← Chapters

အခန်း ၆၄၉

Vol. 44 Ch. 649

အခန်း ၆၄၉

Vol. 44 Ch. 649

အခန်း (၆၄၉) တပိုင်း အဆင့် သူတော်စင်ကို ရင်ဆိုင်ခြင်း၊ ဝါးမြိုခံရခြင်းနှင့် သန့်စင်သော နတ်ဘုရားပုံသဏ္ဌာန်၏ ခန့်ညားမှု

ပြိုင်ဘက်သည် သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်၏ တပိုင်း အဆင့် သူတော်စင် ဖြစ်သည်။

သူ၏ အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် ယဲ့ဖုန်းက ဤလူသည် ကျောင်းယန် မြို့စားမင်းနှင့် အဆင့်တူသော (၁) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်သာ ဖြစ်ကြောင်း တွက်ချက်လိုက်သည်။ သို့သော် ထိုမျှဖြင့်ပင် ကောင်းကင်ဧကရာဇ်အဆင့်ထက် အဆပေါင်းများစွာ သာလွန်နေပေသည်။ ဤလူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သိပ်သည်းသော ဟင်းလင်းပြင် အငွေ့အသက်များ ဖြာထွက်လာတော့သည်။

“အချိန်ကိုက်ပဲ ”

ယဲ့ဖုန်း လန်းဆန်းသွားသည်။

အကယ်၍ ဤတပိုင်း အဆင့် သူတော်စင်ကိုသာ နှိမ်နင်းနိုင်ပါက ကောင်းကင်ဧကရာဇ်အဆင့် ဟင်းလင်းပြင်စွမ်းအား (၁၀) ခု ရရှိမည် မဟုတ်ပါလား။ လဲလှယ်ရန် အခြေအနေ ပြည့်မီသွားမည် ဖြစ်၏။

ယဲ့ဖုန်း တွေးလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်နေသည်။

“သုံးမျက်လုံး ဘီလူးတွေရဲ့ တပိုင်း အဆင့် သူတော်စင် ရောက်လာပြီ။ သွားပြီ။ အားလုံး သွားပြီပဲ ... ... ... ” ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးမှာ အကြောက်လွန်ကာ တုန်ယင်နေတော့သည်။

သို့သော် ယဲ့ဖုန်းကို ကြည့်လိုက်သောအခါ ကြောက်ရွံ့နေသည့် အရိပ်အယောင် လုံးဝ မတွေ့ရပေ။ ယဲ့ဖုန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများသာ ပြည့်နှက်နေသဖြင့် သစ်ပင်ကြီးမှာ နားမလည်နိုင်အောင် ဖြစ်နေရရှာသည်။

“ဂိုဏ်းချုပ် ... အဲ့ဒါက (၁) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်ကြီးပါ.. ကျွန်တော်တို့ မယှဉ်နိုင်ပါဘူး။ အမြန် ပြေးမှ ရမယ် ... ... ... ” သစ်ပင်ကြီးသည် ယဲ့ဖုန်း အထင်ကြီးလွန်ပြီး ကောင်းကင်ဧကရာဇ်အဆင့် ခွန်အားဖြင့် တပိုင်း အဆင့် သူတော်စင်ကို ရင်ဆိုင်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထိုသို့ လုပ်ရပ်မှာ ကြီးမားသော အမှားကြီး ဖြစ်သွားပေလိမ့်မည်။

“အဆင့် (၁) ပြောင်း တပိုင်း အဆင့် သူတော်စင်လေးကို ဘာများ ကြောက်စရာ ရှိလို့လဲ ”

ယဲ့ဖုန်းက ဝတ်ရုံစကို ဝှေ့ယမ်းကာ ကောင်းကင်သို့ ပျံတက်သွားသည်။

မူလချီ အခြေအနေကို အသက်သွင်းလိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင်ဧကရာဇ်အဆင့်ထက် ကျော်လွန်သွားတော့သည်။

