အခန်း ၆၅၀
Vol. 44 Ch. 650
အခန်း (၆၅၀) သုံးမျက်လုံး တပိုင်း အဆင့် သူတော်စင်၊ ကြယ်မြစ် တပိုင်း အဆင့် သူတော်စင်၊ မြို့ကိုးမြို့ ကြယ်တိမ်တိုက်
“ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ”
သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး တပိုင်း အဆင့် သူတော်စင်၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားတော့သည်။
သူသည် ဝင်္ကပါအတွင်းမှ ထွက်လာသော ယဲ့ဖုန်းကို တစ်လှည့်၊ ထက်ပိုင်းပြတ်နေသော သူ၏ ကိုယ်ခန္ဓာကို တစ်လှည့်၊ ဓားတစ်ချက်တည်းနှင့် ပြတ်တောက်သွားသော ကြယ်တာရာ ဟင်းလင်းပြင်ကို တစ်လှည့် ကြည့်ကာ ဆွံ့အလျက် ရှိသည်။ သူ၏ ပါးစပ်မှ စကားတစ်ခွန်းမျှပင် မထွက်နိုင်တော့ချေ။
"ဝုန်း ..."
(၁) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်ကြီးမှာ ရုတ်တရက် အပိုင်းပိုင်းအစစ ပြိုကွဲသွား၏။ သူ၏ ဟင်းလင်းပြင် မျက်လုံးပင်လျှင် ကြေမွသွားပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။
သူ၏ ကိုယ်ခန္ဓာ အပိုင်းအစများမှာ လေထဲတွင် ဝဲပျံနေပြီး တဖြည်းဖြည်း ကြီးမားလာသည်။ မိုင်ပေါင်း တစ်သိန်းခန့် အချင်းရှိသော ကြယ်စင်ပြားကြီးတစ်ခုပမာ လှိုင်းထနေသည်။
အဝေးမှ ကြည့်လျှင်
တောက်ပသော ဂလက်ဆီတစ်ခုပမာ ရှိပြီး အဆုံးမဲ့သော စွမ်းအင်များ ပါဝင်နေသည်။
“ဒါ ... ဒါ ... ဒါက ... ”
ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးမှာ ဤမြင်ကွင်းကို ကြည့်ကာ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ချေ။
“တီ..တီ.. ကောင်းကင်ဧကရာဇ်အဆင့် ဟင်းလင်းပြင်စွမ်းအား (၁၀) ခုကို တွေ့ရှိပါတယ်.. ထုတ်ယူပြီး ‘ဟင်းလင်းပြင် သိုင်းကျမ်း’ ပထမအတွဲနဲ့ လဲလှယ်မလား ... ”
စနစ်၏ အသံ ထွက်ပေါ်လာသည်။
“ထုတ်ယူပြီး လဲလှယ်လိုက်မယ် ... ”
ယဲ့ဖုန်း တုံ့ဆိုင်းမနေပေ။ ဟင်းလင်းပြင်စွမ်းအား မရှိလျှင် သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်များကဲ့သို့ ပညာရှင်များနှင့် ရင်ဆိုင်ရာတွင် အလွန် အားနည်းချက် ရှိနေသည်။
သူ၏ ခွန်အားဖြင့် အခြားသော (၁) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်များကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသည်။ သို့သော် ယနေ့ သူ ကြုံတွေ့ခဲ့ရသည်မှာ ဟင်းလင်းပြင်ကို ဝါးမြိုနိုင်စွမ်းရှိသော သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး တပိုင်း အဆင့် သူတော်စင် ဖြစ်နေသဖြင့် ဟင်းလင်းပြင် မျက်လုံးအတွင်းသို့ စုပ်ယူခံလိုက်ရခြင်း ဖြစ်၏။ သန့်စင်သော နတ်ဘုရားပုံသဏ္ဌာန်သာ မရှိပါက သူ လွတ်လမ်းမမြင်တော့ပေ။
“တီ..တီ.. ကောင်းကင်ဧကရာဇ်အဆင့် ဟင်းလင်းပြင်စွမ်းအား (၁၀) ခုကို သုံးပြီး ‘ဟင်းလင်းပြင် သိုင်းကျမ်း’ ပထမအတွဲကို အောင်မြင်စွာ လဲလှယ်လိုက်ပါတယ်.. ဂိုဏ်းချုပ်အနေနဲ့ မိန်းမတွေ အများကြီး ရပါစေ၊ ညတိုင်း ပျော်ရွှင်ရပါစေ၊ နေ့တိုင်း ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ... ”
စနစ်၏ အသိပေးသံကြောင့် ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ မဲ့သွားတော့သည်။
ဒီစနစ်က တကယ်ပဲ ရူးနေတာလား..
