အခန်း ၆၅၅
Vol. 44 Ch. 655
အခန်း (၆၅၅) နဂါးမျိုးနွယ်၏ အကြီးအကဲ (၁၆) ၊ အော့ချွမ်း၏ အဆင့်တက်ခြင်းနှင့် ကပ်ဘေးကို ဖြတ်ကျော်ခြင်း
နဂါးမျိုးနွယ်၏ အကြီးအကဲ (၁၆) ၏ အမြင်တွင် ဤဂိုဏ်းမှာ အလွန် အားနည်းလွန်းလှသည်။ ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးမှလွဲ၍ တိုက်ခိုက်နိုင်စွမ်းရှိသူ တစ်ဦးမျှ မရှိပေ။
“ဂိုဏ်းချုပ် ... ဒီကောင်က အဆင့်မြင့် နတ်ဆိုးဧကရာဇ်လေးပါ.. တော်တော် အားနည်းတာပဲ ”
ထိုအချိန်တွင် ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးသည်လည်း ကောင်းကင်ယံမှ အကြီးအကဲ (၁၆) ကို မြင်တွေ့လိုက်ရပြီး လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ သန်းပင် ဝေလိုက်သေး၏။
“ဟာ ... အဆင့်မြင့် နတ်ဆိုးဧကရာဇ်လေးပဲလား ”
“ကြည့်ရတာ တော်တော် ခန့်ညားပြီး ကြောက်စရာကောင်းမယ့် ပုံပဲ.. ဒါပေမဲ့ သူရဲ့ ကျင့်ကြံခြင်းအဆင့်က တော်တော် နိမ့်တာပဲ.. လင်ဟွေ ဘိုးဘေးလောက်တောင် မမြင့်ဘူး ”
“ဒါနဲ့ ... လင်ဟွေ ဘိုးဘေး သေသွားပြီလား ”
မြူခိုးဂိုဏ်း၏ တပည့်များသည် အကြီးအကဲ (၁၆) ၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိသွားသောအခါ သူတို့၏ ကြောက်ရွံ့မှုများ အားလုံး လေထဲတွင် လွင့်ပျောက်သွားတော့သည်။ ကြီးမားသော တိုက်ပွဲကြီးများကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးထားသဖြင့် သူတို့မှာ အရာရာကို ခပ်အေးအေးသာ တုံ့ပြန်တတ်နေပြီ ဖြစ်၏။
သူတို့၏ ခွန်အားက မမြင့်မားသော်လည်း အဆင့်မြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့်များနှင့် ထိပ်တန်း ကောင်းကင်ဧကရာဇ်အဆင့်များ၏ တိုက်ပွဲများကို မြင်တွေ့ဖူးပြီးနောက် အဆင့်မြင့် နတ်ဆိုးဧကရာဇ် ဆိုသည်မှာ အလွန် အားနည်းသည်ဟု ခံစားနေကြရသည်။
ဤခွန်အားမျိုးမှာ ဂိုဏ်းချုပ်ယဲ့ ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ရန်ပင် မထိုက်တန်ပေ။ ဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ (၁၈) ပါး၏ သွားကြားညပ်ရန်ပင် လောက်မည် မဟုတ်ချေ။
“မင်းတို့ ကောင်တွေ ငါ့ကို အထင်သေးရဲတယ်ပေါ့ ... သေချင်နေကြတာလား ”
အကြီးအကဲ (၁၆) သည် တပည့်များ၏ ပြောစကားများကို ကြားလိုက်ရပြီး ဒေါသကြောင့် နှာခေါင်းမှ အငွေ့များ ထွက်လာတော့သည်။ သူ၏ မျက်နှာမှာ မီးဖိုထဲမှ ထုတ်ခါစ သံတုံးပမာ နီရဲနေပြီး အပူလှိုင်းများ ဖြာထွက်နေ၏။
“အစစ်အမှန်နဂါး တံဆိပ်တုံး ... သေစမ်း”
သူသည် လက်သည်းများဖြင့် လက်ဟန်များ ရေးဆွဲလိုက်သည်။ အစစ်အမှန်နဂါးတစ်ကောင် ရစ်ခွေနေသော စတုရန်းပုံ တံဆိပ်တုံးတစ်ခု ပေါ်လာပြီး အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ထိုအခိုက်အတန့်တွင် ဥက္ကာပျံတစ်လုံး ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသကဲ့သို့ ရှိနေတော့သည်။ ကောင်းကင်ယံပင် ညည်းတွားနေသကဲ့သို့ ထင်ရ၏။
သို့သော် ယဲ့ဖုန်းသည် လက်ချောင်းတစ်ချက်သာ ခေါက်လိုက်သည်။
"ရွှစ်..."
