← Chapters

အခန်း ၅၁၈

Vol. 35 Ch. 518

အခန်း ၅၁၈

Vol. 35 Ch. 518

အခန်း (၅၁၈) ဘေးချင်းယှဉ်ရန် သဘောတူညီချက် (အပိုင်း ၂)

သို့သော် ယနေ့တွင်မူ ထိုသို့ ဖြစ်မလာခဲ့ချေ။ ညသခင်သည် ချီမေတောအုပ်တွင် အစီအစဉ်များစွာကို စနစ်တကျ အကွက်ချ ကြံစည်ထားခဲ့ရာ သူ၏ လှုပ်ရှားမှုများမှာ ရိုးရှင်းလှသည် မဟုတ်ပေ။ ယူချွမ်ဂိုဏ်းချုပ်သည် ထျန်းချူမြို့အတွင်းရှိ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ ခေါင်းဆောင်များနှင့် အချိန်အတော်ကြာ အားပြိုင်နေရန် အခွင့်အရေး မရှိတော့သည်ကို ကောင်းစွာ သဘောပေါက်လိုက်သည်။

(ကြည့်စမ်း... ညသခင်ဆိုတဲ့ မိစ္ဆာအိုကြီးက ငါ့ကို တကယ်ပဲ ချောက်ထဲ တွန်းပို့လိုက်တာပဲ။ ငါ့မှာတော့ ဒီမြို့ထဲက လူတွေကြားထဲမှာ ပိတ်မိနေပြီ။ အခုချိန်မှာ ငါ့အတွက် အရေးကြီးဆုံးက ဒီမြို့ထဲကနေ အမြန်ဆုံး လွတ်အောင် ပြေးဖို့ပဲ။ တစ်မိနစ် နောက်ကျရင် ငါ့အလောင်းက ဒီမှာပဲ ကျန်ခဲ့တော့မယ်။)

လန်ယွဲ့နန်းတော်၏ သိုင်းပညာများမှာ ယူချွမ်ဂိုဏ်းချုပ်အတွက်မူ အရေးမပါသကဲ့သို့ ရှိနေသော်လည်း ထိုပညာများ၏ ဆန်းကြယ်လှသော အထားအသိုကြောင့် သူသည် အတော်လေး အနှောင့်အယှက် ဖြစ်နေရသည်။ အကယ်၍ ဤသို့သာ ဆက်သွားနေပါက သူသည် ယနေ့တွင် ထျန်းချူမြို့မှ ထွက်ခွာနိုင်ရန်မှာ မသေချာတော့ချေ။

ထို့ကြောင့် သူသည် ဒုတိယနန်းတော်သခင်မနှင့် ဆက်လက် အားပြိုင်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ သွေးရောင်အလင်းတန်းများကို ပိုမို ဆူပွက်လာအောင် လုပ်လိုက်သည်။ သူ၏ ဘေးပတ်လည်တွင် ယူချွမ်အစစ်အမှန်ချီများနှင့် သွေးပင်လယ် တစ္ဆေငိုသံများမှာ ရောယှက်ကာ နတ်ဆိုးသံစဉ်များအဖြစ် ပြိုင်ဘက်၏ စိတ်ဝိညာဉ်ကို ထိုးဖောက်ဝင်ရောက်သွားတော့၏။

ဒုတိယနန်းတော်သခင်မသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်ကာ ခုခံလိုက်သည်။ သို့သော်လည်း ပြင်းထန်လှသော သွေးရောင်အစစ်အမှန်ချီများကြောင့် သူမသည် လေထဲတွင် နောက်သို့ လွင့်ထွက်သွားရ၏။ သူမ၏ မျက်နှာမှာ သွေးရောင်လွှမ်းသွားသော်လည်း ချက်ချင်းပင် စိတ်ကို အားယူကာ ပြန်လည် တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။

ယူချွမ်ဂိုဏ်းချုပ်သည် လေပေါ်မှနေ၍ သွေးရောင်လုံးကြီးအဖြစ် မြေပြင်ပေါ်သို့ ဒရောသောပါး ဆင်းသက်လာတေသူသည်ယူချွမ်ဂိုဏ်းချုပ် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ဒုတိယနန်းတော်သခင်မနှင့် အားပြိုင်ခဲ့ရသဖြင့် သူ၏ သိုင်းစွမ်းအားများကို အစွမ်းကုန် ပြန်လည် အသုံးချရန် အင်အား စုဆောင်းလိုက်ခြင်းပင်။

