အခန်း ၆၅၂
Vol. 44 Ch. 652
အခန်း (၆၅၂) ဒါဆို ငါတို့ လုပ်ခဲ့တဲ့ တာဝန်က အလကား ဖြစ်သွားတာပေါ့
အင်အားစုကြီးများမှ ကိုယ်စားလှယ်များသည် မြူခိုးဂိုဏ်းသို့ တိုက်ရိုက် မသွားဝံ့ကြ။ ရေပေါ်ဖြူ မြို့လေးမြို့၏ ဒုတိယမြို့စားထံသို့သာ သွယ်ဝိုက်၍ အရင် ဆက်သွယ်ကြသည်။
မြို့စားမင်း အိမ်တော်အတွင်း၌ ဖြစ်သည်။
ဒုတိယမြို့စားသည် ခေါင်းဆောင်နေရာတွင် ထိုင်နေ၏။
သူသည် ဧည့်သည်အဖြစ် ရောက်ရှိနေသော အင်အားစု အသီးသီးမှ ကိုယ်စားလှယ်များကို ကြည့်ကာ မျက်နှာပူနေရရှာသည်။ အမှန်အတိုင်း ပြောရလျှင် သူသည် ဒုတိယမြို့စား ဖြစ်သော်လည်း မြူခိုးဂိုဏ်း၏ ကိစ္စရပ်များတွင် လုံးဝ ဝင်စွက်ဖက်ခွင့် မရှိပေ။ ဤကိစ္စကို ကုန်းချင်းချိုးနှင့်သာ ဆွေးနွေးရမည် ဖြစ်၏။
“လူကြီးမင်းတို့ ... ဒီကိစ္စကို လောစရာ မလိုပါဘူး။ မြို့စားမင်း ... အဲ မြူခိုးဂိုဏ်းက အကြီးအကဲကုန်း ပြန်လာမှသာ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချနိုင်မှာပါ ”ဒုတိယမြို့စားက လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။
“မလောပါဘူး ... ကျွန်တော်တို့ စောင့်နိုင်ပါတယ် ”
ကိုယ်စားလှယ် အားလုံးမှာ မြို့စားအိမ်တော်တွင် နေရာယူလိုက်ကြသည်။ သူတို့သည် ဝိညာဉ်တည်ငြိမ်အသီးများကို မမြင်ရမချင်း ပြန်မည်မဟုတ်သည့်အလား ခွာမည့်ပုံ မပေါ်ကြချေ။
ဤမြင်ကွင်းကို ကြည့်ကာ ဒုတိယမြို့စားမှာ အလွန် အကူအညီမဲ့နေတော့သည်။ သူသည် ထိုလူများကို နှင်ထုတ်ချင်သော်လည်း သူကိုယ်တိုင်မှာ ဓာတ်ကြီး ငါးပါး စုစည်းမှုအဆင့်သာ ရှိ၏။ ဧည့်သည်များမှာ မူလနတ်ဘုရားအဆင့် ပညာရှင်များ ဖြစ်ကြသည်။ ဘယ်လိုလုပ် နှင်ထုတ်နိုင်မည်နည်း။ တိုက်ခိုက်လျှင်လည်း နိုင်မည်မဟုတ်သဖြင့် အခြေအနေကို ဒီအတိုင်းသာ လွှတ်ထားလိုက်ရတော့သည်။
သဲကန္တာရလွင်ပြင် လျှို့ဝှက်နယ်မြေ။
သုံးရက် ကုန်ဆုံးသွား၏။ လူတိုင်းသည် လျှို့ဝှက်နယ်မြေမှ ထွက်ခွာလာကြပြီး သဲကန္တာရထက်တွင် စုဝေးလိုက်ကြသည်။
"ဝုန်း ..."
