အခန်း ၁၅၄
Vol. 16 Ch. 154
အခန်း (၁၅၄)
မှူးမတ်နယ်ပယ် ဖြစ်လာရန် ရည်မှန်းချက်နှင့် တောင်ပိုင်းနယ်စပ်၏ စီရင်စု ၁၃ စု
“မှူးမတ်နယ်ပယ်...”
မုန့်ချန်ချင်း မျက်လုံးများထဲတွင် ရည်မှန်းချက်တွေ ဖျတ်ခနဲလင်းလက်သွားခဲ့သည်။
ဘယ်နေရာမှာပဲဖြစ်ဖြစ် နတ်ဘုရားရရှိခြင်းနယ်ပယ် သို့ ရောက်ရှိသွားပြီဆိုလျှင် ထိပ်သီးအဆင့် စွမ်းအားရှင်များအဖြစ် သတ်မှတ်ခံရပြီ ဖြစ်သည်။
မှူးမတ်နယ်ပယ် သို့ ရောက်ရှိပြီး သေခြင်းရှင်ခြင်းကို ကျော်လွန်သွားပါက ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုကဲ့သို့ ဖြစ်ရာ အလွန်တရာ ရှားပါးလှပြီး ကြီးမားသော ဂိုဏ်းကြီးတစ်ခု သို့မဟုတ် ရှေးဟောင်းကလန်တစ်ခုကိုပင် တည်ထောင်နိုင်လောက်အောင် စွမ်းအားကြီးမားလှပေသည်။
သူတို့ ပိုင်ဆိုင်ထားသော ခွန်အားမှာ စိတ်ကူး၍မရနိုင်လောက်အောင်ပင်။
တောင်တန်းများကို ချေမွပြီး ပင်လယ်များကို ခွဲခြမ်းပစ်ရန်လား... ထိုအရာများက သူတို့အတွက် အသေးအဖွဲ ကိစ္စရပ်များသာ ဖြစ်သည်။
ဂိုဏ်းချုပ်၏ ပြောကြားချက်အရ ထိုကဲ့သို့သော စွမ်းအားသည် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ပြီး၊ တောင်တန်းနှင့်မြစ်ချောင်းများကိုဖြတ်ကာ စကြဝဠာကြီးကိုပင် တည်ငြိမ်စေနိုင်သည်ဟု ဆိုသည်။
နှမြောစရာကောင်းသည်မှာ မှူးမတ်အဆင့် အရင်းအမြစ်များက အလွန်တရာ ရှားပါးလွန်းလှခြင်း ဖြစ်သည်။
သေခြင်းရှင်ခြင်းနယ်ပယ် စွမ်းအားရှင် အများအပြားမှာ ဤအရင်းအမြစ် ရှားပါးမှုကြောင့်ပင် စိတ်ပျက်လက်ပျက်ဖြင့် သေဆုံးသွားခဲ့ကြရသည်။
မှူးမတ်အဆင့်အရင်းအမြစ်များ ထွက်ပေါ်လာသည့် အချိန်တိုင်း ရေတွက်မရနိုင်သော လူပေါင်းများစွာမှာ ထိုအခွင့်အရေးကို လက်လွတ်မခံလိုသဖြင့် အသည်းအသန် လုယူကြလေ့ရှိသည်။
တောင်ပိုင်း ပါရမီရှင်များတိုက်ပွဲတွင် ဤကဲ့သို့သော ထိပ်သီးအဆင့် အရင်းအမြစ်များ ပါဝင်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိချေ။
ဤအရာက လုံးဝ လက်လွတ်မခံသင့်သော အခွင့်အလမ်းတစ်ခုဖြစ်သည်။
“ဖရိုဖရဲပင်လယ်က နှစ်တစ်ရာမှာ တစ်ကြိမ်ပဲ ဖွင့်တာ... မင်းက ဒါနဲ့ ကြုံကြိုက်ရတာ တကယ့်ကို ကံကောင်းတာပဲ... ဒါကြောင့် ဒီအခွင့်အရေးကို လက်လွတ်မခံနဲ့...”
