အခန်း ၆၅၁
Vol. 44 Ch. 651
အခန်း (၆၅၁) ကောင်လေး ... ငါတို့ ရေစက်ပါတယ်၊ မြို့စားမင်း သံပရာသီး စားရခြင်း
“ကျုပ် ခုနကပဲ ဝင်္ကပါတွေ ထပ်ပြီး အားဖြည့်ထားတယ်.. (၃) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် မလာမချင်း ဘယ်လိုမှ မဖျက်ဆီးနိုင်ဘူး။ စိတ်မပူနဲ့ ”
ယဲ့ဖုန်းက အေးဆေးစွာ ပြောလိုက်သည်။
“အဲဒီလိုလား ... ... ... ”
ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးက ခေါင်းကုတ်လိုက်သည်။
ခုနက ယဲ့ဖုန်းသည် သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး တပိုင်း အဆင့် သူတော်စင်ကို ဓားတစ်ချက်တည်းနှင့် သတ်ပစ်လိုက်သဖြင့် သစ်ပင်ကြီးမှာ အလွန် ကြောက်ရွံ့သွားခဲ့ရ၏။ ယဲ့ဖုန်းမှာ အနည်းဆုံး (၂) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်မည်ဟု ၎င်း ယူဆထားသည်။
ယခု ယဲ့ဖုန်း၏ စကားကို ကြားသောအခါ သူထင်ထားသည်ထက်ပင် ပိုမို အစွမ်းထက်နေကြောင်း သိလိုက်ရ၏။ ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးမှာ (၂) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်၏ အထွတ်အထိပ်ထက်ပင် သာလွန်သွား၏။
“ကောင်းပြီ ... ပြန်ကြစို့ ”
ယဲ့ဖုန်း လက်ဝှေ့ယမ်းလိုက်ပြီး သစ်ပင်ကြီးနှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။
“ဂိုဏ်းချုပ် ... ဒီမှာ ရင့်မှည့်နေတဲ့ ဝိညာဉ်တည်ငြိမ်အသီးတွေ အများကြီး ရှိသေးတယ်.. ယူမသွားတော့ဘူးလား.. ဟင်းလင်းပြင် အမှတ်အသားတွေကို ဖျက်ဆီးပစ်လိုက်ရင် အသီးတွေက ဝိညာဉ်စုစည်းဆေးလုံးတို့၊ ဝိညာဉ်တည်ငြိမ်ဆေးရည်တို့ ဖော်စပ်ဖို့ အကောင်းဆုံး ဆေးဖက်ဝင် ပစ္စည်းတွေ ဖြစ်သွားမှာ။ မူလနတ်ဘုရားအဆင့် တက်ဖို့ အဖိုးတန် ရတနာတွေလေ ”
ထိုသို့ မျိုးဆက်သစ်ပင်ကြီးက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
“မလိုပါဘူး ... ”
ယဲ့ဖုန်း ပြုံးလိုက်သည်။
“ဒါက (၉) ခုမြောက် တိုက်ပွဲနယ်မြေပဲ.. နောက်ဆိုရင် ငါတို့ မြူခိုးဂိုဏ်းရဲ့ လေ့ကျင့်ရေး ကွင်းပြင် ဖြစ်လာမှာ။ ဒီအသီးတွေကို ဒီမှာပဲ ထားခဲ့လိုက်.. သူတို့ဘာသာ ကြိုးစားပြီး လာယူကြပါစေ ”
စကားအဆုံးတွင် ယဲ့ဖုန်းသည် လက်ကို မြှောက်ကာ လှုပ်ယမ်းလိုက်သည်။
ထိုအခါ၊ သုံးမျက်လုံး ဘီလူးများ ချန်ထားခဲ့သော ဟင်းလင်းပြင် အမှတ်အသား အားလုံးမှာ ပျောက်ကွယ်သွားတော့၏။ ထို့နောက် သူသည် ဝင်ပေါက်ဆီသို့ လျှောက်သွားသည်။
“ဪ ... ဟုတ်ကဲ့ ... ... ... ”
