← Chapters

အခန်း ၆၆၀

Vol. 44 Ch. 660

အခန်း ၆၆၀

Vol. 44 Ch. 660

အခန်း (၆၆၀) လိပ်နတ်ဘုရားကျွန်း၊ လရောင် ဝိညာဉ်ပုလဲ၊ မြေခွေး တာ့ဟုန်၏ အသွင်ပြောင်းလဲမှု

ပင်လယ်ပြင်ထက်တွင်..

မြေခွေး တာ့ဟုန်သည် ဘဲကင်ကို ကိုက်ရင်း လှိုင်းလုံးများပေါ်တွင် လမ်းလျှောက်နေသည်။

“ငါနဲ့အတူ ဆိုကြ ... ငါတို့က ပျော်ရွှင်တဲ့ အဖွဲ့လေး ... လှိုင်းလုံးတွေ တစ်လုံးပြီး တစ်လုံး ဖြတ်ကျော်မယ် ... ”

ဘဲကင်ကို စားပြီးနောက် မြေခွေး တာ့ဟုန်သည် လေထုကို မြူးကြွအောင် ဖန်တီးရန် မြေခွေးဖြူလေး၊ ရွှေရောင် ရှဥ့်လေး၊ ခွေး အားဟာနှင့် အခြား ဝိညာဉ်သားရဲများကို ဦးဆောင်ကာ သီချင်းဆိုနေသည်။

“ဟင်း ... ဟင်း ... ဟင်း ... ”

ရွှေရောင် ငန်းဝကြီးသည် အသံကုန် အော်ဆိုရန် ကြိုးစားသော်လည်း အစ်ကိုကြီး ခေါင်းပြားက သူ၏ ပါးစပ်ကို ပိတ်ထားသဖြင့် အသံတစ်သံမျှ မထွက်နိုင်တော့ချေ။

“ဟားဟား ... ငန်းဝကြီးက သီချင်းဆိုတတ်တယ် ထင်နေတာလား ... ”

အနောက်ဘက်တွင် ပျံသန်းနေသော သံလက်သည်း နဂါးလင်းယုန်သည် ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။ သူ၏ လက်ထဲတွင် ပင်လယ်နတ်ဆိုး ခေါင်းဆောင် ပိုင်ဆိုင်ခဲ့သော အဆင့်နိမ့် ဝိညာဉ်ရတနာ ခက်ရင်းခွကို ကိုင်ဆောင်ထား၏။

နန်ယန်မြို့မှ ထွက်လာပြီးနောက် ထိုဝိညာဉ်ရတနာကို သူတို့ သတိရသွားကြသဖြင့် နောက်ကြောင်းပြန်လှည့်ကာ ပင်လယ်အောက် ကြမ်းပြင်မှ ပြန်လည် တူးဖော်ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူတို့သည် ပင်လယ်၏ နက်ရှိုင်းသော နေရာများသို့ ဆက်လက် ခရီးနှင်ကာ ပထမဆုံး စခန်းချရန် နေရာအဖြစ် ကြီးမားသော ကျွန်းတစ်ကျွန်းကို ရှာဖွေရန် ပြင်ဆင်နေကြ၏။

“အစ်မကြီး တာ့ဟုန် ... ငါတို့ နောက်ထပ် ဘယ်ကို သွားကြမလဲ ... ”

မြေခွေးဖြူလေးသည် အမြီးသုံးချောင်း ပါရှိသော မိန်းကလေး အသွင်သို့ ပြောင်းလဲသွားသည်။ သူမ၏ မျက်နှာတွင် နတ်ဆိုး ပုံစံ အချို့ ပါဝင်နေသဖြင့် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ပေးစွမ်းနေသည်။

“အစ်မကြီး တာ့ဟုန်” ဟု အခေါ်ခံရသဖြင့် မြေခွေး တာ့ဟုန်မှာ အလွန် သဘောကျသွားတော့သည်။ သူမသည် ပြားချပ်နေသော ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏။

