← Chapters

အခန်း ၅၁၆

Vol. 35 Ch. 516

အခန်း ၅၁၆

Vol. 35 Ch. 516

အခန်း (၅၁၆) လောကကို အပြီးသတ် နှုတ်ဆက်ခြင်း

“သူဟာ နတ်ဆိုး တစ္ဆေ ငါးပါး ချီကြောင့် သေဆုံးခဲ့တာပဲ”

“ဒါဆို... ညသခင် ကိုယ်တိုင် လက်ဦးမှု ယူလိုက်တာလား”

ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ ခေါင်းဆောင်များသည် ထိုစကားကို ကြားသောအခါ ရှုပ်ထွေးလှသော မျက်နှာပေးကိုယ်စီဖြင့် ရှိနေကြသည်။

ဝမ်ချန်ရှင်းမှာမူ ငိုရခက် ရယ်ရခက် အမူအရာမျိုးဖြင့် ရှင်းပြလိုက်၏။

“မဟုတ်ဘူး... သူဟာ... သူဟာ ကျွန်တော့်လက်နဲ့ပဲ သေခဲ့ရတာ.... ကျွန်တော်သာ ညသခင်ကို အကြွင်းမဲ့ မယုံကြည်ခဲ့ရင်... ကျွန်တော်သာ ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း အပြည့်အစုံကို ထာဝရညတောင်ကြားဆီ မပို့ပေးခဲ့ရင်... ညသခင် ဘယ်လောက်ပဲ သိုင်းပညာ ထူးချွန်ပါစေ၊ ကျွန်တော့်ဆရာကို အနိုင်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်၊ ကျွန်တော့်လက်နဲ့ပဲ ကျွန်တော့်ဆရာကို သေတွင်းထဲ ပို့လိုက်မိတာပါဗျာ”

ဝမ်ချန်ရှင်း၏ အသံမှာ တုန်ယင်နေသည်။ ဓားလက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူ၏ လက်ဖမိုးတွင် သွေးကြောများ ထောင်ထနေပြီး အနည်းငယ် တုန်လှုပ်နေ၏။ ခေတ္တမျှ လူတိုင်း ဆွံ့အသွားရသည်။

‘ဒီဇာတ်လမ်းကတော့ တကယ့်ကို ရင်နာစရာကြီးပဲ။ ကိုယ့်လက်နဲ့ကိုယ် ကိုယ့်ဆရာကို သတ်မိသလို ဖြစ်သွားတယ်ဆိုတော့... ခံရခက်မှာပေါ့လေ။ သိုင်းလောကရဲ့ ဒဏ္ဍာရီကြီး ‘ကောင်းကင်စမ်းရေ ဓားနတ်ဘုရား’ က ကိုယ့်တပည့်ကို ယုံကြည်လို့ သင်ပေးခဲ့တာကို၊ တပည့်ဖြစ်သူက ရန်သူ့လက်ထဲ အပ်လိုက်သလို ဖြစ်နေတာကိုး’

လွန်ခဲ့သော အနှစ် (၃၀) က အကြီးအကဲ ထျန်းချွမ်၏ အမည်မှာ တုန်းဟွမ်နယ်မြေ တစ်ခုလုံးကို ကိုင်လှုပ်ခဲ့သည် မဟုတ်ပါလော။ အကြီးအကဲ ထျန်းချွမ်သည် လူသူကင်းဝေးရာတွင် အောင်းနေခဲ့သော်လည်း သူ၏ သိုင်းပညာမှာ အရင်ကထက်ပင် ပို၍ နက်နဲလာခဲ့သည်ဟု ဝမ်ချန်ရှင်းက ဆိုသည်။

ညသခင်မှာ မည်မျှပင် အစွမ်းထက်ပါစေ၊ အကြီးအကဲ ထျန်းချွမ်၏ ဓားသိုင်း အားနည်းချက်ကိုသာ အစအဆုံး မသိခဲ့ပါက အနိုင်ရရန်မှာ မသေချာလှချေ။

ဝမ်ချန်ရှင်း ပို့ပေးလိုက်သော သိုင်းကွက်များတွင် အမှား (၁၇) ကွက် ပါနေသော်လည်း၊ ညသခင်နှင့် အကြီးအကဲ ထျန်းချွမ်တို့၏ တိုက်ပွဲတွင်မူ ထိုအမှားများမှာ အရေးမပါလှတော့ချေ။