သို့သော် သွေးရောင်လုံးကြီး မြေပြင်သို့ မထိမီမှာပင် လေထု တစ်ခုလုံးမှာ ရုတ်ချည်း ပူပြင်းလာတော့၏။

ကောင်းကင်ယံမှနေ၍ လက်ဝါးချက် တစ်ခု သက်ဆင်းလာသည်။ ထိုလက်ဝါး၏ အရှိန်အဝါမှာ မရောက်လာမီမှာပင် လေဟာနယ်ကို ပူလောင်သွားစေသည်အထိ ပြင်းထန်လှ၏။

ယူချွမ်ဂိုဏ်းချုပ်၏ ဝတ်ရုံနီအောက်မှနေ၍ တည်ကြည်လေးနက်လှသော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။

“ကျိယွဲ့ရှန်ခွန်... ကျိုးတုန်းမင်....”

ကျိုးတုန်းမင်သည် အမြဲတမ်း ပြုံးရွှင်နေတတ်သော အဘိုးအို တစ်ဦးဖြစ်သော်လည်း ယနေ့တွင်မူ ယူချွမ်ဂိုဏ်းချုပ် အကြောက်ရဆုံးသော လူမှာ ဤအဘိုးကြီးပင် ဖြစ်သည်။

သူသည် ဇီယန်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် ဖြစ်သည်နှင့်အညီ အတွင်းအားနှင့် သိုင်းပညာမှာ အလွန်တရာ မြင့်မားလှ၏။

ယူချွမ်ဂိုဏ်းချုပ်သည် ထျန်းချူမြို့မှ ဖောက်ထွက်ရန် ကြိုးစားကတည်းက ကျိုးတုန်းမင်၏ ကြားဖြတ် တိုက်ခိုက်မှုကို အစိုးရိမ်ဆုံးပင်။

သူ လွတ်မြောက်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာလည်း သည်အဘိုးကြီးအပေါ်တွင်သာ မူတည်နေ၏။

ကျိုးတုန်းမင် လှုပ်ရှားလိုက်သည်နှင့် ယူချွမ်ဂိုဏ်းချုပ်မှာ ဒေါသထွက်ရမည့်အစား ဟားတိုက် ရယ်လိုက်တော့၏။

“မင်း ဒီနေ့တော့ သေဖို့သာ ပြင်ထားတော့....”

သူ၏ ကိုယ်ပေါ်တွင် သွေးရောင်အစစ်အမှန်ချီများမှာ လှိုင်းတံပိုးများပမာ ထကြွလာပြီး ကြီးမားလှသော သွေးလက်ဝါးကြီး တစ်ခုမှာ မြေပြင်မှနေ၍ ထိုးထွက်လာသည်။ ၎င်းသည် ကျိုးတုန်းမင်၏ နေမင်းသုံးစင်း နှလုံးကြေမွ လက်ဝါး ကို တည့်တည့် ရင်ဆိုင်လိုက်ခြင်း ပင်တည်း။

သန့်စင်လှသော ယန်အတွင်းအားနှင့် ယူချွမ်ဂိုဏ်းချုပ်၏ ယူချွမ်သိုင်းကျမ်း တို့မှာ တစ်ခဏအတွင်းမှာပင် ထိတွေ့သွားကြတော့သည်။

“ဘုန်း...”

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့၏။ သွေးရောင်စွမ်းအားများမှာ မဆုတ်မနစ် တိုးဝင်လာပြီး ယန်အတွင်းအားများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။

လေထုထဲတွင်လည်း ညှီစို့စို့ သွေးညှော်နံ့များနှင့်အတူ မြူခိုးငွေ့များ ပြည့်နှက်သွားရ၏။

ကျိုးတုန်းမင်၏ လက်ဝါးမှ ထွက်ပေါ်နေသော ပူပြင်းလှသည့် အရှိန်အဝါများမှာ သွေးပင်လယ်ကြီးအထက်တွင် လှိုင်းထနေသော်လည်း ခေတ္တမျှသာ ခံနိုင်ရည် ရှိလိုက်သည်။

ရုတ်တရက် သွေးပင်လယ်ကြီးမှာ ပြောင်းပြန် စီးဆင်းသွားပြီး ကျိုးတုန်းမင်ကို အရပ်မျက်နှာအနှံ့မှနေ၍ ဝိုင်းပတ် ဝါးမြိုရန် ကြိုးစားတော့၏။