“ရေကြောင်းပြ မြေပုံအရ ... ငါတို့ မိုင်ပေါင်း သောင်းချီ ဆက်သွားရင် ကျွန်းကြီး တစ်ကျွန်းကို ရောက်မယ်.. အဲဒီကျွန်းကို ငါတို့ရဲ့ ပထမဆုံး စခန်းချရာ နေရာအဖြစ် သတ်မှတ်ကြတာပေါ့ ... ”

“ကောင်းပြီလေ ... ” မြေခွေးဖြူလေးက ခေါင်းညိတ်လိုက်သည်။

“ဖလူး ... ဖလူး ... ဖလူး …”

ဝိညာဉ်သားရဲ အုပ်စုသည် ဧရာမ လှိုင်းလုံးကြီးများပေါ်တွင် လမ်းလျှောက်ကာ ပင်လယ်၏ နက်ရှိုင်းသော နေရာများသို့ ခရီးဆက်နေကြ၏။

*

မိုင်ပေါင်း သောင်းချီ အကွာတွင်..

ပင်လယ်ဧကရာဇ်သည် ရေထဲမှ ခုန်ထွက်လာပြီး မိုင်ရာချီ ဝေးကွာသော ကျွန်းကြီး တစ်ကျွန်းဆီသို့ ဦးတည်ကာ ပျံသန်းသွားသည်။

“ပင်လယ်ဧကရာဇ် ... ဘာကိစ္စ ရှိလို့ ဒီကို လာတာလဲ ... ”

ကျွန်းပေါ်မှ မကျေနပ်သော အသံတစ်ခု ထွက်ပေါ်လာ၏။

“လိပ်နတ်ဘုရားကျွန်းမှာ အရာရာကို ဟောကိန်းထုတ်နိုင်တဲ့ 'လရောင် ဝိညာဉ်ပုလဲ' ရှိတယ်လို့ ကြားတယ်.. အဲဒါကြောင့် ခဏလောက် ငှားမလို့ လာခဲ့တာပါ ... ”

ပင်လယ်ဧကရာဇ်က ပျံသန်းရင်း ပြန်ဖြေလိုက်သည်။

ချက်ချင်းပင် သူသည် ကျွန်း၏ အထက်သို့ ရောက်ရှိသွား၏။

အောက်သို့ ငုံ့ကြည့်လိုက်ရာ ထိုကျွန်းကြီးမှာ မိုင်ရာချီ အချင်းရှိသော ဧရာမ ပင်လယ်လိပ်ကြီး တစ်ကောင်၏ အခွံနှင့် အလွန် ဆင်တူနေသည်။

တကယ်တမ်းတွင်လည်း ထိုသို့ပင် ဖြစ်၏။

ဤနေရာတွင် မူလက ကျွန်း မရှိခဲ့ပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဆိုးဧကရာဇ်အဆင့် လိပ်နတ်ဘုရား တစ်ပါးသည် အစွမ်းထက်သော ရန်သူ၏ တိုက်ခိုက်မှုကြောင့် ခေါင်းကွဲကာ ဤနေရာတွင် ကျဆင်းလာခဲ့ခြင်း ဖြစ်၏။ ၎င်း၏ အခွံကြီးမှာ ကျန်ရစ်ခဲ့ပြီး တဖြည်းဖြည်းနှင့် ဤကျွန်းကြီးအဖြစ် ပြောင်းလဲသွားခြင်းတည်း။

“ဝုန်း ... ဝုန်း ... ဝုန်း …”

ပင်လယ်ဧကရာဇ် ချဉ်းကပ်လာသည်နှင့် လိပ်နတ်ဘုရားကျွန်း၏ အလယ်ဗဟိုမှာ ရုတ်တရက် လှုပ်ရှားသွားသည်။ တောင်ကြီး တစ်တောင်မှာ ရွေ့လျားသွားပြီး ဖြည်းညှင်းစွာ မြင့်တက်လာကာ ပေတစ်ထောင် အချင်းရှိသော ဧရာမ ပင်လယ်လိပ်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့၏။

