အခန်း ၆၅၉
Vol. 44 Ch. 659
အခန်း (၆၅၉) ဆိပ်ခံတံတား တည်ဆောက်ခြင်း၊ ကုန်သွယ်ရေး လမ်းကြောင်း၏ အစပြုရာ၊ ပင်လယ်ဧကရာဇ်
“နတ်ဆိုးသားရဲတွေ မြို့ကို လာတိုက်နေပြီဟေ့ ... ညီအစ်ကိုတို့ ... သေတဲ့အထိ တိုက်ကြမယ် ... ”
မျက်တောင်တစ်ခတ်အတွင်း နန်ယန်မြို့ ကောင်းကင်ယံထက်သို့ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာ ပျံတက်လာကြပြီး၊ သူတို့၏ နောက်တွင် ဓာတ်ကြီး ငါးပါး စုစည်းမှုအဆင့် ကျင့်ကြံသူ ရာပေါင်းများစွာက လိုက်ပါလာကြသည်။
သူတို့သည် ဝိညာဉ်ရတနာများကို ဝှေ့ယမ်းကာ မန္တန်အမျိုးမျိုးကို အသုံးပြု၍ မြေခွေး တာ့ဟုန်နှင့် အခြား ဝိညာဉ်သားရဲများကို တစ်ပြိုင်နက်တည်း ဗုံးကြဲ တိုက်ခိုက်လိုက်ကြတော့၏။
“ဒါက ကြိုဆိုပွဲ အခမ်းအနား တစ်မျိုးလား ... ”
ရွှေရောင် ငန်းဝကြီးသည် ဘာမှ နားမလည်နိုင်ဘဲ မျက်တောင် တဖျပ်ဖျပ် ခတ်နေသည်။
“မင်းခေါင်းကြီး. ကြိုဆိုပွဲရမှာလား ... သူတို့က ငါတို့ကို မြို့ကို လာတိုက်တဲ့ နတ်ဆိုးသားရဲတွေလို့ ထင်နေတာ ... ” မြေခွေး တာ့ဟုန်က ငန်းဝကြီး၏ ခေါင်းကို ဖြတ်ရိုက်လိုက်သည်။
ဧဦ“ဝါး ”အစ်ကိုကြီး ခေါင်းပြားက စကားတစ်ခွန်းမျှ မပြောတော့ချေ။
ဂေါ်ဇီလာ အသွင်သို့ ချက်ချင်း ပြောင်းလဲသွား၏။
လမ်းလျှောက်ရင်း မီတာဆယ်ဂဏန်းခန့် ကြီးထွားလာသည်။
ပါးစပ်ကြီးကို ဟလိုက်၏။
ပြေးဝင်လာသော မန္တန်များ အားလုံးကို တစ်လုတ်တည်း ဝါးမြိုပစ်လိုက်သည်။
ထို့နောက် ကျေနပ်စွာ လေချဉ်တက်လိုက်တော့၏။
“ဒါ ... ဒါ ... ဒါက ... ”
နန်ယန်မြို့မှ ကျင့်ကြံသူများ အားလုံး ဤမြင်ကွင်းကို ကြည့်ကာ နေရာတွင်ပင် ကျောက်ရုပ်များပမာ မှင်တက်သွားကြသည်။
ကျင့်ကြံသူ တစ်ထောင်နီးပါး၏ မန္တန်များကို တစ်လုတ်တည်း ဝါးမြိုပစ်လိုက်သည် ဆိုတော့ ... ဒီလောက် ကြောက်စရာကောင်းတဲ့ ကောင်ကြီးကို ဘယ်လို လုပ်ပြီး ယှဉ်တိုက်ရတော့မှာလဲ။
“ညီအစ်ကိုတို့ ... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ကြနဲ့ ... ”
ထိုအခိုက်အတန့်တွင် နန်ယန်မြို့ အနောက်ဘက်ရှိ ခရမ်းရောင် ဝါးတောအတွင်းမှ နူးညံ့သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာပြီး မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားသည်။
ချက်ချင်းဆိုသလိုပင်။
လေထဲတွင် မှေးမှိန်သော ပုံရိပ်တစ်ခု ပေါ်လာ၏။ သူမ၏ မျက်နှာကို ဇာပုဝါဖြင့် ဖုံးကွယ်ထားသဖြင့် အစစ်အမှန် ရုပ်သွင်ကို မမြင်ရပေ။
“မြို့စောင့်နတ်သမီးကို ဂါရဝပြုပါတယ် ... ”
