အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း (၁၅၂)
နတ်ဆိုးချောက်နက်၊ ပျောက်ဆုံးသွားသော အထွတ်အမြတ်သိုင်းပညာ “အတုမဲ့အာဏာစက်နတ်ဆိုးနည်းစနစ်”
ထိုနာမည်ကျော်ဓား၏ တန်ဖိုးမှာ ဖော်ပြထားသည်ထက် များစွာ ပိုမို ကြီးမားလှပေသည်။
အထူးသဖြင့် ဤနာမည်ကျော်ဓားသည် ထိုစဥ်က ဓားနတ်ဘုရားပင်လယ်၏ တွမ့်မိသားစုမှ ဖန်တီးခဲ့သည့် အထွတ်အထိပ် လက်ရာတစ်ခု ဖြစ်သောကြောင့်ပင်။
သူ၏ ဂျူနီယာညီလေး သည် အနာဂတ်တွင် ဤဓား၏ ထူးခြားသော အရည်အသွေးများကို ကျိန်းသေပေါက် ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ ယုံကြည်နေခဲ့သည်။
၎င်းက ပိတ်လှောင်ခံထားရသည်မှာ ကြာမြင့်လွန်း၍ ဖြစ်နိုင်သည်။
ကြက်သွေးရောင်ကောင်းကင်သည် ကောင်းကင်ယံထက်တွင် အတော်ကြာအောင် ဆော့ကစားပြီးမှသာ အောက်သို့ ဆင်းသက်လာခဲ့သည်။
ဤအချိန်အတွင်း မုန့်ချန်ချင်း ၎င်းကို အလျင်စလို မတိုက်တွန်းဘဲ မိုရှောင်ယုနှင့်သာ စကားစမြည် ပြောဆိုနေခဲ့သည်။
ထိုမိန်းကလေးငယ်မှာ အလွန်အမင်း ဒေါသထွက်နေခဲ့ပြီး သူမက “ငယ်သူငယ်ချင်း” ဖြစ်သော်လည်း မုန့်ချန်ချင်းကဲ့သို့ “ကောင်းကင်အလိုကျ ပါရမီရှင်” ကို လုံးဝ မယှဥ်နိုင်ပါဟု ပြောဆိုနေခဲ့သည်။
သူမ ပြောနေစဥ်တွင် သူမ၏ အသံ၌ ရှိုက်ငိုသံ အနည်းငယ်ပင် ပါဝင်နေခဲ့သဖြင့် မုန့်ချန်ချင်း၏ စနောက်လိုသော အတွေးများကို ပျောက်ကွယ်သွားစေကာ သူမကို ချော့ရုံမှတပါး မတတ်နိုင်တော့ချေ။
သုံးရက်ကြာပြီးနောက် ဂိုဏ်းမှ နတ်ဆိုးချောက်နက် နှင့် ပတ်သက်သည့် အဓိက သတင်းကြီးတစ်ခုကို ထုတ်ပြန်ကြေညာခဲ့သည်။
ဤသတင်းက ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဘာပဲဖြစ်ဖြစ် ထိုနေရာက အလွန်တရာ အန္တရာယ်များလှသော နတ်ဆိုးချောက်နက် ဖြစ်သည်။
အတိတ်ကာလက ထိုနေရာကို ဝမ်ရှန်းအဆောက်အဦး သို့မဟုတ် သန့်စင်နယ်မြေ များကသာ စောင့်ကြပ်ခဲ့ကြသဖြင့် သူတို့နှင့် မသက်ဆိုင်ခဲ့ချေ။
သို့သော် ယခုအခါ ဂိုဏ်းမှာ ပထမတန်းစားအဆင့်သို့ မြှင့်တင်ခြင်း ခံရပြီးဖြစ်ရာ ဤတာဝန်က သူတို့ထံသို့ ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ကောလာဟလများအရ ကောင်းကင်နတ်ဆိုး များမှာ ရုပ်ခန္ဓာမရှိဘဲ လွတ်လပ်စွာ လှုပ်ရှားနိုင်ကြကာ အဓိကအားဖြင့် ခန္ဓာကိုယ်ကို ပူးကပ်ခြင်းနှင့် ကပ်ပါးပြုခြင်းတို့တွင် အကျွမ်းကျင်ဆုံးဖြစ်သည့် ဝိညာဥ်ကိုယ်ထည်တစ်ခု ဖြစ်သည်ဟု ဆိုကြသည်။
၎င်းကို စဥ်းစားကြည့်ရုံမျှဖြင့်ပင် ထိတ်လန့်စရာကောင်းလှပေသည်။
ထိုနေရာနှင့်ယှက်လျှင် မြေကမ္ဘာနတ်ဆိုးချောက်နက် ကို စောင့်ကြပ်ရခြင်းက ပိုကောင်း၏။
ထိုနေရာရှိ နတ်ဆိုးများက ခန္ဓာကိုယ်ပိုင်းဆိုင်ရာသာ သန်မာပြီး ကောင်းကင်နတ်ဆိုးတွေလောက် မကောက်ကျစ်ပေ။
နတ်ဆိုးချောက်နက်ကို စောင့်ကြပ်ရမည့် တာဝန်က အဓိကအားဖြင့် အစီရင်တောင်ထိပ် ပေါ်သို့ ကျရောက်ခဲ့သည်။
အကြောင်းမှာ အစီရင်များက ကောင်းကင်နတ်ဆိုးများ ကျူးကျော်ဝင်ရောက်ခြင်းကို တားဆီးရန်အတွက် လူအင်အား သက်သာစေပြီး အဆင်ပြေဆုံး နည်းလမ်းတစ်ခု ဖြစ်သောကြောင့်ပင်။
ဒေါင်...