မဟာအကြီးအကဲ မုန့်ချန်ချင်း၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
“စိတ်ချပါ ဒုတိယ စီနီယာအကို... ကျွန်တော် ဒါကို ကျိန်းသေပေါက် အရယူမှာပါ...”
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။
ဤကဲ့သို့ အဆင့်မြင့်အရင်းအမြစ်မျိုးက ဂိုဏ်းအတွင်းမှာပင် ရှိချင်မှ ရှိမှာဖြစ်သည်။
သူတို့ထံတွင် အတိတ်က ရှိခဲ့ဖူးလျှင်ပင် ယခုအချိန်တွင်မူ ကျိန်းသေပေါက် အသုံးပြုပြီးလောက်ပြီ ဖြစ်သည်။
ထို့နောက် မဟာအကြီးအကဲ မုန့်ချန်ချင်းကို တောင်ပိုင်းနယ်စပ်အကြောင်း အကြမ်းဖျင်း ရှင်းပြခဲ့သဖြင့် သူ၏ သိနားလည်မှုကို ပိုမို နက်ရှိုင်းသွားစေခဲ့သည်။
တောင်ပိုင်းနယ်စပ်တွင် စီရင်စု ၁၃ စု ရှိသည်။
ထျန်းလင်းစီရင်စုမှာ အားအနည်းဆုံး မဟုတ်သော်လည်း အသန်မာဆုံးထဲတွင်မပါဘဲ အဆင့်တစ်ဆယ်ဝန်းကျင်တွင်သာ ရှိနေခဲ့သည်။
ထို့ကြောင့် ၎င်း၏ ထိပ်သီးအဆင့် ခွန်အားနှင့် အလားအလာမှာ ရှေ့ဆုံးက ဦးဆောင်နေသော စီရင်စုများကို လုံးဝ မယှဥ်နိုင်ချေ။
ယခင် တောင်ပိုင်း ပါရမီရှင်များတိုက်ပွဲများတွင် စီရင်စုအကြီးကြီးများကသာ အရင်းအမြစ်များကို သိမ်းကျုံးရယူသွားခဲ့ကြသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ကွာဟချက်က ပိုမို ကြီးမားလာခဲ့သည်။
နောက်ဆုံးတွင် သူတို့မှာ နည်းပါးလှသော အရင်းအမြစ်လေးများဖြင့်သာ မနည်း ရုန်းကန်ခဲ့ကြရသည်။
စကားစမြည် ပြောဆိုရင်းဖြင့် သူတို့သည် နတ်ဘုရားလေပြင်းတောင်ကြား သို့ ရောက်ရှိလာခဲ့ကြသည်။
ယခင်က ခမ်းနားထည်ဝါလှသော ရှုခင်းကြီးမှာ ယခုအခါ တဟုန်ထိုး ထွက်ပေါ်နေသော နတ်ဆိုးချီများဖြင့် ပြည့်နှက်နေခဲ့ပြီး မှုန်မိုင်းသည့် အငွေ့အသက်များကို ဖြစ်ပေါ်စေခဲ့သည်။
တိမ်လှေ ဆယ်စင်းထက်မက တဟုန်ထိုး ဆင်းသက်လာခဲ့ပြီး နတ်ဆိုးချီများကို ဆုတ်ဖြဲကာ လျှိုမြောင်၏ နက်ရှိုင်းသော နေရာသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် ရှုပ်ထွေးသည့်အဆောက်အဦးများစွာရှိနေပြီး နန်းတော်များ၊ ကျမ်းဆောင်များ အစီအရီကျ တည်ရှိနေခဲ့သည်။
အရှေ့ဆုံးနေရာတွင်မူ ဧရာမ ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးတစ်ခု ရှိနေခဲ့ပြီး ၎င်းထံမှ နတ်ဆိုးချီတွေ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