အစစ်အမှန်နဂါး တံဆိပ်တုံးမှာ ကျယ်လောင်သော အသံကြီးနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။
“ဒါ ... ဒါက ”
အကြီးအကဲ (၁၆) မှာ ဆွံ့အသွားသည်။
‘အစစ်အမှန်နဂါး တံဆိပ်တုံးကို လက်ချောင်းတစ်ချက်တည်းနှင့် ဖျက်ဆီးပစ်နိုင်တယ် ဆိုတော့ ... ဒီတည်ငြိမ်နေတဲ့ လူငယ်လေးက လူသားမျိုးနွယ်ရဲ့ ကောင်းကင်ဧကရာဇ်အဆင့် ပညာရှင်များလား ... ... ... ။
သွားပြီ ... ။
ငါ သံပြားကို တက်နင်းမိသွားပြီ ... ‘
အကြီးအကဲ (၁၆) ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူလျော့သွားပြီး တုန်ရီလာတော့၏။
ထိုအခိုက်အတန့်တွင် မြူခိုးတောင်ထိပ်မှ အဆင့်မြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့် အရှိန်အဝါ (၁၈) ခု ထွက်ပေါ်လာပြီး အထွတ်အထိပ် အကြီးအကဲ (၁၈) ဦး ပေါ်ထွက်လာသည်။
အရိပ်နက် မိစ္ဆာဂိုဏ်းချုပ်မှာ ဒေါသကြီးသူ ဖြစ်၏။
သူ ပေါ်လာသည်နှင့် အကြီးအကဲ (၁၆) ကို လက်ညှိုးထိုးကာ ရက်စက်စွာ ဆူပူလိုက်သည်။
“ဘယ်က ကောင်လေးက ဒီမှာ လာပြီး ဟောင်နေတာလဲ ”
ထိုမြင်ကွင်းကို မြင်သောအခါ အကြီးအကဲ (၁၆) ၏ သူငယ်အိမ်များ ကျုံ့သွားတော့သည်။
“ဟင်းလင်းပြင်ဖြိုခွဲအဆင့် (၇) (၁၈) ယောက် တောင် ပါလား။ တစ်ယောက်ချင်းစီက ငါ့ထက် ပိုသန်မာနေတယ်.. ဒါ ... ဒါက ဘယ်လို အင်အားစုကြီးလဲ ”
သူ တကယ် ကြောက်သွား၏။
ဤအင်အားစုမှာ နဂါးမျိုးနွယ်စုနှင့် မယှဉ်နိုင်သော်လည်း သူ့ကိုတော့ အလွယ်တကူ ခြေမှုန်းပစ်နိုင်စွမ်း ရှိသည်။
ထိုသို့ တွေးမိသည်နှင့် အကြီးအကဲ (၁၆) သည် လှည့်ထွက်ကာ လူအများရှေ့တွင်ပင် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ခုန်ဝင်ရန် ပြင်လိုက်၏။
“ပြေးနိုင်မယ် ထင်နေတာလား ”
အရိပ်နက် မိစ္ဆာဂိုဏ်းချုပ်နှင့် စိမ်းပြာရောင် ဓားဘိုးဘေးတို့ အပါအဝင် အကြီးအကဲ (၁၈) ဦးစလုံး တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြသည်။ စွမ်းအင်များဖြင့် ပြုလုပ်ထားသော ကြိုးတစ်ချောင်းဖြင့် အကြီးအကဲ (၁၆) ကို ဖမ်းချည်ကာ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ အကြမ်းပတမ်း ဆွဲထုတ်လိုက်ကြသည်။
"ဝုန်း ..."