တာအိုခေါင်းလောင်းသံ ပဲ့တင်ထပ်သွားပြီး လှိုင်းတွန့်များကဲ့သို့ ဝေးလံသော နေရာများအထိ ပျံ့နှံ့သွားခဲ့သည်။
ကျင့်ကြံရေးအခန်းအတွင်း၌ မုန့်ချန်ချင်း မျက်လုံးဖွင့်လိုက်ပြီး နေရာမှ ဖြည်းညင်းစွာ ထရပ်လိုက်ကာ ကြက်သွေးရောင်ကောင်းကင်ကို လှမ်းယူ၍ သူ၏ ခါးတွင် ချိတ်ဆွဲလိုက်သည်။
သူသည် နတ်ဆိုးချောက်နက် သို့ သွားရမည့် တာဝန်ကို သဘာဝအတိုင်း သွားရောက်မည် ဖြစ်သည်။
တကယ်တော့ ဂိုဏ်းအတွင်းရှိ နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့်ရှိ တပည့်များအားလုံး ကျိန်းသေပေါက် သွားရောက်ကြရမည် ဖြစ်သည်။
အကြောင်းမှာ ၎င်းက လေ့ကျင့်မှု ပုံစံတစ်ခု ဖြစ်သောကြောင့်ပင်။
ကောင်းကင်နတ်ဆိုးများသည် ဝိညာဥ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေးနည်းစနစ်များကို အထူးပြုကြသဖြင့် ၎င်းကို ကျွမ်းကျင်အောင် လုပ်ဆောင်နိုင်ပါက ဓားရည်ရွယ်ချက် ကို နားလည်သဘောပေါက်ခြင်း၌ များစွာ အကျိုးရှိစေလိမ့်မည်။
ထို့အပြင် ဂိုဏ်း၏ ရည်ရွယ်ချက်မှာ ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ဖမ်းဆီးပြီး ၎င်းထံမှ ကောင်းကင်နတ်ဆိုးချီကို ထုတ်ယူနိုင်မလားဆိုသည်ကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။
၎င်းက ကောင်းကင်နတ်ဆိုးများ၏ အနှစ်သာရ ဖြစ်ပြီး များပြားလှသော ဝိညာဥ်ပိုင်းဆိုင်ရာ သိမြင်နားလည်မှုများ ပါဝင်နေသည်။
နတ်ဘုရားရရှိခြင်းနယ်ပယ်ရှိ သိုင်းပညာရှင်များအတွက် မည်သည့် ဆေးလုံးထက်မဆို ပိုမိုထိရောက်ပြီး ဝိညာဥ်ကျင့်ကြံရေး ကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သည့် အကြီးမားဆုံးသော ဖြည့်စွက်စာပင် ဖြစ်သည်။
ဂိုဏ်း၏ နက်ရှိုင်းသော နေရာများမှ တိမ်လှေ ဆယ်စင်းထက်မက ထွက်ပေါ်လာခဲ့ပြီးနောက် ဝိညာဥ်တောင်ထိပ် အသီးသီးမှ အလင်းတန်းများ တဟုန်ထိုး ပျံသန်းထွက်ခွာလာကာ တိမ်လှေများပေါ်သို့ ဆင်းသက်လိုက်ကြသည်။
ဤလူများမှာ ဂိုဏ်းမှ ကြိုတင်ရွေးချယ်ထားသော စောင့်ကြပ်သူများ ဖြစ်ကြသည်။
ဝှစ်!