ကျိုးတုန်းမင်၏ မျက်နှာထား ပျက်ယွင်းသွားရသည်။ ယူချွမ်ဂိုဏ်းချုပ်က တစ်ကွက်တည်းနှင့် အပြတ်ရှင်းရန် ကြိုးစားနေသည်ကို ရိပ်မိသဖြင့် သူ၏ ခရမ်းရောင် ကိုးသွယ် မီးလျှံ ကောင်းကင် ကျင့်စဉ်အား အမြန် လှည့်ပတ်လိုက်တော့သည်။

မျက်တောင်တစ်ခတ်အတွင်း သူ၏ ကိုယ်ပေါ်တွင် ခရမ်းရောင် အလင်းတန်းများ ဝင်းလက်လာပြီး လေဟာနယ်မှာလည်း ခရမ်းရောင် နေမင်းကြီး တစ်စင်း ပေါ်ထွက်လာသကဲ့သို့ ပူပြင်းလာတော့၏။

ယန်အတွင်းအားများမှာ မီးတောက်များပမာ တောက်လောင်နေပြီး ကျိုးတုန်းမင်၏ မျက်ဝန်းများမှာလည်း ခရမ်းရောင်များဖြင့် ပြည့်နှက်သွားသည်။

သူသည် နောက်ဆုတ်မည့်အစား ရှေ့သို့ တစ်လှမ်း တိုးဝင်လိုက်သည်။ သူ၏ လက်ဝါးမှာ သွေးပင်လယ်ကြီးကို ထိုးဖောက်ဝင်ရောက်သွားပြီး ယူချွမ်ဂိုဏ်းချုပ်၏ ဝတ်ရုံနီရှေ့သို့ တိုးဝင်သွားတော့၏။

“အုန်း........”

ပြင်းထန်လှသော လက်ဝါးရိုက်ချက်ကြောင့် ယန်အတွင်းအားများမှာ အရပ်မျက်နှာအနှံ့ ရိုက်ခတ်ကုန်တော့၏။

သွေးရောင် လက်ဝါးရိပ်များနှင့် ကောင်းကင်ယံမှ သွေးအလင်းတန်းများမှာ ရုတ်တရက် နောက်ပြန်စီးဆင်းသွားပြီး ယူချွမ်ဂိုဏ်းချုပ်၏ ဝတ်ရုံနီအပြင်ဘက်တွင် ဆန်းကြယ်လှသော သွေးရောင်ပန်းပွင့်ကြီး တစ်ပွင့်အဖြစ် ပွင့်လန်းသွားသည်။ ထို့နောက် ထိုပန်းပွင့်မှာ ဝတ်ရုံနီအတွင်းသို့ ရုတ်ချည်း တိုးဝင်သွားတော့၏။

ကျိုးတုန်းမင်နှင့် အားပြိုင်နေသော ယူချွမ်ဂိုဏ်းချုပ်၏ လက်နှစ်ဖက်မှာလည်း ပိုမို နက်မှောင်လှသော သွေးရောင်များဖြင့် ဖုံးလွှမ်းသွားသည်။

နောက်တစ်ခဏတွင် ကျိုးတုန်းမင်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားရတော့၏။

ကျိုးတုန်းမင် ညည်းညူသံ တစ်ချက် ပြုလုပ်လိုက်ပြီး ပါးစပ်မှ သွေးများမှာလည်း တစိမ့်စိမ့် စီးကျလာတော့၏။ သို့သော် သူသည် နောက်သို့ လုံးဝ ဆုတ်ခွာခြင်း မရှိချေ။

အမှန်စင်စစ် သူ နောက်ဆုတ်ချင်သော်လည်း ဤအဆင့်သို့ ရောက်နေချိန်တွင် နောက်ဆုတ်ရန် လမ်းစ မရှိတော့ခြင်းပါ။

သူ မတ်တတ်ရပ်နေသော အိမ်ခေါင်မိုးပေါ်မှ အုတ်ကြွပ်ပြားများမှာ ပြင်းထန်လှသော ဖိအားများကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားရ၏။

ခရမ်းရောင် ကိုးသွယ် မီးလျှံ ကောင်းကင် ကျင့်စဉ် ၏ ယန်အတွင်းအားများကို သူသည် တစ်ဆင့်ပြီးတစ်ဆင့် ယူချွမ်ဂိုဏ်းချုပ်ထံသို့ အတင်းအကျပ် တွန်းပို့နေသည်။