အကြီးအကဲ (၁၆) သည် မျှောလွင့်တိမ်တိုက် တောအုပ်အနီးရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ မြေမှုန့်များ ကောင်းကင်သို့ လွင့်စင်သွားတော့၏။
ဤမြင်ကွင်းကို ကြည့်ရှုနေကြသော အင်အားစု အသီးသီးမှ လူများမှာ လက်ခုပ်တီးကာ အားပေးနေကြသည်။
“ရွှံ့ငါးလေး တစ်ကောင်ကများ ငါတို့ မြူခိုးဂိုဏ်းမှာ လာပြီး ရမ်းကားရဲတယ်.. ဘယ်သူက မင်းကို သတ္တိတွေ ပေးထားတာလဲ ”
အရိပ်နက် မိစ္ဆာဂိုဏ်းချုပ်သည် ‘ကောင်းကင်မိစ္ဆာ သွေးရူးတံဆိပ်တုံး’ ကို ထုတ်သုံးလိုက်ရာ အကြီးအကဲ (၁၆) မှာ သွေးသံရဲရဲ ဖြစ်သွားတော့၏။
“ရပ် ... ရပ်ပါတော့ ”
အကြီးအကဲ (၁၆) က အမြန် အသနားခံလိုက်သည်။
“မင်းတို့ ငါ့ကို သတ်လို့ မရဘူး။ ငါက နဂါးမျိုးနွယ်စုရဲ့ အကြီးအကဲ (၁၆) ပဲ.. ရာထူး အာဏာ ကြီးမားတယ်.. ငါတို့ မျိုးနွယ်စုမှာ သူတော်စင်အဆင့် ပညာရှင်တွေ ရှိတယ်.. မင်းတို့ ငါ့ကို သတ်ရဲရင် ”
“ဟောင်နေတုန်းပဲလား ... ပါးရိုက်”
အရိပ်နက် မိစ္ဆာဂိုဏ်းချုပ်က နောက်ထပ် တံဆိပ်တုံးတစ်ခုကို ထပ်ထုတ်ကာ အကြီးအကဲ (၁၆) ၏ ပါးစပ်ကို ရိုက်ချလိုက်သည်။ သွားများ အကုန် ကျွတ်ထွက်သွားပြီး စကားမပြောနိုင်တော့ဘဲ ညည်းတွားနေရရှာ၏။
“တော်ပြီ ”
ယဲ့ဖုန်းသည် လက်ကာပြကာ အရိပ်နက် မိစ္ဆာဂိုဏ်းချုပ်ကို တားလိုက်သည်။
အကြီးအကဲ (၁၆) သည် မျှော်လင့်ချက် ရောင်ခြည်လေး မြင်လိုက်ရသဖြင့် ယဲ့ဖုန်းကို စူးစိုက်ကြည့်ကာ စွမ်းအင်ကို သုံး၍ အသံလွှင့်လိုက်၏။
“ဘာလဲ ... ငါ့မျိုးနွယ်စုမှာ သူတော်စင်တွေ ရှိတယ်ဆိုတာ ကြားတော့ ကြောက်သွားပြီလား။ ငါ့ကို လွှတ်ပေးတော့မလို့လား ”
“လုံးဝ မဟုတ်ဘူး ”
ယဲ့ဖုန်းက ခေါင်းခါလိုက်သည်။
“ဟင် ... ... ... ” အကြီးအကဲ (၁၆) မှာ ကြောင်အသွား၏။
ယဲ့ဖုန်း လက်ချောင်းများကို ဓားတစ်လက်ပမာ ဖန်တီးလိုက်ကာ အသာအယာ ခုတ်ပိုင်းလိုက်၏။
အနက်နှင့် အဖြူ ရောယှက်နေသော ဓားအလင်းတန်း ထွက်ပေါ်လာ၍ အကြီးအကဲ (၁၆) ၏ ကိုယ်ခန္ဓာကို ဖြတ်သန်းသွား၏။
ဓားချီက အကြိမ်ပေါင်းများစွာ ခေါက်တုံ့ခေါက်ပြန် ခုတ်ပိုင်းသွားသည်။