သစ်ပင်ကြီး ခေါင်းညိတ်လိုက်သည်။ လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးကာ ကိုယ်ခန္ဓာကို ပေသုံးဆယ်ခန့်အထိ သေးငယ်အောင် ပြုလုပ်ပြီးနောက် ယဲ့ဖုန်း၏ အနောက်မှ လိုက်ပါသွားတော့၏။
မကြာမီ၊ သူတို့ နှစ်ဦး မြူခိုးတောင်ထိပ်သို့ ပြန်ရောက်လာကြသည်။
“ဒါ မြူခိုးဂိုဏ်းလား။ အလွန်ကြီးမားတဲ့ ဝိညာဉ်ကြောလည်း ရှိတယ်.. အခြေခံက တကယ် တောင့်တင်းတာပဲ ”
သစ်ပင်ကြီးသည် မြူခိုးတောင်ထိပ်ပေါ်တွင် ရပ်နေသည်။ နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်နှင့် မီတာ (၃၀၀) ခန့်သာ ကွာဝေး၏။
“ဒါ ... ဒါ နတ်ဆိုးဧကရာဇ်လား ”
ထင်းရှူးပင်ကြီးမှာ သစ်ပင်ကြီးကို မြင်သောအခါ အံ့အားသင့်သွားသည်။ သစ်ပင်ကြီးမှာ လူပုံစံ ရှိပြီး လွတ်လပ်စွာ လမ်းလျှောက်နိုင်သဖြင့် လောင်ဆုမှာ အားကျသွားရရှာ၏။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အဆင့်မြင့် နတ်ဆိုးဧကရာဇ် ဖြစ်နေသဖြင့် ပို၍ အံ့ဩသွားတော့သည်။
“မင်းက ကြီးလွန်းတယ်.. ဝိညာဉ်ရေကန် ဘေးမှာပဲ အမြစ်တွယ်လိုက်တော့ ... ... ... ”
ယဲ့ဖုန်းက သစ်ပင်ကြီးကို ညွှန်ကြားလိုက်၏။ ထို့နောက် ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်ကာ တံခါးပိတ် ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။ သူသည် ‘ဟင်းလင်းပြင် သိုင်းကျမ်း’ ကို လေ့ကျင့်တော့မည် ဖြစ်၏။
“ဟုတ်ကဲ့ပါ ”
သစ်ပင်ကြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထင်းရှူးပင်ကြီးကို ကြည့်ကာ ပြုံးလိုက်၏။
“ကောင်လေး ... မင်းက ဂိုဏ်းချုပ် ပြောတဲ့ ပထမဆုံး ဂိုဏ်းစောင့်အကြီးအကဲ မဟုတ်လား၊ ငါ ဘယ်သူလဲ သိလား ”
“စီနီယာကြီး ... ပြောပြပါဦး ... ... ... ” ထင်းရှူးပင်ကြီးက ရိုသေစွာ မေးလိုက်သည်။
“ငါက ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးပဲ.. ဒုတိယမြောက် ဂိုဏ်းစောင့်အကြီးအကဲပေါ့.. ဒါကြောင့် နောက်ဆိုရင် ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီကွ ... ... ... ”
သစ်ပင်ကြီးက မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်၏။
“ဒါနဲ့ ... မင်း ပူးပေါင်းချင်လား ”
ဂိုဏ်းစောင့်အကြီးအကဲ ဖြစ်မှန်း သိသွားသောအခါ ထင်းရှူးပင်ကြီးက ခေါင်းညိတ်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဘယ်လို ပူးပေါင်းရမှာလဲ ”
“ငါ မျိုးစေ့တွေ အများကြီး ထုတ်လွှတ်ပြီး တခြား အပင်တွေပေါ်မှာ ကပ်ပါးအဖြစ် စိုက်ပျိုးလို့ ရတယ်.. အဲ့ဒါဆို ဝိညာဉ်တည်ငြိမ်အသီးတွေ ထွက်လာမှာ။ မင်း ငါ့ကို နည်းနည်းလောက် ကပ်ပါးအဖြစ် စိုက်ခွင့်ပေးရင် ငါ မင်းကို ရှေးဟောင်းသစ်ပင် အဆင့်တက်နည်း သင်ပေးမယ်.. ဘယ်လိုလဲ ”
