အခန်း ၅၂၀
Vol. 35 Ch. 520
အခန်း (၅၂၀) မိစ္ဆာနှိမ်နင်းခြင်း
ပါးစပ်မှ 'ဘေးချင်းယှဉ် တိုက်ခိုက်ကြစို့' ဟု အော်ဟစ်နေသော်လည်း လက်တွေ့တွင်မူ ယူချွမ်ဂိုဏ်းချုပ်အား သွေးအန်သည်အထိ အသေအလဲ ထိုးကြိတ်နေသော ဆုမိုကို ကြည့်ရင်း ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ ခေါင်းဆောင်များမှာ မှင်တက်အံ့ဩနေကြ၏။
ယခုထက်တိုင် မြေပြင်မှ မထနိုင်သေးသော ရဟန်းငယ်လေး ရွှမ်ကျန်းမှလွဲ၍ ကျန်လူများအားလုံး၏ မျက်နှာပေါ်တွင် မယုံနိုင်ခြင်းများသာ ကြီးစိုးနေရသည်။
ရွှမ်ကျီ တောင်ကြား တိုက်ပွဲပြီးကတည်းက တုန်းချန်နယ်မြေ တစ်ခွင်၌ ဆုမို၏ ဂုဏ်သတင်းမှာ တိတ်တဆိတ် မွှေးပျံ့နေခဲ့သည်မှာ အမှန်ပင်။ သူ၏ သိုင်းပညာများ အလွန်တရာ ထက်မြက်ကြောင်းကို လူတိုင်း သိထားကြသော်လည်း မည်မျှအထိ အစွမ်းထက်သနည်း ဆိုသည်ကိုမူ အတိအကျ သိသူ ခပ်ရှားရှား ပင်တည်း။
သူသည် ဇီယန်ဂိုဏ်းနှင့် အလွန်နက်ရှိုင်းသော ပတ်သက်မှုရှိသည့် ဇီယန် အာမခံဌာန မှဖြစ်ကြောင်းကိုကား အားလုံးက သိထားကြသည်။
လွန်ခဲ့သော အတိတ်ကာလများဆီက ဆုချန်ယွီ ဆိုသော ပုဂ္ဂိုလ်၏ ဖြတ်သန်းသွားသော အရိပ်အယောင်လေးကပင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်းအကြား၌ ကြီးမားသော ဂယက်ကို ဖန်တီးနိုင်ခဲ့သည် မဟုတ်ပါလော။
သို့သော် အချိန်ကာလများ ကြာမြင့်လာသည်နှင့်အမျှ သူ၏ မျိုးဆက်များမှာ သိုင်းလောကတွင် မှေးမှိန်လာခဲ့ပြီး ဇီယန် အာမခံဌာန မှာလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ရ၏။
ထို့ကြောင့် ရွှမ်ကျီ တောင်ကြား တိုက်ပွဲမှစ၍ ဆုမို နာမည်ကြီးလာသောအခါ လူအများက မည်သို့ပင် တွက်ဆထားကြစေကာမူ သူ၏ သိုင်းပညာမှာ ဤအဆင့်အထိ ရောက်နေလိမ့်မည်ဟု မည်သူမျှ မမျှော်မှန်းထားခဲ့ကြချေ။
ယူချွမ်ဂိုဏ်းချုပ် ဆိုသည်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုးနည်း။ တုန်းချန်နယ်မြေ၏ အရှေ့ဘက်တွင် အခြေစိုက်သော ယူချွမ်ဂိုဏ်းသည် 'ယူချွမ်သိုင်းကျမ်း' ကို အခြေခံကာ ကြီးမားလှသော အင်အားကို တည်ဆောက်ထားနိုင်ခဲ့သူများ ဖြစ်ကြသည်။
ယူချွမ်ဂိုဏ်းချုပ်သည်လည်း နှစ်ပေါင်းများစွာ ထိုသိုင်းကျမ်းကို လေ့လာဆည်းပူးပြီး အလုံးစုံ တတ်မြောက်ထားသူ တစ်ဦး ပင်တည်း။