“ဒါ ... ဘာခွန်အားလဲ ”
အကြီးအကဲ (၁၆) သူ၏ သက်တမ်းများ တစ်ဟုန်ထိုး ကုန်ဆုံးသွားသည်ကို ခံစားလိုက်ရသည်။
ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပင်
သူ၏ အသက်ဓာတ်များ လုံးဝ ပျောက်ကွယ်သွားတော့၏။
“သက်တမ်း အနှစ်လေးထောင်လောက်လား။ မဆိုးဘူး ”
ယဲ့ဖုန်း လက်ကို ဆန့်ထုတ်လိုက်ရာ အနက်နှင့် အဖြူ ရောယှက်နေသော ဓားရိပ်လေး သူ၏ လက်ဝါးပေါ်တွင် ပေါ်လာသည်။ ၎င်းမှာ အချိန်နှင့် ဟင်းလင်းပြင် သတ်ဖြတ်ခြင်းဓား ပင် ဖြစ်၏။
တစ်ခဏအတွင်းမှာပင် အကြီးအကဲ (၁၆) ၏ သက်တမ်း အနှစ်လေးထောင်ကျော်ကို ဝါးမြိုကာ ချက်ချင်း သေဆုံးစေခဲ့ခြင်း ဖြစ်သည်။
“ဒါ ဘယ်လို နတ်ဘုရားစွမ်းရည်လဲ ”
“ငါ မြင်တာတော့ ဒီရွှံ့ငါးလေး ကိုယ်ပေါ်မှာ ဒဏ်ရာ တစ်ချက်မှ မရှိဘဲ ပွဲချင်းပြီး သေသွားတာပဲ.. ဒါက မူလဝိညာဉ်ကို သီးသန့် တိုက်ခိုက်တဲ့ နတ်ဘုရားစွမ်းရည်လား
အကြီးအကဲ (၁၆) သေဆုံးသွားသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ လူများ အားလုံးမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ မည်သူကမျှ သူ့ကို မသနားပေ။ ယဲ့ဖုန်း အသုံးပြုခဲ့သော နတ်ဘုရားစွမ်းရည်ကိုသာ သူတို့ စူးစမ်းလိုစိတ် ပြင်းပြနေကြခြင်းသာ။
“ဝိညာဉ်သွေး လွှဲပြောင်းခြင်း ”
ယဲ့ဖုန်းသည် လက်ကို ဆန့်ကာ လေထဲမှ ဖမ်းဆုပ်လိုက်သည့်အခိုက် အကြီးအကဲ (၁၆) ၏ ကိုယ်တွင်းရှိ သန့်စင်သော နဂါးသွေးမျိုးဆက်များမှာ ချက်ချင်းပင် ဆွဲထုတ်ခံလိုက်ရသည်။ လေထဲတွင် သန့်စင်သွားပြီးနောက် အော့ချွမ်းထံသို့ လွင့်ပျံသွားတော့၏။
“ဂိုဏ်းချုပ် ... ဒါက ... ကျွန်တော့်အတွက်လား ဗျ ”
အော့ချွမ်းသည် ကောင်းကင်မှ ကံကောင်းခြင်း ကြီးကြီးမားမား တစ်ခု ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။
“မင်းအတွက်ပေါ့ ... ... ... ”
ယဲ့ဖုန်းက ခေါင်းညိတ်လိုက်သည်။
“ဒီနေ့ မင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့်ကို တက်နိုင်ဖို့ ငါ ကိုယ်တိုင် ကူညီပေးမယ် ”
