← Chapters

အခန်း ၅၁၄

Vol. 35 Ch. 514

အခန်း ၅၁၄

Vol. 35 Ch. 514

အခန်း (၅၁၄) လောကအလယ်မှ ကျေးဇူးတရား

ဝမ်ချန်ရှင်းက အတုဖြစ်နေရုံတင်မက၊ ညသခင် ကိုယ်တိုင်ကလည်း အတုဖြစ်နေသည်ဆိုသည့် အချက်က တကယ့်ကို မှော်ဆန်လွန်းလှသည်။ ယနေ့ တုန်းချန်နယ်မြေ၏ ကောင်းကင်ယံအထက်တွင် ဖြစ်ပျက်နေသမျှကို အနီးကပ် စူးစမ်းကြည့်လျှင်မူ ညသခင်ကို ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ မြင်တွေ့ခဲ့ရခြင်း မရှိသည်မှာ အမှန်ပင် ဖြစ်သည်။

တကယ်တော့ ညသခင်သည် ဤ ‘လူသားအရေခွံဖြင့် လှည့်စားခြင်း၊ အရေခွံခွာ၍ အဝတ်ပြုခြင်း’ အတတ်ပညာကို နှစ်ပေါင်းများစွာ ဘာကြောင့် ဖုံးကွယ်ထားခဲ့ရသနည်း။

ဝမ်ချန်ရှင်း အတုကို နာမည်ကြီးအောင် လုပ်ပေးချင်ရုံသက်သက်လား။ ယူချွမ်ဂိုဏ်းချုပ်ကို ဤကဲ့သို့ လှည့်စားလိုက်ခြင်း၏ ရည်ရွယ်ချက်ကိုမူ ခန့်မှန်းရ ခဲယဉ်းလှသည်။

တုန်းချန်ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှာ သာမန်အင်အားစုများ မဟုတ်ကြချေ။ မိစ္ဆာဂိုဏ်း သုံးဂိုဏ်း ပေါင်းစည်းမှသာ ၎င်းတို့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိကြခြင်း ဖြစ်၏။ အကယ်၍ တစ်ဂိုဏ်းကသာ အင်အားချည့်နဲ့သွားပါက ဟန်ချက်ပျက်သွားပေလိမ့်မည်။

ညသခင်၏ ရည်ရွယ်ချက်မှာ မိစ္ဆာဂိုဏ်း သုံးဂိုဏ်းလုံးကို အရင်ဆုံး ပေါင်းစည်းပြီးမှ ထျန်းချူမြို့ကို တစ်ပြိုင်နက် သိမ်းပိုက်ရန် ဖြစ်နေသလားဟု တွေးတောစရာ ရှိသည်။ သို့သော်လည်း သူသည် ယူချွမ်ဂိုဏ်းကို အရင်ဆုံး ဘာကြောင့် တိုက်ခိုက်ခဲ့ရသနည်း။

ကျိုးတုန်းမင်မှ လွဲ၍ ကျန်ရှိသော တုန်းချန်ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ ခေါင်းဆောင်များမှာမူ ဇဝေဇဝါ ဖြစ်နေကြသည်။

တစ်စုံတစ်ခုသော လျှို့ဝှက်ချက်ကို သိရှိနေသော်လည်း အတိအကျကိုမူ မဖမ်းဆုပ်နိုင်ကြသေးချေ။

သို့သော် ယခုအချိန်သည် ရွှေရောင်အခွင့်အရေးကြီး ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်၏။

အကယ်၍ ယူချွမ်ဂိုဏ်းချုပ်ကိုသာ ထျန်းချူမြို့၌ အဆုံးစီရင်နိုင်မည်ဆိုပါက အနည်းငယ်သော အထိအခိုက်ကိုမူ ရင်းရကျိုး နပ်ပေလိမ့်မည်။

ဆုမို၏ စကားအဆုံးတွင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ ခေါင်းဆောင်များသည် ကိုယ်ကို ယိမ်းနွဲ့ကာ ခုန်ပျံလိုက်ကြပြီး ယူချွမ်ဂိုဏ်းချုပ်ကို ဝိုင်းရံလိုက်ကြသည်။ ထိုခံစားချက်မှာ အနည်းငယ် ထူးဆန်းနေ၏။ ဆုမိုက ယူချွမ်ဂိုဏ်းချုပ်အား ထျန်းချူမြို့၌ ထာဝရ အနားယူရန် အကြံပြုလိုက်သည်နှင့် ခေါင်းဆောင်ကြီးများမှာ ဆုမို၏ အမိန့်ကို နာခံနေသည့်အလား ချက်ချင်း လှုပ်ရှားလိုက်ကြခြင်း ပင်တည်း။