နန်ယန်မြို့မှ ကျင့်ကြံသူများ အားလုံး ဒူးတစ်ဖက် ထောက်ကာ ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။
“ဂါး ဂါး ... တော်တော် လှတဲ့ မိန်းမချောလေးပဲ.. သူ့ကို ဖမ်းပြီး ငါတို့ ဂိုဏ်းချုပ်ကို မိန်းမ လုပ်ပေးဖို့ ခေါ်သွားရအောင် ... ”
ရွှေရောင် ငန်းဝကြီးက မှေးမှိန်နေသော လင်ယွဲ့ကို မမှတ်မိဘဲ နောက်ပြောင်ကာ အော်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်ယွဲ့၏ လှပသော မျက်နှာလေးမှာ နီရဲသွားတော့သည်။
‘ဂိုဏ်းချုပ်ရဲ့ မိန်းမ လုပ်ပေးဖို့ ခေါ်သွားမယ် ဟုတ်လား။
ဒါက တကယ်ပဲ မင်းတို့ ဆန္ဒလား။
ငါလည်း လိုချင်နေတာပဲလေ။
ဟင့်အင်း ... မဖြစ်သေးဘူး။ ငါ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းထားရမယ်.. ငါ လင်ယွဲ့ ဆိုတာ ပထမ မင်းသမီးလေး။ ပြိုင်ဘက်ကင်း ဧကရီ တစ်ပါး ဖြစ်လာမယ့်သူပဲ.. ငါ့ခွန်အားတွေ မလုံလောက်သေးခင်မှာ ငါ့ရဲ့ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို ဖော်ပြလို့ မဖြစ်ဘူး'
ထိုသို့ တွေးပြီးနောက် လင်ယွဲ့သည် သူမ၏ စိတ်လှုပ်ရှားမှုများကို ငြိမ်သက်အောင် ထိန်းချုပ်လိုက်၏။
“ခုနက ကျွန်မ လက်အောက်က လူတွေ မသိနားမလည်လို့ ဧည့်သည်တော်တို့ကို လန့်သွားစေမိတယ်.. ခွင့်လွှတ်ပေးကြပါ ... ” လင်ယွဲ့က ဖြည်းညှင်းစွာ ပြောလိုက်သည်။
ဤနေရာတွင် သူမ ပြဿနာတစ်ခုကို သတိပြုမိသွား၏။
ယခင်က သူမသည် နန်ယန်မြို့သားများကို မြူခိုးဂိုဏ်း၏ ဂုဏ်ထူးဆောင် အကြီးအကဲဟု လိမ်ပြောထားခဲ့ဖူးသည်။
ယခု မြေခွေး တာ့ဟုန်နှင့် အခြားသူများမှာ မြူခိုးဂိုဏ်းမှ အစစ်အမှန် ဝိညာဉ်သားရဲများ ဖြစ်ကြ၏။ အကယ်၍ သူမ လိမ်ပြောထားသည်ကို သိသွားပါက မည်သို့ လုပ်မည်နည်း။
လင်ယွဲ့ အဖြေမရှာနိုင်သေးခင်မှာပင် မြေခွေး တာ့ဟုန်က ကျယ်လောင်စွာ ပြောလိုက်သည်။
“ရပါတယ်.. ငါတို့က အဲဒါတွေကို ဂရုမစိုက်ပါဘူး။ ငါတို့ ဒီကို လာတဲ့ ရည်ရွယ်ချက်က မြို့ထဲမှာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခု ထားလို့ရမလား ဆိုတာ လာကြည့်တာပါ ... ”
“နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ... ”
လင်ယွဲ့၏ နောက်တွင် ရှိနေသော ကျင့်ကြံသူများ အားလုံး မျက်ခုံးပင့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် အံ့ဩတကြီး ကြည့်လိုက်ကြသည်။
“ဒီကိစ္စကို ဧည့်သည်တော်တို့နဲ့ သီးသန့် ဆွေးနွေးပါ့မယ် ... ”
