← Chapters

အခန်း ၅၁၃

Vol. 35 Ch. 513

အခန်း ၅၁၃

Vol. 35 Ch. 513

အခန်း (၅၁၃) အစစ်နှင့် အတု (အပိုင်း ၃)

အကယ်၍ ထာဝရညတောင်ကြားတွင် ဤကဲ့သို့သော စွမ်းရည်မျိုးသာ ရှိနေပါက၊ ၎င်းတို့သည် မည်သူ့အသွင်ကိုမဆို စိတ်ကြိုက် ဖန်တီးယူနိုင်မည် မဟုတ်ပါလော။ ဤအတွေးဝင်လာသည်နှင့်တစ်ပြိုင်နက် ထိုနေရာတွင် ရှိနေကြသော သိုင်းလောကသား အားလုံးမှာ ကျောရိုးထဲအထိ စိမ့်သွားအောင် ထိတ်လန့်တုန်လှုပ်သွားကြရသည်။

ထိုအခိုက်အတန့်၌ ဆုမိုသည် ကျောက်ရုပ်ကြီးပမာ ငြိမ်သက်စွာ ထိုင်နေသော ညသခင် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

“ဂိုဏ်းချုပ်ကြီး... အခြေအနေတွေက ဒီအဆင့်အထိ ရောက်နေတာတောင် ခင်ဗျားက ဘယ်လိုလုပ် ငြိမ်နေနိုင်ရတာလဲဗျ”

“ဟင်...”

ယူချွမ်ဂိုဏ်းချုပ်မှာ အံ့အားသင့်သွားပြီး ဆုမိုထံသို့ အကြည့်ကို ရုတ်ချည်း လွှဲလိုက်သည်။

“မင်း ဘာကို ဆိုလိုတာလဲ”

“ရှင်းနေတာပဲ မဟုတ်လား”

ဆုမိုက ခပ်ပြုံးပြုံးဖြင့် ပြန်လည်ချေပလိုက်၏။

“ထျန်းချူ ဓားသိုင်း နှီးနှောပွဲ ဆိုတာက ညသခင် ကိုယ်တိုင် စနစ်တကျ အကွက်ချ ကြံစည်ခဲ့တာလေ။ ဘာဖြစ်လို့ ဝမ်ချန်ရှင်း အတုက တခြားနေရာတွေ အများကြီး ရှိပါရက်နဲ့ သခင်ကြီးလျူကို ထျန်းချူမြို့မှာမှ လာပြီး စိန်ခေါ်ရတာလဲဆိုတာ ခင်ဗျား တစ်ခါမှ မစဉ်းစားမိဘူးလား”

ယူချွမ်ဂိုဏ်းချုပ်သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆုမိုကို စိမ်းစိမ်းကြည့်ကာ သွားကြားထဲမှ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ...”

“...”

ဆုမိုမှာမူ ခေတ္တမျှ ဆွံ့အသွားရသည်။ ယူချွမ်ဂိုဏ်းချုပ်၏ အနှစ် (၂၀) စီမံကိန်းကြီး ဘာကြောင့် ကျရှုံးခဲ့ရသလဲဆိုသည်ကို သူ အခုမှ အတပ်သိလိုက်တော့၏။

(ဟောဗျာ... ကြည့်စမ်း။ ဒီအဘိုးကြီးကတော့ တကယ့်ကို တုံးလှချေရဲ့။ သူများက သူ့ကို ချောက်ထဲတွန်းချနေတာတောင် ဘာကြောင့်လဲလို့ ပြန်မေးနေသေးတယ်။ ငါသာ သူ့နေရာမှာဆိုရင်တော့ ရှက်လွန်းလို့ အခုချက်ချင်းပဲ မြေကြီးထဲ တိုးဝင်ပစ်လိုက်မှာ ကြာလှပြီ။ ကိုယ့်မှာ ဘာအားနည်းချက် ရှိနေလဲဆိုတာကို သူ တစ်ခါမှ ပြန်မသုံးသပ်ဖူးဘူး ထင်ပါရဲ့။)

ဆုမိုက ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း ဆိုလိုက်သည်။

“ထျန်းချူ ဓားသိုင်း နှီးနှောပွဲ စတင်လိုက်တာနဲ့ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ ဂိုဏ်းချုပ်ကြီး အနေနဲ့ ဘာလို့ မစဉ်းစားတာလဲ”

“...”

