒီမင်းသမီး တကယ်ကို သိချင်မိတယ်။ စစ်သူကြီး ဟာထူးက ကောလဲ့မြို့နဲ့ သဲကန္တာရ အဆက်အသွယ်ကို လုံးဝ ဖြတ်တောက်ထားပြီလို့ ပြောထားမှတော့ အဝေးကြီးက နန်းတော်မှာရှိနေတဲ့ အဲဒီမင်းသမီးလေးက ဒီမင်းသမီး ကျားချောက်တောင်ကြားဂိတ်ကို စစ်တပ်လွှတ်လိုက်တယ်ဆိုတာကို ဘယ်လိုလုပ် သိသွားရတာလဲ"

ပဲဝါစေ့အရွယ်အစားရှိသော ချွေးပေါက်ကြီးများက စစ်သူကြီးငယ်၏ နားထင်မှနေ၍ လျှောကျလာပြီး သူက အလျင်စလို ပြောလိုက်၏။ "ကျွန်တော်မျိုးက လာထီရစ်လန်ကို တိုင်တည်ပြီး သစ္စာဆိုရဲပါတယ်။ ကျားချောက်တောင်ကြားဂိတ်ကို စစ်ချီတဲ့ သတင်းကို ကောလဲ့မြို့ထဲက နန်ချန်စစ်တပ်က တွေ့ရှိသွားပြီး နန်ချန်နန်းတော်ဆီ သတင်းပို့လိုက်တာ လုံးဝ မဖြစ်နိုင်ပါဘူး။ ပြီးတော့ အဲဒီ ရှောင်းတပ်စခန်း ခေါင်းဆောင်က ဟန့်ယန်နဲ့ အရင်က ရန်ငြိုးဟောင်း ရှိတယ်လို့ ကြားရပါတယ်။ ဒါကြောင့် နန်ချန်ဘုရင်က သူ မြို့တော်ကို ဝိုင်းထားပြီးတဲ့နောက်မှာ ဟန့်ယန်ကို လွှဲပြောင်းပေးပြီး အညံ့ခံခဲ့တာပါ။ ဒီလို ကြီးမားတဲ့ ရန်ငြိုးကြီး ရှိနေလို့ပဲ ဒီရှောင်းမြင်းတပ်က တာ့လျန်စစ်ကူတွေ နန်းတော်ကို ရောက်လာတာနဲ့ ချက်ချင်း ထွက်ပြေးသွားခဲ့တာပါ။ ကြိုတင်ပြီး ပူးပေါင်းထားတာ လုံးဝ မဖြစ်နိုင်ပါဘူး"

လာထီရစ်လန်သည် သူတို့ ရှီးလင်၏ နိုင်ငံတည်ထောင်သူ ဧကရာဇ် ဖြစ်သည်။ ဤဧကရာဇ်ကို တိုင်တည်ပြီး သစ္စာဆိုခြင်းသည် ပြောသောစကားများတွင် လိမ်လည်မှု တစ်ခွန်းမျှ မပါဝင်ကြောင်းကို ကိုယ်စားပြုလေသည်။

သူပြောသည်မှာလည်း အကြောင်းပြချက် ခိုင်လုံနေသဖြင့် ဟယ်ယီ၏ ကျားသစ်မျက်လုံးများထဲမှ စူးရှမှုသည် အနည်းငယ် လျော့ကျသွားပြီး အံ့ဩစွာဖြင့် ပြောလိုက်၏။ "အဲဒီ မြင်းတပ်က ငါတို့ ကျားချောက်တောင်ကြားဂိတ်ကို လွှတ်လိုက်တဲ့ စစ်တပ်ကြီးနဲ့ တိုးသွားတာက တကယ်ပဲ တိုက်ဆိုင်မှုတစ်ခုများလား"

သူမက လက်ထဲရှိ ကျောက်စိမ်းတံဆိပ်တုံးကို ချထားလိုက်ပြီး မတ်တတ်ရပ်ကာ စစ်သူကြီးထိုင်ခုံနောက်တွင် မြင့်မားစွာ ချိတ်ဆွဲထားသော မြေပုံကို ကြည့်လိုက်သည်။ နန်ချန်နန်းတော်မှ ကျားချောက်တောင်ကြားဂိတ်သို့သွားသော လမ်းကြောင်းကို အာရုံစိုက်လိုက်ပြီး မျက်လုံးကို ကျဉ်းကာ ပြောလိုက်၏။ "နန်းတော်ကို သိမ်းပိုက်ပြီးနောက် မကာကွယ်နိုင်တော့မှန်း သိသွားလို့ လာရာလမ်းအတိုင်း ပြန်လှည့်ပြီး ကျားချောက်တောင်ကြားဂိတ်ကနေတစ်ဆင့် တာ့လျန်နယ်မြေကို ပြန်သွားချင်တာ၊ လမ်းမှာ အဲဒီ စစ်တပ်သုံးသောင်းနဲ့ တိုးသွားတာများလား"

