← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

အပိုင်း (၂၄၀)

ရှောင်းလိသည် သွေးများပေကျံနေသော ရှီးလင်စစ်တပ်၏ သံချပ်ကာအင်္ကျီကို ဝတ်ဆင်လိုက်ပြီး ဘေးက သဲပြင်ထဲတွင် စိုက်ထားသော ဓားရှည်ကို ဆွဲနုတ်လိုက်၏။ အရှေ့ဘက်မှ ထွက်ပြူစ နေရောင်ခြည်နီနီက သူ့မျက်နှာပေါ်သို့ ကျရောက်နေသည်။ "ဒီရှီးလင်စစ်သည် သုံးသောင်းကို အချိန်မဆွဲထားနိုင်ရင် ဖေစုန့်ကို သတ်ပြီး ရှီးလင်စစ်တပ်နဲ့ ခံတပ်အတွင်းက သူလျှိုတွေရဲ့ ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ရုံနဲ့ ရှီးလင်စစ်တပ် ခံတပ်ထဲ ဝင်လာတာကို တားဆီးနိုင်လိမ့်မယ်"

မြောက်ဘက်သို့ လှမ်းကြည့်လိုက်သော သူ့အကြည့်က အေးစက်ပြီး လေးနက်တည်ငြိမ်နေ၏။

ကျန်းဟူ၏ ရင်ထဲတွင် ပြည့်နှက်နေသော စကားများအားလုံးက ချက်ချင်းပင် လည်ချောင်းဝတွင် တစ်ဆို့သွားတော့သည်။

ဤတစ်ကြိမ် ခံတပ်အပြင်သို့ အတူထွက်လာသော ဝံပုလွေမြင်းစီးသူရဲကောင်း အရေအတွက်က ထောင်ဂဏန်းသာ ရှိသည်။ မြေပြင်အနေအထားနှင့် ရာသီဥတု နှစ်ခုစလုံး ရှုပ်ထွေးပြီး ခန့်မှန်းရခက်သော သဲကန္တာရထဲတွင် ရှီးလင်စစ်သည် သုံးသောင်းကို အချိန်ဆွဲထားရန်ဆိုသည်မှာ ဝံပုလွေမြင်းစီးသူရဲကောင်းများ အားလုံး အသက်ပေးလိုက်ရလျှင်ပင် သေချာပေါက် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ကျားချောက်တောင်းကြားဂိတ်သာ ကျဆုံးသွားပါက နောင်တွင် ရှီးလင်သည် လျန်နယ်မြေအတွင်းသို့ အတားအဆီးမရှိ ဝင်ရောက်လာနိုင်လိမ့်မည်။ စစ်မီးများ နှစ်အနည်းငယ် လောင်ကျွမ်းခံထားရသော တာ့လျန်ပြည်ကြီးအနေဖြင့် ကျားချောက်တောင်ဟူသော ဤသဘာဝ အတားအဆီးကြီးသာ မရှိတော့ပါက ဝံပုလွေအုပ်က သိုးခြံထဲ ဝင်ရောက်သွားခြင်းနှင့် အတိအကျ တူညီသွားလိမ့်မည်။

ထို့ကြောင့် သေရမည်ဆိုလျှင်တောင် သူတို့က ဤရှီးလင်စစ်သည် သုံးသောင်းကို မဖြစ်မနေ ဟန့်တာရပေလိမ့်မည်။

ယခင် အကြိမ်အနည်းငယ်က ဝင်ရောက်နှောင့်ယှက်ရာတွင် ရှောင်းလိသည် ဝံပုလွေမြင်းစီးသူရဲကောင်းများ၏ စစ်အင်အားကို မပေါ်လွင်စေရန် စစ်သည်များကို မြင်းအမြီးများတွင် ဆူးချုံများ တပ်ဆင်စေခဲ့သည်။ ရှီးလင်စစ်တပ်ကို ခြုံခိုတိုက်ခိုက်မည့် နေရာဆီသို့ မျှားခေါ်သွားချိန်တွင် တစ်ဖက်လူက ထူးခြားမှုကို ရိပ်မိပြီး နောက်ဆုတ်ရန် ကြိုးစားပါက စစ်သည်များက အနောက်ဘက်မှ ဝိုင်းရံကာ ဆုတ်ခွာရာလမ်းကို ဖြတ်တောက်လိုက်ကြသည်။

ဆူးချုံများကို မြေပြင်ပေါ်တွင် တရွတ်တိုက်ဆွဲလာပြီး စစ်မြင်းများ အရှိန်ပြင်းပြင်း ပြေးလွှားလာမှုကြောင့် ကြီးမားသော သဲဝါမုန်တိုင်းများ ထလွင့်လာခဲ့သည်။ မျှားခေါ်ခံလိုက်ရသော ရှီးလင်စစ်တပ်က ဝံပုလွေမြင်းစီးသူရဲကောင်းများ၏ အဓိကတပ်မကြီး ဖိတိုက်လာသည်ဟု ထင်သွားကြပြီး အလောတကြီးဖြင့် ရှေ့သို့ ဆက်လက်ပြေးလွှားရုံမှလွဲ၍ တခြားမရှိတော့သဖြင့် ခြုံခိုတိုက်ခိုက်မှုထဲသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားခဲ့ကြ၏။

သို့သော် တစ်ဖက်လူ၏ စစ်အင်အားက သုံးသောင်းအထိ ရှိနေသည်။ ဤကဲ့သို့ ရန်သူကို မျှားခေါ်သည့် အကြိမ်အရေအတွက် များလာပါက သေချာပေါက် ရိပ်မိသွားကြလိမ့်မည်။ ရှီးလင်ဘက်က သူတို့၏ စစ်အင်အားကို အကဲခတ်မိသွားသည်နှင့် တပြိုင်နက် ထိုအချိန်ရောက်လျှင် အန္တရာယ်ရှိသွားမည့်သူများမှာ သူတို့ကိုယ်တိုင်ပင် ဖြစ်သွားလိမ့်မည်။

ထို့အပြင် ရှီးလင်ဘက်ကလည်း သူတို့ အကြိမ်ကြိမ် လာရောက်နှောင့်ယှက်ရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိနေပုံရ၏။ အဓိကတပ်မကြီးက တစ်ချိန်လုံး အရေးပေါ် ချီတက်နေခဲ့ပြီး တစ်ခါမှ မရပ်နားခဲ့ချေ။

ရှောင်းလိက အန္တရာယ်များသော စစ်ရေးဗျူဟာကို အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းမှာ ရှီးလင်ဘက်က သူတို့၏ စစ်အင်အားကို လုံးလုံးလျားလျား မသိရှိခင် ဤတစ်ကြိမ်တွင် ဝံပုလွေမြင်းစီးသူရဲကောင်းများ မျှားခေါ်သွားသော ရှီးလင်တပ်ဖွဲ့ငယ်လေးအဖြစ် ဟန်ဆောင်ကာ ရန်သူ့ဗဟိုချက်ထဲသို့ တိုက်ရိုက်ဝင်ရောက်ပြီး ဖေစုန့်ကို သုတ်သင်ပစ်မည်ဟု စဉ်းစားထားခြင်းပင်။

