← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

အပိုင်း (၂၃၉)

စစ်သူကြီးငယ်သည် ဟယ်ယီ အဘယ်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားသည်ကို မသိသော်လည်း ထပ်မမေးရဲသဖြင့် ခေါင်းညိတ်ကာ ရိုသေစွာ အမိန့်ကို နာခံလိုက်လေသည်။

ဟယ်ယီက ဝတ်ရုံကို ခြုံကာ တဲခန်းဆီးကိုလှန်ပြီး ခြေလှမ်းကျဲများဖြင့် ထွက်လာချိန်တွင် မျက်ခုံးနှင့် မျက်လုံးများက ထက်မြက်စူးရှမှုများ ပြည့်နှက်နေ၏။

ထိုတာ့လျန်မြင်းတပ်က နီရူတို့ကိုသာ အငိုက်ဖမ်းတိုက်ခိုက်ရဲသည်ဆိုခြင်းမှာ တစ်ဖက်လူတွင် လူအင်အားအရ လုံးဝ အသာစီးမရနိုင်ကြောင်း ရှင်းလင်းနေသည်။ နီရူကို စစ်သည်သုံးသောင်းဖြင့် ထိုမြင်းတပ်ကို ပြန်လည်ဝိုင်းရံချေမှုန်းရန် သူမ အမိန့်ပေးလိုက်ပြီဖြစ်ရာ မထင်မှတ်ထားသော အမှားအယွင်းများ မရှိလျှင် တစ်ဖက်လူကို သွားလမ်းသာရှိပြီး အပြန်လမ်းမရှိအောင် လုပ်ရန် လုံလောက်ပေသည်။

ကောလဲ့မြို့။

ချိုခရာသံ ဩရှရှများ ထွက်ပေါ်လာပြီး ဝါကျင်ကျင်သဲများနှင့် ဖုန်မှုန့်များ လွင့်ပျံလာကာ ရှီးလင်စစ်တပ်ကြီးသည် အဝါရောင်ပုရွက်ဆိတ်အုပ်ကြီးကဲ့သို့ မြို့ရိုးအောက်သို့ ဖိအားပေး ချီတက်လာကြသည်။

ဟယ်ယီသည် တောက်ပသော ရွှေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်သံချပ်ကာ ဆင်ယင်ထားသော စစ်မြင်းပေါ်တွင် မြင့်မားစွာ ထိုင်နေကာ တူညီသော အရောင်ရှိသည့် ပိုးသားဝတ်ရုံက အနောက်တွင် ရှည်လျားစွာ တရွတ်တိုက် ပါလာလေသည်။ သူမက ရိုင်းစိုင်းမှုနှင့် ရည်မှန်းချက်ကြီးမှုများ ရောယှက်နေသော မျက်လုံးတစ်စုံကို ပင့်တင်ကာ အဝေးရှိ အမြင့်သုံးကျန့်ကျော်ရှိသော မြို့ရိုးကြီးကို ကြည့်လိုက်၏။

နန်းတော်မှ ဤနယ်စပ်မြို့လေးသို့ အပြေးအလွှား ရောက်ရှိလာသော မင်းသမီးသည် အနက်နှင့် အနီ ရောယှက်နေသော ပိုးချည်ထိုး နန်းတွင်းဝတ်စုံကို ဝတ်ဆင်လျက် မြို့ရိုးထိပ် အကာအကွယ်နေရာတွင် ရပ်နေပြီး ဘယ်ညာ နှစ်ဖက်တွင် မြို့စောင့်စစ်သူကြီး မုယိုလျန်နှင့် တာ့လျန်ပုံစံ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး စစ်သူကြီးတစ်ဦးက အသီးသီး ရပ်နေကြကာ အနောက်ဘက်တွင် နန်ချန်၏ အနက်ရောင်ဇာမဏီအလံနှင့် တာ့လျန်၏ အစိမ်းရောင်နဂါး၊ တိမ်နီအလံများက အနောက်ဘက်လေထဲတွင် တဖျပ်ဖျပ် လွင့်ဝဲနေကြသည်။

နေဝင်ဆည်းဆာ၏ ရောင်ခြည်များက စစ်အလံများပေါ်သို့ ကျရောက်နေပြီး မီးတောက်လုနီးပါး တောက်ပနေကာ တာ့လျန်နှင့် နန်ချန် တိုင်းပြည်နှစ်ခု၏ ကံကြမ္မာ မကုန်ဆုံးသေးကြောင်းကို ကြေညာနေသည့်အလားပင်။

အလွန်ဝေးကွာလွန်းသဖြင့် ဟယ်ယီသည် ထိုမင်းသမီး၏ ရုပ်ရည်သွင်ပြင်ကို ရှင်းလင်းစွာ မမြင်နိုင်သော်လည်း ထိုဘုန်းတန်ခိုးနှင့် တည်ငြိမ်မှုများက သူမကို မျက်လုံးကျဉ်းသွားစေခဲ့၏။

ဤကောလဲ့မြို့သို့ ကိုယ်တိုင်ရောက်ရှိလာသူမှာ အစစ်အမှန် ဟန့်ယန်ဖြစ်နေသည့်အတွက် သူမ ဝမ်းသာရပေမည်။

သို့သော် တစ်ဖက်လူက အရာအားလုံးကို လက်ဝါးပေါ်တွင် ကြိုတင်ထိန်းချုပ်ထားသကဲ့သို့ တည်ငြိမ်အေးချမ်းနေသည်ကိုတော့ သူမ သဘောမကျချေ။

တစ်ချိန်က သူမသည် ဟန်လူမျိုးများ၏ စစ်ဗျူဟာကို သင်ယူရန်အတွက် ပြည်မကြီးမှ ပညာရှင်တစ်ဦးကို အထူး ဖိတ်ကြားခဲ့ဖူးသည်။

ထိုပညာရှင်က သူမ၏ အရည်အချင်းများကို အလွန်အမင်း ထုတ်ဖော်ပြသလွန်းခြင်းကို သဘောမကျဘဲ "ပညာရှိသည် မိမိ၏ အရည်အချင်းကို ကိုယ်တွင်း၌သာ ဖုံးကွယ်ထားပြီး အချိန်အခါကောင်းကို စောင့်ဆိုင်းကာမှသာ လှုပ်ရှားသည်" ဟု အမြဲ ပြောလေ့ရှိသည်။ သူမ အရာအားလုံးကို သင်ယူပြီးနောက် ထိုအဘိုးကြီးကို သတ်ပစ်ချိန်တွင် ထိုအဘိုးကြီးက ဆူညံလွန်းသည်ဟုသာ သူမ ခံစားခဲ့ရ၏။

