ပုံပြင်အသစ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခြင်း
Vol. 14 Ch. 201
အချိန်အားဖြင့် ညနေ ငါးနာရီသို့ ရောက်နေပြီဖြစ်ပြီး တိုက်ရိုက် ထုတ်လွှင့်မှု စတင်ရန် နှစ်နာရီသာ လိုတော့သည်။
ပန်ဒါ ထုတ်လွှင့်ရေးတွင် လူအရေအတွက်က ရုတ်ချည်းဆိုသလို တိုးမြင့်လျက် ရှိသည်။ ရုံးဝန်ထမ်းများသည် ရုံးဆင်းသည်နှင့် ချက်ချင်း ကွန်ပျူတာများကို ဖွင့်၍ တိုက်ရိုက် ထုတ်လွှင့်မှုကို စောင့်နေကြသည်။
ဝိုင်နတ်ဘုရား၏ တိုက်ရိုက် ထုတ်လွှင့်မှုအား ကြည့်ရှုနေသည့် အရေအတွက်က တစ်သန်းသို့ ရောက်သွား လေသည်။
ညနေ ခြောက်နာရီသို့ ရောက်လာလေပြီ။
လူအရေအတွက်က နှစ်သန်း ကျော်သွားလေ၏။
ထို့အပြင် ပန်ဒါ ထုတ်လွှင့်ရေး၏ အက်ပ်ပလီကေးရှင်းအား download လုပ်သူက စုစုပေါင်း ၂၅၀,၀၀၀ သို့ ရောက်သွားခဲ့သည်။
ထုတ်လွှင့်မှုက မစရသေးသော်လည်း မရေတွက်နိုင်သော စာတိုများနှင့် မှတ်ချက်များ ပလူပျံနေလေပြီ။
[ဝိုင်နတ်ဘုရား မြန်မြန် ထွက်လာပါတော့၊ ငါ မင်းအကြောင်း တွေးရင်း သေတော့မယ်]
[Y-God, come out quick! I’m going to die thinking of you!]
[အား …. စိတ်လှုပ်ရှားလိုက်တာ၊ အားလုံးကို မျှော်လင့်နေမိပြီ၊ ဝိုင်နတ်ဘုရားက အချိန်ဇယားထက် စောပြီး ထုတ်လွှင့်လို့ မရဘူးလား]
[ဒီနေ့ ဝိုင်နတ်ဘုရား ဘာကို တိုက်ရိုက် ထုတ်လွှင့်မလဲဆိုတာကို ဘယ်သူ ခန့်မှန်းနိုင်မလဲ၊ ခန့်မှန်းနိုင်တဲ့သူကို ဆုချကြေး၊ သူ နောက်ထပ် ပုံပြင်ကောင်းတစ်ပုဒ်ကို ယူဆောင်လာမှာလား]
[ချီးပဲ ကိုယ့်လူရေ၊ ဝိုင်နတ်ဘုရားရဲ့ ကျော်ကြားမှုက အံ့ဩစရာ ကောင်းနေတုန်းပဲ၊ ဒီမှာ အဲ့လောက် လူအများကြီး ရောက်နေပြီလား]
[ငါ အရှေ့မှ ပေါက်ပေါက်ဆုပ် ချထားလိုက်ပြီ၊ ဝိုင်နတ်ဘုရားရဲ့ ပုံပြင်ကို နားထောင်တာက ရုပ်ရှင်ကား တစ်ကား ကြည့်တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတယ်]
[ဝိုင်နတ်ဘုရားက ဒီလောက် နာမည်ကြီးတာ၊ ပုံပြင်က ကောင်းမနေရင် ဆိုးရွားမသွားလောက်ဘူးလား]
[ငါ့အပေါ်က မှတ်ချက်ပေးတဲ့လူ ထွက်သွားလိုက်စမ်း၊ ဝိုင်နတ်ဘုရားကို မေးခွန်းထုတ်ရအောင် မင်းက ဘယ်သူ မို့လို့လဲ]
…
တစ်ချိန်တည်းမှာပင် ပန်ဒါ ထုတ်လွှင့်ရေး၏ နောက်ကွယ်၌ ….
