← Chapters

အခန်း ၅၂၁

Vol. 35 Ch. 521

အခန်း ၅၂၁

Vol. 35 Ch. 521

အခန်း (၅၂၁) အကဲစမ်းခြင်း

တိုက်ပွဲ အရှိန်မြင့်လာသည်နှင့်အမျှ ယူချွမ်ဂိုဏ်းချုပ်မှာ အကြီးအကျယ် ထိတ်လန့်လာရသည်။

ဆုမို၏ ‘ဇီယန် နတ်ဘုရား လက်ဝါး’၊ ‘နေမင်းသုံးစင်း နှလုံးကြေမွ လက်ဝါး’ နှင့် ‘မဟာနေမင်း ဖြန့်ကျက် လက်ဝါး’ စသည့် သိုင်းကွက်များကို ထုတ်ဖော်ရာတွင် ကျွမ်းကျင်ပိုင်နိုင်မှုမှာ ဆယ်စုနှစ်များစွာ အားထုတ်လေ့ကျင့်ထားသည့်အလား ပြောင်မြောက်လွန်းလှသည်။

ထိုမျှမကသေးဘဲ ဆုမို၏ ကြားညှပ်၍ ထုတ်ဖော်တတ်သော လက်သီးသိုင်းများမှာ ပို၍ပင် ဒုက္ခပေးလွန်းလှ၏။ သူ၏ နက်ရှိုင်းလှသော အတွင်းအားများကြောင့် လက်သီးချက်တိုင်းမှာ ပြင်းထန်သော လှိုင်းလုံးကြီးများပမာ ဆက်တိုက် တိုးဝင်လာပြီး ယူချွမ်ဂိုဏ်းချုပ်မှာ ရှောင်တိမ်းရန် နေရာပင် မရတော့ချေ။

‘သောက်ကျိုးနည်း... ဒီကောင်လေးက လူရော ဟုတ်ရဲ့လား။ ငါ့ရဲ့ ‘ယူချွမ်သိုင်းကျမ်း’ ထဲက ‘အဆုံးမဲ့ တစ္ဆေကိုယ်ထည်’ ကို သုံးပြီး မနည်း တောင့်ခံနေရတာ။ မဟုတ်ရင် ငါ့ရဲ့ နောက်ဆုံး ကျန်နေတဲ့ အင်မော်တယ်ချီ တွေတောင် သူ့လက်ချက်နဲ့ တစ်စစီ ကြေမွသွားလောက်ပြီ”

သိုင်းလောကတွင် ဆယ်စုနှစ်များစွာ ပြိုင်ဘက်ကင်းခဲ့သော ယူချွမ်ဂိုဏ်းချုပ်ကြီး တစ်ယောက် ယခုအခါတွင်မူ မျှော်လင့်ချက် ကင်းမဲ့ခြင်း ဆိုသည့် အရသာကို အပြည့်အဝ ခံစားနေရချေပြီ။

‘ငါ...ဒီတိုက်ပွဲကို ဘယ်လို ဆက်တိုက်ရမလဲ’

ယူချွမ်ဂိုဏ်းချုပ်ကြီး တွေဝေငေးမောနေစဉ်မှာပင် ဆုမိုသည် ရုတ်တရက် နောက်သို့ အမြန်ဆုတ်သွားသည်ကို မြင်လိုက်ရသည်။

ဆုမိုသည် ခုန်ပျံလိုက်ပြီး မလှမ်းမကမ်းရှိ အိမ်ခေါင်မိုးစွန်း တစ်ခုပေါ်သို့ ဟန်ချက်ညီညီ သက်ဆင်းလိုက်၏။

“ဟင်...”

ယူချွမ်ဂိုဏ်းချုပ်သည် ဆုမိုကို မော့ကြည့်လိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။

“မင်း ဘာလုပ်မလို့လဲ”

သူ၏ စကားလုံးများတွင် သံသယများ ပြည့်နှက်နေသော်လည်း ရုတ်တရက် သူ၏ ခေါင်းထဲသို့ အလင်းပြက်သလို အတွေးတစ်ခု ဝင်လာတော့၏။

‘အော်... သိပြီ၊ သိပြီ..’

‘ဒီကောင်လေး သိုင်းပညာ ဘယ်လောက်ပဲ ကောင်းကောင်း၊ သူက ငယ်ငယ်လေးပဲ ရှိသေးတာလေ။ ဒီလောက် ပြင်းထန်တဲ့ အရှိန်အဝါတွေကို အကြာကြီး ဘယ်လိုလုပ် ထိန်းထားနိုင်မှာလဲ။’

‘ငါ့မှာက ဆယ်စုနှစ်တွေနဲ့ချီပြီး ကျင့်ကြံထားတဲ့ အားသာချက်တွေ ရှိတယ်။ ဒါ့အပြင် ‘ယူချွမ်သိုင်းကျမ်း’ ထဲက လျှို့ဝှက်သိုင်းတွေလည်း အများကြီး ကျန်သေးတာပဲ။ ငါ့ရဲ့ အင်မော်တယ်ချီ တွေ ပျက်စီးပြီး ပြိုကွဲလုနီးပါး ဖြစ်နေတာ မှန်ပေမဲ့... အဆိုးဆုံး အခြေအနေကိုတော့ ငါ ကျော်ဖြတ်နိုင်ခဲ့ပြီပဲ။’

‘အခု အချိန်က သူ့ကို သတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ....’