လင်ယွဲ့သည် လက်ဝှေ့ယမ်းကာ နန်ယန်မြို့မှ ကျင့်ကြံသူများကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။ သူမ၏ လိမ်ညာမှုများ ပေါ်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်၏။
မကြာမီ။
ကမ်းခြေပေါ်တွင် လင်ယွဲ့၊ မြေခွေး တာ့ဟုန်နှင့် ဝိညာဉ်သားရဲများသာ ကျန်ရစ်ခဲ့သည်။
“ဒါက နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါလား ... ”
လင်ယွဲ့သည် မြေပြင်ပေါ်ရှိ အချင်း မီတာဆယ်ဂဏန်း၊ အမြင့် တစ်မီတာခန့်ရှိသော ကျောက်တုံး စင်မြင့်ကို ကြည့်လိုက်၏။ ၎င်းပေါ်တွင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပြားတစ်ခုကို တပ်ဆင်ထားပြီး အံ့ဩဖွယ် စွမ်းအင်များ ဖြည်းညှင်းစွာ ထွက်ပေါ်နေသည်။
“ဟုတ်တယ်.. ဒါက ငါတို့ ဂိုဏ်းချုပ် ကိုယ်တိုင် ဖန်တီးထားတဲ့ အလယ်အလတ်အဆင့် သယ်ယူပို့ဆောင်ရေး ဝင်္ကပါပဲ.. ဒါကို သုံးရင် မြို့လေးမြို့နဲ့ မြူခိုးဂိုဏ်းကို ချက်ချင်း ပြန်ရောက်နိုင်တယ် ... ” မြေခွေး တာ့ဟုန်က ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။
“မြူခိုးဂိုဏ်းလား ... ” လင်ယွဲ့က အံ့ဩဟန်ဆောင်ကာ မေးလိုက်၏။
“ငါတို့ ဂိုဏ်းကို သိလို့လား ... ” မြေခွေး တာ့ဟုန်က ကြီးမား ကြည်လင်သော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မေးလိုက်သည်။
“ကျွန်မက မြူခိုးဂိုဏ်းရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ယောက်လေ။ သေချာပေါက် သိတာပေါ့ ... ”
လင်ယွဲ့၏ မျက်ဝန်းများ တောက်ပသွားပြီး သူမ၏ လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဝါးပေါ်တွင် “ဂုဏ်ထူးဆောင် အကြီးအကဲ” ဟု ရေးထွင်းထားသော ရှေးဟောင်း တံဆိပ်ပြား တစ်ခု ပေါ်လာသည်။
“မင်းက တကယ် ဂုဏ်ထူးဆောင် အကြီးအကဲလား ... ”
မြေခွေး တာ့ဟုန်သည် တံဆိပ်ပြားကို ယူကြည့်လိုက်သော်လည်း အတုအစစ် မခွဲခြားတတ်သဖြင့် ခေါင်းကုတ်ကာ နားမလည်စွာ ပြောလိုက်၏။
“မဟုတ်သေးပါဘူး ... ငါတို့ မြူခိုးဂိုဏ်းမှာ ဂုဏ်ထူးဆောင် အကြီးအကဲ မရှိပါဘူး ... ”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ” လင်ယွဲ့က ထိတ်လန့်ဟန် ဆောင်လိုက်သည်။ “ဒီတံဆိပ်ပြားက ဂိုဏ်းချုပ်ဟောင်း ချန်ထားခဲ့တာလေ။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတာ အခု ကျွန်မ လက်ထက်ကို ရောက်လာတာပဲ.. ကျွန်မ မြူခိုးဂိုဏ်းကို မရောက်ဖူးသေးပေမဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ ဆိုတာတော့ သိပါတယ် ... ”