ယနေ့ မြို့ရိုးအောက်တွင် ဤသို့ အဝေးမှ ကြည့်လိုက်ရချိန်တွင်မှ "ပညာရှိသည် မိမိ၏ အရည်အချင်းကို ကိုယ်တွင်း၌သာ ဖုံးကွယ်ထားသည်" ဆိုသည်မှာ ဘာကိုဆိုလိုသည်ကို သူမ ရုတ်တရက် နားလည်သွားခဲ့ပြီး ထို့ကြောင့်ပင် သူမ၏ ခေါင်းမာမှုထဲတွင် စိတ်အနှောင့်အယှက်ဖြစ်မှု တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။

တာ့လျန်နှင့် နန်ချန် တိုင်းပြည်နှစ်ခုကို ပခုံးထက်တွင် ထမ်းထားနိုင်သော မင်းသမီးလေးက တကယ်ကို နူးညံ့ပျော့ပျောင်းခြင်း မရှိဘဲ လူအများထက် သာလွန်သော စွမ်းဆောင်ရည်များ ရှိနိုင်ပေသည်။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အရေးမပါတော့ချေ။

ဟယ်ယီက အဝေးရှိ ဝိန်းယွီကို ကြည့်နေသော အကြည့်သည် သတိထားရာမှ လှောင်ပြောင်ခြင်းသို့ ပြောင်းလဲသွား၏။

အကယ်၍ ဤကောလဲ့မြို့သို့ လာသူမှာ တကယ်ပဲ ဟန့်ယန်ဆိုပါက... နီရူတို့ကို အကြိမ်ကြိမ် နှောင့်ယှက်နေသော ထိုတာ့လျန်မြင်းတပ်၏ ရည်ရွယ်ချက်ကိုလည်း ခန့်မှန်းရန် မခက်ခဲတော့ချေ— အချိန်ဆွဲရန်နှင့် ကျားချောက်တောင်ကြားဂိတ်ဘက်တွင် အနိုင်ရရန် အခွင့်အရေးများ ပိုရအောင် လုပ်ပေးခြင်းထက် မပိုပေ။

တာ့လျန်အမျိုးသမီးက သူတို့ ကျားချောက်တောင်ကြားဂိတ်ကို စစ်ချီသည့်သတင်းကို ဘယ်လိုများ ဒီလောက်မြန်မြန် ရရှိသွားသနည်း။ ပြီးတော့ ရှောင်းတပ်စခန်းနှင့် ရန်ငြိုးများကို ဘယ်လို ချက်ချင်း ပြေလည်သွားစေသနည်းဆိုသည်ကို ဟယ်ယီတစ်ယောက် ထပ်မံတွေးတောရန်ပင် စိတ်ဝင်စားမိသွားတော့သည်။

တစ်ဖက်လူက ဒီနယ်စပ်မြို့လေးကို ကိုယ်တိုင်လာရဲခြင်းက ကိုယ့်ကိုယ်ကိုယ် ကြိုးတုပ်ပြီး အသေလာခံခြင်းနှင့် မခြားသည်ကို သူမသာ သိလေသည်။

လက်မောင်းအောက်ရှိ သွေးကြောများက စတင်ပူနွေးလာပြီး ဇက်ကြိုးကို ကိုင်ထားသော သူမ၏လက်က တင်းလိုက် လျော့လိုက် ဖြစ်နေကာ တစ်ကိုယ်လုံးရှိ အရိုးများက အော်ဟစ်နေပြီး သတ်ဖြတ်ခြင်းနှင့် သွေးဖြင့် ဆေးကြောခံရမည့် အချိန်ကို အလွန်အမင်း တောင့်တနေသည်ဟု ခံစားလိုက်ရသည်။

ဟယ်ယီက အဝေးရှိ မြို့ရိုးကို စိုက်ကြည့်ရင်း ခါးရှိ ဓားရှည်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ "မြို့ကို တိုက်"

စစ်ဗုံသံများ ထွက်ပေါ်လာပြီး သတ်ဖြတ်သံများက ပင်လယ်ရေလှိုင်းများကဲ့သို့ ပဲ့တင်ထပ်ကာ မျက်နှာချင်းဆိုင်ရှိ မြို့ရိုးဆီသို့ ဝင်တိုက်သွားလေသည်။

မြို့ရိုးပေါ်တွင် မုယိုလျန်က ချက်ချင်း အော်ဟစ်လိုက်၏။ "လေးသည်တော်တွေ အသင့်ပြင်ထား"

မြို့ရိုးအကာအကွယ်နေရာတွင် စောင့်ကြပ်နေသော နန်ချန်စစ်သည်များ အားလုံး မြားများကို တပ်ဆင်လိုက်ကြပြီး ကုရှီးယွင်က လက်ခုပ်နှစ်ချက် တီးလိုက်ရာ မြို့ရိုးပေါ်သို့ တက်လာသော တာ့လျန်စစ်သည်များကလည်း ဒူးလေးများကို ကိုင်ကာ အကာအကွယ်အနောက်တွင် စောင့်နေကြပြီး နန်ချန်စစ်သည်များ နောက်ဆုတ်ကာ မြားပြန်တပ်ချိန်ကို စောင့်ဆိုင်းကာ နေရာဝင်ယူရန် အသင့်ဖြစ်နေကြသည်။

မုယိုလျန်က ကိုယ်ကိုလှည့်ကာ ဝိန်းယွီကို လက်ယှက်ပြီး ပြောလိုက်သည်။ "မင်းသမီး၊ မင်းသမီးက ကောလဲ့မြို့ကို ကိုယ်တိုင် လာရောက်တဲ့အတွက် စစ်တပ်တစ်ခုလုံးရဲ့ စိတ်ဓာတ်တွေက အလွန် တက်ကြွနေပါပြီ။ မြို့ရိုးပေါ်မှာ မြားတွေက မျက်စိမပါဘူး၊ မင်းသမီး အရင် ရှောင်နေပါ၊ ကျွန်တော်မျိုးရဲ့ အောင်ပွဲသတင်းကို စောင့်နေပါ"

ဝိန်းယွီက ပြောလိုက်၏။ "စစ်သူကြီးက စစ်ပွဲကိုပဲ ကြီးကြပ်ပါ၊ ကျွန်မကို ဂရုစိုက်နေစရာ မလိုပါဘူး"