မုန့်ချန်ချင်း အရှေ့ဆုံးတွင် ရှိနေသော တိမ်လှေပေါ်သို့ ပေါ်လာခဲ့သည်။
ထိုတိမ်လှေပေါ်တွင် ဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးများ အပါအဝင် လူများစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။
သူတို့ကို ဦးဆောင်လာသူမှာ သဘာဝအတိုင်း မဟာအကြီးအကဲ ရွမ်ကုန်း ပင် ဖြစ်သည်။
အကြောင်းမှာ ဂိုဏ်းချုပ်အနေဖြင့် ဂိုဏ်းအတွင်း၌သာ နေထိုင်ရန် လိုအပ်သဖြင့် ပြင်ပကိစ္စရပ်များကို မဟာအကြီးအကဲထံသို့သာ လွှဲအပ်ထားသောကြောင့် ဖြစ်သည်။
“ဒုတိယ စီနီယာအကို...”
မုန့်ချန်ချင်းက အနည်းငယ်လက်ချင်းယှက်ကာ ပြောလိုက်သည်။
ဂိုဏ်းအတွင်း၌ မဟာအကြီးအကဲမှာ အသန်မာဆုံး မဟုတ်နိုင်သော်လည်း ဝါအရင့်ဆုံး ဖြစ်သည်။
ဂိုဏ်းချုပ်ကိုယ်တိုင်ပင်လျှင် သူ့ကို ရိုသေလေးစားမှု ပြသရမည် ဖြစ်သည်။
ဤအချက်အတွက် အခြားသော အကြောင်းပြချက်များ ရှိနိုင်သော်လည်း ၎င်းက မဟာအကြီးအကဲ၏ အဆင့်အတန်းကို ထိခိုက်မှု မရှိစေချေ။
“မင်း ရောက်လာပြီပဲ...”
ပုံမှန်အားဖြင့် တည်ကြည်လွန်းလှသော မဟာအကြီးအကဲမှာ မုန့်ချန်ချင်းကို မြင်သောအခါ ပြုံးပြလိုက်သဖြင့် ဘေးနားရှိ အကြီးအကဲများကို အံ့အားသင့်သွားစေခဲ့သည်။
၎င်းက သံပင်အိုကြီးတစ်ပင် ပန်းပွင့်လာသည်ကို မြင်လိုက်ရသလိုမျိုးပင်။
မဟာအကြီးအကဲက အမှန်တကယ် ပြုံးပြလိုက်သည် တဲ့လား...
“ဟုတ်ကဲ့...”
မုန့်ချန်ချင်းက ခေါင်းညိတ်လိုက်သည်။
“ဒီဘက်ကို လာခဲ့ဦး...”
မဟာအကြီးအကဲ လက်လှမ်းပြလိုက်သည်။
“ဟုတ်ကဲ့...”
မုန့်ချန်ချင်း လျှောက်လှမ်းသွားပြီး သူ၏ ဘေးနားတွင်ရပ်လိုက်ကာ ကြည့်ရှုရေးမျက်လုံးကို အသက်သွင်းလိုက်သည်။
ယခင်က တောင်ထိပ်သခင် အများအပြား ရှိနေခဲ့ခြင်းကြောင့် သူ သေချာကြည့်ရှုရန် အခွင့်အရေးမရခဲ့ချေ။
အခြေခံအချက်အလက် -
[အမည် - လင်းရွမ်ကုန်း]
[မျိုးနွယ် - လူသား]
[ကျင့်ကြံရေး - နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၉ (ယာယီ)]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ်ရိုး - အဆင့် ၁]
[နားလည်နိုင်စွမ်း - သာလွန်]
[နည်းစနစ်များ - နိဗ္ဗာနပြန်လည်မွေးဖွားခြင်း · အသူရာငရဲနှိမ်နင်းခြင်းနည်းစနစ်(အဆင့် ၄)၊ ကောင်းကင်နဂါးသံစဥ်ရှစ်ပါး (ပြီးပြည့်စုံခြင်းအဆင့်)...]