ရှောင်းလိကို မတားနိုင်တော့မှန်း ကျန်းဟူ သိလိုက်၏။ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သစ်ခြောက်ပင်အောက်တွင် တင်းကျပ်စွာ တုပ်နှောင်ခံထားရပြီး အသက်ရှူရခက်ခဲနေပြီဖြစ်သော ရှီးလင်စစ်သူကြီးငယ်ကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။ "အစ်ကို(၂)က သူတို့ရဲ့ ဆက်သွယ်ရေး အချက်ပြအလံတွေကို စစ်ဆေးမေးမြန်းပြီးတဲ့နောက်မှာတောင် ဒီခွေးကောင်ရဲ့ အသက်ကို ချမ်းသာပေးထားတာ မဆန်းတော့ပါဘူး။ အစကတည်းက ဒီလို အကြံစည်ထားတာကိုး......"

ရှီးလင်စစ်တဲအတွင်း၌ လေထုက အတော်လေး တင်းမာနေ၏။

ဖေစုန့်သည် အထက်ဘက် ပင်မထိုင်ခုံတွင် ထိုင်နေသော ရှီးလင်စစ်သူကြီးချုပ် နီရူကို ကြည့်လိုက်ရာ သူ့ မျက်နှာပေါ်တွင် ဒေါသနှင့် အုံ့မှိုင်းနေမှုတို့ကို ဖုံးကွယ်မရနိုင်ချေ။ "စစ်သူကြီး ဆိုလိုချင်တာက မင်းသမီးက အလွယ်တကူ ရနိုင်တဲ့ ကျားချောက်တောင်းကြားဂိတ်ကို စွန့်လွှတ်ပြီး အဓိကတပ်မကြီးကို အကြိမ်ကြိမ် လာရောက်နှောင့်ယှက်နေတဲ့ အဲ့ဒီ လူယုတ်မာအုပ်စုကို သွားလိုက်ဖမ်းမယ်ပေါ့"

ဖေစုန့်ကို ကြည့်လိုက်သော နီရူ၏ အကြည့်က အလွန်အမင်း မထီမဲ့မြင်နိုင်လှသည်။ သူတို့ ရှီးလင်လူမျိုးများသည် သတ္တိနှင့် ခွန်အားကို မြတ်နိုးကြ၏။ ဖေစုန့်က ကြော့ရှင်းပြီး ချောမောသော ရုပ်ရည်သွင်ပြင် ရှိသည်။ သူက ဟယ်ယီနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိပြီးမှသာ ကြင်ရာတော်ဆိုသော ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်း ဖြစ်သော်လည်း နီရူ၏ အမြင်တွင်မူ ဤအရာက ရုပ်ရည်ကို အသုံးပြုကာ သွေးဆောင်ဖြားယောင်းသည့် သံသယများ မကင်းလှချေ။

အဘယ်ကြောင့်ဆိုသော် ဟယ်ယီသည် ယောက်ျားမိန်းမ ကိစ္စများနှင့် ပတ်သက်လာလျှင် အမြဲတမ်း ရှောင်ကြဉ်လေ့မရှိသောကြောင့်ပင်။ အတိတ်က ကြင်ရာတော် နှစ်ယောက်သာ ရှိခဲ့သော်လည်း တိတ်တိတ်ပုန်း ချစ်သူများကတော့ ဘယ်လောက်များမှန်းပင် မသိနိုင်ပေ။

လက်ရှိတွင် ဖေစုန့်၏ မေးခွန်းကို ရင်ဆိုင်ရချိန်၌ နီရူသည် ဟယ်ယီ လူစားစေလွှတ်ကာ ပို့ဆောင်လိုက်သော စာကို စားပွဲရှေ့သို့ ရိုက်ချလိုက်ပြီး တစ်ကိုယ်လုံးကို နောက်သို့ ပျင်းရိစွာ မှီချလိုက်ကာ သရော်လှောင်ပြောင်သော အမူအရာဖြင့် ပြောလိုက်လေသည်။ "ဒီမှာ မင်းသမီးရဲ့ ကိုယ်တိုင်ရေးစာ ရှိနေတာကို ကြင်ရာတော်ဖေက ငါက အမိန့်စာ အတုလုပ်တယ်လို့ သံသယဝင်နေသေးတာလား"

ဖေစုန့်နောက်မှ လိုက်ပါလာသော သိမ်းငှက်အမဲလိုက်ခွေးများသည် ဤကဲ့သို့သော စော်ကားမှုကို တစ်ခါမှ မခံခဲ့ရဖူးချေ။ သူတို့၏ မျက်နှာများ အရောင်ပြောင်းသွားပြီး နီရူနှင့် အချေအတင် "ငြင်းခုန်" ရန် ပြင်လိုက်ကြသော်လည်း ဖေစုန့်က လက်ကာပြကာ တားဆီးလိုက်၏။

သူသည် နီရူကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့တိုးကာ စားပွဲပေါ်ရှိ စာကို ကောက်ယူလိုက်သည်။ ဖတ်ပြီးနောက်တွင်မှ သူ၏ အမူအရာက ပိုပြီး သုန်မှုန်လာတော့သည်။

နီရူက ထိုအခြေအနေကို မြင်သောအခါ အင်မတန် ကျေနပ်သွားပုံရပြီး မျက်နှာပေါ်တွင် အပြုံးတုတစ်ခုဖြင့် မေးလိုက်လေသည်။ "ဘယ်လိုလဲ။ ကြင်ရာတော် ယုံပြီလား"

ဖေစုန့်က ပြန်ပြောလိုက်သည်။ "ဒါက လျန်မိန်းမရဲ့ ကောက်ကျစ်တဲ့ အကြံအစည်ပဲ။ မင်းသမီးနဲ့ စစ်သူကြီးက သူ့ရဲ့ လှည့်စားမှုကို မခံကြပါနဲ့"

သူသည် ထိုစာကို အောက်သို့ချလိုက်၏။ "လျန်မိန်းမက ကျားချောက်တောင်းကြားဂိတ်ကို ကာကွယ်ဖို့အတွက် နည်းလမ်းတွေသုံးပြီး အဲ့ဒီ ရှောင်းဆိုတဲ့ကောင်ကို သူ့အတွက် ဆက်ပြီး ခွေးလုပ်ပေးဖို့ သိမ်းသွင်းခဲ့တာဆိုတာ သိသာတယ်။ လျန်မိန်းမက အဲ့ဒီ မြင်းစီးတပ်ဖွဲ့ထဲမှာ သေချာပေါက် ရှိမနေနိုင်ဘူး။ ကျွန်တော်တို့တွေက အမြန်ဆုံး အရှိန်အဟုန်နဲ့ ချီတက်ပြီး ကျားချောက်တောင်းကြားဂိတ်ဆီကို မြန်မြန်သွားပြီး ဒီတာ့လျန်ရဲ့ တံခါးပေါက်ကြီးကို ဖွင့်လှစ်မှသာ အဲ့ဒီ လျန်မိန်းမရဲ့ ထောင်ချောက်ကို အချည်းနှီးဖြစ်အောင် လုပ်နိုင်လိမ့်မယ်"