‘ဟင်းလင်းပြင် သိုင်းကျမ်း’ ကို လဲလှယ်ပြီးနောက် သူ၏ လက်ထဲတွင် ကောင်းကင်ဧကရာဇ်အဆင့် ဟင်းလင်းပြင်စွမ်းအား (၁) ခု ကျန်ရှိနေသေးသည်။ ၎င်းကို နောက်မှ အသုံးပြုရန် ယဲ့ဖုန်း ဆုံးဖြတ်လိုက်သည်။
“စုစည်းစမ်း ... ”
ယဲ့ဖုန်းသည် သိုင်းကျမ်းကို လေ့ကျင့်ရန် မလောသေးပေ။ သူသည် လေဝိညာဉ်ပုလဲကို အသုံးပြုကာ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး တပိုင်း အဆင့် သူတော်စင်၏ ပေါက်ကွဲမှု အကြွင်းအကျန်များကို စုပ်ယူလိုက်သည်။ ၎င်းတို့ကို အချင်း တစ်မီတာခန့်ရှိသော ရွှေရောင်နှင့် နီရဲသော မူလအနှစ်သာရ အမြုတေအဖြစ် ပြောင်းလဲလိုက်၏။
“တကယ့်ကို များပြားလှတဲ့ စွမ်းအားတွေပဲ ... ”
ယဲ့ဖုန်း အလွန် အံ့ဩသွားသည်။
အတွင်းရှိ စွမ်းအင်များမှာ အလွန် သန့်စင်ပြီး ကြယ်တာရာ ဟင်းလင်းပြင်ပမာ ကျယ်ပြန့်လှသည်။ လက်နက်သွန်းလုပ်ရန် သော်လည်းကောင်း၊ ဟူဖေးဖေးကို စုပ်ယူခိုင်းရန် သော်လည်းကောင်း အလွန် အကျိုးရှိမည်မှာ သေချာလှပေသည်။
ယဲ့ဖုန်းသည် ပြဲဟနေသော ကောင်းကင်ယံကို ကြည့်ကာ ခေါင်းကုတ်လိုက်မိ၏။
“မြင့်မြတ်သော နတ်ဘုရားပုံသဏ္ဌာန်က အာနိသင် မကုန်သေးဘူး ဆိုတော့ ... အရင်ဆုံး ပြင်လိုက်ဦးမယ် ... ”
ယဲ့ဖုန်း လက်ဟန်များ ရေးဆွဲလိုက်သည်။ သူ၏ အဆုံးမဲ့ စွမ်းအားများကို အသုံးပြုကာ အက်ကွဲနေသော ကောင်းကင်ယံကို ပြန်လည် ဆက်စပ်ပြီး အားဖြည့်လိုက်သည်။
ယခုအချိန်တွင် ဂုဏ်သတင်းတန်ဖိုး (၁၀) ဘီလီယံ၏ ထောက်ပံ့မှုဖြင့် သန့်စင်သော နတ်ဘုရားပုံသဏ္ဌာန်မှာ (၂) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်ထက် ပိုမို သန်မာနေပြီး (၃) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်နှင့် တန်းတူ ရှိသွား၏။
ဤအခြေအနေတွင် (၃) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် လာရောက် တိုက်ခိုက်ခြင်း မရှိပါက (၉) ခုမြောက် တိုက်ပွဲနယ်မြေဖြစ်သော ‘ဝိညာဉ်တည်ငြိမ် နယ်မြေ’ ၏ ကောင်းကင်ယံမှာ ထပ်မံ ပြဲဟနိုင်တော့မည် မဟုတ်ပေ။
ဤနေရာမှာ လောလောဆယ် ဘေးကင်းသွား၏။
တစ်ချိန်တည်းမှာပင် ကြယ်တာရာ ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာတွင် ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးကို ဖြတ်တောက်သွားသော ကြောက်မက်ဖွယ် ဖြူစင်သည့် ဓားစွမ်းအင်ကို မြင်တွေ့လိုက်ရသည့် ပညာရှင်များ အားလုံးမှာ ကျောချမ်းသွားကြရရှာသည်။ ဓားစွမ်းအင်သည် ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာများအထိ ဆက်လက် တိုးဝင်သွားသည်။
