အခန်း ၅၁၉
Vol. 35 Ch. 519
အခန်း (၅၁၉) ဘေးချင်းယှဉ်ရန် သဘောတူညီချက် (အပိုင်း ၃)
ကျိုးတုန်းမင်၏ အနောက်သို့ ကပ်လျက် ရောက်ရှိလာသော ဆုမိုသည် ပြိုင်ဘက်ကင်းလှသော အတွင်းအားများကို စုစည်းလိုက်သည်။
ထိုအတွင်းအားများမှာ ကျိုးတုန်းမင်နှင့် တစ်မျိုးတည်းဖြစ်သော သန့်စင်သည့် ယန်အတွင်းအားများ ဖြစ်ကြပြီး ကျိုးတုန်းမင်၏ ကျောပြင်မှတစ်ဆင့် လက်ဝါးထက်သို့ တစ်ဟုန်ထိုး စီးဝင်သွားတော့၏။
ထိုအခိုက်အတန့်၌ ပြင်းထန်လှသော လေမုန်တိုင်းတစ်ခုသည် ၎င်းတို့၏ ဘေးပတ်လည်တွင် ရုတ်ချည်း ပေါ်ပေါက်လာ၏။ ယူချွမ်ဂိုဏ်းချုပ်မှာမူ အားပြင်းလှသော ကန်ချက်တစ်ခုကို ခံလိုက်ရသည့် သွေးရောင်လုံးကြီးပမာ နောက်သို့ လွင့်ထွက်သွားရလေတော့သည်။
သူသည် လေထဲ၌ ရှိနေစဉ်မှာပင် သူ၏ ကိုယ်ကို ဖုံးလွှမ်းထားသော ဝတ်ရုံနီကြီးမှာ လက်မအလိုက် အက်ကွဲသွားပြီး ကောင်းကင်ယံမှနေ၍ အပိုင်းအစများအဖြစ် ကြွေကျလာတော့၏။သွေးရောင်အရှိန်အဝါများ လွှမ်းခြုံထားသော ထိုသူသည် လေထဲတွင် အကြိမ်ပေါင်းများစွာ ကျွမ်းထိုးလိုက်ပြီးနောက် အိမ်ခေါင်မိုး တစ်ခုပေါ်သို့ ဟန်ချက်ညီညီ သက်ဆင်းလိုက်သည်။
သူသည် မော့ကြည့်လိုက်သောအခါ သူ၏ မျက်နှာပေါ်တွင် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိသော မျက်နှာဖုံးတစ်ခု ရှိနေသည်။ မျက်နှာဖုံးအောက်မှ သူ၏ မျက်ဝန်းများမှာ မသေချာ မရေရာမှုများဖြင့် လှုပ်ခတ်နေ၏။
“ဘယ်သူလဲကွ”
ဆုမိုသည် ကျိုးတုန်းမင်၏ အနောက်မှနေ၍ ခေါင်းလေးကို စောင်းကာ ချောင်းကြည့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။
“ဂိုဏ်းချုပ်ကြီး... နေကောင်းရဲ့လား”
“...မင်း... မင်းပဲလား”
ယူချွမ်ဂိုဏ်းချုပ်မှာ အံ့ဩတုန်လှုပ်ခြင်းနှင့်အတူ ဒေါသမီးများပါ တဟုန်းဟုန်း တောက်လောင်လာတော့၏။
ရွှမ်ကျီ တောင်ကြား အတွင်း၌ ဆုမိုက ခေါင်းဆောင် သုံးဦးကို ဓားတစ်ချက်တည်းဖြင့် အပြတ်ရှင်းခဲ့သည့် သတင်းမှာ တုန်းချန်နယ်မြေ တစ်ခုလုံးတွင် အံ့ဩဖွယ်ရာ ဒဏ္ဍာရီတစ်ခုပမာ နာမည်ကြီးခဲ့သည် မဟုတ်ပါလော။