နီရူက မျက်ခွံကို အနည်းငယ်ပင့်လိုက်ပြီး မေးစေ့ကို ညင်သာစွာ ဆတ်ပြလိုက်သည်။ "ကြင်ရာတော်က မင်းသမီးရဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်နေတာလား"

ဖေစုန့်က ခေါင်းငုံ့ကာ ပြန်ပြောလိုက်၏။ "ကျွန်တော် မဝံ့ရဲပါဘူး"

ထို့နောက် ထပ်ပြောလိုက်လေသည်။ "ကျွန်တော် စဉ်းစားနေတာက တကယ်လို့ လျန်မိန်းမက အဲ့ဒီ ရှောင်းဆိုတဲ့ကောင်ရဲ့ လက်ထဲမှာ တကယ်ရှိနေမယ်ဆိုရင်၊ ပြီးတော့ ရှောင်းဆိုတဲ့ကောင်က ငါတို့ကို ခံတပ်ထဲမဝင်နိုင်အောင် တားဆီးချင်တယ်ဆိုရင် လျန်မိန်းမကို ခေါ်ပြီး ခံတပ်ထဲကို ကြိုဝင်သွားနိုင်တာပဲ။ ကျားချောက်တောင်းကြားဂိတ်ကို လွှဲပြောင်းယူပြီး ကျွန်တော့် လူတွေကို ရှင်းလင်းပစ်ပြီးနောက် ခံတပ်ကို အခိုင်အမာ စောင့်ကြပ်နေရမှာပေါ့"

"ဒါပေမယ့် အခု ဘယ်ကနေဘယ်လို ပေါ်လာမှန်းမသိတဲ့ အဲ့ဒီ မြင်းစီးတပ်ဖွဲ့က ခရီးဆက်ဖို့ မလောဘဲ ကျွန်တော်တို့ ချီတက်တာကို တစ်ချိန်လုံး ဝင်ရောက်နှောင့်ယှက်နေတာကို ကြည့်ရင် လျန်မိန်းမက သူတို့လက်ထဲမှာ မရှိတာ ဖြစ်နိုင်သလို၊ ဒါမှမဟုတ်...... ရှောင်းဆိုတဲ့ကောင်က လျန်မိန်းမကို ခေါ်ပြီး ကျားချောက်တောင်းကြားဂိတ်ဆီကို ကြိုတင်သွားရောက်သွားပြီဖြစ်ပြီး ငါတို့ကို တားဆီးဖို့ ဒီမှာ စစ်သည်တွေကို တမင်ချန်ထားရစ်တာလည်း ဖြစ်နိုင်တယ်"

နီရူသည် ဖေစုန့်၏ စကားကြောင့် သိသိသာသာ ယိမ်းယိုင်သွားခဲ့ပြီး အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။ "ကြင်ရာတော် ပြောတာ အဓိပ္ပါယ်ရှိတယ်။ ဒါဆိုရင် ကြင်ရာတော်ရဲ့ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့......"

ဖေစုန့်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသယောင်ရှိပြီး ဤအခိုက်အတန့်တွင် သူ့မျက်နှာပေါ်ရှိ အမူအရာကို နူးညံ့သည်ဟုပင် ခေါ်ဆိုနိုင်လေသည်။ "ဒါဆိုရင် ကျွန်တော်က စစ်တပ်တစ်ဝက်ကို ဦးဆောင်ပြီး ရှေ့ကနေ ခရီးဆက်နှင်နှင့်ပါ့မယ်"

မထွက်ခွာမီက ဟယ်ယီ သူ့ကို အထူးတလည် မှာကြားခဲ့သည်ကို နီရူက ပြန်လည်တွေးတောလိုက်သည်။ ဖေစုန့်က ခံတပ်အတွင်းရှိ သူ၏ လက်ထောက်သည် မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်အထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။ ကျားချောက်တောင်းကြားဂိတ်သည် ရှီးလင်နှင့် လျန်နယ်မြေကို ဆက်သွယ်ပေးထားသော အရေးကြီးသည့် ဂိတ်ပေါက်တစ်ခု ဖြစ်ရာ ခံတပ်တွင်းသို့ ဝင်ရောက်ပြီးနောက် ဖေစုန့်ကို မျက်ခြေမပြတ် စောင့်ကြည့်ထားရမည် ဖြစ်သည်။ လက်ရှိတွင် သူ့အား စစ်သည် တစ်သောင်းခွဲကို တစ်ဦးတည်း ဦးဆောင်သွားခွင့် မပေးရဲသဖြင့် ပြောလိုက်လေသည်။ "ကြင်ရာတော်က စစ်တပ်ထဲကို အခုမှ ရောက်လာတာဆိုတော့ ရင်းနှီးကျွမ်းဝင်မှု မရှိတာတွေ အများကြီး ရှိနေသေးတယ်။ နူဂယ်ကို ကြင်ရာတော်နဲ့အတူ လိုက်သွားခိုင်းလိုက်မယ်။ ငါကိုယ်တိုင် အဲ့ဒီ မြင်းစီးတပ်ဖွဲ့ကို သွားရောက်ချေမှုန်းပြီး နောက်အကျဆုံး သုံးရက်နေရင် ကျားချောက်တောင်းကြားဂိတ်ဆီကို လိုက်လာခဲ့မယ်"

ဖေစုန့်က ဤစကားများထဲမှ မိမိအပေါ် သတိထားနေမှုကို အဘယ်ကြောင့် နားမလည်ဘဲ နေမည်နည်း။ သို့သော် သူက နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးရုံသာ ပြုံးလိုက်ပြီး မြောက်ပင့်ပြောဆိုလိုက်၏။ "စစ်သူကြီးရဲ့ စဉ်းစားတွေးခေါ်မှုက စေ့စပ်သေချာလှပါတယ်"

အောက်သို့ စိုက်ကျနေသော သူ၏ မျက်ဝန်းအောက်တွင် အမှောင်ထုများ ဘယ်လောက်တောင် ပုန်းကွယ်နေသည်ကိုတော့ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ။

ဖေစုန့်နှင့် ဒုစစ်သူကြီး နူဂယ်တို့က စစ်အင်အား တစ်ဝက်ကို ဦးဆောင်ကာ ခရီးဆက်ရန် ထွက်ခွာသွားသည်နှင့် တပြိုင်နက် ရှီးလင်စစ်တပ် အဖွဲ့တစ်ဖွဲ့က စစ်စခန်းဆီသို့ သနားစဖွယ် အပြေးအလွှား ပြန်လည်ရောက်ရှိလာကြသည်။