ကောင်းကင်ဧကရာဇ် နှစ်ဆ။

ကောင်းကင်ဧကရာဇ် သုံးဆ။

နောက်ဆုံးတွင် ယဲ့ဖုန်းသည် သာမန် ကောင်းကင်ဧကရာဇ်၏ လေးဆ အဆင့်သို့ ရောက်ရှိသွားပြီး သူ၏ အရှိန်အဝါမှာ သုံးမျက်လုံး ဘီလူး တပိုင်း အဆင့် သူတော်စင်၏ သုံးပုံတစ်ပုံခန့်နှင့် ညီမျှသွားသည်။

“ဟင် ”

ကောင်းကင်ယံထက်တွင်ရှိသော မီတာဆယ်ဂဏန်း မြင့်သည့် သုံးမျက်လုံး ဘီလူး တပိုင်း အဆင့် သူတော်စင်၏ အကြည့်များ စူးရှသွားသည်။ ယဲ့ဖုန်းထံမှ ထူးခြားမှုကို သူ သတိပြုမိလိုက်၏။

“ဂိုဏ်းချုပ်က ချီငါးပါး ပေါင်းစပ်ခြင်း အဆင့်ကို ရောက်နေပြီလား။ ဒါကြောင့် ဒီလောက် စွမ်းအားတွေ ထွက်လာတာကိုး.. ဒါပေမဲ့ ဒီလောက်လေးနဲ့တော့ တပိုင်း အဆင့် သူတော်စင်ကို ဘယ်လိုမှ မယှဉ်နိုင်သေးပါဘူး ”

ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးသည် အံ့ဩသွားသော်လည်း မျက်နှာပေါ်တွင်မူ စိုးရိမ်ရိပ်များ ပြည့်နှက်နေဆဲ ဖြစ်သည်။

တပိုင်း အဆင့် သူတော်စင် ဆိုသည်မှာ သာမန် ကောင်းကင်ဧကရာဇ်ထက် ဆယ်ဆမျှ သန်မာပြီး ကောင်းကင်ဧကရာဇ်များကို အလွယ်တကူ ခြေမှုန်းနိုင်စွမ်း ရှိသူ ဖြစ်သည်။ သို့သော် ထိုအချက်က အဓိက မဟုတ်သေးပေ။

တပိုင်း အဆင့် သူတော်စင်များသည် ချီငါးပါး ပေါင်းစပ်ခြင်းကို အသုံးပြုနိုင်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ပိုမို နက်ရှိုင်းစွာ ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။ သူတို့၏ နတ်ဘုရားစွမ်းရည်များမှာလည်း အရည်အသွေးပိုင်းအရ များစွာ တိုးတက်လာသည်။ တူညီသော မူလချီ ပမာဏဖြင့် တူညီသော နတ်ဘုရားစွမ်းရည်ကို အသုံးပြုလျှင်ပင် တပိုင်း အဆင့် သူတော်စင်၏ စွမ်းအားမှာ ကောင်းကင်ဧကရာဇ်ထက် အဆပေါင်းများစွာ သာလွန်နေပေသည်။

ကွာဟချက်က အလွန် ကြီးမားလွန်းလှသည်။

“ဟွန်း ... မင်းက ချီငါးပါး ပေါင်းစပ်ခြင်း အဆင့်မှာ ရှိတဲ့ ကောင်းကင်ဧကရာဇ်ပဲ.. ဒါပေမဲ့ ဒီလောက် ခွန်အားလေးနဲ့တော့ ငါ့လက်ထဲကနေ မလွတ်နိုင်ပါဘူး ... အဲ ”

သုံးမျက်လုံး ဘီလူး တပိုင်း အဆင့် သူတော်စင်က လှောင်ပြောင်နေစဉ်မှာပင် သူ၏ စကားများ ရုတ်တရက် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖုန်းသည် မူလချီ အနှစ်သာရကို ထုတ်သုံးလိုက်ပြီး သူ၏ အရှိန်အဝါမှာ တစ်ဟုန်ထိုး ဆယ်ဆ တက်သွားသောကြောင့် ဖြစ်၏။

ယခုအခါ ယဲ့ဖုန်း၏ အရှိန်အဝါသည် (၁) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် အဆင့်သို့ ရောက်ရှိသွားပြီး သုံးမျက်လုံး ဘီလူး တပိုင်း အဆင့် သူတော်စင်ထက် သုံးလေးဆမျှ ပိုမို ပြင်းထန်သွား၏။ ဝိညာဉ်တည်ငြိမ် နယ်မြေတစ်ခုလုံးကိုပင် ဖိနှိပ်ထားတော့သည်။

"ဂျွတ် ..."