“ဟင်”
ထင်းရှူးပင်ကြီးမှာ အကြောထဲအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။ သို့သော် ဝိညာဉ်တည်ငြိမ်အသီး ဆိုသော စကားကို ကြားသောအခါ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“ခင်ဗျား ပြောတာ ... မူလနတ်ဘုရားအဆင့် တက်ဖို့ မူလဝိညာဉ်ကို တည်ငြိမ်စေတဲ့ အသီးလား ”
“ဟုတ်တယ် ... ... ... ” သစ်ပင်ကြီးက ခေါင်းညိတ်ပြ၏။
“ဒါဆိုရင်လည်း ပြီးတာပဲ.. ခဏလောက် ပူးပေါင်းကြည့်ကြတာပေါ့ ... ... ... ” ထင်းရှူးပင်ကြီး ဆုံးဖြတ်လိုက်သည်။
ယဲ့ဖုန်း ကိုယ်တိုင် ခေါ်လာသော ဒုတိယမြောက် ဂိုဏ်းစောင့်အကြီးအကဲ ဖြစ်နေသဖြင့် ရန်သူ မဖြစ်နိုင်ပေ။ ထို့ကြောင့် ထင်းရှူးပင်ကြီး ယုံကြည်လိုက်ခြင်း ဖြစ်၏။
ခဏအကြာတွင် သစ်ပင်ကြီးသည် မျိုးစေ့ ထောင်ပေါင်းများစွာကို ထင်းရှူးပင်ကြီး၏ နွယ်ပင်တစ်ခုပေါ်တွင် ချန်ထားရစ်ခဲ့သည်။ ထိုအခါ၊ ထိုမျိုးစေ့များသည် ထင်းရှူးပင်ကြီး၏ အသက်ဓာတ်ကို စုပ်ယူကာ လက်မအရွယ်အစားရှိသော အစိမ်းရောင် အသီးလေးများအဖြစ် မျက်စိရှေ့မှာတင် ကြီးထွားလာကြသည်။
“အို ... ဒါက ဝိညာဉ်တည်ငြိမ်အသီးလား ”
ထင်းရှူးပင်ကြီးသည် ဝိညာဉ်ကြောမှ ဝိညာဉ်စွမ်းအင်များကို အမြစ်များဖြင့် စုပ်ယူကာ ဝိညာဉ်တည်ငြိမ်အသီးများဆီသို့ ပို့လွှတ်လိုက်၏။ ထိုအခါ အစိမ်းရောင် အသီးလေးများမှာ တဖြည်းဖြည်း နီရဲလာကြသည်။
“အသီးတွေ လုံးဝ နီရဲသွားရင် ရင့်မှည့်ပြီလို့ အဓိပ္ပာယ်ရတယ် ... ... ... ”
သစ်ပင်ကြီးက မှတ်ချက်ပေးလိုက်သည်။ ထို့နောက် သူ၏ နေ့စဉ် ကျင့်ကြံရေး နည်းလမ်းများနှင့် အတွေ့အကြုံများကို ထင်းရှူးပင်ကြီးထံသို့ မျှဝေပေးလိုက်ရာ ထင်းရှူးပင်ကြီးအတွက် အလွန် အကျိုးရှိသွားသည်။
မကြာမီ
သစ်ပင်ကြီးသည် လေထဲသို့ ခုန်တက်ကာ ပေပေါင်း တစ်သောင်းအထိ ပျံတက်သွားသည်။ သူသည် မြူခိုးတောင်ထိပ်၏ အရှေ့မြောက်ဘက်ရှိ ဝိညာဉ်ရေကန်နှင့် နီးသော မြေကွက်လပ်တစ်ခုကို ရွေးချယ်ကာ ဆင်းသက်လိုက်လေသည်။
“ဆင်းသက်ပြီး အမြစ်တွယ်မယ်”
ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။ ထို့နောက်၊
သစ်ပင်ကြီးသည် အစစ်အမှန် ကိုယ်အဖြစ် ပြောင်းလဲသွား၏။
ပေပေါင်း တစ်သောင်း မြင့်မားလှသည်။
၎င်း၏ ခြေထောက်နှစ်ဖက် ပေါင်းစပ်သွား၏။
ပေသုံးရာကျော် အချင်းရှိသော သစ်လုံးကြီး ဖြစ်သွားကာ
မြေအောက် ပေသုံးထောင်အထိ ထိုးဝင်သွားသည်။
၎င်းက အမြစ်များစွာ ဖြာထွက်ပြီး ကိုယ်ခန္ဓာကို တည်ငြိမ်စေလိုက်သည်။
"ဝုန်း ..."