အကြိမ်ကြိမ် အငိုက်ဖမ်း တိုက်ခိုက်နေရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ဟယ်ယီ တွေးမိနိုင်သော တစ်ခုတည်းသော အချက်မှာ ထိုမြင်းတပ်သည် အဆိုပါ ရှီးလင်စစ်တပ် သုံးသောင်းက ကျားချောက်တောင်ကြားဂိတ်ကို သွားရောက်တိုက်ခိုက်မည်ကို သိရှိသွားခြင်း ဖြစ်သည်။ တာ့လျန်လူမျိုးများ ဖြစ်သည့်အားလျော်စွာ သဘာဝကျကျပင် လက်ပိုက်ကြည့်မနေနိုင်သဖြင့် သူတို့ကို အကြိမ်ကြိမ် ဒုက္ခပေးနေခြင်း ဖြစ်ပေမည်။

စစ်သူကြီးငယ်သည် ဟယ်ယီက သူ့ကို ထပ်မံ အပြစ်တင်မှာကို အလွန်ကြောက်ရွံ့သွားသဖြင့် အလျင်စလို ပြောလိုက်သည်။ "ဒီလို ဖြစ်နိုင်လောက်ပါတယ်"

ဟယ်ယီသည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ရုတ်တရက် မေးလိုက်၏။ "ရှောင်းတပ်စခန်း ခေါင်းဆောင်က စစ်တပ်ကိုခေါ်ပြီး ထွက်ပြေးသွားတယ်ဆိုတော့ သူ့ကို ဆက်သလိုက်တဲ့ ဟန့်ယန်ကရော..."

စစ်သူကြီးငယ်သည် မှင်သက်သွားပြီးနောက် ချက်ချင်းပင် တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ သူ၏ အမူအရာက ရုတ်တရက် စိတ်လှုပ်ရှားလာတော့သည်။ ဟယ်ယီ၏ မျက်လုံးအောက်တွင်လည်း စိတ်ဝင်စားမှုနှင့် စိတ်လှုပ်ရှားမှုများ အပြည့်ရှိနေပြီး ချက်ချင်းပင် အမိန့်ပေးလိုက်၏။ "နီရူဆီ သတင်းပို့လိုက်။ ဘယ်လို တန်ဖိုးပဲ ပေးရပေးရ အဲဒီမြင်းတပ်ကို ဝိုင်းဝန်းချေမှုန်းပြီး သူတို့ခေါင်းဆောင်ကို ဖမ်းခဲ့။ မိန်းမသားတွေကို တွေ့ရင် စစ်တဲတော်ဆီကို အကုန် ပို့ပေးလိုက်"

စစ်သူကြီးငယ်သည် အလျင်စလို ခေါင်းညိတ်သဘောတူလိုက်ပြီး လှည့်ထွက်လာမည် ပြုစဉ် ဟယ်ယီက လှမ်းတားလိုက်ပြန်သည်။

သူမက စားပွဲပေါ်ရှိ အမိန့်ပေးတံဆိပ်ပြားခွက်ထဲမှ စစ်တပ်စေလွှတ်ရန် အမိန့်ပေးတံဆိပ်ပြား တစ်ချောင်းကိုယူကာ ထိုစစ်သူကြီးငယ်ထံသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။ "အခြေအနေ တစ်ခုခုဖြစ်လာမှာကို ကာကွယ်တဲ့အနေနဲ့ နောက်ထပ် စစ်သည် နှစ်သောင်း ထပ်လွှတ်ပြီး အဲဒီမြင်းတပ်ရဲ့ နောက်ဆုတ်မယ့်လမ်းကို အနောက်ကနေ ဖြတ်တောက်လိုက်"