ဟင်းလင်းပြင်သည် ယဲ့ဖုန်း၏ ဖိအားကို မခံနိုင်တော့ဘဲ ကွဲအက်လာသည်။ ၎င်းသည် ကျယ်ပြောလှသော အမည်းရောင် ဟင်းလင်းပြင်လွတ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုင်တစ်ရာခန့်အထိ ဖြန်ကျက်သွား၏။ ထိုဟင်းလင်းပြင်လွတ်အတွင်းသို့ ယဲ့ဖုန်းနှင့် သုံးမျက်လုံး ဘီလူး တပိုင်း အဆင့် သူတော်စင်တို့ ဝင်ရောက်သွားကြသည်။ ဤအခြေအနေတွင် သူတို့၏ တိုက်ခိုက်မှုများမှာ ပြင်ပ ဟင်းလင်းပြင်ကို ထိခိုက်စေမည် မဟုတ်တော့ပေ။ တိုက်ပွဲ၏ နောက်ဆက်တွဲ စွမ်းအားများကို အက်ကွဲနေသော ဟင်းလင်းပြင်လွတ်က စုပ်ယူသွားမည် ဖြစ်သည်။

“ဒီအနားကို မလာနဲ့ ”

ယဲ့ဖုန်းက ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးကို လှမ်းပြောလိုက်၏။

“ဟုတ် ... ဟုတ်ကဲ့ ”

ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးသည် ယဲ့ဖုန်း၏ အရှိန်အဝါ ပေါက်ကွဲထွက်လာသည်ကို မြင်သောအခါ မျက်လုံးပြူးကာ အနောက်သို့ လန်ကျသွားတော့သည်။ သူ၏ စိတ်လှုပ်ရှားမှုများကို အနိုင်နိုင် ထိန်းချုပ်ထားရရှာ၏။

“ဂိုဏ်းချုပ်က တကယ့် တပိုင်း အဆင့် သူတော်စင်ကြီး ပါလား ”

“သူ့ရဲ့ အရှိန်အဝါက သုံးမျက်လုံး ဘီလူး တပိုင်း အဆင့် သူတော်စင်ထက် အဆပေါင်းများစွာ သာလွန်နေတာပဲ.. ဒါကြောင့်လည်း သူက ဒီလောက် တည်ငြိမ်နေတာကိုး ”

ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးမှာ ဝမ်းသာလွန်း၍ ခုန်ပေါက်နေတော့သည်။

ကွဲအက်နေသော ဟင်းလင်းပြင်လွတ်အတွင်း၌ ဖြစ်သည်။

ယဲ့ဖုန်းနှင့် သုံးမျက်လုံး ဘီလူး တပိုင်း အဆင့် သူတော်စင်တို့သည် မိုင်ဆယ်ဂဏန်းခန့် အကွာအဝေးမှနေ၍ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။ သူတို့ နှစ်ဦးစလုံး၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အငွေ့အသက်များ ပြည့်နှက်နေ၏။

“မင်းက တကယ် တပိုင်း အဆင့် သူတော်စင် ဖြစ်နေတာပဲ ”

သုံးမျက်လုံး ဘီလူး၏ မျက်နှာမှာ သုန်မှုန်သွားသည်။

“ဒါပေမဲ့ မင်းက ဒီအဆင့်ကို ယာယီ ရောက်လာတာပဲ ဖြစ်ရမယ်.. နတ်ဘုရားစွမ်းရည်တွေရဲ့ အနက်အဓိပ္ပာယ်ကို မင်း နားလည်နိုင်မှာ မဟုတ်ဘူး.. မင်း ရှုံးမှာပဲ ”

“ဝါးမြိုခြင်းမျက်လုံး ... အခုပဲ သေလိုက်တော့ ”

