အခန်း ၆၅၆
Vol. 44 Ch. 656
အခန်း (၆၅၆) ရွှေနဂါး အကြီးအကဲချုပ် အော့ထျန်းကျင့်၊ အက်ကွဲကြောင်းနောက်ကွယ်မှ ခြိမ်းခြောက်မှု
လင်မြောင် ဘိုးဘေးသည် မြူခိုးဂိုဏ်းသို့ တစ်ကြိမ်မက ရောက်ဖူးသူ ဖြစ်သည်။ ကုန်းချင်းချိုး၊ ဝမ်လင်းနှင့် ရှီလေးတို့ အပါအဝင် ဂိုဏ်းအတွင်းရှိ လူအများအပြားကို သူ သိရှိနေ၏။ မြေခွေး တာ့ဟုန်နှင့်ပင် စကားစမြည် ပြောဖူးသေးသည်။ ထို့ကြောင့် သူသည် အော့ချွမ်းကို သေချာပေါက် မှတ်မိနေခြင်း ဖြစ်၏။
ဘေးတွင် ရှိနေသော ကျန်းလင်း ဘိုးဘေးက “ဒါက ပုံမှန်ပါပဲ.. အော့ချွမ်းက ဟင်းလင်းပြင်ဖြိုခွဲအဆင့်ကို တက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ အခု ဂိုဏ်းချုပ်ယဲ့ ကိုယ်တိုင် ကူညီပေးလိုက်တယ်ဆိုတော့ ဟင်းလင်းပြင်ဖြိုခွဲအဆင့်ကို အလွယ်တကူ တက်သွားတာ မဆန်းပါဘူး ... ” ဟု ပြောလိုက်သည်။
“ဟာ ... တကယ် အားကျစရာပဲ ... ” လင်မြောင် ဘိုးဘေး တီးတိုး ရေရွတ်လိုက်မိသည်။
သူသည် ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ တက်လှမ်းရန် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပြီးမှသာ အောင်မြင်ခဲ့ကာ လေးစားခံရသော ဘိုးဘေးကြီး တစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်၏။ သို့သော် အော့ချွမ်းနှင့် နှိုင်းယှဉ်လိုက်ပါက သူကိုယ်သူ အလွန် အားနည်းသည်ဟု ခံစားနေရရှာသည်။
“ငါလည်း အားကျတယ်ကွာ ... ” ကျန်းလင်း ဘိုးဘေးကလည်း မြူခိုးဂိုဏ်းဘက်သို့ စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူ၏ မျက်ဝန်းများမှာ မရပ်မနား တောက်ပနေ၏။
မြူခိုးဂိုဏ်း ကောင်းကင်ယံထက်တွင်..
နောက်ဆုံးတွင် မိုးကြိုးတိမ်တိုက်များ စုစည်းမှု ပြီးဆုံးသွား၏။ ရွှေရောင် မိုးကြိုးပေါင်းများစွာက ဒေါသတကြီး ဆင်းသက်လာပြီး အော့ချွမ်း၏ ကိုယ်ပေါ်ရှိ အနက်နှင့် အနီ ရောယှက်နေသော နဂါးကြေးခွံများကို ရိုက်ချိုးပစ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း အော့ချွမ်း၏ ကိုယ်ခန္ဓာ တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်သွားတော့၏။
“ဂါး ”
အော့ချွမ်း ဟိန်းဟောက်လိုက်သည်။ သူ၏ အသက်ဓာတ်နှင့် သွေးမျိုးဆက် စွမ်းအား အားလုံးကို အသုံးပြုကာ မိမိကိုယ်ကို ဖုံးလွှမ်းထားမည့် အနက်နှင့် အနီ ရောယှက်နေသော မူလချီ အကာအကွယ် တစ်ခုကို ဖန်တီးလိုက်သည်။
"ဂျွတ် ..."