စစ်သူကြီးငယ်က လှမ်းဖမ်းလိုက်ပြီး ဟယ်ယီကို အရိုအသေပေးကာ ဆုတ်ခွာမည်ပြုစဉ် တဲခန်းဆီးက အရင်တစ်လှမ်းအလိုတွင် အလှန်ခံလိုက်ရသည်။ ဟယ်ယီ၏ ကိုယ်ရံတော်က အလျင်အမြန် ဝင်ရောက်လာပြီး သတင်းပို့လိုက်၏။ "မင်းသမီး၊ ရှေ့တန်းကနေ သတင်းပို့လာပါတယ်။ ဟန့်ယန်က တာ့လျန်စစ်တပ် နှစ်သောင်းကိုခေါ်ပြီး ကောလဲ့မြို့ကို ကိုယ်တိုင်လာရောက် ကြီးကြပ်နေပါတယ်တဲ့"

ဟယ်ယီသည် ကျားသစ်ကဲ့သို့ မျက်လုံးတစ်စုံကို ပင့်တင်လိုက်ပြီး မျက်မှောင်ကြုတ်သွားပြီးနောက် ရုတ်တရက် လှောင်ပြောင်ရယ်မောလိုက်သည်။ "ဒီလိုအချိန်မှလား"

"တကယ်ပဲ ကိုယ့်နားကိုပိတ်ပြီး ခေါင်းလောင်းခိုးတဲ့ အချိုးမျိုးပဲ"

ကိုယ်ရံတော်သည် ကြားလိုက်ရသော်လည်း ဘာမှန်းမသိအောင် ရှုပ်ထွေးသွားသည်။ ဟယ်ယီကမူ ဆက်ရှင်းပြရန် ရည်ရွယ်ချက် မရှိဘဲ အမိန့်သာ ပေးလိုက်၏။ "လူလွှတ်ပြီး စစ်ခေါ်လိုက်။ ဒီမင်းသမီး ကိုယ်တိုင် သွားကြည့်မယ်"

ကိုယ်ရံတော်သည် အမိန့်ပေးရန် ထွက်သွားပြီးနောက် ထိုစစ်သူကြီးငယ်သည်လည်း တဲထဲမှ ထွက်ခွာမည် ပြုသော်လည်း ဟယ်ယီ၏ နောက်တစ်ကြိမ် လှမ်းခေါ်လိုက်ပြန်သည်။

စစ်သူကြီးငယ်က မေးလိုက်၏။ "မင်းသမီးမှာ ဘာအမိန့်များ ရှိပါသေးသလဲ"

ဟယ်ယီက ပြောလိုက်သည်။ "နီရူဆီကို အရင် သတင်းပို့လိုက်။ စစ်တပ်ထပ်လွှတ်မယ့် ကိစ္စကို ခဏထားလိုက်ဦး၊ ဒီမင်းသမီး ပြန်လာမှပဲ ဆုံးဖြတ်ချက်ချမယ်"

ဟန့်ယန်က ဒီလို ကြီးကျယ်ခမ်းနားစွာနဲ့ ကောလဲ့မြို့မှာ ပေါ်လာတာ၊ ပထမဆုံး တွေးမိတာကတော့ လှည့်စားမှုတစ်ခုခု ရှိနေတယ်ဆိုတာပဲ။

တစ်ချက်လောက် စဉ်းစားကြည့်ပြီးနောက်မှာတော့ သူမ တွေးမိသွားပြန်သည်။ ဒါက နန်းတော်က အမတ်တွေက သူတို့ရဲ့ ခေါင်းဆောင် ပျောက်ဆုံးသွားတာကို ဖုံးကွယ်ဖို့ စဉ်းစားမိတဲ့ အကြံဆိုးတစ်ခု ဖြစ်နေပြီး လာတဲ့လူက အတုအယောင် ဖြစ်နေရင်တောင် ငါက ကောလဲ့မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ အဲဒီလူကို 'အစစ်' ဖြစ်သွားအောင် လုပ်ပစ်လိုက်မယ်။

အဲဒီအချိန်ကျရင် နန်းတော်က အမတ်တွေက ဘယ်လိုပဲ ရှင်းပြရှင်းပြ အရေးမကြီးတော့ဘူး။ တစ်လောကလုံးက လူတွေကတော့ ငါ ကောလဲ့မြို့မှာ ဟန့်ယန်ကို အရှင်ဖမ်းမိခဲ့တယ်ဆိုတာကိုပဲ သိကြတော့မှာပဲလေ။

...

All Chapters