သုံးမျက်လုံး ဘီလူးသည် စကားများများ မပြောတော့ဘဲ လက်ဟန် ရေးဆွဲလိုက်၏။ သူ၏ လက်များကို နားထင်၌ ထောက်လိုက်ရာ နဖူးရှိ တတိယမျက်လုံးမှ ကြီးမားကျယ်ပြန့်သော ဖြူစင်သည့် ဟင်းလင်းပြင်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး မိုင်တစ်ရာ ပတ်လည်ကို ဖုံးလွှမ်းသွားတော့သည်။

ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းသည် သူ၏ ကိုယ်ခန္ဓာ အလွန် လေးလံသွားသည်ကို ခံစားလိုက်ရသည်။ သူသည် ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းကို သုံးကာ ထွက်ပြေးရန် ကြိုးစားသော်လည်း သူ၏ ကိုယ်ခန္ဓာမှာ ကျောက်ချထားသကဲ့သို့ မလှုပ်နိုင်တော့ချေ။

“ဟင်းလင်းပြင် ဝင်္ကပါ ”

ယဲ့ဖုန်းသည် အချိန်ဆယ်ဆ အရှိန်မြှင့်တင်မှုကို အလျင်အမြန် သုံးလိုက်သော်လည်း ရုန်းထွက်၍ မရသေးပေ။

“မကောင်းတော့ဘူး ”

ယဲ့ဖုန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

အကယ်၍ သူသာ ‘ဟင်းလင်းပြင် သိုင်းကျမ်း’ ၏ ပထမအတွဲကို လေ့ကျင့်ထားပါက လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်မည် ဖြစ်သည်။ သို့သော် ယခုအခါ ပြင်းထန်လှသော ဟင်းလင်းပြင်စွမ်းအားကို သူ မဖျက်ဆီးနိုင်သဖြင့် အလွန် အထိနာသော အခြေအနေသို့ ရောက်သွား၏။

“လူသား တပိုင်း အဆင့် သူတော်စင် ... သေပေတော့ ”

သုံးမျက်လုံး ဘီလူး တပိုင်း အဆင့် သူတော်စင်က ဟိန်းဟောက်လိုက်သည်။ တတိယမျက်လုံးမှ အလင်းတန်းများ ပေါက်ကွဲထွက်လာ၏။ ယဲ့ဖုန်းသည် မမြင်ရသော စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး တတိယမျက်လုံး၏ ဝဲဂယက်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ယဲ့ဖုန်း ဝါးမြိုခံလိုက်ရသွား၏။

သူ ပျောက်ကွယ်သွားသည်နှင့် ကွဲအက်နေသော ဟင်းလင်းပြင်လွတ်မှာ တဖြည်းဖြည်း ပြန်လည် ပိတ်သွားတော့သည်။

ကောင်းကင်ယံထက်တွင် သုံးမျက်လုံး ဘီလူး တပိုင်း အဆင့် သူတော်စင်သည် လက်များကို ဖြည်းညှင်းစွာ ချလိုက်ပြီး လှောင်ပြောင်လိုက်သည်။

“ငါ့ရဲ့ ဟင်းလင်းပြင် မျက်လုံးထဲကို ရောက်သွားမှတော့ မင်းက တပိုင်း အဆင့် သူတော်စင် ဖြစ်နေရင်တောင် တစ်နာရီ မပြည့်ခင်မှာ ဟင်းလင်းပြင်စွမ်းအားတွေရဲ့ ကြိတ်ချေမှုကြောင့် အမှုန့်ဖြစ်သွားမှာပဲ ”

မိုင်ပေါင်းများစွာ အကွာတွင် ရှိနေသော ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးမှာ ဤမြင်ကွင်းကို ကြည့်ကာ ကြောင်အသွားရရှာသည်။

အလွန် အစွမ်းထက်လှသော ယဲ့ဖုန်းသည် တကယ်ပဲ ဝါးမြိုခံလိုက်ရပြီလား။

ဒါ ... ဒါက ... ... ... ။

ငါက ကံဆိုးမိုးမှောင်ကျနေတာလား.. မြူခိုးဂိုဏ်းကို ဝင်ဝင်ချင်းမှာပဲ ဂိုဏ်းချုပ် သေဆုံးသွားရပြီ ဆိုတော့ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ။

ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး၏ နှုတ်ခမ်းထောင့်များ ပြင်းထန်စွာ တုန်ယင်နေတော့သည်။