သူတို့၏ ကိုယ်ပေါ်ရှိ သံချပ်ကာအင်္ကျီများမှာ စုတ်ပြတ်သတ်နေပြီး တစ်ကိုယ်လုံး သွေးများ ပေကျံနေ၏။ ခေါင်းဆောင်ဖြစ်သူ စစ်သူကြီးငယ်ကို လက်အောက်ငယ်သားများက ခုတ်ယူထားသော သစ်ကိုင်းများနှင့် အဝတ်အစားများကို ချည်နှောင်ပြုလုပ်ထားသည့် ယာယီထမ်းစင်ပေါ်တွင် တင်ကာ ထမ်းလာကြသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုကို ယခုလေးတင် ဖြတ်သန်းလာခဲ့ရကြောင်း သိသာထင်ရှားနေသည်။

စစ်စခန်းတံခါးဝရှိ အစောင့်များက သူတို့ကို အဝေးမှနေ၍ အလံပြကာ အချက်ပြလိုက်ရာ ဤကျန်ရစ်သူ စစ်သည်အဖွဲ့ကလည်း အလံဖြင့် လျင်မြန်စွာ ပြန်လည်အချက်ပြလိုက်ကြသည်။ အစောင့်ခေါင်းဆောင်သည် အချက်ပြအလံများ မှားယွင်းမှု မရှိကြောင်း မြင်သောအခါ လက်အောက်ငယ်သားများကို စစ်စခန်းတံခါးဝတွင် ကာရံထားသော အတားအဆီးများကို ချက်ချင်း ဖယ်ရှားရန် အမိန့်ပေးလိုက်လေသည်။

စစ်စခန်းတံခါးပေါက်အတွင်းသို့ ဝင်ရောက်သည်နှင့် တပြိုင်နက် စစ်သူကြီးငယ်တစ်ဦးက ချက်ချင်း ဝိုင်းအုံလာပြီး မေးလိုက်၏။ "ဘာဖြစ်လာတာလဲ"

ထမ်းစင်ပေါ်တွင် ထမ်းလာသော လူကို သေချာစွာ မြင်လိုက်ရပြီးနောက် တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "ဝူဆာပဲ"

ဘေးဘက်တွင် သွေးများနှင့် သဲများ ရောနှောပေကျံနေသော စစ်သည်ငယ်၏ ကိုယ်လုံးကိုယ်ပေါက်က မြင့်မားတောင့်တင်းလှပြီး သူတို့ ရှီးလင်စစ်သည်များ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံထက် အနည်းငယ်မျှပင် မနိမ့်ကျချေ။ အနည်းငယ် မောဟိုက်နေသော အသံဖြင့် ရှီးလင်ဘာသာစကားကို အသုံးပြုကာ ပြောလိုက်လေသည်။ "ကျွန်တော်တို့ရဲ့ စစ်သူကြီးက အရေးပေါ် စစ်ရေးသတင်းကို ကိုယ်တိုင် သတင်းပို့စရာ ရှိလို့ပါ......"

အသက်ရှူသံက အလွန်အမင်း မတည်မငြိမ် ဖြစ်နေသောကြောင့် စကားလုံးများ ဖြတ်တောက်ပြောဆိုရာတွင် မကျွမ်းကျင်မှုများကိုလည်း လွယ်လွယ်ကူကူ ဖုံးကွယ်သွားနိုင်ခဲ့သည်။

လာရောက်ကြိုဆိုသော စစ်သူကြီးငယ်က အော်ဟစ်မေးမြန်းလိုက်၏။ "ငါတို့ ကိုယ်စား သတင်းမပို့ပေးနိုင်တဲ့ ကိစ္စက ဘာကိစ္စမို့လို့လဲ"

မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အလွန် နက်ရှိုင်းသော မျက်နှာအချိုးအစား ရှိသည့် ထိုစစ်သည်ငယ်က အနည်းငယ် တွေဝေသွားဟန်ဖြင့် ပြောလိုက်လေသည်။ "ကြင်ရာတော်နဲ့ ပတ်သက်တဲ့ ကိစ္စမို့လို့ပါ......"

သူ ဤသို့ ပြောလိုက်သောအခါ ဘေးဘက်မှ လူများက ယင်း၏ နောက်ကွယ်ရှိ အရေးပါမှုကို နားလည်သွားကြတော့သည်။

ဖေစုန့်သည် ဟယ်ယီ၏ တတိယမြောက် ကြင်ရာတော်အဖြစ် ရုတ်တရက် ဖြစ်လာခဲ့ပြီး သူတို့ စစ်တပ်အတွင်း စစ်ဆေးရေးမှူးပင် ဖြစ်လာခဲ့သည်။ ဤအရာ၏ နောက်ကွယ်တွင် သူတို့ မသိရှိနိုင်သော အကြောင်းရင်းများစွာ သေချာပေါက် ရှိနေမှာသေချာသည်။

ဤတစ်ကြိမ် ကျားချောက်တောင်းကြားဂိတ်ကို တိုက်ခိုက်ရာတွင်ပင် ကျားချောက်တောင်းကြားဂိတ်အတွင်းမှ ဖေစုန့်၏ လက်ထောက်များ၏ အကူအညီ လိုအပ်နေသေးသည်။

သို့သော် လမ်းတစ်ဝက်တွင် သွားလာလှုပ်ရှားမှုများကို အရိပ်အယောင်မျှ မတွေ့ရဘဲ လူမည်မျှရှိကြောင်း ခန့်မှန်းရခက်သော မြင်းစီးတပ်ဖွဲ့တစ်ဖွဲ့ ရုတ်တရက် ထွက်ပေါ်လာခြင်းက အမှန်တကယ်ပင် ထူးဆန်းလှသည်။

အကယ်၍ ပြဿနာက ဖေစုန့်ထံမှ မြစ်ဖျားခံလာခြင်း ဖြစ်ပါက သူတို့၏ စစ်သည် သုံးသောင်း ကျားချောက်တောင်းကြားဂိတ်သို့ သွားရောက်မည့် ခရီးစဉ်က အန္တရာယ် ရှိသွားပေလိမ့်မည်။

ထိုစစ်သူကြီးငယ်၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး ပြောလိုက်လေသည်။ "ဒုက္ခပါပဲ။ ကြင်ရာတော်က စစ်သည် တစ်သောင်းခွဲကို ဦးဆောင်ပြီး ကျားချောက်တောင်းကြားဂိတ်ဆီကို ကြိုတင် ထွက်သွားပြီလေ"