သူ၏ သိုင်းပညာသည် ညသခင်နှင့် မယှဉ်သာလျှင်တောင်မှ၊ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ ခေါင်းဆောင်များ အနေဖြင့် သူနှင့် ရင်ဆိုင်ရာတွင် ခုနစ်ယောက်ပေါင်းမှသာ မတိမ်းမယိမ်း ယှဉ်ပြိုင်နိုင်မည်ဟု တွက်ဆထားခဲ့ကြခြင်း ဖြစ်၏။
၎င်းမှာလည်း ယူချွမ်ဂိုဏ်းချုပ် အနေဖြင့် ထွက်ပြေးရန်သာ အာရုံစိုက်နေမည့် အချိန်မျိုးကို ဆိုလိုခြင်း ဖြစ်သည်။ အကယ်၍သာ ခုနစ်ယောက်ပေါင်း၍ အသေအလဲ တိုက်ခိုက်ကြမည် ဆိုလျှင်တောင်မှ အဆုံးသတ်ရန် ခဲယဉ်းလှသော တိုက်ပွဲကြီးတစ်ခု ဖြစ်လာနိုင်ခြေ ရှိသည်။
၎င်းတို့၏ တွက်ဆချက်အရ အကောင်းဆုံးသော ရလဒ်မှာ ခေါင်းဆောင် ခုနစ်ဦးစလုံး နေရာမှာတင် အသက်ပေးလိုက်ရပြီး ယူချွမ်ဂိုဏ်းချုပ်မှာ အကြီးအကျယ် ဒဏ်ရာရကာ နောက်ဆုံးတွင် ထျန်းချူမြို့အတွင်းရှိ အခြားသော ဂိုဏ်းများ၏ ဝိုင်းဝန်းနှိမ်နင်းမှုဖြင့် အဆုံးသတ်သွားရန်သာ ဖြစ်သည်။
တိုက်ပွဲမစတင်မီကတည်းက ဤရလဒ်ကို ကြိုတင် တွက်ဆထားခဲ့ပြီး ဖြစ်၏။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ့်အသက်ကို နှမြောကာ သူရဲဘောကြောင်သည့် စိတ်ကူးမျိုး မရှိခဲ့ကြချေ။
ယနေ့တွင် ယူချွမ်ဂိုဏ်းချုပ်ကို ထျန်းချူမြို့အတွင်း၌ အပြီးတိုင် မြှုပ်နှံနိုင်မည် ဆိုပါက ၎င်းတို့၏ အသက်ကို စတေးရမည်ကို အဘယ်ကြောင့် နှမြောနေမည်နည်း။
သေမြေကြီး ရှင်ရွှေထီး ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် တိုက်ပွဲဝင်ခဲ့ကြသဖြင့် အပြန်အလှန် တိုက်ခိုက်ကြစဉ် ရရှိခဲ့သော ဒဏ်ရာအသေးအမွှားများကို မည်သူမျှ ဂရုမစိုက်ခဲ့ကြချေ။
သို့သော်... ဆုမို၏ ဝင်ရောက် စွက်ဖက်မှုက ကောင်းကင်နှင့် မြေကြီးကိုပင် ကိုင်လှုပ်နိုင်လောက်အောင် ကြီးမြတ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
'ကြည့်ရတာ... ဒီနေ့တော့ ယူချွမ်ဂိုဏ်းချုပ် တစ်ယောက် ထျန်းချူမြို့ထဲကနေ ထွက်သွားနိုင်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူးပဲ'
ဒုတိယနန်းတော်သခင်မသည် ယူချွမ်သိုင်းကျမ်းကြောင့် ရရှိထားသော ကိုယ်တွင်းဒဏ်ရာများကို အတွင်းအားဖြင့် ဖိနှိပ်ထားရင်း ဆုမို၏ ကျောပြင်ကို မော့ကြည့်ကာ ရှုပ်ထွေးလှသော ခံစားချက်တို့ဖြင့် တွေးတောနေမိ၏။
သို့သော် သူမတို့ မသိခဲ့သည့် အရာတစ်ခု ရှိနေပါသေးသည်။