သူမ ဤစကားကို ပြောလိုက်ချိန်တွင် ချင်းယွင်ကိုယ်ရံတော်များကို ခေါ်ကာ သူမအနားမှ တစ်ဖဝါးမှ မခွာဘဲ လိုက်ပါလာသော ကျောင်းပိုင်က မုယိုလျန်ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

ဝိန်းယွီ၏ မျက်နှာအမူအရာက နူးညံ့နေပြီး အောက်ဘက်တွင် အော်ဟစ်ကာ ပြေးဝင်လာကြသော ရှီးလင်စစ်တပ်ကို ကြည့်လိုက်ရာတွင်လည်း မျက်နှာအရောင် အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိဘဲ ဘေးရှိ ကုရှီးယွင်ကိုသာ အမိန့်ပေးလိုက်လေသည်။ "ရှီးယွင်၊ ဒီတိုက်ပွဲမှာ မင်း မုစစ်သူကြီးဆီကနေ အများကြီး သင်ယူလိုက်ဦး"

ကုရှီးယွင်က ခေါင်းညိတ်သဘောတူလိုက်၏။

စကားက ဒီအထိ ရောက်လာပြီဖြစ်ရာ မုယိုလျန်သည်လည်း ဝိန်းယွီက ရှီးလင်၏ တိုက်ခိုက်ပုံကို ကိုယ်တိုင် ကြည့်ရှုချင်နေမှန်း သိသွားသဖြင့် ကုရှီးယွင်ကို လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

ကုရှီးယွင်ကလည်း လက်ယှက်ကာ အရိုအသေ ပြန်ပေးလိုက်၏။

သူမက သည်တစ်ကြိမ်တွင် တာ့လျန်စစ်ကူ နှစ်သောင်းကိုခေါ်ကာ ဝိန်းယွီနှင့်အတူ လိုက်ပါလာခြင်းဖြစ်ပြီး ကောလဲ့မြို့ရှိ နန်ချန်စစ်တပ်နှင့် ကောင်းစွာ ပေါင်းစပ်ကာ ပြင်ပရန်သူကို အတူတကွ တိုက်ခိုက်မည်ဆိုပါက သူတို့၏ တိုက်ခိုက်ရေးနည်းလမ်းများနှင့် စစ်သေနာပတိချုပ်၏ အမိန့်ပေးပုံတို့ကို အရင်ဆုံး ရင်းနှီးကျွမ်းကျင်အောင် လုပ်ထားရလိမ့်မည်။

ဤတိုက်ပွဲတွင် ဟယ်ယီသည် ဝိန်းယွီကို အရှင်ဖမ်းရန် ရည်ရွယ်ထားပုံရပြီး အလွန်ပြင်းထန်စွာ တိုက်ခိုက်ကာ နေဝင်ချိန်မှစ၍ နေထွက်ချိန်အထိ တိုက်ခိုက်ခဲ့လေသည်။ နန်ချန်စစ်တပ်သည် ဝိန်းယွီ ကိုယ်တိုင် ရောက်ရှိလာခြင်းကြောင့် စိတ်ဓာတ်များ ပြန်လည်မြင့်တက်လာပြီး တာ့လျန်စစ်ကူများ၏ အကူအညီလည်း ရှိနေသောကြောင့် တစ်ညလုံး ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် နောက်ဆုံးတွင်တော့ မြို့တံခါးကို ခက်ခဲစွာဖြင့် ကာကွယ်နိုင်ခဲ့လေသည်။

အလှည့်ကျစနစ်ဖြင့် မြို့ကို တိုက်ခိုက်ခဲ့သော ရှီးလင်စစ်တပ်သည်လည်း တစ်ညလုံးတွင် အင်အားများ ကုန်ခန်းသွားခဲ့ပြီး ဟယ်ယီက နံနက်အရုဏ်တက်ချိန်တွင် စစ်တပ်ကို ပြန်လည်ရုပ်သိမ်းရန် အမိန့်ပေးလိုက်သောအခါ ဒီရေလှိုင်းများကဲ့သို့ ဆုတ်ခွာသွားသော စစ်တပ်ကြီးထဲတွင် သူမသည် မြင်းကို ထိန်းကာ မြို့ရိုးပေါ်ရှိ ဝိန်းယွီကို နောက်လှည့်ကြည့်လိုက်၏။

အရှေ့အရပ်မှ ထွက်ပေါ်လာသော နံနက်ခင်း နေရောင်ခြည်က မျက်စိကျိန်းလောက်အောင် တောက်ပနေသဖြင့် သူမသည် နှစ်နှစ်ကျော်အချိန်လေးအတွင်း တာ့လျန်နှင့် နန်ချန် တိုင်းပြည်နှစ်ခုရှိ ပြည်သူများ၏ ထောက်ခံအားပေးမှုကို ရရှိထားသော ထိုတာ့လျန်မင်းသမီးကို တည့်တည့်မကြည့်နိုင်ခဲ့ချေ။

ဟယ်ယီသည် ရှုံးနိမ့်မှု အရသာကို မကြောက်ရွံ့ပေ။ အရင်က သူမအရှေ့တွင် ပိတ်ဆို့နေသော ဆူးခြုံများနှင့် ချောက်ကမ်းပါးများ မရေမတွက်နိုင်အောင် ရှိခဲ့သော်လည်း သူမသည် ဓားနှင့် ပုဆိန်ကို ကိုင်ဆောင်ကာ အားလုံးကို ဖြတ်ကျော်လာခဲ့သည်။

ယခုလည်း ထိုနည်းတူပင်။

သူမကို တားဆီးထားသော ဤပျက်စီးနေသည့် ကျောက်နံရံကြီးသည် နောက်ဆုံးတွင် သူမ၏ ဓားနှင့် ပုဆိန်၊ ထောင်သောင်းချီသော စစ်သည်နှင့် မြင်းများအောက်တွင် ပြိုကျပျက်စီးသွားရမည်သာ။

ဟယ်ယီက ဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး မြင်းကို လှည့်ကာ ထွက်ခွာသွားလေသည်။

ဝိန်းယွီက မြို့ရိုးပေါ်မှနေ၍ ဟယ်ယီ စစ်တပ်ကိုခေါ်ကာ ဝေးကွာသွားသည်ကို ကြည့်နေပြီး မြို့ရိုးပေါ်ရှိ စစ်သည်များ အားလုံးကလည်း အောင်ပွဲခံ အော်ဟစ်နေကြ၏။