“မြင့်လိုက်တာ ”
မြူခိုးတောင်ထိပ်ထက် ပေထောင်ချီ မြင့်မားနေသော သစ်ပင်ကြီးကို ကြည့်ကာ ထင်းရှူးပင်ကြီးမှာ အားကျသွားရရှာသည်။ သူ နတ်ဆိုးဧကရာဇ်အဆင့် ရောက်လျှင် ထိုမျှအထိ မြင့်မားလာနိုင်မည်လား သိချင်နေမိ၏။
“ဘုရားရေ ... အဲ့ဒါ ဘာကြီးလဲ ”
“ပေခုနစ်ထောင်လောက် မြင့်တဲ့ လူပုံစံ သစ်ပင်ကြီးပါလား”
“နတ်ဆိုးဧကရာဇ် အဆင့်လောက် ရှိတဲ့ အရှိန်အဝါကြီးကို ငါ ခံစားနေရတယ် ”
မြူခိုးဂိုဏ်းရှိ အကြီးအကဲများ၊ တပည့်များ၊ စီမံခန့်ခွဲသူများနှင့် ဝိညာဉ်သားရဲများ အားလုံးမှာ ရုတ်တရက် ပေါ်လာသော သစ်ပင်ကြီးကို ကြည့်ကာ ကြောင်အသွားကြရရှာသည်။
“ဒါက ငါတို့ ဂိုဏ်းချုပ် ခုနကမှ ခေါ်လာတဲ့ ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးပဲ.. မြူခိုးဂိုဏ်းရဲ့ ဒုတိယမြောက် ဂိုဏ်းစောင့်အကြီးအကဲ၊ အဆင့်မြင့် နတ်ဆိုးဧကရာဇ် တစ်ဦးပဲ ”
ယဲ့ဖုန်း၏ အာဏာပါသော အသံကြီး ထွက်ပေါ်လာ၏။
“ဘုရားရေ ... တကယ့် အဆင့်မြင့် နတ်ဆိုးဧကရာဇ်ကြီး ပါလား ”
မြူခိုးဂိုဏ်း တပည့်များမှာ စိတ်လှုပ်ရှားသွားကြသည်။ ဂိုဏ်းသည် ဦးစွာ အဆင့်မြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့် ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင် (၁၈) ဦးကို သိမ်းသွင်းနိုင်ခဲ့ပြီး ယခုအခါ အဆင့်မြင့် နတ်ဆိုးဧကရာဇ်အဆင့် မျိုးဆက်သစ်ပင်ကြီးကိုပါ ရရှိသွား၏။ အနာဂတ်တွင် ဂိုဏ်းမှာ ပိုမို သန်မာလာမည်မှာ သေချာလှ၏။
ရဲရင့်သော တပည့်အချို့သည် သစ်ပင်ကြီး အနားသို့ ချဉ်းကပ်ကာ အောင်မြင်စွာ စကားပြောဆိုနိုင်ခဲ့ကြသည်။
“ဂျူနီယာ ... မင်းက တော်တော် ပါရမီပါတဲ့ပုံပဲ.. အကြီးအကဲက မင်းကို ဝိညာဉ်တည်ငြိမ်အသီး (၁၀) လုံး ပေးမယ်.. ဘယ်လိုလဲ ”
“ဂျူနီယာ ... မင်း ရုပ်လေးက တော်တော် ချောတာပဲ.. အကြီးအကဲက မင်းကို (၂) လုံး ပေးမယ်.. အကြီးအကဲ လောင်ဆုဆီမှာ သွားယူလိုက် ”
“ဂျူနီယာ ... ငါတို့ ရေစက် ပါတယ်ကွ ”
နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီး အထီးကျန်နေခဲ့ရသော သစ်ပင်ကြီးသည် ဂိုဏ်းတပည့်များကို မြင်သောအခါ မိသားစုဝင်များပမာ ခံစားရပြီး စကားများ ပြောဆိုကာ တချို့ကို ဆုလာဘ်များ ပေးကမ်းနေသည်။
“ဘုရားရေ ... တကယ့် ဝိညာဉ်တည်ငြိမ်အသီးတွေပဲ ”
အစပိုင်းတွင် တပည့်များမှာ မယုံကြည်ကြပေ။ သို့သော် ထင်းရှူးပင်ကြီး အနားသို့ ရောက်သွားပြီး နွယ်ပင်ပေါ်ရှိ အသီးများကို မြင်သောအခါ ရှေးဟောင်းသိုင်းကျမ်းများနှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် အစစ်အမှန် ဖြစ်ကြောင်း သိလိုက်ရသဖြင့် အားလုံး အံ့ဩသွားကြတော့သည်။
“ဂျူနီယာတို့ ... အကြီးအကဲက မင်းတို့ကို လိမ်ပါ့မလား..ဟားဟား ”