ထိုအခိုက်အတန့်၌ ယူချွမ်ဂိုဏ်းချုပ်၏ ရင်တွင်း၌ ဖြစ်ပေါ်နေသော ထိတ်လန့်တုန်လှုပ်မှုမှာ သူမတို့ထက်ပင် အဆပေါင်းများစွာ သာလွန်နေချေပြီ။
ယူချွမ်သိုင်းကျမ်း ဆိုသည်မှာ ယူချွမ်ဂိုဏ်း၏ အဖိုးတန်ဆုံးသော ရတနာကြီး မဟုတ်ပါလော။
ထိုသိုင်းကျမ်းကို အပိုင်းနှစ်ပိုင်းခွဲကာ အလံသုံးခုနှင့် အမိန့်ခြောက်ခု စသည်ဖြင့် သိုင်းပညာ အားလုံးကို ဆင်းသက်လာစေခဲ့ခြင်း ဖြစ်၏။
သွေးပင်လယ်ဂိုဏ်းသည် 'သွေးပင်လယ် အဆုံးမဲ့ သိုင်းကျမ်း' ကို ကျင့်ကြံပြီး၊ ယူချွမ်ဂိုဏ်းကမူ 'ယူချွမ် အင်မော်တယ် မှတ်တမ်း' ကို ကျင့်ကြံကြသည်။
မိမိ၏ ခန္ဓာကိုယ်အတွင်း၌ အင်မော်တယ်ချီ တစ်မျှင်ကို မွေးမြူထားနိုင်ပါက လောကကြီးတစ်ခုလုံးကိုပင် အုပ်စိုးနိုင်စွမ်း ရှိသည်ဟု ဆိုရိုး ရှိကြသည်။
ဒါက ချဲ့ကားပြောဆိုခြင်း ဖြစ်သော်လည်း 'ယူချွမ် အင်မော်တယ် မှတ်တမ်း' တွင် အမှန်တကယ်ပင် သေလုမြောပါး ဒဏ်ရာရလျှင်တောင်မှ မသေနိုင်သော အစွမ်းအစများ ကိန်းအောင်းနေသည်မှာ အမှန်ပင် ဖြစ်၏။ ထို့ကြောင့်ပင် ညသခင်နှင့် ထိပ်တိုက် ရင်ဆိုင်ရချိန်တွင်တောင်မှ ယူချွမ်ဂိုဏ်းချုပ်မှာ လုံးဝ မကြောက်ပေ။ အကြောင်းမူကား သူ၏ ကိုယ်တွင်း၌ 'ယူချွမ် အင်မော်တယ် မှတ်တမ်း' ရှိနေသောကြောင့် ပင်တည်း။
မည်မျှပင် ပြင်းထန်သော ဒဏ်ရာရစေကာမူ ထိုအင်မော်တယ် အစစ်အမှန်ချီသာ ရှိနေပါက မျက်တောင်တစ်ခတ်အတွင်း ပြန်လည် ကုစားနိုင်စွမ်း ရှိသည်။ ယူချွမ်နှင့် သွေးပင်လယ် ပေါင်းစည်းသွားသောအခါ ယူချွမ်သိုင်းကျမ်း၏ တကယ့် အစွမ်းထက်မှုမှာ ပေါ်လွင်လာတော့၏။ သွေးပင်လယ်ဂိုဏ်းသည် သွေးအွမ်းအင်များကို စုပ်ယူကာ ခန္ဓာကိုယ်ကို ပြုပြင်ခြင်း ဖြစ်သော်လည်း ၎င်းမှာ အကူအညီသက်သက်သာ ဖြစ်သည်။
အစစ်အမှန် စွမ်းအားမှာ မိမိ၏ ကိုယ်တွင်း၌ သွေးစွမ်းအင်များကို စုစည်းကာ မိမိ၏ မူလခွန်အားထက် အဆပေါင်းများစွာ သာလွန်သော စွမ်းအားကို ပေါက်ကွဲထွက်စေခြင်းပင် ဖြစ်၏။ ယူချွမ်ကို အခြေခံထားသဖြင့် ၎င်းမှာ သဘာဝလွန် ဖန်ဆင်းခြင်း စွမ်းအားများ ကိန်းအောင်းနေသည်မှာ ယုံမှားဖွယ် မရှိချေ။
မိစ္ဆာလမ်းစဉ် ဖြစ်သော်ငြားလည်း ဤသိုင်းပညာမှာ တကယ့်ကို ပြိုင်ဘက်ကင်းလောက်အောင် ထူးခြားလှ၏။
သို့သော်လည်း ယခုအချိန်တွင်မူ...