သူတို့သည် ကောလဲ့မြို့အပြင်ဘက်ရှိ အိုအေစစ်များ အားလုံးကို ဆုံးရှုံးခဲ့ရပြီး ကောလဲ့မြို့ကို ဆုတ်ခွာကာကွယ်လာချိန်မှစ၍ ယခုအချိန်အထိ ကောင်းမွန်သော အောင်ပွဲတစ်ကြိမ်မှ မရရှိခဲ့ဖူးချေ။

ယနေ့ ဤအောင်ပွဲက ယခင်က ပြိုလဲသွားခဲ့သည့် တိုက်ခိုက်လိုစိတ်များကို နောက်ဆုံးတွင်တော့ ပြန်လည်စုစည်းပေးနိုင်ခဲ့လေပြီ။

မုယိုလျန်က စစ်ပွဲကို တစ်ညလုံး ကြီးကြပ်ခဲ့သော်လည်း ယခုအချိန်တွင် ပင်ပန်းနွမ်းနယ်မှု လုံးဝမရှိချေ။ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ဘဲ ဝိန်းယွီကို လက်ယှက်ပြီး ပြောလိုက်လေသည်။ "ဒီတိုက်ပွဲ အောင်နိုင်တာက မင်းသမီးရဲ့ အရှိန်အဝါကြောင့်ပါပဲ..."

ဝိန်းယွီသည်လည်း တစ်ညလုံး အိပ်မပျော်ခဲ့သဖြင့် မျက်လုံးများ အနည်းငယ် နီရဲနေပြီး မုယိုလျန်၏ မျက်နှာပေါ်ရှိ ဝမ်းသာပျော်ရွှင်မှုနှင့် ယှဉ်လိုက်လျှင် သူမ၏ မျက်နှာထားက လေးလံတည်ငြိမ်နေသည်ဟု ဆိုနိုင်၏။ "မနေ့ညက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရလို့ မုစစ်သူကြီးနဲ့ စစ်သည်တွေ အားလုံး ပင်ပန်းသွားပါပြီ၊ ဒါပေမယ့် အခုက ဝမ်းသာရမယ့် အချိန် မဟုတ်သေးပါဘူး"

မုယိုလျန်သည် ဝိန်းယွီ၏ စကားထဲတွင် တစ်စုံတစ်ခု ထူးခြားနေကြောင်း ရိပ်မိသွားသဖြင့် မျက်နှာပေါ်ရှိ ဝမ်းသာမှုကို အနည်းငယ် ရုပ်သိမ်းလိုက်သည်။

နံနက်ခင်းနေက မြင့်တက်လာပြီ ဖြစ်သည်။ ဟယ်ယီက တော်ဝင်စစ်တဲသို့ ပြန်ရောက်လာပြီး စားပွဲငယ်လေးများကို ခြေထောက်ဖြင့် ကန်လှဲပစ်လိုက်ရာ ဘေးနားတွင် ခစားနေကြသော ကိုယ်ရံတော်များ အားလုံးက အသက်အောင့်ကာ တိတ်ဆိတ်နေကြ၏။

ဟယ်ယီက ကျားရေခင်းထားသော ထိုင်ခုံကြီးပေါ်တွင် ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်တွင် တင်ကာ ခေါင်းကို လက်ဖြင့် ထောက်ထားပြီး ခဏ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "မြို့တော်ကို သတင်းပို့လိုက်။ ကျန်နေတဲ့ စစ်သည်တွေ အားလုံးကို ကောလဲ့မြို့ဆီ လွှတ်လိုက်ပါလို့"

ကိုယ်ရံတော်များက အချင်းချင်း ကြည့်လိုက်ကြပြီး ဤအစီအစဉ်မှာ မသင့်တော်ကြောင်း အားလုံး သိနေကြသဖြင့် တားမြစ်ရန် ကြိုးစားလိုက်ကြသည်။ "မင်းသမီး..."

ဟယ်ယီက ခေါင်းမော့လာပြီး ထက်မြက်နေပုံရသော နှုတ်ခမ်းလွှာများကို တင်းတင်းစေ့ထားကာ ပြောလိုက်၏။ "ဒီမင်းသမီး ဆုံးဖြတ်ပြီးသွားပြီ၊ ထပ်ပြောစရာ မလိုဘူး"

ကိုယ်ရံတော်တစ်ဦးက သေရမည်ကို မကြောက်ဘဲ တားမြစ်လိုက်သည်။ "မင်းသမီး၊ ဒီနေ့ ရှုံးနိမ့်မှုကြောင့် စွန့်စားလုပ်ဆောင်တာမျိုး မလုပ်သင့်ပါဘူး။ အဲဒီ တာ့လျန်အမျိုးသမီးက ကောလဲ့မြို့ကို ကိုယ်တိုင်လာတာက တစ်ခုခု အကြံအစည် ရှိနေနိုင်တယ်..."

ဟယ်ယီက ဒေါသကို မဖုံးကွယ်နိုင်ဘဲ အော်ဟစ်လိုက်၏။ "အကြံအစည်ဆိုတာက သူတို့ အချိန်ဆွဲပြီး ကျားချောက်တောင်ကြားဂိတ်ရဲ့ စစ်ပွဲအခြေအနေကို ပြောင်းလဲဖို့ ကြိုးစားနေတာပဲ"

ကိုယ်ရံတော် အချို့က မှင်သက်သွားပြီးနောက် ပြောလိုက်ကြသည်။ "ဒါဆိုရင် မင်းသမီးက ဘာလို့..."