စုန့်ချမ်၏ နဖူးတွင် ချွေးများ စို့နေ၏။ သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုတို့ ရှိနေပြီး ချွေးစက်များကို သုတ်ဖို့ပင် ဂရုမစိုက်အားချေ။
“ဌာနအားလုံး အသင့်ပြင်ထား၊ ဆာဗာကို စစ်ဆေးထား၊ ဘာအမှားမှ မဖြစ်စေနဲ့”
သူသည် နောက်ကွယ်၌ အလုပ်လုပ်နေသူများအားလုံးကို အမိန့်ပေးလိုက်သည်။
“ကြည့်ရှုသူ အရေအတွက်က တိုးလာနေတယ်၊ ဆာဗာက ဒါကို ခံနိုင်ဖို့ လိုတယ်၊ နည်းပညာသမားတွေ အသင့် ရှိလား၊ တိုက်ရိုက် ထုတ်လွှင့်မှုက စတော့မယ်၊ ငါတို့ အမြင့်ဆုံးကို မရောက်သေးဘူး”
“ပြီးတော့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဝန်ထမ်းတွေ၊ မင်းတို့ အသင့်ပြင်ထားကြ”
ယနေ့သည် ပန်ဒါ ထုတ်လွှင့်ရေး တည်ထောင်ကတည်းက အလုပ်အများဆုံးနေ့ ဖြစ်လောက်သည်။ ကြည့်ရှုသူ အရေအတွက်က မထင်ထားလောက်သည့် အမြင့်သို့ တက်လျက် ရှိသည်။ ဝိုင်နတ်ဘုရား တစ်ယောက်တည်းက ကြော်ငြာမျိုးစုံထက် ပိုကောင်းပေသည်။
တိုက်ရိုက် ထုတ်လွှင့်မှုတစ်ခုအတွင်း၌ နောက်ကွယ်မှ လည်ပတ်မှုက အလွန်အမင်း အရေးပါသည်။ ကြည့်ရှုသူ တိုးပွားလာသည်နှင့်အမျှ ဆာဗာ ထိခိုက်နိုင်ချေ များသလို ကွန်ရက် တိုက်ခိုက်မှုများနှင့် ပြင်ပနှောင့်ယှက်မှု ကိုလည်း သူတို့ သတိထားမှ ဖြစ်မည်။
ယနေ့သည် ပန်ဒါ ထုတ်လွှင့်ရေး တိုးတက်ရေးအတွက် အလွန် အရေးပါသော နေ့ဖြစ်သည်။ သူ သတိလက်လွတ် မနေနိုင်ပါ။
အခြေအနေက အစကောင်းနေပြီ ဖြစ်ပြီး ဆက်ထိန်းထားနိုင်ပါက ပန်ဒါ ထုတ်လွှင့်ရေးသည် ကိုယ့်ခြေထောက်ကိုယ် ရပ်တည်နိုင်ပေလိမ့်မည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် သူ ဖုန်းထုတ်၍ ရဲ့လင်းချန်ကို ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။
“ဟဲလို ဝိုင်နတ်ဘုရား တိုက်ရိုက် ထုတ်လွှင့်မှုရဲ့ စာရင်းဇယား အချက်အလက်ကတော့ တကယ် ကောင်းတယ်၊ လက်ရှိ ဒေတာက ပန်ဒါ ထုတ်လွှင့်ရေး စထောင်ကတည်းက အမြင့်ဆုံး မှတ်တမ်းကို ကျော်နေပြီ”
“အင်း … အားလုံး အသင့်ပြင်ထားပါ၊ ခုနစ်နာရီတိတိမှာ ကျွန်တော် စမယ်”
ရဲ့လင်းချန် ပြောလိုက်သည်။
“ဝိုင်နတ်ဘုရား၊ ပုံပြင်အသစ်က မင်း … တကယ် သေချာလား”
စုန့်ချမ် အလွန်အမင်း စိတ်ထဲ တင်းကြပ်နေသလို ခံစားနေရသည်။ အရာအားလုံးက ရဲ့လင်းချန်၏ ပုံပြင်အပေါ် မူတည်နေသည်။ ရဲ့လင်းချန်က ယုံကြည်ချက် ရှိသော်လည်း သူ ထပ်၍ အတည်ပြုချင်နေ၏။