လိပ်ကြီးမှာ အလွန် ရှေးကျပြီး ကြင်နာတတ်သည့် အသွင်အပြင် ရှိသည်။

၎င်း၏ အရှိန်အဝါမှာလည်း မူလနတ်ဘုရားအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အံ့ဩဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော ပင်လယ်ဧကရာဇ်ထက် လုံးဝ မညံ့ပေ။

“ပင်လယ်လိပ်အိုကြီး ... မင်းနဲ့ ငါ ရန်မဖြစ်ချင်ပါဘူး။ လရောင် ဝိညာဉ်ပုလဲကို ပေးလိုက်ရင် ငါ ချက်ချင်း ထွက်သွားပါ့မယ် ... ” ပင်လယ်ဧကရာဇ်က လက်ကို ဆန့်ထုတ်ကာ တောင်းဆိုလိုက်သည်။

“ယူသွားလိုက် ... ” ပင်လယ်လိပ်အိုကြီးသည် စကားများများ မပြောချင်သဖြင့် လက်မအရွယ်အစားရှိသော လရောင် ပုလဲတစ်လုံးကို မှုတ်ထုတ်လိုက်၏။

“ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းများ ... လျှို့ဝှက်ချက် အားလုံးကို ဖော်ပြစေ”

ပင်လယ်ဧကရာဇ်သည် လက်ဟန်များ ရေးဆွဲလိုက်ပြီး လရောင် ဝိညာဉ်ပုလဲကို ထိလိုက်ရာ ပုလဲမှာ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အလယ်တွင် ပုံရိပ်ယောင်တစ်ခု ဖွဲ့တည်လာသည်။ ထိုပုံရိပ်ယောင်က မြေခွေး တာ့ဟုန် ရှိရာ အရပ်မျက်နှာကို ညွှန်ပြနေ၏။

“တွေ့ပြီ ... ”

ပင်လယ်ဧကရာဇ်သည် မြေခွေး တာ့ဟုန်နှင့် ဝိညာဉ်သားရဲများ၏ တည်နေရာကို အတည်ပြုပြီးနောက် သူတို့ဆီသို့ ဒေါသတကြီး ပြေးဝင်သွားတော့သည်။

ပင်လယ်လိပ်အိုကြီးက သက်ပြင်းချလိုက်သည်။

“ဟူး ... ကလဲ့စားချေတဲ့ သံသရာက ဘယ်တော့မှ ပြီးဆုံးမှာလဲ။ ပင်လယ်ဧကရာဇ်က ဒီဒေသကို အုပ်ချုပ်နေတာ ကြာလွန်းတော့ တော်တော် မောက်မာနေပြီ။ ဒီနတ်ဆိုးသားရဲတွေရဲ့ နောက်ခံက မရိုးရှင်းဘူးဆိုရင် သူ ဒုက္ခ ကြီးကြီးမားမား တွေ့လိမ့်မယ် ... ”

စကားအဆုံးတွင် ပင်လယ်လိပ်အိုကြီးသည် လိပ်နတ်ဘုရားကျွန်းပေါ်သို့ ပြန်လည် ဆင်းသက်သွားတော့သည်။

*

မြူခိုးဂိုဏ်းဝယ်၊

ယဲ့ဖုန်း၏ မျက်ဝန်းများ တောက်ပသွားပြီး အန္တရာယ်ကို အာရုံခံမိလိုက်သည်။

သူသည် လေဝိညာဉ်ပုလဲကို ထုတ်ယူလိုက်ရာ ပုလဲပေါ်တွင် ပင်လယ်ပြင်၏ ပုံရိပ် ပေါ်လာပြီး အစ်ကိုကြီး ခေါင်းပြား၊ မြေခွေး တာ့ဟုန်နှင့် အခြား ဝိညာဉ်သားရဲများကို တွေ့လိုက်ရ၏။