တစ်ခါတစ်ရံတွင် မမြင်ရသော တည်ရှိမှုများက အစီရင်ကို လာရောက်ရိုက်ခတ်လေ့ရှိပြီး နားကွဲလုမတတ် စူးရှသော အော်ဟစ်သံများကို ထုတ်လွတ်နေခဲ့သည်။
ကျင့်ကြံရေး အဆင့်နိမ့်သော လူများမှာ မူးဝေခြင်း သို့မဟုတ် ဝိညာဥ်ပိုင်းဆိုင်ရာ သက်ရောက်ခြင်းများ ခံစားရနိုင်၏။
သို့သော် ဤနေရာကို စောင့်ကြပ်နေကြသူများမှာ အနည်းဆုံး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်တွင် ရှိနေကြဖြစ်သဖြင့် သူတို့အနေဖြင့် နတ်ဆိုးချောက်နက်၏ အနက်ရှိုင်းဆုံးနေရာသို့ သွားရောက်ခြင်း မပြုသရွေ့ ဘေးကင်းလုံခြုံကြပေသည်။
လက်ရှိတွင် ဝမ်ရှန်းအဆောက်အဦးမှ စစ်သည်အနည်းငယ်သာ ကျန်ရှိတော့ပြီး အများစုမှာ အစီရင်ဆရာများ ဖြစ်ကြသည်။
တိမ်လှေများဆင်းသက်လာသည့်အခါ အစိမ်းဝတ်အဖိုးအိုတစ်ယောက် ရှေ့၌ ပေါ်လာပြီး လက်ထဲ၌ အစီရင်ချပ်ပြားတစ်ခု ကိုင်ထားခဲ့သည်။
မျက်လုံးမှေးမှေးနှင့် အနည်းငယ် ကောက်ကျစ်ပုံရသော ရုပ်အဆင်းရှိပြီး အကြည့်များကပြင်းထန်လှရာ ကျိန်းသေပေါက် နတ်ဘုရားရရှိခြင်းနယ်ပယ်အထွတ်အထိပ်စွမ်းအားရှင်တစ်ဦး ဖြစ်သည်။
“မဟာအကြီးအကဲ ရွမ်ကုန်း... မင်းတို့ နည်းနည်း နောက်ကျနေတယ်...”
အစိမ်းရောင်ဝတ်စုံဝတ်အဖိုးအိုက မကျေနပ်သည့် အရိပ်အယောင် အနည်းငယ်ဖြင့် ပြောလိုက်သည်။
“မင်းက အဆင့် ၅ အစီရင်ဆရာတစ်ယောက် ဖြစ်နေပြီးတော့ ခဏလောက် ထပ်မစောင့်နိုင်ဘူးလား... အကြီးအကဲချင်း...”
မဟာအကြီးအကဲ မတုံ့ပြန်မီမှာပင် အစီရင်တောင်ထိပ်၏ တောင်ထိပ်သခင် ရှုလင်ယွဲ့ အရှေ့သို့ တက်လာခဲ့သည်။
သူမက အနည်းငယ် ငယ်ရွယ်ပုံရသော်လည်း ၎င်းမှာ သက်စောင့်ဆေးလုံးများကို အသုံးပြုထားခြင်းကြောင့် ဖြစ်နိုင်ပြီး သူမက နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၁ တွင် ရှိနေဆဲပင် ဖြစ်သည်။
“အကြီးအကဲချင်း...”
ရှုလင်းရွယ်စကားကြောင့် ထိုအဘိုးအို၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
သူသည် သူမနှင့် အတိတ်က ပဋိပက္ခအချို့ ရှိခဲ့ဖူးပုံရသည်။
“ဒါက နတ်ဆိုးချိပ်ပိတ်အစီရင်အတွက် အစီရင်ချပ်ပြားပဲ... အခု မင်းတို့လက်ထဲကို အပ်ခဲ့ပြီ...”