ယူချွမ်ဂိုဏ်းချုပ်မှာ ချက်ချင်းကြီး ခေါင်းထဲ မပေါ်သေးသော်လည်း သူသည် အမှန်တကယ် ငတုံးတစ်ယောက်တော့ မဟုတ်ချေ။

သူသည် မူယွမ်စင်မြင့် အပြင်ဘက်ရှိ မရေမတွက်နိုင်သော လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။ ထိုလူအားလုံးသည် ဤဓားသိုင်း နှီးနှောပွဲကြောင့်သာ စုရုံးလာကြခြင်း ဖြစ်သည်။

ထိုအခါမှ... သူ့ထံသို့ ရောက်လာနိုင်ခြေရှိသော တစ်စုံတစ်ယောက်ကို သူ ရိပ်မိသွားတော့၏။ သူ၏ မျက်နှာမှာ ကွက်ခနဲ ပျက်သွားရတော့၏။

“ချီမေတောအုပ်..”

အလံသုံးခု အမိန့်သည် ချီမေတောအုပ်ကို စောင့်ရှောက်ရန် တာဝန်ရှိပြီး ထို (၃) ဦးလုံးမှာ ကိုယ်စီ အားနည်းချက် ရှိကြသည်။ တစ်ယောက်က ဓားသိုင်းကို ရူးသွပ်သည်၊ နောက်တစ်ယောက်က သတ်ဖြတ်လိုစိတ် ပြင်းပြသည်၊ နောက်ဆုံး တစ်ယောက်ကမူ အပြစ်ကင်းစင်ဟန် ရှိသော်လည်း အရာရာ ဖြစ်နိုင်ချေ ရှိနေ၏။

ဓားသိုင်းကို ရူးသွပ်သူ တစ်ယောက်အနေဖြင့် ဤ ထျန်းချူ ဓားသိုင်း နှီးနှောပွဲကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်ပါမည်နည်း။ အကယ်၍ ထိုသူသည် ချီမေတောအုပ်ကို ပစ်ထားခဲ့ပြီး ဤဓားသိုင်း နှီးနှောပွဲကို လာကြည့်ခဲ့မည်ဆိုလျှင်... တောအုပ်အတွင်းရှိ ၀င်္ကပါများမှာ ထက်ဝက်ခန့် ပြိုကွဲသွားပေလိမ့်မည်။ ၎င်းမှာ တုန်းချန်ဂိုဏ်းများအတွက် အကောင်းဆုံးသော အခွင့်အရေးကြီး ပင်တည်း။

အရေးကြီးဆုံးအချက်မှာ သူကိုယ်တိုင်လည်း ယခုအခါ ယူချွမ်ဂိုဏ်းအတွင်း ရှိမနေခြင်း ဖြစ်သည်။ အကယ်၍ ချီမေတောအုပ်သာ တိုက်ခိုက်ခံရပါက၊ ချင်းရှုတောင်နှင့် မိုးအေးတောင်ကြားတို့ကို ဖြတ်ကျော်ကာ သူ ပြန်လည် ကူညီနိုင်ရန်မှာ တကယ့်ကို ခဲယဉ်းလှပေလိမ့်မည်။

ဤအတွေးကြောင့် သူ ဂဏာမငြိမ် ဖြစ်နေစဉ်မှာပင် ကျိုးတုန်းမင်၏ အသံကို ကြားလိုက်ရပြန်သည်။

“ဂိုဏ်းချုပ်ကြီး... ငါ အခုမှ တစ်ခု သတိရလာတယ်”

“...”

