အခန်း ၁၅၉
Vol. 16 Ch. 159
အခန်း (၁၅၉)
ဘယ်လိုနယ်ပယ်မို့လို့လဲ? ကဗျာတွေဘာတွေတောင် ရွတ်နေသေးတယ်?
“မုန့်... ချန်ချင်းလား...”
မိုရှောင်ယု ဆွံ့အသွားခဲ့သည်။
အစောပိုင်းဓားချက်မှာ မုန့်ချန်ချင်းဆီမှပင်။
ဤသည်မှာ မဟာဆင့်ကဲပြောင်းလဲခြင်း ဓားချက် ၂၃ ချက် ကို ကျွမ်းကျင်အဆင့်သို့ ရောက်ရှိမှသာ ထုတ်ဖော်နိုင်သည့် ဓားချက် ၂၀ ဖြစ်ပေသည်။
သူမအနေဖြင့် စဦးအဆင့်တွင်သာ ရှိနေသေးချိန်၌ မုန့်ချန်ချင်းသည် တစ်လမပြည့်သည့် အချိန်တိုလေးအတွင်း ၎င်းကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့ပြီ ဖြစ်သည်။
အတိအကျပြောရလျှင် ထိုအရာမှာ အလွန်တရာ နက်နဲသော ကောင်းကင်အဆင့်ဓားသိုင်း ဖြစ်သဖြင့် သူမ၏ တိုးတက်မှုနှုန်းမှာလည်း လျင်မြန်သည်ဟု ဆိုနိုင်သည်။
သို့သော် မုန့်ချန်ချင်းနှင့် ယှဉ်လိုက်သည့်အခါ ကွာခြားချက်မှာ အဓိပ္ပာယ်မရှိလောက်အောင် ကြီးမားလွန်းလှပေသည်။
မိုရှောင်ယုသည် မုန့်ချန်ချင်းသာလျှင် မွေးရာပါဓားခန္ဓာအစစ်အမှန်ဖြစ်ပြီး မိမိကိုယ်ကိုယ် အတုအယောင် ဖြစ်နေမလားဟုပင် ရုတ်တရက် တွေးတောမိသွားသည်။
ဝှစ်!
နောက်တစ်စက္ကန့်တွင် ပိုမိုအံ့ဩစရာကောင်းသော ပြကွက်တစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။
နတ်ဆိုးချီများ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီးနောက် မရေတွက်နိုင်သော အနက်ရောင်သံကြိုးများ ထွက်ပေါ်လာကာ နတ်ဆိုးသုံးကောင်ကို သန့်စင်ပစ်လိုက်သည်။
“နတ်ဆိုးချီ...”
မိုရှောင်ယု ထိတ်လန့်သွားပြီး မုန့်ချန်ချင်းတစ်ယောက် နတ်ဆိုးပူးကပ်ခံလိုက်ရပြီဟု ထင်မှတ်ကာ မိမိ၏ဓားကို အလိုအလျောက် ဆွဲထုတ်ရန် ပြင်လိုက်သည်။
သို့သော် သူမ ချက်ချင်းပင် တစ်ခုခုလွဲမှားနေကြောင်း အာရုံခံမိလိုက်သည်။
မုန့်ချန်ချင်း၏ နတ်ဆိုးချီမှာ သန့်စင်လှပြီး မကောင်းသော စိတ်ခံစားချက်များ လုံးဝကင်းစင်နေကာ နတ်ဆိုးများ၏ အငွေ့အသက်နှင့် လုံးဝကွဲပြားနေခဲ့သည်။
ထို့အပြင် သူသာ နတ်ဆိုးပူးကပ်ခံထားရပါက ယခုသေဆုံးရမည့်သူမှာ ထိုနတ်ဆိုးသုံးကောင်မဟုတ်ဘဲ သူမသာ ဖြစ်ပေလိမ့်မည်။
သူမသည် အသက်ငယ်ရွယ်သော်လည်း တစ်ခါတစ်ရံတွင် ဉာဏ်ပြေးလှပေသည်။
"မင်း ဓားကို ဆွဲမထုတ်ခဲ့ဘူးပဲ... ငါ့ကို နတ်ဆိုးတစ်ကောင်လို့ အထင်မှားလိမ့်မယ်လို့ ထင်ထားတာ..."
မုန့်ချန်ချင်း နတ်ဆိုးချီသုံးခုကို စုပ်ယူလိုက်ပြီးနောက် တစ်ဖက်လှည့်ကာ သူ၏ အေးစက်သော မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။
“ဟမ်...”