“သူတို့ ပင်လယ်ထဲ ရောက်နေပြီပဲ.. တာဝန်က အဆင်ပြေပြေ သွားနေတာပဲ ... ဒါပေမဲ့ ငါ ဘာလို့ အန္တရာယ် တစ်ခုခုကို ခံစားနေရတာလဲ ... ”

ဤအန္တရာယ်မှာ ယဲ့ဖုန်းကို ရည်ရွယ်ခြင်း မဟုတ်ဘဲ မြေခွေး တာ့ဟုန်နှင့် ဝိညာဉ်သားရဲများကို ရည်ရွယ်နေခြင်း ဖြစ်၏။ မဟုတ်လျှင် သူသည် မြေခွေး တာ့ဟုန်တို့၏ တည်နေရာကို ဤမျှ မြန်မြန်ဆန်ဆန် အာရုံခံမိမည် မဟုတ်ပေ။

ပင်လယ်ပြင်ထက်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများကို ချက်ချင်း ထိန်းချုပ်ကာ ပေတစ်သောင်း အလင်းဝင် ဒိုင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ၎င်းမှာ ပင်လယ်ပြင်ပေါ်တွင် မှောက်ထားသော ပန်းကန်လုံးကြီး တစ်လုံးပမာ ဖြစ်ပြီး မြေခွေး တာ့ဟုန်နှင့် ဝိညာဉ်သားရဲများကို ပိတ်လှောင်ထားလိုက်တော့၏။

“အားလုံး သတိထားကြ ... ”

မြေခွေး တာ့ဟုန်မှာ လန့်လွန်းသဖြင့် ပါးစပ်ထဲမှ ဘဲကင်ပင် ပြုတ်ကျသွားသည်။ သူမသည် ထက်မြက်သော လက်သည်းများကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

“ဝါး ”

အစ်ကိုကြီး ခေါင်းပြားမှာ စိတ်လှုပ်ရှားသွားပြီး တိုက်ပွဲဝင်ရန် ချက်ချင်း အဆင်သင့် ဖြစ်သွားသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာ မူလချီ စွမ်းအားများကို အရပ်မျက်နှာ အသီးသီးသို့ တွန်းထုတ်လိုက်ရာ ရေဒိုင်းကြီးမှာ အက်ကွဲသွားတော့သည်။

ကောင်းကင်ယံထက်တွင်..

ခန့်ညားသော ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာ၏။

သူသည် အပြာနှင့် ရွှေရောင် ရောယှက်နေသော ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အရပ် သုံးမီတာခန့် မြင့်မား၏။ လက်ထဲတွင် အမည်းရောင်နှင့် ရွှေရောင် ရောယှက်နေသော ခက်ရင်းခွကို ကိုင်ဆောင်ထားသည်။ သူ ခက်ရင်းခွကို တစ်ကြိမ် ဝှေ့ယမ်းလိုက်တိုင်း ဟင်းလင်းပြင်မှာ အလွယ်တကူ ကြေမွသွားပြီး ဟင်းလင်းပြင် အက်ကွဲကြောင်း အသေးစားလေးများ အမြောက်အမြား ကျန်ရစ်ခဲ့တော့သည်။

“အထွတ်အထိပ် နတ်ဆိုးဧကရာဇ်ကြီး ပါလား ... ”

မြေခွေး တာ့ဟုန်၏ မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။

“ငါ့ရဲ့ ပင်လယ်နတ်ဆိုးတပ် တစ်သောင်းကို သတ်ခဲ့တာ မင်းတို့လား ... ” ပင်လယ်ဧကရာဇ်က အေးစက်စွာ မေးလိုက်သည်။

“မဟုတ်ပါဘူး ... ”

မြေခွေး တာ့ဟုန်က အလျင်အမြန် ငြင်းဆိုလိုက်သည်။

သို့သော် သူမ၏ ဘေးတွင် ရှိနေသော အစ်ကိုကြီး ခေါင်းပြားမှာ ခေါင်းမာလွန်းသူ ဖြစ်ရာ အကျိုးဆက်များကို လုံးဝ ဂရုမစိုက်ဘဲ ကောင်းကင်သို့ ပျံတက်ကာ ပင်လယ်ဧကရာဇ်ဆီသို့ ပြေးဝင်သွားတော့၏။