“စိတ်ချပါ”
ရဲ့လင်းချန်က အေးအေးလူလူ အာမခံ၍ ဖုန်းချလိုက်သ်ည။
ပန်ဒါ ထုတ်လွှင့်ရေးအပြင် အခြားသော ထုတ်လွှင့်ရေး ပလက်ဖောင်းများကလည်း သူ့ကို အာရုံမစိုက်ဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။
ပန်ဒါ ထုတ်လွှင့်ရေး၏ အရည်အချင်းက ပထမဆုံးနေ့မှာပင် ဤမျှ ကြီးမားသော ကျော်ကြားမှု ရရှိအောင် လုပ်ဆောင်နိုင်ခြင်းက အားကျ၊ လေးစား၍ မနာလိုဖွယ်ကောင်းသော အရာပင်။
ဟူယွီ ထုတ်လွှင့်ရေးသည်လည်း ပန်ဒါ ထုတ်လွှင့်ရေးကို အာရုံစိုက်နေသည်။ သူတို့ကလည်း သူတို့ချန်နယ်ကို ဝိုင်နတ်ဘုရား၏ တိုက်ရိုက်ထုတ်လွှင့်မှုထံ ပြောင်းထားကြသည်။
“ဝိုင်နတ်ဘုရား အခြား ဘယ်လိုပုံပြင်မျိုး ပြောနိုင်လဲ ငါ သိချင်သား”
ဝမ်ယွမ်က သရော်လေသည်။
….
ညနေ ခြောက်နာရီ ငါးဆယ့်ကိုးမိနစ်။
ဝိုင်နတ်ဘုရား၏ တိုက်ရိုက် ထုတ်လွှင့်ရေး စတူဒီယိုက ရုတ်တရက် လင်းလာပြီး ဖန်သားပြင်ပေါ်၌ စက္ကန့် ရေတွက်ခြင်း ပေါ်လာသည်။
အားလုံး စိတ်အာရုံ နိုးကြားလာ၏။
တိုက်ရိုက် ထုတ်လွှင့်ရန် ကျန်ရှိနေသော အချိန်ကား …
၁၀
၉
၈
…
၃
၂
၁
လူပေါင်းများစွာသည် စိတ်ထဲမှနေ၍ နံပါတ်များကို လိုက်ပါ ရေတွက်မိသည်။
ရေတွက်ခြင်းက သုညသို့ ရောက်သွားသောအခါ ရင်းနှီးနေကျ အမှောင်ထု ပေါ်လာသည်။ ထိုအမှောင်ထုအတွင်း၌ အရိပ်တစ်ခု ထိုင်နေသည်ကို သူတို့ ခံစားမိသည်။ ထိုသူမှာ ဝိုင်နတ်ဘုရားမှ တစ်ပါး အခြားမရှိပေ။
“လူကြီးမင်းတို့ မတွေ့ရတာ ကြာပြီ”
ခပ်ထိုင်းထိုင်း အသံတစ်သံက ထိုစကားကို ဖြည်းဖြည်းချင်း ပြောလာသည်။ လူတော်တော်များများ တစ်ဒင်္ဂမျှ မှင်တက်သွားပြီး စိတ်ထဲ၌ နွေးထွေးမှုတစ်ခုကို ခံစားလိုက်မိသည်။
မှန်ပေသည်။ တကယ်လည်း ကြာနေခဲ့လေပြီ။
“တော်တော်များများက ကျွန်တော် ခံစားနေရသလို ထပ်တူ ခံစားနေရမယ်လို့ ယုံကြည်ပါတယ်၊ ဒီလိုနေ့ကို ကျွန်တော် စောင့်နေခဲ့တာ ကြာပါပြီ၊ အခု ကျွန်တော် ပြန်လာပါပြီ”
ရဲ့လင်းချန်၏အသံက အလွန် ချောမွေ့ပြီး လူတိုင်းကို လေညင်း ဖြတ်ပြေးသွားသလို ခံစားရစေသည်။ အသံက ကြားရသည်မှာ သက်တောင့်သက်သာ ရှိလှသည်။
“အတိတ်ကို ပြန်မပြောဘဲ နေကြတာပေါ့၊ တော်တော်များများက ပုံပြင်တစ်ပုဒ် မျှော်နေတာဆိုတော့ ကျွန်တော် ဘာပုံပြင်ကို ပြောရမလဲ”