အဆုံးမဲ့ ဖြူစင်သော ဟင်းလင်းပြင်လွတ်တစ်ခုအတွင်း၌ ဖြစ်သည်။

ယဲ့ဖုန်းသည် မတ်တပ်ရပ်နေ၏။ ဖြူစင်သော ဟင်းလင်းပြင်လွတ်ကြီး၏ ဖိနှိပ်မှုကို သူ ခံစားနေရသည်။ သူ၏ မျက်မှောင်များမှာ တွန့်ကွေးနေ၏။

သူ တကယ်ပဲ ဝါးမြိုခံလိုက်ရသွား၏။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဖြူစင်သည့် ဓားသွားပေါင်းများစွာသည် ကြောက်မက်ဖွယ်ကောင်းသော ဖြတ်တောက်မှု စွမ်းအားများနှင့်အတူ သူ့ထံသို့ ပြေးဝင်လာကြသည်။ တပိုင်း အဆင့် သူတော်စင်ပင်လျှင် ထိမိပါက တစ်စစီ ကွဲအက်သွားပေလိမ့်မည်။

“ခြေလှမ်းတစ်လှမ်း ချီကျင့်ကြံ ၊ စကြဝဠာ နိုးထ”

ဤနေရာတွင် ဖမ်းချုပ်ခံထားရခြင်း မရှိသဖြင့် ယဲ့ဖုန်းသည် ပေဟယ်ဧကရာဇ် ချန်ထားခဲ့သော အစွမ်းထက်သည့် နတ်ဘုရားစွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်သည်။

သို့သော် ရလဒ်မှာ ယဲ့ဖုန်းကို အံ့အားသင့်သွားစေ၏။

ဤနေရာမှာ သီးခြား ဟင်းလင်းပြင်လွတ် ဖြစ်နေသဖြင့် ပြင်ပမှ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို သူ မစုပ်ယူနိုင်ပေ။ သူ၏ အရှိန်အဝါမှာ လုံးဝ တိုးတက်မလာချေ။

“ဒါကတော့ မကောင်းတဲ့ သတင်းပဲ ”

ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

"ရွှစ်..."

ဖြူစင်သော ဟင်းလင်းပြင် ဓားသွား ဒါဇင်ပေါင်းများစွာသည် ယဲ့ဖုန်းကို အသက်ရှူပေါက် မပေးဘဲ ပိုက်ကွန်ကြီးတစ်ခုပမာ ရစ်ပတ် တိုက်ခိုက်လာကြသည်။

သို့သော် ယဲ့ဖုန်းမှာ အချိန်ဆယ်ဆ အမြန်နှုန်းအတွင်း ရှိနေသဖြင့် လုံးဝ တုန်လှုပ်ခြင်း မရှိပေ။

သူ၏ ကိုယ်ခန္ဓာမှာ လျှပ်ခနဲ လှုပ်ရှားသွားပြီး တိုက်ခိုက်မှုများကို လွယ်ကူစွာ ရှောင်တိမ်းလိုက်သည်။

“မြင့်မြတ်သော နတ်ဘုရားပုံသဏ္ဌာန်ကို သုံးမှ ရတော့မယ် ထင်တယ်.. ဂုဏ်သတင်းတန်ဖိုး (၁၀) ဘီလီယံ ပြည့်သွားပြီးနောက်ပိုင်း နတ်ဘုရားပုံသဏ္ဌာန်ရဲ့ စွမ်းအားက ဘယ်လောက်အထိ ရောက်သွားပြီလဲဆိုတာ ငါ တကယ် သိချင်နေတာ ”

ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ပြီးခဲ့သည့်အကြိမ်က ဓားတစ်ချက်တည်းဖြင့် ဝိညာဉ်ဝါးမြိုမျိုးနွယ် ဘိုးဘေးကြယ်၏ ဆယ်ပုံတစ်ပုံကို သူ ဖြတ်တောက်ပစ်နိုင်ခဲ့သည်။

သည်တစ်ကြိမ်မှာရော ဘယ်လိုနေမလဲ။

သူ အလွန် မျှော်လင့်နေမိသည်။

“သန့်စင်သော နတ်ဘုရားပုံသဏ္ဌာန် ... ပွင့်”