“မသွားနဲ့ ... ”

“ဒီကောင်တော့ ရူးနေပြီ ထင်တယ် ... ”

မြေခွေး တာ့ဟုန်၊ မြေခွေးဖြူလေး၊ ရွှေရောင် ရှဥ့်လေး၊ ရွှေရောင် ငန်းဝကြီးနှင့် အခြား ဝိညာဉ်သားရဲများမှာ အလျင်အမြန် တားဆီးရန် ကြိုးစားကြသော်လည်း နောက်ကျသွား၏။

“ထွက်သွားစမ်း ... ”

ပင်လယ်ဧကရာဇ်သည် ခက်ရင်းခွကို အသုံးမပြုပေ။

လက်သီးတစ်ချက် ထိုးလိုက်ရုံသာ ဖြစ်၏။

အလယ်အလတ်အဆင့် နတ်ဆိုးဧကရာဇ် အစ်ကိုကြီး ခေါင်းပြား လွင့်စင်သွားသည်။

ရင်ဘတ်ကြီး ချိုင့်ဝင်သွားကာ အရိုးကျိုးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

"ဝုန်း ..."

အစ်ကိုကြီး ခေါင်းပြား ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။

သူ၏ အသက်ရှူသံများ အလွန် တိုးသက်သွား၏။

“ကြောက်စရာ ကောင်းလိုက်တာ ... ”

မြေခွေး တာ့ဟုန်နှင့် အခြား ဝိညာဉ်သားရဲများ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ပြောင်းလဲသွားတော့သည်။

အကယ်၍ သာမန် အထွတ်အထိပ် နတ်ဆိုးဧကရာဇ် တစ်ဦးသာ ဆိုပါက အစ်ကိုကြီး ခေါင်းပြားသည် တစ်ကွက်တည်းနှင့် ဤမျှ ပြင်းထန်သော ဒဏ်ရာ ရရှိမည် မဟုတ်ပေ။ ယခု ပင်လယ်ဧကရာဇ်သည် လက်သီးတစ်ချက်တည်းနှင့် အစ်ကိုကြီး ခေါင်းပြားကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူသည် မိမိအဆင့်တွင် ထိပ်တန်း တိုက်ခိုက်ရေးသမား တစ်ဦး ဖြစ်ကြောင်း သက်သေပြနေသည်။

ဤအခြေအနေတွင် သူတို့ လုံးဝ ယှဉ်နိုင်မည် မဟုတ်ချေ။

“ပင်လယ် မျိုးနွယ်စုလား ... ”

လေဝိညာဉ်ပုလဲ နောက်ကွယ်မှ ဤမြင်ကွင်းကို ကြည့်နေသော ယဲ့ဖုန်းမှာ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။ ထို့အစား သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ဝါးပေါ်တွင် ရွှေရောင် အလင်းကွင်း တစ်ကွင်း ပေါ်လာ၏။

“ဝိညာဉ်သားရဲဆောင် အဆင့်တက်သွားတော့ နတ်ဆိုး အလင်းကွင်းက 'နတ်ဆိုးဧကရာဇ်၏ အလင်းကွင်း' ဖြစ်သွားပြီ။ အခုက ဒါကို အသုံးချရမယ့် အချိန်ပဲ ... ”

“နတ်ဆိုးဧကရာဇ်ရဲ့ အလင်းကွင်း ... သွားတော့ ... ”

ယဲ့ဖုန်းသည် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

နတ်ဆိုးဧကရာဇ်၏ အလင်းကွင်းသည် ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း မိုင်ပေါင်း သန်းချီ ဖြတ်သန်းသွားကာ ကောင်းကင်ယံမှ ဆင်းသက်လာပြီး မြေခွေး တာ့ဟုန်၏ ကိုယ်တွင်းသို့ ဝင်ရောက်သွားတော့သည်။