သူ၏ လက်တစ်ချက် တွန်းထုတ်လိုက်သည်နှင့် ဝိညာဉ်သားရဲဆောင်မှ သန့်စင်ထားသော နဂါးသွေးများမှာ အော့ချွမ်း၏ ကိုယ်တွင်းသို့ စီးဝင်သွားသည်။
အော့ချွမ်းသည် ခပ်သဲ့သဲ့ ညည်းတွားလိုက်ပြီး ပေတစ်သောင်း ရှည်လျားသော နဂါးနက်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
“ဂါး ”
အော့ချွမ်းသည် နဂါးသွေးများကို ဝါးမြိုလိုက်၏။ ထိုစဉ်၊ သူ၏ ကိုယ်ပေါ်ရှိ အမည်းရောင် နဂါးကြေးခွံများ၏ အစွန်းများမှာ အနီရောင် သန်းလာပြီး နေရောင်အောက်တွင် တောက်ပနေသည်။
သူသည် သွေးမျိုးဆက်များကို ပေါင်းစပ်နေခြင်း ဖြစ်၏။
သူ၏ ယခင် အမည်းရောင် နဂါးသွေးမျိုးဆက်မှာ 'နတ်ဆိုးဧကရာဇ် ကျင့်စဉ်' နှင့် သွေးမျိုးဆက် သန့်စင်ဆေးလုံးတို့၏ အကူအညီဖြင့် မူလအခြေအနေသို့ ပြန်ရောက်ကာ ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ယခု အနီရောင် နဂါးသွေးမျိုးဆက်နှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ သွေးမျိုးဆက်မှာ ပိုမို သန်မာလာတော့သည်။
ဒါက မျိုးရိုးပြောင်းလဲခြင်းနှင့် အလားသဏ္ဌာန် တူလှပေသည်။ သူ၏ အရှိန်အဝါများ ပိုမို နက်ရှိုင်းလာသည်။
"ဝုန်း ..."
နောက်ဆုံးတွင် အော့ချွမ်းသည် အတားအဆီးကို ကျော်ဖြတ်ကာ ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။ သူ၏ ဧရာမ နဂါးကိုယ်ထည်ကြီးမှာ တောက်ပသော အလင်းတန်းများဖြင့် လွှမ်းခြုံထားပြီး အလွန် သန့်စင်ကာ ခန့်ညားထည်ဝါနေတော့သည်။
“ဝုန်း ...ဝရော”
ကမ္ဘာပျက်ကပ် ကပ်ဘေးကြီးမှာ အချိန်ကိုက် ဆင်းသက်လာသွား၏။
အင်အားစု အသီးသီးမှ လူများသည် အဝေးတွင် ပုန်းအောင်းကာ မျက်လုံးပြူးလျက် ကြည့်နေကြသည်။
“မြူခိုးဂိုဏ်းက ဟင်းလင်းပြင်ဖြိုခွဲအဆင့် နတ်ဆိုးဧကရာဇ် ဝိညာဉ်သားရဲ တစ်ကောင် ထပ်ရသွားပြန်ပြီ။ တကယ် အားကျစရာပဲ ”
“ဟုတ်ပါ့ ... တကယ် အားကျစရာပဲ ”
“အားကျတော့ရော ဘာထူးမှာလဲ။ ဒါက မြူခိုးဂိုဏ်းလေ။ ဂိုဏ်းချုပ်ယဲ့ ရှိနေတာပဲ.. ဟင်းလင်းပြင်ဖြိုခွဲ ဧကရာဇ် ဒါဇင်လောက် ထပ်လာရင်တောင် ပုံမှန်ပဲလို့ သတ်မှတ်ရမှာပဲ ”
အင်အားစုကြီးများမှ လူများမှာ တီးတိုး ဆွေးနွေးနေကြသည်။
*
မြူခိုးတောင်ထိပ်တွင်..