“ဂိုဏ်းချုပ်ဟောင်းလား ... ” မြေခွေး တာ့ဟုန် မှင်တက်သွားသည်။
မြူခိုးဂိုဏ်းကို ဂိုဏ်းချုပ်ဟောင်းက တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း လူသိနည်းလှပေသည်။ ထို့ကြောင့် ဤအချက်မှာ လိမ်ပြောခြင်း မဖြစ်နိုင်ဟု သူ တွေးလိုက်မိ၏။
ယခု ဤရှေးဟောင်း တံဆိပ်ပြားကို မြင်သောအခါ သူ အတော်လေး ယုံကြည်သွားတော့သည်။
“ဒါဆိုရင်လည်း ငါတို့ လူတွေပဲပေါ့.. အဲဒီလိုဆို ပိုလွယ်သွားပြီ ... ”
မြေခွေး တာ့ဟုန်က တံဆိပ်ပြားကို လင်ယွဲ့ထံ ပြန်ပေးလိုက်သည်။
“ဒါနဲ့ ... ငါတို့က ဒီမှာ ဆိပ်ခံတံတား တစ်ခု တည်ဆောက်မလို့။ အကြီးအကဲ ဘယ်လို ထင်လဲ ... ”
“သေချာပေါက် ပြဿနာ မရှိပါဘူး။ မြို့ထဲ ဝင်ပြီးရင် မြို့စားအိမ်တော်မှာ နေရာ ရွေးလို့ ရပါတယ် ... ”
လင်ယွဲ့က ပြောလိုက်သည်။
“ကောင်းပြီလေ ... ” မြေခွေး တာ့ဟုန် ခေါင်းညိတ်လိုက်သည်။
အချိန်သိပ်မကြာလိုက်ပေ။
လင်ယွဲ့သည် မြေခွေး တာ့ဟုန်နှင့် ဝိညာဉ်သားရဲများကို မြို့ထဲသို့ ခေါ်ဆောင်သွားပြီး မြို့စားအိမ်တော်သို့ ဝင်ရောက်ကာ အခြေအနေများကို ရှင်းပြလိုက်သည်။ ထို့နောက် နေရာရွှေ့ပြောင်းခြင်း ခန်းမအဖြစ် အသုံးပြုရန် ရှေးဟောင်း ခန်းမတစ်ခုကို ရှာဖွေပြီး ဝင်္ကပါ စင်မြင့်ကို တပ်ဆင်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း နာရီဝက် ကုန်ဆုံးသွားလေပြီ။
မြေခွေး တာ့ဟုန်နှင့် ဝိညာဉ်သားရဲများမှာ စကားပြောဆိုရသည်ကို အလွန် သဘောကျကြသဖြင့် မကြာမီ သူတို့ မြူခိုးဂိုဏ်းမှ လာရောက်သည့် သတင်းမှာ နန်ယန်မြို့ တစ်မြို့လုံးသို့ ဂယက်ထသွားတော့သည်။
ဤသတင်းကို ကြားသောအခါ လူတိုင်း အလွန် အံ့ဩသွားကြ၏။
မြို့စောင့်နတ်သမီးသည် မြူခိုးဂိုဏ်း၏ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်ကြောင်း သူတို့ သေချာ မှတ်မိနေကြ၏။ သို့ဆိုလျှင် အစပိုင်းတွင် မြေခွေး တာ့ဟုန်နှင့် တွေ့စဉ်က ဘာကြောင့် မသိသလို ဟန်ဆောင်နေခဲ့သနည်း။
မကြာမီ မြေခွေး တာ့ဟုန်၏ စကားများက လူတိုင်း၏ သံသယများကို ဖြေရှင်းပေးလိုက်သည်။
“နန်ယန်မြို့ရဲ့ မြို့စောင့်နတ်သမီးက ငါတို့ ဂိုဏ်းချုပ်ဟောင်း မကွယ်လွန်ခင် ခန့်အပ်ခဲ့တဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်နေမယ်လို့ ဘယ်သူ ထင်မှာလဲ။ ဒါကြောင့် ငါတို့တောင် သူ့ကို မသိဘဲ ကိုယ့်လူအချင်းချင်း မှားပြီး တိုက်မိမလို ဖြစ်သွားတာပေါ့ ... ”
မြေခွေး တာ့ဟုန်က အားရပါးရ ပြောပြနေလေ၏။
“ဪ ... အဲဒီလိုကိုး ... ”