အကြီးအကဲချင်း ပြောရင်း ထိုချပ်ပြားကို ရှုလင်းယွဲ့ထံသို့ ပစ်ပေးလိုက်သည်။
သူမက အလျှင်အမြန်ပဲ လက်ဟန်သင်္ကေတအနည်းငယ်ဖြင့် ထိုအရာကို သူမလက်ဝါးထဲ ပေါင်းစပ်လိုက်သည်။
ဤအရာကို မြင်သောအခါ အကြီးအကဲချင်း နောက်ထပ်မပြောတော့ဘဲ ကျန်ရှိနေသော ဝမ်ရှန်းအဆောက်အဦး စစ်သည်များနှင့်အတူ ထွက်ခွာသွားခဲ့တော့သည်။
“အရင်က စီစဥ်ထားတဲ့အတိုင်း ကိုယ့်ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေကို သွားကြတော့...”
မဟာအကြီးအကဲ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့...”
များပြားလှသော ပုံရိပ်များ တိမ်လှေများပေါ်မှ ခုန်ဆင်းလိုက်ကြပြီး ဝမ်ရှန်းအဆောက်အဦးမှ ချန်ထားခဲ့သော နေရာများကို လွှဲပြောင်းရယူလိုက်ကြသည်။
"ဂျူနီယာမောင်လေး ၁၉... မင်းရဲ့ ဟင်းလင်းပြင်မှန်ကို ထုတ်လိုက်ဦး..."
ရှုလင်းယွဲ့ မုန့်ချန်ချင်းကို နွေးထွေးသော အပြုံးဖြင့် ပြောလိုက်သည်။
“လိုအပ်ရင် နတ်ဆိုးချောက်နက်ထဲကနေ ထွက်ခွာနိုင်ဖို့အတွက် အဲဒါကို အစီရင်ချပ်ပြားနဲ့ ချိတ်ဆက်ထားဖို့ လိုတယ်...”
“ကောင်းပါပြီ စီနီယာအမ...”
မုန့်ချန်ချင်း ပြန်လည်ဖြေကြားရင်း မဟာအကြီးအကဲ ပေးထားသော ဟင်းလင်းပြင်မှန်ကို ကမ်းပေးလိုက်သည်။
သူ့စိတ်ထဲတွင်မူ သူသည် ဤမျိုးဆက်၏ ဆယ့်ကိုးယောက်မြောက် တပည့်ဖြစ်သော်လည်း ယခုအချိန်ထိ အခြားသူ ရှစ်ယောက်ကိုသာ တွေ့ဖူးသေးသည်။
ကျန်ဆယ်ယောက်မှာ ဘယ်ရောက်နေသနည်း။
“ပြီးပြီ...”
ရှုလင်းယွဲ့ လက်ဟန်အချို့ကို ရိုက်နှိပ်ပြီးနောက် ထိုမှန်ကို ပြန်ပေးရင်း ပြောလိုက်သည်။
ထို့နောက် သူမက သူ၏ အနည်းငယ် ရှုပ်ပွနေသော ကော်လာကို သေသပ်အောင် ပြင်ဆင်ပေးလိုက်ပြီး ဂရုစိုက်တတ်သော အစ်မကြီးတစ်ယောက်ကဲ့သို့ ပြုမူခဲ့သည်။
ဤအရာက မုန့်ချန်ချင်းကို အံ့အားသင့်သွားစေခဲ့သည်။
အကြောင်းမှာ သူသည် သူမနှင့် ယခင်ကတစ်ခါမျှ စကားမပြောဖူးသောကြောင့်ပင်။
“ငါ့အသက်အရွယ်မှာ ဒီလို ဂျူနီယာမောင်လေးတစ်ယောက် ရတာ တကယ့်ကို ဝမ်းသာစရာပဲ... ဒါကို ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး...”