“ကျွန်တော်ဟာ ကောင်းကင်ဘုံက အပြစ်ပေးခံရမယ့် လူသားတစ်ယောက်ပါ။ ကျွန်တော်သာ လူဖြစ်မလာခဲ့ရင် ဒီလောက် လူအများကြီး ကျွန်တော့်ကြောင့် ဒုက္ခရောက်ကြမှာ မဟုတ်ဘူး။ အဲဒီကိစ္စ ပြီးကတည်းက ကျွန်တော် ညသခင်ရဲ့ ခြေရာကို လိုက်ခဲ့တယ်။ ဆရာ့အတွက် လက်စားချေဖို့၊ သူနဲ့ ရှိသမျှ ကျေးဇူးတရားနဲ့ ရန်ငြိုးတွေကို အပြတ်ဖြတ်ဖို့ပေါ့”

“ဒါပေမဲ့ လမ်းမှာ သရဲငါးပါး ကောင်းကင်ပိုက်ကွန်နဲ့ တိုးခဲ့တယ်။ သူတို့က အလိမ်အညာတွေနဲ့ ကျွန်တော့်ကို ထောင်ချောက်ဆင်ခဲ့လို့ နတ်ဆိုး တစ္ဆေ ငါးပါး ချီရဲ့ ဒဏ်ကို ခံလိုက်ရတာ။ ကျွန်တော့်ရဲ့ အပြစ်တွေက ကြီးမားလွန်းလို့ အကြိမ်ကြိမ် သေရင်တောင် မကျေနိုင်ပါဘူး။ အဲဒီအချိန်မှာပဲ ကျွန်တော်က ယွီလျိုဓားနှလုံးသား လျူဆွေ့ဖုန်းကို စိန်ခေါ်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာတာပဲ။ ဒါဟာ ညသခင်ရဲ့ အစီအစဉ်ပဲ ဖြစ်ရမယ်။ ကျွန်တော် သေသွားရင် သူ လိုချင်တာ ဖြစ်သွားတော့မှာလေ။ အဲဒါကြောင့် ကျွန်တော် ဘယ်လိုနည်းနဲ့မှ အသေမခံနိုင်ခဲ့ဘူး”

“ဒါပေမဲ့ သေမိန့်အောက်မှာ လမ်းတစ်လျှောက်လုံး ကျွန်တော့်ကို သတ်မယ့်သူတွေက ရှိနေတာပဲ။ ဘာမှ မတတ်နိုင်တဲ့အဆုံး ကျွန်တော့်မျက်နှာကို ကျွန်တော်ကိုယ်တိုင် ဖျက်ဆီးပြီး အသက်ဆက်ခဲ့ရတယ်။ တကယ်တော့ ရယ်စရာကြီးဗျာ... လမ်းမှာ ခေါင်းဆောင်ဆုနဲ့ မတွေ့ရင် ကျွန်တော် သေနေတာ ကြာလှပါပြီ”

“တစ်လျှောက်လုံး ကျွန်တော် ဘာမှ မသိသလို ဟန်ဆောင်ပြီး ခေါင်းဆောင်ဆုရဲ့ ဘေးမှာ လိုက်လာခဲ့တာ။ ထျန်းချူမြို့ကို ရောက်တဲ့အထိပေါ့။ ဟို အတုရဲ့ ဓားသိုင်းကို မြင်ကတည်းက ဘယ်ကလာမှန်း ကျွန်တော် သိနေတာပဲ။ ဒါကြောင့် ညအချိန်မှာ ထွက်ပြီး အပြတ်ရှင်းဖို့ ကြိုးစားခဲ့တာ။ တစ်ယောက်ကို သတ်လိုက်ပေမဲ့ နောက်တစ်ယောက် ထပ်ပေါ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး”