စကားဆုံးသည်နှင့် မိမိအနောက်မှ ကိုယ်ရံတော်ကို အလျင်စလို တိုက်တွန်းလိုက်၏။ "စစ်သူကြီးရဲ့ စစ်တဲထဲကို မြန်မြန် သတင်းသွားပို့ချေ။ ကြင်ရာတော်နဲ့ ပတ်သက်တဲ့ အရေးပေါ် စစ်ရေးသတင်းကို သတင်းပို့ဖို့ ဝူဆာ ရောက်နေတယ်လို့ ပြောလိုက်"

အနောက်မှ ကိုယ်ရံတော်သည် အချိန်မဆွဲရဲတော့ဘဲ နီရူ၏ စစ်တဲသို့ သတင်းပို့ရန် အမြန် သွားလိုက်တော့သည်။

ရှီးလင်စစ်သည် အားလုံးသည် ဤသတင်းကြောင့် ထိတ်လန့်သွားကြပြီး စိတ်လှုပ်ရှားသွားကြသည်။ ဖေစုန့်က စစ်တပ်ကို ဦးဆောင်ကာ ကျားချောက်တောင်းကြားဂိတ်သို့ ဆက်လက် ချီတက်သွားပြီဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ထိုစစ်သည်ငယ်၏ မျက်ဝန်းအောက်၌ အေးစက်ပြီး ထူးခြားသော အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်ကို ဘယ်သူမှ သတိမထားမိလိုက်ကြချေ။

နီရူသည် ထိုမြင်းစီးတပ်ဖွဲ့၏ ခြေရာကို အသည်းအသန် ရှာဖွေနေချိန် ဖြစ်သည်။ အရှေ့ဘက်သို့ သွားရောက်ကာ ထိုမြင်းစီးတပ်ဖွဲ့ကို လိုက်လံတိုက်ခိုက်သော စစ်တပ် ပြန်ရောက်လာပြီး ဖေစုန့်နှင့် ပတ်သက်သည့် အရေးကြီးသော စစ်ရေးသတင်းကို ယူဆောင်လာကြောင်း ကြားလိုက်ရသည်နှင့် တပြိုင်နက် လက်ထဲရှိ အလုပ်များကို ချထားကာ ကိုယ်တိုင်ကိုယ်ကျ အလျင်အမြန် သွားရောက်ခဲ့လေသည်။

စစ်ဖက်သမားတော် မရောက်လာသေးခင် နီရူသည် စစ်စခန်းတံခါးပေါက်တွင် တစ်ကိုယ်လုံး သွေးများဖြင့် ထမ်းစင်ပေါ်၌ လဲလျောင်းနေသော သူ၏ အယုံကြည်ရဆုံး ချစ်လှစွာသော စစ်သူကြီးငယ်ကို မြင်လိုက်ရသောအခါ မျက်နှာကြွက်သားများ လှုပ်ခတ်သွားပြီး ချစ်လှစွာသော စစ်သူကြီးငယ်၏ နာမည်ကို နာကျင်စွာဖြင့် အော်ဟစ်လိုက်တော့သည်။ "ဝူဆာ"

အော်ဟစ်နေစဉ်မှာပင် ထမ်းစင်ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားခဲ့ပြီးဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ၏ ချစ်လှစွာသော စစ်သူကြီးငယ်၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။ သေလုမျောပါး ဖြစ်နေသော ထိုစစ်သူကြီးငယ်သည် နီရူ၏ အော်သံကို ကြားပြီးနောက် ခက်ခက်ခဲခဲ မျက်လုံးများ ဖွင့်လာကာ အစွမ်းကုန် အားယူ၍ ခေါင်းတစ်ချက် ခါပြလိုက်၏။

နှစ်ပေါင်းများစွာ စစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့သဖြင့် လေ့ကျင့်ရရှိထားသော သတိက သူ့ကို ချက်ချင်းပင် ရပ်တန့်သွားစေခဲ့သည်။ လက်က ခါးရှိ ဓားဆီသို့ စမ်းလိုက်ချိန်တွင် ခန္ဓာကိုယ်ကလည်း အလျင်အမြန် နောက်ဆုတ်သွားပြီး မျက်လုံးထောင့်မှ အကြည့်များက ဘေးတွင် ရပ်နေသော လူဆီသို့သာ စူးရဲစွာ ရောက်ရှိသွားကာ ပါးစပ်ဟ၍ လူကို ဖမ်းဆီးရန် အော်ဟစ်ဖို့ ပြင်လိုက်၏။

သို့သော် ထိုစစ်သည်ငယ်၏ ရုပ်သွင်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရခင် အေးစက်သော ငွေရောင်တစ်ချက်က သူ့ဆီသို့ လှီးဖြတ်လာခဲ့လေပြီ။ သူက စောစောစီးစီး နောက်ဆုတ်နေခဲ့သောကြောင့်သာ သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် ခါးရှိ သားရေခါးပတ်ကတော့ တစ်ဖက်လူ၏ အေးစက်ပြီး ပြင်းထန်လှသော ဓားလေဟုန်ကြောင့် ပြတ်တောက်သွားခဲ့ဆဲပင်။

နီရူ၏ အဝတ်အစားများအောက်တွင် ဖုံးကွယ်နေသော လက်မောင်းနှစ်ဖက်စလုံးရှိ မွေးညင်းများက ချက်ချင်းပင် ထောင်မတ်သွားတော့သည်။ စဉ်းစားတွေးတောရန် အချိန်လုံးဝ မရလိုက်ဘဲ ခန္ဓာကိုယ်၏ ပင်ကိုယ် တုံ့ပြန်မှုဖြင့်သာ ဓားအိမ်ထဲမှ ဆွဲထုတ်ထားသော ဓားကို ကိုယ်ရှေ့တွင် ကန့်လန့်ဖြတ် ကာကွယ်လိုက်သည်။ "ချွမ်းခနဲ" နားကွဲမတတ် စူးရှသည့် အသံနှင့်အတူ လက်နှင့် ဓားထိတွေ့ရာ နေရာက ထုံကျင်သွားပြီးမှသာ တစ်ဖက်လူ၏ အလွန်မြန်ဆန်စွာ ခုတ်ချလာသော ဒုတိယ ဓားချက်ကို ကာကွယ်နိုင်ခဲ့လေသည်။

အရာအားလုံးက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ ရှောင်းလိ၏ ဝံပုလွေမျက်ဝန်းများက ရက်စက်ကြမ်းကြုတ်နေပြီး ဓားသွားများ အချင်းချင်း ပွတ်တိုက်ကာ စောင်းရွှေ့သွားသဖြင့် မီးပွင့်များ ထွက်ပေါ်လာကာ နီရူဆီသို့ ဆက်လက်ခုတ်ပိုင်းရန် ပြင်လိုက်ချိန်တွင် နီရူ၏ ကိုယ်ရံတော်များနှင့် ပတ်ဝန်းကျင်ရှိ စစ်သူကြီးငယ်များက နောက်ဆုံးတွင်တော့ သတိဝင်လာကြပြီး ရှောင်းလိဆီသို့ တစ်ပြိုင်နက် ဝိုင်းအုံသွားကြတော့သည်။