“အများစုက ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းကို အရင်က ကြားဖူးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ အင်း အခု လာမယ့်ပုံပြင်ကလည်း ဂူသင်္ချိုင်းဖောက်တဲ့ ပုံပြင်ပါပဲ၊ နာမည်က မီးအိမ်မှုတ်တစ္ဆေ”
*မီးအိမ်မှုတ်တစ္ဆေတဲ့လား*
*နောက်ထပ် ဂူသင်္ချိုင်းဖောက်တဲ့ပုံပြင်လား*
လူတိုင်း တစ်ခဏမျှ အံ့ဩသွားသည်။ ဝိုင်နတ်ဘုရားက အဟောင်းကို အသစ်ပုံဖမ်း၍ ပြန်တင်ဆက်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
[ဂူသင်္ချိုင်းဖောက်တာက လွဲရင် တခြားပြောစရာ မရှိတော့ဘူးလား]
[ဝိုင်နတ်ဘုရားက အသစ်အဆန်းတစ်ခုခု ဖန်တီးနိုင်ရဲ့လား]
[ဧကန္တ ခင်ဗျား အကြံကုန်နေတာလား]
[လူတွေက မီးအိမ်ကို ညှိတယ်၊ တစ္ဆေက မီးအိမ်ကို မှုတ်တယ်၊ ဒီနာမည်က အလားအလာ ရှိတယ်လို့ ခံစားမိတယ်၊ ငါ မျှော်လင့်နေပြီ]
…
ပုံပြင်နာမည် ထွက်လာသည်နှင့် ဖန်သားပြင်၌ မှတ်ချက်များ ပလူပျံလာပြီး အများစုက မကြိုက်သလို ခံစားလာ ရသည်။
ရဲ့လင်းချန်၏ ပထမဆုံးပုံပြင် “ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်း” က ဂူသင်္ချိုင်းဖောက်ခြင်းအကြောင်း ဖြစ်သည်။ မီးအိမ်မှုတ်တစ္ဆေကလည်းက ထိုအမျိုးအစား ဖြစ်နေသည်။ ယင်းက ပေါ်တင် ပုံတူကူးချခြင်းပင်။ ယင်းက ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းကို ကျော်နိုင်ပါ့မလား။
ပန်ဒါ ထုတ်လွှင့်ရေး၏ နောက်ကွယ်၌ စုန့်ချမ် မသိမသာ စိတ်လေးနေသည်။
*ဘာလို့ ဝိုင်နတ်ဘုရားက နောက်ထပ် ဂူသင်္ချိုင်းဖောက်တဲ့ ပုံပြင်ကိုပဲ ပြောချင်တာလဲ၊ ပရိသတ်အတွက် စိတ်မောရတာပေါ့၊ ပြီးတော့ ဒါက ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းကို ကျော်နိုင်ပါ့မလား၊ ဒါက တကယ့်ကို လေထန်ရေဆန် တာဝန်ပဲ*
“ဟားဟားဟား ဝိုင်နတ်ဘုရားတော့ သွားပြီပဲ”
ဟူယွီ ထုတ်လွှင့်ရေး၏ နောက်ကွယ်၌ ဝမ်ယွမ်က စိတ်လိုလက်ရ ရယ်နေသည်။
“သူက ဂူသင်္ချိုင်းဖောက်တဲ့အကြောင်း ပြောနေတုန်းပဲ၊ အခြား ပိုကောင်းတဲ့ လက်ရာကို သူ တကယ် မလုပ်နိုင်ဘူးနဲ့ တူတယ်”
“စီအီးအိုဝမ် ကျွန်မ ပြောပါတယ်၊ ရှင် အစိုးရိမ်လွန်နေတာပါလို့၊ ဝိုင်နတ်ဘုရားက လူပဲကို၊ အခြားသူတွေကသာ သူ့ကို ဒဏ္ဍာရီလို မြင်နေတာ”
ကျိုးမင်က ပြုံးနေ၏။
“ကျွန်မအမြင်အရတော့ ပန်ဒါ ထုတ်လွှင့်ရေးက ဒီရေကို ဆန်နိုင်မှာ မဟုတ်ဘူး၊ ဝိုင်နတ်ဘုရားက ဒီ့ထက် မပိုနိုင်ဘူး”