ဧရာမ နန်းတော်ကြီး၏ တံခါးများ ဖြည်းညှင်းစွာ ပိတ်သွားသည်။
အောက်ဘက်ရှိ သဲကန္တာရ မြေပြင် လှည့်ပတ်သွားကာ
ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
၎င်းက နန်းတော်ကြီးကို တစ်ပါတည်း ဝါးမြိုပစ်လိုက်သည်။
နန်းတော်ကြီး လုံးဝ ပျောက်ကွယ်သွားတော့၏။
ဤလေ့ကျင့်ရေး ခရီးစဉ်မှာ ပြီးဆုံးသွားလေသည်။
“အစ်ကိုကြီး ... ဝိညာဉ်တည်ငြိမ်အသီး ဘယ်နှစ်လုံး ရခဲ့လဲ ”
“ငါလား ... ငါ ငါးလုံး ရတယ် ”
ရှီလေးသည် လက်ကို ဖြန့်ပြလိုက်သည်။
လက်မအရွယ်အစားရှိသော နီရဲသည့် ဝိညာဉ်အသီး ငါးလုံး ရှိနေသည်။
“ကျွန်မက ဆယ့်ငါးလုံး ရတယ် ”ယန်ရူယွီက ဝိညာဉ်တည်ငြိမ်အသီး (၁၅) လုံး ပါဝင်သော ခြင်းတောင်းလေးကို ကိုင်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
“အစ်ကိုကြီး ကြည့်စမ်း ... ဒီအသီးတွေက တော်တော် ကြီးပြီး နီရဲနေတာပဲ.. အရည်အသွေးက သေချာပေါက် ထိပ်တန်းပဲ ”
“ဟုတ်တယ် ... ငါ့အသီးတွေထက် ပိုကြီးပြီး ပိုနီနေတာပဲ ”ရှီလေးက ခေါင်းကုတ်ကာ ရိုးသားစွာ ပြုံးလိုက်သည်။
မိုယင်၊ ဟိုယွင်ကျဲနှင့် အခြားတပည့်များသည်လည်း ကိုယ်စီ ရရှိလာသော အသီးများကို ထုတ်ပေးကြသည်။ အချို့က ဒါဇင်နှင့်ချီ၍ ရကြပြီး အချို့ကမူ အနည်းငယ်သာ ရကြသည်။ စုစုပေါင်း မြူခိုးဂိုဏ်းအတွက် ဝိညာဉ်တည်ငြိမ်အသီး (၈၀၀) ကျော် ရရှိခဲ့သည်။ ဝိညာဉ်စုစည်းဆေးလုံးများ သို့မဟုတ် ဝိညာဉ်တည်ငြိမ်ဆေးရည်များ အမြောက်အမြား ဖော်စပ်ရန် လုံလောက်လှပေသည်။
ကုန်းချင်းချိုးသည် ခြင်းတောင်းထဲရှိ အသီးများကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။
“ကြည့်ရတာ အားလုံး အများကြီး ရလာကြတာပဲ.. ဒီတစ်ခေါက် လေ့ကျင့်ရေး ပြီးပြီ။ ဂိုဏ်းကို ပြန်ကြစို့ ”
သူမသည် ဝတ်ရုံစကို ဝှေ့ယမ်းလိုက်သည်။ အားလုံးကို နေရာရွှေ့ပြောင်း ခေါ်ဆောင်သွားသည်။
သဲကန္တာရထက်တွင်..