သစ်ပင်ကြီးက မုတ်ဆိတ်မွှေးများကို သပ်ရင်း အားရပါးရ ရယ်မောလိုက်သည်။ ၎င်း၏ အသံနှင့် လှုပ်ရှားမှုများမှာ ထင်ရှားလွန်းသဖြင့် အနီးအနားရှိ ရေပေါ်ဖြူ မြို့လေးမြို့မှ လူသန်းပေါင်းများစွာကပါ မြင်တွေ့လိုက်ရပြီး ဆူညံသွားတော့၏။
“မြူခိုးဂိုဏ်းက အဆင့်မြင့် နတ်ဆိုးဧကရာဇ်အဆင့် မျိုးဆက်သစ်ပင်ကြီး တစ်ပင် ရသွားတယ်တဲ့ဟေ့ ”
“အဲ့ဒါက ဝိညာဉ်တည်ငြိမ်အသီးတွေကို အဆုံးမရှိ ထုတ်ပေးနိုင်တဲ့ သစ်ပင်ကြီး တဲ့။ မူလနတ်ဘုရားအဆင့် တက်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ရတနာတွေလေ ”
“မြန်မြန် သတင်းပို့ကြ ”
ရေပေါ်ဖြူ မြို့လေးမြို့အတွင်းရှိ အင်အားစုကြီးများ၏ သူလျှိုများက ဤသတင်းကို အလျင်အမြန် ဖြန့်ဝေလိုက်ကြသည်။ နေ့ဝက်အတွင်းမှာပင် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်နှင့် လေ့ဝူမင်းဆက်ကိုသာမက ကျောင်းယန် မြင့်မြတ်သော မြို့တော်အထိပါ ပျံ့နှံ့သွားလေတော့၏။
“မြူခိုးဂိုဏ်းက ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးကို ရသွားတယ် ဟုတ်လား ”
ကျောင်းယန် မြင့်မြတ်သော မြို့တော်ရှိ ဗိမာန်တော်အတွင်းတွင် မြို့စားမင်းသည် သတင်းကြားသောအခါ အံ့ဩသွားပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ချက်ချင်း ရောက်လာသည်။ သူသည် ကောင်းကင်ယံမှနေ၍ မြူခိုးဂိုဏ်းကို ငုံ့ကြည့်လိုက်၏။ သစ်ပင်ကြီးနှင့် ဂိုဏ်းတပည့်များ စကားပြောနေသည်ကို မြင်သောအခါ မြို့စားမင်း၏ သူငယ်အိမ်များ ကျုံ့သွားတော့သည်။
“တကယ့် ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးပဲ ”
“မြူခိုးဂိုဏ်းက ကံကောင်းခြင်းတွေ အများကြီး ရနေတာပဲ.. ရှေးဟောင်း မျိုးနွယ်စု (၁၈) ခုကို သိမ်းသွင်းနိုင်ခဲ့ရုံမက အခုဆို အဆင့်မြင့် နတ်ဆိုးဧကရာဇ် တစ်ပါးကိုပါ ရသွားပြန်ပြီ။ သူတို့ တိုးတက်နှုန်းက တကယ်ကို မြန်လွန်းတယ်”
“မကြာခင်မှာ မြူခိုးဂိုဏ်းရဲ့ အခြေခံက သာမန် ကြယ်ငါးပွင့် အင်အားစုလောက် ဖြစ်လာတော့မယ် ထင်တယ် ”
ကျောင်းယန် မြို့စားမင်းမှာ သံပရာသီး တစ်တန်လောက် စားလိုက်ရသကဲ့သို့ ချဉ်စူးသွားတော့၏။
သတင်းများ ဆက်လက် လေအလျင် တိုက်ခတ်သွားသည်နှင့်အမျှ အင်အားစုကြီး အသီးသီးမှ ကိုယ်စားလှယ်များမှာ ရေပေါ်ဖြူ မြို့လေးမြို့သို့ ရောက်ရှိလာကြပြီး အဝေးမှနေ၍ ပေခုနစ်ထောင် မြင့်သော သစ်ပင်ကြီးကို ကြည့်ကာ အံ့ဩမှင်တက်နေကြတော့သည်။
“မြူခိုးဂိုဏ်းကို မြန်မြန် ဆက်သွယ်ကြ။ ဖြစ်နိုင်ရင် ဝိညာဉ်တည်ငြိမ်အသီးတွေကို ဈေးကြီးပေးပြီး ဝယ်ရမယ်”
“ဟုတ်ကဲ့ပါ ”
အင်အားစုကြီးများမှ လူများ အပြေးအလွှား လှုပ်ရှားကုန်ကြတော့၏။
--