ယူချွမ်ဂိုဏ်းချုပ်သည် ဆုမိုကို မြင်ကတည်းက သတ်ပစ်ချင်နေခဲ့ခြင်း ဖြစ်သော်လည်း အစီအစဉ်များမှာ သူ မျှော်လင့်သလို ဖြစ်မလာခဲ့ချေ။ ထျန်းချူ ဓားသိုင်း နှီးနှောပွဲပြီးမှ ဆုမိုနှင့် စာရင်းရှင်းရန် သူ ကြံစည်ထားသော်လည်း ယခု ဓားသိုင်း နှီးနှောပွဲမှာ ညသခင်၏ အကွက်ဆင်မှုသာ ဖြစ်နေသည်ကို သူ သိလိုက်ရပြီ ဖြစ်၏။
ယခု သူသည် ထျန်းချူမြို့အတွင်း ပိတ်မိနေပြီး ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ ပညာရှင်များ၏ ဝိုင်းရံမှုကို ခံထားရသည်။ ထွက်ပြေးရန်ပင် မလွယ်ကူလှသည့် အခြေအနေတွင် ဆုမိုက သူ့ကို အရင်ဆုံး လာရောက် စိန်ခေါ်နေခြင်း ပင်တည်း။
ယူချွမ်ဂိုဏ်းချုပ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်သည်။
“ကောင်းပြီ... တကယ့်ကို ကောင်းတယ်။ ရွှမ်ကျီ တောင်ကြားက အကြွေးဟောင်းတွေကို ငါက မင်းနဲ့ အပြတ်ရှင်းချင်နေတာ။ မင်းကိုယ်တိုင် ငါ့ရှေ့ကို သေတွင်းထဲ တိုးဝင်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
“မင်းက ဓားတစ်ချက်နဲ့ ငါ့လူတွေကို သတ်နိုင်တယ်လို့ ကြားထားတယ်လေ။ ဒီနေ့တော့ မင်းရဲ့ ဓားသိုင်းက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ငါ ကိုယ်တိုင် မြင်ချင်မိတယ်။ ဓားကို ဆွဲထုတ်တော့..”
ဆုမိုက ခပ်ပြုံးပြုံးဖြင့် ပြန်လည် ချေပလိုက်သည်။
“ဒါဆို... ဂိုဏ်းချုပ်ကြီးက ကျွန်တော်နဲ့ တစ်ယောက်ချင်း တိုက်ချင်တယ်လို့ ပြောတာလား ၊ စိတ်မကောင်းစရာကတော့ ဂိုဏ်းချုပ်ကြီးရဲ့ ယူချွမ်သိုင်းကျမ်း က ကိုယ့်တပည့်တွေကို စတေးမှ အစွမ်းပြနိုင်တာ မဟုတ်လား။ အခုတော့ ညသခင်ရဲ့ လှည့်ကွက်ကြောင့် ဂိုဏ်းချုပ်ကြီး တစ်ယောက်တည်း ဖြစ်နေပြီလေ”
“ခင်ဗျားရဲ့ တပည့်တွေ အကုန်လုံးက ချီမေတောအုပ်ရဲ့ အရှေ့ဘက်မှာ ကျန်ခဲ့ပြီ။ အခု အသက်ပေးမယ့် တပည့်တွေ မပါဘဲနဲ့ ဂိုဏ်းချုပ်ကြီးရဲ့ သိုင်းပညာက အတော်လေး အားနည်းသွားမှာ သေချာပါတယ်။ ဒါပေမဲ့လည်း ဂိုဏ်းချုပ်ကြီးက သိုင်းလောကမှာ နာမည်ကြီးနေတဲ့သူပဲ... ကျွန်တော့်လို မျိုးဆက်သစ် လူငယ်လေးတစ်ယောက်နဲ့ တစ်ယောက်ချင်း တိုက်လို့ နိုင်သွားရင်တောင်မှ ဂုဏ်သိက္ခာအတွက် မကောင်းမှာ စိုးရိမ်မိတယ်ဗျာ”
“စကားတွေ တော်တော် တတ်လှချည်လား ဆုမို..”