မိုရှောင်ယုမျက်နှာ ရုတ်တရက် နီရဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မုန့်ချန်ချင်းမှာ အင်္ကျီဗလာဖြင့် ဖြစ်နေသဖြင့် သူ၏ ပြီးပြည့်စုံသော ကြွက်သားအဖုအထစ်များကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
ဤအချိန်တွင် မုန့်ချန်ချင်း၌ ပုံမှန်ရှိနေကျ အိန္ဒြေရရပုံစံမျိုး မရှိသော်လည်း ထူးထူးခြားခြား ဆွဲဆောင်မှုရှိနေခဲ့သည်။
အထူးသဖြင့် သူ၏အေးစက်တင်းမာသည့်မျက်နှာ၊ ကြယ်တွေကဲ့သို့နက်ရှိုင်းသည့်မျက်လုံးတွေ၊ အကြွင်းမဲ့ယုံကြည်မှုနှင့် လွမ်းမိုးနိုင်စွမ်းရှိသည့်အော်ရာတို့က လောကကြီးထဲမှ မည်သည့်အရာကမှ သူ့ကို မရပ်နိုင်သလိုပင်။
“ဘာလဲ, ငါပြောတာ မှန်နေလို့ မင်းဘာမှမပြောနိုင်တော့တာလား...”
မုန့်ချန်ချင်းနှုတ်ခမ်းထောင့် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
“မဟုတ်ပါဘူး...”
မိုရှောင်ယု အသိပြန်ဝင်လာပြီး သူမအတွေးများကိုပြန်စုစည်းကာ နှုတ်ခမ်းဆူလျက် မေးလိုက်သည်။
“နင့်မှာ ဘာလို့ နတ်ဆိုးချီတွေ ရှိနေရတာလဲ...”
“ဒါ လျှို့ဝှက်ချက်ပဲ... ငါ့အတွက် လျှို့ဝှက်ပေးထားဖို့ မှတ်ထားဦး...”
မုန့်ချန်ချင်း နှုတ်ခမ်းပေါ်တွင် လက်ညှိုးတစ်ချောင်းတင်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
“အဲဒါဆို ငါက အပြန်အလှန်အနေနဲ့ ဘာရမှာလဲ...”
မိုရှောင်ယုမျက်လုံးတွေ အရောင်တောက်သွားပြီး အခွင့်အရေးကို အရယူကာ ညှစ်ထုတ်ရန် ကြိုးစားလိုက်သည်။
“ငါ မင်းအသက်ကို ကယ်ခဲ့တာတောင် နင့်ဆီက ဘာမှ ပြန်မတောင်းရသေးဘူးနော်...”
မုန့်ချန်ချင်း မိုရှောင်ယု၏ နဖူးကို ခပ်ဖွဖွလေး တောက်လိုက်သည်။
“အ...”
မိုရှောင်ယု သူမနဖူးကို ချက်ချင်း လက်ဖြင့်အုပ်လိုက်ရင်း ဘာမှပြန်မပြောနိုင်တော့ချေ။
သူပြောတာလည်း ကျိုးကြောင်းဆီလျော်မှု ရှိနေသည် မဟုတ်ပါလား။
“ဒါပေမဲ့လည်း မင်းရဲ့ဦးလေးတစ်ယောက်အနေနဲ့ ပစ္စည်းကောင်းတစ်ခုပေးမယ်...”
မုန့်ချန်ချင်း သိုလှောင်လက်စွပ်ထဲမှ နတ်ဆိုးချီ နှစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းတို့ကို ဂိုဏ်းသို့ ပေးအပ်ရန် ရည်ရွယ်ထားပြီးသား ဖြစ်သည်။
မိုရှောင်ယုကို အရင်ဆုံး စမ်းသပ်ခွင့်ပေးလိုက်ခြင်းက ပြဿနာမရှိချေ။
“ဒါက ဘာလဲ...”
မိုရှောင်ယု စူးစမ်းလိုစိတ် ပြင်းပြသွားခဲ့သည်။
သူမသည် နတ်ဆိုးချီကို တစ်ခါမျှ မမြင်ဖူးသော်လည်း သူမ၏ သိစိတ်ပင်လယ်ကမူ တောင့်တမှုကို ပြသနေသဖြင့် ၎င်းမှာ ကောင်းမွန်သောအရာတစ်ခုဖြစ်ကြောင်း သိရှိလိုက်ရသည်။
“နတ်ဆိုးချီပဲ...”