မိုးကြိုးပေါင်းများစွာ ဆင်းသက်လာပြီး အကာအကွယ်ကို ထိုးဖောက်ကာ အော့ချွမ်း၏ ကိုယ်ခန္ဓာကို ရိုက်ခတ်သွားသည်။ သို့သော် ထိုဒဏ်ရာများမှာ သူ့ကို ပြင်းထန်စွာ ထိခိုက်စေရန် မလုံလောက်တော့ပေ။
“ဟားဟား ... တကယ့်ကို ရင်ခုန်စရာပဲ ... ”
အော့ချွမ်းသည် အစွမ်းကုန် ကြိုးစားကာ ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်နေသည်။
မြူခိုးဂိုဏ်း အတွင်း၌ အကြီးအကဲများ၊ စီမံခန့်ခွဲသူများ၊ ဝိညာဉ်သားရဲများနှင့် တပည့်များ အားလုံးမှာ ကောင်းကင်ယံမှ ကပ်ဘေးကြီးကို မော့ကြည့်နေကြသည်။ သူတို့သာ ကြိုးကြိုးစားစား ကျင့်ကြံပါက တစ်နေ့တွင် ဤအဆင့်သို့ ရောက်ရှိလာနိုင်မည် မဟုတ်ပါလား။ ဤသည်မှာ သူတို့အတွက် အတွေ့အကြုံသစ်များကို လေ့လာသင်ယူခွင့် ရရှိစေသော အဖိုးတန် အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်။
ရေပေါ်ဖြူ မြို့လေးမြို့အတွင်းရှိ အင်အားစု အသီးသီးမှ လူများသည်လည်း ကြည့်ရှုလေ့လာနေကြသည်။
ထိုစဉ် ကောင်းကင်ယံထက်တွင် ယဲ့ဖုန်းသည် မျက်ခုံးပင့်ကာ နဂါးမျိုးနွယ်၏ အကြီးအကဲ (၁၆) ဆွဲဖြဲခဲ့သော ဟင်းလင်းပြင် အက်ကွဲကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုအက်ကွဲကြောင်းမှာ ယခုထက်တိုင် ပြန်လည် မပိတ်သွားသေးပေ။
“ငါတို့ မျိုးနွယ်စုရဲ့ အကြီးအကဲကို ဘယ်သူကများ သတ်ရဲတာလဲ ... ”
အက်ကွဲကြောင်း နောက်ကွယ်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ဧရာမ ရွှေရောင် နဂါးလက်သည်း တစ်စုံက အက်ကွဲကြောင်း၏ ဘေးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အတင်း ဆွဲဖြဲလိုက်တော့သည်။
"ရွှစ်..."
အက်ကွဲကြောင်းမှာ အဆပေါင်းများစွာ ပိုမို ကြီးမားသွားသည်။
တောင်တန်းကြီးများထက်ပင် ကြီးမားလှသော ရွှေနဂါးခေါင်းကြီး ထွက်ပေါ်လာ၏။ ၎င်းထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကြောင့် ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားရသည်။ အထွတ်အထိပ် အကြီးအကဲ (၁၈) ဦးနှင့် ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး အပါအဝင် အဆင့်မြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပညာရှင်များ အားလုံး၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
“ဒါ ... ကောင်းကင်ဧကရာဇ်အဆင့် ရွှေနဂါးကြီး ပါလား ... ”
အရိပ်နက် မိစ္ဆာဂိုဏ်းချုပ်မှာ အလွန် ထိတ်လန့်သွားသည်။ ထိပ်တန်း ကောင်းကင်ဧကရာဇ် ရှောင်ချန်းထျန်းကို ယဲ့ဖုန်း အနိုင်ယူခဲ့သည်ကို သူ မျက်မြင်ကိုယ်တွေ့ ကြုံဖူးသော်လည်း၊ ဤရွှေနဂါး အကြီးအကဲချုပ်မှာလည်း ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦး၏ အရှိန်အဝါမျိုး ထုတ်လွှတ်နေပြီး ရှောင်ချန်းထျန်းထက်ပင် ပိုမို သန်မာနေသည်ဟု ထင်ရသည်။
ရွှေနဂါး အကြီးအကဲချုပ်၏ အေးစက်သော အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်နေသော အော့ချွမ်းကို မြင်တွေ့လိုက်ရသည်။ ထို့ပြင် အော့ချွမ်း၏ ကိုယ်ပေါ်ရှိ အနီရောင် နဂါးသွေးမျိုးဆက်ကိုလည်း သူ အာရုံခံမိသွား၏။ သူ၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားပြီး ကျယ်လောင်စွာ ဆူပူလိုက်သည်။
“မိုက်ရိုင်းလိုက်တာ။ မင်းက အကြီးအကဲ (၁၆) ကို သတ်ရုံတင်မကဘူး ... သူ့ရဲ့ သွေးမျိုးဆက်ကိုပါ ဝါးမြိုရဲတယ်ပေါ့.. သေချင်နေတာလား ... ”
သူ ပါးစပ်ကို ဟကာ နဂါးမီးတောက်များကို အော့ချွမ်းဆီသို့ တည့်တည့် မှုတ်ထုတ်လိုက်သည်။
ဤသည်မှာ ကောင်းကင်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ သာမန် တိုက်ခိုက်မှု တစ်ခုမျှသာ ဖြစ်သော်လည်း၊ ကပ်ဘေးကို အာရုံစိုက်နေရသော အော့ချွမ်း မဆိုထားနှင့် အရိပ်နက် မိစ္ဆာဂိုဏ်းချုပ်ကဲ့သို့ အဆင့်မြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပညာရှင်များပင် ခုခံနိုင်စွမ်း မရှိချေ။
“ဟွန်း ... ”
ယဲ့ဖုန်းသည် အေးစက်စွာ နှာခေါင်းမှုတ်လိုက်ပြီး လက်ကို မြှောက်ကာ လက်သီးတစ်ချက် ထိုးလိုက်သည်။
"ဝုန်း ..."