ယူချွမ်ဂိုဏ်းချုပ်မှာ ဆုမို၏ စကားကြောင့် ဒေါသထွက်လွန်းသဖြင့် နှုတ်ခမ်းများပင် တုန်ယင်နေတော့၏။
“မင်းရဲ့ သိုင်းပညာက ကျိုးတုန်းမင်ထက် ဘယ်နှဆမက သာနေတာလဲ။ အခုမှ ကိုယ့်ကိုယ်ကိုယ် လူငယ်လေးပါလို့ ပြောနေတာ မရှက်ဘူးလားကွ”
ဆုမိုသည် ကျိုးတုန်းမင်ကို တွဲကူပေးထားရင်း သူ၏ ဆယ့်နှစ်ဆင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် နည်းလမ်းဖြင့် ကျိုးတုန်းမင်၏ ကိုယ်တွင်းဒဏ်ရာများကို ပြုပြင်ပေးလိုက်သည်။
ခေတ္တမျှအတွင်းမှာပင် ကျိုးတုန်းမင်မှာ အတော်လေး ပြန်လည် သက်သာလာချေပြီ။
ဆုမိုသည် ယူချွမ်ဂိုဏ်းချုပ်၏ စကားကို ကြားသောအခါ အားရပါးရ ရယ်လိုက်တော့၏။
“ဂိုဏ်းချုပ်ကြီး မှားနေပြီဗျ။ ကျွန်တော်ကတော့ ဇီယန်ဂိုဏ်းရဲ့ (၃၂) မျိုးဆက် မျိုးဆက်သစ်လေး တစ်ယောက်ပါပဲ။ ဂိုဏ်းချုပ်ကြီးကတော့ ကျွန်တော့်ရဲ့ ဘိုးဘေးတွေနဲ့ လက်ရည်တူ ရင်ဆိုင်နိုင်တဲ့သူလေ။ ကျွန်တော် ဆုမိုက ဘယ်လိုလုပ်ပြီး ဂိုဏ်းချုပ်ကြီးရှေ့မှာ မာန်တက်ရဲပါ့မလဲ။ ဒီနေ့တော့ ကျွန်တော် ဆုမိုက ဂိုဏ်းချုပ်ကြီးကို စကားတစ်ခွန်းပဲ ပြောချင်ပါတယ်”
“...ဘာစကားလဲ”
ယူချွမ်ဂိုဏ်းချုပ်မှာ ခေတ္တမျှ မှင်တက်သွားရသည်။
“မိစ္ဆာလမ်းကို လျှောက်တဲ့ လူယုတ်မာတွေကို လူတိုင်းက နှိမ်နင်းခွင့် ရှိတယ်ဗျ။ ခင်ဗျားလို လူမျိုးနဲ့ သိုင်းလောက စည်းမျဉ်းတွေ ပြောနေစရာ မလိုပါဘူး။ ခင်ဗျားက ကျွန်တော် ဆုမိုနဲ့ တစ်ယောက်ချင်း ရင်ဆိုင်ဖို့ တန်လို့လား”
“ဆရာကြီးတို့ရေ... ကျွန်တော်တို့ လက်တွဲပြီးတော့ ဒီမိစ္ဆာကောင်ကို အပြတ်ရှင်းကြစို့ဗျာ။ လောကကြီးကို ပြန်ပြီး သန့်စင်အောင် လုပ်ကြရအောင်..”
ထိုစကားအဆုံးတွင် ယူချွမ်ဂိုဏ်းချုပ်မှာ အစွမ်းကုန် ဒေါသထွက်သွားရလေတော့၏။
ကျိုးတုန်းမင်ကမူ အားရပါးရ အော်ရယ်လိုက်လေသည်။
“ဟားဟား…ဆုမိုလေး ပြောတာ တကယ့်ကို ယုတ္တိရှိတယ်။ ဒီလို မိစ္ဆာကောင်နဲ့တော့ သိုင်းလောက စည်းမျဉ်းတွေ ပြောမနေနဲ့တော့ကွ”
ထိုအခိုက်၊ ရဟန်းငယ်လေး ရွှမ်ကျန်းကလည်း ခုန်ပျံဝင်ရောက်လာပြီး ထောက်ခံလိုက်၏။
“မှန်တာပေါ့..”
“ဒီဒကာလေး ပြောတာ တကယ်မှန်တယ်”
ရွှမ်ကျန်း စကားပြောနေစဉ်မှာပင် ရွှမ်ကျန်း၏ တုတ်မှာ ယူချွမ်ဂိုဏ်းချုပ်၏ ဦးခေါင်းနောက်ဘက်သို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့၏။
ယခုအခါ ယူချွမ်ဂိုဏ်းချုပ်မှာ ဒေါသထွက်ရာမှ တည်ငြိမ်သွားရတော့သည်။ သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ရွှမ်ကျန်း၏ ‘ချီမေတုတ်’ ကို အသာအယာပင် ဖမ်းဆုပ်လိုက်၏။
“လက်တွဲတိုက်မယ် ဟုတ်လား”
“ငါ့ကို ဝိုင်းပြီး နှိမ်နင်းမယ်ပေါ့လေ”
“မင်းတို့ကကော တန်လို့လားကွ..”
သူသည် စကားအဆုံးတွင် ရွှမ်ကျန်းကို တုတ်နှင့်အတူ လေထဲ၌ ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်သို့ အားကုန် ရိုက်ချလိုက်တော့သည်။
“အမယ်လေးဗျ..”