“ဒါက နတ်ဆိုးဧကရာဇ်ရဲ့ အလင်းကွင်းပဲ.. ငါ မင်းကို ငှားပေးလိုက်မယ်.. ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့။ မဟုတ် းရင် မင်းကို ဘဲကင် အနှစ်တစ်ရာ မစားရအောင် အပြစ်ပေးမယ် ... ”

ဟင်းလင်းပြင် အတွင်းမှ ယဲ့ဖုန်း၏ အာဏာပါသော အသံ ထွက်ပေါ်လာ၏။

“ဟင် ”

မြေခွေး တာ့ဟုန်မှာ လန့်ဖျတ်သွားပြီး နတ်ဆိုးဧကရာဇ်၏ အလင်းကွင်းကို အလျင်အမြန် အသက်သွင်းလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း ၎င်းသည် မိုင်ပေါင်း သောင်းချီ အတွင်းရှိ နတ်ဆိုးသားရဲများ၏ စွမ်းအား အချို့နှင့် ပေါင်းစပ်သွားပြီး သူမ၏ အရှိန်အဝါကို တစ်ဟုန်ထိုး မြင့်တက်သွားစေကာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပထမအလွှာသို့ ရောက်ရှိသွားတော့၏။

တစ်ချိန်တည်းမှာပင် မြေခွေး တာ့ဟုန်သည် လျင်မြန်စွာ အရပ်ရှည်လာပြီး သားရဲအသွင်မှ အနီရောင် ဆံပင်နှင့် အနီရောင် ဂါဝန်ကို ဝတ်ဆင်ထားသော သွယ်လျလျ မိန်းကလေး တစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

သူမသည် နှင်းပမာ ဖြူစင်သော သူမ၏ အသားအရေကို ကြည့်ကာ အလွန် အံ့ဩနေသည်။

ထိုအချိန်တွင် မြေခွေး တာ့ဟုန်ထံမှ အလွန် ကြီးမားသော ဖိအားများ ထွက်ပေါ်လာပြီး မိုင်ထောင်ချီ ပတ်လည်ကို ဖုံးလွှမ်းသွားကာ အစွမ်းထက်သော ပင်လယ်ဧကရာဇ်ကိုပင် ဖိနှိပ်ထားလိုက်တော့သည်။

“အစ်မကြီး တာ့ဟုန်က တော်တော် လှတာပဲ ... ”

မြေခွေးဖြူလေး၊ ရွှေရောင် ရှဥ့်လေးနှင့် အခြား ဝိညာဉ်သားရဲများမှာ ဤမြင်ကွင်းကို ကြည့်ကာ အံ့ဩမှင်တက်နေကြသည်။

ပင်လယ်အောက် ကြမ်းပြင်တွင်..

အစ်ကိုကြီး ခေါင်းပြားသည် ဒဏ်ရာရနေသော ရင်ဘတ်ကို ဖိကာ မြေခွေး တာ့ဟုန်ဆီသို့ လှည့်ကြည့်လိုက်၏။

သူသည် နတ်ဆိုးဧကရာဇ် အလင်းကွင်း၏ စွမ်းအားကို ယခင်က ခံစားဖူးပြီး ထိုစွမ်းအားက သူ၏ ခွန်အားကို ယာယီ မြှင့်တင်ပေးကာ အစွမ်းထက်သော ရန်သူများကို ခြေမှုန်းနိုင်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ဤအရာမှာ နတ်ဆိုးဧကရာဇ် အလင်းကွင်း၏ အဆင့်မြှင့်တင်ထားသော ပုံစံ ဖြစ်ကြောင်း သူ သိလိုက်သည်။

ယခု မြေခွေး တာ့ဟုန်သည် နတ်ဆိုးဧကရာဇ်၏ အလင်းကွင်းကို ရရှိပြီး ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ ယာယီ ရောက်ရှိသွားသည်ကို ကြည့်ကာ အစ်ကိုကြီး ခေါင်းပြား၏ မျက်ဝန်းများတွင် အားကျမှုများ ပြည့်နှက်နေတော့သည်။

ကောင်းကင်ယံထက်တွင်..