ကျုံးယွမ် မြို့စား၊ တင်းချန်းနှင့် အခြားမြို့စားများမှာလည်း ကိုယ်စီ အသီးအနှံများကို ရရှိခဲ့ကြသည်။ မြို့တစ်မြို့လျှင် အနည်းဆုံး ဝိညာဉ်တည်ငြိမ်အသီး (၁၀၀) ကျော်စီ ရရှိကြသဖြင့် မူလနတ်ဘုရားအဆင့် ပညာရှင် အချို့ကို မွေးထုတ်ပေးနိုင်ရန် လုံလောက်နေပြီ ဖြစ်၏။
“ဟက် ... ဒီတစ်ခေါက် ဒီလောက် အများကြီး ရလိမ့်မယ်လို့ မထင်ထားဘူး။ နောင်ဆိုရင် ငါတို့လည်း မူလနတ်ဘုရားအဆင့် အင်အားစုတွေ ဖြစ်လာနိုင်တဲ့ အခွင့်အရေး ရှိလာပြီ
“ဒီတစ်ခေါက် ဂိုဏ်းချုပ်ယဲ့သာ ဝင်မပါရင် ... ငါတို့ အားလုံး ရုတ်တရက် ပေါ်လာတဲ့ ဟိုသုံးမျက်လုံး ဘီလူးတွေရဲ့ လက်ချက်နဲ့ သေကုန်လောက်ပြီ ”
“ငါ မြို့ကို ပြန်ရောက်တာနဲ့ ဂိုဏ်းချုပ်ယဲ့အတွက် ရုပ်တုတစ်ခု တည်ဆောက်မယ်.. ကျေးဇူးဆပ်တဲ့အနေနဲ့ နေ့ရောညပါ အမွှေးတိုင် ထွန်းပြီး ပူဇော်မယ်
“အဲ့ဒီအစား ဂိုဏ်းချုပ်ယဲ့ဆီ တပည့်တွေ ပိုပို့ပေးလိုက်ပါလား။ သူက မြူခိုးဂိုဏ်းအတွက် တပည့်သစ် စုဆောင်းရတာကို အကြိုက်ဆုံးပဲ မဟုတ်လား ... ... ... ” တစ်ယောက်က အကြံပြုလိုက်သည်။
“မင်း ပြောတာ သဘာဝကျတယ်.. ငါ ပြန်ရောက်တာနဲ့ ကောင်မလေးတွေ အများကြီး ထပ်ယူမယ်.. ပါရမီရှင် ကလေးတွေ အမြန်ဆုံး မွေးပြီး မြူခိုးဂိုဏ်းဆီ ပို့ပေးမယ်.. လူတိုင်း အားကျရတဲ့ မြူခိုးဂိုဏ်း တပည့်တွေ ဖြစ်လာအောင် လုပ်မယ် ”
“မင်းက မိန်းမ ထပ်ယူချင်နေတာ မဟုတ်လား ”
“အဟမ်း ... အကုန်လုံး ပွင့်ဟကုန်တော့မယ်.. ကဲ ကဲ ... လူစုခွဲကြစို့ ”
မြို့စားကြီး ငါးဦးသည် လက်နှစ်ဖက်ကို ဆုပ် နှုတ်ဆက်ကြသည်။ ထို့နောက် တောင်မင်နိုင်ငံဆီသို့ ကိုယ်စီ ပျံသန်းသွားကြပြီး မကြာမီ လမ်းခွဲသွားကြတော့သည်။
မြူခိုးဂိုဏ်း။
ကုန်းချင်းချိုးသည် တပည့်တစ်ရာကို ဦးဆောင်ကာ မြူခိုးတောင်ထိပ်သို့ ပြန်ရောက်လာသည်။ ယဲ့ဖုန်းထံ သတင်းပို့ရန် ပြင်ဆင်နေစဉ် မြေပြင်ပေါ်ရှိ ပေခုနစ်ထောင် မြင့်မားသော ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးကို မြင်လိုက်ရသည်။ အားလုံးမှာ နေရာမှားရောက်လာသလားဟု ထင်မှတ်သွားကြသည်။
“ဒါ ... ဒါ ဘာကြီးလဲ ”
“ပေသောင်းချီ မြင့်တဲ့ အမိုက်စား သစ်ပင်ကြီး ပါလား ”
“ဟိုးမှာ ကြည့်စမ်း ... အပေါ်ပိုင်းက လူပုံစံနဲ့ နှာခေါင်းတွေ မျက်နှာတွေပါ ပါသေးတယ်.. သူ့ရဲ့ အရှိန်အဝါကလည်း ကြောက်စရာကြီးပဲ.. အထွတ်အထိပ် အကြီးအကဲ (၁၈) ယောက်ကို ရင်ဆိုင်နေရသလို ခံစားရတယ် ”