ဟယ်ယီ၏ မျက်နှာကြွက်သားများက တင်းမာသွားပြီး ဒူးပေါ်တွင် ချထားသော လက်များကလည်း လက်သီးဆုပ်ထားကာ ညိုမည်းသော အသားအရေပေါ်တွင် ကြွက်သားအမျှင်များ၏ ဦးတည်ရာကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူမက ပြောလိုက်၏။ "သူတို့က ကျားချောက်တောင်ကြားဂိတ်ကို သစ္စာဖောက်စစ်သူကြီးတွေ ရှိနေတယ်ဆိုတာ ကြိုတင်သတင်းပေးထားပြီး နီရူနဲ့ ကြင်ရာတော်တို့ကလည်း အချိန်အကြာကြီး နှောင့်နှေးနေရတယ်ဆိုရင် တာ့လျန်ရဲ့ တံခါးပေါက်ကို ဖွင့်ဖို့ ကျားချောက်တောင်ကြားဂိတ်ကို အရမ်းကြီး အားကိုးနေလို့ မရတော့ဘူး။ ဒါပေမယ့် သူတို့ တာ့လျန်ရဲ့ မင်းသမီးကို အရှင်ဖမ်းနိုင်ရင်တော့ ရတယ်"

____

ကောလဲ့မြို့ အစည်းအဝေးခန်းမ။

မုယိုလျန်သည် မြေပုံကို ကြည့်နေရင်း ဝိန်းယွီက မြို့ရိုးပေါ်တွင် ထိုကဲ့သို့သော စကားမျိုးကို အဘယ်ကြောင့် ပြောခဲ့သည်ကို နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။

"အခု ရှီးလင်က မြို့ကို ဝိုင်းထားတဲ့ စစ်သည်က ခုနစ်သောင်း၊ မြို့တော်ကနေ ထပ်လွှတ်နိုင်တဲ့ စစ်သည်က သုံးသောင်းလောက် ရှိသေးတယ်။ အဲဒီအချိန်ကျရင် စစ်တပ်တစ်သိန်း ဖိအားပေးလာတဲ့အခါ ကောလဲ့မြို့ထဲက နန်ချန်စစ်တပ်က တစ်သောင်းတောင် မပြည့်တော့ဘူး၊ မင်းသမီးနဲ့အတူ ပါလာတဲ့ တာ့လျန်စစ်တပ် နှစ်သောင်းကို ပေါင်းလိုက်ရင်တောင် သုံးသောင်းကျော်လေးပဲ ရှိတာ..."

စစ်ပွဲအတွေ့အကြုံ ရင့်ကျက်သူဖြစ်သော်လည်း ဤမျှ ကွာဟနေသော စစ်အင်အားကို ရင်ဆိုင်ရချိန်တွင် မုယိုလျန်၏ မျက်နှာပေါ်တွင်လည်း အခက်အခဲများကို တွေ့မြင်လာရ၏။

"ကောလဲ့မြို့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးထင်တယ်။ ဒါပေမယ့် ကောလဲ့မြို့အထိ ဆုတ်ခွာလာရလို့ သဲကန္တာရထဲမှာ မျက်စိကန်းသလို ဖြစ်သွားပြီး ရှီးလင်က ကျားချောက်တောင်ကြားဂိတ်ကို စစ်ချီတဲ့ လှုပ်ရှားမှုကို အချိန်မီ မတွေ့ရှိခဲ့တာက ကျွန်တော်မျိုးကို အကြိမ်တစ်သောင်း သေရမယ်ဆိုရင်တောင် အပြစ်ကနေ ကင်းလွတ်နိုင်မှာ မဟုတ်ပါဘူး။ တစ်ရက်လောက် ပိုဆွဲထားနိုင်မယ်ဆိုရင်တောင် ကျွန်တော်မျိုးက စစ်သည်တွေကို ခေါ်ပြီး တစ်ကိုယ်လုံး သွေးနဲ့အရိုးတွေနဲ့ ရင်းရမယ်ဆိုရင်တောင် ရှီးလင်ကို နောက်ထပ် တစ်ခဏလောက် ပိုဟန့်တားထားပါ့မယ်..."

တံခါးအပြင်ဘက်မှ "ခွမ်း" ခနဲ ကြီးမားသော အသံကြီး ထွက်ပေါ်လာသည်။

မုယိုလျန်က ပြင်းထန်စွာ အော်ဟစ်လိုက်၏။ "ဘယ်သူလဲ"

ဝိန်းယွီနှင့်အတူ အထဲတွင် ရှိနေသော ကျောင်းပိုင်နှင့် ကုရှီးယွင်ကလည်း ချက်ချင်းပင် ထက်မြက်စူးရှသော အကြည့်များဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

တံခါးပွင့်သွားပြီး အပြင်ဘက်ရှိ ရုပ်ရည်သန့်စင်ပြီး ခေါင်းမာသောပုံပေါက်သည့် လူငယ်လေးတစ်ယောက်က လက်မောင်းမှ ပြုတ်ကျသွားသော ဦးထုပ်နှင့် စာရွက်စာတမ်း အထပ်လိုက်ကို ကောက်ယူကာ တိုးညှင်းသော အသံဖြင့် ဖြေလိုက်သည်။ "အဖေ၊ ကျွန်တော်ပါ"

ဤလူငယ်ကို ဝိန်းယွီ အနည်းငယ် မှတ်မိနေ၏။ တစ်ဖက်လူသည် လွန်ခဲ့သောနှစ်က စစ်ရိက္ခာများ မရရှိသဖြင့် နန်းတော်သို့ ပြန်လာခဲ့ဖူးပြီး ထိုသို့ဖြစ်ရခြင်းမှာ ဂုဏ်သရေရှိ မိသားစုများမှ ကပ်ပါးကောင်များကြောင့်ဖြစ်ကြောင်း သိသွားသောအခါ သူမနှင့် ထိပ်တိုက်ရင်ဆိုင်နေသော အကြံပေးအမတ် လျိုကွမ်းလင်၏ အိမ်တော်သို့ပင် တိုက်ရိုက်သွားရောက်ကာ ထိုလူကို အပြင်းအထန် ရိုက်နှက်ခဲ့ဖူးသည်။

မုယိုလျန်က ရောက်လာသူမှာ မိမိ၏ သားဖြစ်နေသည်ကို မြင်လိုက်ရသောအခါ မျက်နှာပေါ်ရှိ ပြင်းထန်သော အမူအရာကို အနည်းငယ် လျှော့ချလိုက်သော်လည်း လေသံကမူ ပျော့ပျောင်းမသွားသေးချေ။ "မင်းက ဘာလို့ တံခါးအပြင်မှာ ရောက်နေတာလဲ"

မုရှောက်ထင်က လက်ထဲရှိ စာရွက်စာတမ်းများကို ကိုင်ကာ ဝင်လာပြီး ပြောလိုက်၏။ "ကျွန်တော် စစ်သည်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေနဲ့ ပတ်သက်တဲ့ စစ်ရေးသတင်းတွေ လာပို့တာပါ"

မုယိုလျန်သည် ဝိန်းယွီရှေ့တွင် ရိုင်းစိုင်းမိမည်ကို စိုးရိမ်သဖြင့် သားဖြစ်သူကို ဆုံးမရန် အဆင်မပြေသောကြောင့် ပြောလိုက်သည်။ "စားပွဲပေါ်မှာ ထားပြီး ထွက်သွားတော့"