ပင်လယ်ဧကရာဇ်သည် အနီရောင် ဆံပင်နှင့် လှပသော မိန်းကလေး တစ်ဦးအဖြစ် ပြောင်းလဲသွားသည့် မြေခွေး တာ့ဟုန်ကို စိုက်ကြည့်နေသည်။ သူမထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ခံစားမိသောအခါ သူ၏ မျက်လုံးများမှာ အပြင်သို့ ပြူးထွက်လာတော့မတတ် ထိတ်လန့်သွားတော့၏။

“မိစ္ဆာ ... နတ်ဆိုးဧကရာဇ် ... ”

ပင်လယ်ဧကရာဇ်၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော့သွားပြီး လှည့်ပြေးရန် ပြင်လိုက်သည်။

“ဘယ်ကို ပြေးမလို့လဲ ... ”

မြေခွေး တာ့ဟုန်မှာ အပြစ်ကင်းစင်ပုံ ရသော်လည်း အပြင်ဘက်တွင် မကြာခဏ တိုက်ခိုက်ဖူးသဖြင့် တိုက်ပွဲများနှင့် မစိမ်းလှပေ။ ထို့ပြင် ရေပေါ်ဖြူ မြို့လေးမြို့၏ အင်မော်တယ် ငါးပါး၏ ခေါင်းဆောင် အနေဖြင့် သူမမှာ အရည်အချင်း မရှိသူ လုံးဝ မဟုတ်ချေ။

တာ့ဟုန်သည် လေထဲတွင် လက်ညှိုး တစ်ချက် ထိုးလိုက်ရာ သူမ၏ အနောက်တွင် ပေတစ်သောင်း မြင့်မားပြီး မီးတောက်များ လွှမ်းခြုံနေသော ဧရာမ အနီရောင် မြေခွေး ဓမ္မပုံရိပ်ကြီး ပေါ်ထွက်လာသည်။ သူမသည် အဝေးရှိ ပင်လယ်ဧကရာဇ်ဆီသို့ ပါးစပ်ဟကာ မီးတောက်များကို မှုတ်ထုတ်လိုက်တော့သည်။

"ရွှစ်..."

အထွတ်အထိပ် နတ်ဆိုးဧကရာဇ်အဆင့် ဖြစ်သော ပင်လယ်ဧကရာဇ်မှာ မီးတောက်များဖြင့် ရစ်ပတ်ခံလိုက်ရပြီး နေရာတွင်ပင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ ခက်ရင်းခွကြီးပင်လျှင် အငွေ့ပျံ ပျောက်ကွယ်သွားသည်။

“အစ်မကြီးက အစွမ်းထက်တယ်ဟေ့ ... ”

ခွေး အားဟာနှင့် ဝက် စန်းဖန်တို့က လက်ခုပ်တီးကာ အားပေးနေကြသည်။

"ရွှစ်..."

ထိုအခိုက်အတန့်တွင် အစ်ကိုကြီး ခေါင်းပြားသည် ရေထဲမှ ခုန်ထွက်လာပြီး ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွား၏။ သူသည် လှပသော အနီရောင် ဆံပင်နှင့် မိန်းကလေးအဖြစ် ပြောင်းလဲသွားသည့် မြေခွေး တာ့ဟုန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ သူ၏ ရင်ဘတ်ကို ပြန်ကြည့်ကာ မကျေမနပ် ဖြစ်နေသော မျက်နှာထားဖြင့် ရှိနေသည်။

အစ်ကိုကြီး ခေါင်းပြား.. နားမလည်နိုင်အောင် ဖြစ်နေရ၏။

ယဲ့ဖုန်းက ဘာလို့ ငါ့ကို နတ်ဆိုးဧကရာဇ်ရဲ့ အလင်းကွင်း မပေးတာလဲ။

ငါက အရမ်း သန်မာနေလို့လား။

--

All Chapters