ယူချွမ်ဂိုဏ်းချုပ်သည် သူ.. ဆုမို၏ လက်ချက်ဖြင့် တကယ်ပဲ အသက်ပျောက်တော့မည်ဟု ခံစားနေရ
တော့၏။
မည်သူမျှ ဤလူငယ်လေးသည် မည်သို့သော နည်းလမ်းများဖြင့် သိုင်းပညာကို ကျင့်ကြံလာခဲ့သနည်း ဆိုသည်ကို မသိနိုင်။ သူ၏ လက်ဝါးချက်တိုင်းတွင် ပါဝင်နေသော အတွင်းအားများမှာ အဆုံးအစမရှိသော သန့်စင်သည့် ယန်အတွင်းအားများ ဖြစ်ပြီး မည်သည့် နည်းလမ်းဖြင့်မျှ တားဆီး၍ မရနိုင်လောက်အောင် ပြင်းထန်လှသည်။
တိုက်ပွဲစတင်ကတည်းက ၎င်းတို့၏ လက်ဝါးရိပ်များမှာ ယှက်နွှယ်နေပြီး ပြိုးပြိုးပြောင်ပြောင် ဝင်းလက်နေခဲ့သော်လည်း၊ လက်တွေ့တွင်မူ ယခုအချိန်အထိ ၎င်းတို့ နှစ်ဦးသည် တိုက်ရိုက် လက်ဝါးချင်း ရိုက်မိသည်မှာ သုံးကြိမ်သာ ရှိသေး၏။
ပထမဆုံး လက်ဝါးချက် အထိတွင်ပင် ယူချွမ်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ယမ်းသွားပြီး ကိုယ်တွင်း သွေးကြောများမှာလည်း ပေါက်ကွဲထွက်မတတ် ဖြစ်သွားရသည်။ သို့သော် သူသည် အင်မော်တယ် အစစ်အမှန်ချီကို အသုံးပြုကာ ချက်ချင်း ပြန်လည် ကုစားလိုက်နိုင်သဖြင့် စိုးရိမ်စရာ မရှိခဲ့ချေ။
သို့သော် ဒုတိယမြောက် လက်ဝါးချက်ကမူ ပထမတစ်ကြိမ်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်ပြီး လေးလံလှသည်။ လက်ဝါးနှစ်ဖက် တည့်တည့် ဆုံမိသွားချိန်တွင် ယူချွမ်ဂိုဏ်းချုပ်၏ ကိုယ်ခန္ဓာမှာ နေရာမှာတင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလုမတတ် ဖြစ်သွားရတော့၏။
သို့တိုင်အောင် သူသည် အင်မော်တယ်ချီ တစ်ချက်ကို အားကိုးကာ မနည်း တောင့်ခံထားလိုက်နိုင်သော်လည်း သူ၏ အခြေအနေမှာ တကယ့်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့သည်။
ယူချွမ် အင်မော်တယ် မှတ်တမ်းသည် အံ့မခန်း အစွမ်းများ ရှိသည်မှာ မှန်သော်လည်း လောကရှိ မည်သည့် သိုင်းပညာမဆို ကန့်သတ်ချက် ဆိုတာတော့ ရှိစမြဲ ပင်တည်း။ ဤလက်ဝါးချက် နှစ်ချက်တည်းနှင့်ပင် ယူချွမ်ဂိုဏ်းချုပ်ကို နှစ်ခါပြန် သတ်နိုင်လောက်အောင် အစွမ်းထက်လှ၏။
'ယူချွမ် အင်မော်တယ် မှတ်တမ်း' ကို အသုံးပြု၍ သေမင်းတံခါးဝမှ နှစ်ကြိမ်တိုင်တိုင် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း သူ၏ ကိုယ်တွင်းရှိ အင်မော်တယ်ချီမှာ ယခုအခါ ပြတ်တောက်လုနီးပါး ဖြစ်နေချေပြီ။