အခြားသော တောင်ထိပ်သခင်များနှင့် နှိုင်းယှဥ်ပါက မဟာအကြီးအကဲ၏ အချက်အလက်များမှာ အတော်လေး သာမန်ဆန်သည်။
သို့ပေမယ့် သူ၏နည်းစနစ်များတွင် အနောကတိုင်းကန္တာရစတိုင်းအနည်းငယ်ရှိနေပြီ ပြင်းထန်သည့်ဗုဒ္ဓလမ်းစဥ်လေ့ကျင့်မှုတွေကြောင့် နာမည်ကြီး၏။
“မင်းရဲ့ ကျင့်ကြံရေး တိုးတက်မှုက တကယ့်ကို အထင်ကြီးစရာပဲ... မင်းလို ဂိုဏ်းချုပ်ငယ်တစ်ယောက် ရှိနေတာ ဂိုဏ်းရဲ့ အနာဂတ်က တကယ့်ကို မျှော်လင့်ချက်တွေ ပြည့်နှက်နေတာပဲ...”
မဟာအကြီးအကဲ မုန့်ချန်ချင်းကို ကျေနပ်သော အကြည့်များဖြင့် အကဲဖြတ်လိုက်သည်။
ဝှစ်! ဝှစ်!
မကြာမီမှာပင် နောက်ထပ် ပုံရိပ်များစွာ ရောက်ရှိလာခဲ့ကြပြီး အားလုံးက နတ်ဘုရားရရှိခြင်းနယ်ပယ်ဖြစ်ကာ အသက်ကြီးပုံမရပေ။
အကြီးဆုံးမှာ အသက် ၄၀ ဝန်းကျင်လောက်ဖြစ်ပြီး ၁၀ယောက်ကျော်လောက်ရှိ၏။
ဤလူများမှာ ဂိုဏ်းမှ နှစ်ပေါင်းများစွာပျိုးထောင်ထားခဲ့သည့် အထူးချွန်ဆုံး တပည့်များ ဖြစ်ကြသည်။
ယခင်က ထူးချွန်ခဲ့ကြသော စစ်မှန်တပည့် များမှာ အသက်သုံးဆယ့်ငါးနှစ် ပြည့်ပြီးနောက်တွင် တပည့်အဆင့်အတန်းကို အလိုအလျောက် ဆုံးရှုံးသွားခဲ့ကြပြီး အချို့က အကြီးအကဲများ ဖြစ်လာကြကာ အချို့ကတော့ မတူညီသော တာဝန်များကို ယူထားကြခြင်း ဖြစ်သည်။
“ဒါက အကုန်လုံးတော့ ဟုတ်မယ်မထင်ဘူး...”
မုန့်ချန်ချင်း၏ မျက်လုံးများက ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။
သူ၏ဂိုဏ်းသည် ၎င်း၏အစစ်အမှန် ခွန်အားကို ဖုံးကွယ်ထားခြင်းကြောင့် လူသိများသည်။
အထက်မှ အောက်အထိ ဤအရာက ခေတ်စားနေသော စတိုင်တစ်ခု ဖြစ်သည်။
သူ့ဘေးတွင် ရှိနေသော ယာယီ နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၉ ရှိသည့် မဟာအကြီးအကဲပင်လျှင် အနည်းဆုံးတော့ သေခြင်းရှင်ခြင်းနယ်ပယ် တွင် ရှိနေလောက်သည်။
ယေဘုယျအားဖြင့် ပထမတန်းစားဂိုဏ်းတစ်ခုသည် အနည်းဆုံး သေခြင်းရှင်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရှိရန် လိုအပ်သည်။
သို့သော် ဂိုဏ်း၏ လက်ရှိ ခွန်အားက ဤအနိမ့်ဆုံး စံနှုန်းထက် သိသိသာသာ သာလွန်နေခဲ့သည်။
“သွားကြစို့...”
လူအားလုံး စုံညီသွားသောအခါ တိမ်လှေများ စတင်ထွက်ခွာခဲ့ပြီး ဝေးလံသော နေရာဆီသို့ ဦးတည်တော့သည်။
နတ်ဆိုးချောက်နက် တည်ရှိရာ နေရာက ဂိုဏ်းနှင့် သိပ်မဝေးလှဘဲ အများဆုံး နေ့တစ်ဝက်ခရီးလောက်သာ ကြာမြင့်သည်။
၎င်းက နတ်ဘုရားလေပြင်းတောင်ကြား ဟု ခေါ်သော နေရာတစ်ခုတွင် တည်ရှိပြီး မီတာသုံးသောင်းကျော် ရှည်လျားသော လျှိုမြောင်ကြီးတစ်ခု ဖြစ်ကာ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး၏ ဓားချက်တစ်ချက်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ဤနေရာသည် ယခင်က လူသားအင်အားစု အများအပြား နေထိုင်ခဲ့ကြသော်လည်း ချောက်နက် ထွက်ပေါ်လာခြင်းကြောင့် အားလုံး ပြောင်းရွှေ့သွားခဲ့ကြရသဖြင့် လူသူကင်းမဲ့သော နေရာတစ်ခု ဖြစ်လာခဲ့သည်။
“ငါတို့ ရောက်တော့မယ်...”
