အခန်း ၅၁၁
Vol. 35 Ch. 511
အခန်း (၅၁၁) အစစ်နှင့် အတု
လူငယ်လေးက မျက်နှာသာပေးရန် တောင်းဆိုလိုက်ရာ လျူဆွေ့ဖုန်းကလည်း အမှန်တကယ်ပင် ခေါင်းညိတ် လိုက်သည်။
ဤအပြုအမူကြောင့် ကြည့်ရှုနေသူများမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြရလေ၏။
လူတိုင်းသည် ဘယ်ကမှန်းမသိ ရုတ်ချည်း ပေါ်လာသော ဤလူငယ်လေးမှာ မည်သူနည်းဟု စူးစမ်းလိုစိတ်များ ပြင်းပြလာကြသည်။ ထိုအထဲတွင် အချို့မှာမူ သူ၏ ပုံသဏ္ဌာန်ကို မှတ်မိသွားကြပြီး လွှတ်ခနဲ အော်ဟစ်လိုက်ကြတော့၏။
လော့ချန်ရှင်းမှာမူ မှင်တက်နေသော မျက်နှာပေးဖြင့် ဆိုလိုက်သည်။
“ခေါင်းဆောင်ဆု... ခင်ဗျားက... ဒါက ဘာတွေ ဖြစ်ကုန်တာလဲဗျ”
သူသည် ဆုမိုကို တစ်ချက် ကြည့်လိုက်၊ အနက်ရောင် ဝတ်စုံနှင့် လူကို တစ်ချက် ကြည့်လိုက်နှင့် ဇဝေဇဝါ ဖြစ်နေရှာသည်။
ဆုမိုကမူ အေးအေးဆေးဆေးပင် ပြုံးပြလိုက်၏။
“စီနီယာလော့... ခဏလောက် စိတ်အေးအေး ထားပါဦး။ ဒီကိစ္စကို ဒီနေ့ အပြီးသတ် ဖြေရှင်းသွားမှာပါ”
လော့ချန်ရှင်းမှာ သံသယများ ရှိနေသော်လည်း သူ၏ စိတ်ခံစားချက်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်သည်။ ဆုမိုသည် ကျန်ရှိသော ဂိုဏ်းကြီး (၇) ဂိုဏ်းမှ ခေါင်းဆောင်များကိုလည်း တစ်ဦးချင်း နှုတ်ဆက်လိုက်၏။
ထိုစဉ် ကျိုးတုန်းမင်က ထိုင်နေရာမှ ထရပ်လိုက်သည်။
“လာ... လာ... ခေါင်းဆောင်လေးဆု။ တစ်ညလုံး အလုပ်ရှုပ်ထားရတာဆိုတော့ ဒီနားမှာ ခဏနားပြီး နေကြာစေ့လေး ဘာလေး ဝါးပါဦးလား”
“ရပါတယ်... ကျေးဇူးတင်ပါတယ် ဘိုးဘိုးကြီးခင်ဗျာ”
ဆုမိုက ပြုံးစိစိဖြင့် သူပေးသော နေကြာစေ့များကို လက်တစ်ဆုပ်စာ ယူလိုက်သည်။ သူသည် နေကြာစေ့ကို ဝါးရင်း မလှမ်းမကမ်းတွင် ထိုင်နေသော ညသခင်နှင့် ယူချွမ်ဂိုဏ်းချုပ် ရှိရာဆီသို့ မသိမသာ အကဲခတ် ကြည့်လိုက်၏။
ညသခင်မှာမူ သူ့အား တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ တည်ငြိမ်နေသော်လည်း ယူချွမ်ဂိုဏ်းချုပ်ကမူ သူ့အား ဒေါသတကြီး စိုက်ကြည့်နေသည်။
'ဟောဗျာ... ကြည့်စမ်း။ ဒီအဘိုးကြီးကတော့ ငါ့ကို စိမ်းစိမ်းကြည့်နေလိုက်တာ။ အနောက်တောင်ဘက်က ကိစ္စတွေကြောင့် ငါ့ကို တော်တော် အညှိုးထားနေပုံပဲ။'
ယူချွမ်ဂိုဏ်းချုပ်၏ ရင်ထဲတွင် သတ်ဖြတ်လိုသော စိတ်များ ဆူပွက်နေချေပြီ။