ယူချွမ်ဂိုဏ်းချုပ်သည် ကျိုးတုန်းမင်ထံသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

ကျိုးတုန်းမင်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်၏။

“ပြီးခဲ့တဲ့ ရက်ပိုင်းက ဆုမိုလေး မြို့ထဲမှာ လမ်းလျှောက်ရင်း ဓားသမားတစ်ယောက်နဲ့ တွေ့ခဲ့သတဲ့။ စိတ်ကူးပေါက်တာနဲ့ သူတို့နှစ်ယောက် လက်ရည်စမ်းကြတာပေါ့။ ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒီလူက ယူချွမ် သွေးလက်ဝါး သိုင်းကိုတောင် ဝှက်သုံးသွားသေးတယ်။ တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ ပညာပဲ”

“အဲဒါကို မြင်တော့ ဆုမိုလေးကလည်း ဒါဟာ ယူချွမ်ဂိုဏ်းက မိတ်ဆွေတစ်ယောက် ဖြစ်ရမယ်ဆိုပြီး အထင်မှားမခံနိုင်ဘူးလေ။ အဲဒါနဲ့ပဲ ငါတို့ ဇီယန်ဂိုဏ်းရဲ့ မြေအောက်လှောင်အိမ်... အဲ... ဧည့်ခန်းထဲမှာ အနားယူဖို့ ဖိတ်ခေါ်ထားလိုက်တာပေါ့။ အခုဆိုရင် ရက်တော်တော်တောင် ကြာသွားပြီပဲ။ ငါလည်း အဲဒီလူအကြောင်းကို မေ့နေလိုက်တာ... တကယ့်ကို အပြစ်ကြီးလှပါတယ်”

“ဒီမြေခွေးအိုကြီး......”

ထိုစကားကို ကြားရုံနှင့် ယူချွမ်ဂိုဏ်းချုပ်မှာ အဆိုပါလူသည် မည်သူဖြစ်ကြောင်း အတပ်သိလိုက်တော့၏။

ထိုသူမှာ မိမိ၏ လက်အောက်ငယ်သားပင် ဖြစ်၏။

သို့သော် အဘယ်ကြောင့် မိမိ ယနေ့အထိ သတင်းမရခဲ့ရသနည်း။ အကယ်၍သာ ကြိုသိခဲ့လျှင် ထျန်းချူမြို့သို့ ဘယ်သောအခါမှ လာခဲ့မည် မဟုတ်ချေ။

ယူချွမ်ဂိုဏ်းချုပ် မသိခဲ့သည်မှာ... အလံသုံးခု အမိန့်မှ လူများသည် တစ်ဦးနှင့် တစ်ဦး ခင်မင်ကြသော်လည်း သူတို့၏ ဆက်ဆံရေးမှာ ထူးခြားလှသည်ကိုပင်။ ဓားသိုင်းကို ရူးသွပ်သူမှာ အမြဲတမ်း ပြဿနာရှာတတ်သဖြင့် ချီမေတောအုပ်မှာ ခေတ္တမျှ ငြိမ်သက်နေခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းတွင် ထိုသူ ခိုးထွက်သွားသည်ကို သိသော်လည်း အခြားသော အမိန့်တော်ရသူများက အထက်သို့ သတင်းမပို့ဘဲ သူ့ကို ပြန်ခေါ်ရန်သာ ကြိုးစားခဲ့ကြသည်။

သူငယ်ချင်းအချင်းချင်း ယူချွမ်ဂိုဏ်း၏ ပြင်းထန်လှသော အပြစ်ပေးမှုကို မခံစေချင်သောကြောင့် ဖြစ်၏။ သို့ဖြစ်၍ ဓားရူးသည် ဆုမို၏ လက်ထဲတွင် အဖမ်းခံခဲ့ရသော်လည်း ယူချွမ်ဂိုဏ်းချုပ်မှာမူ သတင်းမရဘဲ ထျန်းချူမြို့သို့ ရောက်လာခဲ့ခြင်း ပင်တည်း။

၎င်းမှာ မတော်တဆမှု မဟုတ်ဘဲ ညသခင်၏ ကြံစည်မှုကြီးသာ ဖြစ်တော့၏။

ထိုအခိုက်အတန့်၌ ယူချွမ်ဂိုဏ်းချုပ်သည် ဘေးနားရှိ ညသခင်ကို မကြည်မလင် ကြည့်လိုက်သည်။

“မင်း..ဘာဖြစ်လို့ ငါ့ကို ထျန်းချူမြို့မှာ ပွဲကြည့်ဖို့ စေတနာတွေ ပိုပြီး ဖိတ်ခေါ်ခဲ့ရတာလဲလို့ ငါ အံ့ဩနေတာ။ တကယ်တော့ မင်းမှာ ဒီလို ယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာကိုး.. ငါတို့က လမ်းကြောင်း တစ်ခုတည်းကို လျှောက်နေကြတဲ့သူတွေ မဟုတ်လား... ဘာဖြစ်လို့ ဒီလို အကွက်ဆင်ရတာလဲ”

ညသခင်မှာမူ စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ငြိမ်သက်နေသည်။

“မိုက်မဲလိုက်တာ..”