မုရှောက်ထင်က ထိုစာရွက်စာတမ်း အထပ်လိုက်ကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် လှည့်ထွက်လာခဲ့သော်လည်း သူတို့ကို ကျောပေးကာ ပြောလိုက်သေးသည်။ "မင်းသမီးက ပြည်သူတွေကို သားသမီးလို ချစ်တယ်ဆိုတာ ကျွန်တော်မျိုး သိပါတယ်။ ဒါပေမယ့် မင်းသမီးရဲ့ ချစ်ခင်မှုကို ခံရတာက တာ့လျန်ပြည်သူတွေပဲလား။ ကျားချောက်တောင်ကြားဂိတ်ကို ကယ်ဖို့အတွက် ကျွန်တော်တို့ နန်ချန်ရဲ့ ကောလဲ့မြို့ တစ်မြို့လုံးကို ငါးစာအဖြစ် သုံးရတော့မှာလား။ ကောလဲ့မြို့ ကျဆုံးသွားရင် ကျွန်တော်တို့ နန်ချန်နယ်မြေက အကြောင်းမဲ့ သေဆုံးရမယ့် ပြည်သူတွေက လူ့အသက် မဟုတ်ဘူးလား"

နောက်ဆုံး ဝိန်းယွီကို လှည့်ကြည့်လိုက်သော ထိုအကြည့်က နီရဲနေပြီး မကျေနပ်မှုများ၊ ဒေါသများ ပါဝင်နေသည်။

ထို့နောက် သူက ခြေလှမ်းကျဲများဖြင့် အပြင်ဘက်သို့ ထွက်သွားရာ မုယိုလျန်က ဒေါသတကြီးဖြင့် သူ့ကို ရပ်ရန် အော်ဟစ်အမိန့်ပေးလိုက်သော်လည်း သူက လုံးဝ ဂရုမစိုက်ချေ။ နောက်ဆုံးတွင် စားပွဲပေါ်ရှိ ဝါးစာလိပ်ကို ကောက်ယူကာ သူ၏ ကျောဘက်သို့ ပစ်ပေါက်လိုက်သော်လည်း လွဲချော်သွားခဲ့သည်။

မုယိုလျန်က အံကြိတ်ကာ ဘေးရှိ ကိုယ်ရံတော်ကို မုရှောက်ထင်အား အမြန်သွားဖမ်းလာရန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်ကတော့ ခါးကိုကိုင်းကာ ဝိန်းယွီကို လက်ယှက်ပြီး နက်နက်ရှိုင်းရှိုင်း အရိုအသေပေးလိုက်သည်။ "မင်းသမီး ဒေါသကို လျှော့ပါ၊ ခွေးသားက မသိနားမလည်ဘဲ စကားတွေ လျှောက်ပြောပြီး မင်းသမီးကို စော်ကားမိတာပါ။ ကျွန်တော်မျိုး သူ့ကို အရေခွံခွာပြီး အရွတ်တွေ ဆွဲထုတ်ပစ်ပါ့မယ်"

ဝိန်းယွီ၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် အရိပ်အယောင် အနည်းငယ်မျှ မရှိသလို အထင်လွဲခံရမှုကြောင့် ဝမ်းနည်းနေသည့်ပုံလည်း မပေါ်ချေ။ မုရှောက်ထင်၏ အစောပိုင်းက စကားများကို သူမအား ပြောခဲ့ခြင်း မဟုတ်သည့်အလား တစ်ကိုယ်လုံး တည်ငြိမ်အေးချမ်းနေ၏။ "စစ်သူကြီးငယ်ကလည်း အောက်ခြေက ပြည်သူတွေကို ကာကွယ်ချင်စိတ် ပြင်းပြနေလို့ပါ။ ဒီလို စစ်သူကြီးမျိုး ရထားတာ ဒီမင်းသမီး ဝမ်းသာရမှာပါ"

မုရှောက်ထင်က အစည်းအဝေးခန်းမမှ ထွက်လာပြီး ဒေါသများ အပြည့်ဖြင့် စင်္ကြံလမ်းတစ်လျှောက် ခေါင်းငုံ့ကာ လျှောက်လာခဲ့သည်။ "တာ့လျန်အမျိုးသမီးက တာ့လျန်အမျိုးသမီးပါပဲ၊ တကယ်တမ်း ရွေးချယ်ရမယ့်အချိန်ကျတော့ စွန့်လွှတ်လိုက်တာက ငါတို့ နန်ချန်ပြည်သူတွေချည်းပဲ..."

ထောင့်ချိုးတစ်ခုမှ ခြေထောက်တစ်ဖက် ထွက်လာပြီး မုရှောက်ထင်က ဒေါသထွက်နေချိန်ဖြစ်သဖြင့် ခြေအောက်ကို သတိမထားမိဘဲ ခလုတ်တိုက်ကာ လဲကျသွားလေသည်။

"ဘယ်က မျက်စိမပါတဲ့ ခွေးကောင်လဲ..."

မုရှောက်ထင်က မျက်နှာရှုံ့မဲ့ကာ ထရန် ပြင်လိုက်စဉ် သွေးကွက်များ မခြောက်သေးသော စစ်ဖိနပ်တစ်စုံက သူ၏အရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူက မော့ကြည့်လိုက်ရာ ထိုတာ့လျန်အမျိုးသမီးဘေးတွင် လိုက်ပါလာသော အမျိုးသမီးစစ်သူကြီးဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် တစ်ဖက်လူ၏ လှောင်ပြောင်မှုကို ခံလိုက်ရသည်ဟု ခံစားလိုက်ရကာ အလွန်ရှက်ရွံ့ဒေါသထွက်သွားပြီး မြေကြီးကိုထောက်ကာ ထလိုက်သည်။ သို့သော် တစ်ဖက်လူကို မေးခွန်းမထုတ်ရသေးခင်မှာပင် တစ်ဖက်လူ၏ အေးစက်ပြီး ထက်မြက်သော မျက်လုံးတစ်စုံက သူ့ထံသို့ ရောက်ရှိလာပြီး လက်ပိုက်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "နင်တို့ နန်ချန်က အမတ်တွေက မင်းသမီးကို စစ်တပ်ကြီးခေါ်ပြီး ဒီကိုလာဖို့ နောက်ဆုံးမှာ သဘောတူလိုက်တာက စစ်သူကြီးငယ်မု နင့်လောက်တောင် အောက်ခြေက ပြည်သူတွေကို မချစ်လို့လို့ ထင်နေတာလား"

မုရှောက်ထင်က အေးစက်စွာ ရယ်မောလိုက်၏။ "တာ့လျန်အမျိုးသမီးက သူတို့ကို ဘာအကျိုးအမြတ်တွေ ပေးခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ..."