မဟာအကြီးအကဲ ရုတ်တရက် ပြောလိုက်သဖြင့် မုန့်ချန်ချင်း ရှေ့သို့ လှမ်းကြည့်လိုက်သည်။
ထိုအရာ သူက အဝေး၌ တဟုန်ထိုးထွက်ပေါ်နေသော နတ်ဆိုးချီ များကို မြင်တွေ့လိုက်ရပြီး ၎င်းက နတ်ဆိုးကျင့်ကြံသူများ၏ စွမ်းအားထက် ပိုမို သန့်စင်နေကာ မည်သည့် အညစ်အကြေးမျှ ရှိမနေပုံရချေ။
ထိုနတ်ဆိုးချီများက မတူညီသော ပုံစံမျိုးစုံအဖြစ်သို့ အဆက်မပြတ် ပြောင်းလဲနေခဲ့ပြီး တစ်ခါတစ်ရံတွင် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာများ ပေါ်လာကာ အခြားအချိန်များမှာတော့ အလွန်တရာ ဆန်းကြယ်သော ပုံစံများ ဖြစ်နေခဲ့သည်။
“ကောင်းကင်နတ်ဆိုး...”
တိမ်လှေပေါ်တွင် လူတိုင်း လေးနက်သော အမူအရာများကို ပြသလိုက်ကြသည်။
အများစုမှာ ကောင်းကင်နတ်ဆိုးကို တစ်ခါမျှ မမြင်ဖူးကြဘဲ ပုံပြင်များနှင့် စာအုပ်များထဲကနေသာ သိရှိထားကြခြင်း ဖြစ်သည်။
မုန့်ချန်ချင်း မျက်လုံးမှေးကျဥ်းသွား၏။
ဂိုဏ်းချုပ်က သူ့ကို နတ်ဆိုးချောက်နက် သို့ လေ့ကျင့်ရန် စေလွှတ်ခဲ့ခြင်းကြောင့် သူသည် ၎င်းနှင့်ပတ်သက်၍ ကျိန်းသေပေါက် လေ့လာထားခဲ့သည်။
ကောင်းကင်နတ်ဆိုးများသည် အလွန် ထူးဆန်းပြီး ဝိညာဥ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွင် ကျွမ်းကျင်ကြသော်လည်း သူတို့က သူ့အတွက်တော့ ထိုမျှလောက် အန္တရာယ်မရှိလှချေ။
သူ့တွင် ဝိညာဥ်ပိုင်းဆိုင်ရာနှင့် ပိုမိုနီးစပ်ပြီး ကောင်းကင်နတ်ဆိုးများအပေါ် ထူးခြားသော အကျိုးသက်ရောက်မှု ရှိသည့် ဓားရည်ရွယ်ချက် ရှိနေခြင်းကြောင့်ပင်။
“ရှေးဟောင်းနတ်ဆိုးဂိုဏ်းရဲ့ အဓိကအတတ်ပညာတွေ ပျောက်ဆုံးသွားခဲ့ရတာ တကယ့်ကို နှမြောစရာကောင်းတယ်... မဟုတ်ရင် ကမ္ဘာပေါ်မှာ ဒီလောက်များတဲ့ နတ်ဆိုးချောက်နက်တွေ ရှိနေမှာ မဟုတ်ဘူး...”
မဟာအကြီးအကဲ ရုတ်တရက် မှတ်ချက်ချလိုက်သည်။
“ရှေးဟောင်းနတ်ဆိုးဂိုဏ်းရဲ့ အတတ်ပညာ ဟုတ်လား...”
မုန့်ချန်ချင်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ထိုနတ်ဆိုးအတတ်ပညာတွေက နတ်ဆိုးတွေကို အတုယူပြီး ဖန်တီးထားတာ မဟုတ်ဘူးလား...
