အခန်း ၁၆၀
Vol. 16 Ch. 160
အခန်း (၁၆၀)
မင်းက ငါ့ကဗျာကို... သာမန်ပဲလို့ တကယ်ပြောရဲတယ်?
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ဒူမင်၏ မျက်နှာမှာ ခဏမျှ ဆွံ့အသွားခဲ့ပြီးနောက် ချက်ချင်းပင်မည်းမှောင်သွားခဲ့သည်။
“လူသား... မင်းက တကယ့် သတ္တိရှိတာပဲ... အဆင့်မရှိတဲ့ တည်ရှိမှု အနည်းငယ်ကို သတ်နိုင်ရုံနဲ့ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား...”
ဒူမင်၏ မျက်လုံးများထဲတွင် ဆန်းကြယ်သော အသံများနှင့်အတူ နတ်ဆိုးအလင်းတန်းများ လင်းလက်လာခဲ့သည်။
သို့သော်လည်း မုန့်ချန်ချင်း၏ စိတ်ထဲတွင် ၃၀ ရာခိုင်နှုန်းသော ဓားရည်ရွယ်ချက်က ပဲ့တင်ထပ်နေပြီး မကောင်းဆိုးဝါး စွမ်းအားအားလုံးကို ချေမှုန်းပစ်လိုက်သဖြင့် သူ၏အပေါ်တွင် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ချေ။
အခြားတစ်ဖက်တွင်မူ မိုရှောင်ယုမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး သူမ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားခဲ့ရသည်။
“ထွက်သွားတော့...”
မုန့်ချန်ချင်း မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။
သူသည် ဤနတ်ဆိုးကို ကိုင်တွယ်နိုင်သော်လည်း မိုရှောင်ယုမှာမူ မတတ်နိုင်ချေ။
“ကောင်းပြီ...”
မိုရှောင်ယု ခေါင်းညိတ်လိုက်သည်။
သူမ ဆက်ရှိနေပါက မုန့်ချန်ချင်းကို နှောင့်နှေးစေရုံသာမက သူ၏ အားနည်းချက်လည်း ဖြစ်သွားနိုင်ကြောင်း သူမ နားလည်သောကြောင့်ပင်။
သူမသည် ပြတ်ပြတ်သားသားပင် ချောက်နက်တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး ဝိညာဥ်စွမ်းအား ထည့်သွင်းကာ ကောင်းကင်နတ်ဆိုးချောက်နက်အတွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့တော့သည်။
ဒူမင်ကမူ မိုရှောင်ယု ထွက်ခွာသွားခြင်းကို ဂရုမစိုက်ခဲ့ချေ။
သူမျက်လုံးထဲတွင် မုန့်ချန်ချင်းသာလျှင် အဓိက သော့ချက်ဖြစ်ပြီး မကြာသေးမီက မိမိကလန်သားများ သေဆုံးခဲ့ရခြင်း၏ တရားခံလည်း ဖြစ်သည်။
ဘိုးဘေးထံသို့ ပြန်လည်သတင်းပို့ရန်အတွက် သူ့ကို အရှင်ဖမ်းဆီးရန်မှာ အလွန်အမင်း လိုအပ်လှပေသည်။
ကောင်းကင်နတ်ဆိုးချောက်နက်၏ အပြင်ဘက်တွင် မိုရှောင်ယု၏ ပုံရိပ် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
ဤအရာကို မြင်သောအခါ ပတ်ပတ်လည်ရှိ လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြသည်။
သူမ ဘေးကင်းစွာ ပြန်ရောက်လာသဖြင့် ဂိုဏ်း၏ သခင်လေး တစ်ယောက်သာ အထဲတွင် ကျန်ရှိတော့ပြီး လက်ရှိအချိန်ထိ သေဆုံးဒဏ်ရာရသူ မရှိသေးချေ။
“သခင်လေးကို တွေ့ခဲ့လား...”
မဟာအကြီးအကဲ တိုက်ရိုက်ပင် မေးလိုက်သည်။
“ဟုတ်ကဲ့, ကျွန်မတို့ အဆင့် ၅ အထွတ်အထိပ် နတ်ဆိုးတစ်ကောင်နဲ့ ကြုံခဲ့လို့ သခင်လေးက ကျွန်မကို အရင်ထွက်သွားဖို့ ပြောခဲ့တာ...”
မိုရှောင်ယု ပြန်လည်ဖြေကြားလိုက်သည်။
မုန့်ချန်ချင်း လျှို့ဝှက်ထားရန် တောင်းဆိုခဲ့သည်ကို သတိရသဖြင့် သူမသည် နတ်ဆိုးချီနှင့် ပတ်သက်၍ တစ်လုံးမျှ ဖွင့်ဟမပြောခဲ့ချေ။
အဆင့် ၅ အထွတ်အထိပ် နတ်ဆိုး....