မုန့်ချန်ချင်း ပြန်လည်ဖြေလိုက်သည်။
“နတ်ဆိုးချီ?...”
မိုရှောင်ယု အံ့ဩတကြီး အော်ဟစ်လိုက်မိသည်။
၎င်းမှာ နတ်ဘုရားရရှိခြင်းနယ်ပယ် စစ်သည်များအတွက် အကောင်းဆုံး ကျင့်ကြံရေး အရင်းအမြစ် ဖြစ်သော်လည်း သန့်စင်ရန် အလွန်ခက်ခဲကြောင်း သူမ၏ ဆရာ ပြောဖူးသည်ကို သတိရသွားသောကြောင့်ပင်။
မုန့်ချန်ချင်းထံတွင် ထိုအရာ ရှိနေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
“ဒါက တကယ် ငါ့အတွက်လား...”
မိုရှောင်ယု သူမ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
“ဒါပေါ့, ဒါပေမဲ့ မင်း ငါ့ကို ဦးလေးလို့ ခေါ်ရမယ်...”
“ဦးလေး...”
မိုရှောင်ယု တွန့်ဆုတ်မနေဘဲ ချက်ချင်း ခေါ်လိုက်သည်။
သူမသည် ယခင်ကလည်း ထိုသို့ များစွာ ခေါ်ဖူးပြီးသား ဖြစ်သည်။
သူမ၏ စိတ်ထဲတွင် မည်သည့် အတားအဆီးမျှ ကျန်ရှိမနေတော့ချေ။
မုန့်ချန်ချင်းမှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
သူမအနေဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေဦးမည်ဟု သူ ထင်ထားခဲ့သော်လည်း ဤမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ပျင်းစရာကောင်းလွန်းသည်။
သူက နတ်ဆိုးချီကို မိုရှောင်ယုထံသို့ ကမ်းပေးလိုက်သည်။
၎င်းကို စုပ်ယူပြီးနောက် သူမ၏ မျက်လုံးများက မှောင်မိုက်သောအမှောင်ထုထဲမှ တောက်ပသော အလင်းတန်းများကဲ့သို့ လင်းလက်သွားခဲ့ပြီး မုန့်ချန်ချင်းကို စိုက်ကြည့်လိုက်သည်။
“ဦးလေး... ငါ့ရဲ့ ဦလေးကောင်းကြီး နောက်ထပ် ထပ်ပေးပါ့လား...”
အကျိုးကျေးဇူးကို မြည်းစမ်းကြည့်ပြီးနောက် မိုရှောင်ယု အရှက်မရှိ မုန့်ချန်ချင်းခြေထောက်ကို ဖက်တွယ်လိုက်ပြီး ကလေးငယ်များ၏ သီးသန့်စွမ်းရည်ဖြစ်သော သနားစရာကောင်းသည့် ခွေးပေါက်လေးမျက်ဝန်း၊ နူးညံ့ချိုသာသောအသံတို့ဖြင့် လှုပ်ယမ်းကာ တောင်းဆိုလိုက်တော့သည်။
“နောက်ထပ် လိုချင်သေးတယ်လို့...” သူမ၏ ချစ်စရာကောင်းသော မျက်ဝန်းကြီးများက တကယ့်ကို ငြင်းဆန်ရခက်လှပေသည်။
မုန့်ချန်ချင်းပင်လျှင် အသည်းယားသွားခဲ့သည်။
သူက ခပ်ဖွဖွချောင်းဟန့်ရင်း မိမိအတွက် အသုံးမဝင်တော့သည့် အနှစ်သာရ မြူခိုးအချို့ကို ‘မလိုချင်သလိုဟန်ဖြင့်’ အောက်သို့ ပစ်ချပေးလိုက်သည်။
မိုရှောင်ယု ဝမ်းသာအားရဖြင့် သူမ၏ မျက်လုံးများကို လမင်းကွေးလေးများကဲ့သို့ မှေးစင်းသွားခဲ့သည်။
ဘုန်း!
ဤအချိန်တွင် အဝေးနေရာမှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုထွက်ပေါ်လာပြီး ယခင် သူတို့ ကြုံတွေ့ခဲ့ဖူးသမျှ နတ်ဆိုးအားလုံးထက် များစွာ သာလွန်နေခဲ့သည်။
“အဆင့် ၅ အထွတ်အထိပ် နတ်ဆိုးတစ်ကောင်ပဲ... တကယ့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ပါလား...”