စကားမဆုံးသေးခင်မှာပင် မုရှောက်ထင်သည် သူ၏ လည်ချောင်းတွင် အေးစက်မှုတစ်ခု လာထိနေကြောင်း ခံစားလိုက်ရသည်။

ကုရှီးယွင်၏ လှံရှည်က သူ့လည်ပင်းကို တည့်တည့်ချိန်ထားလေသည်။ "ကောင်လေး၊ နင်က ငယ်သေးလို့ ဒီနေ့ ငါ နင့်အသက်ကို မယူဘူး၊ ဒါပေမယ့် မင်းသမီးကို နင် ထပ်စော်ကားတာ တစ်ခွန်း ကြားရရင်..."

သူမက ခေါင်းကို ဖြည်းညှင်းစွာ စောင်းကာ သူ့ကို ကြည့်လိုက်ပြီး စကားဆက်မပြောတော့ဘဲ လက်ထဲရှိ လှံရှည်ကို လမ်းကြောင်းလွဲကာ ပြင်းထန်စွာ ထိုးချလိုက်ရာ ထိုလှံရှည်သည် ဘေးရှိ စင်္ကြံတိုင်ထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွားတော့သည်။

မုရှောက်ထင်သည် သူမ၏ ဤကြမ်းတမ်းသော လှံစွမ်းရည်ကြောင့် တုန်လှုပ်သွားပြီး ခဏတာမျှ အသံထွက်ရန်ပင် မေ့သွားခဲ့၏။

ကုရှီးယွင်က လှံကို ပြန်နုတ်ကာ ထွက်ခွာသွားရင်း အေးစက်စွာ ပြောလိုက်သည်။ "နန်းတော်တစ်ခုလုံးမှာ နင်တို့ နန်ချန်ပြည်သူတွေအပေါ် အကောင်းဆုံး လုပ်ပေးခဲ့တာက ငါတို့ မင်းသမီးပဲ"

မုရှောက်ထင်က မူလနေရာတွင် ရပ်နေပြီး ထိုအရှက်ရမှုနှင့် ဒေါသများက ရင်ထဲမှ နောက်တစ်ကြိမ် ထွက်ပေါ်လာကာ အော်ဟစ်လိုက်၏။ "မနေ့က တိုက်ပွဲမှာ လူဘယ်လောက် သေသွားလဲဆိုတာ မင်းတို့ မမြင်ဘူးလား။ မင်းတို့က မင်းတို့ တာ့လျန်ရဲ့ ကျားချောက်တောင်ကြားဂိတ်ကို ကာကွယ်ဖို့အတွက် ရှီးလင်စစ်တပ် အားလုံးကို ကောလဲ့မြို့ဆီ ဆွဲခေါ်လာတာ။ ငါတို့ နန်ချန်က ယောက်ျားတွေ အားလုံး စစ်မြေပြင်မှာ သေကုန်နိုင်ပေမယ့် မြို့ကျသွားရင် လက်နက်မရှိတဲ့ အဲဒီ ပြည်သူတွေက ဘယ်လိုလုပ်ရမှာလဲ"

ကုရှီးယွင်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှံကိုထောက်ကာ ဒေါသထွက်နေသော ထိုလူငယ်လေးကို နောက်လှည့်ကြည့်ပြီး ပြောလိုက်သည်။ "မင်းသမီးက တာ့လျန်နဲ့ နန်ချန် နယ်မြေနှစ်ခုစလုံးက ပြည်သူအားလုံးကို ကာကွယ်ချင်လို့ ဒီကို ကိုယ်တိုင် စွန့်စားပြီး လာခဲ့တာပဲ"

"ကောလဲ့မြို့သာ ကျသွားရင် သေမှာက နင်တို့ နန်ချန်စစ်သည်တွေတင် မဟုတ်ဘူး၊ မင်းသမီးနဲ့အတူ ပါလာတဲ့ ငါတို့ တာ့လျန်စစ်သည် နှစ်သောင်းလည်း ဒီနေရာမှာပဲ အရိုးမြုပ်ရမှာပဲ"

မုရှောက်ထင်က သူမ၏ စကားထဲမှ အဓိပ္ပါယ်ကို နားလည်သွားသည်။ သူတို့က ဆုတ်ခွာမည်မဟုတ်ပေ။ ဆိုလိုသည်မှာ မြို့ကျသွားသည်နှင့် ဝိန်းယွီသည်လည်း ဆုတ်ခွာမည်မဟုတ်ချေ။

သူ၏ ငယ်ရွယ်သော မျက်နှာပေါ်တွင် တစ်ခဏတာ အရှက်ရမှုလား၊ ရှက်ရွံ့မှုလား ဆိုသည်ကို မခွဲခြားနိုင်တော့ဘဲ ဤရှုပ်ထွေးသော ခံစားချက်များကြောင့် စိတ်အာရုံများ လွှမ်းမိုးခံလိုက်ရကာ မနေနိုင်ဘဲ ထပ်မေးလိုက်မိ၏။ "မင်းသမီးက သူကိုယ်တိုင် ကောလဲ့မြို့ကို လာရုံနဲ့ ပြည်သူနှစ်ရပ်လုံးကို ကာကွယ်နိုင်မယ်လို့ ဘာလို့ ထင်နေရတာလဲ"

အလောတကြီးဖြင့် ပြောလိုက်သော စကားများက မေးခွန်းထုတ်နေသကဲ့သို့ ဖြစ်နေသေးကြောင်း သတိထားမိသွားသဖြင့် သူက အံကြိတ်ကာ နောက်ထပ် တစ်ခွန်း ထပ်ပြောလိုက်သည်။ "စစ်သူကြီးဆိုတာ စစ်မြေပြင်မှာ သေနိုင်ပေမယ့် နိုင်ငံခေါင်းဆောင်က မသေသင့်ဘူးလေ"

ကုရှီးယွင်က မျက်လွှာချလိုက်၏။ "မင်းသမီးအတွက်တော့ ပြည်သူနှစ်ရပ်လုံးက သူကိုယ်တိုင်ထက် ပိုအရေးကြီးတယ်၊ ဒီလောက် ရိုးရှင်းတယ်"