“ညသခင်က ကျွန်တော့်ကို အရင်က စောင့်ရှောက်ခဲ့လို့သာပေါ့။ ထာဝရညတောင်ကြားရဲ့ လျှို့ဝှက်သိုင်းတွေကို သူ ကျွန်တော့်ကို အကုန်ပြောပြခဲ့ဖူးလို့ ဒါဟာ အရေခွံခွာတဲ့ အတတ်ပညာမှန်း ကျွန်တော် သိခဲ့တာ။ အဲဒါကြောင့် လူတိုင်းရဲ့ ရှေ့မှာ အတုကို အပြတ်ရှင်းဖို့ပဲ ကျွန်တော် စဉ်းစားခဲ့တယ်။ အဲဒီလိုဆိုရင်တော့ အစီအစဉ်ကြီး ပျက်သွားမှာပဲလေ”

“စိတ်မကောင်းစရာက ကျွန်တော် ပထမဆုံး ပေါ်လာပြီးကတည်းက ကျွန်တော် အသက်ရှင်နေသေးမှန်း သူတို့ သိသွားကြတာပဲ။ ဟွာယန်ဂိုဏ်းက ဂိုဏ်းချုပ် ကျန့်ချွမ် သေခဲ့ရတာလည်း အဲဒီကြောင့်ပဲ။ သူ့ကို သတ်ဖို့က သူတို့ရဲ့ ရည်မှန်းချက် မဟုတ်ဘူး။ ဆရာ့ရဲ့ ဓားသိုင်းနဲ့ သတ်ပြပြီး သေဆုံးသွားပြီဖြစ်တဲ့ ကျွန်တော့် စီနီယာအစ်ကိုကြီးအပေါ် အပြစ်ပုံချဖို့၊ ကျွန်တော်တို့ဂိုဏ်းကို သိက္ခာချပြီး ကျွန်တော့်ကို အပြင်ထွက်လာအောင် တွန်းပို့ဖို့ပဲ။ သူတို့က ကျွန်တော့်ရဲ့ အစစ်အမှန်ကို မထုတ်ဖော်ရဲဘူးလို့ ထင်နေကြတာ။ ဒါပေမဲ့... ကျွန်တော်က ဘာကို ကြောက်ရဦးမှာလဲ..”

ဝမ်ချန်ရှင်းသည် ခေါင်းကို မော့ကာ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။

“ဆရာက အမြဲပြောတယ်... ကောင်းကင်နဲ့ မြေကြီးကြားမှာ ရပ်တည်နေတဲ့ ယောကျ်ားတစ်ယောက်ဟာ အထက်မှာရှိတဲ့ ကောင်းကင်နဲ့ အောက်မှာရှိတဲ့ မြေကြီးကို မျက်နှာပူစရာ မရှိစေရဘူးတဲ့။ ဝမ်းနည်းစရာကောင်းတာက ကျွန်တော် ဝမ်ချန်ရှင်းဟာ အရှက်တရားတွေနဲ့ ပြည့်နှက်နေပြီး ဆရာ မျှော်လင့်သလို လူမျိုး ဖြစ်မလာခဲ့ဘူး။ တစ်သက်လုံး သူတစ်ပါးကို လှည့်စားခဲ့ပြီး အပြစ်တွေက ကောင်းကင်လောက် ကြီးမားနေခဲ့ပြီ။ ကျွန်တော့်ရဲ့ လုပ်ရပ်တွေက တကယ့်ကို ရယ်စရာ အဖြစ်အပျက်တွေပါပဲ။ ဒီနေ့ ဒီ မူယွမ်စင်မြင့် ထက်မှာ ကျွန်တော် ဒီအကြောင်းတွေကို သိုင်းလောကသားတွေ ရှေ့မှာ ဖွင့်ဟ ဝန်ခံလိုက်ပါပြီ..”

ဝမ်ချန်ရှင်းသည် ပြောပြောဆိုဆိုဖြင့် လက်ထဲရှိ ဓားရှည်ကို သူ၏ ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ် ထားလိုက်သည်။

ထို ဖြစ်ရပ်ကြောင့်၊ ဆုမို၏ မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားတော့၏။

“မင်း ဘာလုပ်မလို့လဲ”

ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ ခေါင်းဆောင်များသည်လည်း ပျာပျာသလဲပင် တားမြစ်လိုက်ကြသည်။