လူတိုင်း အသက်ရှူမှားသွားကြရသည်။
ထိုကဲ့သို့သော နတ်ဆိုးမျိုးမှာ အထွတ်အထိပ် နတ်ဘုရားရရှိခြင်းနယ်ပယ် စစ်သည်တစ်ဦးကဲ့သို့ စွမ်းအားကြီးမားလှပြီး သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သခင်လေး မည်မျှပင်သန်မာပါစေ ထိုကဲ့သို့သော နတ်ဆိုးမျိုးကို ယှဥ်ပြိုင်နိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
“ကျွန်မတို့ အထဲကို ဝင်သင့်လား...”
ဘေးနားတွင် အစီရင်အတားအဆီးကို ထိန်းချုပ်နေသော ရှုလင်းယွဲ့က မေးလိုက်သည်။
“သခင်လေးက လူမိုက်မဟုတ်ဘူး... သူ အနိုင်မရနိုင်ရင် အလိုအလျောက် ထွက်လာလိမ့်မယ်... ဒါ့ပြင် သူက သာမန်လူလည်း မဟုတ်ဘူးလေ...”
မဟာအကြီးအကဲ တွေးတောရင်း ပြောလိုက်သည်။
ဤစကားကို ကြားသည့်အခါ လူတိုင်း အက်ကွဲကြောင်းဆီသို့သာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့သည်။
ချောက်နက်အတွင်းရှိ ကောင်းကင်ယံတွင် လေပြင်းများ တိုက်ခတ်နေပြီး နတ်ဆိုးတိမ်တိုက်များက တဟုန်ထိုး လိပ်တက်နေခဲ့သည်။
ဒူမင် တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။
“နတ်ဆိုးနတ်ဘုရား ကခုန်ခြင်း...”
တူညီသော နည်းစနစ်ဖြစ်သော်လည်း ဒူမင်၏ စွမ်းအားက ဒေါ့စ်ထက် များစွာ ပိုမိုသန်မာလှသည်။
မရေတွက်နိုင်သော နတ်ဆိုးအရိပ်တွေ ထွက်ပေါ်လာပြီး ဧရာမလက်ဝါးကြီးများက မုန့်ချန်ချင်းထံသို့ ကျဆင်းလာခဲ့သည်။
ဒူမင်၏ မျက်လုံးများထဲတွင် ယုံကြည်ချက်များ ပြည့်နှက်နေခဲ့သည်။
ယခင်ပြောခဲ့သည့်အတိုင်း သူသည် သာမန်အဆင့် ၅ နတ်ဆိုး မဟုတ်ဘဲ အဆင့် ၆ သို့ရောက်ရှိရန် အလွန်နီးစပ်နေသူ ဖြစ်သည်။
သူ၏ စဦးပိုင်း နတ်ဆိုးပင်ကိုယ်ပါရမီ တစ်ခုတည်းဖြင့်ပင် နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၄ မျှသာ ရှိသေးသော လူသားသိုင်းပညာရှင်တစ်ဦးကို ဖိခြေပစ်နိုင်သည်။
သို့သော် နောက်တစ်ခဏတွင်မူ ကြောက်မက်ဖွယ်ကောင်းသော ထက်ရှလှသည့် စွမ်းအားတစ်ခု တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
ဧရာမဓားကြီး မြေပြင်မှ မြင့်တက်လာပြီး အမြင့်မြတ်ဆုံးသော ဓားရည်ချက်ကို သယ်ဆောင်ထားခဲ့သည်။
တစ်ချိန်တည်းမှာပင် တောက်ပလှသော ဓားအလင်းတန်းတစ်ခု ခုတ်ပိုင်းလာပြီး ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းခွဲပစ်တော့မည့်အလားပင်။
“ဓားချက်... ၂၀ချက်...”