ထိုအခိုက်အတန့်၌ ယူချွမ်ဂိုဏ်းချုပ်က ဟားတိုက် ‌ရယ်မောလိုက်သည်။

“ဟီးဟီးဟီး၊ ကျိုးတုန်းမင်... မင်း..ငါ့ကို အထင်သေးလွန်းတာပဲ”

“မင်းရဲ့ ခရမ်းရောင် ကိုးသွယ် မီးလျှံ ကောင်းကင် ကျင့်စဉ် က ပထမအဆင့် ခရမ်းရောင် နယ်ပယ်ကို ရောက်နေရုံနဲ့ ငါ့ကို ယှဉ်နိုင်မယ် ထင်နေတာလား။ ဒါက တကယ့်ကို စိတ်ကူးယဉ် အိပ်မက်ပဲ။ ဒီနေ့... မင်း သေရမှာကတော့ အကြွင်းမဲ့ပဲ..”

သူ၏ စကားအဆုံးတွင် ဝတ်ရုံနီအတွင်းမှနေ၍ မျက်နှာဖုံးတစ်ခုမှာ ဝုန်းခနဲ လွင့်ထွက်လာ၏။ ၎င်းမှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် မည်သူမျှ ကြိုတင် မပြင်ဆင်နိုင်ကြချေ။

သွေးရောင်အလင်းတန်းများ လွှမ်းခြုံထားသော ထိုမျက်နှာဖုံးသည် ကျိုးတုန်းမင်၏ ရင်ဘတ်တည့်တည့်သို့ ပစ်မှတ်ထားကာ တိုးဝင်သွားတော့၏။

ယူချွမ်ဂိုဏ်းချုပ်သည် ထွက်ပြေးရန် ကြိုးစားနေခြင်း ဖြစ်သော်လည်း သူ၏ တိုက်ခိုက်မှုများမှာ တကယ့်ကို မြန်ဆန်လှသည်။

ထိုအချိန်၌ ရှရွှမ်ရန်သည် ယူချွမ်ဂိုဏ်းချုပ်၏ သွေးရောင်စွမ်းအားများကို ခုခံပြီးခါစသာ ရှိသေးပြီး ကူညီရန် အသင့်မဖြစ်သေးချေ။ ဝေချီမုန့်မှာလည်း သွေးရောင်ချီများကြားတွင် အသည်းအသန် ရုန်းကန်နေရပြီးမှ ရွှမ်ယွမ်ရှောင်ရှမ်းကို ကူညီရန် ကြိုးစားနေရ၏။

ရဟန်းငယ်လေး ရွှမ်ကျန်းမှာမူ ဒုတိယနန်းတော်သခင်မ၏ ဘေးသို့ ရောက်ရှိနေပြီး ကျိုးတုန်းမင်တို့နှင့် အနည်းငယ် ဝေးကွာနေသည်။

လော့ချန်ရှင်းမှာမူ လူအုပ်ကြီးကို ထိန်းသိမ်းရန် အမိန့်ပေးနေရဆဲ ဖြစ်၏။

သူသည် အဝေးမှနေ၍ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးထွက်ကာ ထိတ်လန့်သွားရသည်။

ထိုမျက်နှာဖုံးသည် ကျိုးတုန်းမင်၏ ရင်ဘတ်ကို ထိမှန်တော့မည့် အခိုက်အတန့်..။

“ဒေါင်…”

ရုတ်တရက်... ဟိန်းညံသော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး ခေါင်းလောင်းသံကြီးမှာ တဒေါင်ဒေါင်နှင့် မြည်ဟည်းသွားလေတော့၏။

ရွှေရောင်လွှမ်းနေသော ကြီးမားလှသော ခေါင်းလောင်းကြီး တစ်လုံးမှာ မည်သည့်အချိန်က ပေါ်လာသည်မသိဘဲ ကျိုးတုန်းမင်၏ ကိုယ်ကို အုပ်မိုးကာ ကာကွယ်လိုက်တော့၏။

ထိုမျက်နှာဖုံးမှာ ပြင်းထန်လှသော အရှိန်ဖြင့် ရောက်ရှိလာသော်လည်း ရွှေခေါင်းလောင်းကြီးနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် ‘ဂျွတ်’ ဟူသော အသံနှင့်အတူ နေရာမှာတင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

--

All Chapters