တိုက်ဆိုင်စွာပင် ဤဓားစွမ်းအင်သည် သက်ရှိများ မှီတင်းနေထိုင်ရာ ကြယ်တစ်လုံးကို ဖြတ်သန်းသွားပြီး ၎င်းကို အပိုင်းပိုင်းအစစ ကြိတ်ချေပစ်လိုက်သည်။ ကြယ်ကြီးမှာ ဟင်းလင်းပြင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး သက်ရှိပေါင်းများစွာ သေဆုံးကုန်တော့၏။
အကယ်၍ ယဲ့ဖုန်းသာ ဤနေရာတွင် ရှိနေပါက မျက်ခုံးတစ်ချက် ပင့်မိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤကြယ်ကြီးမှာ ဦးချို မွှေးပွမျိုးနွယ်စုတို့၏ လက်ရှိ ဌာနချုပ် ဖြစ်နေသောကြောင့်ပင်။ ဓားတစ်ချက်တည်းနှင့်ပင် ကျန်ရှိနေသော မျိုးနွယ်ဝင် အားလုံး သေဆုံးကုန်ပြီး ကွဲကွာနေသော တချို့မှလွဲ၍ မျိုးနွယ်စုတစ်ခုလုံး မျိုးတုံးသွားရသွား၏။
"ရွှစ်..."
ဖြူစင်သော ဓားစွမ်းအင်မှာ ရက်စက်စွာ ဆက်လက် တိုးဝင်သွားသည်။
နောက်ဆုံးတွင် မိုင်ပေါင်း ကုဍေချီ ကျယ်ပြန့်သော ကြယ်တာရာ အစုအဝေးကြီးတစ်ခု အနီးသို့ ရောက်ရှိသွားသည်။
“ဟွန်း ... ”
ကြယ်တာရာ အစုအဝေးကြီး အတွင်းမှ အေးစက်သော နှာမှုတ်သံတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် မိုင်ပေါင်း သောင်းချီ ကြီးမားသော လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ဖြူစင်သည့် ဓားစွမ်းအင်ကို ဆုပ်ကိုင်ကာ အမှုန့်ချေပစ်လိုက်သည်။
“(၃) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် နီးပါးလောက် ရှိတဲ့ ခွန်အားပါလား ... ကြယ်တာရာ ဟင်းလင်းပြင်ထဲမှာ ဒီလို ပညာရှင်မျိုး ရှိနေတာလား ... ”
လက်ဝါးကြီး၏ ပိုင်ရှင်က သံသယဖြင့် ရေရွတ်လိုက်၏။ သူ၏ အသံမှာ ကြယ်တာရာ အစုအဝေးကြီး တစ်ခုလုံးကို တုန်ခါသွားစေသည်။
အတွင်းရှိ သက်ရှိပေါင်းများစွာမှာ ကြယ်တာရာ အစုအဝေးကြီး၏ အလယ်ဗဟိုရှိ ဧရာမ လက်ဝါးကြီး၏ ပိုင်ရှင်ဆီသို့ ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြရရှာသည်။
ကြယ်တာရာ အစုအဝေးကြီး၏ အလယ်ဗဟို တောင်ဘက်ပိုင်းတွင် ဧရာမ ကြယ်ကြီးတစ်လုံး ရှိနေ၏။ ကြယ်ကြီး၏ မြေအောက်နက်ရှိုင်းသော နေရာရှိ ကြယ်အနှစ်သာရပေါ်တွင် ခန့်ညားသော အမျိုးသားတစ်ဦး ထိုင်နေသည်။ သူ၏ နဖူးတွင် ဖြူစင်သော တတိယမျက်လုံး တစ်လုံး ရှိနေ၏။
သူ မျက်လုံးဖွင့်လိုက်သည်နှင့် သူငယ်အိမ်များ ကျုံ့သွားတော့သည်။
“ဖူး ”
ထိုအမျိုးသားသည် ရုတ်တရက် သွေးတစ်ချက် အန်ထုတ်လိုက်သည်။
“ဟာ ... ငါ့ဆွေမျိုး အသတ်ခံလိုက်ရပြီ ... ဘယ်သူကများ သူ့ကို သတ်ရဲတာလဲ ... ”