နဂါးမီးတောက်များမှာ ယဲ့ဖုန်း၏ လက်သီးချက်ကြောင့် ပေါက်ကွဲသွားပြီး လှပသော တိမ်တိုက်ကြီးတစ်ခု ပေါက်ကွဲသွားသကဲ့သို့ တစ်ခဏအတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
“ကောင်းကင်ဧကရာဇ်အဆင့် ပညာရှင်လား ... ”
ရွှေနဂါး အကြီးအကဲချုပ်သည် ယဲ့ဖုန်းကို စူးစိုက်ကြည့်လိုက်ပြီး မျက်နှာထား ပြင်းထန်သွားသည်။
“ဒီလောက် ခေါင်ကျတဲ့ နေရာမှာ ဒီလို အစွမ်းထက်တဲ့ ပညာရှင်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ကောင်းတယ် ... တကယ် ကောင်းတယ် ... ”
သူသည် အပြင်းအထန် ရုန်းကန်ကာ ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဖြတ်ကျော်လာပြီး ပေပေါင်း သောင်းချီ ကြီးမားလှသော သူ၏ အစစ်အမှန် ကိုယ်ကြီးကို ဖော်ပြလိုက်သည်။
ကောင်းကင်ယံထက်တွင် ရစ်ခွေနေသော သူ၏ အရှိန်အဝါ တစ်ခုတည်းကပင် အောက်ဘက်ရှိ လူများ အားလုံးကို ဖိနှိပ်ထားသဖြင့် ကွဲထွက်သွားမတတ် ဖြစ်နေကြရရှာသည်။
ကမ္ဘာပျက်ကပ် ကောင်းကင်ကပ်ဘေး၏ အရှိန်အဝါပင်လျှင် သူနှင့် ယှဉ်လိုက်ပါက အားနည်းသွားသကဲ့သို့ ထင်ရသည်။
“ကောင်လေး ... ငါတို့ မျိုးနွယ်စုရဲ့ အကြီးအကဲ (၁၆) ကို သတ်ခဲ့တာ မင်းပဲ မဟုတ်လား ... ” ရွှေနဂါး အကြီးအကဲချုပ်က ယဲ့ဖုန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
“ဟုတ်တယ် ...ကျုပ်ပဲ ... ”
ယဲ့ဖုန်း လုံးဝ ဖုံးကွယ်မထားပေ။
လက်နှစ်ဖက်ကို နောက်ပစ်ကာ ရွှေနဂါး အကြီးအကဲချုပ်ကို ပြန်လည် စိုက်ကြည့်လိုက်၏။ ထိုအခါ သူ၏ အကြည့်များမှတစ်ဆင့် အသေးစိတ် အချက်အလက်များ ပေါ်ထွက်လာသည်။
(အမည် - အော့ထျန်းကျင့်)
(မျိုးနွယ် - ရွှေနဂါး မျိုးနွယ်စု)
(ကျင့်ကြံခြင်းအဆင့် - ဟင်းလင်းပြင်ဖြိုခွဲအဆင့် အထွတ်အထိပ် / ထိပ်တန်း ကောင်းကင်ဧကရာဇ်)
(မှတ်ချက် - နဂါးမျိုးနွယ်စုမှ ထိပ်တန်း ပြိုင်ဘက် တစ်ဦး ဖြစ်ပါသည်။ ရွှေနဂါး သွေးမျိုးဆက် ပိုင်ဆိုင်သော အစစ်အမှန် နဂါး ဖြစ်ပြီး၊ လက်ရှိတွင် နဂါးမျိုးနွယ်စု၏ အကြီးအကဲချုပ် ဖြစ်ပါသည်။ အမြင့်ဆုံး နတ်ဘုရားစွမ်းရည် ‘လောကကို လွှမ်းခြုံသော ရွှေရောင်အလင်း’ ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး အလွန် အစွမ်းထက်ပါသည်။)
ဤအချက်အလက်များကို မြင်သော်လည်း ယဲ့ဖုန်း၏ အမူအရာ လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။