အမှန်စင်စစ် လက်ဝါး နှစ်ချက် အထိခံပြီးနောက်တွင် ယူချွမ်ဂိုဏ်းချုပ်အနေဖြင့် ဆုမို၏ တတိယမြောက် လက်ဝါးကို ဆက်လက် ရင်မဆိုင်သင့်တော့ချေ။
သို့သော် ယူချွမ်ဂိုဏ်းချုပ်မှာ အရှုံးကို လက်မခံလိုသော မာနများဖြင့် ပြည့်နှက်နေဆဲပင်။
ပထမ လက်ဝါးနှစ်ချက်၏ စွမ်းအားမှာ သူ၏ ဘဝတစ်လျှောက်လုံးတွင် ကြုံဖူးသမျှထဲ၌ အပြင်းထန်ဆုံး ဖြစ်သည်။ ထို့ကြောင့် ဆုမိုအနေဖြင့် ဤမျှ ပြင်းထန်သော စွမ်းအားမျိုးဖြင့် တတိယမြောက် လက်ဝါးကို ထပ်မံ ထုတ်ဖော်နိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်ခဲ့ချေ။
သို့သော် လက်တွေ့တွင်မူ... ဆုမိုက တကယ်ပဲ လုပ်နိုင်ခဲ့လေပြီ..။
ထိုမျှမကသေးဘဲ ဤတတိယမြောက် လက်ဝါးကို ရိုက်ချလိုက်ချိန်တွင် ဆုမို၏ မျက်နှာပေါ်ရှိ အမူအရာမှာ တကယ့်ကို ထူးဆန်းလှသည်။ ပျော်စရာ ကစားစရာ အရုပ်လေး တစ်ရုပ်ကို တွေ့လိုက်ရသကဲ့သို့... မျက်နှာတွင် စူးစမ်းလိုစိတ်များ၊ စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်နေပြီး အကဲစမ်းလိုသော အရိပ်အယောင်များပင် လွှမ်းခြုံနေ၏။
ဆိုဖွယ်ရာ မရှိတော့ချေ...။
ဤတတိယမြောက် လက်ဝါးချက်ကြောင့် ယူချွမ်ဂိုဏ်းချုပ်မှာ သေမင်းနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်.. ။
မျက်နှာဖုံးအောက်မှ စီးကျလာသော သွေးများမှာ သူ၏ ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားခြင်းကြောင့် ပါးစပ်မှ ဝေါ့ခနဲ အန်ကျလာပြီး မျက်နှာဖုံးအစွန်းများမှတစ်ဆင့် စီးဆင်းလာခြင်း ပင်တည်း။ သူသည် မိမိ၏ သွေးစွမ်းအင်များကို အလဟဿ မဖြစ်စေရန်အတွက် ယူချွမ်သိုင်းကျမ်းကို အနိုင်နိုင် လှည့်ပတ်ကာ ကိုယ်တွင်းသို့ ပြန်လည် စုပ်ယူလိုက်ရပြီး ဆုမိုနှင့် လုံးဝ တည့်တည့် မရင်ဆိုင်ရဲတော့ချေ။
ယူချွမ်ဂိုဏ်းချုပ်သည် ယူချွမ်သိုင်းကျမ်းမှ လှည့်စားမှု သိုင်းကွက်များကိုသာ အသုံးပြုကာ ဆုမိုနှင့် အချိန်ဆွဲရန်သာ ကြိုးစားနေတော့၏။
သူ့စိတ်ထဲတွင်မူ ဆုမိုသည် အမိဝမ်းဗိုက်ထဲကတည်းက သိုင်းပညာကို ကျင့်ကြံလာခဲ့လျှင်တောင်မှ သူ၏ အနှစ်ပေါင်းများစွာ လေ့လာထားသော သိုင်းအတွေ့အကြုံများကို ဘယ်လိုမှ ကျော်လွန်နိုင်မည် မဟုတ်ဟု တွက်ဆထားတော့၏။
--