သုံးမျက်လုံး အမျိုးသားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကြယ်တာရာ အစုအဝေးကြီး အပြင်ဘက်ရှိ ကျယ်ပြောလှသော ကြယ်တာရာ ဟင်းလင်းပြင်ကို စူးစိုက်ကြည့်လိုက်သည်။ သူ တစ်ခုခုကို ကြိုတင်သိမြင်လိုက်သည့်အလား အကြည့်များ စူးရှသွားတော့သည်။
“ငါ နားလည်ပြီ ... ”
“ဒါ ဝိညာဉ်တည်ငြိမ် နယ်မြေပဲ ... ”
“ငါ့ဆွေမျိုးက ဝိညာဉ်တည်ငြိမ် နယ်မြေက ပြဿနာတွေကို သွားရှင်းတာ ... လူသား တပိုင်း အဆင့် သူတော်စင် တစ်ယောက်ရဲ့ လက်ချက်နဲ့ သေသွားမယ်လို့ ဘယ်သူ ထင်မှာလဲ ... ခုနက ကြောက်စရာကောင်းတဲ့ ဓားစွမ်းအင်ကလည်း အဲ့ဒီ လူသား တပိုင်း အဆင့် သူတော်စင်ဆီက လာတာပဲ ဖြစ်ရမယ် ... ”
“ကြယ်မြစ် တပိုင်း အဆင့် သူတော်စင်ကြီးသာ ဝင်မတားရင် ... အဲ့ဒီ ဓားစွမ်းအင်က ငါတို့ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်ရဲ့ ဘိုးဘေးကြယ်ပေါ်ကို တည့်တည့် ကျလာလောက်တယ် ... ”
“သောက်ကျိုးနည်း ... ”
ထိုအမျိုးသားသည် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်၏ ဘိုးဘေးကြယ် ကောင်းကင်ယံသို့ ရောက်ရှိသွားပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
သူသည် သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်၏ ခေါင်းဆောင် ဖြစ်သည်။
ဤကြယ်တာရာ အစုအဝေးကြီး အတွင်း၌ သူ့ကို ‘သုံးမျက်လုံး တပိုင်း အဆင့် သူတော်စင်’ ဟု ရိုသေစွာ ခေါ်ဆိုကြသည်။ သူသည် (၂) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်၏။ သူသည် (၃) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဖြစ် တက်လှမ်းရန် အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။
ယခုမူ သူ၏ ဆွေမျိုး သေဆုံးသွားသဖြင့် သူ မထွက်လာ၍ မရတော့ပေ။
“ဝှစ် …”
ထိုအခိုက်အတန့်တွင် ကြယ်တာရာ အစုအဝေးကြီး၏ အလယ်ဗဟိုမှ မရေမတွက်နိုင်သော ဟင်းလင်းပြင် ဖုန်မှုန့်များ စုဝေးလာပြီး သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်၏ ဘိုးဘေးကြယ် အပြင်ဘက်တွင် အေးစက်သော ဧရာမ မျက်နှာကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
“သုံးမျက်လုံး တပိုင်း အဆင့် သူတော်စင် ... ခုနက ဓားစွမ်းအင်က မင်းတို့ရဲ့ ဘိုးဘေးကြယ်ဆီကို တည့်တည့် လာနေတာပဲ ... ဒါနဲ့ ပတ်သက်ပြီး မင်း ဘယ်လို ရှင်းပြမလဲ ... ” အေးစက်သော မျက်နှာကြီးက မေးလိုက်သည်။