လက်ရှိ သူ၏ ခွန်အားဖြင့် ရွှေနဂါး အကြီးအကဲချုပ် အော့ထျန်းကျင့်ကို လုံးဝ ဂရုစိုက်စရာ မလိုချေ။ အကယ်၍ သူသာ အစွမ်းကုန် တိုက်ခိုက်ပါက တစ်ကွက်တည်းနှင့်ပင် ခြေမှုန်းပစ်နိုင်စွမ်း ရှိ၏။
“မင်း တော်တော် သတ္တိကောင်းတာပဲ.. ငါတို့ မျိုးနွယ်စုရဲ့ အကြီးအကဲကိုတောင် သတ်ရဲတယ်.. မင်းကို သတ်ပြီး ငါ့ဒေါသကို ဖြေရမယ် ... ” ရွှေနဂါး အကြီးအကဲချုပ်က ကျိန်ဆဲလိုက်သည်။ ထို့နောက် ကမ္ဘာငယ် တစ်ခုလုံး၏ အလေးချိန် ပါဝင်နေသော သူ၏ အမြီးရှည်ကြီးဖြင့် အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
သို့သော် ယဲ့ဖုန်းသည် လက်ကို အသာအယာ မြှောက်ကာ တိုက်ခိုက်မှုကို လွယ်ကူစွာ ကာကွယ်လိုက်သည်။
“မင်းက ရုပ်ခန္ဓာ ကျင့်ကြံသူ ကောင်းကင်ဧကရာဇ် ပါလား ... ” ရွှေနဂါး အကြီးအကဲချုပ်၏အသံမှာ ပိုမို နက်ရှိုင်းသွားသည်။ ရွှေနဂါး အကြီးအကဲချုပ်၏ ကိုယ်ခန္ဓာမှ မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကြက်သီးထမတတ် နာကျင်မှုကို ဖြစ်ပေါ်စေ၏။
“လောကကို လွှမ်းခြုံသော ရွှေရောင်အလင်း ”
ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲပစ်လိုက်သည်။
ဒီတိုက်ကွက်က တကယ် ကြောက်စရာ ကောင်းလှကာ အကွာအဝေး အလွန် ကျယ်ပြန့်၏။
အကယ်၍သာ အပြည့်အဝ ထွက်ပေါ်လာပါက မြူခိုးဂိုဏ်းသာမက မိုင်တစ်ထောင် ပတ်လည်ရှိ ရေပေါ်ဖြူ မြို့လေးမြို့ တစ်ခုလုံးပါ ဓားသွားပမာ ရွှေရောင် အလင်းတန်းများ၏ ထိုးဖောက်မှုကို ခံရမည် ဖြစ်ပြီး သက်ရှိ သန်းပေါင်းများစွာ သေဆုံးရပေလိမ့်မည်။
“ငါ့လူတွေကို ထိရဲတယ်ပေါ့ ... သေချင်နေတာလား ... ”
မျက်တောင်တစ်ခတ်အတွင်း
ယဲ့ဖုန်းသည် မူလချီ အခြေအနေသို့ ဝင်ရောက်လိုက်သည်။
သာမန် ကောင်းကင်ဧကရာဇ်ထက် အဆပေါင်းများစွာ ပိုမို သန်မာကာ
ထိပ်တန်း ကောင်းကင်ဧကရာဇ်ထက်ပင် သာလွန်သွား၏။ သူက လက်ဝှေ့ယမ်းလိုက်ကာ မိုင်ထောင်ချီ ကျယ်ပြန့်သော အကာအကွယ် ဒိုင်းတစ်ခုကို ဖွဲ့တည်စေလိုက်၏။
ရွှေရောင် အလင်းတန်းများက ဒိုင်းနှင့် ရိုက်မိပြီး အဝေးရှိ ကောင်းကင်ယံဆီသို့ လွင့်စင်သွားတော့သည်။
“မင်းရဲ့ ခွန်အားက ငါ့ထက် သာနေပါလား ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ”
သူ၏ အစွမ်းကုန် တိုက်ခိုက်မှု လွယ်ကူစွာ ကာကွယ်ခံလိုက်ရသည်ကို မြင်သောအခါ ရွှေနဂါး အကြီးအကဲချုပ်သည် ပထမဆုံး အကြိမ်အဖြစ် ကြီးမားသော ဖိအားကို ခံစားလိုက်ရ၏။
“ငါ့တပည့်တွေနဲ့ အနီးနားက ပြည်သူတွေကို တိုက်ခိုက်ရဲတယ်ပေါ့ ... မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်... ”