ရှောင်းလိ၏ အနောက်မှ "ဒဏ်ရာအပြင်းအထန် ရထားသော" "ရှီးလင်ကျန်ရစ်သူ စစ်သည်များ" ကလည်း အားနည်းမနေကြတော့ဘဲ ချက်ချင်းပင် ဓားများကို ဆွဲထုတ်ကာ ရှီးလင်စစ်သည်များနှင့် အစစ် ရောနှော၍ တိုက်ပွဲဝင်ကြတော့သည်။

လူအုပ်ကြားထဲမှ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ဖူးလီ ရောက်လာပြီ"

"ဝံပုလွေ၊ လျန်နယ်မြေ မြောက်ပိုင်းက ဝံပုလွေပဲ"

နီရူသည် ကိုယ်ရံတော်များ၏ ဝိုင်းရံစောင့်ရှောက်မှုအောက်တွင် ခဏလောက်တော့ အန္တရာယ် ကင်းလွတ်သွားခဲ့သည်။ လက်နက်ကို ဆုပ်ကိုင်ထားသော လက်က ထုံကျင်နေဆဲဖြစ်ပြီး ပြတ်တောက်သွားသော သားရေခါးပတ်က ခါးမှ လျှောကျကာ ခြေရင်းသို့ ကျရောက်သွားသည်။ နီရူသည် ခါးပတ်ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာက အထူးတလည် ကြည့်ရဆိုးနေလေသည်။

လက်အောက်ရှိ ကိုယ်ရံတော်များမှာလည်း ထိတ်လန့်မှု မပြေသေးဘဲ ရက်စက်သော နတ်ဆိုးတစ်ပါးကဲ့သို့ သတ်ဖြတ်နေပြီး သူတို့ဆီသို့ ချဉ်းကပ်လာနေဆဲဖြစ်သော ရှောင်းလိကို ခဏခဏ လှည့်ကြည့်နေကြသည်။

သူတို့သည် စစ်တိုက်ရခြင်းကို ကြိုက်နှစ်သက်ကြသည့် ရှီးလင်၏ နာမည်ကြီး ကျားရဲဝံပုလွေစစ်သည်များ ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် အကြောင်းပြချက်မရှိသော ကြောက်ရွံ့မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူတို့ဆီသို့ သတ်ဖြတ်ဝင်ရောက်လာသူသည် သူတို့ကဲ့သို့ အသားနှင့် သွေးဖြင့် ဖွဲ့စည်းထားသော သာမန်လူသား မဟုတ်တော့ဘဲ သတ္တဝါဆန်းတစ်ကောင် ဖြစ်နေသယောင်။

ကိုယ်ရံတော်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "စစ်သူကြီးကို မြန်မြန် အကာအကွယ်ပေးပြီး ထွက်သွားကြ။ မြင်း ဆွဲလာခဲ့"

အရှက်ရမှုနှင့် မကျေနပ်မှုတို့ကို ခံစားရသော်လည်း နီရူသည် အသိစိတ် လွတ်မသွားခဲ့ချေ။ လက်ရှိအချိန်တွင် တစ်ဖက်လူနှင့် ရဲစွမ်းသတ္တိကို ယှဉ်ပြိုင်ရန် မသင့်တော်ကြောင်း သူ သိသည်။ တစ်ဖက်လူတွင် လူတစ်ထောင်ပင် မပြည့်သဖြင့် မိမိတို့၏ တပ်မကြီး ဝိုင်းရံလာပါက သူတို့ကို မြန်မြန်ဆန်ဆန် ဝိုင်းရံသတ်ဖြတ်နိုင်လိမ့်မည်။

သူသည် ကိုယ်ရံတော်များ၏ အစောင့်အရှောက်ဖြင့် အနောက်သို့ ထွက်ပြေးခဲ့သည်။ သို့သော် ရှောင်းလိက သူတို့၏ ရည်ရွယ်ချက်ကို ရိပ်မိသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ ကိုယ်ရံတော် အော်ဟစ်လိုက်ချိန်တွင် နီရူဆီသို့ ကြောက်မက်ဖွယ်ကောင်းပြီး ဖိအားပေးလှသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်ကာ သွေးများဖြင့် စိုရွှဲနေသော ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဓားသွားဖြင့် လူသားတံတိုင်းကို ဖိနှိပ်တွန်းထိုးကာ ရှေ့သို့ တိုးလာခဲ့သည်။

အနောက်ဘက်မှ သနားစဖွယ် အော်ဟစ်သံများကြောင့် နီရူသည် အနောက်သို့ လှည့်ကြည့်လိုက်မိ၏။ ရှောင်းလိ၏ အကြည့်နှင့် ဆုံတွေ့လိုက်ရသော မျက်တောင်တစ်ခတ်အတွင်း၌ သူသည် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီဟု ခံစားလိုက်ရတော့သည်။

တစ်ဖက်လူ၏ လက်ထဲရှိ ဓားရှည်က ခုတ်ပိုင်းလိုက်တိုင်း သူ့ကို ဝိုင်းရံထားသော လူအုပ်ကြီးသည် ဝါးမျှစ်အခွံကို ခွာချလိုက်သကဲ့သို့ အလွှာလိုက် အလွှာလိုက် လျင်မြန်စွာ လျော့ကျသွားလေသည်။

ဝန်မခံချင်သော်လည်း နီရူသည် ဤအခိုက်အတန့်တွင် ကြောက်ရွံ့မှုကို တကယ်ကို အစစ်အမှန် ခံစားလိုက်ရ၏။ သူသည် ခေါင်းကို လှည့်ကာ ဤနေရာမှ မြန်မြန် ထွက်သွားချင်ရုံသာ ရှိတော့သည်။ သို့သော် အရှေ့ဘက် စစ်စခန်းအတွင်းမှ ဤဘက်ရှိ သတ်ဖြတ်နေသော အသံများကို ကြားပြီး ပြေးထွက်လာကြသော ရှီးလင်စစ်သည်များက သူ၏ သွားရာလမ်းကို ထပ်မံ ပိတ်ဆို့နေပြန်၏။