ရှုလင်းယွဲ့ ခံစားချက်အချို့ဖြင့် ပြောလိုက်သည်။
“တကယ့်ကို ကောင်းတယ်...”
“နတ်ဆိုးချောက်နက်ထဲကို ဝင်ဖို့ ပြင်ဆင်ကြတော့...”
မဟာအကြီးအကဲ ကြားဖြတ်ပြောလိုက်သည်။
ရှုလင်းယွဲ့ သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နတ်ဆိုးချိပ်ပိတ်အစီရင်၏ ဗဟိုချက်ဆီသို့ ပျံသန်းသွားခဲ့သည်။
သူမသည် အချိန်အများစုတွင် ထိုနေရာ၌သာ စောင့်ကြပ်နေရမည် ဖြစ်ပြီး၊ မဟာအကြီးအကဲတွင်လည်း သူ၏ တာဝန်များ ရှိနေခဲ့သည်။
မုန့်ချန်ချင်းလည်း တိမ်လှေပေါ်မှ ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ဧရာမ အက်ကွဲကြောင်းကြီး၏ အနားသတ်သို့ ရောက်ရှိသွားခဲ့သည်။
ထူထပ်လှသော နတ်ဆိုးချီများက နောက်ဘက်တွင် ရှိနေသောအရာများကို ဖုံးကွယ်ထားသဖြင့် မှောင်မိုက်သော အငွေ့အသက်များကို ဖြစ်ပေါ်စေသည်။
“ဟေး... ဦးလေးမုန့်...”
ရင်းနှီးသော အသံတစ်ခုက အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
ထိုအရာက မိုရှောင်ယု ဖြစ်ပြီး သူမ၏ ဆရာဖြစ်သူက လူပုံအလယ်တွင် ဝါအရင့်အနုကို ဂရုစိုက်ရန် သတိပေးထားခဲ့ခြင်းကြောင့် သူမ အမြဲစနောက်ခေါ်နေကျ နာမည်ကို မခေါ်ဘဲ မချိပြုံးဖြင့် ပြောင်းလဲခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
“ဦးလေး...”
ဟန်လျိုယု နှင့် သိုင်းပညာတောင်ထိပ်မှ အခြားသော ထိပ်သီးပါရမီရှင်တစ်ဦးဖြစ်သည့် လင်းရှောင်ထျန်းတို့လည်း နှုတ်ဆက်လိုက်ကြသည်။
လင်းရှောင်ထျန်းသည် ယခင်က ပုန်းကွယ်နဂါးစာရင်းတွင် အဆင့် ၆ ရှိခဲ့ဖူးပြီး ယခုအခါ နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၁ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ဦးလေးမုန့်...”
နတ်ဘုရားရရှိခြင်းနယ်ပယ် စစ်သည် ဆယ်ယောက်ထက်မက ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
သူတို့ထဲမှ အများစုမှာ မုန့်ချန်ချင်းထက် အသက် နှစ်ဆနီးပါးကြီးကြသည်။
သို့သော်လည်း အသက်အရွယ်ထက် အဆင့်အတန်းကသာ ပို၍ အရေးပါပေသည်။
“အင်း...”
မုန့်ချန်ချင်း လုပ်ထုံးလုပ်စဥ်များကို သိပ်ဂရုမစိုက်ဘဲ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
သူက နတ်ဆိုးချောက်နက်ထဲသို့ အမြန်ဆုံး ဝင်ရောက်ပြီး တိတ်ဆိတ်သောနေရာတစ်ခုရှာကာ ကောင်းကင်နတ်ဆိုးအနှစ်သာရကို သန့်စင်ရန်အတွက် ရှေးဟောင်းနတ်ဆိုးအတတ်ပညာဖြစ်သည့် အတုမဲ့အာဏာစက်နတ်ဆိုးနည်းစနစ် ကို ကျင့်ကြံရန် အလွန်အမင်း စိတ်အားထက်သန်နေပြီ ဖြစ်သည်။