ဟူဖေးဖေးသည် ကောင်းကင်ယံမှ ကောင်းကင်ကပ်ဘေးကို ကြည့်ကာ ပန်းရောင် နှုတ်ခမ်းလေးကို သပ်လိုက်သည်။ သူမက မိုးကြိုးများကို ဝါးမြိုချင်နေပုံ ရ၏။
သူမသည် အဆင့်မြင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ စွမ်းအင်များကို လုံလောက်အောင် ဝါးမြိုပြီးပါက အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာသို့ တက်လှမ်းနိုင်ပြီး သူမ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားမည်ပင်။
ယဲ့ဖုန်းသည် သူမ၏ အတွေးများကို သိရှိသွားပြီး ချက်ချင်းပင် တားဆီးလိုက်၏။
“အော့ချွမ်းရဲ့ ကပ်ဘေးက အရေးကြီးတယ်.. သူ ကိုယ်တိုင် ရင်ဆိုင်မှ အခြေခံ ပိုခိုင်မာမှာ။ မင်း အဆင့်တက်ချင်ရင် မူလအနှစ်သာရ အမြုတေကို ဝါးမြိုလို့ ရတယ် ”
ယဲ့ဖုန်းသည် အမြုတေတစ်ခုကို ထုတ်ပေးလိုက်သည်။
ဤအရာမှာ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်၏ အဆင့်မြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပညာရှင်များကို သတ်ဖြတ်ပြီး ရရှိလာသော အလွန်ကြီးမားသည့် စွမ်းအင်များ ပါဝင်သည့် အမြုတေ ဖြစ်၏။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် ”
ဟူဖေးဖေးသည် အမြုတေကို ပိုက်ကာ ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်ကြီးထဲသို့ ပြေးဝင်သွားပြီး စတင် ကိုက်စားနေတော့သည်။
[ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - (၅၅) ရာခိုင်နှုန်း]
... ... ...
[ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - (၈၅) ရာခိုင်နှုန်း]
ကောင်းကင်ဧကရာဇ်အဆင့် စွမ်းအင်များ ပါဝင်သည့် အမြုတေကို ဝါးမြိုပြီးသည်တိုင် ဟူဖေးဖေးမှာ အဆင့်မတက်နိုင်သေးပေ။
“ကြည့်ရတာ သူ အဆင့်တက်ဖို့ ပိုခက်လာပုံရတယ် ”ယဲ့ဖုန်းသည် နဖူးကို နှိပ်နယ်ကာ တီးတိုး ရေရွတ်လိုက်၏။
ကောင်းကင်ယံထက်တွင်၊ မိုးကြိုးတိမ်တိုက်များမှာ ဆက်လက် စုစည်းနေပြီး မိုင်ပေါင်း သောင်းချီအထိ ကျယ်ပြန့်လာကာ တောင်ပိုင်း မြစ်ဝှမ်းနယ်မြေ အများစုကို ဖုံးလွှမ်းသွားတော့သည်။
မြို့တော်ရှိ လင်မြောင် ဘိုးဘေးနှင့် အခြားသူများပင်လျှင် လန့်ဖြတ်သွားကြသည်။
“ဒါ ... အော့ချွမ်းပဲ.. သူ ဟင်းလင်းပြင်ဖြိုခွဲအဆင့်ကို တက်နေပြီ ”
လင်မြောင် ဘိုးဘေးသည် အဝေးသို့ လှမ်းကြည့်လိုက်ရာ အော့ချွမ်း ကပ်ဘေးကို ဖြတ်ကျော်နေသည်ကို တွေ့လိုက်ရပြီး ဘေးရှိ ကျန်းလင်း ဘိုးဘေးကို သတင်းပို့လိုက်တော့၏။
--