ယူချွမ်ဂိုဏ်းချုပ်သည် ဒေါသကြီးသူဖြစ်ရာ ညသခင်က စကားပြန်မပြောသည်ကို မြင်သောအခါ အစွမ်းကုန် ပေါက်ကွဲသွားတော့၏။ သူ၏ ကိုယ်ပေါ်တွင် သွေးရောင်အရှိန်အဝါများ ဆူပွက်လာပြီး လက်ဝါးတစ်ချက်ဖြင့် ညသခင်ကို လှမ်းဖမ်းလိုက်သည်။

ဤသိုင်းကွက်မှာ ဆုမို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ဘဲ ၎င်းမှာ ‘ယူချွမ် သွေးလက်ဝါး’ ပင် ဖြစ်၏။ သို့သော် ယူချွမ်ဂိုဏ်းချုပ် ကိုယ်တိုင် ထုတ်ဖော်လိုက်သော ဤလက်ဝါးချက်မှာမူ ယခင်က လူများ၏ လက်ချက်နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။

လက်ဝါးချက် ထွက်ပေါ်လာသည်နှင့်အတူ ယူချွမ်ဂိုဏ်းချုပ်၏ အနောက်တွင် ကြီးမားလှသော သွေးမြစ်ကြီး တစ်စင်း ပေါ်ထွက်လာသကဲ့သို့ ခံစားရသည်။ လေထုထဲတွင်လည်း တစ္ဆေများနှင့် ဝံပုလွေများ၏ စူးရှလှသော ငိုကြွေးသံများ ပြည့်နှက်သွားတော့၏။ ဒါက ‘သွေးပင်လယ် တစ္ဆေငိုသံ’ ဟု ခေါ်သော အသံဖြင့် တိုက်ခိုက်သည့် ပညာပင် ဖြစ်၏။ ၎င်းသည် လူတစ်ဦးကို အဆုံးမဲ့သော သွေးပင်လယ်ကြီးအတွင်း ပိတ်မိနေသည့် လွင့်မျောနေသော ဝိညာဉ်တစ်ခုအလား ခံစားရစေသည်။

ညသခင်သည် မည်သို့သော လူစားမျိုးနည်း။ တုန်းဟွမ်နယ်မြေကို နှစ်ပေါင်းများစွာ ကိုင်လှုပ်ခဲ့သူဖြစ်ပြီး သိုင်းပညာရော ဉာဏ်ပညာပါ ထိပ်တန်း အဆင့်ရှိသူ မဟုတ်ပါလော။ ယူချွမ်ဂိုဏ်းချုပ်သည် ဒေါသထွက်နေသော်လည်း ညသခင်ကိုမူ လုံးဝ အထင်မသေးရဲချေ။

ယူချွမ်ဂိုဏ်းချုပ်သည် သူ၏ အစွမ်းရှိသမျှကို ပုံအော၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

သို့သော် ညသခင်မှာမူ မျက်တောင်လေး တစ်ချက်သာ ပင့်ကြည့်လိုက်ပြီး လှုပ်ရှားရန် အစီအစဉ် မရှိသကဲ့သို့ ငြိမ်နေသည်။

ညသခင် ဤသို့ ပြုမူလေလေ၊ ယူချွမ်ဂိုဏ်းချုပ်မှာ ပို၍ သတိထားလေလေ ဖြစ်လာတော့၏။ သူ၏ အတွင်းအားများကို ပိုမို ပြင်းထန်အောင် လှည့်ပတ်လိုက်သည်။

သူ၏ ခေါင်းထဲတွင် ညသခင် ပြန်လည် တုံ့ပြန်လာနိုင်သည့် နည်းလမ်းပေါင်း ဒါဇင်နှင့်ချီ၍ ကြိုတင် တွက်ဆထားသော်လည်း သူ လုံးဝ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပျက်လာတော့၏။

ညသခင်မှာ အခုထိ မလှုပ်ရှားသေးချေ...။

ယူချွမ် သွေးလက်ဝါး သည် ညသခင်၏ ကိုယ်ပေါ်သို့ ထိမှန်သွားသည့် တိုင်အောင် ညသခင်မှာ တုံ့ပြန်ခြင်း မရှိပေ။

“မင်း...”