ယဲ့ဖုန်းသည် ဤလျှို့ဝှက်စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် မြင့်မြတ်သော အလင်းတန်းများက သူ၏ ကိုယ်ခန္ဓာကို လွှမ်းခြုံသွားတော့သည်။ သူ၏ အကာအကွယ်မှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီး ဖြူစင်သော ဟင်းလင်းပြင် ဓားသွားများကို အလွယ်တကူ ကာကွယ်နိုင်သွားသည်။

သူ၏ လက်ချောင်းများကို ဓားတစ်လက်ပမာ ဖန်တီးကာ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

"ရွှစ်..."

မျက်စိကျိန်းမတတ် ဖြူစင်သော ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်လွတ်တစ်ခုလုံးကို ခွဲခြမ်းလိုက်သကဲ့သို့ ဖြစ်သွားသည်။ ၎င်း၏ အဟုန်မှာ ကြောက်မက်ဖွယ် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေတော့၏။

အပြင်ဘက်တွင် ဖြစ်သည်။

ယဲ့ဖုန်းမှာ အချိန်ဆယ်ဆ အမြန်နှုန်းအတွင်း ရှိနေသဖြင့် သူ့အတွက် အချိန်များစွာ ကုန်ဆုံးသွားသော်လည်း အပြင်လောကတွင်မူ စက္ကန့်အနည်းငယ်သာ ကုန်ဆုံးသေးသည်။

သုံးမျက်လုံး ဘီလူး တပိုင်း အဆင့် သူတော်စင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အဝေးရှိ ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးကို အေးစက်စွာ ကြည့်ရင်း လှောင်ပြောင်နေ၏။

“ထွက်ပြေးဖို့ ကြိုးစားနေတာလား”

“မင်းမှာ အခွင့်အရေး မရှိတော့ပါဘူး။ ထာဝရကာလပတ်လုံး ငါတို့ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်အတွက် သေတဲ့အထိ အလုပ်လုပ်ပေးရတော့မှာပဲ ”

“အဖိနှိပ် ခံလိုက်”

သူသည် ကောင်းကင်ကို ဖုံးလွှမ်းနိုင်သော ဧရာမ လက်ဝါးကြီးကို ဆန့်ထုတ်ကာ ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးကို ထပ်မံ ဖိနှိပ်ရန် ပြင်လိုက်သည်။ သစ်ပင်ကြီးမှာ မျက်နှာ ဖြူလျော့သွားရရှာ၏။

သို့သော် ထိုအခိုက်အတန့်တွင် ဖြစ်သည်။

သုံးမျက်လုံး ဘီလူး၏ နဖူးရှိ တတိယမျက်လုံးကို ဖြတ်သန်း၍ ဖျော့တော့သော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည် အပြင်ဘက်သို့ ပြန့်ထွက်လာပြီး ဘီလူးကြီး၏ ကိုယ်ခန္ဓာ တစ်ခုလုံးကို ထက်ပိုင်း ခွဲပစ်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များသည် အရှေ့သို့ ဆက်လက် တိုးဝင်သွားသည်။

လောကရှိ အကြောက်မက်ဖွယ် အကောင်းဆုံး ဓားစွမ်းအင်ပမာ ဝိညာဉ်တည်ငြိမ် နယ်မြေ၏ ကောင်းကင်ယံကို အလွယ်တကူ ဆွဲဖြဲကာ ကြယ်တာရာ ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာများအထိ ခုတ်ပိုင်းသွား၏။

၎င်း ဖြတ်သန်းသွားသော နေရာများရှိ ဧရာမ ကြယ်ကြီးများနှင့် ကြီးမားလှသော ကြယ်တာရာ အစုအဝေးများ အားလုံးမှာ ထက်ပိုင်း ပြတ်ကုန်တော့သည်။

ဤမြင်ကွင်းကို ကြည့်ရှုခွင့်ရလိုက်သော ကြယ်တာရာ ဟင်းလင်းပြင်ရှိ ပညာရှင်များ အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ကျောချမ်းသွားရရှာတော့၏။

--

All Chapters