ဝမ်ယွမ်က စိတ်အေးသလို သက်ပြင်းချလိုက်ပြီး ဝိုင်နတ်ဘုရားက တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ကာ သရော် နေသည်။
ရဲ့လင်းချန်က အခြားသူများ၏ အတွေးကို လျစ်လျူရှုကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့လေသံက တဖြည်းဖြည်း ဖြည်းညင်းလာပြီး ပို၍ အသံဩဇာနှင့် ပြည့်စုံလာသည်။
“ဂူသင်္ချိုင်းဖောက်တာက ရှုခင်းကြည့်တာ မဟုတ်ဘူး၊ ကဗျာတွေ ရွတ်ပြတာ မဟုတ်သလို ပန်းချီဆွဲတာလည်း မဟုတ်ဘူး၊ ဒါကို တပ်မက်ဖွယ်ကောင်းတယ်၊ နားနားနေနေ လုပ်ရတယ် ဒါမှမဟုတ် လေးစားစရာလို့ ပြောလို့ မရဘူး၊ ဂူသင်္ချိုင်းဖောက်တာက အရည်အချင်း တစ်ခုပဲ၊ ဖျက်ဆီးခြင်း လိုအပ်တဲ့ အရည်အချင်းတစ်ခု”
ရုတ်တရက် တည်ငြိမ်သော အသံက အမှောင်ထုထဲမှ ပျံ့လွင့်လာပြီး အသက်ဝင်နေသော ဖန်သားပြင်အား တိတ်ဆိတ်သွားစေသည်။
လူတိုင်း အံ့ဩသွားကြသည်။ ဤခံစားချက်က စိတ်ဝင်စားစရာ ကောင်းနေသလိုပင်။
ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းထက် ပို၍ ဆွဲဆောင်နိုင်သည်ဟု ခံစားရသည်။
ရဲ့လင်းချန်၏ အသံက အလျင်လိုခြင်း မရှိပေ။ မသိလျင် ကမ္ဘာပေါ်၌ တစ်ခုတည်းသော ကျန်ရစ်ခဲ့သည့် အရာက သူ့အသံလိုပင်။ လူတိုင်းကို တီးတိုးကပ်ပြောသလို ထင်မှတ်မှားရစေသည်။
“ဒီပုံပြင်တွေအားလုံးက ငါ့အဖေ ချန်ထားခဲ့တဲ့ မပြည့်စုံတဲ့ စာအုပ်တစ်အုပ်ကနေ စလာတယ်၊ နာမည်က ထူးခြားနက်နဲတဲ့ ယင်ယန် ဖုန်းရွှေ နည်းလမ်း ဆယ့်ခြောက်ခုတဲ့၊ ဒါပေမဲ့ ဒီစာအုပ်ရဲ့ နောက်တစ်ဝက်က ဘယ်မှာလဲဆိုတာကို ဘယ်သူမှ မသိကြဘူး၊ တစ်ယောက်ယောက်က စုတ်ဖြဲခဲ့တာပဲ၊ ထူးခြားနက်နဲတဲ့ ဖုန်းရွှေ နည်းလမ်းရဲ့ ပထမတစ်ဝက်ပဲ ကျန်ခဲ့တယ်၊ စာအုပ်က ဂူသင်္ချိုင်းတွေက ဖုန်းရွှေ သင်္ကေတကို ဘယ်လို ဖတ်ပြီး ဝှက်စာဖော်ရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကိုပဲ အဓိက ဖော်ပြထားတာ …”
ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းနှင့် ယှဉ်လျင် မီးအိမ်မှုတ်တစ္ဆေ၏ အဖွင့်က လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။ ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းကို နားထောင်ဖူးသူများပင် စိတ်ထဲ၌ အော်ဟစ်မိ သွားသည်။
မီးအိမ်မှုတ်တစ္ဆေ၏ အရေးအသားက ပိုကောင်းနေခြင်းလေသည်။ ဂူသင်္ချိုင်းဖောက်သူက အကြမ်းဖြစ်ပြီး မီးအိမ်မှုတ် တစ္ဆေကမှ ပင်မဇာတ်လမ်း ဖြစ်နေသလိုပင်။