ရှီလေးနှင့် အခြားတပည့်များမှာ ဧရာမ သစ်ပင်ကြီးကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့ ထွက်သွားသည်မှာ သုံးရက်သာ ရှိသေးသည်။ ဝိညာဉ်ရေကန်ဘေး၊ မြူခိုးတောင်ထိပ်၏ အရှေ့မြောက်ဘက် တောင်ခြေတွင် ဤမျှ ကြီးမားသော သစ်ပင်ကြီးတစ်ပင် ရုတ်တရက် ပေါ်ပေါက်လာလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ တကယ်ကို အံ့ဩစရာပင်။
တပည့်များ၏ အာမေဍိတ်သံများကြောင့် မျိုးဆက်သစ်ပင်ကြီး၏ အာရုံစိုက်မှုကို ရရှိသွားသည်။ ၎င်းသည် ကိုယ်ကို ကိုင်းညွတ်လိုက်သည်။ ကြီးမား ကြည်လင်သော မျက်လုံးကြီးများဖြင့် တောင်ထိပ်ပေါ်ရှိ တပည့်များကို ကြည့်ကာ ပြုံးလိုက်သည်။
“ကောင်လေးတို့ ... ငါတို့ ရေစက်ပါတယ်ကွ ”
ထိုစကားကို ကြားသောအခါ နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်သည် မျက်လုံးလန်သွားတော့သည်။
‘လာပြန်ပြီ ... နောက်တစ်ခါ လာပြန်ပြီ ... ... ... ’
ထင်းရှူးပင်ကြီးမှာ မျိုးဆက်သစ်ပင်ကြီးကို လုံးဝ ကြည့်မရတော့ချေ။ အသီးများကို သူကိုယ်တိုင် အပင်ပန်းခံ စိုက်ပျိုးပေးထားရသည်။ သို့သော် နာမည်ကောင်းကို သစ်ပင်ကြီးက အကုန် ယူသွားသည်။ အရှက်မရှိလိုက်တာ။
“စီ ... စီနီယာကြီးက ဘယ်သူလဲ ”ကုန်းချင်းချိုးသည် တပည့်များ၏ အရှေ့တွင် ရပ်ကာ သစ်ပင်ကြီးကို လက်နှစ်ဖက်ကို ဆုပ်လျက် ကျယ်လောင်စွာ မေးလိုက်သည်။
“အကြီးအကဲကုန်း ... ဒါက ဂိုဏ်းချုပ် ခုနလေးတင် ဝိညာဉ်မူလနယ်မြေထဲက (၉) ခုမြောက် တိုက်ပွဲနယ်မြေကနေ ခေါ်လာတဲ့ ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးပဲ ”ဝမ်လင်းက ရှေ့ထွက်ကာ ရှင်းပြလိုက်သည်။
“ဘာသစ်ပင် ”ကုန်းချင်းချိုး၊ ရှီလေးနှင့် အခြားတပည့်များမှာ နားကြားမှားသလားဟု ထင်မှတ်သွားကြပြီး မယုံကြည်နိုင်သော မျက်နှာထားများ ဖြစ်သွားကြ၏။
“ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးပါ.. အခုဆိုရင် ငါတို့ ဂိုဏ်းရဲ့ ဒုတိယမြောက် ဂိုဏ်းစောင့်အကြီးအကဲ ဖြစ်သွားပါပြီ။ ဝိညာဉ်တည်ငြိမ်အသီးတွေကို သီးသန့် စိုက်ပျိုးပေးမယ့် အဆင့်မြင့် နတ်ဆိုးဧကရာဇ်အဆင့် သစ်ပင်ကြီးပါ ”ဒုတိယမျိုးဆက် တပည့်ဖြစ်သူ ရှန်ယွီက ဝင်ရောက် ရှင်းပြလိုက်သည်။ သူသည် ဤတစ်ကြိမ် သဲကန္တာရ လျှို့ဝှက်နယ်မြေသို့ မသွားခဲ့သဖြင့် သစ်ပင်ကြီး၏ နောက်ခံကို သိရှိနေခြင်း ဖြစ်သည်။
“ဟင် ”
ကုန်းချင်းချိုးနှင့် အခြားသူများ ဆွံ့အသွားကြသည်။
ဒါက ဝိညာဉ်တည်ငြိမ်အသီးတွေကို သီးသန့် စိုက်ပျိုးပေးမယ့် မျိုးဆက်သစ်ပင်ကြီးလား။
ဒါဆိုရင် ငါတို့ မြူခိုးဂိုဏ်းက အပြင်ထွက်ပြီး ဝိညာဉ်တည်ငြိမ်အသီးတွေကို ရှာစရာ မလိုတော့ဘူးပေါ့..