ဆုမိုကြောင့် သူ အနှစ် (၂၀) တိုင်တိုင် စနစ်တကျ အကွက်ချ ကြံစည်ထားသမျှ စီမံကိန်းကြီးမှာ ဖုံတက်သွားခဲ့ရသည် မဟုတ်ပါလော။ သူ၏ လက်အောက်မှ ခေါင်းဆောင် (၆) ဦးအနက် (၃) ဦးမှာလည်း ဆုမို၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရဖူးသည်။
အခုတော့ လျူဆွေ့ဖုန်းရော ဆုမိုပါ သူ့ရှေ့တည့်တည့်သို့ ရောက်နေကြချေပြီ။
ယူချွမ်ဂိုဏ်းချုပ်သည် ဘေးနားရှိ ညသခင်ကို ကြည့်ရင်း ကျေးဇူးပင် တင်မိသည်။ ညသခင်သာ ဤဓားသိုင်း နှီးနှောပွဲကို လာကြည့်ရန် မခေါ်ခဲ့ပါက ဤရန်သူကြီး နှစ်ဦးကို တစ်ပြိုင်နက် တွေ့ရဖို့ ခဲယဉ်းလှပေလိမ့်မည်။
ယခုအချိန်သည် လက်တုံ့ပြန်ရန် အချိန်မဟုတ်သေးသော်လည်း ဤဓားသိုင်း နှီးနှောပွဲ အပြီးတွင်မူ ဆုမိုနှင့် လျူဆွေ့ဖုန်းတို့၏ အသက်ကို သူ သေချာပေါက် သိမ်းပိုက်ရပေမည်။ သူတို့နှစ်ဦးကို ယူချွမ်ဂိုဏ်းသို့ အရှင်လတ်လတ် ဖမ်းခေါ်သွားပြီးမှ သူ၏ ရင်ထဲက ဒေါသမီးများကို ငြှိမ်းသတ်ရမည်ဟု ကြုံးဝါးနေတော့၏။
ယူချွမ်ဂိုဏ်းချုပ်၏ အတွေးများ ရှုပ်ထွေးနေစဉ်မှာပင် စင်မြင့်ထက်မှ ‘ဝမ်ချန်ရှင်း’ က အော်ဟစ်လိုက်သည်။
“အစ်ကိုကြီး... ခင်ဗျားက ကျွန်တော်နဲ့ ဒီမှာပဲ အသေအလဲ တိုက်ချင်တာလား။ ကောင်းပြီလေ... ဒီနေ့တော့ ကျွန်တော့်လက်နဲ့ပဲ ဂိုဏ်းရဲ့ အညစ်အကြေးတွေကို ဆေးကြောပစ်ရတာပေါ့”
ဝမ်ချန်ရှင်း (အစစ်) က စင်မြင့်ထက်မှ လူအား စူးစူးစိုက်စိုက် ကြည့်လိုက်ပြီးနောက် ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။
“ငါက ဘယ်တုန်းက မင်းရဲ့ အစ်ကိုကြီး ဖြစ်ခဲ့လို့လဲ”
ထိုစကားကို ကြားသောအခါ စင်မြင့်ပေါ်ရှိ ဝမ်ချန်ရှင်း (အတု) မှာ ရင်ထိတ်သွားရသည်။ သူသည် စိတ်ထဲမှ ကြိမ်းမောင်းလိုက်ပြီးနောက် ဓားကို ဆွဲထုတ်ကာ ရှေ့သို့ ဝုန်းခနဲ ခုန်ဝင်လိုက်တော့၏။ သူ၏ ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်လှသော ဓားချီများမှာ နေရာအနှံ့သို့ လှိုင်းတံပိုးများပမာ တိုးဝင်သွားသည်။
ကြည့်ရှုနေသူများမှာ ထိုဓားချီ၏ အရှိန်အဝါကြောင့် မျက်နှာများ ပျက်ယွင်းသွားကြရ၏။ လျူဆွေ့ဖုန်းပင်လျှင် အနည်းငယ် အံ့အားသင့်သွားပြီး မျက်ခုံးပင့်မိသည်။
'အင်း... ပညာရှင်ဆိုတာ လက်တစ်ချက် လှုပ်တာနဲ့ သိသာတာပဲ။ ဒီကောင်က ငါ့ရှေ့မှာတုန်းကတော့ သူ့ အရည်အချင်းကို ဝှက်ထားခဲ့တာကိုး။'