နန်ယန်မြို့မှ ကျင့်ကြံသူများ အားလုံး နားလည်သွားကြတော့သည်။
ခရမ်းရောင် ဝါးတောအတွင်း၌.. မြို့တစ်ခုလုံး၏ အသံများကို နားထောင်ရင်း လင်ယွဲ့ နောက်ဆုံးတော့ သက်ပြင်းချနိုင်သွား၏။
“ငါ လိမ်ပြောထားတာတွေတော့ အောင်မြင်သွားပြီ ထင်တယ်.. နောက်ဆိုရင် ငါ့ရဲ့ အစစ်အမှန် နောက်ကြောင်း မပေါ်သွားအောင် အပြင် သိပ်မထွက်တော့တာ ပိုကောင်းမယ် ... ”
သူမသည် ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချလိုက်မိသည်။
နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို တပ်ဆင်ပြီးသည်နှင့် လင်ယွဲ့သည် ဝင်္ကပါ ခန်းမကို သေချာစွာ စောင့်ကြပ်ရန် ကိုယ်တိုင် အမိန့်ပေးလိုက်ပြီး၊ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် သုံးဦးကို အချိန်ပြည့် စောင့်ကြပ်စေခဲ့သည်။
“အခုကစပြီး နန်ယန်မြို့က ပင်လယ်ရေကြောင်း လမ်းရဲ့ အစပြုရာ နေရာ ဖြစ်သွားပြီ။ နောက်ထပ် ငါတို့ ပင်လယ်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ပြီး လမ်းကြောင်းသစ်တွေ ရှာကြမယ် ... ”
“ညီအစ်ကိုတို့ ... သွားကြစို့ဟေ့ ... ”
မြေခွေး တာ့ဟုန်သည် ဧရာမ လှိုင်းလုံးကြီးကို စီးကာ အစ်ကိုကြီး ခေါင်းပြားနှင့် အခြား ဝိညာဉ်သားရဲများကို ဦးဆောင်၍ ပင်လယ်၏ နက်ရှိုင်းသော နေရာများသို့ ပျောက်ကွယ်သွားတော့သည်။
မြို့ရိုးပေါ်တွင် လင်ယွဲ့သည် သူတို့ ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
“ကောလာဟလတွေ အရဆိုရင် ပင်လယ်ထဲမှာ အစွမ်းထက်တဲ့ ပညာရှင်တွေ အများကြီး ရှိတယ်တဲ့။ အလယ်အလတ်အဆင့် နတ်ဆိုးဧကရာဇ် အစ်ကိုကြီး ခေါင်းပြား တစ်ကောင်တည်း ဦးဆောင်သွားတာ ... အန္တရာယ်များ မရှိနိုင်ဘူးလား ... ” သူမ စိုးရိမ်နေမိသည်။
သို့သော် ယဲ့ဖုန်းက သူတို့ကို သွားခွင့်ပြုလိုက်သည် ဆိုတော့ သေချာပေါက် ပြင်ဆင်မှုတွေ လုပ်ထားမှာပဲဟု တွေးမိသဖြင့် သူမ ဆက်မစဉ်းစားတော့ချေ။
“နောက်လုပ်စရာ သိပ်မရှိတော့ဘူးဆိုတော့ ... ငါ မူလနတ်ဘုရားအဆင့် (၂) ကို တက်ဖို့ပဲ အာရုံစိုက်ရမယ် ... ”
လင်ယွဲ့သည် ခရမ်းရောင် ဝါးတောသို့ ပြန်သွားပြီး တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လေတော့၏။
... ... ...
နန်ယန်မြို့မှ မိုင်ပေါင်း သောင်းချီဝေးသော ပင်လယ်ရေအောက် နက်ရှိုင်းသော နေရာတွင်..
ထိုနေရာ၌ ကျွန်းတစ်ကျွန်း ရှိသည်။
ကျွန်းအနီးရှိ ပြန့်ပြူးသော ပင်လယ်အောက်ကြမ်းပြင်ပေါ်တွင် ခမ်းနားကြီးကျယ်သော ရေအောက် နန်းတော်ကြီး တစ်ခု ရှိနေ၏။
"ရွှစ်..."