ရွှမ်ကျန်းမှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရ၏။
အိမ်ခေါင်မိုးမှာလည်း ဝုန်းခနဲ ပြိုကျသွားပြီး သူ၏ ကိုယ်ခန္ဓာတစ်ခုလုံး အိမ်အတွင်းသို့ ကျရောက်သွားကာ ပြန်ထမလာနိုင်တော့ချေ။
ယူချွမ်ဂိုဏ်းချုပ်မှာမူ ရွှမ်ကျန်းကို လွှတ်ပေးရန် အစီအစဉ် မရှိဘဲ သွေးရောင်လက်ဝါးဖြင့် အပြတ်ရှင်းရန် ပြင်လိုက်သည်။
သို့သော် နောက်တစ်ခဏတွင်မူ သူ၏ မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွားရတော့၏။
ကောင်းကင်ယံမှနေ၍ လက်ဝါးတစ်ချက်မှာ သက်ဆင်းလာပြီး ဆုမို၏ အသံမှာလည်း ဟိန်းထွက်လာတော့၏။
“ယူချွမ်ဂိုဏ်းချုပ်... ရမ်းကားလှချည်လား..”
“ကျုပ်ရဲ့ လက်ဝါးချက်ကို မြည်းကြည့်.”
“လာခဲ့စမ်း..”
ယူချွမ်ဂိုဏ်းချုပ်သည် မော့ကြည့်လိုက်ပြီး သူ၏ လက်ဝါးများကို ပြန်လည် မြှင့်တင်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ မည်သည့် ပရိယာယ်မှ မပါဘဲ အတွင်းအားချင်း တည့်တည့် ဆိုင်တိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ပင်တည်း။
လက်ဝါးနှစ်ဖက် ထိတွေ့သွားသည်နှင့် အတွင်းအားများမှာ လှိုင်းတံပိုးများပမာ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားတော့၏။
“ဘုန်း... ဘုန်း... ဘုန်း...”
ပြင်းထန်လှသော လက်ဝါးရှိန်ကြောင့် ပတ်ဝန်းကျင် မီတာ ဒါဇင်ပေါင်းများစွာအထိ သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွားရသည်။
ကံကောင်းထောက်မစွာဖြင့် လော့ချန်ရှင်းသည် လူအုပ်ကြီးကို ကြိုတင် ဖယ်ရှားထားခဲ့သဖြင့်သာ အသက်ဆုံးရှုံးမှုများ မရှိခဲ့ခြင်းပါ။
ဓားရိပ်များ၊ လက်ဝါးရိပ်များကြားတွင် လူနှစ်ဦးမှာ လေထဲသို့ တစ်ဟုန်ထိုး ပျံတက်သွားကြ၏။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တိုက်ခိုက်နေကြပြီး ပြင်းထန်လှသော ချီစွမ်းအင်များမှာ လေထုထဲတွင် အဆက်မပြတ် ပျံ့လွင့်နေတော့သည်။
တစ်ချက်ကြည့်လိုက်လျှင် ၎င်းတို့နှစ်ဦးမှာ အင်အားချင်း တူညီနေသကဲ့သို့ ရှိသော်လည်း... သေချာ စူးစမ်းကြည့်လျှင်မူ ဆုမိုမှာမူ ဘာမှမဖြစ်သကဲ့သို့ အေးအေးဆေးဆေး တိုက်ခိုက်နေပြီး ယူချွမ်ဂိုဏ်းချုပ်ကိုသာ အတင်းအကျပ် ဖိအားပေးနေခြင်း ပင်တည်း။
ယူချွမ်ဂိုဏ်းချုပ်မှာမူ အသည်းအသန် ခုခံနေရပြီး သူ၏ မျက်နှာဖုံးအောက်မှ သွေးများမှာလည်း တစိမ့်စိမ့် စီးကျလာတော့၏။ သူသည် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကြိုးစားနေသော်လည်း လက်တွေ့တွင်မူ ဆုမို၏ ဖိအားကြောင့် တဖြည်းဖြည်း နောက်ဆုတ်နေရတော့သည်။
ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ ခေါင်းဆောင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း မှင်တက်နေမိကြတော့၏။
'ငါတို့တွေက လက်တွဲပြီး မိစ္ဆာကို နှိမ်နင်းမယ်လို့ စဉ်းစားထားတာ။ အခုတော့ ဆုမို တစ်ယောက်တည်းနဲ့တင် ယူချွမ်ဂိုဏ်းချုပ်ကို အနိုင်တိုက်ဖို့ လုံလောက်နေပြီပဲ။ ဒီကောင်လေးရဲ့ သိုင်းပညာက တကယ့်ကို ကြောက်စရာကြီးပဲ’
--