“ဓားကို ချလိုက်ပါ... မင်း လမ်းမှားခဲ့တာ မှန်ပေမဲ့ ဒါဟာ မင်းတစ်ယောက်တည်းရဲ့ အပြစ် မဟုတ်ပါဘူး။ မိုက်မဲတာတွေ မလုပ်စမ်းနဲ့”

လူတိုင်း ရှေ့သို့ တိုးလာစဉ်မှာပင် ဝမ်ချန်ရှင်းက အော်ဟစ်လိုက်၏။

“ရပ်လိုက်.. ခင်ဗျားတို့ ရှေ့မှာ ယူချွမ်ဂိုဏ်းချုပ် ရှိနေတာကို မြင်ရဲ့သားနဲ့ ကျွန်တော့်ကို လာတားရဲသေးတယ်ပေါ့။ ဒီလူ ထွက်ပြေးသွားမှာကို မစိုးရိမ်ကြဘူးလား”

ထိုစကားကြောင့် လူတိုင်း ကြောင်အသွားရသည်။

ဝမ်ချန်ရှင်းသည် ကောင်းကင်ကို ကြည့်ကာ အားရပါးရ ရယ်မောလိုက်ပြီးနောက် ကျယ်လောင်စွာ ကြွေးကြော်လိုက်တော့၏။

“ငါ ဝမ်ချန်ရှင်းဟာ လူယုတ်မာရဲ့ ဖျားယောင်းမှုကို ခံခဲ့ရပြီး မိုက်မဲစွာ ဇွတ်မှိတ် လုပ်ဆောင်ခဲ့တယ်၊ ဒါဟာ ပထမဆုံး အပြစ်.. ဆရာ့ရဲ့ ကျေးဇူးက တောင်ကြီး တစ်လုံးစာ ရှိပါလျက်နဲ့ ငါ့ကြောင့် ဆရာ သေဆုံးခဲ့ရတယ်၊ ဒါဟာ ဒုတိယ အပြစ်.. ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို မိစ္ဆာလက်ထဲ အပ်လိုက်လို့ တုန်းချန်က သူရဲကောင်းတွေ သွေးမြေကျခဲ့ရတယ်၊ ကျလာတဲ့ သွေးတစ်စက်ချင်းစီတိုင်းမှာ ငါ့မှာ တာဝန်ရှိတယ်၊ ဒါဟာ တတိယ အပြစ်..”

“ဒီလောက်အထိ အပြစ်ကြီးတဲ့လူက ဘယ်မျက်နှာနဲ့ လောကအလယ်မှာ ဆက်ပြီး အသက်ရှင်နေရမှာလဲ။ ဒီနေ့ ဝမ်ချန်ရှင်းဟာ လောကကြီးကို တောင်းပန်တဲ့အနေနဲ့ အသက်ပေးသွားပါ့မယ်။ အပြစ်တွေ ကျေမယ်လို့တော့ မမျှော်လင့်ပါဘူး။ နောင်ဘဝကျမှ ဆရာ့ကို ပြန်တွေ့ရင် ဆရာက ငါ့ကို အကြိမ်ပေါင်း ထောင်ချီ သတ်ပစ်ပါစေလို့ပဲ ဆုတောင်းပါတယ်..”

ဝမ်ချန်ရှင်းသည် ပြောပြောဆိုဆိုဖြင့် ဓားကို လည်ပင်းဆီသို့ ဝေ့ယမ်းလိုက်သည်။

သို့သော် ထိုခဏ၌ပင် ထက်မြက်လှသော အရှိန်အဝါတစ်ခု မျက်တောင်တစ်ခတ်အတွင်း တိုးဝင်လာပြီး ဓားသွားကို လှမ်းထိလိုက်သည်။

“ဒေါင်...”