သူ၏ ခေါင်းထဲတွင် အတွေးများ အလျင်အမြန် ဖြတ်ပြေးသွားစဉ်မှာပင် ဆုမိုက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

“ဂိုဏ်းချုပ်ကြီးရဲ့ ‘ယူချွမ်သိုင်းကျမ်း’ က တကယ့်ကို အံ့မခန်းပါပဲ”

“အရင်တုန်းက ရွှမ်ကျီ တောင်ကြားမှာ ဖိန်ရွှယ်၊ သွေးအသွင်ပြောင်း နဲ့ သွေးခဲ အမိန့်သုံးခုပေါင်းပြီး ‘သွေးပင်လယ် အဆုံးမဲ့ သိုင်းကျမ်း’ ကို သုံးသွားတာ မြင်ဖူးခဲ့တယ်။ အဲဒီတုန်းကတောင် တော်တော်လေး မျက်စိပွင့်သွားခဲ့တာ။ ဒီနေ့ ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် အစွမ်းပြတာကို မြင်ရတာကတော့ ပိုပြီး ဆန်းကြယ်ပြီး အံ့ဩစရာ ကောင်းလွန်းလို့ တကယ့်ကို လေးစားမိပါတယ်..”

“ကျွန်တော့် သဘောသာဆိုရင်တော့ ဂိုဏ်းချုပ်ကြီးရဲ့ ‘ယူချွမ်သိုင်းကျမ်း’ ထဲက ထူးဆန်းတဲ့ သိုင်းကွက်တွေကို ထပ်ပြီး မြင်ချင်ပါသေးတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက ကျွန်တော့်မှာ အခုလောလောဆယ် အရေးကြီး ကိစ္စလေးတွေ ရှိနေတော့ ဂိုဏ်းချုပ်ကြီးနဲ့ အချိန်အများကြီး မဖြုန်းနိုင်တော့ဘူးဗျာ...”

“လေကြီးလေကျယ်တွေ ပြောမနေနဲ့....”

ယူချွမ်ဂိုဏ်းချုပ်သည် ပါးစပ်မှ သွေးများကို ထွေးထုတ်လိုက်ရင်း အေးစက်စက် ပြန်ပြောလိုက်သည်။

“ငါ လောကကြီးထဲမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး ကျင်လည်လာခဲ့တာ။ အခု မင်းဆီမှာ တခြား ဘာစွမ်းရည်တွေ ရှိသေးလဲဆိုတာ ငါ တကယ် သိချင်နေပြီ..”

“အော်... ဟုတ်သားပဲ။ မင်းက ရွှမ်ကျီ တောင်ကြားမှာ ဓားတစ်ချက်တည်းနဲ့ အမိန့်သုံးခုကို အပြတ်ရှင်းခဲ့တယ်လို့ ပြောကြတယ်လေ။ အခု ငါ့ကို မင်းရဲ့ ဓားသိုင်းနဲ့ လာစမ်းမလို့လား”

“ဟားဟားဟား..”

ဆုမိုက အားရပါးရ ရယ်မောလိုက်သည်။

“ကျွန်တော့်ရဲ့ ဓားသိုင်းက ပြောပလောက်တာ မဟုတ်ပါဘူး။ ပြီးတော့ ဂိုဏ်းချုပ်ကြီးကလည်း အဲဒီ ဓားသိုင်းကို မြင်ရမယ့် ကံမပါဘူး ထင်ပါတယ်”

“မကြာသေးခင်ကမှ ကျွန်တော့်ရဲ့ ဘိုးဘေးဆရာသခင်ကြီး ဆီကနေ ဇီယန်ဂိုဏ်းရဲ့ သိုင်းပညာ အနှစ်သာရတွေကို သင်ယူခွင့် ရခဲ့တယ်။ အဲဒီကနေ ‘ဇီယန် နတ်ဘုရား လက်ဝါး’ နဲ့ ပတ်သက်ပြီး နားလည်မှု တစ်ချို့ ရထားတယ်ဗျ။ အဲဒါကို စမ်းကြည့်ဖို့ လူရှာနေတာ... အခုတော့ ဂိုဏ်းချုပ်ကြီးကို အကဲဖြတ်ပေးဖို့ ဖိတ်ခေါ်လိုက်ရတာ အတော်ပဲ ဖြစ်သွားတာပေါ့...”