မုန့်ချန်ချင်း နှုတ်ခမ်းထောင့် ကွေးညွတ်သွားခဲ့သည်။
သူသည် နတ်ဆိုး မည်မျှကို သတ်ခဲ့သည်ကို မမှတ်မိတော့သော်လည်း နတ်ဘုရားရရှိခြင်းနယ်ပယ် သိုင်းပညာရှင်ဆယ်ယောက်ကျော်နှင့် ညီမျှသော အဆင့် ၅ အဆင့်နိမ့်နှင့် အလယ်အလတ်နတ်ဆိုး ဆယ်ကောင်ကျော်ကို သတ်ခဲ့ခြင်းမှာ မည်သည့်အင်အားစုအတွက်မဆို ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေသည်။
ရောက်ရှိလာသော တည်ရှိမှုက အစွမ်းထက်ပြီး အရှိန်အဝါကြီးမားလှသော်လည်း အဆင့် ၆ မဟုတ်သရွေ့ မုန့်ချန်ချင်းအနေဖြင့် ဂရုစိုက်နေစရာ မလိုချေ။
သူသည် နတ်ဘုရားရရှိခြင်းနယ်ပယ် အတွင်း၌ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အခြားသူများနှင့်မတူဘဲ သူသည် ထိုကဲ့သို့သော နတ်ဆိုးများ ပိုမိုရောက်ရှိလာသည်ကို ကြိုဆိုနေခဲ့သည်။
“ဦးလေး...”
မိုရှောင်ယု၏ အမူအရာ ပြောင်းလဲသွားပြီး တည်ကြည်လေးနက်သွားခဲ့သည်။
ဤနတ်ဆိုးမှာ ယခင်ကအရာများထက် များစွာ ပိုမိုသန်မာလှပေသည်။
“စိတ်မပူပါနဲ့, ဘေးနားမှာသွားရပ်နေလိုက်...”
မုန့်ချန်ချင်း သူမခေါင်းကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် မိုရှောင်ယု ရုန်းကန်ခြင်းမပြုခဲ့ချေ။
“ငါ ကူညီနိုင်တယ်...”
သူမက လေးနက်စွာ ပြောလိုက်သည်။
“စိတ်အေးအေးထားပါ, ဒီနယ်ပယ်မှာတော့ ငါက ပြိုင်ဘက်ကင်းပဲ...”
မုန့်ချန်ချင်း၏ မည်းနက်သောဆံပင်များ လေထဲတွင် လွင့်ပျံနေပြီး သူ၏ ခန့်ညားသော မျက်နှာထက်တွင် ယုံကြည်ချက်အပြည့်ရှိသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရာ မိုရှောင်ယုကို ခဏမျှ ငေးမောသွားစေခဲ့သည်။
“နတ်ဆိုးနယ်မြေထဲမှာ မြင်တွေ့ရသမျှအရာအားလုံးက သေဆုံးသွားတဲ့ ဝိညာဥ်တွေပဲ... သွေးတွေက ကယ်တင်ခြင်းကင်းမဲ့တဲ့ သံသရာဆီကိုပဲ ညွှန်ပြနေတယ်...”
အေးစက်လှသော အသံတစ်ခုက အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသကဲ့သို့ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။
နတ်ဆိုးချီများထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်မှာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်နောက်ပစ်ထားကာ သွေးနီရောင်မျက်လုံးတွေ၌ အရိုးခိုက်မတတ်အေးစက်မှုတို့ကို ထုတ်လွတ်နေခဲ့သည်။
အဆင့် ၅ အထွတ်အထိပ် နတ်ဆိုးပင်။
“ငါ့နာမည်က ဒူမင်... လူသား, မင်း အညံ့ခံနိုင်တယ်...”
ထိုနတ်ဆိုး၏ အမူအရာက တည်ငြိမ်အေးစက်နေပြီး မုန့်ချန်ချင်း၏ ကံကြမ္မာကို မိမိဘာသာ ဆုံးဖြတ်ချက်ချပြီးသည့်အလားပင်။
“ဘယ်လိုနယ်ပယ်မို့လို့လဲ?... ကဗျာတွေဘာတွေတောင် ရွတ်နေသေးတယ်လား?... ဘာလဲ မင်းရဲ့ကိုယ်ပိုင် အုတ်ဂူကျောက်စာကို ကြိုတင်ပြင်ဆင်နေတာလား...”
မုန့်ချန်ချင်းက ရှေ့သို့တက်လာရင်း ထိုနတ်ဆိုးကို အဝေးမှ မျက်နှာချင်းဆိုင်လိုက်သည်။