ယူချွမ်ဂိုဏ်းချုပ်မှာ မှင်တကသသွားပြီး သူ၏ ‘ယူချွမ်သိုင်းကျမ်း’ ကို ပိုမို အားယူ လှည့်ပတ်လိုက်ရာ သွေးရောင်အရှိန်အဝါများက ညသခင်ကို ဝါးမြိုသွားတော့၏။ သွေးများ ဖုံးလွှမ်းသွားသော ညသခင်မှာမူ ရုတ်တရက် အလွန်တရာ နာကျင်လှသော အော်ဟစ်သံကြီး တစ်ခုကို ပြုလုပ်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ညသခင်၏ ကိုယ်ခန္ဓာကြီးမှာ ယူချွမ် သွေးလက်ဝါး၏ ဒဏ်ကြောင့် သွေးကန်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားရလေတော့၏။

သို့သော် ယူချွမ်ဂိုဏ်းချုပ်မှာမူ ဝမ်းသာခြင်း အလျဉ်းမရှိချေ။ သူ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများသာ ပြည့်နှက်နေတော့သည်။

ထျန်းချူ ဓားသိုင်း နှီးနှောပွဲကို ညသခင် တစ်ယောက်တည်းကသာ အစအဆုံး စီစဉ်ခဲ့ခြင်း ဖြစ်၏။ သူ၏ ရည်ရွယ်ချက်မှာ ချီမေတောအုပ်မှ ဓားရူးကို မြှူထုတ်ရန်နှင့် တောအုပ်၏ ၀င်္ကပါများကို ဖျက်ဆီးရန်သာ ဖြစ်သည်။

ထို့ပြင် ပေးစာတစ်စောင်ဖြင့် သူ့အား ထျန်းချူမြို့အတွင်းသို့ ဖိတ်ခေါ်ခဲ့ပြီး၊ မြို့ပြင်တွင် ထာဝရညတောင်ကြားမှ တပည့်များ ရှိနေဟန် ဆောင်ကာ သူ့အား အပြည့်အဝ ယုံကြည်သွားအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။

အခုတော့... ဤနေရာရှိ ညသခင်မှာ အတုဖြစ်နေသည်မှာ ထင်ရှားလှပေပြီ.. မူလ ညသခင် စစ်စစ်သည် သူ၏ ယူချွမ် သွေးလက်ဝါး တစ်ချက်တည်းဖြင့် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားစရာ အကြောင်းမရှိချေ။

အစစ်ဖြစ်စေ၊ အတုဖြစ်စေ ယခုလက်ရှိ ပြဿနာမှာ... ချီမေတောအုပ်၏ ၀င်္ကပါများမှာ ပျက်စီးနေပြီဖြစ်ပြီး သူကိုယ်တိုင်မှာမူ ထျန်းချူမြို့အတွင်း ပိတ်မိနေခြင်း ပင်တည်း။ တုန်းချန်ဂိုဏ်းများမှာ တော်ရုံနှင့် ကိုင်တွယ်ရလွယ်သော လူများ မဟုတ်သဖြင့် သူ့အား အလွယ်တကူ လွှတ်ပေးကြမည် မဟုတ်ချေ။

ဤသို့ တွက်ဆနေစဉ်မှာပင် ဆုမိုက သူ့အား အသာအယာ ပြုံးကြည့်နေသည်ကို ယူချွမ်ဂိုဏ်းချုပ် တွေ့လိုက်ရသည်။

“ဂိုဏ်းချုပ်ကြီး... ထျန်းချူမြို့ဆိုတာ တကယ့်ကို ရတနာတွေ ပေါများပြီး ထူးချွန်တဲ့သူတွေ ရှိတဲ့ နေရာဗျ။ ဒီနေရာမှာပဲ တစ်သက်လုံး အနားယူသွားဖို့ ဘယ်လိုလဲ”

--

All Chapters