ယူချွမ်ဂိုဏ်းချုပ်၏ မျက်နှာဖုံးမှာ ဒေါသကြောင့် တုန်ယင်နေသည်။

“မင်းတို့... မင်းတို့လောက်နဲ့ ငါ့ကို သတ်ချင်နေတာလား”

“ဟားဟားဟား”

ရှရွှမ်ရန်က သူ၏ ခေါက်ယပ်တောင်ကို အသာအယာ ခတ်ထုတ်လိုက်ရင်း ရယ်လိုက်သည်။

“ဂိုဏ်းချုပ်ကြီးရယ်... ဘာလို့ အဲဒီလို ပြောရတာလဲ။ ကျွန်တော်တို့က ဂိုဏ်းချုပ်ကြီးကို ထျန်းချူမြို့မှာ အနှစ်တစ်ရာ၊ ရှစ်ဆယ်လောက် အေးအေးဆေးဆေး အနားယူစေချင်ရုံတင်ပါဗျာ။ အချိန်တန်လို့ ဂိုဏ်းချုပ်ကြီး ပြန်ချင်တယ်ဆိုရင်လည်း ကျွန်တော်တို့က မတားပါဘူး ခင်ဗျာ”

လော့ချန်ရှင်းသည် သူ၏ ရယ်သံကို အနိုင်နိုင် ထိန်းထားရသည်။

ရှရွှမ်ရန်၏ ပါးစပ်မှ ဤကဲ့သို့ နားဝင်ချိုသော စကားများ ထွက်လာလိမ့်မည်ဟု သူ တစ်ခါမှ မတွေးထားခဲ့ဖူးချေ။

“ညီအစ်ကိုရှ ပြောတာ တကယ့်ကို ယုတ္တိရှိတယ်ဗျ။ ဂိုဏ်းချုပ်ကြီးအတွက် နံ့သာရနံ့တွေနဲ့ အခန်းလေး ပြင်ထားပါတယ်၊ အဲဒီမှာပဲ အနားယူလိုက်ပါတော့လား”

ယူချွမ်ဂိုဏ်းချုပ်မှာမူ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေချေပြီ။ သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော သူသည် မည်သည့်အခါမှ ဤကဲ့သို့ ပြင်းပြင်းထန်ထန် သရော်ခံခဲ့ရခြင်း မရှိဖူးချေ။ သို့သော် သူသည် ဒေါသထွက်လေလေ၊ ပို၍ တည်ငြိမ်လာလေလေ ဖြစ်၏။

သူ၏ အကြည့်များက ခေါင်းဆောင်ကြီးများကို ကျော်ဖြတ်ကာ အရေခွံခွာခံထားရသော ဝမ်ချန်ရှင်း အတုထံသို့ ရောက်ရှိသွားသည်။

“ဒီနေ့... တိုက်ပွဲ ဖြစ်မယ်ဆိုရင်လည်း ဖြစ်ပါစေတော့။ ဒါပေမဲ့ ငါ မသိတာ တစ်ခု ရှိတယ်.. ညသခင်ရဲ့ အစီအစဉ်က တုန်းချန်ဂိုဏ်းတွေအတွက် ငါ့ရဲ့ ချီမေတောအုပ်ကို တိုက်ခိုက်ဖို့ အခွင့်အရေး ပေးရုံသက်သက်ပဲလား”

“ဟားဟားဟားဟား..........”

ဝမ်ချန်ရှင်း အတုက ရုတ်တရက် ဟားတက်င်ရယ်လိုက်သည်။ သူ၏ ကိုယ်ပေါ်တွင် အရေခွံများ မရှိတော့သဖြင့် ထိုရယ်သံမှာ တစ္ဆေတစ်ကောင်၏ အော်ဟစ်သံအလား ကြောက်မက်ဖွယ် ကောင်းလှ၏။

“မင်းတို့အားလုံးက ငါ့သခင်ကြီးကို အထင်သေးလွန်းတာပဲ.. သခင်ကြီး ဘာတွေ ကြံစည်ထားလဲဆိုတာ မင်းတို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ကောင်းကင်စမ်းရေ ဓား ဆယ့်နှစ်လက် ဆိုတာက အစကတည်းက သေဖို့ ပြင်ဆင်ထားပြီးသားတွေပဲ။ မင်းတို့ကတော့... ဟဲဟဲ... တစ်နေ့ကျရင် ငါ့သခင်ကြီးက ငါ့အတွက် လက်စားချေပေးလိမ့်မယ်..”