ထိုသို့ တွေးမိသည်နှင့် ကုန်းချင်းချိုးသည် လက်ထဲရှိ ခြင်းတောင်းကို လွှတ်ချလိုက်မိသည်။ သူမ၏ အကြည့်များသည် ထင်းရှူးပင်ကြီး၏ နွယ်ပင်ပေါ်ရှိ အသီးထောင်ပေါင်းများစွာထံသို့ ရောက်သွားသည်။ ခြင်းတောင်းထဲရှိ အသီးများမှာ လုံးဝ ဆွဲဆောင်မှု မရှိတော့သလို ခံစားလိုက်ရ၏။
ဂိုဏ်းထဲမှာ ဒီလောက် အများကြီး ရှိနေမှတော့ ... ငါတို့ အပြင်မှာ အပင်ပန်းခံပြီး သွားရှာနေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။
“ဒါဆို ... ငါတို့ လုပ်ခဲ့တဲ့ တာဝန်က အလကား ဖြစ်သွားတာပေါ့ ”ကုန်းချင်းချိုး တီးတိုး ရေရွတ်လိုက်မိသည်။
“အဟမ်း ... တကယ်တော့ အကြီးအကဲကုန်း ... ခင်ဗျားတို့ ဒီတစ်ခေါက် အပြင်သွားတာ အချည်းနှီးတော့ မဖြစ်ပါဘူး။ အနည်းဆုံးတော့ ... လေ့ကျင့်ရေး လုပ်သလို ဖြစ်သွားတာပေါ့ ... ... ... ” ထင်းရှူးပင်ကြီးက ချောင်းဟန့်ကာ ဖြေသိမ့်လိုက်သည်။
“ ... ... ... ”
ကုန်းချင်းချိုး စကားမပြောနိုင်တော့ချေ။
“အကြီးအကဲ လောင်ဆု ... ဂိုဏ်းချုပ်ရော ဘယ်မှာလဲ ”ကုန်းချင်းချိုးသည် သတင်းပို့ရန် သတိရသွားပြီး မေးလိုက်သည်။
“ဂိုဏ်းချုပ်က တံခါးပိတ် ကျင့်ကြံနေတယ် ... ... ... ” ထင်းရှူးပင်ကြီးက ယန်ရူယွီကို လှမ်းကြည့်လိုက်သည်။
“ရူယွီ ကောင်မလေး ... မြန်မြန်လာပြီး ငါ့ကို ကူစိုက်ပေးပါဦး ”
“ဟုတ်ကဲ့ ”
ယန်ရူယွီသည် ဆေးဖက်ဝင် အပင်များကို မြန်မြန် ကြီးထွားအောင် ပြုလုပ်ပေးရသည်ကို အလွန် သဘောကျသည်။
သူမသည် လေထဲသို့ ပျံတက်သွားသည်။ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ ဝိညာဉ်တည်ငြိမ်အသီး ထောင်ပေါင်းများစွာအပေါ်သို့ နှင်းပေါက်များပမာ အသက်ဓာတ် ဝိညာဉ်စွမ်းအားများကို ဖြန်းပက်လိုက်သည်။ အသီးများမှာ အလျင်အမြန် နီရဲလာပြီး ရင့်မှည့်လာကြသည်။
“ကောင်မလေး ... မင်းရဲ့ ပါရမီက တကယ် ကောင်းကင်ကို အန်တုနိုင်တာပဲ.. ဒဏ္ဍာရီထဲက အသက်ဓာတ် ဝိညာဉ်ကိုယ်ထည်များလား ... ... ... ” မျိုးဆက်သစ်ပင်ကြီးက မချီးကျူးဘဲ မနေနိုင်တော့ချေ။
“ရှေးဟောင်းသစ်ပင် ဘိုးဘိုးကြီးရဲ့ အမြင်က တကယ် စူးရှတာပဲ.. ကျွန်မက အသက်ဓာတ် ဝိညာဉ်ကိုယ်ထည်ပါ.. ဂိုဏ်းချုပ်က ကျွန်မကို ဆေးဖက်ဝင် အပင်တွေ မြန်မြန် ကြီးထွားအောင် လုပ်နိုင်တယ်လို့ ပြောဖူးပါတယ် ... ... ... ” ယန်ရူယွီက ခေါင်းညိတ်ပြလိုက်သည်။