ယဲ့ဖုန်း၏ သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာတော့သည်။ သူသည် လက်ချောင်းများကို ဓားတစ်လက်ပမာ ဖန်တီးကာ အနက်နှင့် အဖြူ ရောယှက်နေသော ဓားရိပ်တစ်ခုကို ခုတ်ပိုင်းလိုက်၏။
“ဒီလောက် သေးနုပ်တဲ့ လှည့်ကွက်လေးနဲ့ ငါ့ရှေ့မှာ လာကြွားနေတာလား ... ”
ရွှေနဂါး အကြီးအကဲချုပ်သည် မထီမဲ့မြင် ပြုလိုက်ပြီး ‘အချိန်နှင့် ဟင်းလင်းပြင် သတ်ဖြတ်ခြင်းဓား’ ကို ဖျက်ဆီးရန် ရွှေရောင် အလင်းတန်းများကို ဆက်လက် ထုတ်လွှတ်နေသည်။
သို့သော် မထင်မှတ်ထားစွာပင် ထိုဓားရိပ်မှာ သူ၏ အကာအကွယ်များကို လျစ်လျူရှုကာ သူ၏ ကိုယ်ခန္ဓာကို ထိုးဖောက်သွားတော့၏။
ထိုအခိုက်အတန့်တွင် ရွှေနဂါး အကြီးအကဲချုပ်သည် သူ၏ သက်တမ်း အနှစ် (၅၀၀) ပျောက်ဆုံးသွားသည်ကို သတိပြုမိလိုက်ပြီး စိတ်ကူးယဉ်နေသလားဟုပင် ထင်မှတ်သွားရရှာသည်။
ဆက်လက်၍ ‘အချိန်နှင့် ဟင်းလင်းပြင် သတ်ဖြတ်ခြင်းဓား’ သည် ပြန်လှည့်လာပြီး ရွှေနဂါး အကြီးအကဲချုပ်၏ ကိုယ်ခန္ဓာကို ထပ်မံ ထိုးဖောက်သွားပြန်သည်။ သူ၏ သက်တမ်း နောက်ထပ် အနှစ် (၅၀၀) ထပ်မံ ပျောက်ဆုံးသွားပြန်၏။
ဤသို့ သွားလိုက်ပြန်လိုက် လုပ်နေသည်ကို မြင်သောအခါ အော့ထျန်းကျင့်သည် သူ၏ သက်တမ်း အနှစ် (၁,၀၀၀) ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရပြီး အလွန် ထိတ်လန့်သွားတော့သည်။ အခြေအနေ မဟန်တော့ကြောင်း သိလိုက်ရသဖြင့် သူသည် ချက်ချင်း လှည့်ကာ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ပြန်ဝင်ရန် ကြိုးစားလိုက်၏။
သို့သော် ‘အချိန်နှင့် ဟင်းလင်းပြင် သတ်ဖြတ်ခြင်းဓား’ မှာ ရုတ်တရက် အရှိန်မြှင့်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားရိပ်မှာ ဒါဇင်ပေါင်းများစွာ သွားလိုက်ပြန်လိုက် ခုတ်ပိုင်းသွားပြီး အော့ထျန်းကျင့်၏ ကျန်ရှိနေသော သက်တမ်း အနှစ် (၈,၀၀၀) ကို လုံးဝ ဖြတ်တောက်ပစ်လိုက်တော့သည်။
“မ ... မလုပ်ပါနဲ့ ... ”
သူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားပြီး နောင်တရသွားသည်။ အကြီးအကဲ (၁၆) အတွက် လာပြီး ဝင်မစွက်ဖက်သင့်ဘူးဟု သူ တွေးလိုက်မိသည်။
သို့သော် ဤအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အသက်ဓာတ်များ လုံးဝ ချုပ်ငြိမ်းသွားတော့သည်။