အကယ်၍ သူသာ ထိုဓားစွမ်းအင်ကို အမှုန့်မချေလိုက်ပါက ဤကြယ်တာရာ အစုအဝေးကြီး အတွင်းရှိ ကြားနေ ကြယ်ပေါင်းများစွာ ပျက်စီးသွားပေလိမ့်မည်။ ဤကြယ်တာရာ အစုအဝေးကြီး၏ အရှင်သခင် အနေဖြင့် သူ ဝင်မစွက်ဖက်၍ မရချေ။
“ကျွန်တော် ... ”
သုံးမျက်လုံး တပိုင်း အဆင့် သူတော်စင်သည် ဧရာမ မျက်နှာကြီးကို လက်နှစ်ဖက် ဆုပ်ကာ အလျင်အမြန် ဦးညွှတ်လိုက်သည်။
“ကြယ်မြစ် တပိုင်း အဆင့် သူတော်စင်ကြီးကို သတင်းပို့ပါတယ် ... ကျွန်တော်တို့ မျိုးနွယ်ပိုင်တဲ့ ဝိညာဉ်တည်ငြိမ် နယ်မြေကို လူသား တပိုင်း အဆင့် သူတော်စင် တစ်ယောက်က ဖောက်ထွက်လာတာ ဖြစ်ရပါမယ် ... အဲ့ဒီ ဓားစွမ်းအင်ကလည်း သူ့ဆီက လာတာပါ ... ”
ကြယ်မြစ် တပိုင်း အဆင့် သူတော်စင်မှာ (၄) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်သည်။ နောက်ဆုံး သူတော်စင် ဖြစ်တည်မှု ကပ်ဘေးကို ကျော်ဖြတ်နိုင်ပါက အစစ်အမှန် သူတော်စင်အဆင့်သို့ ရောက်ရှိမည့်သူ ဖြစ်၏။ သို့သော် ကြယ်မြစ် တပိုင်း အဆင့် သူတော်စင်မှာ ကပ်ဘေးကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်မှု မရှိချေ။
ထို့ကြောင့် သက်တမ်း အများအပြား ကျန်ရှိနေသေးသဖြင့် သူသည် သေချာပေါက် မအောင်မြင်နိုင်သော ကပ်ဘေးကို မရင်ဆိုင်ရဲပေ။ အကယ်၍ မအောင်မြင်ပါက သူ၏ အသက်နှင့် ကျင့်စဉ်များ အားလုံး ပျောက်ကွယ်သွားမည်မှာ ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။
ဤကျယ်ပြောလှသော ကြယ်တာရာ အစုအဝေးကြီး အတွင်း၌ ကြယ်မြစ် တပိုင်း အဆင့် သူတော်စင်မှာ အစွမ်းအထက်ဆုံး ဖြစ်ပြီး ကြယ်ပေါင်းများစွာကို အုပ်ချုပ်နေသူ ဖြစ်၏။ သူ၏ နယ်မြေအတွင်းရှိ တပိုင်း အဆင့် သူတော်စင်များ အားလုံး သူ့ကို ဦးညွှတ်ကြရသည်။
“ဟွန်း ... မင်းတို့ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးတွေက ကိုယ့်ရဲ့ ပါရမီကို သုံးပြီး တခြားကမ္ဘာတွေကို အမြဲ တိုက်ခိုက်နေတာပဲ ... အကယ်၍များ အစွမ်းထက်တဲ့ ရန်သူကို သွားစမိလို့ ငါတို့ရဲ့ ‘မြို့ကိုးမြို့ ကြယ်တိမ်တိုက်’ ဆီကို ဘေးအန္တရာယ် ရောက်လာရင် ... မင်းတို့ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်ကို ငါ အရင်ဆုံး နှင်ထုတ်ပစ်မယ် ... ”
ကြယ်မြစ် တပိုင်း အဆင့် သူတော်စင်သည် သုံးမျက်လုံး တပိုင်း အဆင့် သူတော်စင်ကို မျက်နှာသာ လုံးဝ မပေးချေ။
“ကြယ်မြစ် တပိုင်း အဆင့် သူတော်စင်ကြီး စိတ်ချပါ ... ရန်သူက (၃) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် နီးပါးလောက်ပဲ ရှိတာပါ ... ကျွန်တော့်ရဲ့ ခွန်အားနဲ့ သူ့ကို ရှင်းနိုင်ပါတယ် ... ” သုံးမျက်လုံး တပိုင်း အဆင့် သူတော်စင်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