ထိုအတတ်ပညာတွေကို ကျင့်ကြံတဲ့သူတွေက သူတို့ရဲ့ စိတ်အသိကို ဆုံးရှုံးပြီး ရူးသွပ်တဲ့ နတ်ဆိုး သားရဲ တွေ ဖြစ်သွားကြတာလေ...
သူတို့က နတ်ဆိုးတွေကို ဘယ်လိုလုပ် ပြန်ပြီး တိုက်ခိုက်နိုင်မှာလဲ...
"အစက နတ်ဆိုးအတတ်ပညာတွေက အခုလိုမျိုး မဟုတ်ဘူး..."
မဟာအကြီးအကဲ သူ၏မုတ်ဆိတ်ဖြူကို သပ်ရင်း ပြောလိုက်သည်။
"အဲ့တာတွေကို နတ်ဆိုးတွေကို နှိမ်နင်းဖို့အတွက် ဖန်တီးခဲ့တာ... ရှေးဟောင်းမှတ်တမ်းတွေအရ ရှေးဟောင်းနတ်ဆိုးဂိုဏ်းက ကြီးမားတဲ့ ဘေးဒုက္ခတစ်ခုနဲ့ ရင်ဆိုင်ရပြီး ညတွင်းချင်း ပျောက်ကွယ်သွားခဲ့တာတဲ့... ဒါကြောင့်ပဲ ဒီလိုသန့်စင်တဲ့ နတ်ဆိုးအတတ်ပညာတွေ ပျောက်ဆုံးသွားခဲ့ရတာပေါ့..."
"အချိန်တွေကြာလာတာနဲ့ နတ်ဆိုးအတတ်ပညာတွေက ပုံပျက်ပန်းပျက် ဖြစ်လာပြီး အခု ငါတို့ မြင်တွေ့နေရတဲ့ မိစ္ဆာလမ်းစဥ်တွေ ဖြစ်လာခဲ့တာပဲ...”
“ဒီလိုကိုး...”
မုန့်ချန်ချင်းက နားလည်သွားခဲ့သည်။
နတ်ဆိုးအတတ်ပညာတွေရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ဤကဲ့သို့ ဖြစ်လိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။
“အဲဒီ သန့်စင်တဲ့ နတ်ဆိုးအတတ်ပညာတွေက ဘာတွေလဲဟင်...”
မုန့်ချန်ချင်း အလွန် စိတ်ဝင်စားသွားခဲ့သည်။
“အများစုကိုတော့ မေ့လျော့ကုန်ကြပြီ... ဒါပေမဲ့ အဓိက အတတ်ပညာကိုတော့ အတုမဲ့အာဏာစက်နတ်ဆိုးနည်းစနစ်လို့ ခေါ်တယ်...”
မဟာအကြီးအကဲက ပြောလိုက်သည်။
“အဲ့ဒီနည်းစနစ်က အလွန်မတန် စွမ်းအားကြီးပြီး နတ်ဆိုးတွေကို ထိန်းချုပ်နိုင်သလို သန့်စင်နိုင်စွမ်းလည်း ရှိတယ်... ပြီးတော့ သူတို့ရဲ့ အနှစ်သာရတွေကို စုပ်ယူပြီး ကိုယ့်ရဲ့ ကျင့်ကြံရေးကို မြှင့်တင်နိုင်တယ်...
“ဥပမာ အဲ့ဒီနည်းစနစ်သာ ရှိမယ်ဆိုရင် ဒီချောက်နက်ထဲကနေ ကောင်းကင်နတ်ဆိုးချီကို ထုတ်ယူဖို့က အလွန်တရာ လွယ်ကူသွားလိမ့်မယ်...”
ဤအရာကို ကြားသည့်အခါ မုန့်ချန်ချင်း အမူအရာ ပြောင်းလဲသွားခဲ့သည်။
ထိုနာမည်က အလွန်တရာ ရင်းနှီးနေသလိုပင်...
သူ ၎င်းကို ဘယ်နေရာမှာ မြင်ဖူးတာပါလိမ့်။
နေဦး!
မုန့်ချန်ချင်း၏ မျက်ဆံများ ကျုံ့သွားခဲ့သည်။
ထိုအရာက ပိုင်စုရှီး ရဲ့ စွမ်းရည်ကဏ္ဍပေါ်မှာ ရှိနေတဲ့ နတ်ဆိုးနည်းစနစ် မဟုတ်ပါလား...