ဝံပုလွေမြင်းစီးသူရဲကောင်းများသည်လည်း "ရန်သူကို ဖမ်းမည်ဆိုလျှင် ခေါင်းဆောင်ကို အရင်ဖမ်းရမည်" ဆိုသည်ကို သေချာပေါက် သိထားကြ၏။ ရှီးလင်စစ်သည်များက သူတို့ကို မည်သို့ပင် ဝင်တိုက်ပါစေ သူတို့သည် ရှောင်းလိ၏ ပတ်ဝန်းကျင်တွင် တင်းကျပ်စွာ ဝိုင်းရံထားကြပြီး ရှောင်းလိကို ကူညီကာ တားဆီးနေသော ရှီးလင်စစ်သည်များကို ရှင်းလင်းပေးနေကြသည်။ စစ်တပ်တစ်ခုလုံးသည် ဆူးချွန်တစ်ခုကဲ့သို့ ဖြစ်နေပြီး ရှောင်းလိကို ထိုဆူးချွန်၏ ထိပ်ဖျားအဖြစ်ထားကာ တားဆီး၍မရနိုင်လောက်အောင် ရှေ့သို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ဤစစ်တပ်ကို တားဆီးရန်အတွက် နီရူကို ကာကွယ်ပြီး ဆုတ်ခွာနေသော ကိုယ်ရံတော်များသည် လူခွဲကာ အနောက်ဘက်သို့ အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်ကြသော်လည်း ထိရောက်မှု သိပ်မရှိခဲ့ချေ။

လက်နက်များ အချင်းချင်း ရိုက်ခတ်သံများနှင့် သတ်ဖြတ်သံများက ပတ်ဝန်းကျင် လေးဖက်လေးတန်တွင် ဆူညံနေ၏။ နီရူ၏ အာရုံကြောများသည် တစ်ချိန်တွင်တော့ အမြင့်ဆုံး အမှတ်အထိ တင်းမာသွားခဲ့သည်။ သူသည် အနောက်သို့ ထွက်ပြေးနေရင်း အနောက်ဘက်မှ ပြေးလာပြီး လမ်းပိတ်နေသော စစ်သည်ငယ်များကို လက်ဖြင့် အဆက်မပြတ် ဖယ်ရှားနေခဲ့ပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။ "ဖယ်ကြစမ်း။ အကုန်လုံး ဖယ်ကြ။ လမ်းမပိတ်နဲ့"

နေရောင်ခြည်က ကောင်းကင်ယံတွင် မြင့်မားစွာ တည်ရှိနေပြီး အဝေးမှ သဲခုံများပေါ်တွင် အလင်းရောင်များ တောက်ပနေ၏။

တစ်ခုခုကို အာရုံခံမိလိုက်သည့်နှယ် နီရူသည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်တော့သည်။

သူ့အနောက်ဘက် မလှမ်းမကမ်းတွင် ရှောင်းလိသည် သွေးများ စီးကျနေသော ဓားရှည်ကို ကိုင်ဆောင်ကာ သူ့ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာနေ၏။

အလွှာလိုက် အလွှာလိုက်ဖြစ်နေသော ရှီးလင်စစ်တပ်က ရှောင်းလိတို့အဖွဲ့ကို စစ်စခန်းအနောက်ဘက်မှနေ၍ ဝိုင်းရံလာနေဆဲ ဖြစ်သည်။ ဒဏ်ရာရ စစ်သည်များအဖြစ် ဟန်ဆောင်ကာ စစ်စခန်းအတွင်းသို့ ခိုးဝင်လာသော ဤလျန်စစ်တပ်ကို အပြတ်သတ် ဝိုင်းရံသတ်ဖြတ်နိုင်သင့်သော်လည်း စစ်တပ်ဖွဲ့စည်းပုံအတွင်း၌ အပေါက်တစ်ခု လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။

ရှောင်းလိသည် နီရူကို အရှင်ဖမ်းမိသွားပြီး မြင်းကျောပေါ်တွင် မြင့်မားစွာ ထိုင်လျက် တစ်ဖက်လူ၏ လည်ပင်းကို ဓားရှည်ဖြင့် ထောက်ထားရာ အပြင်ဘက်တွင် ဝိုင်းရံနေသော ရှီးလင်စစ်သည်များက အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။

ယခင်က မျက်နှာပေါ်တွင် သုတ်လိမ်းထားခဲ့သော သွေးများက မခြောက်သွေ့သေးဘဲ ရုပ်ရည်၏ ချောမောမှုကို ဖုံးကွယ်ထားသော်လည်း ပို ကြမ်းတမ်းပြီး စူးရှနေပုံပေါ်သည်။

ရှီးလင်စစ်သူကြီးငယ်များသည် လက်အောက်ရှိ စစ်သည်များကို ခေါ်ဆောင်ကာ တစ်ဖက်မှ ဆုတ်ခွာရင်း တစ်ဖက်မှလည်း ရှောင်းလိတို့အုပ်စုကို ဆက်လက် ဝိုင်းရံထားကြပြီး ဘယ်သူမှ မဆင်မခြင် မလှုပ်ရှားရဲကြချေ။

ရှောင်းလိသည် လက်ထဲရှိ ဓားသွားကို အောက်သို့ဖိချကာ အေးစက်စွာ အော်ဟစ်လိုက်၏။ "ဖေစုန့်ဆီကို သတင်းပို့လိုက်။ တပ်ဆုတ်ဖို့"

နီရူသည် သူတစ်ပါး၏ ထိန်းချုပ်မှုကို ခံထားရသော်လည်း အရှင်ဖမ်းခံရသည့် အရှက်ရမှုက သူ့ကို သရော်လှောင်ပြောင်သော စကားများ မပြောဘဲ မနေနိုင်အောင် ဖြစ်စေခဲ့သည်။ "ငါတို့ အားလုံးက မင်းသမီးအတွက် အသက်ပေးပြီး အလုပ်လုပ်နေကြတာ။ ရှောင်းနယ်စားမင်းက ကြင်ရာတော်ကို ဖမ်းပြီး ငါ့ကို ခြိမ်းခြောက်မယ်ဆိုရင် အသုံးဝင်ကောင်း ဝင်နိုင်လိမ့်မယ်၊ ငါ့ကို ဖမ်းပြီး ကြင်ရာတော်ကို ခြိမ်းခြောက်မယ်ဆိုရင်တော့ တွက်ကိန်း မှားသွားပြီပဲ"

ရှောင်းလိက သူ့ကို လုံးဝ ဂရုမစိုက်ချေ။ ဓားသွားကို နီရူ၏ ပခုံးနှင့် လည်ပင်းတစ်လျှောက် ပင့်တင်လိုက်ရာ အသားတစ်စက အရှင်လတ်လတ် လှီးဖြတ်ခံလိုက်ရလေသည်။

နီရူသည် ရှီးလင်စစ်သည်များ အားလုံး၏ ရှေ့မှောက်တွင် ဤအသားလှီးဖြတ်ခံရသည့် နာကျင်မှုကို အံကြိတ်ခံထားလိုက်သည်။ သို့သော် ချက်ချင်းပင် မျက်နှာက စက္ကူကဲ့သို့ ဖြူဆုတ်သွားပြီး သွားများပင် ကြေမွသွားမတတ် ဖြစ်သွားရ၏။