အတုမဲ့ဧကရာဇ်ဓားကျမ်း - မဟာဆင့်ကဲပြောင်းလဲခြင်း ဓားချက် ၂၃ ချက် သည် နောက်ပိုင်းဓားချက်များသို့ ရောက်ရှိလေလေ ပိုမိုနက်နဲပြီး စွမ်းအားကြီးမားလေလေ ဖြစ်သည်။
အခြားသော ကောင်းကင်အဆင့် သိုင်းပညာများနှင့်မတူဘဲ အတုမဲ့ဧကရာဇ်ဓားကျမ်း သည် အဓိကအားဖြင့် နားလည်နိုင်စွမ်းသာ လိုအပ်သည်။
အဘယ်ကြောင့်ဆိုသော် ဓားအဟုန်နှင့် ဓားရည်ရွယ်ချက်တို့၏ စွမ်းအားကို အသုံးပြုကာ စိတ်ဝိညာဥ်တိုက်ခိုက်မှုများကိုသာ အထူးပြုသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ၎င်းက ကျင့်ကြံရေး အရင်းအမြစ်များကို မလိုအပ်သော်လည်း ဝင်ရောက်နိုင်မည့် သတ်မှတ်စံနှုန်းမာအလွန်တရာ မြင့်မားလှပေသည်။
လူမည်မျှက သိုင်းအဟုန်နှင့် သိုင်းရည်ရွယ်ချက်ကို တကယ်တမ်း ပိုင်ဆိုင်နိုင်ကြလို့နည်း။
“ဘာ...”
ဒူမင်မျက်နှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သူသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားရည်ရွယ်ချက်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
၎င်းကို ကြည့်လိုက်ရုံမျှဖြင့်ပင် သူ၏ ဝိညာဥ်သိစိတ်တစ်ခုလုံး ကွဲအက်သွားတော့မည့်အလား ခံစားလိုက်ရသည်။
အရေးကြီးဆုံးအချက်မှာ ထိုဧရာမဓားကြီးသည် ရှားပါးလှသော အမြင့်မြတ်ဆုံး ဓားရည်ရွယ်ချက် ဖြစ်နေပြီး ၎င်းမှာ သန္ဓေသားပုံစံ မဟုတ်ဘဲ ၃၀ ရာခိုင်နှုန်းအထိ ကျွမ်းကျင်ပိုင်နိုင်ထားသည့် အဆင့် ဖြစ်နေခြင်းပင် ဖြစ်သည်။
“ဒါက လူသားတွေထဲက ထိပ်တန်းပါရမီရှင်တင် မဟုတ်ဘူး, ကောင်းကင်ကို ဆန့်ကျင်နေတဲ့မကောင်းဆိုးဝါးပဲ...”
ဒူမင်၏ မောက်မာမှုအားလုံး ပျောက်ကွယ်သွားခဲ့ပြီး ထိုနေရာတွင် လေးနက်တည်ကြည်မှုများ အစားထိုးဝင်ရောက်လာခဲ့သည်။
နတ်ဆိုးနယ်မြေတွင် သူ့ကို ထိပ်တန်းပါရမီရှင်ဟု သတ်မှတ်ကြသော်လည်း ကောင်းကင်ကို ဆန့်ကျင်သည့် မကောင်းဆိုးဝါးအဆင့်နှင့်မူ ဝေးကွာလွန်းလှသေးသည်။
ထိုကဲ့သို့သော တည်ရှိမှုမျိုး၏ တိုက်ခိုက်ရေးစွမ်းအားမှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ချေ။
သူသည် အဆင့် ၅ နတ်ဆိုးများစွာကို ဘာကြောင့် သတ်နိုင်ခဲ့သည်ဆိုသည်မှာ မဆန်းတော့ချေ။
ဤမျှ စွမ်းအားကြီးမားလှသော ပါရမီရှင်မျိုးက ဘာကြောင့် အားနည်းလှတဲ့ တောင်ပိုင်းစီရင်စုကနေ ထွက်ပေါ်လာနိုင်ရသနည်း။
တွေးတောနေရန် အချိန်မရှိသဖြင့် ဒူမင် စိတ်ကို အမြန်ဆုံးစုစည်းပြီး ဓားချက်ကို အစွမ်းကုန် ခုခံလိုက်သည်။
ဘုန်း!
ထိပ်တိုက်တွေ့သည့်အခိုက်အတန့် ဒူမင် မီတာရာချီ နောက်ဆုတ်သွားရပြီး ခက်ခက်ခဲခဲနှင့် ရပ်တန့်လိုက်ရသည်။
“ကောင်းကင်အဆင့် ဓားသိုင်းပညာ...”
ဒူမင် သူ၏နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။
ကောင်းကင်အဆင့် နည်းစနစ်တစ်ခု, အထူးသဖြင့် စိတ်ဝိညာဥ်တိုက်ခိုက်မှုများ ပါဝင်သောအရာကသာ သူ့ကို ဒဏ်ရာရစေနိုင်ခြင်း ဖြစ်သည်။
“မဆိုးဘူး, မင်းခုခံနိုင်သားပဲ...”