သူမက ခြေလှမ်းများကို နောက်တစ်ကြိမ် ပြန်မစခင် ပြောလိုက်သည်။ "နင်လည်း နင်တို့ နန်ချန်ရဲ့ ကောလဲ့မြို့ အနောက်ဘက်က ပြည်သူတွေကို ကာကွယ်ချင်တယ်ဆိုရင် ကောလဲ့မြို့ကို အသေအလဲ ကာကွယ်ထား၊ အနည်းဆုံး တစ်လလောက် ကာကွယ်ထား"

ရှီးလင်စစ်တပ် တစ်သိန်းက ဖိအားပေးလာနေပြီဖြစ်ရာ ကောလဲ့မြို့က ဆယ်ရက်လောက် ကာကွယ်နိုင်ရင်တောင် သမိုင်းမှတ်တမ်းမှာ ဝင်ဖို့ လုံလောက်နေပြီ၊ တစ်လကို ဘယ်လို ကာကွယ်မလဲဟု မုရှောက်ထင်တစ်ယောက် ပြန်ချေပချင်စိတ် ဖြစ်သွားခဲ့သည်။

သို့သော် စစ်တပ်ထဲတွင် ငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့သဖြင့် သူ၏ အာရုံကြောအချို့ကို ထက်မြက်လာစေခဲ့သည်။

တစ်လတိတိဆိုသည့် အချိန်ကာလကို ဟန့်ယန်မင်းသမီးက ဆွဲထားချင်နေသည်ဆိုတော့ တခြား အစီအစဉ်တွေများ ရှိနေသေးသည်လား။

တစ်ချိန်တည်းမှာပင် ကောလဲ့မြို့ အစည်းအဝေးခန်းမအတွင်း မုယိုလျန်က ဝိန်းယွီကို တလေးတနက် အရိုအသေပေးလိုက်သည်။ "ကျွန်တော်မျိုး နားလည်ပါပြီ၊ ကျွန်တော်မျိုး အသက်နဲ့ရင်းပြီး ကတိပေးပါတယ်။ နောက်ထပ် တစ်လ၊ လူရှိနေသရွေ့ ဂိတ်ရှိနေစေရပါမယ်"

_____

သဲကန္တာရထဲတွင် သဲမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာပါက ကောင်းကင်ကြီးက အဝါရောင် မှိုင်းမှိုင်းကြီး ဖြစ်သွားပြီး နံနက်နှင့် ညနေကလွဲပြီး တခြား အချိန်များကို ခွဲခြားရန် အတော်လေး ခက်ခဲသွားသည်။

ကျန်းဟူက စစ်သည်များကိုခေါ်ကာ မြင်းအမြီးများတွင် ဇီးဖြူကိုင်းများ ချည်နှောင်ပြီးနောက် အဝေးမှ တဖြည်းဖြည်း လွှမ်းမိုးလာသော သဲဝါများကို ကြည့်ရင်း မြေကြီးပေါ်တွင် ရိုးရှင်းသော မြေပုံတစ်ခု ဆွဲကာ စဉ်းစားနေသည့် ရှောင်းလိထံသို့ လျှောက်သွားပြီး ပြောလိုက်၏။ "ယိုချိုက်ဆီက သတင်းပို့လာတယ်။ ရှီးလင်စစ်တပ် တစ်တပ်က ငါးစာကို ကိုက်ပြီး လိုက်လာပြီတဲ့။ ဒီတစ်ခါတော့ အဲဒီ ရှီးလင်လူရိုင်းတွေကို သွားလမ်းသာရှိပြီး အပြန်လမ်းမရှိအောင် လုပ်ပစ်ရမယ်"

ရှောင်းလိက မေးလိုက်သည်။ "ဘယ်အလံကို လွှင့်ထားလဲ"

ကျန်းဟူက သူ ရှီးလင်စစ်တပ်ကို အကြိမ်ကြိမ် အငိုက်ဖမ်းတိုက်ခိုက်နေရသည့် နောက်ထပ် ရည်ရွယ်ချက်တစ်ခုမှာ ဖေစုန့်ကို သတ်ရန်ဖြစ်ကြောင်း သိထားသဖြင့် ပြန်ဖြေလိုက်၏။ "'ဖေ' စာလုံး အလံ မဟုတ်ဘူး၊ ခွေးပြေးဝက်ပြေး လိုက်လာတဲ့ အကောင်တွေကိုလည်း မတွေ့ရဘူး။ ဖေစုန့် အဲဒီကောင် မဟုတ်လောက်ဘူး။ အဲဒီ ခွေးသူခိုးက အခုဆို သူ့အသက်ကို တအား နှမြောနေတာ။ ရှီးလင် ပင်မစစ်တပ်ထဲမှာပဲ အမြဲတမ်း ပုန်းနေပြီး မျက်နှာပြတာကိုတောင် မတွေ့ရဘူး"

ရှောင်းလိက မြေကြီးပေါ်ရှိ မြေပုံကို ဖျက်ပစ်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။ "ကျန်းဟူ၊ မင်း သွားပြီး ယိုချိုက်ကို သွားကြိုလိုက်၊ အဲဒီ ရှီးလင်စစ်တပ်ကို ခပ်ဝေးဝေးကို ဆွဲခေါ်သွား"

ကျန်းဟူသည် ရှောင်းလိတစ်ယောက် မိမိကိုယ်ပေါ်ရှိ အပေါ်ဝတ်ရုံကို ချွတ်ချလိုက်ပြီး အရင်က သတ်ပစ်ခဲ့သော ရှီးလင်စစ်သည်များထံမှ ချွတ်ယူထားသော သံချပ်ကာဝတ်စုံတစ်စုံကို သဲပြင်ပေါ်မှ ကောက်ယူလိုက်သည်ကို မြင်လိုက်ရသည်။ သူနှင့် အတူရှိနေသော ဝံပုလွေမြင်းတပ်သားများသည်လည်း ဘယ်အချိန်ကတည်းက ရှီးလင်စစ်တပ်၏ သံချပ်ကာဝတ်စုံများကို လဲဝတ်ထားမှန်းမသိအောင် လဲဝတ်ထားပြီး ဖြစ်၏။

ကျန်းဟူ၏ မျက်ခွံများက တုန်လှုပ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "အစ်ကို(၂)၊ စိတ်လီုက်မာန်ပါ မလုပ်ပါနဲ့..."

...

All Chapters