ရှောင်းလိသည် လူအများကို ဝေ့ဝိုက်ကြည့်လိုက်ပြီး အေးစက် ရက်စက်စွာ ပြောလိုက်လေသည်။ "ငါက လျန်နယ်မြေမှာ ရှိနေတုန်းက ဖေစုန့်ရဲ့ စစ်စခန်းက အကြံပေးအမတ်ကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး ပြုတ်သတ်ခဲ့ဖူးတယ်။ ဒီနေ့လည်း မင်းတို့ရဲ့ စစ်သူကြီးချုပ်ကို အရှင်လတ်လတ် အရေခွံဆုတ်သတ်နိုင်တယ်။ ဖေစုန့်ဆီ သတင်းသွားပို့စမ်း"

နီရူမှာ အသံထပ်မထွက်တော့ချေ။ လက်အောက်ရှိ စစ်သူကြီးငယ်များကလည်း သူက သဘောထားကို နောက်တဖန် ဖော်ပြလာမှာ မစောင့်ရဲကြတော့ဘဲ အခြေအနေကို နားလည်စွာဖြင့် ဖေစုန့်နောက်သို့ လိုက်ရန် မြင်းကို အလျင်အမြန် ဒုန်းစိုင်းသွားစေဖို့ လူလွှတ်လိုက်ကြသည်။

ဖေစုန့်က စစ်တပ်ကို ဦးဆောင်ကာ ခရီးဆယ်လီကျော်ခန့် ထွက်လာခဲ့ပြီးနောက် သတင်းပို့သမားက မြင်းကို အစွမ်းကုန် ဒုန်းစိုင်းစီးကာ လိုက်ပါလာခဲ့ပြီး နီရူ အရှင်ဖမ်းခံရကြောင်းနှင့် သူတို့ကို ပြန်လည်ဆုတ်ခွာကာ ကယ်ဆယ်ရန် အကြောင်းကြားလာခဲ့သည်။

ဒုစစ်သူကြီး နူဂယ်က ချက်ချင်းပင် ထိတ်လန့်သွားပြီး ဖေစုန့်ကို အလောတကြီး ပြောလိုက်လေ၏။ "ကြင်ရာတော်၊ စစ်သူကြီး အန္တရာယ်ကြုံနေရပြီ။ ငါတို့ မြန်မြန် ပြန်လှည့်ပြီး စစ်သူကြီးကို သွားကယ်ရအောင်"

ဖေစုန့်သည် မြင်းကျောပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး မည်းနက်သော မျက်တောင်များကို အနည်းငယ် နှိမ့်ချကာ အလွန်အမင်း အေးစက်စိမ်းကားသော လေသံဖြင့် ပြောလိုက်လေသည်။ "ဒါက လျန်လူမျိုးတွေရဲ့ သူလျှိုပဲ။ ငါတို့ရဲ့ စစ်စိတ်ဓာတ်ကို ပရမ်းပတာဖြစ်အောင် လုပ်ဖို့ ဒီလို အခြေအမြစ်မရှိတဲ့ သတင်းတွေကို တမင်တကာ လာပို့တာ။ ခေါင်းဖြတ်လိုက်စမ်း"

သူ၏ စကားသံ ဆုံးသွားသည်နှင့် တပြိုင်နက် သိမ်းငှက်အမဲလိုက်ခွေးများက ချက်ချင်း ပြေးထွက်လာကြသည်။ နူဂယ် တားဆီးမည့်စကားပင် မပြောလိုက်ရခင် ထိုသတင်းပို့သမား၏ ခေါင်းက မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့လေပြီ။

သွေးများက သဲပြင်ပေါ်သို့ လွင့်စင်သွားပြီး ရဲရဲတောက် သွားတော့၏။

နူဂယ် မှင်သက်နေပြီး သတိမဝင်လာသေးခင်မှာပင် ဖေစုန့်သည် မြင်းခေါင်းကို လှည့်ကာ ဆက်လက် ချီတက်ရန် အမိန့်ပေးလိုက်သည်။

နူဂယ်၏ မေးရိုးများက တင်းမာသွားပြီး ဒေါသတကြီးဖြင့် ဇက်ကြိုးကို ဆွဲကာ မြင်းကို ရိုက်နှင်၍ ဖေစုန့်နောက်သို့ လိုက်မီသွားပြီး အော်ဟစ်လိုက်လေသည်။ "ကြင်ရာတော် မင်းက နီရူစစ်သူကြီးရဲ့ အသက်အန္တရာယ်ကို လျစ်လျူရှုထားဖို့ လုပ်နေတာလား။ အဲ့ဒီအချိန်ရောက်လို့ မင်းသမီးက မေးလာခဲ့ရင် ကြင်ရာတော်က ဘယ်လို ဖြေရှင်းချက် ပေးမလဲ"

ဖေစုန့်က သူ့ကို အထူးတလည် တည်ငြိမ်စွာဖြင့် တစ်ချက် ကြည့်လိုက်၏။ "စစ်သူကြီးက ကျွန်တော်နဲ့ မင်းကို ပေးထားတဲ့ စစ်အမိန့်က ကျားချောက်တောင်းကြားဂိတ်ဆီကို ချီတက်ဖို့ပဲ။ ဒုစစ်သူကြီးက သူလျှိုတစ်ယောက် လာပို့တဲ့ စစ်ရေးသတင်းအမှားအတွက် စစ်အမိန့်ကို ဖီဆန်ချင်နေတာလား"

နူဂယ်မှာ ဒေါသကို မထိန်းချုပ်နိုင်တော့ချေ။ "ဒါက ငါတို့ရဲ့ ရှီးလင်စစ်သည်ဆိုတာ ရှင်းနေတာပဲ။ ဘယ်က သူလျှိုလဲ"

သူ၏ မျက်နှာကြွက်သားများက နီရဲနေပြီး မျက်လုံးများကလည်း ကွဲထွက်မတတ် ဖြစ်နေ၏။ ဖေစုန့်က နီရူကို ပြန်လည်ကယ်တင်ရန် ဆန္ဒမရှိကြောင်း သူလည်း ရှင်းရှင်းလင်းလင်း သိနေသည်။

ဖေစုန့်သည် မျက်တောင်များကို နှိမ့်ချကာ ပျင်းရိပြီး သရော်လှောင်ပြောင်သော မျက်လုံးများဖြင့် အေးစက်စွာ ပြောလိုက်လေသည်။ "စစ်တပ်ထဲမှာ သူလျှို မရှိနိုင်မှတော့ စစ်သူကြီးနီရူကလည်း ဒီလို မိုက်မဲတဲ့ လှည့်ကွက်ထဲ ဘယ်လိုလုပ် ကျရောက်နိုင်မှာလဲ"

ဤစကားဖြင့် နူဂယ်ကို ဆွံ့သွားအောင် လုပ်ပြီးနောက် သူက အနောက်သို့ အမိန့်ပေးလိုက်၏။ "ဆက်ပြီး ချီတက်ကြ"

...

All Chapters