လျူဆွေ့ဖုန်းမှာ အနည်းငယ် စိတ်ပျက်သွားမိသော်လည်း နောက်တစ်ခဏတွင်မူ သူ၏ မျက်ဝန်းများက ဝင်းလက်သွားတော့၏။ ပြင်းထန်လှသော ဓားချက်ကို ရင်ဆိုင်ရာတွင် ဝမ်ချန်ရှင်း (အစစ်) ကမူ ခြေလှမ်းအနည်းငယ်မျှသာ ရွှေ့လိုက်သော်လည်း လုံးဝ လွတ်မြောက်သွားသည်။
၎င်းမှာ တကယ့်ကို အန္တရာယ်ကြီးလှသော အနေအထား ဖြစ်သော်လည်း သူသည် ဓားချီများနှင့် ပွတ်ကာသီကာလေးသာ ရှောင်တိမ်းသွားခြင်း ဖြစ်၏။ များလွန်းခြင်း၊ နည်းလွန်းခြင်း မရှိဘဲ ကွက်တိပင် ဖြစ်၏။
သည်ဖြစ်ရပ်က ဝမ်ချန်ရှင်း (အစစ်) အနေဖြင့် ပြိုင်ဘက်၏ ဓားသိုင်းကို အပိုင်တွက်ထားနိုင်ကြောင်း သက်သေပြနေခြင်း ပင်တည်း။
ဝမ်ချန်ရှင်း (အတု) မှာမူ လက်မလျှော့ဘဲ ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း ကို တစ်ကွက်ပြီးတစ်ကွက် ဆက်တိုက် ထုတ်ဖော်တော့၏။ မူယွမ်စင်မြင့် တစ်ခုလုံးမှာ ရှည်လျားလှသော ဓားအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားကာ လှိုင်းလုံးကြီးများပမာ ဆက်တိုက် တိုးဝင်နေသည်။
ဤမျှ ပြင်းထန်လှသော ဓားချီများကြားတွင် ဝမ်ချန်ရှင်း (အစစ်) ကမူ အေးအေးဆေးဆေးပင် လျှောက်လှမ်းနေပြီး ဓားချက်အားလုံးကို ရှောင်တိမ်းနေသည်။ ၎င်းမှာ မုန်တိုင်းထန်နေသော ပင်လယ်ပြင်ထဲမှ လှေငယ်လေးတစ်စင်းပမာ ရှိသော်လည်း မည်သည့်အခါမျှ တိမ်းမှောက်သွားခြင်း မရှိချေ။
ကြည့်ရှုနေသူများမှာ ပထမတွင် ‘ဝမ်ချန်ရှင်း’ ၏ ပြောင်မြောက်လှသော ဓားသိုင်းကို အံ့ဩနေကြသော်လည်း တဖြည်းဖြည်းနှင့် အနက်ရောင်ဝတ်စုံနှင့် လူ၏ ရှောင်တိမ်းမှုများအပေါ်တွင် ပိုမို စိတ်ဝင်စားလာကြတော့၏။
“သူ ဘာလို့ ဓားကို အခုထိ မဆွဲထုတ်သေးတာလဲ”
လူအုပ်ကြီးကြားမှ မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။ တုန်းချန်ဂိုဏ်းမှ ခေါင်းဆောင်များသည်လည်း မျက်မှောင်ကြုတ်လျက် စောင့်ကြည့်နေကြ၏။ စင်မြင့်ပေါ်မှ လူက ဂိုဏ်းရဲ့ အညစ်အကြေးတွေကို ရှင်းထုတ်မယ်လို့ အကြိမ်ကြိမ် ပြောနေသော်လည်း သူ၏ ဓားသိုင်းမှာ ရောက်ရှိလာသူကို ဘာမှ မလုပ်နိုင်သည်မှာ ထင်ရှားလှသည်။
ထိုမှတပါး ရောက်ရှိလာသူမှာလည်း ပြန်လည် တိုက်ခိုက်ခြင်း မပြုဘဲ ရှောင်တိမ်းနေရုံသာ ရှိသဖြင့် တစ်ခုခုတော့ မှားနေပြီဟု လူတိုင်း ခံစားလိုက်ရလေတော့၏။
--