“ဟီးဟီး ... မင်းက ငါ့ကို ရှေးဟောင်းသစ်ပင် ဘိုးဘိုးကြီးလို့ ခေါ်တယ်ပေါ့.. တကယ် ချစ်စရာ ကောင်းတဲ့ ကလေးမလေးပဲ.. ကောင်းပြီ ... ဒါဆိုရင် မင်းနဲ့ ငါနဲ့ ရေစက်ပါတယ်.. မင်းကို အသီး အလုံး တစ်ရာ ... အဲ မဟုတ်ဘူး ... အလုံး တစ်ထောင် ပေးမယ်ကွ ” မျိုးဆက်သစ်ပင်ကြီးက အားရပါးရ ရယ်မောလိုက်သည်။ ၎င်း၏ အသံမှာ မိုးခြိမ်းသံပမာ ဟိန်းထွက်ပြီး နားစည်ကွဲမတတ် ဆူညံသွားသည်။
ထင်းရှူးပင်ကြီး၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားတော့၏။
‘သောက်ကျိုးနည်း။
ငါတို့ ရေစက်ပါတယ် ဆိုတဲ့ စကားကိုပဲ အမြဲ ပြောတတ်ပြီး ဝိညာဉ်တည်ငြိမ်အသီးတွေကို လျှောက်ပေးနေတာ ... ငါ့ခံစားချက်ကိုရော ထည့်တွေးပေးရဲ့လား ... ... ... ။
အခု အသီးတွေကို ပြုစုပျိုးထောင်ပေးနေတာ ငါကွ ...
ထင်းရှူးပင်ကြီးသည် စိတ်ထဲမှ ဒေါသတကြီး အော်ဟစ်နေမိသည်။
တိုက်ခိုက်လျှင် နိုင်မည်မဟုတ်သဖြင့်သာ ငြိမ်နေရခြင်းပါ။ မဟုတ်လျှင် တည်ငြိမ်သော ထင်းရှူးပင်ကြီးသည် မြေကြီးထဲမှ ရုန်းထွက်ကာ မျိုးဆက်သစ်ပင်ကြီးနှင့် ကမ္ဘာပျက်မတတ် အသေအလဲ တိုက်ခိုက်မည်မှာ သေချာလှပေသည်။
“အရှက်မရှိတဲ့ အဘိုးကြီး ”ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်ကြီး အတွင်း၌ ယဲ့ဖုန်းက တီးတိုး ပြောလိုက်၏။
သူသည် ‘ဟင်းလင်းပြင် သိုင်းကျမ်း’ ပထမအတွဲကို အပြင်းအထန် လေ့ကျင့်နေခြင်း ဖြစ်သည်။ သို့သော် အပြင်ဘက်မှ အဖြစ်အပျက် အားလုံးကို သူ သိရှိနေသည်။
သစ်ပင်ကြီးမှာ ရင့်ကျက် တည်ငြိမ်မည်ဟု သူ ထင်မှတ်ထားခဲ့၏။
သို့သော် ဤကောင်ကြီးမှာ စကားများပြီး ကောက်ကျစ်စဉ်းလဲသော အရှက်မရှိသည့် အဘိုးကြီး ဖြစ်နေမည်ဟု မည်သူ ထင်မည်နည်း။
"ရွှစ်..."
ယဲ့ဖုန်း၏ အရှေ့ရှိ ‘ဟင်းလင်းပြင် သိုင်းကျမ်း’ လျင်မြန်စွာ ပြိုကွဲသွားကာ ဖြူစင်သော အလင်းတန်းများစွာ ထွက်ပေါ်လာ၏။
ယဲ့ဖုန်း၏ ကိုယ်တွင်းသို့ စီးဝင်သွားစဥ် သူ၏ အသိစိတ်များက အမည်မသိ ချောက်နက်ကြီးထဲသို့ ကျဆင်းသွားတော့သည်။
“လာပြီ ”
ယဲ့ဖုန်းက အသက်အောင့်လိုက်သည်။
သူ့မျက်လုံးများ ပြူးကျယ်သွားတော့၏။
--