သူ၏ ကိုယ်ခန္ဓာကြီးမှာ ကောင်းကင်ယံမှ ပြုတ်ကျလာပြီး ယွင်ရှောင် တောအုပ်ကြီး၏ ဖန်ဟိုမြစ် မြောက်ဘက်ကမ်းစပ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ မြေမှုန့်များ ကောင်းကင်သို့ လွင့်စင်သွားတော့၏။
“သေ ... သေသွားပြီလား ... ”
“အဲ့ဒါ ထိပ်တန်း ကောင်းကင်ဧကရာဇ်ကြီးလေ ... ”
“ဂိုဏ်းချုပ်ယဲ့ရဲ့ အနက်နဲ့ အဖြူ ရောယှက်နေတဲ့ ဓားရိပ်လေး အကြိမ်ပေါင်းများစွာ ခုတ်ပိုင်းသွားတာနဲ့ပဲ သေသွားတာလား ... ”
“ရှောင်ချန်းထျန်းနဲ့ တိုက်တုန်းကနဲ့ ယှဉ်ရင် ... ဂိုဏ်းချုပ်ယဲ့က အချိန်တိုလေးအတွင်းမှာ အများကြီး ပိုသန်မာလာတာပဲ ... ”
အင်အားစုကြီးများမှ လူများမှာ အံ့ဩတုန်လှုပ်သွားကြသည်။
အနီးအနားရှိ ဟင်းလင်းပြင်အတွင်း၌ ပညာရှင် အမြောက်အမြား စောင့်ကြည့်နေကြသည်။ သူတို့ အားလုံးသည် ရွှေနဂါး အကြီးအကဲချုပ်ကို ယဲ့ဖုန်း ဒေါသတကြီး ခုတ်ပိုင်းလိုက်သည့် မြင်ကွင်းကို မှတ်တမ်းတင်ထားကြပြီး အလွန် အံ့ဩနေကြကာ သတင်းများကို ချက်ချင်း ဖြန့်ဝေလိုက်ကြ၏။
*
ထိုအချိန် ၊ ကျောင်းယန် မြင့်မြတ်သော မြို့တော်ဝယ်..
“ယဲ့ဖုန်းက အခု ဘယ်လို ထူးဆန်းတဲ့ နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံထားလို့ ... ထိပ်တန်း ကောင်းကင်ဧကရာဇ်ကိုတောင် သတ်နိုင်တာလဲ။ တကယ် ကြောက်စရာ ကောင်းလွန်းတယ် ... ”
“ဒါပေမဲ့ ... မြူခိုးဂိုဏ်းက ဘာလို့ အမြဲတမ်း အစွမ်းထက်တဲ့ ရန်သူတွေကို သွားစနေရတာလဲ..ရေရှည်မှာ ဒါက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး ... ”
မြို့စားမင်းသည် ဤမြင်ကွင်းကို ကြည့်ရင်း အံ့ဩလွန်းသဖြင့် လက်ထဲရှိ လက်ဖက်ရည် ပန်းကန်လုံးကိုပင် ချေမွမိသွားပြီး သူ၏ မျက်လုံးများမှာ ခေါင်းလောင်းများပမာ ပြူးကျယ်နေတော့သည်။
*
မြူခိုးဂိုဏ်း။
ယဲ့ဖုန်းသည် ကောင်းကင်ယံမှ အက်ကွဲကြောင်းကို ကြည့်လိုက်ရာ အက်ကွဲကြောင်း နောက်ကွယ်တွင် ဧရာမ အေးစက်သော မျက်လုံး တစ်စုံ ပေါ်လာသည်ကို တွေ့လိုက်ရ၏။
“ကောင်လေး ... ငါတို့ မျိုးနွယ်စုရဲ့ ရွှေနဂါး အကြီးအကဲချုပ်ကို သတ်ရဲတယ်ပေါ့ ... မင်းက တော်တော် သတ္တိကောင်းတာပဲ.. ဒီနေ့ ငါ ကိုယ်တိုင် ထွက်လာလို့ မရလို့သာ ... မဟုတ်ရင် နယ်မြေတွေကို ဖြတ်ကျော်ပြီး မင်းကို လာသတ်မယ်ကွ ... ”
အလွန် ကြီးမားသော ဖိအားများ ပါဝင်သည့် အသံက အက်ကွဲကြောင်း အတွင်းမှ ထွက်ပေါ်လာသည်။ လူတိုင်းမှာ ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး စကားတစ်ခွန်းမျှပင် မဟဝံ့ကြတော့၏။
--