သူသည် လူတိုင်းကို စိမ်းစိမ်းကြည့်လိုက်ပြီးနောက် ဝမ်ချန်ရှင်း အစစ်ကို မုန်းတီးစွာ စိုက်ကြည့်ကာ အော်ဟစ်လိုက်ပြန်သည်။

“မင်းက တကယ်ပဲ ဒီလို လုပ်ရဲတယ်ပေါ့၊ ဒါဆိုရင်လည်း ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့တော့.... သူ... ဝမ်ချန်ရှင်း ဆိုတာက အသက်မရှိတဲ့...”

စကားလုံးများ မဆုံးမီမှာပင် ဓားရောင်တစ်ချက် ဝင်းလက်သွားတော့၏..။

တည်ကြည်လေးနက်စွာ ရပ်နေသော ဝမ်ချန်ရှင်း အစစ်က ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူ၏ ဓားချက်က ရန်သူ၏ လည်ချောင်းကို ကွက်တိ ထိုးဖောက်ဝင်ရောက်သွားတော့၏။

သို့သော် ဝမ်ချန်ရှင်း အတု၏ မျက်နှာပေါ်တွင်မူ အနှောင့်အယှက် ခံရသည့်အတွက် ဒေါသထွက်နေသော အရိပ်အယောင် လုံးဝ မရှိချေ။ ထိုရုပ်ပျက်ဆင်းပျက် မျက်နှာမှာ ရက်စက်လှသော အပြုံးကြီး တစ်ခုအဖြစ် တွန့်လိမ်သွားတော့၏။

သူ၏ ယုတ်မာလှသော အစီအစဉ်ကြီး အောင်မြင်သွားသည့်အလားပင်..။

ဝမ်ချန်ရှင်း အစစ်က သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး ဓားဖျားပေါ်မှ ရန်သူ၏ အလောင်းကို အသာအယာ တွန်းချလိုက်သည်။

ဤဖြစ်ရပ်မှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်ရာ မည်သည့် ပညာရှင်မျှ တားဆီးရန် အချိန်မရလိုက်ကြချေ။ ဆုမို တစ်ဦးတည်းသာ တားဆီးနိုင်စွမ်း ရှိသော်လည်း သူသည် ဝင်ရောက် စွက်ဖက်ခြင်း မပြုဘဲ ဝမ်ချန်ရှင်းကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေမိ၏။

“ဟာ... ခင်ဗျားကလည်း ဘာလို့ သတ်လိုက်ရတာလဲ”

လော့ချန်ရှင်းမှာ တကယ့်ကို နှမြောတသ ဖြစ်သွားရသည်။

“ထျန်းချူမြို့ထဲမှာ သွေးချောင်းစီးခဲ့ရတာတွေ၊ ငါတို့ဂိုဏ်းက ပညာရှင် သုံးယောက် အိပ်ရာထဲမှာ လှုပ်မရအောင် ဒဏ်ရာရနေတာတွေ အားလုံးက ဒီကောင့်လက်ချက်ပဲ ဖြစ်ရမယ်။ သူ့ကို သေချာ စစ်ဆေးပြီး သိသမျှ အကုန်ဖွင့်ဟဝန်ခံအောင် လုပ်ရမှာကိုး။ အခုတော့ ခင်ဗျားက ဓားတစ်ချက်နဲ့ သတ်ပစ်လိုက်ပြီဆိုတော့ ဘယ်သူက တာဝန်ယူမှာလဲဗျာ”

ပြီးတော့... ဟို အတုက နောက်ဆုံး ပြောသွားတဲ့ စကားက ဘာကို ဆိုလိုတာလဲ။ ဝမ်ချန်ရှင်းက အသက်မရှိဘူး ဟုတ်လား။ ဘာကို ပြောချင်တာလဲ။

ဝမ်ချန်ရှင်းက ခပ်ပြုံးပြုံးဖြင့် ပြန်လည် ချေပလိုက်သည်။

“စီနီယာလော့... စိတ်မပူပါနဲ့။ ဒီအတွက် ရှင်းလင်းချက်ကို ကျွန်တော် ကိုယ်တိုင် ပေးပါ့မယ်။ ဒီနေ့... ကျွန်တော့်ရဲ့ ဂိုဏ်းအတွက်ကော၊ သိုင်းလောကအတွက်ကော ရှင်းလင်းချက် တစ်ခုကို ထပ်ပြီး ပေးရတော့မှာပေါ့ ခင်ဗျာ...”

--

All Chapters