“‘ဇီယန် နတ်ဘုရား လက်ဝါး’ ဟုတ်လား”

ယူချွမ်ဂိုဏ်းချုပ်သည် ဆူပွက်နေသော သွေးစွမ်းအင်များကို အနိုင်နိုင် ထိန်းချုပ်ကာ ဗိုက်ထဲသို့ ပြန်လည် မျိုချလိုက်သည်။

“အဲဒါက ကလေးကလား ကစားစရာ သက်သက်ပဲလေ။ ငါ့ကို ဘယ်လိုလုပ် ဒုက္ခပေးနိုင်မှာလဲ”

တိုက်ပွဲမှာ ရှုံးနေသော်လည်း မာနကိုတော့ အကျမခံနိုင်ချေ။ သူသည် ကြီးကျယ်လှသော ယူချွမ်ဂိုဏ်းချုပ်ကြီး ဖြစ်ရာ ဆုမိုကို တကယ် ကြောက်လန့်နေလျှင်တောင်မှ ဝန်ခံမည် မဟုတ်ပေ။ ဆုမို၏ လက်ချက်ဖြင့် သေလုမြောပါး ဖြစ်ခဲ့ရသော်လည်း ယခုအချိန်တွင် မာန်တင်းထားရမည် ဖြစ်၏။

ထို့ပြင် ‘ဇီယန် နတ်ဘုရား လက်ဝါး’ လောက်ကိုတော့ သူ ဖြိုခွင်းနိုင်မည့် နည်းလမ်းပေါင်း ဒါဇင်နှင့်ချီ၍ ရှိသည်။ ဆုမို၏ အတွင်းအားများက သမိုင်းတွင် ပြိုင်ဘက်ကင်းလောက်အောင် နက်ရှိုင်းနေပါစေ၊ ဤသိုင်းကွက် တစ်ခုတည်းကို အားကိုးပြီး သူ့ကို သတ်ဖို့ ကြံနေခြင်းမှာ စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

‘တခြား နားလည်မှုတွေ ရထားတယ် ဟုတ်လား။

အဲဒါကတော့ တကယ့်ကို ရယ်စရာပဲ။ အကယ်၍ ဆုမိုက ကံကောင်းထောက်မစွာနဲ့ ဒီလောက်ကြီးမားတဲ့ အတွင်းအားတွေကို ရခဲ့တယ်လို့ ပြောရင် ယုံနိုင်စရာ ရှိသေးတယ်။ ဒါပေမဲ့ သူ့လို အရွယ်လေးနဲ့ သိုင်းပညာ နယ်ပယ်မှာ အသစ်အဆန်းတွေ တီထွင်နိုင်တယ်လို့ ပြောတာကတော့ လုံးဝကို ယုတ္တိမရှိတာပဲ။ အမှန်စင်စစ် သူ့အရွယ်နဲ့ ‘ဇီယန် နတ်ဘုရား လက်ဝါး’ ကို ဒီလောက်အထိ ကျွမ်းကျင်အောင် သုံးနိုင်တာကိုက တကယ့်ကို ချီးကျူးစရာ ကောင်းနေပြီ’

ထိုသို့၊ ယူချွမ်ဂိုဏ်းချုပ်က ဆုမိုသည် သိုင်းကွက်များ ကုန်ခန်းသွားသဖြင့် စကားလုံးများဖြင့် အချိန်ဆွဲရန် ကြိုးစားနေသည်ဟုသာ မှတ်ယူလိုက်သည်။

‘နေဦး... ဒီကောင်လေးက အချိန်ဆွဲနေတာလား’

ဤသို့ တွေးမိသည်နှင့် သူသည် အရင်ဦးဆုံး တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ဆုမိုက ခပ်အေးအေး ပြုံးကာ ဆိုလိုက်သည်။

“ဒါဆိုရင်လည်း... ဂိုဏ်းချုပ်ကြီး... ဂရုစိုက်ပါဗျာ..”

စကားအဆုံးတွင် ဆုမို၏ ခြေဖဝါးများမှ ခရမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူသည် လေထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဆုမို၏ လှုပ်ရှားမှုမှာ ‘အရိပ်ရွှေ့ပြောင်းခြင်း’ အလား လျင်မြန်လှပြီး နတ်ဘုရားတစ်ပါး၏ စွမ်းရည်များပမာ နက်နဲလှသည်။

ယူချွမ်ဂိုဏ်းချုပ်သည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။

“ခရမ်းရောင်ချီ အရှေ့ဘက်မှ လာခြင်း... ဒါက ကလေးကစားစရာပဲ ရှိသေးတာ..”