မုန့်ချန်ချင်း စိတ်လှုပ်ရှားမှုများကို ပြသရင်း ပြုံးလိုက်သည်။
“အခုအချိန်ထိ ငါ့ဓားချက်ကို ဘယ်နတ်ဆိုးမှ မခုခံနိုင်သေးဘူး... မင်းကတော့ ကဗျာရွတ်ဆိုဖို့အတွက် အနည်းငယ် အရည်အချင်းပြည့်မီသွားပြီပေါ့... ဒါပေမဲ့ မင်းရဲ့ ကဗျာက တကယ့်ကို သာမန်ပါပဲ... နောက်ဘဝကျရင် ပြန်ပြင်ဖို့ မှတ်ထားလိုက်ဦး...”
ဒူမင် ယခင်စကားများကို သည်းခံနိုင်သော်လည်း နောက်ဆုံးစာကြောင်းကမူ သူ၏လက်သီးများကို တင်းတင်းဆုပ်သွားစေခဲ့သည်။
သာမန်ပဲ?...
မိမိကလန်အတွင်းရှိ ပါရမီအရှိဆုံး ကဗျာဆရာတစ်ဦးအနေဖြင့် ဤအရာမှာ သူ၏ ဂုဏ်ယူစရာအကောင်းဆုံး လက်ရာဖြစ်ပြီး အဆင့် ၆ သို့မဟုတ် အဆင့် ၇ သို့ ရောက်ရှိပြီးနောက် သူ၏ ဘွဲ့အမည်အဖြစ် အသုံးပြုရန် ရည်ရွယ်ထားသောအရာ ဖြစ်သည်။
သာမန်ပဲဟု အခေါ်ခံရခြင်းမှာ ရှုံးနိမ့်ရခြင်းထက် အဆပေါင်းထောင်ချီ၍ ပိုမိုအရှက်ရစေသည်။
“မင်းက ကောင်းကင်ဆန့်ကျင်တဲ့ မကောင်းဆိုးဝါးအဆင့် ဖြစ်နေရင်တောင်မှ ဒီနေ့တော့ ဒီနေရာမှာပဲ ကျန်ရစ်ခဲ့ရလိမ့်မယ်...”
ဒူမင် အလွန်အမင်း ဒေါသထွက်နေပြီဖြစ်သည်။
သူ၏ မျက်လုံးနှစ်လုံးမှာ သွေးနီရောင် နေမင်းကြီးနှစ်စင်းကဲ့သို့ ဖြစ်သွားခဲ့ပြီး အဆုံးမရှိသော နတ်ဆိုးအလင်းတန်းများကို ထုတ်ဖော်လာခဲ့သည်။
“ပျက်သုဉ်းခြင်းမျက်ဝန်း - နတ်ဆိုးတစ်သောင်းတောင်တန်း...”
ဤသည်မှာ စိတ်ဝိညာဥ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပြီး များပြားလှသော ဝိညာဥ်စွမ်းအားများဖြင့် ရှေးဟောင်းအရာဝတ္ထုများကို ပုံဖော်ကာ တိုက်ခိုက်ခြင်း ဖြစ်သည်။
ကောင်းကင်ယံတစ်ခုလုံး ရှေးဟောင်းတောင်တန်းကြီးများဖြင့် ပြည့်နှက်နေပြီး မဲမှောင်သွားခဲ့သည်။
၎င်းတို့မှာ ကမ္ဘာကြီးကို ဖိခြေပစ်တော့မည့်အလား အတိုင်းအဆမရှိသော ဖိနှိပ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
“ကောင်းတယ်...”
မုန့်ချန်ချင်း ကြောက်ရွံ့မနေဘဲ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
သူသည် မိမိ၏ ဓားသိုင်းပညာများကို အပြည့်အဝ ထုတ်ဖော်နိုင်ရန်နှင့် နောက်ဆုံးဓားချက်ဖြစ်သော ဓားချက် ၂၃ ကို နားလည်သဘောပေါက်နိုင်ရန်အတွက် ဤကဲ့သို့သော ဖိအားပေးနိုင်သည့် ပြိုင်ဘက်မျိုးကို လိုအပ်နေခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ အတုမဲ့ဧကရာဇ်ဓားကျမ်း အတွင်းရှိ အစွမ်းအထက်ဆုံးနှင့် အခက်ခဲဆုံး ဓားချက် ဖြစ်ပြီး မိုဆူကွမ်းပင်လျှင် ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိသေးချေ။
ဓားကျမ်း၏ ဖော်ပြချက်အရ ဤဓားချက်ကို ကျွမ်းကျင်သွားပါက ကောင်းကင်နှင့် မြေကြီးကိုပင် ချေမှုန်းဖျက်ဆီးပစ်နိုင်ဟူ၍ပင်။