ဝမ်ချန်ရှင်း၏ လက်ထဲမှ ဓားမှာ လွင့်ထွက်သွားရတော့၏။ သူသည် မော့ကြည့်လိုက်သောအခါ မတ်မတ်ရပ်နေသော လျူဆွေ့ဖုန်းကို တွေ့လိုက်ရ၏။

လျူဆွေ့ဖုန်းသည် ဆုမိုကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဝမ်ချန်ရှင်းဘက်သို့ လှည့်လိုက်သည်။

“သခင်ကြီးလျူ... ခင်ဗျားကို ထျန်းချူမြို့မှာ ဓားသိုင်းပြိုင်ဖို့ ဖိတ်ခေါ်ခဲ့တာ ကျွန်တော် မဟုတ်ပါဘူး။ အခု အခြေအနေတွေကလည်း ကျွန်တော် ဖြစ်ချင်တဲ့ ပုံစံတွေ မဟုတ်ဘူးဗျ။ အခု ကျွန်တော်က သေခြင်းတရားကိုပဲ တောင်းဆိုနေတာမို့လို့ ဓားသိုင်းပြိုင်ဖို့ စိတ်မကူးပါနဲ့တော့။ ကျွန်တော့်ကို ခွင့်ပြုပေးပါ”

လျူဆွေ့ဖုန်းမှာ မျက်မှောင်ကို ကြုတ်ထားမိ၏။ သူသည် စကားပြောရာတွင် မကျွမ်းကျင်လှသော်လည်း ဝမ်ချန်ရှင်းကို ဤကဲ့သို့ အဆုံးမစီရင်စေချင်သည်မှာ အမှန်ပင် ဖြစ်၏။

ထို့ကြောင့် သူသည် ဆုမိုအား အကူအညီတောင်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ဆုမိုသည်လည်း ဖြည်းဖြည်းချင်း အနားသို့ လျှောက်လာတော့၏။

“မင်း တကယ်ပဲ သေချင်တာလား”

“...သေခြင်းတရားက လွဲလို့ ငါ့မှာ တခြား ဘာဆန္ဒမှ မရှိတော့ပါဘူး..”

ဝမ်ချန်ရှင်းက ဆုမိုကို စူးစိုက်ကြည့်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။

ဆုမိုသည် မထင်မှတ်ဘဲ ခေါင်းညိတ်လိုက်၏။

“ငါတို့တွေ ခဏတာ ဆုံစည်းခဲ့ရတာပဲ... ငါပဲ မင်းရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးပါ့မယ်”

ဝမ်ချန်ရှင်းမှာ ခေတ္တမျှ မှင်သက်သွားပြီးမှ ဆုမိုအား အသာအယာ ပြုံးပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု။ မင်းနဲ့ သိကျွမ်းခဲ့ရတာ တစ်ကြိမ်တည်း ဆိုရင်တောင် ဝမ်ချန်ရှင်းရဲ့ ဘဝဟာ တကယ့်ကို တန်ဖိုးရှိသွားပါပြီ။ ကျေးဇူးတင်ပါတယ်..”

သူသည် လက်နှစ်ဖက်ကို ဖြန့်ချလိုက်ပြီး သေခြင်းတရားကို စောင့်ဆိုင်းရန် မျက်စိမှိတ်လိုက်သည်။

လျူဆွေ့ဖုန်းမှာမူ မယုံနိုင်သော မျက်ဝန်းများဖြင့် ကြည့်နေမိ၏။

ဆုမိုသည် စကားအများကြီး မဆိုတော့ဘဲ သူ၏ လက်ဝါးထက်တွင် ခရမ်းရောင် အလင်းတန်းများကို စုစည်းလိုက်သည်။

ထို့နောက်... ဝမ်ချန်ရှင်း၏ ရင်ဘတ်တည့်တည့်သို့ ဆုမို၏ လက်ဝါး တစ်ချက်တည်း တအားထိုးသွင်းလိုက်တော့၏။

“ဘုန်း...”

ပြင်းထန်လှသော အသံကြီးနှင့်အတူ လေထုမှာ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားပြီး မူယွမ်စင်မြင့် အစွန်းရှိ ကြည့်ရှုနေသူများမှာပင် နောက်သို့ လွင့်ထွက်သွားကြရသည်။

ဝမ်ချန်ရှင်း၏ မျက်လုံးများမှာ ခဏတာ ဝင်းလက်သွားပြီး စိတ်အေးသွားသော အမူအရာမျိုး ဖြစ်ပေါ်လာ၏။

ထို့နောက် သူ၏ မျက်လုံးများမှာ မှိတ်ကျသွားပြီး ကိုယ်ခန္ဓာလည်း ပျော့ခွေ၍ မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားလေတော့၏။

--

All Chapters