ရေဘဝဲ လက်တံတစ်ခုက နန်းတော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး ပင်လယ်နတ်ဆိုး ခေါင်းဆောင်၏ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကာ ပင်မ ခန်းမဆောင်ကြီး၏ အလယ်တွင် ဒူးထောက်လိုက်သည်။
“ပင်လယ်ဧကရာဇ်ကြီး ... ပြဿနာ တက်ပြီ ဗျ ... ”
ပင်လယ်နတ်ဆိုး ခေါင်းဆောင်က ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာဖြင့် ပြောလိုက်၏။
နန်းတော်၏ နက်ရှိုင်းသော နေရာရှိ ကျောက်မျက်ရတနာများ စီခြယ်ထားသော ခမ်းနားသည့် ထိုင်ခုံကြီးပေါ်တွင် ချပ်ဝတ် ဝတ်ဆင်ထားသော ကြီးမြတ်သည့် အမျိုးသားတစ်ဦး ထိုင်နေပြီး သူ၏ အေးစက်သော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“ဘယ်တုန်းက ဖြစ်တာလဲ ... ” ပင်လယ်ဧကရာဇ်က အေးစက်စွာ မေးလိုက်သည်။
“ပင်လယ်ဧကရာဇ်ကြီးကို သတင်းပို့ပါတယ် ... ကျွန်တော် နတ်ဆိုးတပ် တစ်သိန်းကို ဦးဆောင်ပြီး နန်ယန်မြို့ကို အနောက်ဘက်ကနေ လှည့်တိုက်ဖို့ သွားတာ။ လမ်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆိုးသားရဲတွေရဲ့ အတားအဆီးကို ခံလိုက်ရတယ်.. ရန်သူတွေက အရမ်း အစွမ်းထက်တော့ ကျွန်တော့်ရဲ့ ရုပ်ခန္ဓာတောင် ဖျက်ဆီးခံလိုက်ရတယ် ... ”
ပင်လယ်နတ်ဆိုး ခေါင်းဆောင်က အခြေအနေများကို အလျင်အမြန် အစီရင်ခံလိုက်၏။
“အမည်မသိ နတ်ဆိုးသားရဲတွေ ဟုတ်လား ... ”
ပင်လယ်ဧကရာဇ် မျက်မှောင်ကြုတ်သွားပြီး အသေးစိတ် အချက်အလက်များကို အမြန် မေးလိုက်သည်။
ပင်လယ်နတ်ဆိုး ခေါင်းဆောင်၏ ကိုယ်ခန္ဓာမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို နန်းတော် နံရံပေါ်တွင် ပုံရိပ်ယောင်အဖြစ် ပြသလိုက်သည်။
မြင်ကွင်း အားလုံးကို ကြည့်ပြီးနောက် ပင်လယ်ဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“ဖြန်း …”
သူ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ ပင်လယ်နတ်ဆိုး ခေါင်းဆောင်၏ မူလဝိညာဉ်မှာ ပြာအဖြစ် ကြေမွသွားပြီး ပင်လယ်ရေနှင့် ရောနှောသွားတော့သည်။
“လူမိုက် ... ”
“ဒီနတ်ဆိုးသားရဲတွေက မင်းတို့ကို တမင် လာတားတာ မဟုတ်ဘဲ တိုက်ဆိုင်လို့ တွေ့သွားတာဆိုတာ ရှင်းနေတာပဲ.. အဲဒါကိုတောင် မင်း မခွဲခြားတတ်လား.. မျက်စိကန်းနေတာလား ... ”
ပင်လယ်ဧကရာဇ်က ဒေါသတကြီး ဆူပူလိုက်၏။
“ဒါပေမဲ့လည်း ... ငါ့ရဲ့ ပင်လယ်နတ်ဆိုးတပ် သောင်းချီကို သတ်သွားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ... ဒီကလဲ့စားကိုတော့ ပြန်ချေရမယ် ... ”
ပင်လယ်ဧကရာဇ်သည် ကြေညာလိုက်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ ခက်ရင်းခွကြီးကို ကိုင်ဆောင်ကာ ရေအောက် နန်းတော်ကြီး အတွင်းမှ ပျံထွက်သွားတော့သည်။
--