သူသည် (၂) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်၏ အထွတ်အထိပ်တွင် ရှိနေသူ ဖြစ်ပြီး သူ၏ ဟင်းလင်းပြင် မျက်လုံး ပါရမီစွမ်းအားကို အသုံးပြုပါက (၃) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်ပင်လျှင် သူ့အတွက် အန္တရာယ် မဖြစ်နိုင်ပေ။
“ဟွန်း ... အဲဒီလို ဖြစ်ပါစေလို့ မျှော်လင့်ပါတယ် ... ”
ကြယ်မြစ် တပိုင်း အဆင့် သူတော်စင်၏ အေးစက်သော ဧရာမ မျက်နှာကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင် ဖုန်မှုန့်များအဖြစ် ပြန်လည် ပြောင်းလဲသွား၏။ ဘာမှ မဖြစ်ခဲ့သကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
“ဟူး ”
သုံးမျက်လုံး တပိုင်း အဆင့် သူတော်စင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“ငါ့ဆွေမျိုးကိုတောင် သတ်ရဲတယ်ပေါ့ ... ငါ (၃) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်လာတာနဲ့ ... မင်းကို နောင်တရအောင် လုပ်ပစ်မယ် ... ”
စကားအဆုံးတွင် သူသည် သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ် ဘိုးဘေးကြယ်၏ ကြယ်အနှစ်သာရထံသို့ ပြန်လည် ဆင်းသက်သွားပြီး (၃) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဖြစ် တက်လှမ်းရန် ချီစွမ်းအင်များကို ဆက်လက် ပေါင်းစပ်နေတော့သည်။
မြို့ကိုးမြို့ ကြယ်တိမ်တိုက်မှာ ယခင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွား၏။
ဝိညာဉ်တည်ငြိမ် နယ်မြေ။
ယဲ့ဖုန်းသည် လေထဲတွင် ဝဲပျံနေပြီး ဝိညာဉ်တည်ငြိမ် နယ်မြေ၏ ကောင်းကင်ယံကို စစ်ဆေးနေသည်။ သူ ချိတ်ပိတ်ထားသော နေရာများမှာ ခိုင်မာမှု ရှိမရှိ သေချာအောင် စစ်ဆေးနေခြင်း ဖြစ်ပြီး အချိန်အတော်ကြာသည်အထိ အလွယ်တကူ ပြဲဟသွားမည် မဟုတ်ကြောင်း အတည်ပြုလိုက်သည်။
“မြူခိုးဂိုဏ်းကို ပြန်ဖို့ အချိန်တန်ပြီ ... ” ယဲ့ဖုန်းက ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးကို လှည့်ပြောလိုက်သည်။
“ဂိုဏ်းချုပ် ... ဝိညာဉ်တည်ငြိမ် နယ်မြေကို ဘယ်လို လုပ်ကြမလဲ ... ” ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးက (၉) ခုမြောက် တိုက်ပွဲနယ်မြေကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်များက လာရောက် တိုက်ခိုက်မည်ကို သူ စိုးရိမ်နေခြင်း ဖြစ်လေ၏။
--