သူ၏ စကားသံ မဆုံးမီမှာပင် လေထဲရှိ ဆုမို၏ လက်နှစ်ဖက်မှာ ယှက်နွှယ်ရာမှ ကွဲကွာသွားပြီး လက်ဝါးနှစ်ဖက်ကြားတွင် ပြင်းထန်လှသော ခရမ်းရောင်ချီများမှာ လေထုတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။ ၎င်းမှာ အမှန်တကယ်ပင် ‘ဇီယန် နတ်ဘုရား လက်ဝါး’ ပင် ဖြစ်သည်။

ယူချွမ်ဂိုဏ်းချုပ်သည် ထပ်မံ၍ လှောင်ပြောင်ရန် ပြင်လိုက်သော်လည်း သူ့ဆီသို့ ပူပြင်းလှသော လှိုင်းလုံးကြီးများ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

မော့ကြည့်လိုက်သောအခါ ခရမ်းရောင်ချီများအတွင်း၌ ပြင်းထန်လှသော သန့်စင်သည့် ယန်အတွင်းအားများ ကိန်းအောင်းနေသည်ကို တွေ့လိုက်ရ၏။

ဆုမိုသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ခရမ်းရောင် နေမင်းကြီး တစ်စင်းပမာ တောက်ပနေတော့၏။

ထိုအလင်းရောင်နှင့်အတူ ထွက်ပေါ်လာသော အရှိန်အဝါများကြောင့် ယူချွမ်ဂိုဏ်းချုပ်မှာ လှုပ်ရှားရန်ပင် မဖြစ်နိုင်လောက်အောင် ဖိနှိပ်ခံလိုက်ရလေပြီ..။

သူသည် ‘ယူချွမ်သိုင်းကျမ်း’ ကို အမြန်ဆုံး လှည့်ပတ်လိုက်ရာ သွေးစွမ်းအင်များမှာ သူ၏ ကိုယ်ခန္ဓာကို ရစ်ပတ်သွားတော့၏။ ရုတ်တရက် ကိုယ်ကို လှည့်လိုက်ရာ သူ၏ ကိုယ်ထဲမှ အဖြူရောင် အရိပ်များစွာ လွင့်ထွက်လာသည်။ ၎င်းတို့မှာ မတူညီသော မျက်နှာအမူအရာများ ရှိသည့် ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင် မျက်နှာဖုံးများ ပင်တည်း။

စောစောက ကျိုးတုန်းမင်နှင့် အားပြိုင်စဉ်က သူသည် ဤမျက်နှာဖုံးများကို သူ၏ လျှို့ဝှက်လက်နက်များအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုကဲ့သို့ အရေးကြီးသော အချိန်တွင်မူ မျက်နှာဖုံး ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ရသည်။ သူ၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးပင်လျှင် လွင့်စင်သွားခဲ့ပြီ ဖြစ်၏။

မျက်နှာဖုံးကျွတ်သွားသောအခါ သွေးကွက်များဖြင့် ပေကျံနေသော သူ၏ ရုပ်ပျက်ဆင်းပျက် မျက်နှာကြီး ပေါ်ထွက်လာတော့၏။ ထိုမျက်နှာဖုံး ဒါဇင်ပေါင်းများစွာတွင် ကြီးမားလှသော အတွင်းအားများ ကိန်းအောင်းနေပြီး အရပ်မျက်နှာ အသီးသီးမှနေ၍ လေထဲရှိ ဆုမိုထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြသည်။

သို့သော် ထိုမျက်နှာဖုံးများသည် ဆုမိုထံသို့ မရောက်မီ၊ သူ၏ လက်ဝါးမှ ထွက်ပေါ်လာသော လေပြင်းများနှင့် ထိတွေ့ရုံမျှဖြင့် သန့်စင်လှသော ယန်အတွင်းအားများဖြင့် လောင်ကျွမ်းခံလိုက်ရတော့၏။ ထိုမျက်နှာဖုံးများအတွင်းရှိ အတွင်းအားများမှာ လေထဲရှိ ရဲတိုက်တစ်ခုအလား၊ ရေတွင်းထဲမှ လမင်းအလား အချည်းနှီး ဖြစ်သွားရလေတော့၏။

လုံးဝကို အဓိပ္ပာယ်မဲ့လွန်းလှသည်။ သို့သော် ဒါက အချိန်ဆွဲရန်အတွက် သူ၏ ဗျူဟာတစ်ခုမျှသာ ဖြစ်၏။ နောက်တစ်ခဏတွင် ယူချွမ်ဂိုဏ်းချုပ်၏ ဘေးပတ်လည်ရှိ သွေးရောင်များမှာ အမှတ်တစ်နေရာတည်းသို့ စုစည်းသွားပြီး သူ၏ မျက်နှာပေါ်ရှိ သွေးရောင်များပင်လျှင် လုံးဝ ပျောက်ကွယ်သွားလေတော့၏။

--

All Chapters